29/10/2026
မြဝတီအမျိုးသမီးအသင်းနှင့်ပတ်သက်ပြီး ရှင်းလင်းချက်
======================
မိမိတို့ မြဝတီအမျိုးသမီးအသင်းအနေဖြင့် ကစားသမားများအား လစာ၊ စားစရိတ်နှင့် ဝတ်စုံစရိတ်၊ ဖိနပ်ဖိုးစသည်တို့အား ထောက်ပံ့ပေး၍ MW-League အား ပါဝင်ယှဉ်ပြိုင်လျက်ရှိပါသည်။
လက်ရှိ Social Media တွင် ပြန့်နှံ့လျက်ရှိသော အသင်းမှ ကစားသမားတစ်ဦး၏ ပြောဆိုချက်နှင့်ပတ်သက်၍ မိမိတို့အသင်းအနေဖြင့် ပွဲကန်အနိုင်၊ အရှုံးပေါ်မူတည်၍ ဆုကြေး၊ ဒဏ်ကြေးများအား ပွင့်လင်းမြင်သာစွာ အသင်းတွင် ချပြထားပြီး ဖြစ်ပါသည်။
(ပုံ-၁)
မိမိတို့အမျိုးသမီးအသင်းမှ လက်ရှိကစားသမားများအား လစဉ်လစာ + စားစရိတ်ပေါင်းလျှင် တစ်လလျှင် ကစားသမားတစ်ဦးအား ၅ သိန်းနှင့်အထက် အနည်းဆုံး ပေးချေရပါသည်။
Social Media တွင် မိမိအသင်းကစားသမားတစ်ဦးမှ "ဒိုင်များ၏ အသင်းကြီး/ငယ်အပေါ် ဘက်လိုက်မှုများကြောင့် မိမိတို့အသင်း နစ်နာမှုများရှိကြောင်း၊ ဒိုင်တွေအတွက် ဘာမှမဖြစ်ပေမယ့် အသင်းကရှုံးသွားရင် ဒဏ်ကြေးဖြတ်ခံရကြောင်း၊ ပြီးခဲ့တဲ့လက လစာထဲက ၅ သောင်းဖြတ်ကြောင်း" စသည်ဖြင့် ပြောကြားခဲ့သည်ကို တွေ့ရှိရပြီး ပရိသတ်များနှင့် Social Media ပေါ်တွင် Negative Comment များ အများအပြား တွေ့ရှိလာရပါသည်။
မိမိတို့အသင်းအနေဖြင့် ကစားသမားများအား လစာ + စားစရိတ် (တစ်ရက်လျှင် ၈,၆၀၀ိ နှုန်း) တို့အပြင် နေစရာအဆောင်၊ လိုင်းခန်းများ စီစဉ်ပေးခြင်း၊ League တွင် အဆင့်မှီစွာ ယှဉ်ပြိုင်နိုင်ရန် ကစားသမားအသုံးအဆောင် (ဝတ်စုံ၊ ဖိနပ်၊ လက်အိတ်၊ ခြေအိတ်) စသည်တို့အပြင် ကြံ့ခိုင်မှုအတွက် Gym နည်းပြများ (Gym Trainers) ငှားရမ်း၍ လေ့ကျင့်ပေးခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။
မိမိတို့ မြဝတီအသင်းသည် အများပိုင်အစုရှယ်ယာများဖြင့် တည်ထောင်ထားသော အသင်းများဖြစ်သည့်အတွက် ငွေကြေးသုံးစွဲမှုအားလုံးအား စနစ်တကျ စိစစ်သုံးစွဲရပါသည်။ အကျိုးစီးပွားရရှိနိုင်ရေးအတွက် တည်ထောင်ထားခြင်းမျိုးမဟုတ်ဘဲ နှစ်စဉ်အသင်း (၃) သင်းအတွက် သိန်းပေါင်း ၁ သောင်းကျော် စိုက်ထုတ်သုံးစွဲ၍ မြန်မာနိုင်ငံဘောလုံးလောက ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုပေးနေခြင်း ဖြစ်ပါသည်။
လက်ရှိ ၂၀၂၆-၂၀၂၇ ဘောလုံးရာသီအတွက် အသင်း (၃) သင်း (အမျိုးသားအသင်းကြီး၊ အမျိုးသား U-20၊ အမျိုးသမီး) အတွက် ငွေကျပ် ၁.၄ ဘီလီယံအထိ သုံးစွဲရန် လျာထားခဲ့ပြီးလည်း ဖြစ်ပါသည်။ ၄ လပိုင်းမှ ယခု ၁၀ လပိုင်းအထိ အသင်း ၃ သင်းအတွက် သိန်း ၇,၀၀၀ ကျော် (ပုံ-၂) သုံးစွဲခဲ့ပြီး ဖြစ်ပါသည်။
ထို့ကြောင့် မိမိတို့အသင်းအနေဖြင့် ဖော်ပြ (ပုံ-၁) ပါ အသင်းမူဝါဒအတိုင်းသာ ဆုကြေး၊ ဒဏ်ကြေးစနစ်အား ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် တစ်ပွဲရှုံးလျှင် လစာတစ်ဝက်ဖြတ်ခြင်း၊ ၅ သောင်းဖြတ်ခြင်းများ သည် (လုံးဝ) မဟုတ်မှန်ပါကြောင်း ရှင်းလင်းတင်ပြအပ်ပါသည်။
ဆက်လက်၍ အသင်းအောင်မြင်တိုးတက်စေရေးအတွက် ပရိသတ်များ၏ အကြံပြုချက်များအပေါ် အလေးထားလျက်ရှိပါကြောင်းနှင့် အနာဂတ်တွင် အောင်မြင်မှုပန်းတိုင်ဆီ အရောက်သွားဖို့ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း ထပ်လောင်းတင်ပြအပ်ပါသည်ခင်ဗျာ။