28/05/2025
“ပြီးခဲ့တဲ့ ၂ရာသီမှာ အယ်လ်နာဆာက ပိုပြီးတော့ အားနည်းလာပါတယ်၊ အသင်းနိုင်ပွဲထက် ရော်နယ်ဒိုရဲ့ ဂိုးအတွက်ပဲ အောင်ပွဲပိုခံနေကြတယ်၊ ရော်နယ်ဒိုက သူ့အသင်းဖော်တွေကို သူ့ရဲ့ ဘောကောက်လေးတွေလိုမျိုး ဖန်တီးခဲ့တာပါ၊ သူတို့အားလုံးက ရော်နယ်ဒိုနဲ့ အချိန်တိုင်းမှာ စူးဝီးအောင်ပွဲခံဟန်ပဲလုပ်နေတဲ့ ကလေးလေးတွေပါပဲ၊ အယ်လ်နာဆာမှာ ခေါင်းဆောင်မရှိခဲ့တာပါ၊ ရော်နယ်ဒိုက အသင်းရဲ့ ခေါင်းဆောင်တဦး မဟုတ်ခဲ့ပါဘူး”
- အက်ဘ်ဒူလာဇစ် (BEIN Sports)
27/05/2025
"မက်ဆီက သွင်းဂိုးတွေထက် ဘောလုံးကစားဖို့ကိုပဲ ပိုဦးစားပေးခဲ့တယ်၊ ရော်နယ်ဒိုကျတော့ ဂိုးသွင်းဖို့ကိုပဲ စိတ်အားထက်သန်ပြီး တခြားဘာကိုမှ ဂရုမစိုက်ဘူး၊ သွင်းဂိုးတွေပဲ အာရုံစိုက်ခဲ့တာပါ၊ အဲဒါကြောင့် ဟာဇက်က သူက ရော်နယ်ဒိုထက် ပိုကောင်းတယ်လို့ ပြောခဲ့တဲ့စကားအပေါ် ကျနော် သဘောပေါက်ပါတယ်၊ ကျနော်လည်း ဘောလုံးကစားဖို့ကိုပဲ ပိုဦးစားပေးခဲ့တာပါ၊ ဂိုးတွေကို ဦးစားပေးခဲ့ရင် အခုထက် ပိုသွင်းနိုင်ခဲ့မှာ သေချာပါတယ်"
- ရွန်နီ
27/05/2025
တန်းဆင်းဇုန်ထဲက ဟာတေစပေါ်အသင်းကို ၄-၂ နဲ့ ဂိုးပြတ်ရှုံးပြီးနောက် မော်ရင်ဟို :
“၇ နှစ်အတွင်းမှာ ကျနော် ဥရောပဗိုလ်လုပွဲ ၂ ပွဲကစားခဲ့ပြီးပါပြီ၊ ဆိုလိုတာကတော့ တူရကီဘောလုံး သမိုင်းတလျှောက် မြင်တွေ့ခဲ့ရတာထက် ဥရောပမှာ ၇ နှစ်အတွင်း ကျနော်က ဗိုလ်လုပွဲတွေ ကစားခဲ့ဖူးတယ်ဆိုတာပါပဲ”
မော်ရင်ဟိုကတော့ လေကိုနည်းနည်းလေးမှကို မလျှော့ခဲ့ပါဘူး။ သူ့ရဲ့ ဖီနာဘာချီနည်းပြဘ၀ ပထမဆုံးရာသီဟာ ဆုဖလားလက်မဲ့နဲ့ အဆုံးသတ်ခဲ့ရပြီး အဓိကပြိုင်ဘက်ဂါလာတာစာရေးကို မကျော်လွှားနိုင်ဖြစ်ခဲ့တာပါ။
27/05/2025
“ယူနိုက်တက်မှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ငါတောင့်မခံနိုင်တော့ဘူး၊ ရင်မဆိုင်နိုင်တော့ဘူးလို့ ကျနော့်အစ်ကိုဆီ ရင်ဖွင့်နေခဲ့တာ နေ့တိုင်းပါပဲ၊ အဆိုးဆုံးကတော့ ကျနော့်သားအတွက်တောင် အချိန်မပေးနိုင်တော့တာပါ၊ သူနဲ့လည်း အတူမဆော့ပေးနိုင်ခဲ့ဘူး၊ အခန်းတံခါးကို သော့ပိတ်ပြီး ဘာမှမစားခဲ့တဲ့ နေ့တွေတောင် ရှိခဲ့ပါတယ်”
- အန်တိုနီ
27/05/2025
နောက်ဆုံးအချိန်ထိ မိုဒရစ်က မိုဒရစ်ပီသခဲ့တဲ့ ဖြစ်ရပ်ပါ။ ဆိုဆီဒက်နဲ့ပွဲမှာ ပင်နယ်တီရတော့ ဘတ်ပီနဲ့ အဆန်စီယိုက မိုဒရစ်ကို ကန်သွင်းခိုင်းခဲ့တယ်။ သူ့ရဲ့ နောက်ဆုံးပွဲဖြစ်နေတာမို့ သွင်းဂိုးရသွားစေချင်တာမို့ အသင်းဖော်ကြီးကို သူတို့က ကန်ခိုင်းတာပါ။
ဒါပေမယ့် မိုဒရစ်က ငြင်းတယ်။ ဘာလို့လဲဆိုတော့ တဖက်မှာ ဘတ်ပီက ရွှေဖိနပ်ဆုအတွက် ဂိုးလိုနေသေးတယ်။ ဥရောပရွှေဖိနပ်ဆုရဖို့အတွက်ဆို သူ ထပ်သွင်းရဦးမှာပါ။ ပြီးတော့ လာလီဂါမှာလည်း လီဝန်ဒေါစကီးက လိုက်မီသွားနိုင်ချေရှိနေသေးတယ်။ ဒီတော့ သူ မကန်သွင်းဘဲ ဘတ်ပီကိုပဲ ဦးစားပေးပြီး သူ မကန်ဘူးလို့ ငြင်းလိုက်တာပါ။
နောက်ဆုံးပွဲကစားပေးခဲ့တဲ့အထိ မိုဒရစ်ဟာ အသင်းဖော်တွေကို ဦးစားပေးသွားခဲ့တာပါ။ ဒီဘဲကြီးကတော့ တကယ့်ကို ရှာမှရှားတဲ့ ကစားသမားကြီးပါပဲ။
27/05/2025
ဆော်ဒီလိဂ်ရွှေဖိနပ်ဆုကို ၂ရာသီဆက်တိုက် ရော်နယ်ဒို ရယူသွားနိုင်ခဲ့ပါပြီ။ ညက လိဂ်နောက်ဆုံးပွဲမှာ တဂိုးထပ်သွင်းခဲ့ပြီး စုစုပေါင်း ၂၅ ဂိုးအထိ ရရှိခဲ့ကာ ဒုတိယနေရာက အိုင်ဗန်တိုနေးထက် ၂ဂိုးအသာရခဲ့ပြီး ရွှေဖိနပ်ဆုကို အသက် ၄၀ အရွယ်မှာ ရအောင်ယူပြသွားခဲ့ပါတယ်။
တကယ်ကိုချီးကျူးရမယ့် စွမ်းဆောင်ရည်ပါပဲ။ သူ့အသက်အရွယ်မျိုးနဲ့ လိဂ်တခုမှာ ရွှေဖိနပ်ဆုရအောင် ယူနိုင်ဖို့ဆိုတာက တကယ်မလွယ်ပါဘူး။ ဒါပေမယ့် မလွယ်ဘူးဆိုတာတွေကိုမှ လုပ်ပြနေကျ ရော်နယ်ဒိုက ဒီတခါလည်း စွမ်းဆောင်ပြသွားခဲ့ပါတယ်။ အသင်းနဲ့အတူ ဆုဖလားလက်မဲ့ဖြစ်ခဲ့တာကတော့ စိတ်ပျက်စရာဆိုပေမယ့် ရွှေဖိနပ်ဆုက သူ့အတွက် ဖြေသာစရာပါ။
အယ်လ်နာဆာနဲ့ စာချုပ်သက်တမ်းကလည်း ပြည့်သွားခဲ့ပြီမို့ သူ ဆက်နေမှာလား၊ အသင်းပြောင်းမှာလားဆိုတာ မကြာခင်သိရပါလိမ့်မယ်။ ပွဲအပြီး လူမှုကွန်ယက်ပေါ်မှာ သူ ရေးထားခဲ့တဲ့ “ဒီအခန်းကတော့ ပြီးဆုံးသွားပါပြီ၊ ဇာတ်လမ်းကတော့ ဆက်ရေးသားနေရဦးမှာပါ” ဆိုတဲ့ စာသားကြောင့် အသင်းပြောင်းဖွယ်ရှိတယ်လို့ ယူဆရပါတယ်။
26/05/2025
လွန်ခဲ့တဲ့ ၂ နှစ်က မိုဒရစ်ကို ဆော်ဒီက ၂နှစ်စာချုပ်၊ ယူရိုသန်း ၁၀၀ ပေးမယ်ဆိုပြီး ကမ်းလှမ်းခဲ့ပါတယ်။ ဒါပေမယ့် မိုဒရစ်က မက်မောဖွယ်ရာ ဒီကမ်းလှမ်းချက်ကို ငြင်းဆန်ခဲ့ပြီး ရီးရဲလ်မှာပဲ ဆက်ကစားချင်တယ်လို့ဆိုကာ ဆက်ရှိနေခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်အတွက် မိုဒရစ်က လုံး၀နောင်တမရခဲ့ဘဲ ရီးရဲလ်မှာ ပျော်ပျော်ကြီးဆက်ရှိနေခဲ့ပြီး အခုမှသာ လမ်းခွဲခဲ့တာ ဖြစ်ပါတယ်။
Legend!
26/05/2025
ရီးရဲလ်အတွက် သူ့ရဲ့ နောက်ဆုံးပွဲကို ကစားပေးဖို့ ဘာနေဗျူးကို သွားနေတဲ့အချိန် ကားပေါ်မှာ မိုဒရစ်တယောက် ငိုနေခဲ့တာပါ။ မိုဒရစ်ဟာ ရှိုက်ကြီးတငင်နဲ့ကို ဖြစ်နေခဲ့ပြီး ဘေးနားက ဗက်ကွက်ဇ်က အားပေးနေခဲ့ရပါတယ်။ အသက် ၃၉ နှစ်အရွယ် ယောကျ်ားကြီးတယောက် ကျခဲ့တဲ့ မျက်ရည်က တကယ်ကို ဝမ်းနည်းစရာပါပဲ။
သူ့ရဲ့ နေအိမ်လိုမျိုး ဖြစ်နေတဲ့ နေရာကို စွန့်ခွာရမှာမို့ တကယ်မလွယ်ပါဘူး။ သံယောဇဉ်တွေ ပိုမိလေ ပိုခံစားရလေပါပဲ။ မိုဒရစ်ငိုနေတဲ့ ပုံဟာ ဘောလုံးပရိသတ်တွေကိုပါ မခံစားနိုင်ဖြစ်စေခဲ့ပါတယ်။ တကယ်ဝမ်းနည်းစရာအခိုက်အတန့်ပါ။
ရီးရဲလ်ကနေ ထွက်ခွာဖို့အတွက် အတည်ပြုထားပြီးဖြစ်တဲ့ မိုဒရစ်က နောက်ဆုံးပွဲကို ဝင်ကစားခဲ့ပြီး အသင်းကလည်း နိုင်ပွဲနဲ့အတူ သူ့ကို ဂုဏ်ပြုနှုတ်ဆက်နိုင်ခဲ့ပါတယ်။ ကမ္ဘာ့အကောင်းဆုံးကွင်းလယ်လူတွေထဲက တဦးအဖြစ် သူ ရီးရဲလ်မှာ တည်ဆောက်နိုင်ခဲ့ပြီး အောင်မြင်မှုအများအပြားနဲ့ ထွက်ခွာနိုင်ခဲ့တာပါ။
26/05/2025
🛑 ပြိုင်ပွဲစုံ ၅၇ ပွဲ
🛑 ၆၃ ဂိုးသွင်း
🛑 ၁၇ ကြိမ်ဖန်တီး
🛑 ဆုဖလား ၂လုံး
ဒီရာသီ စပို့တင်းအတွက် ယိုကီရက်စ်ရဲ့ စွမ်းဆောင်ရည်နဲ့ အောင်မြင်ခဲ့မှုပါ။ ညက လိဂ်ဖလားဗိုလ်လုပွဲမှာ ဘင်ဖီကာကို အနိုင်ရခဲ့တော့လည်း ပွဲပြီးခါနီးမှာ ပင်နယ်တီကနေ ချေပဂိုးကို သူ သွင်းပေးခဲ့ပြီး အချိန်ပို ဆက်ကစားနိုင်အောင် ကူညီပေးခဲ့ပါတယ်။ အချိန်ပိုမှာ စပို့တင်းတို့ အနိုင်ရပြီး ချန်ပီယံဖြစ်ခဲ့ကာ အမှတ်ပေးဖလားနဲ့ လိဂ်ဖလားကို ရယူနိုင်ခဲ့တာပါ။
ဒီရာသီ ဥရောပလိဂ်အားလုံးမှာ သူ့ထက်ပိုပြီးတော့ ဂိုးပါဝင်ပတ်သက်နိုင်တဲ့ ကစားသမားမရှိခဲ့ပါဘူး။ ဂိုးပေါင်း ၈၀ တိတိ ပါဝင်ပတ်သတ်ခဲ့တာဖြစ်ပြီး ကြောက်စရာကောင်းလွန်းတဲ့ ကိန်းဂဏန်းပါပဲ။ လာမယ့်ရာသီမှာ ဘယ်အသင်းကြီးဆီ ရောက်မလဲပဲ စောင့်ကြည့်ရပါတော့မယ်။
အာဆင်နယ် ဒါမှမဟုတ် ယူနိုက်တက် တသင်းသင်းပါပဲ။
26/05/2025
လီဗာပူးလ်အတွက် နောက်ဆုံးပွဲကို ကစားပေးပြီးနောက် အာနိုးလ် ငိုနေခဲ့တာပါ။ သူ ကလေးဘ၀ကတည်းက ရောက်နေခဲ့တဲ့ ဒီအသင်းကို စွန့်ခွာရမှာက လွယ်တော့မလွယ်ကူပါဘူး။ ဒါပေမယ့် လီဗာပူးလ်နဲ့အတူ သူ ရနိုင်သမျှ ဆုဖလားအားလုံးကို ဆွတ်ခူးနိုင်ခဲ့ပြီးမှ ထွက်ခွာရမှာမို့ ဖြေသာပါတယ်။
ရီးရဲလ်လို အသင်းမှာ ကစားခွင့်ရမယ့် အခွင့်အရေးကို ငြင်းဆန်နိုင်တဲ့ ကစားသမားဆိုတာ လက်ချိုးရေတွက်လို့ ရပါတယ်။ သူ့ကစားသမားဘ၀အတွက် အကောင်းဆုံး ဆုံးဖြတ်ချက်တခုကို ချမှတ်နိုင်ခဲ့တာပါ။ ဒါပေမယ့် တဖက်မှာတော့ နာကျင်ရပါတယ်။ ကြေကွဲရပါတယ်။ သူ့ရဲ့ ကစားသမားဘ၀နေအိမ်ကို စွန့်ခွာရတာပါ။
လွယ်တော့မလွယ်နေပါဘူး။ လီဗာပူးလ်ရဲ့ ငယ်မွေးခြံပေါက်စစ်စစ်မို့ ပိုပြီးတော့တောင် ခံစားရပါလိမ့်မယ်။
26/05/2025
မန်ချက်စတာယူနိုက်တက်နဲ့ ကွန်ညာတို့ကြားမှာ သဘောတူညီမှု ရသွားခဲ့ပါပြီ။ နှစ်ဖက်အသင်းကြား၊ ကစားသမားနဲ့ နှုတ်အားဖြင့် သဘောတူညီမှုရယူနိုင်ခဲ့ပြီး ပြောင်းရွှေ့ကြေး ပေါင် ၆၂.၅ သန်းအထိ ယူနိုက်တက်က ပေးချေသွားရမှာပါ။
စာချုပ်ပါလျော်ကြေးပမာဏအတိုင်းဖြစ်ပြီး ၀ုလ်ဗ်အတွက် ခြေစွမ်းပြခဲ့တဲ့ ဘရာဇီးလ်သားကို အလျင်အမြန်ပဲ ခေါ်ယူသွားခဲ့တာပါ။ ဆိုးရွားလွန်းတဲ့ ဘောလုံးရာသီအပြီး လာမယ့်ရာသီအတွက် ကြိုတင်ပြင်ဆင်မှုဖြစ်ပြီး ကွန်ညာကို ယူနိုက်တက်ဂျာစီနဲ့ မြင်ရတော့မှာပါ။
ဂါနာချိုကို အသင်းသစ်ရှာဖို့အတွက် အမော်ရင်က အသိပေးထားပြီး ညကပွဲမှာဆို လူစာရင်းထဲတောင် မထည့်ခဲ့ပါဘူး။ သူ့အတွက် လိုအပ်မယ့်ကစားသမားတွေကို အခုကတည်းက အမော်ရင်က စတင်ပြီး စုဆောင်းနေပြီလည်းဖြစ်ပါတယ်။ တိုက်စစ်မှူးတဦးနဲ့ ဂိုးသမားတဦးကိုလည်း သူ ထပ်မံတောင်းဆိုထားပါတယ်။