18/08/2026
"ကျွန်တော် နယူးကာဆယ်မှာ ၅ နှစ်နီးပါးလောက် ဖြတ်သန်းခဲ့ပါတယ်။ အသင်းကို ပြန်လည်တည်ဆောက်တဲ့နေရာမှာလည်း ကျွန်တော် ကူညီပေးနိုင်ခဲ့တယ်လို့ ယုံကြည်ပါတယ်။
ကျွန်တော့်အမြင်အရတော့ ကလပ်အသင်းရဲ့ သမိုင်းမှာ အခက်ခဲဆုံးအချိန်တွေထဲက တစ်ခုမှာ ကျွန်တော် ရောက်လာခဲ့တာပါ။ အခုတော့ ကျွန်တော်နဲ့ ကျွန်တော့်မိသားစုဟာ အသစ်အဆန်းတစ်ခုကို စမ်းကြည့်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
အခုလို အာဆင်နယ်မှာ အခွင့်အရေးရလာတဲ့အတွက် ကျွန်တော် အရမ်းဝမ်းသာပါတယ်။ အခုချိန်မှာတော့ ကြိုးစားအားထုတ်မှုတွေကို ဆက်လက်ထိန်းသိမ်းသွားဖို့ပဲ လိုပါတော့တယ်။
ကျွန်တော့်ရဲ့ ပထမဆုံး တရားဝင်ပွဲစဉ်ကို ခြေလှမ်းအစကောင်းကောင်းနဲ့ စတင်နိုင်ခဲ့တဲ့အတွက် အရမ်းကို ပျော်ရွှင်ရသလို ဆုဖလားတစ်လုံး ရယူနိုင်ခဲ့တာကလည်း တကယ့်ကို အရေးပါခဲ့ပါတယ်။"
#ဂူမာရေး
17/08/2026
"မန်ချက်စတာ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးရယူသွားမှာပါ။
ငါဟာ အိပ်မက်တွေ အရမ်းမက်နေတဲ့သူ ဖြစ်ချင်ဖြစ်မယ်၊ ဒီကလပ်အသင်းကို အလွန်အမင်း ချစ်မြတ်နိုးလွန်းနေတာလည်း ဖြစ်နိုင်ပါတယ်။ ဒါဟာ ခက်ခဲကြမ်းတမ်းမယ့် ခရီးတစ်ခုတော့ ဖြစ်မှာပါ။
ဒါပေမဲ့ ယူနိုက်တက်အနေနဲ့ လူတွေကို အံ့အားသင့်စေနိုင်တယ်လို့ ငါ ထင်ပါတယ်။ ငါတို့က အာဆင်နယ်ထက်တောင် ပိုသာပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ကို အနိုင်ယူရတာ သိပ်လွယ်ကူလွန်းခဲ့လို့ပါပဲ။"
#အီဗရာ
17/08/2026
“မန်ချက်စတာ ယူနိုက်တက်အနေနဲ့ မိုင်းလ်စ် လူးဝစ်စ်-စကယ်လီကို မျက်စိကျ စောင့်ကြည့်သင့်တယ်ဆိုတာ ကျွန်တော်ပြောနေခဲ့တာ အတော်လေး ကြာပါပြီ။ ဒီနေ့မှာလည်း သူ့ကစားပုံကို ထပ်ကြည့်ခဲ့ရပြီး ရိုးရိုးသားသား ပြောရရင် လက်ရှိ မန်ယူအသင်းမှာ သူ့ထက် ပိုကောင်းတဲ့ ကွင်းလယ်လူတစ်ယောက်မှ ကျွန်တော် မမြင်ပါဘူး။
သူက အစစအရာရာ ပြည့်စုံပါတယ်။ အားမာန်အပြည့်နဲ့ ရုန်းအားရှိတယ်၊ ဘောလုံးကိုင်ရဲတယ်၊ ကွင်းလယ်ကနေ ဘောလုံးဆွဲတက်နိုင်တယ်၊ နည်းစနစ်ပိုင်း အလွန်ကောင်းမွန်သလို ယုံကြည်မှုလည်း အပြည့်ရှိတယ်။ သူဟာ ယူနိုက်တက်ရဲ့ ကွင်းလယ်ကစားဟန်ကို လုံးဝပြောင်းလဲပစ်နိုင်တဲ့ ကစားသမားမျိုးပါ။
အကယ်၍ မိုင်းလ်စ် လူးဝစ်စ်-စကယ်လီသာ မန်ယူကွင်းလယ်မှာ ကစားမယ်ဆိုရင် သူတို့ လိုအပ်နေတဲ့ အရာတော်တော်များများကို ဖြည့်ဆည်းပေးနိုင်ပါလိမ့်မယ်။ စွမ်းအင်၊ ပွဲထိန်းချုပ်နိုင်စွမ်း၊ အရည်အသွေး၊ ကာရိုက်တာ အစရှိတဲ့ အရာအားလုံးပါပဲ။
ပြီးတော့ ပြောင်းရွှေ့ကြေး ဘယ်လောက်လဲဆိုတာကို ဒီမှာထိုင်ပြီး ပြောနေမှာ မဟုတ်ပါဘူး။ အာဆင်နယ်က ဘယ်လောက်ပဲ တောင်းတောင်း ကျွန်တော် ဂရုမစိုက်ဘူး။ ငွေကြေးသုံးစွဲလိုက်ပါ၊ ချက်လက်မှတ်ကိုသာ အဆင်သင့်ထိုးပေးလိုက်ပါ၊ ပိုက်ဆံချပြပြီး အပြောင်းအရွှေ့ကို အပြီးသတ်လိုက်ပါ။
ဘာကြောင့်လဲဆိုတော့ မန်ချက်စတာ ယူနိုက်တက်အနေနဲ့ ထိပ်တန်းအဆင့်မှာ ပြန်လည်ယှဉ်ပြိုင်ဖို့ တကယ် ဆန္ဒရှိတယ်ဆိုရင် ဒါဟာ သူတို့ မဖြစ်မနေ ခေါ်ယူရမယ့် ကစားသမားမျိုး ဖြစ်လို့ပါပဲ။
ဈေးနှုန်းနဲ့ ပတ်သက်တဲ့ အကြောင်းပြချက်တွေကို မေ့ထားပြီး သူ့ကို အရခေါ်ယူလိုက်ပါ။”
#ဖာဒီနန်
16/08/2026
"ဒါက ရိုးရိုးပွဲတစ်ပွဲပါပဲ။ မီလန်နဲ့ စာချုပ်ချုပ်ဆိုပြီးကတည်းက မန်ချက်စတာ ယူနိုက်တက်နဲ့ ပတ်သက်ပြီး ကျွန်တော့်စိတ်ထဲ ဘာခံစားချက်မှ မရှိတော့ပါဘူး။"
"မန်ချက်စတာ ယူနိုက်တက်မှာ ရှိခဲ့ဖူးတာကို ဂုဏ်ယူသလို အခုထိလည်း ယူနိုက်တက်ကို ချစ်နေတုန်းပါပဲ။ ဒါပေမဲ့ မီလန်နဲ့ လက်မှတ်ရေးထိုးပြီးတဲ့နောက်မှာတော့ ကျွန်တော် အရမ်းပျော်နေတဲ့အတွက် ဘယ်အရာအပေါ်မှာမှ မကောင်းတဲ့ စိတ်ခံစားချက် မရှိတော့ပါဘူး။"
"ကျွန်တော် ရောက်သင့်ရောက်ထိုက်တဲ့ နေရာကို ရောက်နေပါပြီ။ ဒါကြောင့် ဒီမှာပဲ ဆက်သွားချင်ပါတယ်။ ပရိသတ်တွေကို ပုံရိပ်ကောင်းတစ်ခု ချပြနိုင်ဖို့အတွက် ရာသီကြိုခြေစမ်းပွဲမှာ အနိုင်ရချင်ခဲ့တာပါ။"
#အမ်မိုရင်
10/08/2026
သတင်းထောက် -
"ရီယို၊ အခုအချိန်မှာ ပရီးမီးယားလိဂ် ခန့်မှန်းချက် ပေးရမယ်ဆိုရင် ဘယ်အသင်း ချန်ပီယံဆု ရသွားမယ်လို့ မြင်ပါသလဲ။"
🗣️ ရီယို ဖာဒီနန် -
"ပထမဆုံးပြောချင်တာကတော့ အာဆင်နယ်ဟာ လိဂ်ဖလားကို နောက်တစ်ကြိမ် ဆက်တိုက် (back-to-back) ဘယ်လိုမှ ရမှာမဟုတ်ပါဘူး။ အဲဒါ ဖြစ်လာမယ်လို့ကို ကျနော် မမြင်တာပါ။ လီဗာပူးက ဒီရာသီမှာ ရုန်းကန်ရလိမ့်မယ်လို့ ထင်တယ်၊ မန်စီးတီးကလည်း ပပ် ဂွါဒီယိုလာ မရှိတော့တာမို့ ခက်ခဲသွားနိုင်ပါတယ်။ မာရက်စကာ အနေနဲ့ တာဝန်ကြီးကြီးမားမား ထမ်းဆောင်ရမှာပါ။
ချဲလ်ဆီးလည်း ရုန်းကန်ရနိုင်ပါတယ်။ အလွန်ဆို က နည်းပြကောင်းတစ်ယောက် ဖြစ်ပေမဲ့ ပရီးမီးယားလိဂ်ဆိုတာ လုံးဝကွဲပြားတဲ့ စိန်ခေါ်မှုတစ်ခု ဖြစ်တာကြောင့် သူတို့အနေနဲ့ ချန်ပီယံဆုအတွက် ပြိုင်ဆိုင်နိုင်စွမ်း ရှိသေးတယ်လို့ မမြင်ပါဘူး။
ကျနော့်ကို မေးမယ်ဆိုရင်တော့ မိုက်ကယ် ကားရစ် အတွက် ဒီတစ်ကြိမ် အခွင့်အရေး ရလာနိုင်ပါတယ်။ ကားရစ် ပရီးမီးယားလိဂ် ရသွားဖို့ ၉၅% အခွင့်အရေးရှိတယ်လို့ ပြောချင်ပါတယ်။ မန်ချက်စတာယူနိုက်တက် ဒီရာသီမှာ အဆုံးထိ သွားနိုင်မယ်လို့ ကျနော် တကယ် ယုံကြည်ပါတယ်။"
09/08/2026
ယူနိုက်တက်ကနေ ထွက်ခွာခဲ့ရတဲ့အကြောင်းရင်းကို ပြောပြသွားတဲ့ ရွန်းနီ
"အဲ့ဒီရာသီက ယူနိုက်တက်မှာ ကျွန်တော့်အတွက် အခက်ခဲဆုံးနှစ် ဖြစ်ခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်က အသင်းခေါင်းဆောင်ဖြစ်ပေမဲ့ ပွဲထွက်ကစားခွင့် မရခဲ့လို့ပါ။
ဂျိုးဆေး ရောက်လာပြီး ဇလာတန် ကို ခေါ်ယူလိုက်ကတည်းက ကျွန်တော့်အတွက် ခက်ခဲလိမ့်မယ်ဆိုတာ သိခဲ့ပါတယ်။ ဒါပေမဲ့ သူက ရာသီအစမှာ ကျွန်တော်နဲ့ ဇလာတန်ကို ရှေ့တန်းမှာ တွဲဖက်ပြီး ပွဲထုတ်ခဲ့သလို၊ အစပိုင်းမှာ ကျွန်တော်တို့ တကယ်ကို ခြေစွမ်းပြနိုင်ခဲ့ကြပါတယ်။
အဲ့ဒီနောက် နောဝစ်ချ် အဝေးကွင်းပွဲမှာ ကျွန်တော် တကယ့်ကို ညံ့ဖျင်းစွာ ကစားခဲ့မိတယ်။ ဂျိုးဆေးအတွက် ကျွန်တော့်ကို အသင်းကနေ ချန်လှပ်ထားဖို့ အခွင့်အရေး ပေးလိုက်မိပြီဆိုတာ ကျွန်တော် သိလိုက်ပါတယ်။ သူလည်း တကယ်ပဲ ချန်လှပ်ခဲ့တာပါ။ အဲ့ဒီအချိန်ကစလို့ ကျွန်တော် ပွဲထွက်လူစာရင်းထဲကို ပုံမှန် ပြန်မဝင်နိုင်တော့ပါဘူး။
ယူနိုက်တက်အတွက် ကျွန်တော့်ရဲ့ နောက်ဆုံးပွဲက ယူရိုပါလိဂ် ဗိုလ်လုပွဲပါပဲ။ ဂျိုးဆေးက ပွဲပြီးခါနီး စက္ကန့် ၃၀ လောက်မှ ကျွန်တော့်ကို လူစားလဲ ဝင်ကစားစေခဲ့တာပါ။
အသင်းကနေ ထွက်ခွာချင်တာကြောင့် ဇန်နဝါရီလမှာ ဂျိုးဆေးနဲ့ ကျွန်တော် စကားပြောခဲ့ပါတယ်။ ကျွန်တော် ပွဲစဉ်တိုင်း ကစားချင်ခဲ့တာပါ။ ဒါပေမဲ့ ရာသီကုန်အထိ အသင်းမှာ ဆက်ရှိပေးဖို့ သူ ကျွန်တော့်ကို တောင်းဆိုခဲ့ပြီး ရာသီကုန်ရင်တော့ ထွက်ခွာခွင့်ပေးမယ်လို့ ကတိပေးခဲ့ပါတယ်။
အခက်ခဲဆုံးအရာကတော့ အသင်းခေါင်းဆောင်တစ်ယောက်အနေနဲ့ လေ့ကျင့်ရေးကွင်းကို နေ့တိုင်းသွားပြီး အသင်းဖော်တွေရှေ့မှာ ဘာမှမဖြစ်သလို ဟန်ဆောင်ပြနေခဲ့ရတာပါပဲ။"
#ရွန်းနီ
05/08/2026
"မန်ချက်စတာ ယူနိုက်တက်ကို စရောက်တဲ့နေ့မှာပဲ ဆာအဲလက်စ် ဖာဂူဆန်ဆီကနေ ကျွန်တော် တစ်သက်လုံး မေ့မရနိုင်တော့မယ့် စကားတစ်ခွန်း ကြားခဲ့ရပါတယ်။
သူက ကစားသမားတွေကို စုလိုက်ပြီးတော့ 'ရော်ဘင် ဗန်ပါစီလို ဂိုးသွင်းစက်တစ်ယောက် ရှိနေရင် မင်းတို့ဆီက လိုတာ ဘောလုံးပါးပေးဖို့ပဲ။ အဲဒါဆိုရင် လိဂ်ဖလားရဖို့ ကစားရတာ လွယ်သွားပြီ' လို့ ပြောခဲ့တာပါ။
ဒါတင် မကသေးပါဘူး... ပေါလ်စခိုးလ်၊ မိုက်ကယ်ကားရစ်၊ ခါဂါဝါနဲ့ ဝိန်းရူးနီးတို့လို ဂန္ထဝင်တွေကို တည့်တည့်ကြည့်ပြီး 'မင်းတို့ ဗန်ပါစီဆီ ဘောလုံး ပေးမထွက်နိုင်ရင် ပွဲထွက်ကစားခွင့် ရမှာမဟုတ်ဘူး' လို့ပါ ရတ်တရက် မိန့်ခွန်းခြွေခဲ့တာပါ။
ဒီလို ယုံကြည်မှုမျိုး ခင်းပေးခဲ့လို့လည်း ပထမဆုံးနေ့ကတည်းက ကျွန်တော် ယုံကြည်မှုအပြည့်နဲ့ ကစားနိုင်ခဲ့တာဖြစ်ပြီး၊ အဆုံးမှာတော့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ဒိုင်ခံ သိမ်းပိုက်နိုင်ခဲ့ကြတာ ဖြစ်ပါတယ်။"
#ဗန်ပါစီ
04/08/2026
🚨🗣️ ဆာအဲလက်စ် ဖာဂူဆန် ရဲ့ စည်းကမ်းတင်းကြပ်မှုအကြောင်း ပက်ထရစ် အီဗရာ ပြောပြချက် -
"အဲဒီတုန်းက ပရီးမီးယားလိဂ်ရဲ့ ပွဲထွက်လိုဏ်ခေါင်း (Tunnel) ထဲမှာ အားလုံးဟာ အလုပ်အပေါ်ပဲ အပြည့်အဝ အာရုံစိုက်ကြရတာပါ။ ပွဲမစခင် ရယ်စရာမောစရာပြောတာ၊ နောက်ပြောင်တာမျိုး လုံးဝမရှိပါဘူး။ ဖာဂူဆန်ဟာ ပွဲမစခင် ကစားသမားတွေ ပြုံးရွှင်နေတာကို မြင်ရင် အရမ်းမုန်းပါတယ်။ ဘာလို့လဲဆိုတော့ သူက ဘောလုံးပွဲဆိုတာ 'စစ်ပွဲတစ်ပွဲ' လို့ကို ယုံကြည်ထားလို့ပါ။
ဂျရတ် ပီးကေး (Gerard Piqué) က ပွဲထွက်လိုဏ်ခေါင်းထဲမှာ ဆက်စ် ဖာဘရီဂတ်စ် (Cesc Fàbregas) နဲ့ ရယ်မောစကားပြောနေခဲ့တာကို ကျွန်တော် မှတ်မိသေးတယ်။ ပွဲအပြီးမှာတော့ အားလုံးကို 'ဒီလိုမျိုး နောက်တစ်ကြိမ် ဘယ်တော့မှ မလုပ်ကြနဲ့' လို့ သတိပေးခဲ့တာပါ။
အဲဒီနောက် ကားလို့စ် တေးဗက်စ် (Carlos Tevez) က မန်ချက်စတာစီးတီးကို ပြောင်းသွားတယ်။ သူက ကျွန်တော့်ရဲ့ ညီအစ်ကိုအရင်းလို ဖြစ်နေတော့ ကျွန်တော်တို့ အပြင်မှာ အတူတူ ညစာထွက်စားခဲ့ကြတယ်။ ပပါရာဇီတွေက ဓာတ်ပုံရိုက်သွားကြပြီး နောက်တစ်နေ့မနက်မှာပဲ ဖာဂူဆန်က ကျွန်တော့်ကို သူ၏ရုံးခန်းထဲ ခေါ်လိုက်တော့တာပါပဲ။
သူက 'တေးဗက်စ်နဲ့ အပြင်မှာ မင်းကို နောက်တစ်ခါ ထပ်တွေ့ရင် မင်းရဲ့စာချုပ်ကို ငါ ဆုတ်ဖြဲပစ်မယ်' လို့ ပြောပါတယ်။
ကျွန်တော်က 'ဆရာ... သူက ကျွန်တော့်ရဲ့ ညီအစ်ကိုပါ' လို့ ပြန်ပြောခဲ့တော့...
သူက 'ငါ စိတ်မဝင်စားဘူး။ သူ့ကို မင်းအိမ် ခေါ်ချင်ခေါ်၊ မဟုတ်ရင် မင်း သူ့အိမ် သွား။ ဒါပေမဲ့ လူမြင်ကွင်းမှာ မင်းသူနဲ့အတူတူ ရှိနေတာကိုတော့ ငါ နောက်တစ်ခါ ထပ်မမြင်ချင်ဘူး' လို့ ပြန်ပြောခဲ့တယ်။
ဒါဟာ ဆာအဲလက်စ် ဖာဂူဆန် တောင်းဆိုခဲ့တဲ့ စည်းကမ်းပိုင်းဆိုင်ရာ စံချိန်စံညွှန်းအဆင့်အတန်းပါပဲ။" 🔥
03/08/2026
"ဘယ်ကလပ်အသင်းမှ မန်ချက်စတာယူနိုက်တက်ရဲ့ လွှမ်းမိုးနိုင်စွမ်းကို ယှဉ်နိုင်မှာ မဟုတ်ပါဘူး... ပြည်တွင်းမှာရော ဥရောပမှာပါ မယှဉ်နိုင်ပါဘူး။ ခေတ်တစ်ခေတ်ဆိုတာ လာလိုက် သွားလိုက် ရှိမှာပေမဲ့ ဘီလူးကြီးတွေ (အသင်းကြီးတွေ) ကတော့ အမြဲတမ်း တည်ရှိနေမှာပါ။
ဟုတ်ပါတယ်၊ ယူနိုက်တက်ဟာ နောက်ပိုင်းနှစ်တွေမှာ ရုန်းကန်ခဲ့ရတာ မှန်ပါတယ်။ ဒါပေမဲ့ အသင်းကြီးတွေဆိုတာ ပျောက်ကွယ်သွားတာမျိုး မဟုတ်ပါဘူး... သူတို့ဟာ အချိန်တန်ရင် ပြန်လာဖို့ စောင့်ဆိုင်းနေကြတာပါ။
ဆာအဲလက်စ် ဖာဂူဆန် တည်ဆောက်ခဲ့တာဟာ ဆုဖလားတွေထက်ကို ပိုမိုကြီးမားပါတယ်၊ ဘာလို့လဲဆိုတော့ သူဟာ စာရိတ္တနဲ့ အမှတ်သင်္ကေတ (Identity) တစ်ခုကိုပါ တည်ဆောက်ပေးခဲ့လို့ပါပဲ။ အဲဒါကြောင့်လည်း မန်ချက်စတာယူနိုက်တက်ဟာ ဘောလုံးလောကရဲ့ စစ်မှန်တဲ့ ဘီလူးကြီး (အသင်းကြီး) အဖြစ် အမြဲတမ်း တည်ရှိနေမှာပါ။"
#မိုဗစ်
31/07/2026
"ဘာစီလိုနာက ရက်ရှ်ဖို့ဒ်ကို ဘာလို့ အပြီးသတ် မခေါ်ယူခဲ့တာလဲဆိုတာ ကျွန်တော် အခုထိ နားမလည်နိုင်သေးပါဘူး။ သူတို့က ရော့စ် ဂေါ်ဒွန်ကိုပဲ ရွေးချယ်ခဲ့ကြတယ်။ တောင်းပန်ပါတယ်... ရက်ရှ်ဖို့ဒ်က ဂေါ်ဒွန်ထက် ၁၀ ဆလောက် ပိုတော်ပါတယ်။ အဲဒီဆုံးဖြတ်ချက်က ကျွန်တော့်အတွက် အခုထိ အံ့အားသင့်စရာ ဖြစ်နေတုန်းပါပဲ။"
"ရက်ရှ်ဖို့ဒ်ဟာ တကယ်ကို အကဲဖြတ် အနိမ့်ခံထားရတာပါ။ လူတွေဟာ သူ ယုံကြည်မှုရှိရှိနဲ့ လွတ်လပ်စွာ ကစားခွင့်ရတဲ့အခါ ဘယ်လောက်အထိ ကောင်းမွန်နိုင်သလဲဆိုတာကို မေ့သွားကြပြီ ထင်ပါတယ်။"
"သူ့ဆီမှာ ထိပ်တန်းကစားသမား တစ်ယောက်ရဲ့ အရည်အသွေးတွေ ကျန်ရှိနေသေးတာမို့ ကာရစ် (Carrick) အနေနဲ့ သူ့ရဲ့ အကောင်းဆုံးပုံစံကို ပြန်လည်ထုတ်ယူပေးနိုင်လိမ့်မယ်လို့ ကျွန်တော် တကယ်ပဲ မျှော်လင့်ပါတယ်။"
"အကယ်၍ ကာရစ်ကသာ သူ့ရဲ့ အကောင်းဆုံးပုံစံကို ပြန်ရအောင် လုပ်ပေးနိုင်ရင် ယူနိုက်တက် ရရှိသွားမှာက လုံးဝခြားနားသွားတဲ့ ကစားသမားတစ်ယောက်ပဲ ဖြစ်ပါတယ်။ အမှန်အတိုင်း ပြောရရင် ရက်ရှ်ဖို့ဒ်ဟာ ဒီထက်ပိုပြီး ကောင်းမွန်တဲ့ ဆက်ဆံခံရမှုနဲ့ ထိုက်တန်ပါတယ်။"
#ကာရေဂါ