13/03/2026
အခန်း ၃၂ - တင်းကြပ်သော စောင့်ကြည့်မှု
ကောင်းကင်ကြီးက အနည်းငယ်လင်းလာပြီး နေ့စဉ်နေ့တိုင်းကြုံတွေ့နေကျ အရုဏ်တက်ချိန်သို့ ရောက်ရှိလာပြန်လေသည်။
သေးငယ်သောခြင်တစ်ကောင်ညာ လခစား ဝန်ထမ်းတစ်ဦး၏ အငှားခန်းမှပျံသန်းထွက်ခွာလာခဲ့သည်။
မနေ့ကကဲ့သို့ပင် ၎င်းဟာ ကွန်ပျူတာပေါ်တွင် Run နေသော ပရိုဂရမ်အားလုံးကိုပိတ်ပြီး ကြည့်ရှုမှု မှတ်တမ်းနှင့် QQ ဝင်ရောက်မှုမှတ်တမ်းအားလုံးကို ရှင်းလင်းခဲ့သည်။
ဤသည်မှာ အခြေခံအကျဆုံး သတိထားမှုပင် ဖြစ်သည်။
လူစည်ကားနေဆဲဖြစ်သည့် နံနက်စာဆိုင်ကို ဖြတ်ကျော်ပျံသန်းပြီး ဘတ်စ်ကားမှတ်တိုင်ဆီသို့ ဦးတည်သွားလိုက်သည်။
ယနေ့ သူ၏ ပထမဆုံးခရီးစဉ်မှာ မနေ့ကနှင့် အတူတူပင်ဖြစ်ပေသည်။
တစ်နာရီခန့် အကြာတွင်... ကျားယန်ဟာ သူ လူသားဘဝတုန်းက ရိုက်သတ်ခံခဲ့ရသည့်နေရာသို့ နောက်တစ်ခေါက်ရောက်ရှိလာခဲ့သည်။
ရှေ့မှ ဆောက်လက်စအဆောက်အအုံကြီးက ခန့်ညားထည်ဝါနေသော်လည်း သက်ရှိဟူ၍ ကင်းမဲ့နေလေသည်။
ကျားယန် သူ့စိတ်ကို ငြိမ်အောင်ထိန်းလိုက်ပြီး အဆောက်အအုံထဲရှိ အခန်းများဆီသို့ ပျံသန်းသွားလိုက်သည်...
"သေချာတာပေါ့... သူ မသေဘူး"
ကျားယန်ဟာ အခန်းထဲဝင်လိုက်ပြီး CHr-379 ဆေးရည်ပါဝင်သည့် ပုလင်းကို ကြည့်လိုက်၏။
ဤပုလင်းပေါ်တွင် ကျားယန်ညာ လေးလံသော အပိုင်းအစများကို အဖုံးအဖြစ် အသုံးပြုကာ မနေ့က ဖမ်းမိခဲ့သည့် တရုတ်ငှက်ဖျားခြင်ကို ပိတ်လှောင်ထားခဲ့ပြီး ပြန်မထွက်နိုင်စေရန် သေချာစီစဉ်ထားခဲ့ပေသည်။
ယခု၌ တရုတ်ငှက်ဖျားခြင်သည် မနေ့က မသေဆုံးခဲ့ပေ။ ဖြစ်နိုင်သည်မှာ ချက်ချင်းတုံ့ပြန်မှု မပြသောကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပေသည်။
ယခုအချိန်အထိ အတွင်းမှ ငှက်ဖျားခြင်ထီးညာ (၂၀) နာရီကျော်ကြာပြီးသည့်တိုင် အသက်ရှင်နေဆဲပင်ဖြစ်သည်။
၎င်းညာ တက်ကြွစွာ ခုန်ပေါက်နေဆဲဖြစ်ပြီး မူမမှန်သည့် လက္ခဏာတစ်စုံတစ်ရာ မရှိချေ။
ဆိုလိုသည်မှာ ကျားယန်အတွက် ဤဆေးရည်က အလွန် ဘေးကင်းသည်ဟုမှတ်ယူနိုင်ပေသည်။
ထို့ကြောင့် ကျားယန်၏ စိတ်နှလုံးက အနည်းငယ် ပေါ့ပါးသွားလေသည်။
ထို့နောက် သူအဖုံးကို ဖွင့်လိုက်သည်။
'ဝီ'
အတွင်းမှ ငှက်ဖျားခြင်ဟာ အပြင်သို့ ပျံထွက်ရန်ပြင်လိုက်လေသည်။
သို့သော် မထွက်နိုင်ခင်မှာပင် ကျားယန်၏ သန်မာသောရှေ့ခြေထောက်များက ၎င်းကို မြဲမြံစွာ ဖိချထားလိုက်သည်။
"တောင်းပန်ပါတယ်... မင်းက ခြင်ထီးဖြစ်ပြီး သွေးမစုပ်ဘူးဆိုတာ ငါသိပေမဲ့ မင်းဒီအတိုင်း ပျံထွက်သွားရင် လူတွေကို အဆိပ်သင့်စေနိုင်တဲ့ အခွင့်အလမ်း အများကြီး ရှိနေသေးတယ်။
အပြစ်မဲ့သူတွေကို မထိခိုက်စေဖို့အတွက်... မင်း သေဖို့ အချိန်တန်ပြီ"
ကျားယန်ဟာ ရှေ့ခြေထောက်နှစ်ဖက်စလုံးဖြင့် ခြင်၏ခေါင်းကို လိမ်ချိုးပစ်လိုက်လေသည်။
"ခြင်တွေနဲ့ ယှဉ်ရင်... ငါကလူသားတွေဘက်ကို ပိုပါနေတုန်းပါပဲ"
ကျားယန် ခေါင်းကိုဖြည်းညှင်းစွာ ခါလိုက်ပြီး သေဆုံးသွားသည့် ငှက်ဖျားခြင်ထီး၏အလောင်းကို မြေကြီးပေါ် ပစ်ချလိုက်သည်။
သူ့ခန္ဓာကိုယ်က သူတို့ထဲက တစ်စိတ်တစ်ပိုင်း ဖြစ်နေပေမဲ့ ကျားယန်ကတော့ သူ့စိတ်နှလုံးဟာ လူသားတွေဘက်မှာ ပိုတိမ်းညွတ်နေတုန်းပဲလို့ ယုံကြည်ထားပေသည်။
ထို့နောက် ကျားယန်ညာ CHr-379 ဟုခေါ်သော ဗိုင်းရပ်စ်ဆေးရည်ပါဝင်သည့် ပုလင်းထဲသို့ သူ့၏ သွယ်လျသော နှာမောင်းတံကို သတိထားပြီး ထိုးသွင်းလိုက်လေသည်။
ဆေးရည်အနည်းငယ်ကို နှာမောင်းတံဖြင့် စုပ်ယူသည့်အချိန်၌ ကျားယန်ဟာ အလွန်ဂရုတစိုက်ဖြင့် အရသာ နည်းနည်း ခံကြည့်လိုက်သည်။
"ခြင်တစ်ကောင်အနေနဲ့ သောက်ကြည့်ရသလောက် အရသာက မဆိုးဘူးပဲ။
နည်းနည်းချိုသလိုလိုနဲ့... တော်တော်လေး ကောင်းမွန်တဲ့ အရသာပဲ"
တစ်ငုံ သောက်ပြီးနောက်... ကျားယန် ပုလင်းဝတွင် ရပ်ပြီး စောင့်ကြည့်နေလိုက်သည်။
နာရီဝက်ခန့် ကြာပြီးနောက် သူ့ခန္ဓာကိုယ်တွင် အပြောင်းအလဲ သို့မဟုတ် ဘေးထွက်ဆိုးကျိုး တစ်စုံတစ်ရာမဖြစ်ပေါ်လာသဖြင့် သူညာ ခေါင်းငုံ့လိုက်ပြီး နှာမောင်းတံကို ဆေးရည်ထဲပြန်လည် ထိုးသွင်းလိုက်လေသည်။
ဒီတစ်ခါတော့ သူဟာ ဆေးရည်များကို 'ဂလု'ခနဲ မျိုချလိုက်ပေသည်။
မိနစ်အနည်းငယ်ကြာသောအခါ.... အရည်များ ပြည့်နှက်နေသဖြင့် ဗိုက်ပူပြီးဖောင်းကားနေသည့် ဧရာမ ခြင်ကြီးတစ်ကောင်ဟာ ဆောက်လက်စအဆောက်အအုံထဲမှ ပျံထွက်လာခဲ့ပေသည်။
"ဒီလိုဆိုတော့ ပိုပြီးမြင်သာဖို့ လွယ်သွားပြီပဲ" ကျားယန် သူ့ခန္ဓာကိုယ်ကို သူပြန်ကြည့်လိုက်၏။
သူ့ ခြင်ခန္ဓာကိုယ်က သွယ်လျပြီး (၁.၅)စင်တီမီတာ အရွယ်အစားရှိသော်လည်း လူသားမျက်လုံးဖြင့် ရှာဖွေတွေ့ရှိရန် မလွယ်ကူလှပေ။
သို့သော် ဗိုင်းရပ်စ်ဆေးရည်ကို စုပ်ယူပြီးနောက် သူ့ခန္ဓာကိုယ်က ဖောင်းကားလာသဖြင့ မျက်စိလျင်သည့် လူသားများအနေဖြင့် ကောင်းကင်တွင် သူ့ကို အလွယ်တကူတွေ့မြင်နိုင်ပေသည်။
"ကံကောင်းတာက ငါ့အမြန်နှုန်းအပေါ် သိပ်ပြီး သက်ရောက်မှုမရှိတာပဲ... အရှိန်ကုန်ပျံလိုက်ရင် လူတစ်ယောက် ပြေးတဲ့အရှိန်လောက်တော့ ရှိတယ်။
ဒီကနေစပြီး ငါပိုသတိထားရမယ်... ပြဿနာ သိပ်မကြီးဘူးလို့ ထင်ပါတယ်။
သူတို့ တွေ့သွားရင်တောင် ငါအမြင့်ကို အမြန်ပျံတက်သွားလို့ ရတာပဲ။
ငါ့ကံ အရမ်းမဆိုးရင်တော့... ထွက်ပြေးလွတ်မြောက်နိုင်ခြေ (၉၀) ရာခိုင်နှုန်း ရှိတယ်"
ကျားယန် သူ့ခန္ဓာကိုယ်ကို ထိန်းချုပ်ပြီး ဘတ်စ်ကား မှတ်တိုင်ဆီသို့ ဦးတည်ပျံသန်းသွားလိုက်သည်...
နာရီဝက်ခန့် ကြာသည့်အခါ... သူ့ပုံရိပ်ညာ အခြားသော အဆောက်အအုံဟောင်းတစ်ခု၏ ရှေ့တွင် ပေါ်လာလေသည်။
ဤနေရာက အတော်အတန်လူပြတ်ပြီး... ကားရပ်နားမှု သိပ်မရှိလှပေ။
ဤသည်မှာ လုပ်ကြံသတ်ဖြတ်သူနှစ်ဦး နေထိုင်သည့် နေရာပင်ဖြစ်သည်။
"အဲဒီလူက အခုငါတို့ကို စောင့်ကြည့်နေတယ်လို့ မင်း ထင်လား....
အခု ငါပြောနေတဲ့ စကားတွေကိုတောင် သူကြားနေနိုင်မလား"
ငှားရမ်းထားသည့် အခန်းထဲတွင် မုတ်ဆိတ်မွေးနှင့်လူက သူ့ကြံရာပါကို အားမလိုအားမရ မေးလိုက်လေသည်။
"ငါ ဘယ်သိမလဲ...ဒါပေမဲ့ ငါတို့အခန်းတစ်ခန်းလုံးကို ရှာပြီးပြီ... လျှို့ဝှက်နားထောင်တဲ့ စက်လိုမျိုး ဘာတစ်ခုမှ မတွေ့ဘူး။
ဒါကြောင့် သူက ငါတို့ပြောတာတွေကို ကြားနိုင်မယ် မထင်ဘူး" မျက်မှန်နှင့်လူငယ်က စဉ်းစားပြီး ပြန်ဖြေလိုက်၏။
"ဆောရီးပါ... ငါ အကုန်ကြားနေရတယ်"
ပြတင်းပေါက် အနောက်ဘက်ရှိ လျှို့ဝှက်သောနေရာမှနေ၍ ကျားယန် ပုန်းအောင်းနေပြီး... သူတို့ ပြောသမျှ စကားလုံးတိုင်းကို ကြားနေရလေသည်။
သူ့၏ လုံးဝန်းသောခန္ဓာကိုယ်ထဲတွင် CHr-379 ဟု ခေါ်သည့် သေစေလောက်သည့် ဗိုင်းရပ်စ်ဆေးရည်များ ပြည့်နှက်နေပေသည်။
ယခု သူဟာ ပေါက်ကွဲပစ္စည်းများပြည့်နှက်နေသည့် လက်ပစ်ဗုံးတစ်လုံးကဲ့သို့ ဖြစ်နေပြီး တိုက်ခိုက်စွမ်းရည်အမြင့်ဆုံးသို့ ရောက်ရှိနေလေသည်။
တိုက်ခိုက်စွမ်းရည် (၅)ပင် မပြည့်သည့် အမှိုက်ကောင်အဖြစ်မှ တိုက်ခိုက်စွမ်းရည် (၁၀၀)ရှိသည့် နတ်ဘုရားတစ်ပါးအဖြစ်သို့ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်......
အကယ်၍ ဤလုပ်ကြံသတ်ဖြတ်သူနှစ်ဦးက မရိုးမသားလုပ်ရန် ကြိုးစားပါက သူတို့ကို သနားညှာတာမည်မဟုတ်ဘဲ သူတို့ အာရုံလွင့်နေချိန်တွင် ဗိုင်းရပ်စ် ထိုးသွင်းပေးလိုက်မည်ဖြစ်သည်။
"ငါတို့ သူ့ကို တကယ်ယုံလို့ ရပါ့မလား.....
ဒီလူက ယုထောင်ကို စောင့်နေတာမဟုတ်ဘဲ... ယုထောင်ပြန်လာပြီး ငါတို့ကို ရှင်းပစ်ဖို့ စောင့်နေတာများ ဖြစ်နိုင်မလား.... အခုပြောနေတာတွေက ငါတို့ကို အချိန်ဆွဲထားရုံ သက်သက်များလား" မုတ်ဆိတ်မွေးနှင့်လူ သံသယ ဝင်နေဆဲပင်။
မှန်ပေသည်... လုပ်ကြံသတ်ဖြတ်သူတစ်ဦးအနေဖြင့် ဤကဲ့သို့ သတိထားမှုမျိုး မရှိမဖြစ်လိုအပ်ပေသည်။
မျက်မှန်နှင့်လူငယ် ခေတ္တမျှ တိတ်ဆိတ်နေပြီးနောက် ပြောလိုက်သည်- "မဟုတ်ဘူး... ငါ မြင်ရသလောက်တော့ ဒီလူ့မှာ စိတ်ကူးမယဉ်နိုင်လောက်အောင် ကြီးမားတဲ့ စွမ်းရည်ရှိတယ်။
ယုမိသားစုအနေနဲ့ ဒီလိုလူမျိုးဆီက အကူအညီ ရယူနိုင်လောက်တဲ့ စွမ်းရည်နဲ့ နည်းလမ်း ရှိတယ်လို့ မင်း ထင်လို့လား"
"မင်းပြောတာ ဟုတ်တယ်။ ယုမိသားစုက ရှန်ဟိုင်းမြို့မှာ ပထမတန်းစားဖြစ်ပေမဲ့... တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ယှဉ်ရင် ဘာမှမဟုတ်ဘူး။
ငါတို့ ဆက်ဆံနေရတဲ့သူက စီနီယာ အက်ဒစ်ဟုတ်ဟုတ် မဟုတ်ဟုတ်... အနည်းဆုံးတော့ သူနဲ့ တန်းတူအဆင့်ရှိတဲ့သူပဲ... ယုမိသားစု အနေနဲ့ သူ့အကူအညီကို တောင်းခံနိုင်စွမ်းမရှိလောက်ဘူး"
ကျားယန် အပြင်ဘက်မှ နားထောင်နေရာ သူ အနည်းငယ် အံ့အားသင့်သွားမိသည်။
သူ့အမြင်တွင် ယုမိသားစုက လုံလောက်စွာ ကြီးမားသည့် မိသားစုကြီး တစ်ခုဖြစ်ပြီး... ရေတွက်၍ မကုန်နိုင်သည့် စီးပွားရေးဆက်ဆံမှုများရှိသည်ဟု ထင်ထားခဲ့သည်။
မထင်မှတ်ဘဲ ဤလုပ်ကြံသတ်ဖြတ်သူနှစ်ဦး၏ ပါးစပ်ဖျားတွင် ယုမိသားစုက အလွန်သေးနုပ်သော အရာတစ်ခုဖြစ်နေလေသည်။
ဖြစ်နိုင်သည်မှာ ယုမိသားစုက တရုတ်နိုင်ငံ၏ နိုင်ငံတကာမြို့တော်ဟု တင်စားခေါ်ဝေါ်သော ရှန်ဟိုင်းတွင် ကောင်းမွန်သည့် ပထဝီဝင်တည်နေရာ ရရှိထားရုံသာ ဖြစ်ကောင်းဖြစ်နိုင်ပေသည်။
လက်တွေ့တွင်မူ မိသားစု၏ တကယ့်အာဏာစက်မှာ ထင်သလောက် မကြီးမားခြင်းဖြစ်နိုင်ပေသည်။
"ဒီလိုလူမျိုးကို ရန်စတာမျိုး ရှောင်ကြစို့။
သူသာ ငါတို့ကို တကယ်အန္တရာယ်ပေးချင်ရင်... တခြားလူတွေ လိုမယ်မထင်ဘူး... သူတစ်ယောက်တည်းနဲ့တင် လုံလောက်တယ်။
ဖြစ်နိုင်တာက သူ တကယ်ပဲ တစ်ယောက်တည်းလုပ်နေပြီး... နောက်လိုက်တွေ အရေးတကြီးလိုနေတာ ဖြစ်မယ်" မျက်မှန်နှင့်လူငယ် သုံးသပ်လိုက်လေသည်။
"ဒါဆို... ငါတို့ ဒီအတိုင်း စိတ်ရှည်ရှည်နဲ့ စောင့်နေရုံပဲလား" မုတ်ဆိတ်မွေးနှင့်လူ သက်ပြင်းချလိုက်သည်။
"စောင့်လေ...ဘာလို့ မစောင့်ရမှာလဲ...
ဒီတစ်ခါ ငါတို့ ဆက်ဆံရေးကောင်းအောင် တည်ဆောက်ထားနိုင်ရင် နောက်နောင် ငါတို့ အကူအညီလိုတဲ့အခါ သူငါတို့ကို ကူညီချင် ကူညီမှာပေါ့"
ကျားယန်ဟာ သူတို့၏အပြောချိုမှုအောက်တွင် အရေပျော်မသွားခဲ့ချေ။
သူပြတင်းပေါက်နားသို့ ပိုမိုတိုးကပ်သွားပြီး သူတို့၏ လှုပ်ရှားမှုတိုင်းကို တိတ်တဆိတ် ချောင်းမြောင်း နားထောင်နေလိုက်သည်။
နောက်ဆုံးတွင် နေ့တစ်ဝက်ကျော် ကုန်ဆုံးသွားလေသည်။
အချိန်က ညနေ (၁၆:၃၅)သို့ ရောက်ရှိလာပြီ ဖြစ်သည်။
လုပ်ကြံသတ်ဖြတ်သူများပေးသည့် ယုထောင်၏ ခရီးစဉ်သာမှန်ကန်ပါက သူဟာ ပါရီမြို့မှ ပျံသန်းလာပြီး ယခုအချိန်တွင် ရှန်ဟိုင်း ဖူရှီးလေဆိပ်သို့ ဆင်းသက်နေပြီ ဖြစ်ရပေမည်။
သို့ပေမဲ့ လုပ်ကြံသတ်ဖြတ်သူနှစ်ဦး ထွက်ပြေးမည့် အရိပ်အယောင် မရှိသေးပေ။
ကျားယန် ဆက်လက် စောင့်ဆိုင်းနေလိုက်သည်။
အချိန်က (၁၈:၀၀)ခန့် ရောက်ရှိလာသည့်အခါ...
ကောင်းကင်ကြီး မှောင်ရီပျိုးစပြုနေပြီဖြစ်သည်။
"ငါ ပြောမယ်... အဲဒီလူသာ တကယ် တစ်ယောက်တည်းလုပ်နေတာဆိုရင်... အခုချိန်လောက်ဆို ယုထောင်ကို တိုက်ခိုက်ဖို့ ပြင်ဆင်နေလောက်ပြီ။
ငါတို့ တကယ် မပြေးတော့ဘူးလား" မုတ်ဆိတ်မွေးနှင့်လူ ခေါက်ဆွဲပြုတ်စားရင်း အသံအက်အက်ဖြင့် မေးလိုက်၏။
မျက်မှန်နှင့်လူငယ်က ပြန်မဖြေချေ။
အချိန်အတော်ကြာမှ သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်သည်။
"ထားလိုက်ပါတော့... သူသာ ယုထောင်နဲ့ တကယ် အဆက်အသွယ်ရှိခဲ့ရင်... ငါတို့ စောစောကတည်းက အဖမ်းခံလိုက်ရပြီ"
"အခုထိ ဘာတုံ့ပြန်မှုမှမရှိသေးဘူးဆိုတော့... သူတို့ ကမ်းလှမ်းတဲ့ ပူးပေါင်းဆောင်ရွက်မှုက အစစ်အမှန် ဖြစ်လောက်တယ်။
သူယုထောင်ကို တကယ်သတ်မသတ် စောင့်ကြည့်ကြတာပေါ့... သူသာ ငါတို့အတွက် ယုထောင်ကို တကယ် သတ်ပေးရင်... ငါတို့ သူ့အတွက် အလုပ်လုပ်ပေးတာ ဘာမှားလို့လဲ....
စိတ်မပူပါနဲ့... ကိစ္စပြီးရင် နှုတ်ပိတ်ဖို့အတွက် ငါတို့ကို သတ်မှာ မဟုတ်ပါဘူး"
အခန်းထဲတွင် တိတ်ဆိတ်သွားပြန်လေသည်။
နောက်ထပ် (၁၀)မိနစ်ခန့် စောင့်ပြီးနောက် ကျားယန်၏ ဆေးရည်များပြည့်နေသောလုံးဝန်းသည့် ခန္ဓာကိုယ်ဟာ အိမ်ခေါင်မိုးအောက်မှ ပျံထွက်လာခဲ့သည်။
ဒီလုပ်ကြံသတ်ဖြတ်သူနှစ်ယောက်ကို တစ်နေ့လုံး စောင့်ကြည့်ပြီးနောက် အနည်းဆုံးတော့ အခု မြင်ရသလောက် သူတို့မှာထွက်ပြေးဖို့ ရည်ရွယ်ချက် လုံးဝမရှိကြပေ။
တကယ်တော့ သူတို့ကို စောင့်ကြည့်ရခြင်းမှာ အခြား ရည်ရွယ်ချက်တစ်ခုလည်း ရှိသေးပေသည်။ အကယ်၍ သူတို့နှစ်ဦး စကားပြောနေစဉ် ဤ CHr-379 ဆေးရည်၏ ဖုံးကွယ်ထားသောအန္တရာယ်များအကြောင်းထုတ်ပြောလာပါက သူဗိုက်ကို ချက်ချင်း ထိန်းချုပ်ပြီး ဆေးရည်များကို အကုန်ပြန်အန်ထုတ်ပစ်ရန်ဖြစ်သည်။
အဲဒီလိုလုပ်ခြင်းက အန္တရာယ်အားလုံးကို မရှောင်ရှားနိုင်ပေမဲ့... အကူအညီ အများကြီးတော့ ဖြစ်စေမည်ပင်။
ကံကောင်းစွာနဲ့ဆေးရည်နဲ့ ပတ်သက်ပြီး အဲဒီလို ပြဿနာမျိုး မကြားခဲ့ရချေ။
ကျားယန် သူ့ကိုယ်သူ ဒီအဆင့်ထိ အလွန်ဂရုစိုက်ခဲ့သည်ဟု ယူဆလေသည်။
အကယ်၍ သူထွက်သွားပြီးမှ သူတို့နှစ်ဦး ထွက်ပြေးဖို့ ဆုံးဖြတ်လိုက်ရင်လည်း တတ်နိုင်တဲ့ကိစ္စ မဟုတ်တော့ပေ။ ဘာပဲဖြစ်ဖြစ် အနည်းဆုံးတော့ ဒီCHr-379 ဗိုင်းရပ်စ်က အစစ်အမှန်ဖြစ်တယ်ဆိုတာ သူအတည်ပြုနိုင်လိုက်အေပြီ။
ထို့ကြောင့် ဒီဗိုင်းရပ်စ်ရှိနေသရွေ့... သူဟာ ယုယွမ်ကို သတ်နိုင်တုန်းဖြစ်ပေမည်။
တစ်ခုပဲရှိတာက ယုယွမ်ကို သူဖြစ်စေချင်သလောက် နာကျင်အောင် လုပ်လို့မရတော့တာပင်။။
နောက်ဆုံးတော့ ဆုံးရှုံးသွားတာက ဒီလုပ်ကြံသတ်ဖြတ်သူနှစ်ယောက်အတွက် ယုထောင်ကို ကူညီသတ်ပေးလိုက်ရတဲ့ အလဟဿဖြစ်သွားမယ့် အားထုတ်မှုပင်။
နောက်တစ်ကြိမ် ထွက်ခွာလာပြီး ပစ်မှတ်ကတော့ ယုမိသားစု၏ရုံးချုပ် မင်ရှား အဆောက်အအုံပင် ဖြစ်သည်။
11/03/2026
အခန်း ၃၁ - သေလဲတစ်ယောက်တည်း၊ ရှင်လည်းတစ်ယောက်တည်း
ငှက်ဖျားခြင်ထီးလေးဟာ အသည်းအသန် ရုန်းကန်သော်လည်း သူ့တစ်ကိုယ်လုံး ဆေးရည်ထဲနှစ်မြှုပ်သွားပြီး အရည်မျက်နှာပြင်ပေါ်တွင် တဖျပ်ဖျပ်လူးလိမ့်နေလေသည်။
ကျားယန်သည် ဆေးရည်အစက်အများ သူ့အပေါ် မစဉ်စေရန် ဂရုစိုက်လိုက်ပြီး ပုလင်းဘေးတွင် ရပ်လျက် ဖြစ်ပျက်နေသည်များကို အသေအချာစောင့်ကြည့်နေခဲ့သည်။
(၁၀) မိနစ် ကြာပြီးနောက်...
"အကောင်းဆုံးပဲ... အနည်းဆုံးတော့ ဒီခြင်ကအခုထိ ဘာမှ ထူးခြားတဲ့တုံ့ပြန်မှုမပြသေးဘူး။
ငါ့အတွက် အန္တရာယ်အနည်းဆုံးဖြစ်မယ်လို့ ကနဦး ကောက်ချက်ချလို့ ရတယ်။
အန္တရာယ် နည်းနည်းပါးပါးရှိရင်တောင်... ဒီခြင်ကို ချက်ချင်း မသေစေဘူးဆိုတော့ ဗီဇပြောင်းလဲထားတဲ့ ငါ့ခန္ဓာကိုယ်အတွက် ဘာခြိမ်းခြောက်မှုမှရှိလာမှာ မဟုတ်ဘူးဆိုတာ သေချာတယ်..."
ကျားယန်၏ ပေါင်းစပ်မျက်လုံးများတွင် အရောင်တောက်ပမှု ပိုမိုအားကောင်းလာလေသည်။
'ယုယွမ်... မင်းရဲ့ သေနေ့ ရောက်လာတော့မယ်..'
နေဝင်ပြီး ညနေခင်းရောက်ရှိလာပေသည်။
ဖန်ဟောင်ဖေးသည် တစ်နေ့လုံးအလုပ်ရှုပ်ခဲ့ရသော လူငယ်လုပ်သားတစ်ဦးဖြစ်ပြီး ပင်ပန်းနွမ်းနယ်စွာဖြင့် သူ့အငှားခန်းသို့ လေးလံသောခြေလှမ်းများဖြင့် ပြန်လာခဲ့သည်။
သူက အလူမီနီယံပြတင်းပေါက်တပ်ဆင်သူတစ်ဦး ဖြစ်သည်။
ရှန်ဟိုင်းဆိုသည့် ဤမြို့ကြီးတွင် တစ်ကိုယ်တည်း ရုန်းကန်နေထိုင်လာခဲ့သည်မှာ နှစ်ဝက်ကျော်ကြာမြင့်ခဲ့ပြီဖြစ်သည်။
မြို့ပြဘဝကို အိပ်မက်မက်သည့် အခြားလူငယ်များနည်းတူ ဖန်ဟောင်ဖေးဟာလည်း စည်ကားလှသော မြို့ကြီးတွင် ကိုယ်ပိုင်အစွမ်းအစဖြင့် ရပ်တည်နိုင်ရန် အမြဲမျှော်လင့်ခဲ့ပေသည်။
သို့သော် လက်တွေ့ဘဝက ထက်မြနေသော ဓားတစ်ချောင်းကဲ့သို့ပင်... လူငယ်လေး၏ ဆတ်ဆတ်ထိမခံသော အိပ်မက်များကို ရက်ရက်စက်စက် ဆွဲဖြဲပစ်လိုက်ပြီး ပြန်တွေးဖို့ပင် ကြောက်ရွံ့သွားလောက်အောင် စိတ်ဓာတ်ကျသွားစေခဲ့သည်။
ရှန်ဟိုင်းမြို့၏လုပ်ခလစာက နှိုင်းယှဉ်ချက်အားဖြင့် မြင့်မားသော်လည်း နေထိုင်စရိတ်မှာမူ အလွန်အမင်း ကြီးမြင့်လှပေသည်။
ဖန်ဟောင်ဖေးဟာ အိပ်မက်များကို စွန့်လွှတ်ပြီး ဝေးလံခေါင်သီသည့် ဇာတိမြေသို့ ပြန်ရန်ပင် တွေးတောမိခဲ့ဖူးသည်။
"မနေ့ညက ဂိမ်းထဲမှာ အကောင့်ဖွင့်ထားခဲ့တာ လိုင်းကျသွားတယ်... စိတ်ပျက်စရာကြီးကွာ....
မဟုတ်ရင် Level 60ရောက်နေလောက်ပြီ"
အလုပ်အပြင် ဖန်ဟောင်ဖေး၏အဓိကဝါသနာမှာ ဂိမ်းဆော့ခြင်းဖြစ်သည်။
သူဟာ အလုပ်လုပ်နေရင်းနှင့်ပင် နာမည်ကြီး
အွန်လိုင်းဂိမ်းတစ်ခုကို ကစားနေတတ်ပေသည်။
သူ့အဆင့်က ထိပ်တန်း (၁၀၀)အတွင်း ဝင်နေပြီး ဒါက တော်တော်လေး အောင်မြင်မှုတစ်ခုဟု ဆိုရပေမည်။
အငှားခန်းသို့ပြန်ရောက်သည်နှင့် သူအမြဲဖွင့်ထားလေ့ရှိသည့် ကွန်ပျူတာကို စစ်ဆေးရန်မစောင့်နိုင်တော့ပေ။
"ရှယ်ပဲ... နေ့လယ်က လိုင်းမကျသွားဘူး... Level တက်သွားပြီဟေ့"
ဖန်ဟောင်ဖေး သိသိသာသာပျော်ရွှင်သွားလေသည်။
ရေမိုးချိုးရန် အချိန်မပေးတော့ဘဲ ဖိနပ်ချွတ်ပြီး ခြေဗလာဖြင့် ထိုင်ကာဂိမ်းဆက်ဆော့လိုက်သည်။
"ဒါ ဘာနံ့လဲ မွန်းကျပ်လိုက်တာကွာ"
မျက်လုံးကို ဖန်သားပြင်မှမခွာဘဲ ဖန်ဟောင်ဖေး သတိမထားမိလိုက်သည်မှာ ပြတင်းပေါက်အပြင်ဘက်မှ မူးဝေစွာ ပျံသန်းဝင်ရောက်လာသည့် ခြင်တစ်ကောင်ဟာ သူ့ခြေထောက်နံ့ကြောင့် မူးမေ့လဲလုနီးပါး ဖြစ်သွားခြင်းကိုပင်။
"ငါဒီရောက်တာနဲ့ ဒီအနံ့ကို ချက်ချင်း ရလိုက်တယ်။
ဒီကောင်က ခြေထောက်တောင် မဆေးဘဲ ဂိမ်းတန်းဆော့နေတာပဲ။ အနံ့က ခံနိုင်ရည်မရှိဘူးကွာ"
ကျားယန်ဟာ အနံ့ဆိုးထွက်နေသည့် ရေကန်စပ်သို့ ပြန်ရောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။
အခန်းတစ်ခုလုံးအနံ့ဆိုးများဖြင့် ပြည့်နှက်နေလေသည်။
အချို့ခြင်များက ခြေထောက်နံ့နံသောသူများကို နှစ်သက်တတ်ကြသည်။
ဘာကြောင့်လဲဆိုတာတော့ မရှင်းလင်းပေ။
သေချာတာကတော့ ကျားယန်ဟာ ဒီအနံ့ကို မကြိုက်ဘူးဆိုတာပင်။
"သူ့ကိုကြည့်ရတာ ကွန်ပျူတာရှေ့မှာ ဘယ်လောက်ကြာကြာ ဆက်ထိုင်နေမလဲမသိဘူး။
ငါ သူ့ကို စောစောစီးစီးရေချိုးခိုင်းမှ ဖြစ်မယ်။
ရေချိုးပြီးရင် သူ့ခန္ဓာကိုယ် အနားရသွားပြီး အိပ်ချင်လာလောက်တယ်..."
ကျားယန်၏ စိတ်ထဲတွင် ကတ်သီးကတ်သတ်အတွေးလေးများ ဝင်လာလေသည်။
ထို့နောက် အမှောင်ထဲတွင် သူဟာ အိမ်ငှားကောင်လေး၏ ကျောဘက်သို့ ဂရုတစိုက်ပျံသန်းသွားလိုက်သည်...
ဖန်ဟောင်ဖေး အင်္ကျီမဝတ်ထားပေ။
ခြင်ဆေးခွေထွန်းထားလျှင် ခြင်မကိုက်လောက်ဟု သူ ထင်ထားသော်လည်း ကျာယန်ဟာ ခြင်ဆေးခွေဒဏ်ကို ကောင်းကောင်းခံနိုင်ရည်ရှိကြောင်း သူ မသိရှာပေ။
ချောမွေ့သော ကျောပြင်ပေါ်တွင် နားလိုက်သည့်အခါ ကျားယန် သွေးနံ့ကိုရလိုက်သည်။
"ငါ သွေးမစုပ်တာနှစ်ရက်ရှိပြီ... ဒါကြောင့် တော်တော်လေးဆာနေပြီ"
ကျားယန် တုံ့ဆိုင်းမနေဘဲ သူ့နှာမောင်းတံကို ဖန်ဟောင်ဖေး၏ ကျောပြင်ထဲသို့ ထိုးသွင်းလိုက်လေသည်။
'ဘာပဲဖြစ်ဖြစ် ငါက အခုခြင်တစ်ကောင် ဖြစ်နေပြီပဲ... ခြင်တစ်ကောင်က သွေးစုပ်တယ် ဆိုတာ သဘာဝတရားအတိုင်းပဲ မဟုတ်လား...'
အားနာသော်လည်း ကျားယန်ညာ သွေးမစုပ်မီ လူကို ဗိုင်းရပ်စ်မကူးစက်စေရန် သေချာ ဂရုစိုက်လိုက်လေသည်။
ခဏအကြာတွင်...
"အား... ယားလိုက်တာ... ဒါဘာခြင်ဆေးခွေလဲကွာ... အကိုက်ခံရတုန်းပဲ။ ရေသွားချိုးလိုက်ဦးမယ်... ရေချိုးလိုက်ရင် ယားတာသက်သာသွားလောက်တယ်"
ဖန်ဟောင်ဖေး ကျောကိုကုတ်ရင်း ရေချိုးရန် ထသွားလေသည်။
"ဘာ... ဂိမ်းဆော့တုန်းပဲလား... တကယ့် ဂိမ်းဂျိုးပဲ....
ခဏနေရင် ငါမင်းအတွက် စက်ပိတ်ပေးမယ်။
ဒါ မင်းဂိမ်းဖြတ်ဖို့ ကူညီပေးတာလို့ သဘောထားလိုက်... ဟားဟား"
ကျားယန် တစ်ယောက်တည်းရယ်မောလိုက်ပြီး အရိပ်ထဲတွင် ဝင်ပုန်းကာစောင့်ဆိုင်းနေလိုက်သည်။
မနက်ဖြန်က ယုထောင်နိုင်ငံခြားမှ ပြန်ရောက်မည့်နေ့ ဖြစ်သဖြင့် ကျားယန်ဟာ ယုထောင်၏တိကျသော ခရီးစဉ်ကို ဒီညလုပ်ကြံသတ်ဖြတ်သူနှစ်ဦးထံမှ အတည်ပြုချက် ရယူရန်စီစဉ်ထားပေသည်။
ဖြစ်နိုင်လျှင် သူမနက်ဖြန် လှုပ်ရှားချင်လေသည်။
အဘယ်ကြောင့်ဆိုသော် ကျားယန်ဟာ ယုယွမ်ကို အမြန်ဆုံး သေစေချင်ပေသည်။ သို့မဟုတ်ပါက သူ့ညီမလေးဟာ မနေ့ကလို မိုက်မဲသောလုပ်ရပ်မျိုး ထပ်လုပ်မိမည်ကို စိုးရိမ်သောကြောင့်ဖြစ်သည်။
ရေချိုးပြီးနောက် ဖန်ဟောင်ဖေး ပြန်ရောက်လာခဲ့သည်။ ယခု၌ သူ့ကိုယ်ပေါ်မှ လတ်ဆတ်သောရနံ့များ ရနေပြီဖြစ်သည်။
သူဟာ ကွန်ပျူတာရှေ့တွင် ခြေဗလာဖြင့်ထိုင်ကာ ဂိမ်းဆက်ဆော့ပြန်လေသည်။
"ဆက်ဆော့နေတုန်းပဲ...မင်းသာ သတင်းဖတ်နေတာ၊ ဗီဒီယိုကြည့်နေတာ ဆိုရင် ငါမင်းနဲ့အတူ လိုက်ကြည့်ပေးလို့ ရသေးတယ်။
ဒါပေမဲ့ ဂိမ်းလား....
ဘာများ ပျော်စရာကောင်းလို့လဲ"
တစ်နာရီနီးပါးစောင့်ပြီးနောက်... ကုတင်အောက်တွင် ပုန်းနေသော ကျားယန် စိတ်မရှည်ဖြစ်လာပြီး ပြန်ပျံတက်လာခဲ့သည်။
ဖန်ဟောင်ဖေးဟာ ဂိမ်းဇာတ်ကောင်ကို ထိန်းချုပ်ပြီး အခြားကစားသမားများကို တိုက်ခိုက်နေခဲ့လေသည်။
သူ့မျက်လုံးများက ဖန်သားပြင်ကို စူးစိုက်ကြည့်နေပြီး ဂိမ်းထဲ၌ အာရုံရောက်နေခဲ့ပေသည်။
ကျားယန်ညာ တိတ်တဆိတ် သူ့ကျောပေါ်သို့ တွားသွားလိုက်သည်...
"အား... ကျွတ်ကျွတ်... ယားလိုက်တာကွာ.....
တောက်... သောက်သုံးမကျတဲ့ ခြင်ဆေးခွေ"
မကြာမီမှာပင် ဖန်ဟောင်ဖေးအော်ဟစ်လိုက်ပြီး... လက်တစ်ဖက်က မောက်စ်ကို ကိုင်ထားရင်း ကျန်လက်တစ်ဖက်က ကျောကို အသည်းအသန်ကုတ်နေရသည်။
ကျားယန်ဟာ ကုတင်အောက်တွင် ပုန်းရင်း တိတ်တဆိတ် ကျိတ်ရယ်နေပေသည်။
"ဒီကောင်လေးကို စနောက်ရတာ တော်တော် စိတ်ဝင်စားဖို့ ကောင်းသားပဲ.."
ခြင်ကိုက်တာ အရမ်းဆိုးလာတဲ့အတွက် ဒီတစ်ခါဖန်ဟောင်ဖေး ဂိမ်းဆက်မဆော့နိုင်တော့ဘဲ အလိုအလျောက် ကစားစနစ်ကို ဖွင့်ထားခဲ့ပြီး ကွန်ပျူတာကို မွန်းစတားတွေနဲ့ သူ့ဘာသာသူ တိုက်ခိုက်ခိုင်းထားလိုက်သည်။
ထို့နောက် သူဟာ ခြင်ထောင်ထဲဝင်ပုန်းလိုက်ပြီး သူ့မိသားစုဆီ ဖုန်းဆက်လိုက်သည်။
"အမေ... သားအဆင်ပြေပါတယ်... ဒီမှာ လစာက တစ်လ (၅၀၀၀) ရတယ်... ဟုတ်...
သား ဘေးကင်းအောင် ဂရုစိုက်ပါ့မယ်။
ရပါတယ်... နှစ်သစ်ကူးကျရင် သားအိမ်ပြန်လာခဲ့မယ်လေ"
"မြို့နယ်ဘက်မှာလည်း (၄၀၀၀)ရတယ် ဟုတ်လား....
ဒါပေမဲ့ သားက ဒီမှာနေရတာပိုအဆင်ပြေပါတယ်။
အဖေ... ဆက်မပြောပါနဲ့တော့... သူဌေးက သားအပေါ် အရမ်းကောင်းတယ်။ အဖေပြောတဲ့ ကိစ္စကို နှစ်သစ်ကူးကျရင် သားအိမ်ပြန်ရောက်မှ စဉ်းစားပေးမယ်လေ... နော်"
ကုတင်အောက်တွင် ပုန်းနေသည့် ကျားယန်ညာ ဖန်ဟောင်ဖေး မိသားစုနှင့်ဖုန်းပြောနေသည်ကို နားထောင်ရင်း... သူ့မိသားစုအကြောင်း တွေးမိသွားလေသည်။
လွမ်းဆွတ်မှုတစ်ခုက သူ့ရင်ထဲ ပြည့်နှက်လာခဲ့သည်။
ဖန်ဟောင်ဖေးလို လူငယ်တွေက ကံကောင်းပါသေးသည်... ရပ်ဝေးမြေခြားမှာတစ်ကိုယ်တည်း ရုန်းကန်နေရပေမဲ့ ရံဖန်ရံခါအိမ်ပြန်လို့ ရသေးပေသည်။
သူတို့ ကျရှုံးသွားရင်တောင် သူတို့ကို လက်ခံပေးမယ့် မိသားစု ရှိနေလေသည်။
ဒါပေမဲ့ ကျာယန်ကျတော့ရော......
ပြန်လည်မွေးဖွားလာပြီးတဲ့နောက် သူကခြင်ကောင်လေးတစ်ကောင်ဖြစ်လာခဲ့သည်။
ထို့ကြောင့် အသက်ရှင်နေလည်းတစ်ယောက်တည်း... သေသွားလည်း တစ်ယောက်တည်းပင်....
နာကျင်မှုထဲက အထီးကျန်ဆန်မှု၊ ပျော်ရွှင်မှုထဲက ဝမ်းနည်းမှု.... ဒါတွေအားလုံးကို သူတစ်ယောက်တည်းပဲ ခံစားရပေမည်။
သူ့မှာ အိမ်ဆိုတာ မရှိတော့ချေ။
ကျားယန် ထောင့်တစ်နေရာမှာ ကျုံ့ဝင်နေပြီး ဖန်ဟောင်ဖေး ဖုန်းပြောနေတာကို နားထောင်ရင်း သူ ကိုယ်တိုင်မိဘတွေဆီ ဖုန်းဆက်နေတယ်လို့ စိတ်ကူးယဉ်ကြည့်မိလိုက်သည်။
'အကယ်၍ ငါသာအရင်ကလို အမှတ်သိပ်မကောင်းပေမဲ့ ဒုတိယတန်းစား တက္ကသိုလ်ကျောင်းသားလူငယ်လေးအဖြစ် ရှိနေသေးရင်...
ငါလည်း အခုလို မိဘတွေဆီ မကြာခဏဖုန်းဆက်လို့ ရမှာပဲ မဟုတ်လား....
အရင်တုန်းက ငါဘာလို့ နေ့တိုင်းဖုန်းမဆက်ခဲ့မိပါလိမ့်...'
'အမေ... ထမင်းစားပြီးပြီလား' ဒီစကားလေး တစ်ခွန်းလောက် မေးလိုက်ရရင်တောင် ကောင်းပေမည်။
ကုတင်အောက်မှာ ပုန်းနေတဲ့ခြင်မည်းကြီးဟာ ကိုယ်ကို ကျုံ့ထားသလိုဖြစ်နေပြီး အလွန်အထီးကျန်ဆန်နေပုံပေါက်နေခဲ့သည်။
မကြာခင်မှာပဲ ကုတင်ပေါ်ကနေ ပြင်းပြင်းထန်ထန် အသက်ရှူသံတွေ ထွက်ပေါ်လာခဲ့သည်။
ဖန်ဟောင်ဖေး အိပ်ပျော်သွားပေပြီ... ကျားယန်ဟာလည်း သူ့စိတ်ခံစားချက်တွေကို ပြန်လည် ထိန်းချုပ်လိုက်ပေသည်။
ဘဝက ဘယ်လောက်ပဲ ဖိနှိပ်ချုပ်ချယ်နေပါစေ... ငါတို့ ရှေ့ဆက်သွားရမှာပဲ.....
တိုက်ခိုက်ကြ.....
ခြင်တစ်ကောင်ဖြစ်နေရင်တောင်မှ... ငါတို့အသက်ရှင်သန်ဖို့ ကြိုးစားရမယ်........
ကျားယန် ပျံတက်သွားလိုက်တော့ ဖန်ဟောင်ဖေးက အိပ်ပျော်နေရုံသာမက ဟောက်တောင်ဟောက်နေပြီ ဆိုတာ တွေ့လိုက်ရသည်။
မနေ့ကအတွေ့အကြုံအရ ဒီကောင်လေးက အိပ်ရင် တော်တော်အိပ်မောကျတတ်တယ်ဆိုတာ သူ သိထားပြီးသားပင်။
ကျားယန် ကုတင်အောက်မှာထားခဲ့တဲ့ ဘောပင်အဖုံးကို ကောက်ယူပြီး ကွန်ပျူတာဆီ ယုံကြည်ချက်အပြည့်နဲ့ ပျံသွားလိုက်သည်။
မနေ့ကနဲ့ ယှဉ်ရင် ဒီနေ့ ကျားယန်က ပိုပြီးကျွမ်းကျင်လာပေပြီ။
သူ တုံ့ဆိုင်းမနေဘဲ ဂိမ်းကို ချက်ချင်းပိတ်လိုက်ပြီး QQ ကို ဖွင့်လိုက်၏။
သနားစရာဖန်ဟောင်ဖေးကတော့ ဒီညဂိမ်းကို Auto-playလုပ်ထားမယ့် သူ့အစီအစဉ် ပျက်သွားပေပြီ။
"ဒီလိုသာ ခဏခဏဖြစ်ရင် ဒီကောင်ဂိမ်းဆော့တာ စိတ်ကုန်သွားလောက်တယ်။
သူ စိတ်ပျက်သွားရင်... အင်တာနက်စွဲလမ်းတဲ့ရောဂါ တကယ် ပျောက်သွားနိုင်တယ်..."
ကျားယန်က ဒါကို ကုသိုလ်လုပ်တယ်လို့ပဲ သဘောထားလိုက်လေသည်...
လှိုင်းတံပိုးရဲ့ နှလုံးသားရဲ့ ကိုရီးယားမင်းသားချော ပရိုဖိုင်ပုံလေး လင်းနေတုန်းပင်။
ဘယ်နှခါကြည့်ကြည့် ကျားယန် ဒီမုတ်ဆိတ်မွေးနဲ့လူကို မဆဲဘဲ မနေနိုင်ချေ။
အပြင်မှာ ရုပ်ကဒီလောက် ကြမ်းတမ်းနေပြီးတော့ သူများကို လိမ်ဖို့ ဒီပုံကိုသုံးထားခဲ့သည်။
သူ တစ်ယောက်ယောက်ကို အောင်မြင်စွာ လိမ်နိုင်ခဲ့ရင်တောင် ကောင်မလေးက အပြင်မှာတွေ့လို့ သူ့ရုပ်ဆိုးဆိုးကြီးကို မြင်လိုက်ရင် ပါးရိုက်တာလောက်နဲ့ ပြီးပါ့မလားတောင် မသိချေ။
"မနက်ဖြန် ယုထောင်ရဲ့ခရီးစဉ်ကို ငါ့ဆီပို့ပေး"
ကျားယန် ဒီစာကြောင်းကို အမြန်ရိုက်ပြီး လိုရင်းကို တိုက်ရိုက် မေးလိုက်၏။
"သူဒီည ပါရီမြို့ ချားလ်စ်ဒီဂေါလ်လေဆိပ်ကနေ (၂၃:၂၅) လေယာဉ်နဲ့ ထွက်ခွာမယ်။ တရုတ်နိုင်ငံ ရှန်ဟိုင်း ဖူရှီးလေဆိပ်ကို မနက်ဖြန် ညနေ (၁၆:၃၅) လောက် ရောက်မယ်။
သူ့အဖွဲ့မှာ လုံခြုံရေး ဝန်ထမ်း (၄)ယောက် ပါလိမ့်မယ်။ ဒီလူတွေက စစ်မှုထမ်းဟောင်းတွေ ဖြစ်ပြီး တစ်ယောက်က နိုင်ငံတကာစစ်ဘက်ဆိုင်ရာပြိုင်ပွဲမှာ အဆင့်မြင့်မြင့် ရထားဖူးသူပဲ"
"တရုတ်နိုင်ငံရောက်တာနဲ့ ကြိုဆိုရေးအဖွဲ့က စီစဉ်ပေးထားတဲ့ ကျည်ကာ ရိန်းချ်ရိုဗာကားအရှည်နဲ့ ယုမိသားစုရဲ့ ကော်ပိုရိတ်ရုံးချုပ် မင်ရှား အဆောက်အအုံကို သွားပြီး အစည်းအဝေးတွေ လုပ်မယ်။
ည (၂၃:၀၀)လောက်မှ ယုမိသားစု
အိမ်တော်ဝန်းကို ပြန်ရောက်မယ်လို့ ခန့်မှန်းရတယ်"
ဒီစာကိုဖတ်ပြီးတဲ့နောက် လုပ်ကြံသတ်ဖြတ်သူတွေရဲ့ ကျွမ်းကျင်မှုစွမ်းရည်ကို ကျားယန် လေးစားသွားမိရသညမ။ ယုထောင်လေယာဉ်တောင် မတက်ရသေးပေမဲ့ သူတို့က ခရီးစဉ်တစ်ခုလုံးကို အတိအကျ သိနေပေပြီ။
သူ ခဏ စဉ်းစားလိုက်၏။
ပြီးတော့ နောက်ထပ်စာတစ်ကြောင်း လေးလေးနက်နက် ရိုက်လိုက်သည်...
"မနက်ဖြန်... မင်းတို့ ပေးထားတဲ့ CHr-379ကို သုံးပြီး လှုပ်ရှားမယ်။
ဒါပေမဲ့... မင်းတို့ ငါ့ကိုယုယွမ်သတ်ဖို့ ကူညီပေးရမယ် ဆိုတာကို မမေ့နဲ့နော်။
မင်းတို့ ထွက်ပြေးဖို့ ကြိုးစားရင်...
အင်း... စမ်းကြည့်ချင်ရင် စမ်းကြည့်ပေါ့။
ငါ့လက်ထဲကနေ တစ်ရက်လောက် လွတ်အောင် ပြေးနိုင်မလား ကြည့်ကြတာပေါ့"
ကျားယန်ရဲ့ စကားလုံးတွေက ခြိမ်းခြောက်မှုတို့ ပြည့်နက်နေခဲ့လေသည်။
ဒီလုပ်ကြံသတ်ဖြတ်သူနှစ်ယောက် သူ့ကို ကြောက်နေပြီဟု ယုံကြည်ပေသည်။
ဘာသဲလွန်စမှမရှိဘဲနဲ့ သူတို့အကြောင်းတွေ အကုန်လုံးကို ကျားယန်က အသေးစိတ်သိနေခဲ့သည်။
ထို့ကြောင့် အခု ကျားယန်က သူတို့ကို တစ်ရက်အတွင်း လိုက်လံသတ်ဖြတ်နိုင်တဲ့ စွမ်းရည်ရှိတယ်လို့ လျှို့ဝှက်ဆန်းကြယ်စွာပြောလိုက်တော့ သူတို့ ယုံဖို့ အခွင့်အလမ်း တော်တော် များသွားပေပြီ။
သေချာတာပေါ့... ကျားယန်မှာ အရန်အစီအစဉ်ရှိပြီးသားပင်
မနက်ဖြန်ယုထောင်ကို သတ်ဖို့ မစ်ရှင်မစခင်...
ဒီလုပ်ကြံသတ်ဖြတ်သူနှစ်ယောက်ရဲ့ နေအိမ်ကို သူ အရင် သွားလည်ဦးပေမည်။
ထို့နောက်ဘသူတို့ကို စောင့်ကြည့်ပြီး သူတို့သာ ထွက်ပြေးဖို့ ကြိုးစားရင် နောင်တရစေရပေမည်။
ပြန်လည်မွေးဖွားပြီးနောက် ကျားယန်ရဲ့ အကြီးမားဆုံးဆန္ဒကို သူတို့က နှောင့်ယှက်ချင်တယ်ဆိုရင်တော့ တစ်ယောက်ယောက်က CHr-379အရသာကို အရင် မြည်းစမ်းကြည့်ရပေလိမ့်မည်။
သေသွားလား၊ မသေဘူးလား ဆိုတာ အရေးမကြီးပေ... အနည်းဆုံး နောက်တစ်ယောက်ကျန်နေသေးရင် ခြိမ်းခြောက်ပြီး ဆက်လက်ခိုင်းစေလို့ ရသေးပေသည်။
ဘာပဲဖြစ်ဖြစ် ဒီနှစ်ယောက်ကလုပ်ကြံသတ်ဖြတ်သူတွေဖြစ်တာကြောင့် လူတွေသတ်ဖူးမှာ သေချာပေသည်။
ထို့ကြောင့် သူတို့ကို သတ်လိုက်လို့ ကျားယန်အတွက် စိတ်ပိုင်းဆိုင်ရာဝန်ထုပ်ဝန်ပိုးသိပ်ကြီးမှာ မဟုတ်ပေ။
10/03/2026
အခန်း ၃၀ - နျူကလီးယား ပိုလီဟက်ဒရိုးဆစ် ဗိုင်းရပ်စ်
"မဟုတ်ဘူး... လုံးဝ ဆန့်ကျင်ဘက်ပဲ။ မင်းတို့က မင်းတို့ လုပ်စရာရှိတာဆက်လုပ်ကြ... ငါကတော့...
ငါက ယုထောင်ကို ရှင်းပေးမယ်"
"ဘာ"
မယုံနိုင်သံကြီး ထွက်ပေါ်လာလေသည်။
"ဒါပေါ့... ငါကမင်းတို့အတွက် ယုထောင်ကို အလကားသက်သက် သတ်ပေးမှာ မဟုတ်ဘူး....
တကယ်တော့ ငါ့ပစ်မှတ်ကယုထောင်ရဲ့ သား... ယုယွမ်ပဲ.....
ငါ့ကိစ္စလုပ်ရင်း မင်းတို့အတွက် ယုထောင်ကိုပါ တစ်ခါတည်း ရှင်းပေးလိုက်မယ်။ အပြန်အလှန် အနေနဲ့ ငါတောင်းဆိုချင်တာက... နောက်ပိုင်း ကိစ္စလေးတွေ နည်းနည်းပါးပါး ကူညီဖြေရှင်းပေးဖို့ပဲ"
ကျားယန်၏ စာပြန်ကြားချက်က အာဏာသံပါဝင်နေပြီး... ငါ့မှာလက်တိုလက်တောင်းခိုင်းဖို့ လူနည်းနည်း လိုနေရုံပဲ... မင်းတို့လုပ်ရမယ့် အလုပ်ကြီးကို ငါရှင်းပေးမယ်၊ မင်းတို့က ဘေးကနေဝိုင်းကူပေးရုံပဲဟု ပြောနေသကဲ့သို့ ရှိပေသည်။
တစ်ဖက်လူတွန့်ဆုတ်နေစဉ်မှာပင် ကျားယန်သည် ကိုယ်ကို လှုပ်ရှားကာ စာရိုက်နှုန်းကို မြှင့်တင်လိုက်လေသည်။
ဒီတစ်ခါတော့ တစ်ဖက်လူ ဘာပြန်ပြောရမလဲ စဉ်းစားမရခင်မှာပင် သူ စာတစ်စောင် ထပ်ပို့လိုက်သည်။
"ပထမဆုံးအနေနဲ့... မင်းတို့ဆီမှာ ဗိုင်းရပ်စ် သို့မဟုတ် အဆိပ်တစ်မျိုးမျိုး ရှိမရှိ မေးချင်တယ်...
ဥပမာ... CHr-379လိုမျိုးပေါ့"
ချိန်ဆတွက်ချက်နေဆဲဖြစ်သည့် လူနှစ်ယောက်ဟာ ဤစာကို မြင်လိုက်ရသည့်အခါ ကြောက်လန့်လွန်းသဖြင့် ကုလားထိုင်အောက်သို့ ပြိုလဲကျလုနီးပါး ဖြစ်သွားကြလေသည်။
ပြိုင်ဘက်က အလွန် ကြောက်စရာ ကောင်းလွန်းပေသည်။ ဒီလောက်ထိတောင် သိနေပေရာ ဆိုလိုသည်က သူသည် သူတို့၏ သတင်းအချက်အလက်အားလုံးနီးပါးကို လက်ဖျားပေါ်တင် ကစားနေသကဲ့သို့ သိရှိထားခြင်းဖြစ်ပေသည်။
မျက်မှန်နှင့်လူငယ်ဟာ ချွေးစေးများ ပြန်လာလေသည်။
သူကွန်ပျူတာရှေ့တွင် ဝင်ထိုင်လိုက်ပြီး မုတ်ဆိတ်မွေးနှင့်လူအစား စာပြန်လိုက်သည်- "ငါတို့မှာ CHr-379 ရှိတာကို မင်းသိပြီးသားပဲ... ဘာလို့ မေးနေသေးတာလဲ...
ဟုတ်တယ်... ငါတို့ဆီမှာ CHr-379အဆိပ်ရဲ့ မျိုးကွဲ ဗိုင်းရပ်စ်အသစ် ရှိတယ်။
ဒါက အင်းဆက်ကတဆင့် ကူးစက်တဲ့ဗိုင်းရပ်စ်ပိုးပုံစံမျိုးပဲ။ လူကိုသေစေနိုင်ပြီး လူသတ်မှုလို့ ဖော်ထုတ်ဖို့ ခက်ခဲစေတယ်"
'အင်းဆက်ကတဆင့် ကူးစက်တဲ့ ဗိုင်းရပ်စ်ပိုးတဲ့လား...'
ကွန်ပျူတာရှေ့ရှိ ကျားယန်သည် အတွေးနက်သွားရသည်။
သူ CHr-379အကြောင်းကို ကားကြုံစီးစဉ်က သူတို့ပြောသည့် စကားမှတဆင့် ကြားသိခဲ့ရခြင်း ဖြစ်သည်။
နာမည်နှင့်လုပ်ကြံသတ်ဖြတ်သူများ ပြောဆိုပုံအရ ၎င်းက ဗိုင်းရပ်စ် သို့မဟုတ် အဆိပ်တစ်မျိုးမျိုး ဖြစ်မည်ဟု သူ ခန့်မှန်းမိခဲ့ပေသည်။
ယခုကဲ့သို့ တမင်တကာ မေးမြန်းလိုက်ခြင်းက ဤအဆိပ်အကြောင်းသတင်းအချက်အလက်ယူရန်နှင့် တစ်ချိန်တည်းမှာပင် လုပ်ကြံသတ်ဖြတ်သူနှစ်ဦးကို ပိုမိုခြိမ်းခြောက်ရန် ရည်ရွယ်ခြင်းဖြစ်သည်။
ငါက မင်းတို့ရဲ့အသေးစိတ်အချက်အလက်တွေ အကုန်လုံးကို သိနေတာ.... ငါတို့ကြားက ကွာခြားချက်ကို မြင်ပြီမလား။ ငါ့ကို ခုခံဖို့၊ ပြန်လှည့်စားဖို့ ကြိုးစားရဲသေးလားဟု ပြောချင်သည့်သဘောပင်။
ကျားယန်၏ ဆက်တိုက်ပြောဆိုမှုများက လိမ်ညာခြင်းမဟုတ်ပေ။
သူသည် သူတို့အတွက် ယုထောင်ကို သတ်ပေးမည်... ပြီးလျှင် သူတို့ကသူ့အတွက် အကူအညီအချို့ ပေးရပေမည်။
သေချာသည်မှာ လုပ်ကြံသတ်ဖြတ်သူနှစ်ဦးအတွက် ဒီ အကူအညီအနည်းငယ်ဆိုသည်မှာ ကျားယန်က လူလိုလို့ သူတို့ကိုလက်တိုလက်တောင်းခိုင်းသည့် သဘောမျိုးထင်ရပေမည်။
သို့သော် ခြင်တစ်ကောင်မျှသာဖြစ်သည့် ကျားယန်အတွက်မူ ဒီအကူအညီအနည်းငယ်က စိတ်ကူးမယဉ်နိုင်လောက်အောင် အရေးပါလှပေသည်။
သူ့လက်ရှိအနေအထားအရ လုပ်ဆောင်နိုင်စွမ်း အကန့်အသတ် ရှိနေပေသည်။ အကယ်၍ သူတို့၏ အကူအညီသာမပါပါက သူ့အနေဖြင့် အသက်နှင့်ရင်းကာ ဆေးရုံမှပြင်းထန်သော ဗိုင်းရပ်စ်ပိုးများကို သွားရောက်ရယူပြီး ယုယွမ်ကို ကူးစက်စေရုံမှတစ်ပါး အခြား ရွေးချယ်စရာမရှိတော့ပေ။
သို့သော် ထိုလမ်းစဉ်က သူ့အသက်ကို အန္တရာယ် ဖြစ်စေရုံသာမက ယုယွမ်ကိုလည်း မြန်မြန်ဆန်ဆန် သေဆုံးသွားစေမည့် အန္တရာယ်ရှိနေပေသည်။
ဗိုင်းရပ်စ်ပိုးကြောင့်သေဆုံးရခြင်းက ကျားယန် ခံစားခဲ့ရသည့် သေခြင်းတရားလောက် နာကျင်မည်မဟုတ်ချေ။
ယုယွမ်နာကျင်မှုမရှိဘဲ သေသွားမည်ကို တွေးမိရုံဖြင့် ကျားယန် မခံမရပ်နိုင်ဖြစ်ရလေသည်။
ထို့ကြောင့် သူ ယခုအစီအစဉ်ကို ဆွဲလိုက်ခြင်း ဖြစ်သည်။
သူက လုပ်ကြံသတ်ဖြတ်သူများထံမှ ခြင်များအတွက် ဘေးကင်းသောအဆိပ်ကို ရယူမည်... ထို့နောက် ယုထောင်ကို သတ်ရာတွင်သူတို့ကို ကူညီမည်။
ပြီးနောက်... သူတို့နှစ်ဦးက ယုယွမ်ဆိုသည့် လူယုတ်မာကို ရှင်းလင်းရာတွင် သူ့ကို ပြန်ကူညီရပေမည်။
ဘာပဲဖြစ်ဖြစ် ယုထောင်ဆိုသူသည် သူ့သား ရာဇဝတ်မှုကျူးလွန်သည်ကို လျစ်လျူရှု အားပေးအားမြှောက်ပြုခဲ့ရုံသာမက ကျားယန်၏ သေဆုံးမှုကိုပါ မတော်တဆမှုဟု လိမ်ညာခဲ့သူဖြစ်သဖြင့် လူကောင်းတစ်ယောက်မဖြစ်နိုင်ပေ။
သူ့ကို သတ်လိုက်ခြင်းက အများအကျိုးဆောင်ရွက်ခြင်းဟုပင် သတ်မှတ်ရပေမည်။
ယုထောင်ကိုသတ်လိုက်ခြင်းက လုပ်ကြံသတ်ဖြတ်သူ နှစ်ဦး၏ယုံကြည်မှုကို ရရှိစေမည်ဖြစ်သလို ဒင်းလီမန်က စေ့စပ်ပွဲဖျက်သိမ်းလိုက်ပြီးနောက် ယုယွမ်အတွက် ငရဲခန်းသဖွယ်ဖြစ်လာစေမည်ဖြစ်သည်။
အဲဒီအချိန်ကျမှ... သူ့ရဲ့ ကိုယ်ပိုင် လက်စားချေမှု စတင်တော့ပေမည်။
ဒီအရာတွေအားလုံးအောင်မြင်ဖို့အတွက် လုပ်ကြံသတ်ဖြတ်သူနှစ်ဦးရဲ့ အကူအညီက မရှိမဖြစ် လိုအပ်လေသည်။
ဒီအရာတွေအားလုံးအတွက် လိုအပ်ချက်တစ်ခုကတော့ သူ့လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ ဗိုင်းရပ်စ်ကို ရှာဖွေဖို့ပင်။
ဒါကြောင့် ကျားယန်က ကားပေါ်မှာ ကြားခဲ့ရတဲ့ CHr-379 ဗိုင်းရပ်စ်အကြောင်းမေးလိုက်ခြင်းဖြစ်သည်။
သင့်တော်ရင်သုံးပြီး ခြင်တွေကိုပါ ဒုက္ခပေးမယ်ဆိုရင်တော့ လက်လွှတ်လိုက်ရပေမည်။
အဲဒီအခါကျမှ လူသားတွေကိုသာ ဒုက္ခပေးတဲ့ ဗိုင်းရပ်စ်ရှိမရှိ လုပ်ကြံသတ်ဖြတ်သူတွေကို မေးရပေမည်။
ဂေဟစနစ်ထိန်းသိမ်းဖို့ သဘာဝပတ်ဝန်းကျင်ကာကွယ်ဖို့ ဒါမှမဟုတ် လမ်းဘေးခွေးလေးတွေ အစာမှားမစားမိအောင် ကာကွယ်ဖို့စသဖြင့် ကြိုက်တဲ့ ဆင်ခြေပေးလို့ ရလေသည်။
လုပ်ကြံသတ်ဖြတ်သူတွေ သံသယဝင်ရင်တောင် သူတို့ သူ့ကို ကူညီပြီး ရှာပေးရမှာပင်။
ဘာလို့လဲဆိုတော့ သူတို့က ကျားယန် သူတို့အကြောင်း ယုမိသားစုကို ဖွင့်ချလိုက်မှာ အရမ်းကြောက်နေကြပြီး ကျားယန် ဘာပြောပြော ယုံကြည်ပြီး စိတ်ပါလက်ပါကူညီပေးရုံကလွဲလို့ ရွေးချယ်စရာ မရှိကြချေ။
ဗိုင်းရပ်စ်ကိစ္စပြေလည်သွားပြီဆိုလျှင် ကျန်သည်များမှာ ကိုင်တွယ်ရလွယ်ကူသွားပြီမဟုတ်ပါလော......
ပြင်းထန်သော ဗိုင်းရပ်စ်သယ်ဆောင်ထားသည့် ခြင်တစ်ကောင်...
အထူးသဖြင့် ဤခြင်သည် လူသားဉာဏ်ရည်ရှိပြီး သာမန်ခြင်များ မရှိနိုင်သည့် သန်မာသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားလေသည်။
သူ့စွမ်းရည်နှင့်ဆိုလျှင် ယုမိသားစုသားအဖကို ရှင်းပစ်ရန် အခွင့်အရေး သေချာပေါက်ရှာတွေ့မည်ဟု ကျားယန် ယုံကြည်ပေသည်။
တကယ်တော့ သူဟာ ဤအစီအစဉ်များအားလုံးကို ညီမလေးကိုကယ်တင်ရန် ဂယ်တောင်ရပ်ကွက်ဆီ သွားသည့်လမ်းမှာကတည်းက စဉ်းစားထားပြီးသား ဖြစ်သည်။
သေချာသည်မှာ လက်တွေ့ အကောင်အထည်ဖော်ရန်အတွက် အဆင့်များစွာ လိုအပ်လှပေသည်။
သုံး၍ရမည့် ကွန်ပျူတာ ရှာဖွေခြင်းမှစပြီး လုပ်ကြံသတ်ဖြတ်သူများကို QQ တွင် Addခြင်း အပါအဝင်... ဤအဆင့်များထဲမှ တစ်ခုခုမှားယွင်းသွားပါက အရင် ကြိုးစားခဲ့သမျှ သဲထဲရေသွန် ဖြစ်သွားပေလိမ့်မည်။
ခြိမ်းခြောက်မှုအပိုင်းတွင်မူ ကျားယန် ယုံကြည်မှုရှိလေသည်။ အဘယ်ကြောင့်ဆိုသော် သူတို့အကြောင်း သတင်းအချက်အလက်များ အများအပြားသိထားသောကြောင့်ဖြစ်သည်။
သိသာထင်ရှားသည်မှာ နောက်ထပ်အဆင့်များစွာ ကျန်နေသေးပြီး အဓိကသော့ချက်မှာ အဆိပ်အပေါ်တွင် မူတည်နေပေသည်။
လုပ်ကြံသတ်ဖြတ်သူများက သူတို့ထံတွင် CHr-379 ရှိကြောင်း ဝန်ခံလိုက်သည့်အခါ ကျားယန် နောက်ထပ် စာတစ်စောင် ပို့လိုက်သည်- "ဒီဗိုင်းရပ်စ်ရဲ့ အသေးစိတ်အချက်အလက်တွေကို ငါ့ဆီပို့လိုက်"
လုပ်ကြံသတ်ဖြတ်သူများ ပြန်ပို့လိုက်သည့် သတင်းအချက်အလက်က ကျားယန်၏ နှလုံးသားကို ပျော်ရွှင်မှုဖြင့် ခုန်ပေါက်သွားစေခဲ့ပေသည်။
"ငါတို့ဆီမှာရှိတဲ့ CHr-379က ပစ်မှတ်တွေကို အဆိပ်ခတ်ဖို့အတွက် ငါတို့အဖွဲ့အစည်းက သီးသန့် ထုတ်လုပ်ထားတာ။
သူက နျူကလီးယားပိုလီဟက်ဒရိုးဆစ်ဗိုင်းရပ်စ်အမျိုးအစားပဲ။
သူ့ရဲ့ပင်မက အင်းဆက်ဗိုင်းရပ်စ်ဖြစ်ပြီး အင်းဆက်တွေပဲ ကူးစက်နိုင်တယ်။
CHr-379 ကို ကျိုင်းကောင်ဗိုင်းရပ်စ်ကနေ ထုတ်ယူထားပြီး အင်းဆက်တွေထဲမှာ ကျိုင်းကောင်တွေကိုပဲ ဒုက္ခပေးနိုင်တယ်။
အဖွဲ့အစည်းက ကျယ်ကျယ်ပြန့်ပြန့် သုတေသနပြုပြီးနောက် ဒီဗိုင်းရပ်စ်အမှုန်တွေကို လူသားတွေကိုပါ သေစေနိုင်တဲ့ ပုံစံအဖြစ်ပြောင်းလဲနိုင်ခဲ့တယ်။
ဒါ့အပြင် သေဆုံးရတဲ့အကြောင်းရင်းကို လက်ရှိဆေးပညာအရ ရှာဖွေဖော်ထုတ်လို့ မရနိုင်သေးဘူး။
အင်းဆက်ကတဆင့်ကူးစက်တဲ့ ဗိုင်းရပ်စ်ပိုးလို့ပဲ စစ်ဆေးတွေ့ရှိနိုင်ပြီး လုပ်ကြံသတ်ဖြတ်သူရဲ့ လက်ချက်လို့ ဆုံးဖြတ်လို့ မရနိုင်ဘူး"
'နျူကလီးယားပိုလီဟက်ဒရိုးဆစ် ဗိုင်းရပ်စ်...'
'ကျိုင်းကောင်တွေအပေါ်မှာပဲ သက်ရောက်မှုရှိတဲ့ဗိုင်းရပ်စ်တဲ့လား..'
စာကိုဖတ်ပြီးနောက် ကျားယန် ချက်ချင်းပင် နျူကလီးယားပိုလီဟက်ဒရိုးဆစ်ဗိုင်းရပ်စ် အကြောင်း အွန်လိုင်းတွင်ရှာဖွေလိုက်လေသည်။
သူအချက်အလက်များကို အမြန်ဖတ်ရှုပြီးနောက် စကားပြောခန်းဆီ ပြန်သွားပြီး သတိထားကာ စာတစ်ကြောင်း ရိုက်လိုက်သည်။
"မင်းတို့ရဲ့ CHr-379က... လူသားတွေနဲ့ ကျိုင်းကောင်တွေကလွဲရင် တခြားမျိုးစိတ်တွေကို ဒုက္ခပေးသေးလား"
"ငါတို့ နမူနာစမ်းသပ်မှုတွေ အများကြီးမလုပ်ခဲ့ရပေမဲ့ အဖွဲ့အစည်းကတော့ အများအားဖြင့် တွေ့ရလေ့ရှိတဲ့ အင်းဆက်တွေနဲ့ နို့တိုက်သတ္တဝါဒါဇင်ပေါင်းများစွာအပေါ် နမူနာ စမ်းသပ်မှုတွေလုပ်ခဲ့တယ်။ တွေ့ရှိချက်အရ CHr-379 က သူတို့ကို ဒုက္ခမပေးဘူး။"
"ဒါကြောင့် ဒီမျိုးကွဲဗိုင်းရပ်စ်က လူသားတွေနဲ့ ကျိုင်းကောင်တွေကလွဲရင် တခြားမျိုးစိတ်တွေအတွက် အန္တရာယ်မရှိဘူးလို့ အကြမ်းဖျင်း ကောက်ချက်ချနိုင်တယ်"
"ကောင်းပြီ... ဒါဆိုကိုးနာရီလောက်မှာ ငါပြောတဲ့နေရာကို ပုလင်းအသေးလေးတစ်လုံး ယူလာခဲ့... ပြီးတော့ ရောက်ရင် အဖုံးကိုဖွင့်ထားလိုက်။
ဘာကြောင့်လဲလို့ မမေးနဲ့"
ကျားယန် တိုက်ရိုက်အမိန့်ပေးလိုက်လေသည်။
ထို့နောက် တစ်ဖက်လူထံသို့ ဆောက်လက်စ အဆောက်အအုံ၏လိပ်စာကို ပို့ပေးလိုက်သည်...
နောက်ဆက်တွဲ ယုထောင်ကို မည်သို့သတ်မည်၊ လုပ်ကြံသတ်ဖြတ်သူနှစ်ယောက်ကို ဘာလုပ်စေချင်သည်ဆိုတာကိုမူ ကျားယန် မပြောပြခဲ့ချေ။
အဘယ်ကြောင့်ဆိုသော် မိုးလင်းတော့မည် ဖြစ်သောကြောင့်ပင်။
အိမ်ရှင်ဖန်ဟောင်ဖေး နိုးလာ၍ ကွန်ပျူတာ မျက်နှာပြင်ပေါ်တွင် ရှုပ်ပွနေသောဆော့ဖ်ဝဲများနှင့် QQစကားပြောကွက်ဖွင့်ထားသည်ကို တွေ့လိုက်လျှင် လန့်ပြီး မူးမေ့သွားနိုင်ပေသည်။
ဒါကြောင့် ကျားယန်ဟာ တစ်ဖက်လူနှင့် ကိစ္စများကို အလျင်အမြန်ဆွေးနွေးပြီးနောက် QQနှင့် အခြားပရိုဂရမ်များကို ပိတ်ပြီး ထွက်ခွာလာခဲ့လိုက်သည်။
အဲဒီနောက် သူတစ်ချိန်က သေဆုံးခဲ့ဖူးသည့်နေရာဆီသို့ ဘတ်စ်ကားစီးပြီး သွားခဲ့လေသည်။
ထို့နောက် လုပ်ကြံသတ်ဖြတ်သူနှစ်ဦး ဗန်ကားဖြင့် ရောက်ရှိလာခဲ့ပြီး ပစ္စည်းလွှဲပြောင်းရယူခြင်း ပြီးဆုံးသွားလေသည်။
...
လုပ်ကြံသတ်ဖြတ်သူများ၏ ဗန်ကားတဖြည်းဖြည်း ဝေးကွာသွားသည်ကို ကျားယန် ကြည့်နေလိုက်သည်။
ထိူ့နောက် သူဟာ အခန်းထဲသို့ ပြန်ပျံဝင်သွားလိုက်သည်။
ကြမ်းပြင်ပေါ်ရှိ အရည်များပါဝင်သည့် ပုလင်းငယ်လေးကိုကြည့်လိုက်ရာ ကျားယန်၏ ပေါင်းစပ်မျက်လုံးများတွင် အရောင်တစ်ချက်လက်သွားလေသည်။
ဤအရည်ပုလင်းငယ်လေးက လောလောဆယ် သူ့၏ အားအကောင်းဆုံးလက်နက်ပင်ဖြစ်သည်။
လုပ်ကြံသတ်ဖြတ်သူနှစ်ယောက် သူ့ကိုလိမ်မည် မဟုတ်ဟု သူယုံကြည်ပေသည်။
အဘယ်ကြောင့်ဆိုသော် ဤပစ္စည်းကို ယူမည့်သူက ဗိုက်ထဲမျိုချပြီး အခြားလူကိုပြန်ထိုးသွင်းမည်ဟု သူတို့ ဘယ်တော့မှ အိပ်မက်ပင်မက်မည့်ကိစ္စမဟုတ်သောကြောင့်ဖြစ်သည်။
မည်မျှသတိထားတတ်သော လုပ်ကြံသတ်ဖြတ်သူ ဖြစ်ပါစေ.... ကွန်ပျူတာတဖက်ခြမ်းတွင်ရှိနေသူက ခြင်တစ်ကောင်ဖြစ်နေမည်ဟု ဘယ်တော့မှ သံသယဝင်မည်မဟုတ်ပေ။
ထို့ကြောင့် အရည်ကို ကလိမ်ကကျစ် လုပ်ထားလျှင်လည်း အချည်းနှီးသာဖြစ်ပေမည်။
အဆိပ်အဖြစ်ပြောင်းလိုက်လျှင်ပင် သူတို့ကို ခြိမ်းခြောက်နေသူက ကိုယ့်ကိုယ်ကို ထိုးသွင်းပါမည်လော.....
အရူးသာလျှင် ထိုသို့ လုပ်ပေလိမ့်မည်။
"ဒါပေမဲ့... ငါသူတို့ကို လုံးဝယုံလို့မရသေးဘူး..."
ကျားယန်၏ မျက်လုံးများတွင် အေးစက်သော အကြည့်တစ်ခုပေါ်လာလေသည်။ သူ့မျိုးစိတ်၏ သွေးအေးတတ်သောသဘာဝက သူ့ဉာဏ်ပညာကို လွှမ်းမိုးလာခြင်း ဖြစ်ကောင်းဖြစ်နိုင်ပေသည်။
ကျားယန် အခန်းထဲမှ ပျံထွက်သွားလိုက်သည်။
ထို့နောက် စတင်ရှာဖွေလိုက်ရာ ဆောက်လက်စ အဆောက်အအုံပတ်လည်တွင် ချုံပုတ်များ များစွာရှိပြီး အင်းဆက်များနေရာအနှံ့ပျံသန်းနေခဲ့ကြသည်။
မကြာမီ ကျားယန်၏ မျက်လုံးများက ရေခဲတမျှအေးစက်သွားပြီး သူ့ပစ်မှတ်ကို တွေ့ရှိသွားလေသည်။ ၎င်းက သူနှင့်မျိုးစိတ်တူသော တရုတ်ငှက်ဖျားခြင်တစ်ကောင်ပင်။
သေချာသည်မှာ လက်ရှိ ကျားယန်နှင့် နှိုင်းယှဉ်လျှင် ဤတရုတ်ငှက်ဖျားခြင်က သေးငယ်လွန်းလှပြီး သူ့ခြေထောက်တစ်ချောင်းစာ အရှည်ပင်မရှိချေ။
ကျားယန် အနားသို့ကပ်သွားပြီး ၎င်းပြန်လည် မတုံ့ပြန်နိုင်ခင်အချိန်အတွင်း သူ့ခြေတံရှည်များကြားတွင် လျင်မြန်စွာ ညှပ်ဖမ်းလိုက်လေသည်။
ဤခြင်က ခြင်ထီးတစ်ကောင်ဖြစ်ပြီး သူ့မျိုးစိတ်တူ ဧရာမခြင်ကြီးက သူ့ကိုတိုက်ခိုက်လိမ့်မည်ဟု မယုံနိုင်ဘဲ လန့်ဖျပ်ကာရုန်းကန်နေပေသည်။
သို့သော်ကြီးမားရုံသာမက ဗီဇပါပြောင်းလဲထားသည့် ကျားယန်၏ခွန်အားကို သူမည်သို့ ယှဉ်နိုင်မည်နည်း။
ခဏအကြာတွင် ကျားယန်ဟာ ဆေးရည်ထားရှိသည့် အခန်းဆီသို့ ထိုခြင်ကိုဖမ်းလျက်ပြန်လည်ပျံသန်းလာခဲ့သည်။
ထို့နောက် သူဟာ ထိုခြင်ကို ပုလင်းထဲသို့ ထိုးထည့်လိုက်လေသည်။