13/08/2026
နယ်သာလန် အသင်း၏ နည်းပြအဖြစ် ၂၀၃၀ ကမ္ဘာ့ဖလားအထိ တာဝန်ယူရန် ဇာဗီ ဟာနန်ဒက်စ် ရောက်လာ
----------------------------
စပိန်နှင့် ဘာစီလိုနာ ဂန္ထဝင်ကစားသမား ဇာဗီ ဟာနန်ဒက်စ်ကို နယ်သာလန် အမျိုးသား ဘောလုံးအသင်း၏ နည်းပြချုပ်အဖြစ် ၂၀၃၀ FIFA ကမ္ဘာ့ဖလားအထိ တာဝန်ယူရန် KNVB (နယ်သာလန် ဘောလုံးအဖွဲ့ချုပ်) က တရားဝင် ခန့်အပ်လိုက်ပြီဖြစ်ပါတယ်။ အသက် ၄၆ နှစ်အရွယ် ဇာဗီသည် ၂၀၂၆ ကမ္ဘာ့ဖလား အဆင့် ၃၂ အသင်းအဆင့်တွင် မော်ရိုကိုကို ရှုံးနိမ့်ပြီး ထွက်ခွာခဲ့ရပြီးနောက် ရာထူးမှ နှုတ်ထွက်သွားသည့် ရော်နယ် ကိုးမန်း၏ နေရာကို အစားထိုး ဝင်ရောက်လာခြင်း ဖြစ်ပါတယ်။
ဇာဗီက "နယ်သာလန်အသင်းရဲ့ နည်းပြချုပ် ဖြစ်လာတာဟာ ကြီးမားတဲ့ ဂုဏ်ယူစရာပါ။ ဘာစီလိုနာ အကယ်ဒမီထွက် တစ်ယောက်အနေနဲ့ ယိုဟန် ခရိုက်ဖ်၊ ရီးနပ်စ် မစ်ချယ်လ်တို့ရဲ့ လွှမ်းမိုးမှုတွေနဲ့အတူ နယ်သာလန် ဘောလုံးလောကနဲ့ သီးသန့် သံယောဇဉ်ရှိပါတယ်။ ကျွန်တော်ဟာ နယ်သာလန် ဘောလုံးရဲ့ သားတပည့်တစ်ယောက်လည်း ဖြစ်ပါတယ်။ ကျွန်တော့်ကို ဘာစီလိုနာမှာ ပထမဆုံး ပွဲထုတ်ပေးခဲ့တဲ့ လူးဝစ် ဗန်ဂါနဲ့ ဖရန့်ခ် ရိုက်ခတ်တို့လို နည်းပြကြီးတွေကလည်း ကျွန်တော့်ရဲ့ ကစားသမားနဲ့ နည်းပြဘဝအတွက် အရေးပါခဲ့ပါတယ်။ တိုက်စစ်ဖွင့်ကစားခြင်း၊ ဘောလုံးပိုင်ဆိုင်မှုယူခြင်း၊ တီထွင်ဖန်တီးမှုနဲ့ အနိုင်ရလိုစိတ် စတဲ့ နယ်သာလန်ရဲ့ ဘောလုံးယဉ်ကျေးမှုကို ကျွန်တော် သဘောကျပါတယ်။ ဒီစိန်ခေါ်မှုကို စတင်ဖို့ ရင်ခုန်နေပါတယ်" ဟု ပြောကြားခဲ့ပါတယ်။
နယ်သာလန် ဘောလုံးအဖွဲ့ချုပ်၏ နည်းပြဒါရိုက်တာ နိုက်ဂျဲလ် ဒီဂျောင်ကလည်း ဇာဗီသည် ကစားသမားဘဝရော နည်းပြဘဝမှာပါ ထိပ်တန်းအဆင့် အတွေ့အကြုံများစွာ ရရှိထားသူဖြစ်ပြီး၊ အသင်းကို စိုးမိုးကစားနိုင်သည့် တိုက်စစ်ဘောလုံး ပုံစံဖြင့် ဦးဆောင်ပေးနိုင်မည့် နည်းပြကောင်းတစ်ဦးဖြစ်ကြောင်း ချီးကျူးပြောကြားခဲ့ပါတယ်။
31/07/2026
အက်ဒီဟောင်းရဲ့ ထွက်ခွာမှုအပေါ် နယူးကာဆယ် ဂန္ထဝင် အလန်ရှီးယားရဲ့ တုံ့ပြန်မှု
---------------------------------------
နယူးကာဆယ်အသင်းရဲ့ ဂန္ထဝင်တိုက်စစ်မှူးကြီး အလန်ရှီးယားက ရာသီသစ် ပရီးမီးယားလိဂ်ပြိုင်ပွဲ စတင်ဖို့ ၃ ပတ်အလိုမှာတင် နည်းပြ အက်ဒီဟောင်း တစ်ယောက် နယူးကာဆယ်အသင်းကနေ ရုတ်တရက် နုတ်ထွက်သွားခဲ့တဲ့အပေါ် တကယ့်ကို ထူးဆန်းတဲ့ အခြေအနေပဲ လို့ ဆိုကာ အံ့ဩမှင်သက်မိကြောင်း ဖွင့်ဟခဲ့ပြီး၊ ဒါဟာ ကလပ်အသင်းဘက်က ထုတ်ပယ်တာမဟုတ်ဘဲ အက်ဒီဟောင်းကိုယ်တိုင် ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း သတင်းစကား ကြားသိထားရတယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
Betfair နဲ့ သီးသန့်အင်တာဗျူးမှာ ရှီးယားက အခုလို ဖွင့်ဟခဲ့တာပါ။
"တစ်ခုခု ဖြစ်တော့မယ်ဆိုရင်လည်း ပြီးခဲ့တဲ့ရာသီအကုန်ကတည်းက ဖြစ်သင့်တာပါ။ ဒါမှလည်း နယူးကာဆယ်အနေနဲ့ ကြိုတင်ပြင်ဆင်ဖို့ အချိန်ရမှာ ဖြစ်ပါတယ်။ လက်ရှိ ကလပ်အသင်းမှာ ဘာတွေဖြစ်ပျက်နေလဲဆိုတာ ကျွန်တော်အတိအကျမသိပေမဲ့ အသင်းရဲ့ အကောင်းဆုံးကစားသမားတွေကို ဆက်တိုက်ရောင်းချနေရတဲ့အပေါ် အက်ဒီဟောင်းအနေနဲ့ ဆက်ပြီးလက်မခံနိုင်တော့လို့ပဲ ဖြစ်ပါလိမ့်မယ်။ ပရိသတ်တွေအနေနဲ့ အီဆက်ခ်၊ တိုနာလီနဲ့ ဂေါ်ဒွန်တို့လို အဓိက ကစားသမားတွေ ထွက်ခွာသွားတာကို မြင်တွေ့ခဲ့ရပြီးပြီ ဖြစ်သလို၊ ကွင်းလယ်လူ ဘရူနို ဂီမာရိုက်စ်ပါ ထွက်ခွာဖို့ကလည်း မကြာခင်မှာ ဖြစ်လာတော့မယ်လို့ ကျွန်တော်ထင်ပါတယ်။"
အပြောင်းအလဲက ရုတ်တရက်ဆန်ခဲ့ပေမဲ့ ရှီးယားက အက်ဒီဟောင်းရဲ့ ၄ နှစ်ခွဲ သက်တမ်းတစ်လျှောက် စွမ်းဆောင်ရည်တွေအပေါ် ကျေးဇူးတင်စကား ဆိုခဲ့ပြီး၊ ပြီးခဲ့တဲ့ မတ်လတုန်းက ဝင်ဘလေကွင်းမှာ လီဗာပူးလ်ကို အနိုင်ယူကာ လိဂ်ဖလား ချန်ပီယံဖြစ်ခဲ့တဲ့နေ့ဟာ သူ့အတွက်တော့ နယူးကာဆယ်ပရိသတ်တစ်ယောက်အနေနဲ့ အကောင်းဆုံးနေ့ရက် ဖြစ်ခဲ့ရသလို၊ ချန်ပီယံလိဂ်ညတွေရဲ့ အမှတ်တရတွေကိုလည်း မေ့နိုင်မှာမဟုတ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။ ၂၀၂၁ တုန်းက အသင်းကို အဆင့် ၁၉ ကနေ အဆင့် ၁၁ အထိ ရောက်အောင် ကယ်တင်ပေးခဲ့ပြီး၊ နောက်ပိုင်းမှာ အသင်းကို အဆင့်ဆင့် တိုးတက်အောင် ပုံဖော်ပေးခဲ့တဲ့ အက်ဒီဟောင်းရဲ့ အလုပ်အကျွေးပြုမှုတွေအတွက်လည်း Huge Thank You လို့ အထူးတလည် ကျေးဇူးတင်စကား ဆိုခဲ့ပါတယ်။
လတ်တလော ထွက်ပေါ်နေတဲ့ သတင်းတွေအရ အယ်လ်အာဟ်လီ နည်းပြဖြစ်သူ အသက် ၃၈ နှစ်အရွယ် မားကတ်စ် ဂျိုက်စ်လီက နယူးကာဆယ်ရဲ့ နည်းပြသစ် ဖြစ်လာဖို့ ရှိနေပါတယ်။ သူဟာ ဆော်ဒီကလပ်နဲ့အတူ ၂၀၂၄-၂၅ နဲ့ ၂၀၂၅-၂၆ ရာသီတွေမှာ AFC Champions League ကို နှစ်နှစ်ဆက်တိုက် ရယူပေးထားနိုင်တဲ့ မှတ်တမ်းကောင်း ရှိထားသူပါ။
ဒါပေမဲ့ ရှီးယားကတော့ အက်ဒီဟောင်းရဲ့နေရာကို အစားထိုးဖို့ဆိုတာ မလွယ်ကူကြောင်းနဲ့ ပရီးမီးယားလိဂ်ဟာ တကယ့်ကို ကြမ်းတမ်းတဲ့ လိဂ်တစ်ခုဖြစ်တာကြောင့် အသက် ၃၈ နှစ်အရွယ် လူငယ်နည်းပြတစ်ယောက်အတွက် ခက်ခဲတဲ့ ရေပြင်ကို ဖြတ်သန်းရသလို စိန်ခေါ်မှုကြီးမားလိမ့်မယ်လို့ သုံးသပ်ထားပါတယ်။
နောက်ဆုံးအနေနဲ့ ရှီးယားက နယူးကာဆယ်အသင်းရဲ့ လာမယ့်ရာသီ အခြေအနေအပေါ် စိုးရိမ်ပူပန်မှုကို အခုလို အကြံပြုပြောကြားခဲ့ပါတယ်။
"ကျွန်တော် နယူးကာဆယ်ကို ကစားသမားသစ်တွေ ခေါ်ယူစေချင်ပါတယ်။ အခုလက်ရှိ အသင်းက သွားနေတဲ့ ပေါင် ၃၀၊ ၄၀ သန်းတန် လူငယ်ခြေတက်တွေကိုပဲ ဦးတည်တဲ့ ပုံစံအသစ်က ကောင်းပါတယ်ဆိုပေမဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲက ခက်ခဲလွန်းလို့ အတွေ့အကြုံရင့် ဝါရင့်ကစားသမားတွေလည်း အသင်းမှာ လိုအပ်ပါတယ်။ အသင်းရဲ့ အကောင်းဆုံး ကစားသမားတွေကို ဆက်တိုက်ရောင်းထုတ်နေပြီးတော့ ကိုယ်သွားချင်တဲ့ ရည်မှန်းချက်ဆီ ရောက်လိမ့်မယ်လို့ မျှော်လင့်လို့မရပါဘူး။ ဒီရာသီက နယူးကာဆယ်အတွက် တကယ့်ကို ခက်ခဲမယ့် ရာသီဖြစ်လာမှာမို့လို့ ကျွန်တော် အလိုချင်ဆုံးကတော့ အသင်းရဲ့ တည်ငြိမ်မှုပါပဲ" လို့ ပြောဆိုသွားခဲ့ပါတယ်။
31/07/2026
အေစီမီလန်နဲ့ အီတလီအသင်းရဲ့ ဂန္ထဝင်ခေါင်းဆောင်ကြီး ဖရန်ကို ဘာရီစီ အသက် ၆၆ နှစ်အရွယ်မှာ ကွယ်လွန်
--------------------
အေစီမီလန်အသင်းနဲ့ အီတလီလက်ရွေးစင်အသင်းရဲ့ ဂန္ထဝင် နောက်ခံလူ ဖရန်ကို ဘာရီစီဟာ အသက် ၆၆ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့တာကြောင့် မီလန်ကလပ်နဲ့အတူ ဘောလုံးလောကတစ်ခုလုံး ဝမ်းနည်းပူဆွေးနေကြရပါတယ်။ ဘာရီစီဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်တုန်းက အဆုတ်အကျိတ်ခဲတစ်ခုကြောင့် ခွဲစိတ်ကုသမှု ခံယူခဲ့ရဖူးပြီး၊ မကြာသေးခင်ကမှ ဆန်စီရိုကွင်းဆီ ပြန်လာနိုင်ခဲ့သလို ၂၀၂၆ မီလန်-ကော်တီးနား ဆောင်းရာသီအိုလံပစ် ဖွင့်ပွဲအခမ်းအနားမှာလည်း အိုလံပစ်မီးရှူးတိုင်ကို နောက်ဆုံးသယ်ဆောင်ပေးခဲ့သူတစ်ဦး ဖြစ်ပါတယ်။ အခုတော့ ဘောလုံးလောကဟာ ပြိုင်ဘက်တွေတောင် လေးစားရတဲ့ ကမ္ဘာ့အကောင်းဆုံး နောက်ခံလူတစ်ဦးကို နှုတ်ဆက်လိုက်ရပြီ ဖြစ်ပါတယ်။
သူဟာ အေစီမီလန်အတွက် ၇၁၉ ပွဲ ကစားပေးခဲ့ပြီး စီးရီးအေဖလား ၆ ကြိမ်၊ ဥရောပဖလား/ချန်ပီယံလိဂ် ၃ ကြိမ်အထိ ရယူပေးခဲ့သလို၊ အီတလီအသင်းအတွက်လည်း ၈၁ ပွဲ ကစားပြီး ၁၉၈၂ ကမ္ဘာ့ဖလားကို ဆွတ်ခူးပေးခဲ့ပါတယ်။ မီလန်အသင်းကတော့ "ဘာရီစီရဲ့ ပုံရိပ်နဲ့ သက်ရောက်မှုတွေဟာ သူ့ရဲ့ ကျောနံပါတ် ၆ ဂျာစီလိုပဲ အသင်းရဲ့ DNA ထဲမှာ ထာဝရရှိနေမှာပါ" လို့ ဝမ်းနည်းကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
'Piscinin' (လူကောင်သေးပေမဲ့ ဗီဇပြင်းတဲ့ကောင်လေး)
ဘာရီစီဟာ ငယ်ငယ်ကတည်းက အခက်အခဲတွေကို ကြံ့ကြံ့ခံကျော်ဖြတ်ခဲ့ရသူပါ။ အသက် ၁၄ နှစ်သားမှာတင် မိဘမဲ့ဖြစ်ခဲ့ရပြီး အင်တာမီလန်ပရိသတ်အဖြစ် ကြီးပြင်းခဲ့ပေမဲ့ အင်တာအကယ်ဒမီရဲ့ ငြင်းပယ်ခြင်းကို ခံခဲ့ရပါတယ်။ အကြောင်းကတော့ လူကောင်သေးပြီး နုနယ်လွန်းလို့ပါပဲ။
(ထူးခြားတာက သူ့အစ်ကို ဘက်ပီ ဘာရီစီက မီလန်ပရိသတ်ဖြစ်ပေမဲ့ အင်တာမီလန်ဆီ ရောက်သွားခဲ့ပါတယ်)။ ဒါပေမဲ့ မီလန်ကင်းထောက် အီတာလို ဂါဘီယာတီက ဘာရီစီရဲ့ ခြေစွမ်းကို အရည်အသွေးမြင်လို့ မီလန်အကယ်ဒမီဆီ ခေါ်ယူခဲ့ပါတယ်။
ရွှေဝါရောင်ကေသာနဲ့ နုနယ်တဲ့ပုံစံကြောင့် ပြိုင်ဘက်တွေက အထင်သေးတတ်ကြပေမဲ့ ပထမဆုံး ဖျတ်ထုတ်ပုံကို မြင်လိုက်ရရင်ပဲ အားလုံး လန့်သွားကြရပါတယ်။ အသင်းရဲ့ အနှိပ်သည် မာရီကွန်တီက သူ့ကို မီလန်ဒေသစကားနဲ့ 'Piscinin' (လူကောင်သေးသေးလေး) လို့ နာမည်ပြောင်ပေးခဲ့ပြီး ဒါဟာ သူ့ရဲ့ အမှတ်အသား ဖြစ်လာခဲ့ပါတယ်။
အသက် ၂၂ နှစ်နဲ့ မီလန်အသင်းခေါင်းဆောင်
ဂန္ထဝင်နည်းပြ နီလ်း လိုက်ဟုမ်းက ဘာရီစီကို ၁၉၇၈ ခုနှစ်မှာ စီးရီးအေပွဲဦးထွက် ကစားခွင့်ပေးခဲ့ပြီး၊ နောက်ရာသီမှာတင် အသင်းရဲ့ အဓိကကစားသမား ဖြစ်လာစေခဲ့ပါတယ်။ မီလန်ရဲ့ ဂန္ထဝင်ကြီး ဂျန်နီ ရီဗီရာကိုယ်တိုင်က ဒီလူငယ်လေးရဲ့ အရည်အသွေးနဲ့ သတ္တိကို သဘောကျခဲ့တာပါ။ ပွဲတစ်ခုမှာ အသက်ငယ်ငယ်လေးပဲ ရှိသေးတဲ့ ဘာရီစီက စီနီယာကြီး ရီဗီရာကို "ဒီမှာ၊ ငါ့ဆီ ဘောလုံးမပေးတော့ဘူးလား" လို့ အော်တောင်းခဲ့တာကို ရီဗီရာက စိတ်မဆိုးတဲ့အပြင် အသင်းကို ဦးဆောင်နိုင်မယ့် ခေါင်းဆောင် DNA ရှိတယ်ဆိုတာ ရိပ်မိခဲ့ပါတယ်။ ဒါကြောင့်လည်း အသက် ၂၂ နှစ်အရွယ်မှာတင် ဘာရီစီဟာ မီလန်ရဲ့ အသင်းခေါင်းဆောင် ဖြစ်လာခဲ့ပါတယ်။
ကျရှုံးမှုများနဲ့ သစ္စာတရား
သူ့ရဲ့ ကစားသမားဘဝက အမြဲတမ်းတော့ မချောမွေ့ခဲ့ပါဘူး။ အသင်း Totonero အရှုပ်တော်ပုံကြောင့် စီးရီးဘီကို တန်းဆင်းရချိန်၊ ဗိုင်းရပ်စ်ပိုးကြောင့် ၃ လခွဲနီးပါး အနားယူရချိန်နဲ့ ၁၉၈၂ မှာ ဒုတိယအကြိမ် တန်းဆင်းရချိန်တွေမှာ ဘာရီစီတစ်ယောက် အကြီးအကျယ် စိတ်ပျက်ခဲ့ရပါတယ်။ အဲ့ဒီအချိန်က ၁၉၈၂ ကမ္ဘာ့ဖလားကို Scirea ရဲ့ အရန်အဖြစ်နဲ့ ချန်ပီယံဖြစ်ခဲ့တဲ့ ဘာရီစီကို အသင်းကြီးတွေက ကမ်းလှမ်းခဲ့ကြပေမဲ့ သူကတော့ မီလန်အပေါ်ပဲ သစ္စာရှိရှိ ရပ်တည်ခဲ့ပါတယ်။
ဒီသစ္စာတရားဟာ ၁၉၈၆ မှာ ဆီလ်ဗီယို ဘာလူစကိုနီ ရောက်လာပြီး ၁၉၈၇ မှာ အာရီဂို ဆက်ချီ နည်းပြဖြစ်လာချိန်မှာတော့ အသီးအပွင့် ခံစားခဲ့ရပါတယ်။ ဘာရီစီဟာ ဆက်ချီရဲ့ ဇုန်လိုက်ခံစစ်ဗျူဟာကို အပီပြင်ဆုံး ပုံဖော်နိုင်ခဲ့ပြီး ဂူးလစ်၊ ဗန်ဘက်စတင်၊ ရစ်ကတ်တို့နဲ့အတူ မီလန်ကို ဥရောပရဲ့ အင်ပါယာကြီးတစ်ခုဖြစ်အောင် ဦးဆောင်ပေးခဲ့ပါတယ်။ ဘာရီစီဟာ ကွင်းထဲမှာ စူးရှတဲ့ အကြည့်တစ်ချက်နဲ့တင် အသင်းဖော်တွေကို ထိန်းကျောင်းနိုင်တဲ့ အေးဆေးတည်ငြိမ်တဲ့ ခေါင်းဆောင်မျိုး ဖြစ်ပါတယ်။
ဘယ်တော့မှ အရှုံးမပေးတဲ့ စိတ်ဓာတ်
နည်းပြ ဖေဘီယို ကပယ်လို လက်ထက်မှာ ဘာရီစီတို့ ခေတ်ကုန်ပြီလို့ အများက ထင်ခဲ့ကြပေမဲ့ ကပယ်လိုနဲ့အတူ စီးရီးအေ ၄ ကြိမ်နဲ့ ၁၉၉၄ ဥရောပဖလားကို ထပ်မံသိမ်းပိုက်ပြီး သူတို့ရဲ့ မာန်ကို ပြသခဲ့ပါတယ်။ ၁၉၉၄ ကမ္ဘာ့ဖလား ဗိုလ်လုပွဲ ဘရာဇီးနဲ့ပွဲမှာတော့ ဒဏ်ရာကနေ အမြန်ဆုံး သက်သာအောင်လုပ်ပြီး အသင်းကို ဦးဆောင်ခဲ့ပေမဲ့ ပင်နယ်တီ အဆုံးအဖြတ်မှာ ပထမဆုံးလူအဖြစ် လွဲချော်ခဲ့လို့ ဘာရီစီရဲ့ ငိုရှိုက်နေတဲ့ ပုံရိပ်က အီတလီတစ်နိုင်ငံလုံးကို စိတ်မကောင်းဖြစ်စေခဲ့ပါတယ်။
သူဟာ ၁၉၉၇ ဇွန်လမှာ ကစားသမားဘဝကနေ အနားယူခဲ့ပြီး အသင်းကလည်း သူ့ရဲ့ နံပါတ် ၆ ဂျာစီကို ထာဝရ အနားပေးခဲ့ပါတယ်။ အဲ့ဒီနောက် မီလန်ရဲ့ ဒု-ဥက္ကဋ္ဌနဲ့ လူငယ်အကယ်ဒမီ တာဝန်ခံအဖြစ် ဆောင်ရွက်ခဲ့ပြီး၊ ၂၀၀၂ ခုနှစ်မှာ ဖူဟမ်အသင်းရဲ့ နည်းပြ ဂျင်း တီဂါနာနဲ့ သဘောထားကွဲလွဲလို့ ၃ လနီးပါး နည်းစနစ်ဒါရိုက်တာ လုပ်ခဲ့တာကလွဲရင် ကျန်တဲ့ ဘဝသက်တမ်းတစ်လျှောက်လုံး မီလန်အသင်းနဲ့ပဲ အသက်ရှင်ခဲ့သူပါ။
အခုတော့ အေစီမီလန်ရဲ့ ထာဝရ အသင်းခေါင်းဆောင်ကြီး၊ မီလန်ရဲ့ 'Piscinin' ကို အားလုံးက နူတ်ဆက်လိုက်ရပြီပဲ ဖြစ်ပါတယ်။
31/07/2026
"ဇီဒန်း၏ ကစားသမားဘဝ နောက်ဆုံးပွဲစဉ်နှင့် နည်းပြဘဝ ပထမဆုံး အိမ်ကွင်းပွဲစဉ်အဖြစ် အီတလီအသင်းနှင့် တစ်ကျော့ပြန် ထိပ်တိုက်တွေ့ဆုံမှု"
--------------------------------------------------
ပြင်သစ်ဂန္ထဝင် ဇီနဒင် ဇီဒန်းရဲ့ ကစားသမားဘဝ နောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်ဟာ ၂၀၀၆ ခုနှစ် ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ပြင်သစ်အသင်းအတွက် အီတလီအသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပွဲစဉ်ဖြစ်ခဲ့ပါတယ်။ မယုံနိုင်စရာကောင်းတာကတော့ အခုအခါမှာ ပြင်သစ်လက်ရွေးစင်အသင်းရဲ့ နည်းပြချုပ်အဖြစ် တာဝန်ယူလာခဲ့တဲ့ ဇီဒန်းရဲ့ ပထမဆုံးသော အိမ်ကွင်းပွဲစဉ်ဟာလည်း ၂၀၂၆ ခုနှစ်မှာ အီတလီအသင်းနဲ့ပဲ ပြန်လည်ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
ဒါဟာ အချိန်ကာလအားဖြင့် နှစ်ပေါင်း ၂၀ အကြာမှာ ကစားသမားဘဝ ဇာတ်သိမ်းပွဲနဲ့ နည်းပြဘဝ ဇာတ်လမ်းအစကို ပြိုင်ဘက်ဟောင်း အီတလီအသင်းနဲ့ပဲ ထူးဆန်းတိုက်ဆိုင်စွာ ပုံဖော်ခွင့်ရရှိခဲ့တာ ဖြစ်ပါတယ်။ ဘောလုံးသမိုင်းတစ်လျှောက် ရင်သပ်ရှုမောဖွယ် အကောင်းဆုံး တိုက်ဆိုင်မှုတစ်ခုဖြစ်ပြီး ဇီဒန်းအနေနဲ့ ၎င်းရဲ့နည်းပြဘဝ ကနဦးခြေလှမ်းသစ်ကို မိခင်ပြင်သစ်မြေမှာ ဘယ်လိုမျိုး အောင်မြင်အောင် စတင်မလဲဆိုတာကတော့ ပရိသတ်တွေအတွက် စိတ်လှုပ်ရှားစရာ ကောင်းနေပါတယ်။
31/07/2026
"နယူးကာဆယ်ကွင်းလယ်လူ ဘရူနို ဂီမာရိုက်စ်ကို ယူရို ၉၀ သန်းဖြင့် ခေါ်ယူရန် အာဆင်နယ် မူအားဖြင့် သဘောတူညီမှုရရှိ"
-------------------------------------
အာဆင်နယ်အသင်းဟာ နယူးကာဆယ်အသင်းရဲ့ အသက် ၂၈ နှစ်အရွယ် ဘရာဇီးလ်ကွင်းလယ်လူ ဘရူနို ဂီမာရိုက်စ်ကို ပြောင်းရွှေ့ကြေး ယူရို ၉၀ သန်းနဲ့ ခေါ်ယူဖို့အတွက် မူအားဖြင့် သဘောတူညီမှု ရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ ပြင်သစ်အခြေစိုက် L'Equipe သတင်းစာရဲ့ ဖော်ပြချက်အရ ကစားသမားကိုယ်တိုင်ကလည်း အာဆင်နယ်အသင်းဆီ ပြောင်းရွှေ့ဖို့အတွက် သဘောတူညီကြောင်း အခြေအနေကို အပြုသဘောဆောင် တုံ့ပြန်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ ဒီအပြောင်းအရွှေ့ အပြီးသတ်နိုင်ဖို့အတွက် ကလပ်အသင်းနှစ်သင်းကြား အသေးစိတ်အချက်အလက်အချို့ကို ဆက်လက်ဆွေးနွေးညှိနှိုင်းရန် ကျန်ရှိနေသေးတာ ဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ ကွင်းလယ်ပိုင်းကို ပိုမိုတောင့်တင်းအောင် အားဖြည့်ဖို့အတွက် ကြိုးပမ်းနေတာဖြစ်ပြီး အခုလို ဂီမာရိုက်စ်ကို ခေါ်ယူနိုင်ဖို့ နီးစပ်လာခြင်းက လာမယ့်ရာသီ ချန်ပီယံဆုပြိုင်ပွဲအတွက် အသင်းရဲ့ ပြင်ဆင်မှုကို ပိုမိုခိုင်မာစေခဲ့ပါတယ်။
26/07/2026
"ကလော့ပ်လက်ထက် လီဗာပူးလ်ဟာ အင်္ဂလန်မှာ ရင်ဆိုင်ရအခက်ဆုံး ပြိုင်ဘက်ပါလို့ ကီဗင် ဒီဘရိုင်း ဖွင့်ဟ"
----------------------------------------
မန်ချက်စတာစီးတီးအသင်းရဲ့ ကွင်းလယ်ဖန်တီးရှင်ဟောင်း ကီဗင် ဒီဘရိုင်းက ဂျာဂင် ကလော့ပ် ကိုင်တွယ်ခဲ့တဲ့ လီဗာပူးလ်အသင်းဟာ သူ အင်္ဂလန်မှာ ကစားခဲ့တဲ့ သက်တမ်းတစ်လျှောက် ရင်ဆိုင်ခဲ့ရသမျှ ပြိုင်ဘက်တွေထဲမှာ အခက်ခဲဆုံးအသင်းဖြစ်ကြောင်း ဝန်ခံပြောကြားလာခဲ့ပါတယ်။ လီဗာပူးလ်အသင်းဟာ တခြားအသင်းတွေနဲ့မတူဘဲ ထူးခြားပြင်းထန်တဲ့ ကစားဟန် အရှိန်အဟုန် မျိုးနဲ့ ကစားလေ့ရှိတာကြောင့် သူတို့နဲ့ရင်ဆိုင်ရမယ့် ပွဲစဉ်တိုင်းမှာ အစွမ်းကုန် ကြိုးစားခဲ့ရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စီးတီးအသင်းရဲ့ အဝတ်လဲခန်းထဲမှာလည်း နည်းပြ ပက်ပ် ဂွာဒီယိုလာက လီဗာပူးလ်နဲ့ပွဲဆိုရင် တစ်စက္ကန့်လောက် အာရုံစူးစိုက်မှု လွတ်သွားတာနဲ့ ပွဲရလဒ်ကို အဆုံးအဖြတ်ပေးသွားနိုင်တယ်လို့ သူတို့ကို အမြဲတမ်း သတိပေးလေ့ရှိကြောင်း ပြောခဲ့ပါတယ်။ ဒီဘရိုင်းက အဆိုပါအသင်းနှစ်သင်းကြားက ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ပွဲစဉ်တွေဟာ သူတို့အသင်းဆီကနေ အကောင်းဆုံး ပုံစံတွေကို အမြဲတမ်း ညှစ်ထုတ်ယူနိုင်ခဲ့တာ ဖြစ်တယ်လို့လည်း ထည့်သွင်းပြောကြားသွားခဲ့ပါတယ်။
24/07/2026
"အီတလီအသင်းရဲ့ ကမ်းလှမ်းမှုကို ပက်ပ် ဂွာဒီယိုလာ တရားဝင်ပယ်ချ"
=========================
မန်ချက်စတာစီးတီးနည်းပြဟောင်း ပက်ပ် ဂွာဒီယိုလာဟာ အီတလီလက်ရွေးစင်အသင်း (Azzurri) ရဲ့ နည်းပြသစ်ဖြစ်လာဖို့ အီတလီဘောလုံးအဖွဲ့ချုပ်က ကမ်းလှမ်းခဲ့တဲ့ အဆိုပြုချက်ကို တရားဝင် ငြင်းပယ်လိုက်ပြီ ဖြစ်ပါတယ်။ မနေ့တုန်းက ထွက်ပေါ်ခဲ့တဲ့ သတင်းတွေမှာ ဂွာဒီယိုလာဟာ လုပ်ခလစာအဖြစ် တစ်နှစ်ကို ယူရို သန်း ၂၀ အထိ တောင်းဆိုနေတယ်လို့ ဖော်ပြခဲ့ကြပေမဲ့ အခုလို ငြင်းပယ်ခဲ့တာဟာ ငွေကြေးကြောင့် မဟုတ်ဘူးလို့ သိရပါတယ်။ ပက်ပ်ဟာ အဆိုပါကမ်းလှမ်းမှုကို ယခုတစ်ပတ်အတွင်း ခေတ္တစဉ်းစားခဲ့ပေမဲ့ နောက်ဆုံးမှာတော့ ကမ်းလှမ်းမှုကို လက်ခံဖို့ စိတ်ကူးမရှိကြောင်း ဆုံးဖြတ်ခဲ့တာပါ။
သူ အခုလို နည်းပြရာထူးကို မယူဘဲ ကျော်ဖြတ်ခဲ့ရတဲ့ အဓိကအကြောင်းရင်းတွေကတော့ -
မိသားစုကို ဦးစားပေးခြင်း - သူဟာ မိသားစုနဲ့အတူ အနှောင့်အယှက်မရှိဘဲ အရည်အသွေးရှိတဲ့ အချိန်တွေကို ကုန်ဆုံးချင်နေတာ ဖြစ်ပါတယ်။
အားပြန်ဖြည့်ခြင်း - ထိပ်တန်းအဆင့်မှာ နှစ်ပေါင်းများစွာ ဖြတ်သန်းခဲ့ပြီးနောက် စိတ်ပိုင်းဆိုင်ရာကို အပြည့်အဝ အနားပေးဖို့ (Mental Reset) ဦးစားပေးလိုတာ ဖြစ်ပါတယ်။
နောင်တစ်ချိန် ပြန်လာဦးမည် - သူဟာ နည်းပြဘဝကနေ အပြီးအပိုင် အနားယူတာ မဟုတ်ဘဲ အချိန်ကိုက်ဖြစ်မယ့် နောင်တစ်ချိန်မှာ နည်းပြလောကထဲ ပြန်လာဖို့ စီစဉ်ထားပါတယ်။
ပက်ပ် ဂွာဒီယိုလာရဲ့ အပြောင်းအလဲက ပျက်ပြယ်သွားခဲ့ပြီဖြစ်လို့ အီတလီအသင်းရဲ့ နည်းပြသစ်နေရာအတွက် ဘယ်သူက အသင့်တော်ဆုံး ဖြစ်လာမလဲဆိုတာ စိတ်ဝင်စားစရာ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။
24/07/2026
ခရစ္စတယ်ပဲလေ့စ် နောက်ခံလူ မက်ဆန်း လာခရွားကို ခေါ်ယူဖို့ ချဲလ်ဆီး ဆွေးနွေးမှုတွေ အရှိန်မြင့်လာ
-------------------------------------
ချဲလ်ဆီးအသင်းဟာ မကြာသေးခင်ကမှ မော်ဂန် ရော်ဂျာစ်ကို ခေါ်ယူထားခဲ့ပေမဲ့ အသင်းရဲ့ ခံစစ်ပိုင်းကို ထပ်မံအားဖြည့်ဖို့အတွက် ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့ ပြင်သစ်နောက်ခံလူ မက်ဆန်း လာခရွား ကို ခေါ်ယူဖို့ ပြင်ဆင်လာခဲ့ပါတယ်။ နာမည်ကြီး အပြောင်းအရွှေ့သတင်းထောက် ဖာဘရီဇီယို ရိုမာနိုရဲ့ အဆိုအရ နှစ်ဖက်ကလပ်အသင်းကြား ဆွေးနွေးမှုတွေဟာ အလျင်အမြန် တိုးတက်မှုရှိနေတယ်လို့ သိရပါတယ်။ လတ်တလောမှာတော့ ဒါဟာ ကနဦး သတင်းထုတ်ပြန်မှု အဆင့်မှာပဲ ရှိသေးပြီး အပြောင်းအရွှေ့ လုံးဝ အတည်ဖြစ်ကြောင်း "Here We Go" အဆင့်အထိတော့ မရောက်သေးပါဘူး။
ဒီသတင်း ထွက်ပေါ်လာပြီးနောက်မှာတော့ ချဲလ်ဆီး ပရိသတ်တွေနဲ့ ဘောလုံးဝေဖန်သူတွေကြားထဲမှာ အသင်းရဲ့ အပြောင်းအရွှေ့ စျေးကွက်လှုပ်ရှားမှုအပေါ် သဘောထားအမြင်တွေ ကွဲပြားနေကြပါတယ်။ ချဲလ်ဆီးအနေနဲ့ လက်ရှိအသင်းမှာ နောက်ခံလူတွေ ရှိနေပြီးသား ဖြစ်တာကြောင့် "တကယ်ပဲ နောက်ထပ် နောက်ခံလူတစ်ယောက် ထပ်လိုလို့လား" ဆိုတဲ့ မေးခွန်းတွေနဲ့အတူ ငြင်းခုံမှုတွေ ရှိနေတာပါ။ နည်းပြသစ် ချက်ဘီအလွန်ဆိုရဲ့ လာမယ့်ရာသီ စီမံကိန်းသစ်အတွက် ဒီပြင်သစ် ခံစစ်မှူးဟာ တကယ်ပဲ လိုအပ်တဲ့ ကွက်လပ်ကို ဖြည့်ဆည်းပေးနိုင်မလားဆိုတာကတော့ စိတ်ဝင်စားစရာဖြစ်ပြီး အပြောင်းအရွှေ့ အခြေအနေ အသေးစိတ်ကို ဆက်လက် စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
22/07/2026
"အန်ဖီးလ်မှာ အကောင်းဆုံးပုံစံမရှိရင် သာမန်ကစားသမားတစ်ယောက်လို ဖြစ်သွားနိုင်တယ်" လို့ဆိုပြီး လီဗာပူးလ်ရဲ့ ကြီးကျယ်မှုကို ရော်နယ်ဒို ချီးကျူး
---------------------------------------------
ကမ္ဘာ့စူပါစတား ခရစ္စတီယာနို ရော်နယ်ဒိုက လီဗာပူးလ်အသင်းဟာ အကောင်းဆုံးဆိုတဲ့ ကမ္ဘာ့ထိပ်တန်း ကစားသမားတွေကိုတောင် ဒုက္ခရောက်အောင် လုပ်နိုင်စွမ်းရှိတဲ့ အသင်းအနည်းငယ်ထဲက တစ်သင်းဖြစ်တယ်လို့ ပွင့်ပွင့်လင်းလင်း ချီးကျူးပြောကြားလာပါတယ်။ သူဟာ ကစားသမားဘဝတစ်လျှောက်မှာ လီဗာပူးလ်အသင်းနဲ့ မေ့မရနိုင်တဲ့ ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ပွဲတွေကို ဆင်နွှဲခဲ့ဖူးပြီး၊ အချို့ညတွေမှာဆိုရင် လီဗာပူးလ်အသင်းက သူတို့အသင်းကို အဘက်ဘက်ကနေ အပြတ်အသတ် အသာစီးရယူပြီး ကစားသွားခဲ့တာမျိုးတွေ ရှိခဲ့ဖူးတယ်လို့ ဝန်ခံခဲ့ပါတယ်။
အထူးသဖြင့် လီဗာပူးလ်ရဲ့အိမ်ကွင်း အန်ဖီးလ်မှာ ကစားရတဲ့အခါ မိမိဘက်က အကောင်းဆုံး ပုံစံအပြတ်အသတ် မရှိနေဘူးဆိုရင် သူတို့က သင့်ကို သာမန်ကစားသမားတစ်ယောက်လိုမျိုး ဖြစ်သွားအောင်အထိ လုပ်နိုင်စွမ်းရှိတယ်လို့ ရော်နယ်ဒိုက ဆိုပါတယ်။ ဒီလိုအချက်တွေကပဲ လီဗာပူးလ်အသင်းကို ဘောလုံးလောကရဲ့ အကြီးကျယ်ဆုံး ကလပ်အသင်းတွေထဲက တစ်သင်းဖြစ်အောင် ဖန်တီးပေးထားတာဖြစ်တယ်လို့လည်း သုံးသပ်သွားခဲ့ပါတယ်။
22/07/2026
"ဘရာဇီးလ်ဘောလုံးလောက နောက်ကောက်ကျန်ခဲ့ပြီလို့ ဝန်ခံလိုက်ပြီး DNA အစစ်အမှန်ကို ပြန်ရှာဖို့ တိုက်တွန်းလိုက်တဲ့ ကာကာ"
-------------------------
၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ ဘရာဇီးလ်ဂန္ထဝင်ကစားသမား ကာကာက သူတို့နိုင်ငံရဲ့ ဘောလုံးလောကဟာ လက်ရှိမှာ တခြားအသင်းတွေရဲ့နောက်မှာ နောက်ကောက်ကျန်ခဲ့ပြီဖြစ်ကြောင်း ပွင့်ပွင့်လင်းလင်း ဝန်ခံပြောကြားလာပါတယ်။ အခုလို ကမ္ဘာ့ဖလားပြိုင်ပွဲကြီးတွေမှာ ကြုံတွေ့နေရတဲ့ အခြေအနေတွေက ဘရာဇီးလ်ဘောလုံးလောက နောက်ကျကျန်နေတဲ့ လက္ခဏာတွေကို ပြသနေတာဖြစ်လို့ လာမယ့်နောက်တစ်ကြိမ် ကမ္ဘာ့ဖလားအထိ ၄ နှစ်အချိန်ရတုန်းမှာ ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်အနေနဲ့ စီမံကိန်းအသစ်တစ်ခု ပြန်လည်စတင်ဖို့ အလေးအနက် စဉ်းစားရတော့မယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ကာကာက သူတို့အနေနဲ့ လူငယ်မျိုးဆက်သစ် ကဏ္ဍတွေကိုပါ သေချာထည့်သွင်းတည်ဆောက်မယ့် ရေရှည်စီမံကိန်းမျိုးကို အာရုံစိုက်လုပ်ဆောင်သွားဖို့ လိုအပ်နေပြီး၊ ကမ္ဘာကျော်ခဲ့တဲ့ ဘရာဇီးလ်ဘောလုံးလောကရဲ့ မူရင်း DNA အစစ်အမှန်ကို ပြန်လည်ယူဆောင်လာနိုင်ဖို့အတွက် အစွမ်းကုန် ကြိုးစားသွားရမှာဖြစ်တယ်လို့လည်း ထောက်ပြပြောဆိုခဲ့ပါတယ်။