ခြင်တစ်ကောင်၏ အတ္ထုပ္ပတ္တိ

ခြင်တစ်ကောင်၏ အတ္ထုပ္ပတ္တိ

Share

တစ်ရက် နှစ်ပိုင်းတင်ပေးပါတယ်

13/03/2026

အခန်း ၃၂ - တင်းကြပ်သော စောင့်ကြည့်မှု

​ကောင်းကင်ကြီးက အနည်းငယ်လင်းလာပြီး နေ့စဉ်နေ့တိုင်းကြုံတွေ့နေကျ အရုဏ်တက်ချိန်သို့ ရောက်ရှိလာပြန်လေသည်။

​သေးငယ်သောခြင်တစ်ကောင်ညာ လခစား ဝန်ထမ်းတစ်ဦး၏ အငှားခန်းမှပျံသန်းထွက်ခွာလာခဲ့သည်။

​မနေ့ကကဲ့သို့ပင် ၎င်းဟာ ကွန်ပျူတာပေါ်တွင် Run နေသော ပရိုဂရမ်အားလုံးကိုပိတ်ပြီး ကြည့်ရှုမှု မှတ်တမ်းနှင့် QQ ဝင်ရောက်မှုမှတ်တမ်းအားလုံးကို ရှင်းလင်းခဲ့သည်။

​ဤသည်မှာ အခြေခံအကျဆုံး သတိထားမှုပင် ဖြစ်သည်။

​လူစည်ကားနေဆဲဖြစ်သည့် နံနက်စာဆိုင်ကို ဖြတ်ကျော်ပျံသန်းပြီး ဘတ်စ်ကားမှတ်တိုင်ဆီသို့ ဦးတည်သွားလိုက်သည်။

​ယနေ့ သူ၏ ပထမဆုံးခရီးစဉ်မှာ မနေ့ကနှင့် အတူတူပင်ဖြစ်ပေသည်။

​တစ်နာရီခန့် အကြာတွင်... ကျားယန်ဟာ သူ လူသားဘဝတုန်းက ရိုက်သတ်ခံခဲ့ရသည့်နေရာသို့ နောက်တစ်ခေါက်ရောက်ရှိလာခဲ့သည်။

​ရှေ့မှ ဆောက်လက်စအဆောက်အအုံကြီးက ခန့်ညားထည်ဝါနေသော်လည်း သက်ရှိဟူ၍ ကင်းမဲ့နေလေသည်။

​ကျားယန် သူ့စိတ်ကို ငြိမ်အောင်ထိန်းလိုက်ပြီး အဆောက်အအုံထဲရှိ အခန်းများဆီသို့ ပျံသန်းသွားလိုက်သည်...

​"သေချာတာပေါ့... သူ မသေဘူး"

​ကျားယန်ဟာ အခန်းထဲဝင်လိုက်ပြီး CHr-379 ဆေးရည်ပါဝင်သည့် ပုလင်းကို ကြည့်လိုက်၏။

​ဤပုလင်းပေါ်တွင် ကျားယန်ညာ လေးလံသော အပိုင်းအစများကို အဖုံးအဖြစ် အသုံးပြုကာ မနေ့က ဖမ်းမိခဲ့သည့် တရုတ်ငှက်ဖျားခြင်ကို ပိတ်လှောင်ထားခဲ့ပြီး ပြန်မထွက်နိုင်စေရန် သေချာစီစဉ်ထားခဲ့ပေသည်။

​ယခု၌ တရုတ်ငှက်ဖျားခြင်သည် မနေ့က မသေဆုံးခဲ့ပေ။ ဖြစ်နိုင်သည်မှာ ချက်ချင်းတုံ့ပြန်မှု မပြသောကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပေသည်။

​ယခုအချိန်အထိ အတွင်းမှ ငှက်ဖျားခြင်ထီးညာ (၂၀) နာရီကျော်ကြာပြီးသည့်တိုင် အသက်ရှင်နေဆဲပင်ဖြစ်သည်။

​၎င်းညာ တက်ကြွစွာ ခုန်ပေါက်နေဆဲဖြစ်ပြီး မူမမှန်သည့် လက္ခဏာတစ်စုံတစ်ရာ မရှိချေ။

​ဆိုလိုသည်မှာ ကျားယန်အတွက် ဤဆေးရည်က အလွန် ဘေးကင်းသည်ဟုမှတ်ယူနိုင်ပေသည်။

​ထို့ကြောင့် ကျားယန်၏ စိတ်နှလုံးက အနည်းငယ် ပေါ့ပါးသွားလေသည်။

​ထို့နောက် သူအဖုံးကို ဖွင့်လိုက်သည်။

​'ဝီ'

​အတွင်းမှ ငှက်ဖျားခြင်ဟာ အပြင်သို့ ပျံထွက်ရန်ပြင်လိုက်လေသည်။

​သို့သော် မထွက်နိုင်ခင်မှာပင် ကျားယန်၏ သန်မာသောရှေ့ခြေထောက်များက ၎င်းကို မြဲမြံစွာ ဖိချထားလိုက်သည်။

​"တောင်းပန်ပါတယ်... မင်းက ခြင်ထီးဖြစ်ပြီး သွေးမစုပ်ဘူးဆိုတာ ငါသိပေမဲ့ မင်းဒီအတိုင်း ပျံထွက်သွားရင် လူတွေကို အဆိပ်သင့်စေနိုင်တဲ့ အခွင့်အလမ်း အများကြီး ရှိနေသေးတယ်။

အပြစ်မဲ့သူတွေကို မထိခိုက်စေဖို့အတွက်... မင်း သေဖို့ အချိန်တန်ပြီ"

​ကျားယန်ဟာ ရှေ့ခြေထောက်နှစ်ဖက်စလုံးဖြင့် ခြင်၏ခေါင်းကို လိမ်ချိုးပစ်လိုက်လေသည်။

​"ခြင်တွေနဲ့ ယှဉ်ရင်... ငါကလူသားတွေဘက်ကို ပိုပါနေတုန်းပါပဲ"

​ကျားယန် ခေါင်းကိုဖြည်းညှင်းစွာ ခါလိုက်ပြီး သေဆုံးသွားသည့် ငှက်ဖျားခြင်ထီး၏အလောင်းကို မြေကြီးပေါ် ပစ်ချလိုက်သည်။

​သူ့ခန္ဓာကိုယ်က သူတို့ထဲက တစ်စိတ်တစ်ပိုင်း ဖြစ်နေပေမဲ့ ကျားယန်ကတော့ သူ့စိတ်နှလုံးဟာ လူသားတွေဘက်မှာ ပိုတိမ်းညွတ်နေတုန်းပဲလို့ ယုံကြည်ထားပေသည်။

​ထို့နောက် ကျားယန်ညာ CHr-379 ဟုခေါ်သော ဗိုင်းရပ်စ်ဆေးရည်ပါဝင်သည့် ပုလင်းထဲသို့ သူ့၏ သွယ်လျသော နှာမောင်းတံကို သတိထားပြီး ထိုးသွင်းလိုက်လေသည်။

​ဆေးရည်အနည်းငယ်ကို နှာမောင်းတံဖြင့် စုပ်ယူသည့်အချိန်၌ ကျားယန်ဟာ အလွန်ဂရုတစိုက်ဖြင့် အရသာ နည်းနည်း ခံကြည့်လိုက်သည်။

​"ခြင်တစ်ကောင်အနေနဲ့ သောက်ကြည့်ရသလောက် အရသာက မဆိုးဘူးပဲ။

နည်းနည်းချိုသလိုလိုနဲ့... တော်တော်လေး ကောင်းမွန်တဲ့ အရသာပဲ"

​တစ်ငုံ သောက်ပြီးနောက်... ကျားယန် ပုလင်းဝတွင် ရပ်ပြီး စောင့်ကြည့်နေလိုက်သည်။

​နာရီဝက်ခန့် ကြာပြီးနောက် သူ့ခန္ဓာကိုယ်တွင် အပြောင်းအလဲ သို့မဟုတ် ဘေးထွက်ဆိုးကျိုး တစ်စုံတစ်ရာမဖြစ်ပေါ်လာသဖြင့် သူညာ ခေါင်းငုံ့လိုက်ပြီး နှာမောင်းတံကို ဆေးရည်ထဲပြန်လည် ထိုးသွင်းလိုက်လေသည်။

​ဒီတစ်ခါတော့ သူဟာ ဆေးရည်များကို 'ဂလု'ခနဲ မျိုချလိုက်ပေသည်။

​မိနစ်အနည်းငယ်ကြာသောအခါ.... အရည်များ ပြည့်နှက်နေသဖြင့် ဗိုက်ပူပြီးဖောင်းကားနေသည့် ဧရာမ ခြင်ကြီးတစ်ကောင်ဟာ ဆောက်လက်စအဆောက်အအုံထဲမှ ပျံထွက်လာခဲ့ပေသည်။

​"ဒီလိုဆိုတော့ ပိုပြီးမြင်သာဖို့ လွယ်သွားပြီပဲ" ကျားယန် သူ့ခန္ဓာကိုယ်ကို သူပြန်ကြည့်လိုက်၏။

​သူ့ ခြင်ခန္ဓာကိုယ်က သွယ်လျပြီး (၁.၅)စင်တီမီတာ အရွယ်အစားရှိသော်လည်း လူသားမျက်လုံးဖြင့် ရှာဖွေတွေ့ရှိရန် မလွယ်ကူလှပေ။

​သို့သော် ဗိုင်းရပ်စ်ဆေးရည်ကို စုပ်ယူပြီးနောက် သူ့ခန္ဓာကိုယ်က ဖောင်းကားလာသဖြင့ မျက်စိလျင်သည့် လူသားများအနေဖြင့် ကောင်းကင်တွင် သူ့ကို အလွယ်တကူတွေ့မြင်နိုင်ပေသည်။

​"ကံကောင်းတာက ငါ့အမြန်နှုန်းအပေါ် သိပ်ပြီး သက်ရောက်မှုမရှိတာပဲ... အရှိန်ကုန်ပျံလိုက်ရင် လူတစ်ယောက် ပြေးတဲ့အရှိန်လောက်တော့ ရှိတယ်။

ဒီကနေစပြီး ငါပိုသတိထားရမယ်... ပြဿနာ သိပ်မကြီးဘူးလို့ ထင်ပါတယ်။

သူတို့ တွေ့သွားရင်တောင် ငါအမြင့်ကို အမြန်ပျံတက်သွားလို့ ရတာပဲ။

ငါ့ကံ အရမ်းမဆိုးရင်တော့... ထွက်ပြေးလွတ်မြောက်နိုင်ခြေ (၉၀) ရာခိုင်နှုန်း ရှိတယ်"

​ကျားယန် သူ့ခန္ဓာကိုယ်ကို ထိန်းချုပ်ပြီး ဘတ်စ်ကား မှတ်တိုင်ဆီသို့ ဦးတည်ပျံသန်းသွားလိုက်သည်...

​နာရီဝက်ခန့် ကြာသည့်အခါ... သူ့ပုံရိပ်ညာ အခြားသော အဆောက်အအုံဟောင်းတစ်ခု၏ ရှေ့တွင် ပေါ်လာလေသည်။

​ဤနေရာက အတော်အတန်လူပြတ်ပြီး... ကားရပ်နားမှု သိပ်မရှိလှပေ။

ဤသည်မှာ လုပ်ကြံသတ်ဖြတ်သူနှစ်ဦး နေထိုင်သည့် နေရာပင်ဖြစ်သည်။

​"အဲဒီလူက အခုငါတို့ကို စောင့်ကြည့်နေတယ်လို့ မင်း ထင်လား....

အခု ငါပြောနေတဲ့ စကားတွေကိုတောင် သူကြားနေနိုင်မလား"

​ငှားရမ်းထားသည့် အခန်းထဲတွင် မုတ်ဆိတ်မွေးနှင့်လူက သူ့ကြံရာပါကို အားမလိုအားမရ မေးလိုက်လေသည်။

​"ငါ ဘယ်သိမလဲ...ဒါပေမဲ့ ငါတို့အခန်းတစ်ခန်းလုံးကို ရှာပြီးပြီ... လျှို့ဝှက်နားထောင်တဲ့ စက်လိုမျိုး ဘာတစ်ခုမှ မတွေ့ဘူး။

ဒါကြောင့် သူက ငါတို့ပြောတာတွေကို ကြားနိုင်မယ် မထင်ဘူး" မျက်မှန်နှင့်လူငယ်က စဉ်းစားပြီး ပြန်ဖြေလိုက်၏။

​"ဆောရီးပါ... ငါ အကုန်ကြားနေရတယ်"

ပြတင်းပေါက် အနောက်ဘက်ရှိ လျှို့ဝှက်သောနေရာမှနေ၍ ကျားယန် ပုန်းအောင်းနေပြီး... သူတို့ ပြောသမျှ စကားလုံးတိုင်းကို ကြားနေရလေသည်။

​သူ့၏ လုံးဝန်းသောခန္ဓာကိုယ်ထဲတွင် CHr-379 ဟု ခေါ်သည့် သေစေလောက်သည့် ဗိုင်းရပ်စ်ဆေးရည်များ ပြည့်နှက်နေပေသည်။

​ယခု သူဟာ ပေါက်ကွဲပစ္စည်းများပြည့်နှက်နေသည့် လက်ပစ်ဗုံးတစ်လုံးကဲ့သို့ ဖြစ်နေပြီး တိုက်ခိုက်စွမ်းရည်အမြင့်ဆုံးသို့ ရောက်ရှိနေလေသည်။

​တိုက်ခိုက်စွမ်းရည် (၅)ပင် မပြည့်သည့် အမှိုက်ကောင်အဖြစ်မှ တိုက်ခိုက်စွမ်းရည် (၁၀၀)ရှိသည့် နတ်ဘုရားတစ်ပါးအဖြစ်သို့ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်......

​အကယ်၍ ဤလုပ်ကြံသတ်ဖြတ်သူနှစ်ဦးက မရိုးမသားလုပ်ရန် ကြိုးစားပါက သူတို့ကို သနားညှာတာမည်မဟုတ်ဘဲ သူတို့ အာရုံလွင့်နေချိန်တွင် ဗိုင်းရပ်စ် ထိုးသွင်းပေးလိုက်မည်ဖြစ်သည်။

​"ငါတို့ သူ့ကို တကယ်ယုံလို့ ရပါ့မလား.....

ဒီလူက ယုထောင်ကို စောင့်နေတာမဟုတ်ဘဲ... ယုထောင်ပြန်လာပြီး ငါတို့ကို ရှင်းပစ်ဖို့ စောင့်နေတာများ ဖြစ်နိုင်မလား.... အခုပြောနေတာတွေက ငါတို့ကို အချိန်ဆွဲထားရုံ သက်သက်များလား" မုတ်ဆိတ်မွေးနှင့်လူ သံသယ ဝင်နေဆဲပင်။

​မှန်ပေသည်... လုပ်ကြံသတ်ဖြတ်သူတစ်ဦးအနေဖြင့် ဤကဲ့သို့ သတိထားမှုမျိုး မရှိမဖြစ်လိုအပ်ပေသည်။

​မျက်မှန်နှင့်လူငယ် ခေတ္တမျှ တိတ်ဆိတ်နေပြီးနောက် ပြောလိုက်သည်- "မဟုတ်ဘူး... ငါ မြင်ရသလောက်တော့ ဒီလူ့မှာ စိတ်ကူးမယဉ်နိုင်လောက်အောင် ကြီးမားတဲ့ စွမ်းရည်ရှိတယ်။

ယုမိသားစုအနေနဲ့ ဒီလိုလူမျိုးဆီက အကူအညီ ရယူနိုင်လောက်တဲ့ စွမ်းရည်နဲ့ နည်းလမ်း ရှိတယ်လို့ မင်း ထင်လို့လား"

​"မင်းပြောတာ ဟုတ်တယ်။ ယုမိသားစုက ရှန်ဟိုင်းမြို့မှာ ပထမတန်းစားဖြစ်ပေမဲ့... တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ယှဉ်ရင် ဘာမှမဟုတ်ဘူး။

ငါတို့ ဆက်ဆံနေရတဲ့သူက စီနီယာ အက်ဒစ်ဟုတ်ဟုတ် မဟုတ်ဟုတ်... အနည်းဆုံးတော့ သူနဲ့ တန်းတူအဆင့်ရှိတဲ့သူပဲ... ယုမိသားစု အနေနဲ့ သူ့အကူအညီကို တောင်းခံနိုင်စွမ်းမရှိလောက်ဘူး"

​ကျားယန် အပြင်ဘက်မှ နားထောင်နေရာ သူ အနည်းငယ် အံ့အားသင့်သွားမိသည်။

​သူ့အမြင်တွင် ယုမိသားစုက လုံလောက်စွာ ကြီးမားသည့် မိသားစုကြီး တစ်ခုဖြစ်ပြီး... ရေတွက်၍ မကုန်နိုင်သည့် စီးပွားရေးဆက်ဆံမှုများရှိသည်ဟု ထင်ထားခဲ့သည်။

မထင်မှတ်ဘဲ ဤလုပ်ကြံသတ်ဖြတ်သူနှစ်ဦး၏ ပါးစပ်ဖျားတွင် ယုမိသားစုက အလွန်သေးနုပ်သော အရာတစ်ခုဖြစ်နေလေသည်။

​ဖြစ်နိုင်သည်မှာ ယုမိသားစုက တရုတ်နိုင်ငံ၏ နိုင်ငံတကာမြို့တော်ဟု တင်စားခေါ်ဝေါ်သော ရှန်ဟိုင်းတွင် ကောင်းမွန်သည့် ပထဝီဝင်တည်နေရာ ရရှိထားရုံသာ ဖြစ်ကောင်းဖြစ်နိုင်ပေသည်။

လက်တွေ့တွင်မူ မိသားစု၏ တကယ့်အာဏာစက်မှာ ထင်သလောက် မကြီးမားခြင်းဖြစ်နိုင်ပေသည်။

​"ဒီလိုလူမျိုးကို ရန်စတာမျိုး ရှောင်ကြစို့။

သူသာ ငါတို့ကို တကယ်အန္တရာယ်ပေးချင်ရင်... တခြားလူတွေ လိုမယ်မထင်ဘူး... သူတစ်ယောက်တည်းနဲ့တင် လုံလောက်တယ်။

ဖြစ်နိုင်တာက သူ တကယ်ပဲ တစ်ယောက်တည်းလုပ်နေပြီး... နောက်လိုက်တွေ အရေးတကြီးလိုနေတာ ဖြစ်မယ်" မျက်မှန်နှင့်လူငယ် သုံးသပ်လိုက်လေသည်။

​"ဒါဆို... ငါတို့ ဒီအတိုင်း စိတ်ရှည်ရှည်နဲ့ စောင့်နေရုံပဲလား" မုတ်ဆိတ်မွေးနှင့်လူ သက်ပြင်းချလိုက်သည်။

​"စောင့်လေ...ဘာလို့ မစောင့်ရမှာလဲ...

ဒီတစ်ခါ ငါတို့ ဆက်ဆံရေးကောင်းအောင် တည်ဆောက်ထားနိုင်ရင် နောက်နောင် ငါတို့ အကူအညီလိုတဲ့အခါ သူငါတို့ကို ကူညီချင် ကူညီမှာပေါ့"

​ကျားယန်ဟာ သူတို့၏အပြောချိုမှုအောက်တွင် အရေပျော်မသွားခဲ့ချေ။

သူပြတင်းပေါက်နားသို့ ပိုမိုတိုးကပ်သွားပြီး သူတို့၏ လှုပ်ရှားမှုတိုင်းကို တိတ်တဆိတ် ချောင်းမြောင်း နားထောင်နေလိုက်သည်။

​နောက်ဆုံးတွင် နေ့တစ်ဝက်ကျော် ကုန်ဆုံးသွားလေသည်။

​အချိန်က ညနေ (၁၆:၃၅)သို့ ရောက်ရှိလာပြီ ဖြစ်သည်။

​လုပ်ကြံသတ်ဖြတ်သူများပေးသည့် ယုထောင်၏ ခရီးစဉ်သာမှန်ကန်ပါက သူဟာ ပါရီမြို့မှ ပျံသန်းလာပြီး ယခုအချိန်တွင် ရှန်ဟိုင်း ဖူရှီးလေဆိပ်သို့ ဆင်းသက်နေပြီ ဖြစ်ရပေမည်။

​သို့ပေမဲ့ လုပ်ကြံသတ်ဖြတ်သူနှစ်ဦး ထွက်ပြေးမည့် အရိပ်အယောင် မရှိသေးပေ။

​ကျားယန် ဆက်လက် စောင့်ဆိုင်းနေလိုက်သည်။

​အချိန်က (၁၈:၀၀)ခန့် ရောက်ရှိလာသည့်အခါ...

ကောင်းကင်ကြီး မှောင်ရီပျိုးစပြုနေပြီဖြစ်သည်။

​"ငါ ပြောမယ်... အဲဒီလူသာ တကယ် တစ်ယောက်တည်းလုပ်နေတာဆိုရင်... အခုချိန်လောက်ဆို ယုထောင်ကို တိုက်ခိုက်ဖို့ ပြင်ဆင်နေလောက်ပြီ။

ငါတို့ တကယ် မပြေးတော့ဘူးလား" မုတ်ဆိတ်မွေးနှင့်လူ ခေါက်ဆွဲပြုတ်စားရင်း အသံအက်အက်ဖြင့် မေးလိုက်၏။

​မျက်မှန်နှင့်လူငယ်က ပြန်မဖြေချေ။

အချိန်အတော်ကြာမှ သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်သည်။

​"ထားလိုက်ပါတော့... သူသာ ယုထောင်နဲ့ တကယ် အဆက်အသွယ်ရှိခဲ့ရင်... ငါတို့ စောစောကတည်းက အဖမ်းခံလိုက်ရပြီ"

​"အခုထိ ဘာတုံ့ပြန်မှုမှမရှိသေးဘူးဆိုတော့... သူတို့ ကမ်းလှမ်းတဲ့ ပူးပေါင်းဆောင်ရွက်မှုက အစစ်အမှန် ဖြစ်လောက်တယ်။

သူယုထောင်ကို တကယ်သတ်မသတ် စောင့်ကြည့်ကြတာပေါ့... သူသာ ငါတို့အတွက် ယုထောင်ကို တကယ် သတ်ပေးရင်... ငါတို့ သူ့အတွက် အလုပ်လုပ်ပေးတာ ဘာမှားလို့လဲ....

စိတ်မပူပါနဲ့... ကိစ္စပြီးရင် နှုတ်ပိတ်ဖို့အတွက် ငါတို့ကို သတ်မှာ မဟုတ်ပါဘူး"

​အခန်းထဲတွင် တိတ်ဆိတ်သွားပြန်လေသည်။

​နောက်ထပ် (၁၀)မိနစ်ခန့် စောင့်ပြီးနောက် ကျားယန်၏ ဆေးရည်များပြည့်နေသောလုံးဝန်းသည့် ခန္ဓာကိုယ်ဟာ အိမ်ခေါင်မိုးအောက်မှ ပျံထွက်လာခဲ့သည်။

​ဒီလုပ်ကြံသတ်ဖြတ်သူနှစ်ယောက်ကို တစ်နေ့လုံး စောင့်ကြည့်ပြီးနောက် အနည်းဆုံးတော့ အခု မြင်ရသလောက် သူတို့မှာထွက်ပြေးဖို့ ရည်ရွယ်ချက် လုံးဝမရှိကြပေ။

​တကယ်တော့ သူတို့ကို စောင့်ကြည့်ရခြင်းမှာ အခြား ရည်ရွယ်ချက်တစ်ခုလည်း ရှိသေးပေသည်။ အကယ်၍ သူတို့နှစ်ဦး စကားပြောနေစဉ် ဤ CHr-379 ဆေးရည်၏ ဖုံးကွယ်ထားသောအန္တရာယ်များအကြောင်းထုတ်ပြောလာပါက သူဗိုက်ကို ချက်ချင်း ထိန်းချုပ်ပြီး ဆေးရည်များကို အကုန်ပြန်အန်ထုတ်ပစ်ရန်ဖြစ်သည်။

​အဲဒီလိုလုပ်ခြင်းက အန္တရာယ်အားလုံးကို မရှောင်ရှားနိုင်ပေမဲ့... အကူအညီ အများကြီးတော့ ဖြစ်စေမည်ပင်။

​ကံကောင်းစွာနဲ့ဆေးရည်နဲ့ ပတ်သက်ပြီး အဲဒီလို ပြဿနာမျိုး မကြားခဲ့ရချေ။

​ကျားယန် သူ့ကိုယ်သူ ဒီအဆင့်ထိ အလွန်ဂရုစိုက်ခဲ့သည်ဟု ယူဆလေသည်။

​အကယ်၍ သူထွက်သွားပြီးမှ သူတို့နှစ်ဦး ထွက်ပြေးဖို့ ဆုံးဖြတ်လိုက်ရင်လည်း တတ်နိုင်တဲ့ကိစ္စ မဟုတ်တော့ပေ။ ဘာပဲဖြစ်ဖြစ် အနည်းဆုံးတော့ ဒီCHr-379 ဗိုင်းရပ်စ်က အစစ်အမှန်ဖြစ်တယ်ဆိုတာ သူအတည်ပြုနိုင်လိုက်အေပြီ။

​ထို့ကြောင့် ဒီဗိုင်းရပ်စ်ရှိနေသရွေ့... သူဟာ ယုယွမ်ကို သတ်နိုင်တုန်းဖြစ်ပေမည်။

​တစ်ခုပဲရှိတာက ယုယွမ်ကို သူဖြစ်စေချင်သလောက် နာကျင်အောင် လုပ်လို့မရတော့တာပင်။။

နောက်ဆုံးတော့ ဆုံးရှုံးသွားတာက ဒီလုပ်ကြံသတ်ဖြတ်သူနှစ်ယောက်အတွက် ယုထောင်ကို ကူညီသတ်ပေးလိုက်ရတဲ့ အလဟဿဖြစ်သွားမယ့် အားထုတ်မှုပင်။

​နောက်တစ်ကြိမ် ထွက်ခွာလာပြီး ​ပစ်မှတ်ကတော့ ယုမိသားစု၏ရုံးချုပ် မင်ရှား အဆောက်အအုံပင် ဖြစ်သည်။

11/03/2026

အခန်း ၃၁ - သေလဲတစ်ယောက်တည်း၊ ရှင်လည်းတစ်ယောက်တည်း

ငှက်ဖျားခြင်ထီးလေးဟာ အသည်းအသန် ရုန်းကန်သော်လည်း သူ့တစ်ကိုယ်လုံး ဆေးရည်ထဲနှစ်မြှုပ်သွားပြီး အရည်မျက်နှာပြင်ပေါ်တွင် တဖျပ်ဖျပ်လူးလိမ့်နေလေသည်။

​ကျားယန်သည် ဆေးရည်အစက်အများ သူ့အပေါ် မစဉ်စေရန် ဂရုစိုက်လိုက်ပြီး ပုလင်းဘေးတွင် ရပ်လျက် ဖြစ်ပျက်နေသည်များကို အသေအချာစောင့်ကြည့်နေခဲ့သည်။

​(၁၀) မိနစ် ကြာပြီးနောက်...

​"အကောင်းဆုံးပဲ... အနည်းဆုံးတော့ ဒီခြင်ကအခုထိ ဘာမှ ထူးခြားတဲ့တုံ့ပြန်မှုမပြသေးဘူး။

ငါ့အတွက် အန္တရာယ်အနည်းဆုံးဖြစ်မယ်လို့ ကနဦး ကောက်ချက်ချလို့ ရတယ်။

အန္တရာယ် နည်းနည်းပါးပါးရှိရင်တောင်... ဒီခြင်ကို ချက်ချင်း မသေစေဘူးဆိုတော့ ဗီဇပြောင်းလဲထားတဲ့ ငါ့ခန္ဓာကိုယ်အတွက် ဘာခြိမ်းခြောက်မှုမှရှိလာမှာ မဟုတ်ဘူးဆိုတာ သေချာတယ်..."

​ကျားယန်၏ ပေါင်းစပ်မျက်လုံးများတွင် အရောင်တောက်ပမှု ပိုမိုအားကောင်းလာလေသည်။

​'ယုယွမ်... မင်းရဲ့ သေနေ့ ရောက်လာတော့မယ်..'

​နေဝင်ပြီး ညနေခင်းရောက်ရှိလာပေသည်။

​ဖန်ဟောင်ဖေးသည် တစ်နေ့လုံးအလုပ်ရှုပ်ခဲ့ရသော လူငယ်လုပ်သားတစ်ဦးဖြစ်ပြီး ပင်ပန်းနွမ်းနယ်စွာဖြင့် သူ့အငှားခန်းသို့ လေးလံသောခြေလှမ်းများဖြင့် ပြန်လာခဲ့သည်။

သူက အလူမီနီယံပြတင်းပေါက်တပ်ဆင်သူတစ်ဦး ဖြစ်သည်။

ရှန်ဟိုင်းဆိုသည့် ဤမြို့ကြီးတွင် တစ်ကိုယ်တည်း ရုန်းကန်နေထိုင်လာခဲ့သည်မှာ နှစ်ဝက်ကျော်ကြာမြင့်ခဲ့ပြီဖြစ်သည်။

​မြို့ပြဘဝကို အိပ်မက်မက်သည့် အခြားလူငယ်များနည်းတူ ဖန်ဟောင်ဖေးဟာလည်း စည်ကားလှသော မြို့ကြီးတွင် ကိုယ်ပိုင်အစွမ်းအစဖြင့် ရပ်တည်နိုင်ရန် အမြဲမျှော်လင့်ခဲ့ပေသည်။

​သို့သော် လက်တွေ့ဘဝက ထက်မြနေသော ဓားတစ်ချောင်းကဲ့သို့ပင်... လူငယ်လေး၏ ဆတ်ဆတ်ထိမခံသော အိပ်မက်များကို ရက်ရက်စက်စက် ဆွဲဖြဲပစ်လိုက်ပြီး ပြန်တွေးဖို့ပင် ကြောက်ရွံ့သွားလောက်အောင် စိတ်ဓာတ်ကျသွားစေခဲ့သည်။

​ရှန်ဟိုင်းမြို့၏လုပ်ခလစာက နှိုင်းယှဉ်ချက်အားဖြင့် မြင့်မားသော်လည်း နေထိုင်စရိတ်မှာမူ အလွန်အမင်း ကြီးမြင့်လှပေသည်။

ဖန်ဟောင်ဖေးဟာ အိပ်မက်များကို စွန့်လွှတ်ပြီး ဝေးလံခေါင်သီသည့် ဇာတိမြေသို့ ပြန်ရန်ပင် တွေးတောမိခဲ့ဖူးသည်။

​"မနေ့ညက ဂိမ်းထဲမှာ အကောင့်ဖွင့်ထားခဲ့တာ လိုင်းကျသွားတယ်... စိတ်ပျက်စရာကြီးကွာ....

မဟုတ်ရင် Level 60ရောက်နေလောက်ပြီ"

​အလုပ်အပြင် ဖန်ဟောင်ဖေး၏အဓိကဝါသနာမှာ ဂိမ်းဆော့ခြင်းဖြစ်သည်။

သူဟာ အလုပ်လုပ်နေရင်းနှင့်ပင် နာမည်ကြီး
အွန်လိုင်းဂိမ်းတစ်ခုကို ကစားနေတတ်ပေသည်။

သူ့အဆင့်က ထိပ်တန်း (၁၀၀)အတွင်း ဝင်နေပြီး ဒါက တော်တော်လေး အောင်မြင်မှုတစ်ခုဟု ဆိုရပေမည်။

​အငှားခန်းသို့ပြန်ရောက်သည်နှင့် သူအမြဲဖွင့်ထားလေ့ရှိသည့် ကွန်ပျူတာကို စစ်ဆေးရန်မစောင့်နိုင်တော့ပေ။

​"ရှယ်ပဲ... နေ့လယ်က လိုင်းမကျသွားဘူး... Level တက်သွားပြီဟေ့"

ဖန်ဟောင်ဖေး သိသိသာသာပျော်ရွှင်သွားလေသည်။

​ရေမိုးချိုးရန် အချိန်မပေးတော့ဘဲ ဖိနပ်ချွတ်ပြီး ခြေဗလာဖြင့် ထိုင်ကာဂိမ်းဆက်ဆော့လိုက်သည်။

​"ဒါ ဘာနံ့လဲ မွန်းကျပ်လိုက်တာကွာ"

​မျက်လုံးကို ဖန်သားပြင်မှမခွာဘဲ ဖန်ဟောင်ဖေး သတိမထားမိလိုက်သည်မှာ ပြတင်းပေါက်အပြင်ဘက်မှ မူးဝေစွာ ပျံသန်းဝင်ရောက်လာသည့် ခြင်တစ်ကောင်ဟာ သူ့ခြေထောက်နံ့ကြောင့် မူးမေ့လဲလုနီးပါး ဖြစ်သွားခြင်းကိုပင်။

​"ငါဒီရောက်တာနဲ့ ဒီအနံ့ကို ချက်ချင်း ရလိုက်တယ်။

ဒီကောင်က ခြေထောက်တောင် မဆေးဘဲ ဂိမ်းတန်းဆော့နေတာပဲ။ အနံ့က ခံနိုင်ရည်မရှိဘူးကွာ"

ကျားယန်ဟာ အနံ့ဆိုးထွက်နေသည့် ရေကန်စပ်သို့ ပြန်ရောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။

​အခန်းတစ်ခုလုံးအနံ့ဆိုးများဖြင့် ပြည့်နှက်နေလေသည်။

​အချို့ခြင်များက ခြေထောက်နံ့နံသောသူများကို နှစ်သက်တတ်ကြသည်။

ဘာကြောင့်လဲဆိုတာတော့ မရှင်းလင်းပေ။

သေချာတာကတော့ ကျားယန်ဟာ ဒီအနံ့ကို မကြိုက်ဘူးဆိုတာပင်။

​"သူ့ကိုကြည့်ရတာ ကွန်ပျူတာရှေ့မှာ ဘယ်လောက်ကြာကြာ ဆက်ထိုင်နေမလဲမသိဘူး။

ငါ သူ့ကို စောစောစီးစီးရေချိုးခိုင်းမှ ဖြစ်မယ်။

ရေချိုးပြီးရင် သူ့ခန္ဓာကိုယ် အနားရသွားပြီး အိပ်ချင်လာလောက်တယ်..."

​ကျားယန်၏ စိတ်ထဲတွင် ကတ်သီးကတ်သတ်အတွေးလေးများ ဝင်လာလေသည်။

​ထို့နောက် အမှောင်ထဲတွင် သူဟာ အိမ်ငှားကောင်လေး၏ ကျောဘက်သို့ ဂရုတစိုက်ပျံသန်းသွားလိုက်သည်...

​ဖန်ဟောင်ဖေး အင်္ကျီမဝတ်ထားပေ။

ခြင်ဆေးခွေထွန်းထားလျှင် ခြင်မကိုက်လောက်ဟု သူ ထင်ထားသော်လည်း ကျာယန်ဟာ ခြင်ဆေးခွေဒဏ်ကို ကောင်းကောင်းခံနိုင်ရည်ရှိကြောင်း သူ မသိရှာပေ။

​ချောမွေ့သော ကျောပြင်ပေါ်တွင် နားလိုက်သည့်အခါ ကျားယန် သွေးနံ့ကိုရလိုက်သည်။

​"ငါ သွေးမစုပ်တာနှစ်ရက်ရှိပြီ... ဒါကြောင့် တော်တော်လေးဆာနေပြီ"

​ကျားယန် တုံ့ဆိုင်းမနေဘဲ သူ့နှာမောင်းတံကို ဖန်ဟောင်ဖေး၏ ကျောပြင်ထဲသို့ ထိုးသွင်းလိုက်လေသည်။

​'ဘာပဲဖြစ်ဖြစ် ငါက အခုခြင်တစ်ကောင် ဖြစ်နေပြီပဲ... ခြင်တစ်ကောင်က သွေးစုပ်တယ် ဆိုတာ သဘာဝတရားအတိုင်းပဲ မဟုတ်လား...'

​အားနာသော်လည်း ကျားယန်ညာ သွေးမစုပ်မီ လူကို ဗိုင်းရပ်စ်မကူးစက်စေရန် သေချာ ဂရုစိုက်လိုက်လေသည်။

​ခဏအကြာတွင်...

​"အား... ယားလိုက်တာ... ဒါဘာခြင်ဆေးခွေလဲကွာ... အကိုက်ခံရတုန်းပဲ။ ရေသွားချိုးလိုက်ဦးမယ်... ရေချိုးလိုက်ရင် ယားတာသက်သာသွားလောက်တယ်"

​ဖန်ဟောင်ဖေး ကျောကိုကုတ်ရင်း ရေချိုးရန် ထသွားလေသည်။

​"ဘာ... ဂိမ်းဆော့တုန်းပဲလား... တကယ့် ဂိမ်းဂျိုးပဲ....

ခဏနေရင် ငါမင်းအတွက် စက်ပိတ်ပေးမယ်။

ဒါ မင်းဂိမ်းဖြတ်ဖို့ ကူညီပေးတာလို့ သဘောထားလိုက်... ဟားဟား"

ကျားယန် တစ်ယောက်တည်းရယ်မောလိုက်ပြီး အရိပ်ထဲတွင် ဝင်ပုန်းကာစောင့်ဆိုင်းနေလိုက်သည်။

​မနက်ဖြန်က ယုထောင်နိုင်ငံခြားမှ ပြန်ရောက်မည့်နေ့ ဖြစ်သဖြင့် ကျားယန်ဟာ ယုထောင်၏တိကျသော ခရီးစဉ်ကို ဒီညလုပ်ကြံသတ်ဖြတ်သူနှစ်ဦးထံမှ အတည်ပြုချက် ရယူရန်စီစဉ်ထားပေသည်။

​ဖြစ်နိုင်လျှင် သူမနက်ဖြန် လှုပ်ရှားချင်လေသည်။

​အဘယ်ကြောင့်ဆိုသော် ကျားယန်ဟာ ယုယွမ်ကို အမြန်ဆုံး သေစေချင်ပေသည်။ သို့မဟုတ်ပါက သူ့ညီမလေးဟာ မနေ့ကလို မိုက်မဲသောလုပ်ရပ်မျိုး ထပ်လုပ်မိမည်ကို စိုးရိမ်သောကြောင့်ဖြစ်သည်။

​ရေချိုးပြီးနောက် ဖန်ဟောင်ဖေး ပြန်ရောက်လာခဲ့သည်။ ယခု၌ သူ့ကိုယ်ပေါ်မှ လတ်ဆတ်သောရနံ့များ ရနေပြီဖြစ်သည်။

​သူဟာ ကွန်ပျူတာရှေ့တွင် ခြေဗလာဖြင့်ထိုင်ကာ ဂိမ်းဆက်ဆော့ပြန်လေသည်။

​"ဆက်ဆော့နေတုန်းပဲ...မင်းသာ သတင်းဖတ်နေတာ၊ ဗီဒီယိုကြည့်နေတာ ဆိုရင် ငါမင်းနဲ့အတူ လိုက်ကြည့်ပေးလို့ ရသေးတယ်။

ဒါပေမဲ့ ဂိမ်းလား....

ဘာများ ပျော်စရာကောင်းလို့လဲ"

တစ်နာရီနီးပါးစောင့်ပြီးနောက်... ကုတင်အောက်တွင် ပုန်းနေသော ကျားယန် စိတ်မရှည်ဖြစ်လာပြီး ပြန်ပျံတက်လာခဲ့သည်။

​ဖန်ဟောင်ဖေးဟာ ဂိမ်းဇာတ်ကောင်ကို ထိန်းချုပ်ပြီး အခြားကစားသမားများကို တိုက်ခိုက်နေခဲ့လေသည်။

သူ့မျက်လုံးများက ဖန်သားပြင်ကို စူးစိုက်ကြည့်နေပြီး ဂိမ်းထဲ၌ အာရုံရောက်နေခဲ့ပေသည်။

​ကျားယန်ညာ တိတ်တဆိတ် သူ့ကျောပေါ်သို့ တွားသွားလိုက်သည်...

​"အား... ကျွတ်ကျွတ်... ယားလိုက်တာကွာ.....

တောက်... သောက်သုံးမကျတဲ့ ခြင်ဆေးခွေ"

မကြာမီမှာပင် ဖန်ဟောင်ဖေးအော်ဟစ်လိုက်ပြီး... လက်တစ်ဖက်က မောက်စ်ကို ကိုင်ထားရင်း ကျန်လက်တစ်ဖက်က ကျောကို အသည်းအသန်ကုတ်နေရသည်။

​ကျားယန်ဟာ ကုတင်အောက်တွင် ပုန်းရင်း တိတ်တဆိတ် ကျိတ်ရယ်နေပေသည်။

​"ဒီကောင်လေးကို စနောက်ရတာ တော်တော် စိတ်ဝင်စားဖို့ ကောင်းသားပဲ.."

​ခြင်ကိုက်တာ အရမ်းဆိုးလာတဲ့အတွက် ဒီတစ်ခါဖန်ဟောင်ဖေး ဂိမ်းဆက်မဆော့နိုင်တော့ဘဲ အလိုအလျောက် ကစားစနစ်ကို ဖွင့်ထားခဲ့ပြီး ကွန်ပျူတာကို မွန်းစတားတွေနဲ့ သူ့ဘာသာသူ တိုက်ခိုက်ခိုင်းထားလိုက်သည်။

​ထို့နောက် သူဟာ ခြင်ထောင်ထဲဝင်ပုန်းလိုက်ပြီး သူ့မိသားစုဆီ ဖုန်းဆက်လိုက်သည်။

​"အမေ... သားအဆင်ပြေပါတယ်... ဒီမှာ လစာက တစ်လ (၅၀၀၀) ရတယ်... ဟုတ်...

သား ဘေးကင်းအောင် ဂရုစိုက်ပါ့မယ်။

ရပါတယ်... နှစ်သစ်ကူးကျရင် သားအိမ်ပြန်လာခဲ့မယ်လေ"

​"မြို့နယ်ဘက်မှာလည်း (၄၀၀၀)ရတယ် ဟုတ်လား....

ဒါပေမဲ့ သားက ဒီမှာနေရတာပိုအဆင်ပြေပါတယ်။

အဖေ... ဆက်မပြောပါနဲ့တော့... သူဌေးက သားအပေါ် အရမ်းကောင်းတယ်။ အဖေပြောတဲ့ ကိစ္စကို နှစ်သစ်ကူးကျရင် သားအိမ်ပြန်ရောက်မှ စဉ်းစားပေးမယ်လေ... နော်"

​ကုတင်အောက်တွင် ပုန်းနေသည့် ကျားယန်ညာ ဖန်ဟောင်ဖေး မိသားစုနှင့်ဖုန်းပြောနေသည်ကို နားထောင်ရင်း... သူ့မိသားစုအကြောင်း တွေးမိသွားလေသည်။

လွမ်းဆွတ်မှုတစ်ခုက သူ့ရင်ထဲ ပြည့်နှက်လာခဲ့သည်။

​ဖန်ဟောင်ဖေးလို လူငယ်တွေက ကံကောင်းပါသေးသည်... ရပ်ဝေးမြေခြားမှာတစ်ကိုယ်တည်း ရုန်းကန်နေရပေမဲ့ ရံဖန်ရံခါအိမ်ပြန်လို့ ရသေးပေသည်။

သူတို့ ကျရှုံးသွားရင်တောင် သူတို့ကို လက်ခံပေးမယ့် မိသားစု ရှိနေလေသည်။

​ဒါပေမဲ့ ကျာယန်ကျတော့ရော......

ပြန်လည်မွေးဖွားလာပြီးတဲ့နောက် သူကခြင်ကောင်လေးတစ်ကောင်ဖြစ်လာခဲ့သည်။

ထို့ကြောင့် အသက်ရှင်နေလည်းတစ်ယောက်တည်း... သေသွားလည်း တစ်ယောက်တည်းပင်....

နာကျင်မှုထဲက အထီးကျန်ဆန်မှု၊ ပျော်ရွှင်မှုထဲက ဝမ်းနည်းမှု.... ဒါတွေအားလုံးကို သူတစ်ယောက်တည်းပဲ ခံစားရပေမည်။

​သူ့မှာ အိမ်ဆိုတာ မရှိတော့ချေ။

​ကျားယန် ထောင့်တစ်နေရာမှာ ကျုံ့ဝင်နေပြီး ဖန်ဟောင်ဖေး ဖုန်းပြောနေတာကို နားထောင်ရင်း သူ ကိုယ်တိုင်မိဘတွေဆီ ဖုန်းဆက်နေတယ်လို့ စိတ်ကူးယဉ်ကြည့်မိလိုက်သည်။

​'အကယ်၍ ငါသာအရင်ကလို အမှတ်သိပ်မကောင်းပေမဲ့ ဒုတိယတန်းစား တက္ကသိုလ်ကျောင်းသားလူငယ်လေးအဖြစ် ရှိနေသေးရင်...

ငါလည်း အခုလို မိဘတွေဆီ မကြာခဏဖုန်းဆက်လို့ ရမှာပဲ မဟုတ်လား....

​အရင်တုန်းက ငါဘာလို့ နေ့တိုင်းဖုန်းမဆက်ခဲ့မိပါလိမ့်...'

​'အမေ... ထမင်းစားပြီးပြီလား' ဒီစကားလေး တစ်ခွန်းလောက် မေးလိုက်ရရင်တောင် ကောင်းပေမည်။

​ကုတင်အောက်မှာ ပုန်းနေတဲ့ခြင်မည်းကြီးဟာ ကိုယ်ကို ကျုံ့ထားသလိုဖြစ်နေပြီး အလွန်အထီးကျန်ဆန်နေပုံပေါက်နေခဲ့သည်။

​မကြာခင်မှာပဲ ကုတင်ပေါ်ကနေ ပြင်းပြင်းထန်ထန် အသက်ရှူသံတွေ ထွက်ပေါ်လာခဲ့သည်။

ဖန်ဟောင်ဖေး အိပ်ပျော်သွားပေပြီ... ကျားယန်ဟာလည်း သူ့စိတ်ခံစားချက်တွေကို ပြန်လည် ထိန်းချုပ်လိုက်ပေသည်။

​ဘဝက ဘယ်လောက်ပဲ ဖိနှိပ်ချုပ်ချယ်နေပါစေ... ငါတို့ ရှေ့ဆက်သွားရမှာပဲ.....

တိုက်ခိုက်ကြ.....

ခြင်တစ်ကောင်ဖြစ်နေရင်တောင်မှ... ငါတို့အသက်ရှင်သန်ဖို့ ကြိုးစားရမယ်........

​ကျားယန် ပျံတက်သွားလိုက်တော့ ဖန်ဟောင်ဖေးက အိပ်ပျော်နေရုံသာမက ဟောက်တောင်ဟောက်နေပြီ ဆိုတာ တွေ့လိုက်ရသည်။

မနေ့ကအတွေ့အကြုံအရ ဒီကောင်လေးက အိပ်ရင် တော်တော်အိပ်မောကျတတ်တယ်ဆိုတာ သူ သိထားပြီးသားပင်။

​ကျားယန် ကုတင်အောက်မှာထားခဲ့တဲ့ ဘောပင်အဖုံးကို ကောက်ယူပြီး ကွန်ပျူတာဆီ ယုံကြည်ချက်အပြည့်နဲ့ ပျံသွားလိုက်သည်။

​မနေ့ကနဲ့ ယှဉ်ရင် ဒီနေ့ ကျားယန်က ပိုပြီးကျွမ်းကျင်လာပေပြီ။

​သူ တုံ့ဆိုင်းမနေဘဲ ဂိမ်းကို ချက်ချင်းပိတ်လိုက်ပြီး QQ ကို ဖွင့်လိုက်၏။

​သနားစရာဖန်ဟောင်ဖေးကတော့ ဒီညဂိမ်းကို Auto-playလုပ်ထားမယ့် သူ့အစီအစဉ် ပျက်သွားပေပြီ။

"ဒီလိုသာ ခဏခဏဖြစ်ရင် ဒီကောင်ဂိမ်းဆော့တာ စိတ်ကုန်သွားလောက်တယ်။

သူ စိတ်ပျက်သွားရင်... အင်တာနက်စွဲလမ်းတဲ့ရောဂါ တကယ် ပျောက်သွားနိုင်တယ်..."

​ကျားယန်က ဒါကို ကုသိုလ်လုပ်တယ်လို့ပဲ သဘောထားလိုက်လေသည်...

​လှိုင်းတံပိုးရဲ့ နှလုံးသားရဲ့ ကိုရီးယားမင်းသားချော ပရိုဖိုင်ပုံလေး လင်းနေတုန်းပင်။

​ဘယ်နှခါကြည့်ကြည့် ကျားယန် ဒီမုတ်ဆိတ်မွေးနဲ့လူကို မဆဲဘဲ မနေနိုင်ချေ။

အပြင်မှာ ရုပ်ကဒီလောက် ကြမ်းတမ်းနေပြီးတော့ သူများကို လိမ်ဖို့ ဒီပုံကိုသုံးထားခဲ့သည်။

သူ တစ်ယောက်ယောက်ကို အောင်မြင်စွာ လိမ်နိုင်ခဲ့ရင်တောင် ကောင်မလေးက အပြင်မှာတွေ့လို့ သူ့ရုပ်ဆိုးဆိုးကြီးကို မြင်လိုက်ရင် ပါးရိုက်တာလောက်နဲ့ ပြီးပါ့မလားတောင် မသိချေ။

​"မနက်ဖြန် ယုထောင်ရဲ့ခရီးစဉ်ကို ငါ့ဆီပို့ပေး"

ကျားယန် ဒီစာကြောင်းကို အမြန်ရိုက်ပြီး လိုရင်းကို တိုက်ရိုက် မေးလိုက်၏။

​"သူဒီည ပါရီမြို့ ချားလ်စ်ဒီဂေါလ်လေဆိပ်ကနေ (၂၃:၂၅) လေယာဉ်နဲ့ ထွက်ခွာမယ်။ တရုတ်နိုင်ငံ ရှန်ဟိုင်း ဖူရှီးလေဆိပ်ကို မနက်ဖြန် ညနေ (၁၆:၃၅) လောက် ရောက်မယ်။

သူ့အဖွဲ့မှာ လုံခြုံရေး ဝန်ထမ်း (၄)ယောက် ပါလိမ့်မယ်။ ဒီလူတွေက စစ်မှုထမ်းဟောင်းတွေ ဖြစ်ပြီး တစ်ယောက်က နိုင်ငံတကာစစ်ဘက်ဆိုင်ရာပြိုင်ပွဲမှာ အဆင့်မြင့်မြင့် ရထားဖူးသူပဲ"

​"တရုတ်နိုင်ငံရောက်တာနဲ့ ကြိုဆိုရေးအဖွဲ့က စီစဉ်ပေးထားတဲ့ ကျည်ကာ ရိန်းချ်ရိုဗာကားအရှည်နဲ့ ယုမိသားစုရဲ့ ကော်ပိုရိတ်ရုံးချုပ် မင်ရှား အဆောက်အအုံကို သွားပြီး အစည်းအဝေးတွေ လုပ်မယ်။

ည (၂၃:၀၀)လောက်မှ ယုမိသားစု
အိမ်တော်ဝန်းကို ပြန်ရောက်မယ်လို့ ခန့်မှန်းရတယ်"

​ဒီစာကိုဖတ်ပြီးတဲ့နောက် လုပ်ကြံသတ်ဖြတ်သူတွေရဲ့ ကျွမ်းကျင်မှုစွမ်းရည်ကို ကျားယန် လေးစားသွားမိရသညမ။ ယုထောင်လေယာဉ်တောင် မတက်ရသေးပေမဲ့ သူတို့က ခရီးစဉ်တစ်ခုလုံးကို အတိအကျ သိနေပေပြီ။

​သူ ခဏ စဉ်းစားလိုက်၏။

​ပြီးတော့ နောက်ထပ်စာတစ်ကြောင်း လေးလေးနက်နက် ရိုက်လိုက်သည်...

​"မနက်ဖြန်... မင်းတို့ ပေးထားတဲ့ CHr-379ကို သုံးပြီး လှုပ်ရှားမယ်။

ဒါပေမဲ့... မင်းတို့ ငါ့ကိုယုယွမ်သတ်ဖို့ ကူညီပေးရမယ် ဆိုတာကို မမေ့နဲ့နော်။

မင်းတို့ ထွက်ပြေးဖို့ ကြိုးစားရင်...

အင်း... စမ်းကြည့်ချင်ရင် စမ်းကြည့်ပေါ့။

ငါ့လက်ထဲကနေ တစ်ရက်လောက် လွတ်အောင် ပြေးနိုင်မလား ကြည့်ကြတာပေါ့"

​ကျားယန်ရဲ့ စကားလုံးတွေက ခြိမ်းခြောက်မှုတို့ ပြည့်နက်နေခဲ့လေသည်။

​ဒီလုပ်ကြံသတ်ဖြတ်သူနှစ်ယောက် သူ့ကို ကြောက်နေပြီဟု ယုံကြည်ပေသည်။

ဘာသဲလွန်စမှမရှိဘဲနဲ့ သူတို့အကြောင်းတွေ အကုန်လုံးကို ကျားယန်က အသေးစိတ်သိနေခဲ့သည်။

​ထို့ကြောင့် အခု ကျားယန်က သူတို့ကို တစ်ရက်အတွင်း လိုက်လံသတ်ဖြတ်နိုင်တဲ့ စွမ်းရည်ရှိတယ်လို့ လျှို့ဝှက်ဆန်းကြယ်စွာပြောလိုက်တော့ သူတို့ ယုံဖို့ အခွင့်အလမ်း တော်တော် များသွားပေပြီ။

​သေချာတာပေါ့... ကျားယန်မှာ အရန်အစီအစဉ်ရှိပြီးသားပင်

​မနက်ဖြန်ယုထောင်ကို သတ်ဖို့ မစ်ရှင်မစခင်...

​ဒီလုပ်ကြံသတ်ဖြတ်သူနှစ်ယောက်ရဲ့ နေအိမ်ကို သူ အရင် သွားလည်ဦးပေမည်။

ထို့နောက်ဘသူတို့ကို စောင့်ကြည့်ပြီး သူတို့သာ ထွက်ပြေးဖို့ ကြိုးစားရင် နောင်တရစေရပေမည်။

​ပြန်လည်မွေးဖွားပြီးနောက် ကျားယန်ရဲ့ အကြီးမားဆုံးဆန္ဒကို သူတို့က နှောင့်ယှက်ချင်တယ်ဆိုရင်တော့ တစ်ယောက်ယောက်က CHr-379အရသာကို အရင် မြည်းစမ်းကြည့်ရပေလိမ့်မည်။

​သေသွားလား၊ မသေဘူးလား ဆိုတာ အရေးမကြီးပေ... အနည်းဆုံး နောက်တစ်ယောက်ကျန်နေသေးရင် ခြိမ်းခြောက်ပြီး ဆက်လက်ခိုင်းစေလို့ ရသေးပေသည်။

​ဘာပဲဖြစ်ဖြစ် ဒီနှစ်ယောက်ကလုပ်ကြံသတ်ဖြတ်သူတွေဖြစ်တာကြောင့် လူတွေသတ်ဖူးမှာ သေချာပေသည်။

ထို့ကြောင့် သူတို့ကို သတ်လိုက်လို့ ကျားယန်အတွက် စိတ်ပိုင်းဆိုင်ရာဝန်ထုပ်ဝန်ပိုးသိပ်ကြီးမှာ မဟုတ်ပေ။

10/03/2026

အခန်း ၃၀ - နျူကလီးယား ပိုလီဟက်ဒရိုးဆစ် ဗိုင်းရပ်စ်

​"မဟုတ်ဘူး... လုံးဝ ဆန့်ကျင်ဘက်ပဲ။ မင်းတို့က မင်းတို့ လုပ်စရာရှိတာဆက်လုပ်ကြ... ငါကတော့...

ငါက ယုထောင်ကို ရှင်းပေးမယ်"

​"ဘာ"

မယုံနိုင်သံကြီး ထွက်ပေါ်လာလေသည်။

​"ဒါပေါ့... ငါကမင်းတို့အတွက် ယုထောင်ကို အလကားသက်သက် သတ်ပေးမှာ မဟုတ်ဘူး....

တကယ်တော့ ငါ့ပစ်မှတ်ကယုထောင်ရဲ့ သား... ယုယွမ်ပဲ.....

ငါ့ကိစ္စလုပ်ရင်း မင်းတို့အတွက် ယုထောင်ကိုပါ တစ်ခါတည်း ရှင်းပေးလိုက်မယ်။ အပြန်အလှန် အနေနဲ့ ငါတောင်းဆိုချင်တာက... နောက်ပိုင်း ကိစ္စလေးတွေ နည်းနည်းပါးပါး ကူညီဖြေရှင်းပေးဖို့ပဲ"

​ကျားယန်၏ စာပြန်ကြားချက်က အာဏာသံပါဝင်နေပြီး... ငါ့မှာလက်တိုလက်တောင်းခိုင်းဖို့ လူနည်းနည်း လိုနေရုံပဲ... မင်းတို့လုပ်ရမယ့် အလုပ်ကြီးကို ငါရှင်းပေးမယ်၊ မင်းတို့က ဘေးကနေဝိုင်းကူပေးရုံပဲဟု ပြောနေသကဲ့သို့ ရှိပေသည်။

​တစ်ဖက်လူတွန့်ဆုတ်နေစဉ်မှာပင် ကျားယန်သည် ကိုယ်ကို လှုပ်ရှားကာ စာရိုက်နှုန်းကို မြှင့်တင်လိုက်လေသည်။

​ဒီတစ်ခါတော့ တစ်ဖက်လူ ဘာပြန်ပြောရမလဲ စဉ်းစားမရခင်မှာပင် သူ စာတစ်စောင် ထပ်ပို့လိုက်သည်။

​"ပထမဆုံးအနေနဲ့... မင်းတို့ဆီမှာ ဗိုင်းရပ်စ် သို့မဟုတ် အဆိပ်တစ်မျိုးမျိုး ရှိမရှိ မေးချင်တယ်...

ဥပမာ... CHr-379လိုမျိုးပေါ့"

​ချိန်ဆတွက်ချက်နေဆဲဖြစ်သည့် လူနှစ်ယောက်ဟာ ဤစာကို မြင်လိုက်ရသည့်အခါ ကြောက်လန့်လွန်းသဖြင့် ကုလားထိုင်အောက်သို့ ပြိုလဲကျလုနီးပါး ဖြစ်သွားကြလေသည်။

​ပြိုင်ဘက်က အလွန် ကြောက်စရာ ကောင်းလွန်းပေသည်။ ဒီလောက်ထိတောင် သိနေပေရာ ဆိုလိုသည်က သူသည် သူတို့၏ သတင်းအချက်အလက်အားလုံးနီးပါးကို လက်ဖျားပေါ်တင် ကစားနေသကဲ့သို့ သိရှိထားခြင်းဖြစ်ပေသည်။

​မျက်မှန်နှင့်လူငယ်ဟာ ချွေးစေးများ ပြန်လာလေသည်။

သူကွန်ပျူတာရှေ့တွင် ဝင်ထိုင်လိုက်ပြီး မုတ်ဆိတ်မွေးနှင့်လူအစား စာပြန်လိုက်သည်- "ငါတို့မှာ CHr-379 ရှိတာကို မင်းသိပြီးသားပဲ... ဘာလို့ မေးနေသေးတာလဲ...

ဟုတ်တယ်... ငါတို့ဆီမှာ CHr-379အဆိပ်ရဲ့ မျိုးကွဲ ဗိုင်းရပ်စ်အသစ် ရှိတယ်။

ဒါက အင်းဆက်ကတဆင့် ကူးစက်တဲ့ဗိုင်းရပ်စ်ပိုးပုံစံမျိုးပဲ။ လူကိုသေစေနိုင်ပြီး လူသတ်မှုလို့ ဖော်ထုတ်ဖို့ ခက်ခဲစေတယ်"

​'အင်းဆက်ကတဆင့် ကူးစက်တဲ့ ဗိုင်းရပ်စ်ပိုးတဲ့လား...'

​ကွန်ပျူတာရှေ့ရှိ ကျားယန်သည် အတွေးနက်သွားရသည်။

သူ CHr-379အကြောင်းကို ကားကြုံစီးစဉ်က သူတို့ပြောသည့် စကားမှတဆင့် ကြားသိခဲ့ရခြင်း ဖြစ်သည်။

နာမည်နှင့်လုပ်ကြံသတ်ဖြတ်သူများ ပြောဆိုပုံအရ ၎င်းက ဗိုင်းရပ်စ် သို့မဟုတ် အဆိပ်တစ်မျိုးမျိုး ဖြစ်မည်ဟု သူ ခန့်မှန်းမိခဲ့ပေသည်။

​ယခုကဲ့သို့ တမင်တကာ မေးမြန်းလိုက်ခြင်းက ဤအဆိပ်အကြောင်းသတင်းအချက်အလက်ယူရန်နှင့် တစ်ချိန်တည်းမှာပင် လုပ်ကြံသတ်ဖြတ်သူနှစ်ဦးကို ပိုမိုခြိမ်းခြောက်ရန် ရည်ရွယ်ခြင်းဖြစ်သည်။

​ငါက မင်းတို့ရဲ့အသေးစိတ်အချက်အလက်တွေ အကုန်လုံးကို သိနေတာ.... ငါတို့ကြားက ကွာခြားချက်ကို မြင်ပြီမလား။ ငါ့ကို ခုခံဖို့၊ ပြန်လှည့်စားဖို့ ကြိုးစားရဲသေးလားဟု ပြောချင်သည့်သဘောပင်။

​ကျားယန်၏ ဆက်တိုက်ပြောဆိုမှုများက လိမ်ညာခြင်းမဟုတ်ပေ။

​သူသည် သူတို့အတွက် ယုထောင်ကို သတ်ပေးမည်... ပြီးလျှင် သူတို့ကသူ့အတွက် အကူအညီအချို့ ပေးရပေမည်။

​သေချာသည်မှာ လုပ်ကြံသတ်ဖြတ်သူနှစ်ဦးအတွက် ဒီ အကူအညီအနည်းငယ်ဆိုသည်မှာ ကျားယန်က လူလိုလို့ သူတို့ကိုလက်တိုလက်တောင်းခိုင်းသည့် သဘောမျိုးထင်ရပေမည်။

​သို့သော် ခြင်တစ်ကောင်မျှသာဖြစ်သည့် ကျားယန်အတွက်မူ ဒီအကူအညီအနည်းငယ်က စိတ်ကူးမယဉ်နိုင်လောက်အောင် အရေးပါလှပေသည်။

​သူ့လက်ရှိအနေအထားအရ လုပ်ဆောင်နိုင်စွမ်း အကန့်အသတ် ရှိနေပေသည်။ အကယ်၍ သူတို့၏ အကူအညီသာမပါပါက သူ့အနေဖြင့် အသက်နှင့်ရင်းကာ ဆေးရုံမှပြင်းထန်သော ဗိုင်းရပ်စ်ပိုးများကို သွားရောက်ရယူပြီး ယုယွမ်ကို ကူးစက်စေရုံမှတစ်ပါး အခြား ရွေးချယ်စရာမရှိတော့ပေ။

​သို့သော် ထိုလမ်းစဉ်က သူ့အသက်ကို အန္တရာယ် ဖြစ်စေရုံသာမက ယုယွမ်ကိုလည်း မြန်မြန်ဆန်ဆန် သေဆုံးသွားစေမည့် အန္တရာယ်ရှိနေပေသည်။

ဗိုင်းရပ်စ်ပိုးကြောင့်သေဆုံးရခြင်းက ကျားယန် ခံစားခဲ့ရသည့် သေခြင်းတရားလောက် နာကျင်မည်မဟုတ်ချေ။

​ယုယွမ်နာကျင်မှုမရှိဘဲ သေသွားမည်ကို တွေးမိရုံဖြင့် ကျားယန် မခံမရပ်နိုင်ဖြစ်ရလေသည်။

​ထို့ကြောင့် သူ ယခုအစီအစဉ်ကို ဆွဲလိုက်ခြင်း ဖြစ်သည်။

​သူက လုပ်ကြံသတ်ဖြတ်သူများထံမှ ခြင်များအတွက် ဘေးကင်းသောအဆိပ်ကို ရယူမည်... ထို့နောက် ယုထောင်ကို သတ်ရာတွင်သူတို့ကို ကူညီမည်။

ပြီးနောက်... သူတို့နှစ်ဦးက ယုယွမ်ဆိုသည့် လူယုတ်မာကို ရှင်းလင်းရာတွင် သူ့ကို ပြန်ကူညီရပေမည်။

​ဘာပဲဖြစ်ဖြစ် ယုထောင်ဆိုသူသည် သူ့သား ရာဇဝတ်မှုကျူးလွန်သည်ကို လျစ်လျူရှု အားပေးအားမြှောက်ပြုခဲ့ရုံသာမက ကျားယန်၏ သေဆုံးမှုကိုပါ မတော်တဆမှုဟု လိမ်ညာခဲ့သူဖြစ်သဖြင့် လူကောင်းတစ်ယောက်မဖြစ်နိုင်ပေ။

သူ့ကို သတ်လိုက်ခြင်းက အများအကျိုးဆောင်ရွက်ခြင်းဟုပင် သတ်မှတ်ရပေမည်။

​ယုထောင်ကိုသတ်လိုက်ခြင်းက လုပ်ကြံသတ်ဖြတ်သူ နှစ်ဦး၏ယုံကြည်မှုကို ရရှိစေမည်ဖြစ်သလို ဒင်းလီမန်က စေ့စပ်ပွဲဖျက်သိမ်းလိုက်ပြီးနောက် ယုယွမ်အတွက် ငရဲခန်းသဖွယ်ဖြစ်လာစေမည်ဖြစ်သည်။

​အဲဒီအချိန်ကျမှ... သူ့ရဲ့ ကိုယ်ပိုင် လက်စားချေမှု စတင်တော့ပေမည်။

​ဒီအရာတွေအားလုံးအောင်မြင်ဖို့အတွက် လုပ်ကြံသတ်ဖြတ်သူနှစ်ဦးရဲ့ အကူအညီက မရှိမဖြစ် လိုအပ်လေသည်။

​ဒီအရာတွေအားလုံးအတွက် လိုအပ်ချက်တစ်ခုကတော့ သူ့လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ ဗိုင်းရပ်စ်ကို ရှာဖွေဖို့ပင်။

​ဒါကြောင့် ကျားယန်က ကားပေါ်မှာ ကြားခဲ့ရတဲ့ CHr-379 ဗိုင်းရပ်စ်အကြောင်းမေးလိုက်ခြင်းဖြစ်သည်။

သင့်တော်ရင်သုံးပြီး ခြင်တွေကိုပါ ဒုက္ခပေးမယ်ဆိုရင်တော့ လက်လွှတ်လိုက်ရပေမည်။

​အဲဒီအခါကျမှ လူသားတွေကိုသာ ဒုက္ခပေးတဲ့ ဗိုင်းရပ်စ်ရှိမရှိ လုပ်ကြံသတ်ဖြတ်သူတွေကို မေးရပေမည်။

ဂေဟစနစ်ထိန်းသိမ်းဖို့ သဘာဝပတ်ဝန်းကျင်ကာကွယ်ဖို့ ဒါမှမဟုတ် လမ်းဘေးခွေးလေးတွေ အစာမှားမစားမိအောင် ကာကွယ်ဖို့စသဖြင့် ကြိုက်တဲ့ ဆင်ခြေပေးလို့ ရလေသည်။

​လုပ်ကြံသတ်ဖြတ်သူတွေ သံသယဝင်ရင်တောင် သူတို့ သူ့ကို ကူညီပြီး ရှာပေးရမှာပင်။

ဘာလို့လဲဆိုတော့ သူတို့က ကျားယန် သူတို့အကြောင်း ယုမိသားစုကို ဖွင့်ချလိုက်မှာ အရမ်းကြောက်နေကြပြီး ကျားယန် ဘာပြောပြော ယုံကြည်ပြီး စိတ်ပါလက်ပါကူညီပေးရုံကလွဲလို့ ရွေးချယ်စရာ မရှိကြချေ။

​ဗိုင်းရပ်စ်ကိစ္စပြေလည်သွားပြီဆိုလျှင် ကျန်သည်များမှာ ကိုင်တွယ်ရလွယ်ကူသွားပြီမဟုတ်ပါလော......

​ပြင်းထန်သော ဗိုင်းရပ်စ်သယ်ဆောင်ထားသည့် ခြင်တစ်ကောင်...

အထူးသဖြင့် ဤခြင်သည် လူသားဉာဏ်ရည်ရှိပြီး သာမန်ခြင်များ မရှိနိုင်သည့် သန်မာသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားလေသည်။

​သူ့စွမ်းရည်နှင့်ဆိုလျှင် ယုမိသားစုသားအဖကို ရှင်းပစ်ရန် အခွင့်အရေး သေချာပေါက်ရှာတွေ့မည်ဟု ကျားယန် ယုံကြည်ပေသည်။

​တကယ်တော့ သူဟာ ဤအစီအစဉ်များအားလုံးကို ညီမလေးကိုကယ်တင်ရန် ဂယ်တောင်ရပ်ကွက်ဆီ သွားသည့်လမ်းမှာကတည်းက စဉ်းစားထားပြီးသား ဖြစ်သည်။

​သေချာသည်မှာ လက်တွေ့ အကောင်အထည်ဖော်ရန်အတွက် အဆင့်များစွာ လိုအပ်လှပေသည်။

သုံး၍ရမည့် ကွန်ပျူတာ ရှာဖွေခြင်းမှစပြီး လုပ်ကြံသတ်ဖြတ်သူများကို QQ တွင် Addခြင်း အပါအဝင်... ဤအဆင့်များထဲမှ တစ်ခုခုမှားယွင်းသွားပါက အရင် ကြိုးစားခဲ့သမျှ သဲထဲရေသွန် ဖြစ်သွားပေလိမ့်မည်။

​ခြိမ်းခြောက်မှုအပိုင်းတွင်မူ ကျားယန် ယုံကြည်မှုရှိလေသည်။ အဘယ်ကြောင့်ဆိုသော် သူတို့အကြောင်း သတင်းအချက်အလက်များ အများအပြားသိထားသောကြောင့်ဖြစ်သည်။

​သိသာထင်ရှားသည်မှာ နောက်ထပ်အဆင့်များစွာ ကျန်နေသေးပြီး အဓိကသော့ချက်မှာ အဆိပ်အပေါ်တွင် မူတည်နေပေသည်။

​လုပ်ကြံသတ်ဖြတ်သူများက သူတို့ထံတွင် CHr-379 ရှိကြောင်း ဝန်ခံလိုက်သည့်အခါ ကျားယန် နောက်ထပ် စာတစ်စောင် ပို့လိုက်သည်- "ဒီဗိုင်းရပ်စ်ရဲ့ အသေးစိတ်အချက်အလက်တွေကို ငါ့ဆီပို့လိုက်"

​လုပ်ကြံသတ်ဖြတ်သူများ ပြန်ပို့လိုက်သည့် သတင်းအချက်အလက်က ကျားယန်၏ နှလုံးသားကို ပျော်ရွှင်မှုဖြင့် ခုန်ပေါက်သွားစေခဲ့ပေသည်။

​"ငါတို့ဆီမှာရှိတဲ့ CHr-379က ပစ်မှတ်တွေကို အဆိပ်ခတ်ဖို့အတွက် ငါတို့အဖွဲ့အစည်းက သီးသန့် ထုတ်လုပ်ထားတာ။

သူက နျူကလီးယားပိုလီဟက်ဒရိုးဆစ်ဗိုင်းရပ်စ်အမျိုးအစားပဲ။

သူ့ရဲ့ပင်မက အင်းဆက်ဗိုင်းရပ်စ်ဖြစ်ပြီး အင်းဆက်တွေပဲ ကူးစက်နိုင်တယ်။

CHr-379 ကို ကျိုင်းကောင်ဗိုင်းရပ်စ်ကနေ ထုတ်ယူထားပြီး အင်းဆက်တွေထဲမှာ ကျိုင်းကောင်တွေကိုပဲ ဒုက္ခပေးနိုင်တယ်။

အဖွဲ့အစည်းက ကျယ်ကျယ်ပြန့်ပြန့် သုတေသနပြုပြီးနောက် ဒီဗိုင်းရပ်စ်အမှုန်တွေကို လူသားတွေကိုပါ သေစေနိုင်တဲ့ ပုံစံအဖြစ်ပြောင်းလဲနိုင်ခဲ့တယ်။

ဒါ့အပြင် သေဆုံးရတဲ့အကြောင်းရင်းကို လက်ရှိဆေးပညာအရ ရှာဖွေဖော်ထုတ်လို့ မရနိုင်သေးဘူး။

အင်းဆက်ကတဆင့်ကူးစက်တဲ့ ဗိုင်းရပ်စ်ပိုးလို့ပဲ စစ်ဆေးတွေ့ရှိနိုင်ပြီး လုပ်ကြံသတ်ဖြတ်သူရဲ့ လက်ချက်လို့ ဆုံးဖြတ်လို့ မရနိုင်ဘူး"

​'နျူကလီးယားပိုလီဟက်ဒရိုးဆစ် ဗိုင်းရပ်စ်...'

'ကျိုင်းကောင်တွေအပေါ်မှာပဲ သက်ရောက်မှုရှိတဲ့ဗိုင်းရပ်စ်တဲ့လား..'

​စာကိုဖတ်ပြီးနောက် ကျားယန် ချက်ချင်းပင် နျူကလီးယားပိုလီဟက်ဒရိုးဆစ်ဗိုင်းရပ်စ် အကြောင်း အွန်လိုင်းတွင်ရှာဖွေလိုက်လေသည်။

သူအချက်အလက်များကို အမြန်ဖတ်ရှုပြီးနောက် စကားပြောခန်းဆီ ပြန်သွားပြီး သတိထားကာ စာတစ်ကြောင်း ရိုက်လိုက်သည်။

​"မင်းတို့ရဲ့ CHr-379က... လူသားတွေနဲ့ ကျိုင်းကောင်တွေကလွဲရင် တခြားမျိုးစိတ်တွေကို ဒုက္ခပေးသေးလား"

​"ငါတို့ နမူနာစမ်းသပ်မှုတွေ အများကြီးမလုပ်ခဲ့ရပေမဲ့ အဖွဲ့အစည်းကတော့ အများအားဖြင့် တွေ့ရလေ့ရှိတဲ့ အင်းဆက်တွေနဲ့ နို့တိုက်သတ္တဝါဒါဇင်ပေါင်းများစွာအပေါ် နမူနာ စမ်းသပ်မှုတွေလုပ်ခဲ့တယ်။ တွေ့ရှိချက်အရ CHr-379 က သူတို့ကို ဒုက္ခမပေးဘူး။"

"ဒါကြောင့် ဒီမျိုးကွဲဗိုင်းရပ်စ်က လူသားတွေနဲ့ ကျိုင်းကောင်တွေကလွဲရင် တခြားမျိုးစိတ်တွေအတွက် အန္တရာယ်မရှိဘူးလို့ အကြမ်းဖျင်း ကောက်ချက်ချနိုင်တယ်"

​"ကောင်းပြီ... ဒါဆိုကိုးနာရီလောက်မှာ ငါပြောတဲ့နေရာကို ပုလင်းအသေးလေးတစ်လုံး ယူလာခဲ့... ပြီးတော့ ရောက်ရင် အဖုံးကိုဖွင့်ထားလိုက်။

ဘာကြောင့်လဲလို့ မမေးနဲ့"

​ကျားယန် တိုက်ရိုက်အမိန့်ပေးလိုက်လေသည်။

ထို့နောက် တစ်ဖက်လူထံသို့ ဆောက်လက်စ အဆောက်အအုံ၏လိပ်စာကို ပို့ပေးလိုက်သည်...

​နောက်ဆက်တွဲ ယုထောင်ကို မည်သို့သတ်မည်၊ လုပ်ကြံသတ်ဖြတ်သူနှစ်ယောက်ကို ဘာလုပ်စေချင်သည်ဆိုတာကိုမူ ကျားယန် မပြောပြခဲ့ချေ။

အဘယ်ကြောင့်ဆိုသော် မိုးလင်းတော့မည် ဖြစ်သောကြောင့်ပင်။

​အိမ်ရှင်ဖန်ဟောင်ဖေး နိုးလာ၍ ကွန်ပျူတာ မျက်နှာပြင်ပေါ်တွင် ရှုပ်ပွနေသောဆော့ဖ်ဝဲများနှင့် QQစကားပြောကွက်ဖွင့်ထားသည်ကို တွေ့လိုက်လျှင် လန့်ပြီး မူးမေ့သွားနိုင်ပေသည်။

​ဒါကြောင့် ကျားယန်ဟာ တစ်ဖက်လူနှင့် ကိစ္စများကို အလျင်အမြန်ဆွေးနွေးပြီးနောက် QQနှင့် အခြားပရိုဂရမ်များကို ပိတ်ပြီး ထွက်ခွာလာခဲ့လိုက်သည်။

​အဲဒီနောက် သူတစ်ချိန်က သေဆုံးခဲ့ဖူးသည့်နေရာဆီသို့ ဘတ်စ်ကားစီးပြီး သွားခဲ့လေသည်။

​ထို့နောက် လုပ်ကြံသတ်ဖြတ်သူနှစ်ဦး ဗန်ကားဖြင့် ရောက်ရှိလာခဲ့ပြီး ပစ္စည်းလွှဲပြောင်းရယူခြင်း ပြီးဆုံးသွားလေသည်။

​...

​လုပ်ကြံသတ်ဖြတ်သူများ၏ ဗန်ကားတဖြည်းဖြည်း ဝေးကွာသွားသည်ကို ကျားယန် ကြည့်နေလိုက်သည်။

​ထိူ့နောက် သူဟာ အခန်းထဲသို့ ပြန်ပျံဝင်သွားလိုက်သည်။

​ကြမ်းပြင်ပေါ်ရှိ အရည်များပါဝင်သည့် ပုလင်းငယ်လေးကိုကြည့်လိုက်ရာ ကျားယန်၏ ပေါင်းစပ်မျက်လုံးများတွင် အရောင်တစ်ချက်လက်သွားလေသည်။

​ဤအရည်ပုလင်းငယ်လေးက လောလောဆယ် သူ့၏ အားအကောင်းဆုံးလက်နက်ပင်ဖြစ်သည်။

​လုပ်ကြံသတ်ဖြတ်သူနှစ်ယောက် သူ့ကိုလိမ်မည် မဟုတ်ဟု သူယုံကြည်ပေသည်။

အဘယ်ကြောင့်ဆိုသော် ဤပစ္စည်းကို ယူမည့်သူက ဗိုက်ထဲမျိုချပြီး အခြားလူကိုပြန်ထိုးသွင်းမည်ဟု သူတို့ ဘယ်တော့မှ အိပ်မက်ပင်မက်မည့်ကိစ္စမဟုတ်သောကြောင့်ဖြစ်သည်။

​မည်မျှသတိထားတတ်သော လုပ်ကြံသတ်ဖြတ်သူ ဖြစ်ပါစေ.... ကွန်ပျူတာတဖက်ခြမ်းတွင်ရှိနေသူက ခြင်တစ်ကောင်ဖြစ်နေမည်ဟု ဘယ်တော့မှ သံသယဝင်မည်မဟုတ်ပေ။

​ထို့ကြောင့် အရည်ကို ကလိမ်ကကျစ် လုပ်ထားလျှင်လည်း အချည်းနှီးသာဖြစ်ပေမည်။

အဆိပ်အဖြစ်ပြောင်းလိုက်လျှင်ပင် သူတို့ကို ခြိမ်းခြောက်နေသူက ကိုယ့်ကိုယ်ကို ထိုးသွင်းပါမည်လော.....

အရူးသာလျှင် ထိုသို့ လုပ်ပေလိမ့်မည်။

​"ဒါပေမဲ့... ငါသူတို့ကို လုံးဝယုံလို့မရသေးဘူး..."

​ကျားယန်၏ မျက်လုံးများတွင် အေးစက်သော အကြည့်တစ်ခုပေါ်လာလေသည်။ သူ့မျိုးစိတ်၏ သွေးအေးတတ်သောသဘာဝက သူ့ဉာဏ်ပညာကို လွှမ်းမိုးလာခြင်း ဖြစ်ကောင်းဖြစ်နိုင်ပေသည်။

​ကျားယန် အခန်းထဲမှ ပျံထွက်သွားလိုက်သည်။

ထို့နောက် စတင်ရှာဖွေလိုက်ရာ ဆောက်လက်စ အဆောက်အအုံပတ်လည်တွင် ချုံပုတ်များ များစွာရှိပြီး အင်းဆက်များနေရာအနှံ့ပျံသန်းနေခဲ့ကြသည်။

​မကြာမီ ကျားယန်၏ မျက်လုံးများက ရေခဲတမျှအေးစက်သွားပြီး သူ့ပစ်မှတ်ကို တွေ့ရှိသွားလေသည်။ ၎င်းက သူနှင့်မျိုးစိတ်တူသော တရုတ်ငှက်ဖျားခြင်တစ်ကောင်ပင်။

​သေချာသည်မှာ လက်ရှိ ကျားယန်နှင့် နှိုင်းယှဉ်လျှင် ဤတရုတ်ငှက်ဖျားခြင်က သေးငယ်လွန်းလှပြီး သူ့ခြေထောက်တစ်ချောင်းစာ အရှည်ပင်မရှိချေ။

​ကျားယန် အနားသို့ကပ်သွားပြီး ၎င်းပြန်လည် မတုံ့ပြန်နိုင်ခင်အချိန်အတွင်း သူ့ခြေတံရှည်များကြားတွင် လျင်မြန်စွာ ညှပ်ဖမ်းလိုက်လေသည်။

​ဤခြင်က ခြင်ထီးတစ်ကောင်ဖြစ်ပြီး သူ့မျိုးစိတ်တူ ဧရာမခြင်ကြီးက သူ့ကိုတိုက်ခိုက်လိမ့်မည်ဟု မယုံနိုင်ဘဲ လန့်ဖျပ်ကာရုန်းကန်နေပေသည်။

​သို့သော်ကြီးမားရုံသာမက ဗီဇပါပြောင်းလဲထားသည့် ကျားယန်၏ခွန်အားကို သူမည်သို့ ယှဉ်နိုင်မည်နည်း။

​ခဏအကြာတွင် ကျားယန်ဟာ ဆေးရည်ထားရှိသည့် အခန်းဆီသို့ ထိုခြင်ကိုဖမ်းလျက်ပြန်လည်ပျံသန်းလာခဲ့သည်။

​ထို့နောက် သူဟာ ထိုခြင်ကို ပုလင်းထဲသို့ ထိုးထည့်လိုက်လေသည်။

Want your business to be the top-listed Gym/sports Facility in Mandalay?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


Mandalay
7765

Opening Hours

Monday 06:00 - 18:00
Tuesday 09:00 - 18:00
Wednesday 06:00 - 18:00
Thursday 06:00 - 18:00
Friday 06:00 - 18:00
Saturday 09:00 - 18:00
Sunday 08:00 - 17:00