21/06/2026
စောစောလဲအိပ်၊ အိပ်ချိန်လဲများရဲ့သားနဲ့ မနက်ကျရင် ဘာလို့ အိပ်ရေးမဝသလို ခံစားနေရလဲ စဉ်းစားဖူးလား။‼️
အဖြေက ရိုးရိုးလေးပါ။ ခန္ဓာကိုယ်ကို တကယ် အားပြန်ဖြည့်ပေးတဲ့ "Deep Sleep" (နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ခြင်း) မရလို့ ဖြစ်ပါတယ်။
Deep Sleep က ဘာလို့ အရေးကြီးတာလဲ?
👉 ခန္ဓာကိုယ် Reset ချပေးတယ်: တစ်နေ့လုံး ပင်ပန်းသမျှ ကြွက်သားတွေနဲ့ ဆဲလ်တွေကို ပြန်ပြင်ပေး
တယ်။
👉ဦးနှောက် သန့်ရှင်းရေးလုပ်တယ်: မလိုအပ်တဲ့ တစ်နေ့တာအမှိုက်တွေ ရှင်းထုတ်ပြီး Stress တွေကိုလျော့နည်းစေတယ်။
ဘယ်လောက်ပဲ ကြာကြာအိပ်အိပ် Deep Sleep မရရင် မနက်ခင်းမှာ လူက ပင်ပန်းနွမ်းနယ်နေမှာပါပဲ။
⚠️Deep Sleep ရဖို့ အလွယ်ဆုံးဖြေရှင်းချက် တစ်ခုရှိပါတယ်။
အဲ့ဒါကတော့ “နေရောင်ခြည်” ပါ။ "မနက်ခင်း နေရောင်ခြည်" နဲ့ "Vitamin D" ကခန္ဓာကိုယ်အပေါ် ဘယ်လို သက်ရောက်မှုရှိလဲဆိုတော့...
- Biological Clock ကို “မနက်ရောက်ပြီ၊ ထမယ်၊ လုပ်စရာရှိတာလုပ်ရမယ်” ဆိုတဲ့ Message တွေပို့ပေးပါတယ်။
- အကျိုးဆက်အနေနဲ့ နေရောင်ခြည်မရှိတော့တဲ့ ညအချိန်မှာလဲ “အိပ်ချိန်တန်ပြီ၊ အိပ်မယ်။” ဆိုတဲ့ Message တွေ ဦးနှောက်ကိုပို့ပေးပါတယ်။
- ဒီတော့မှ နှစ်ခြိုက်တဲ့အိပ်စက်ခြင်းရရှိတာဖြစ်ပါတယ်။
ဒါလေး (၃) ခုပဲ လုပ်ကြည့်လိုက်ပါ။ ထူးခြားလာလိမ့်မယ်။
👉မနက်ခင်း နေရောင်ထိတွေ့ပေးပါ။ မနက် ၆နာရီ ကနေ ၈နာရီကြားမှာ (၁၅ မိနစ်လောက်) လမ်းလျှောက်ရင်း ဖြစ်ဖြစ် နေရောင်လေး ခံယူပါ။
👉ညဘက် ဖုန်းခဏချထားပါ: အိပ်ခါနီး ဖုန်းကြည့်ရင် ဖုန်းအလင်းရောင်ကြောင့် ဦးနှောက်က နေ့ဘက်လို့ ထင်ပြီး အိပ်ချင်စိတ် ပျောက်သွားတတ်ပါတယ်။
👉 Caffeine ဓာတ်ပါတဲ့အစားအသောက်တွေကို အိပ်ချိန်နဲ့ခွါပြီး သောက်သုံးပါ။
ကောင်းမွန်တဲ့အိပ်စက်ခြင်းတစ်ခုဟာ ဘဝရဲ့ပြသနာတွေကို ဖြေရှင်းဖို့အရေးကြီးတဲ့ Role တစ်ခုကပါဝင်တာဖြစ်လို့
အားလုံးပဲ အိပ်ရေးဝကြပါစေ။ ❤️
17/06/2026
မနက်အိပ်ရာနိုးတာနဲ့ Coffee တစ်ခွက်သောက်လိုက်ရမှ စိတ်ကကြည်လင်သွားတယ်ဆိုတဲ့ သူတွေရှိကြမှာပါ။ ☕️
Coffee မှုန့်အစစ်ကို သေချာဖျော်သောက်ဖို့ အချိန်တွေမရကြတာနဲ့ လွယ်လွယ်ကူကူရတဲ့ Coffee Mix ထုပ်တွေပဲသောက်လိုက်ကြတာများပါတယ်။
⚠️ဒါဆို Coffee မှုန့်အစစ်နဲ့ Coffee Mix တွေ ဘာကွာလဲ? တစ်ချက်ကြည့်ရအောင်။
ပါဝင်ပစ္စည်း
👉သကြား (Sugar): Coffee Mix တစ်ထုပ်ရဲ့ ၄၀% ကနေ ၅၀% နီးပါးက သကြားတွေပါ။ တစ်ထုပ်သောက်လိုက်တိုင်း သကြား လက်ဖက်ရည်ဇွန်း ၃ ဇွန်းကနေ ၄ ဇွန်းခန့် ခန္ဓာကိုယ်ထဲ တန်းရောက်သွားပါတယ်။
👉Non-Dairy Creamer : နို့မှုန့်အစစ်မဟုတ်ဘဲ အုန်းဆီ သို့မဟုတ် အသီးအရွက်ဆီတွေကို ဓာတုဗေဒနည်းနဲ့ ပြုပြင်ထားတဲ့ အဆီအနှစ်တွေပါ။ ကော်ဖီခွက်ကို ပြန်ဆေးတဲ့အခါ သတိထားကြည့်ရင် ခွက်ကဆီလိုချွဲနေတာတွေ့ပါလိမ့်မယ်။
👉Food Additives (အနံ့၊ အရသာ စွဲစေမယ့် ပစ္စည်းများ): ကော်ဖီအနံ့ ပိုမွှေးအောင်၊ ကြာရှည်ခံအောင်နဲ့ ခဲမသွားအောင် ထည့်ထားတဲ့ တည်ငြိမ်ပစ္စည်း (Stabilizers) တွေနဲ့ အနံ့တုတွေ ပါဝင်ပါတယ်။
ဒါကြောင့်ကော်ဖီသောက်တာ ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အလေ့အထ ဖြစ်ပေမဲ့ "ကိုယ်သောက်နေတဲ့ ကော်ဖီ အမျိုးအစား" ပေါ်မှာ မူတည်ပါတယ်။
ဒီ Coffee Mix တွေကိုအလုပ်ရှုပ်လို့ တစ်ခါတလေ သောက်တာ ပြဿနာမရှိပေမဲ့၊ ကျန်းမာရေးနဲ့ ကြံ့ခိုင်မှုကို ဂရုစိုက်ချင်တယ်ဆိုရင်တော့ အချိုနဲ့ ခရင်မ်မာတွေ ပါတဲ့ Coffee Mix ထုပ်တွေကို လျှော့ပြီး Black Coffee ဒါမှမဟုတ် နို့နဲ့ကိုယ်တိုင်ရောစပ်ပြီး ပြောင်းလဲရွေးချယ်သောက်ကြည့်ဖို့ အကြံပြုချင်ပါတယ်။
08/06/2026
တကယ်တော့ ခန္ဓာကိုယ်တစ်ခုတည်ဆောက်ရတာ လုံးဝမလွယ်ဘူး။
အိမ်တစ်အိမ်ဆောက်ရသလို Design Plan ဆွဲ၊ လိုတာတွေဝယ်၊ Deadline တစ်ခုနဲ့ အပီအပြင်ကြုံးတော့မယ်ဆိုကာမှ ဒီခန္ဓာကိုယ်ကြီးက နေမကောင်းတာတွေ၊ မအားတာတွေ၊ ပင်ပန်းနေတာတွေ စတဲ့ Issue ပေါင်းစုံထပ်ပေါ်လာနိုင်ပြန်ရော။
ဥပမာ- မနက်ဖန် အပီအပြင်ပြေးမယ်လို့စဉ်းစားထားခါမှ ဒီနေ့ညမှာ ဒူးကထနာတာတို့၊ Gym သွားနေရင်းနဲ့မှ Urgent တွေပေါ်လာလို့ ပြန်လှည့်ရတာမျိုးပေါ့။
👉ဒီနေ့ ခင်ဗျားရှင်သန်နေရတဲ့နေ့ရက်တိုင်းဟာ ခင်ဗျားဒီလောကကြီးထဲမှာ ရှင်သန်ရမယ့်နေ့ရက်တွေထဲက နှုတ်နှုတ်သွားတာဖြစ်လို့ ကုန်သွားတဲ့နေ့တွေမှာ ကိုယ့်အတွက် တစ်ခုခုကျန်အောင်လုပ်မှ တွက်ချေကိုက်မှာပေါ့။
💯ကျန်းမာရေးလား
💯ငွေကြေးလား
💯အောင်မြင်မှုတွေလား
💯ကောင်းမှုကုသိုလ်လား
05/06/2026
⚠️ဆေးထိုးပြီး ပိန်တာနဲ့ Workout လုပ်ပြီးပိန်တာ ဘာကွာလဲ? (မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထိခိုက်/တိုက်ခိုက်လိုခြင်းမရှိပါ)‼️
ဒီဘက်ခေတ်မှာ Diet Pills (သောက်ဆေး) တွေတင်မကဘဲ Weight-loss Injections (ပိန်ဆေးထိုးဆေးတွေ) က တကယ်ကို Trend ဖြစ်ပြီး ရေပန်းစားလာပါတယ်။
(ဖတ်ရှုချိန် - ၃မိနစ်)
လူတွေအမြင်မှာ ရက်ပိုင်း၊ လပိုင်းအတွင်း သိသိသာသာ ပိန်သွားတာမို့လို့ တော်တော်များများ သဘောကျနေကြပေမဲ့ တစ်ဖက်မှာလည်း အစားအသောက် လုံးဝမဝင်တာ၊ နုံးတာနဲ့ ခန္ဓာကိုယ်ကြီး ဖျော့တော့ပြီး ချောင်ကျသွားတဲ့ ဘေးထွက်ဆိုးကျိုးတွေကို ခံစားနေရသူတွေ အများကြီးပါပဲ။
💡 ပိန်ဆေး/ထိုးဆေးတွေရဲ့ အလုပ်လုပ်ပုံနဲ့ အမှန်တရား
အခုခေတ်စားနေတဲ့ ပိန်ဆေးတွေ (အထူးသဖြင့် ဆီးချိုဆေးအုပ်စုဝင် ထိုးဆေးတွေ) က ဦးနှောက်ထဲက ဗိုက်ပြည့်တဲ့အာရုံကို သွားနှိုးဆွပြီး အစာခြေစနစ်ကို နှေးကွေးပစ်လိုက်တာပါ။
‼️အကျိုးသက်ရောက်မှု : အစားစားချင်စိတ် လုံးဝပျောက်သွားပြီး ကယ်လိုရီဝင်ရောက်မှု (Calorie Intake) အဆမတန် လျော့ကျသွားလို့ မြန်မြန်ဆန်ဆန် ဝိတ်ကျလာပါတယ်။
‼️ကွာခြားချက် : ဆေးကြောင့် ကျသွားတဲ့ ဝိတ်ထဲမှာ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ ကြွက်သားထု (Muscle Mass) နဲ့ ရေဓာတ် (Water Weight) တွေ အများကြီး ပါသွားပါတယ်။ အဆီ (Fat) သက်သက်ပဲ ကျသွားတာ မဟုတ်ပါဘူး။
👉အကျိုးဆက်: ကြွက်သားတွေ ဆုံးရှုံးသွားတဲ့အတွက် အသားအရေတွေ တွဲကျလာတာ၊ ပါးချောင်ကျသွားတာ၊ ခန္ဓာကိုယ် တောင့်တင်းကျစ်လျစ်မှု မရှိဘဲ "Skinny Fat" (ပိန်ပေမဲ့ အဆီကျန်ပြီး ပျော့ဖတ်ဖတ်ကြီး) ဖြစ်သွားတာမျိုး ကြုံရတတ်ပါတယ်။
🏃♂️ လေ့ကျင့်ခန်းနဲ့ သဘာဝအတိုင်း ဝိတ်ချခြင်းရဲ့ အလုပ်လုပ်ပုံ
လေ့ကျင့်ခန်းလုပ်ပြီး ဝိတ်ချတာကတော့ Metabolism (ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်) ကို မြှင့်တင်ပေးပြီး အဆီတွေကို တိုက်ရိုက်လောင်ကျွမ်းစေတာပါ။
‼️အကျိုးသက်ရောက်မှု: ကိုယ်အလေးချိန် ကျဆင်းနှုန်းက ဆေးသောက်သလောက် မမြန်ပေမဲ့ ကျသွားတဲ့အရာက "အဆီစစ်စစ် (Body Fat)" ဖြစ်ပါတယ်။
‼️ကွာခြားချက်: ခန္ဓာကိုယ်ရဲ့ ကြွက်သားထု (Muscle) ကို ပိုမိုဖွံ့ဖြိုးလာစေပြီး အသားအရေကို တင်းရင်းစေပါတယ်။
🎯 ဘယ်ဟာ ပိုကောင်းလဲ?
လေ့ကျင့်ခန်းလုပ်ရင်းပိန်သွားတာ ကောင်းတယ်ဆိုတာလူတိုင်းသိပေမယ့် ပိန်ချင်တဲ့လူတိုင်းတော့ လေ့ကျင့်ခန်းမလုပ်နိုင်/မလုပ်ချင်ကြပါဘူး။ ဒါအမှန်တရားပါ။
ဒါကြောင့် ကိုယ်ဘယ်လမ်းကိုရွေးမလဲ၊ ကိုယ်ရွေးတဲ့လမ်းရဲ့နောက်ဆက်တွဲ တွေကိုလက်ခံနိုင်လား၊ အဆင်ပြေလား - သေချာရင်တော့ ကြုံးပါ။
27/05/2026
📌 "အစားများသွားလို့ လေ့ကျင့်ခန်း ပိုလုပ်မယ်" ဆိုတဲ့ အတွေးအခေါ်က မှန်သလား?
အဲ့လိုကြေးဆိုရင် Gym မှာလူတွေပြည့်ပြီး အားလုံးကျန်းမာလှပနေကြမှာပေါ့။ ဒါပေမဲ့လက်တွေ့မှာ ထင်သလောက်ကြီးမရိုးရှင်းပါဘူး။
ဘာလို့လဲဆိုတော့-
👉ခန္ဓာကိုယ်ရဲ့ သင်္ချာက သင်ထင်သလို အရိုးရှင်းကြီး မဟုတ်ဘူး
လူတော်တော်များများက ခန္ဓာကိုယ်ကို ဝင်ငွေထွက်ငွေစာရင်းလို ရိုးရိုးရှင်းရှင်းကြီး တွက်တတ်ကြပါတယ်။ တကယ်တော့ အစားအသောက်ဆိုတာ ကယ်လိုရီတင် မဟုတ်ဘဲ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဟော်မုန်းတွေ၊ ကြွက်သား တည်ဆောက်မှုတွေနဲ့ Metabolism (ဇီဝကမ္မဖြစ်စဉ်) တွေကိုပါ သက်ရောက်မှု ရှိစေတာပါ။
လေ့ကျင့်ခန်းအပြင်းအထန် လုပ်လိုက်ရုံနဲ့ စားလိုက်တဲ့ အစားအသောက်ရဲ့ ဆိုးကျိုးတွေကို ရာနှုန်းပြည့် လိုက်မချေဖျက်နိုင်ပါဘူး။
👉လေ့ကျင့်ခန်းဆိုတာ "ကိုယ့်ကိုယ်ကိုနှိပ်စက်ဖို့" မဟုတ်ပါဘူး
အစားများသွားလို့ လေ့ကျင့်ခန်းကို ပုံမှန်ထက် ပိုလုပ်တာဟာ လေ့ကျင့်ခန်းကို "ဒဏ်ငွေ" ဆောင်နေရသလို မြင်လာစေပါတယ်။
ဒီလိုမြင်လာရင် လေ့ကျင့်ခန်းလုပ်ရတာ ပျော်စရာမကောင်းတော့ဘဲ စိတ်ဖိစီးမှုတွေ ဖြစ်လာမယ်။
👉ဒဏ်ရာရနိုင်ခြေ (Injury Risk) ပိုများလာမယ်
အစားများသွားတဲ့ Guilt ကြောင့် ခန္ဓာကိုယ်က အဆင်မသင့်ဘဲ Over-training တွေ လုပ်မိတတ်ပါတယ်။ အကြောလျှော့တာ၊ Recovery ယူတာတွေကို ဂရုမစိုက်ဘဲ ကယ်လိုရီလောင်ကျွမ်းဖို့ပဲ ဇွတ်လုပ်တဲ့အခါ ကြွက်သားဒဏ်ရာရတာ၊ Overuse Injuries ဖြစ်တာတွေနဲ့ ရင်ဆိုင်ရတတ်ပါတယ်။
👉အစားအသောက်နဲ့ ကိုယ်နဲ့ Unhealthy Relationship တွေဖြစ်လာနိုင်တယ်
"စားလိုက်၊ ပြီးရင် ပြန်ချေဖျက်လိုက်" ဆိုတဲ့ Toxic Cycle ထဲ ပိတ်မိသွားပြီး နောက်ဆုံးမှာ Eating Disorder တွေအထိ ဦးတည်သွားနိုင်ပါတယ်။
အစားအသောက်ဆိုတာ ခန္ဓာကိုယ်အတွက် စွမ်းအင် (Fuel) ဖြစ်ပြီး ပျော်ရွှင်စရာတစ်ခု ဖြစ်သင့်ပါတယ်။
🛠️ ဒါဆို အစားများသွားတဲ့အခါ ဘာလုပ်သင့်လဲ? (The Right Approach)
ဒီအကြောင်းနောက်နေ့ဆက်ပြောပါမယ်။ ✌🏻✌🏻
26/05/2026
AI ခေတ်ကြီးမှာ AI ကို Fitness အတွက် အကျိုးရှိရှိဘယ်လိုအသုံးချမလဲ?
နေရာတိုင်းမှာ AI တွေစိုးမိုးလာချိန် ကျနော်တို့အနေနဲ့ Fitness ပိုင်းမှာလဲ AI ကိုသေချာမသုံးတတ်ရင် ခြေတစ်လှမ်းနောက်ကျနေဦးမှာပါပဲ။
Professional Fitness Trainer တွေလောက် အတွေ့အကြုံ၊ အသိဥာဏ်နဲ့ လက်တွေ့မြေပြင်အခြေအနေတို့အပေါ် ဝေဖန်ပိုင်းခြားနိုင်စွမ်း မသာလွန်ပေမဲ့ AI ကိုအကျိုးရှိရှိသေချာသုံးတတ်ရင် ကိုယ့်ရဲ့ Fitness Goal တွေဟာ မြန်မြန်အကောင်ထည်ပေါ်လာမှာဖြစ်ပါတယ်။
ဒါဆို ဘယ်နေရာတွေမှာ သုံးလို့ရမလဲ?
‼️ကိုယ်နဲ့ကိုက်မယ့် Workout Program များ ရေးဆွဲခြင်း
YouTube က video တွေကြည့်ပြီး သူတို့လုပ်သမျှလိုက်လုပ်နေတာထက်စာရင် -
👉ကိုယ်ဘာလုပ်နိုင်တယ်
👉ကိုယ်ဘာဖြစ်ချင်တယ် ပေါ်မူတည်ပြီး Workout Program အကြမ်းထည်တစ်ခု ထုတ်ခိုင်းလို့ရပါတယ်။
‼️အာဟာရ တွက်ချက်ခြင်း
ကျနော်တို့တွေကို ကြက်ဥတစ်လုံး Protein ဘယ်လောက်ပါလဲ၊ ဘာ Vitamin တွေပါလဲ လာမေးရင် မသိပါဘူး။ စာကျက်ထားပြီး စာပြန်ဆိုပြနေတဲ့ Trainer တွေလဲရှိပါတယ်။ ခြွင်းချက်ပေါ့။
ဒါပေမဲ့ AI က ကြက်ဥတစ်လုံးမှာ ဘာ Vitamins တွေ၊ ဘာ Micro တွေ၊ ဘာ Macro တွေပါတယ်ဆိုတာကို အသေးစိတ်ရှင်းပြပေးနိုင်ပါတယ်။
သည့်အတွက် Calories တွက်ချက်တာတွေ၊ Nutrients ပြည့်အောင်စားဖို့တွေမှာ ဘာတွေစားရမလဲဆိုတာ AI ဆီက Suggestion ယူလို့ရပါတယ်။
‼️နာရီကပြတဲ့ Metrics များကို ရှင်းပြခြင်း
ကျနော်တို့ပတ်နေတဲ့ Smartwatch ကကိုယ့်ရဲ့Data တွေကို သေချာနားမလည်ရင် အလကားပါပဲ။ AI ကို ဒါတွေ ကူရှင်းပြခိုင်းလို့ရပါတယ်။ ဥပမာ-
HRV & Recovery: Heart Rate Variability (HRV) က ပုံမှန်ထက် ထိုးကျနေတယ်၊ Resting Heart Rate က တက်နေတယ်၊ ဒီနေ့ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေလုပ်သင့်လား၊ နားသင့်လား? စတာတွေတိုင်ပင်နိုင်ပါတယ်။
‼️ဒဏ်ရာ ကာကွယ်ခြင်းနှင့် ပြန်လည်သက်သာစေခြင်း (Injury Prevention & Recovery)
ရုတ်တရက် ဒဏ်ရာရသွားတယ်ဆိုပါစို့၊ ချက်ချင်း AI ကိုကောက်မေးလိုက်ရုံနဲ့ ယေဘုယျသိနိုင်ပါတယ်။ ပြီးမှ ကျွမ်းကျင်သူတွေဆီ သေချာကုသမှုခံယူပေါ့။
AI ခေတ်မှာ မသိတာရှိရင် ဘယ်သူ့မေးလို့မေးရမှန်းမသိဖြစ်နေစရာမလိုတော့ဘဲ ဖုန်းပေါ်မှာတင် အလွယ်တကူ သိချင်တာသိနိုင်ပြီဖြစ်တဲ့အတွက် သေချာအသုံးပြုတတ်အောင် လေ့လာထားသင့်ပါတယ်။
⚠️ဒါပေမဲ့ AI can make mistakes as well so please double check.
22/05/2026
လမ်းလျှောက်များခြင်းရဲ့ အခြားတစ်ဖက် ‼️
(ဖတ်ရှုချိန် - ၂မိနစ်)
ကျန်းမာရေးအတွက် လမ်းလျှောက်တာ ကောင်းတယ်ဆိုတာ အားလုံးသိပြီးသားပါ။ ဒါပေမဲ့ “တန်ဆေး လွန်ဘေး” ဆိုသလိုပဲ ဘယ်အရာမဆို အတိုင်းအထက်အလွန် ဖြစ်သွားရင်တော့ ကောင်းကျိုးထက် ဆိုးကျိုးက ပိုများလာတတ်ပါတယ်။
အထူးသဖြင့် Motivation တွေအရမ်းထိုးတက်ပြီး တစ်နေ့ကို ခြေလှမ်းပေါင်း သောင်းချီပြီး အလွန်အကျွံ လမ်းလျှောက်တာ၊ ခန္ဓာကိုယ်ရဲ့ တုံ့ပြန်မှုကို ဂရုမစိုက်ဘဲ ဇွတ်လျှောက်တာတွေကြောင့် ဖြစ်လာနိုင်တဲ့ လမ်းလျှောက်များခြင်းရဲ့ တခြားတစ်ဖက်က ဆိုးကျိုးများ ကို သတိထားနိုင်အောင် မျှဝေပေးလိုက်ပါတယ်။
‼️Overuse Injuries (အဆစ်အမြစ်နှင့် ကြွက်သားများ ဒဏ်ဖြစ်ခြင်း)
အနားမရဘဲ ဆက်တိုက် လမ်းအကြာကြီး လျှောက်တဲ့အခါ အောက်ပိုင်းကြွက်သားတွေနဲ့ အရိုးအဆစ်တွေပေါ်မှာ ဖိအားတွေ အများကြီး သက်ရောက်စေပါတယ်။
👉ခြေဖနောင့်နာခြင်း (Plantar Fasciitis): ခြေဖဝါးအောက်က အမြှေးပါးတွေ ရောင်ရမ်းပြီး မနက်အိပ်ရာထထချင်း ခြေချရင် ဖနောင့်အသားကြေသလို နာကျင်တာမျိုး ဖြစ်တတ်ပါတယ်။
👉Shin Splints (ခြေသလုံးရိုး နာကျင်ခြင်း): မာကျောတဲ့ ကြမ်းပြင်ပေါ်မှာ လမ်းအများကြီး လျှောက်ရင် ခြေသလုံးအရိုးရှေ့ကြောက ကြွက်သားနဲ့ အရွတ်တွေ နာကျင်ရောင်ရမ်းလာတတ်ပါတယ်။
👉ဒူးဆစ်နှင့် တင်ပါးဆုံနာခြင်း: ခန္ဓာကိုယ်အလေးချိန်ကို အမြဲထမ်းထားရတဲ့ ဒူးဆစ်တွေ ပွတ်တိုက်မှုများပြီး ရေရှည်မှာ အရိုးနုပါးလာတာ၊ အဆစ်နာတာတွေ ဖြစ်လာနိုင်ပါတယ်။
‼️Chronic Fatigue (မောပန်းနွမ်းနယ်မှု စွဲကျန်ရစ်ခြင်း)
လမ်းလျှောက်တာက စွမ်းအင်ကို လောင်ကျွမ်းစေတာမို့ အလွန်အကျွံ ဖြစ်သွားတဲ့အခါ ခန္ဓာကိုယ်က ပြန်မဖြည့်တင်းနိုင်တော့ဘဲ တစ်နေ့ကုန် ခြေကုန်လက်ပန်းကျတာ၊ နုံးခွေနေတာမျိုး ဖြစ်တတ်ပါတယ်။
‼️ကိုယ်ခံအားစနစ် ကျဆင်းလာခြင်း
ခန္ဓာကိုယ်က ခံနိုင်ရည်ရှိတဲ့ Limit ထက်ကျော်ပြီး Over-training ဖြစ်တဲ့အခါ စိတ်ဖိစီးမှုဟော်မုန်း (Cortisol) တွေ မြင့်တက်လာပါတယ်။ ဒါက ကိုယ်ခံအားစနစ်ကို အားနည်းစေလို့ ရောဂါအသေးစားတွေ ခဏခဏ ဝင်လွယ်တတ်ပါတယ်။
‼️ကြွက်သားထုထည် ကျဆင်းခြင်း (Muscle Loss)
အာဟာရ ပြည့်ပြည့်ဝဝ ပြန်မစားဘဲ ကာဗိုဟိုက်ဒရိတ်နဲ့ ကယ်လိုရီတွေကို လမ်းလျှောက်ပြီး အလွန်အကျွံ လောင်ကျွမ်းပစ်မယ်ဆိုရင် ခန္ဓာကိုယ်က လိုအပ်တဲ့ စွမ်းအင်အတွက် ကြွက်သားတွေကိုပါ ဖျက်ဆီးပြီး အသုံးပြုပစ်တတ်ပါတယ်။ ဒါကြောင့် ဝိတ်ကျချင်လို့ ဇွတ်လျှောက်ရင်း ကြွက်သားတွေပါ ပိန်ကျသွားတတ်ပါတယ်။
‼️စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုဖြစ်ခြင်း (Mental Burnout)
"တစ်နေ့ကို ခြေလှမ်း ဘယ်လောက် ပြည့်အောင် လျှောက်ရမယ်" ဆိုတဲ့အသိက ကျန်းမာရေးအတွက် မဟုတ်တော့ဘဲ အတင်းအကျပ် ဖိအားတစ်ခုလို ဖြစ်လာတဲ့အခါ စိတ်အပန်းပြေမယ့်အစား စိုးရိမ်စိတ် (Anxiety) နဲ့ စိတ်ဖိစီးမှုကို ပိုတိုးစေပါတယ်။
💯ယေဘုယျအားဖြင့် ပုံမှန်လူတစ်ယောက်အတွက် တစ်နေ့ကို မိနစ် ၃၀ ကနေ ၄၅ မိနစ် (သို့မဟုတ် ခြေလှမ်း ၇,၀၀၀ ကနေ ၁၀,၀၀၀ ဝန်းကျင်) က အသင့်တော်ဆုံးပါပဲ။
အဓိကက ခြေလမ်းအရေအတွက် (Quantity) ထက် လမ်းလျှောက်တဲ့ မြန်နှုန်း၊ မျက်နှာပြင် စတဲ့ (Quality) ပေါ်ပိုပြီး မူတည်စဉ်းစားပြီး လုပ်မယ်ဆိုရင် အကျိုးရလဒ်ကို သိသိသာသာခံစားရမှာဖြစ်ပါတယ်။
Always listen to your body ပါ။ ❤️
21/05/2026
ဒီ Sleep Score က ဒီလပိုင်းအတွင်းမှာ ကျနော့်ရဲ့ အကောင်းဆုံး Score ပဲ။ ဒီ Sleep Score ရဲ့ အကျိုးကျေးဇူးက ကိုယ်တိုင်တောင် အံဩမိတယ်။
အဓိကကတော့ Awake Time - 0 time/ 0 min ပေါ့။ ကျနော်က အိပ်ပျော်ဖို့တော့ အခက်အခဲမရှိပေမဲ့ အအိပ်ဆတ်တော့ ခဏခဏ နိုးတတ်တဲ့အကျင့်ရှိတဲ့အတွက် Sleep Cycle တစ်ခုတစ်ခု ပြည့်ဖို့အတွက် အရမ်းခက်ခဲတယ်။
‼️အဲ့အတွက် ဆိုးကျိုးက နောက်နေ့ Training လုပ်ပြီဆို အားမရှိသလိုလို၊ ဒူးပဲချောင်နေသလိုလိုနဲ့ အမြဲလစ်နေတာ။
အခု ဒီပုံထဲကအတိုင်း Sleep Score လဲရရော Training လုပ်တော့
👉ပုံမှန်ထက် Mind Muscle Connection ပိုကောင်းတယ်။
👉ကိုယ်လုပ်နေတဲ့ လှုပ်ရှားမှုအပေါ် အပြည့်အဝ
အာရုံစိုက်နိုင်တယ်။
👉ပုံမှန် မ နေကျအလေးထက်လဲ ပိုနိုင်တယ်။
👉Recovery Run ပြေးတဲ့အခါမှာလဲ Zone 2 ထက်မကျော်ပဲ Cadence မှန်မှန်နဲ့ ပြေးနိုင်တယ်။
Sleep Cycle တစ်ခုရဲ့ အရေးအကြီးဆုံး ဖြစ်တဲ့ Deep Sleep အဆင့်သာ လုံလောက်လောက် ရှိရင် ပုံမှန်ထက်အိပ်ချိန် လျော့နည်းနေပါစေဦး၊ အဲဒီနေ့တစ်ရက်တာအတွက် Enervon C သောက်စရာမလိုပဲ အေးဆေးရုန်းနိုင်တယ်။
ကိုယ်တွေ့ပဲ။ ❤️
19/05/2026
အလေး ပိုမ တိုင်းကြွက်သား ပိုမကြီးပါဘူး 💯
တကယ်တော့ Progressive Overload လို့ခေါ်တဲ့ နည်းစနစ်တစ်ခုဟာ အလေးတိုးတာတစ်ခုတည်း မဟုတ်ပါဘူး။
အလေး အများကြီးမတိုးဘဲနဲ့လည်း ကျနော်တို့ရဲ့ခန္ဓာကိုယ်ကို ပိုမိုကျစ်လျစ်လှပလာအောင် (Toned ဖြစ်လာအောင်) လုပ်လို့ရတဲ့ လျှို့ဝှက်ချက် နည်းလမ်း (၄) ခု ရှိပါတယ်။
‼️Reps (အကြိမ်ရေ) တိုးခြင်း
ဥပမာ - အရင်ပတ်က 5 kg တုံးလေးနဲ့ ထိုင်ထ (Squats) လုပ်တုန်းက ၁၀ ကြိမ်ပဲ လုပ်နိုင်တယ်ဆိုပါစို့။
ဒီအပတ်မှာ ဒီအလေးကိုပဲ ၁၂ ကြိမ် ဒါမှမဟုတ် ၁၅ ကြိမ် ရောက်အောင် တိုးလုပ်လိုက်တာကလဲ ကြွက်သားကို ပိုအလုပ်လုပ်ခိုင်းလိုက်တာမို့ Progressive Overload ဖြစ်သွားပါပြီ။
‼️Tempo (အနှေး၊ အမြန်) ထိန်းခြင်း
အလေးကို မ တဲ့အခါ သို့မဟုတ် အောက်ချတဲ့အခါ ချက်ချင်းကြီး ပစ်မချလိုက်ဘဲ ၄ စက္ကန့်လောက် စိတ်ထဲကရေတွက်ပြီး ဖြည်းဖြည်းချင်း ထိန်းချကြည့်ပါ။
ဒါဆိုကြွက်သားအပေါ် သက်ရောက်တဲ့ ဖိအားကြာချိန် (Time Under Tension) ပိုများလာလို့ အလေးချိန်အများကြီးမလိုဘဲ ထိရောက်မှု တက်လာပါလိမ့်မယ်။
‼️Rest Periods (နားချိန်) လျှော့ခြင်း
ပုံမှန် ၁မိနစ်လောက်နားချိန်ကို ၄၅ စက္ကန့် ကနေ စက္ကန့် ၃၀ လောက်အထိ လျှော့ချလိုက်ပါ။ ကြွက်သားက အပြည့်အဝ ပြန်မနားရသေးခင် နောက်တစ်ကျော့ကို ဆက်ဆော့ရတဲ့အတွက် ခန္ဓာကိုယ်ရဲ့ Endurance (ခံနိုင်ရည်) ကို ပိုတက်စေပြီး ကယ်လိုရီလောင်ကျွမ်းမှုကိုလည်း ပိုကောင်းစေပါတယ်။
‼️Form (ဆော့တဲ့ပုံစံ) ကို ရာနှုန်းပြည့် မှန်ကန်အောင် လုပ်ပါ
အဟုန် (Momentum) သုံးပြီး ခန္ဓာကိုယ်ကို လွှဲမ တာမျိုး မလုပ်ဘဲ Target ထားတဲ့ကြွက်သားတစ်ခုတည်းကိုပဲ Full Range Of Motion နဲ့ မှန်မှန်ကန်ကန် ဆော့ပါ။ နည်းစနစ် (Form) ကို ပိုမိုတိကျအောင် ပြင်ဆင်တာကလည်း ထိရောက်တဲ့ Overload တစ်ခုပါပဲ။
⚠️Progressive Overload ဆိုတာ ပိုလေးတဲ့အလေးတွေကို မ ခြင်းတင် မဟုတ်ပါဘူး။ မိမိရဲ့ ခန္ဓာကိုယ်ကို အရင်ပတ်ကထက် ပိုပြီး စိန်ခေါ်မှုပေးနိုင်ခြင်း ဖြစ်ပါတယ်။
ဒါကြောင့် Gym သွားတဲ့အခါ "ငါ ဒီနေ့ အလေးတွေ ထပ်တိုးရတော့မယ်" ဆိုပြီး သွေးမတက်နေဘဲ ပိုအားစိုက်ထုတ်ခြင်းဖြင့် လှပကျန်းမာတဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်နိုင်ကြပါစေ။
16/05/2026
🛑 အမျိုးသမီးတွေ အလေးမရင် ယောကျာ်းတွေလို ဗလကြီးဖြစ်သွားမယ်လို့ ယုံကြည်ထားတုန်းလား? (ဖတ်ရှုချိန် - ၃မိနစ်)
ဒီအယူအဆဟာ ၂၀၂၆ မှာ အကြုံးမဝင်တော့ပါဘူး။ ဒီရှေးရိုးစွဲအယူအဆကြောင့်ပဲ Gym ရောက်ရင် အလေးတွေရှိတဲ့ဘက် မသွားရဲဘဲ Cardio Area (ပြေးစက်၊ စက်ဘီး) နားမှာပဲ အချိန်ကုန်နေတဲ့ အမျိုးသမီးတွေ အများကြီးရှိပါတယ်။
‼️ဒါကြောင့် ဦးစွာသိရမှာက "ဟော်မုန်းသဘာဝ" ပါ 🧬
ကြွက်သားတွေ အကြီးအကျယ် ထွက်လာဖို့နဲ့ ဗလကြီးထွားဖို့အတွက် ခန္ဓာကိုယ်မှာ Testosterone (တက်စတိုစတီရုန်း) လို့ခေါ်တဲ့ ကျားဟော်မုန်း အဓိက လိုအပ်ပါတယ်။
အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်မှာတော့ ဒီကျားဟော်မုန်း ပမာဏဟာ အမျိုးသားတွေထက် ၁၅ ဆကနေ အဆ ၂၀ အထိ ပိုနည်းပါတယ်။
ဒါကြောင့် သာမန်အားဖြင့် အမျိုးသမီးတစ်ယောက်က Weight Training လုပ်ရုံနဲ့ယောကျာ်းတွေလို ဗလကြီး ဒိုင်းခနဲ ဖြစ်သွားဖို့ဆိုတာ ဇီဝကမ္မဗေဒ (Biology) အရ လုံးဝ မဖြစ်နိုင်ပါဘူး။
⚠️ကျားဟော်မုန်းကို ပြင်ပအကူအညီနဲ့လဲ
ကိုယ့်ခန္ဓာကိုယ်ထဲကို မထည့်သရွေ့ပေါ့။⚠️
‼️အလေးမခြင်းက အမျိုးသမီးတွေကို ဘာကြောင့် ပိုလှပစေတာလဲ? 🏋️♀️
👉ကျစ်လျစ်လှပတဲ့ ကောက်ကြောင်း (Toned Body): အချိုးအကွေ့ညီညာတဲ့ Shape တွေဟာ သဘာဝကအတိုင်းကံကောင်းပြီး ရထားတဲ့သူမဟုတ်ဘူးဆိုရင် Weight Training ကစားမှသာ မြန်မြန်ရရှိစေမှာပါ။
👉အဆီလောင်ကျွမ်းမှု ပိုကောင်းလာခြင်း: ကြွက်သားထု အနည်းငယ် ရှိလာတာနဲ့အမျှ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ် (Metabolism) က ပိုမြင့်တက်လာပါတယ်။
👉အရိုးအဆစ် သန်မာခြင်း: အသက်ကြီးလာရင် အမျိုးသမီးတွေမှာ အဖြစ်များတဲ့ အရိုးပွရောဂါကို ကာကွယ်ဖို့ဆိုရင် Weight Training က အကောင်းဆုံး အကာအကွယ် ဖြစ်ပါတယ်။
"အဆီကျပြီး ကောက်ကြောင်းလှချင်တယ်" ဆိုရင် အလေးမတာ (Weight Training) ကို မရှိမဖြစ် ထည့်သွင်းဆော့ကစားရပါမယ်။
ဒါကြောင့်... "ယောကျာ်းလို ဗလကြီး ဖြစ်သွားမှာ ကြောက်လို့" ဆိုတဲ့ စိုးရိမ်စိတ်တွေကို ဘေးဖယ်ထားပြီး စမ်းကစားကြည့်ပါ။ သိသာတဲ့ရလဒ်တစ်ခုကို ခဏလေးနဲ့မြင်တွေ့ရပါလိမ့်မယ်။