Iron တို့၏ မတူညီသော Set Up လျှို့ဝှက်ချက် - ကိုယ်ပိုင် Swing Center ကို ရှာဖွေခြင်း
ကွင်းထဲမှာ ဂေါက်ရိုက်သက်တမ်း ကြာလာတဲ့ သူတွေတောင် မကြာခဏ မှားနေတတ်တဲ့ အခြေခံတစ်ခု ရှိပါတယ်။ အဲဒါကတော့ ဂေါက်တံ (Club) အတို၊ အရှည် ပြောင်းသွားပေမယ့် ဘောလုံးနေရာ (Ball Position) ကို တစ်နေရာတည်းမှာပဲ ထားပြီး ရိုက်နေကြတာပါပဲ။
ဂေါက်တံတိုင်းဟာ အလျား (Length) မတူညီကြပါဘူး။ အလျားမတူညီတဲ့အတွက် လွှဲချက်စက်ဝိုင်း (Swing Circle)၊ လွှဲချက်အကွေး (Swing Arc) နဲ့ ဘောလုံးဆီကို ဝင်ရောက်ထိခတ်မယ့် ထောင့်ချိုး (Attack Angle) တွေဟာလည်း လုံးဝ ကွဲပြားသွားပါတယ်။ အကြမ်းဖျင်းအားဖြင့် Swing မှာ မတ်မတ်လွှဲခြင်း (Upright) နဲ့ အနည်းငယ် ပြန့်ပြန့်လွှဲခြင်း (Flat) ဆိုပြီး နှစ်မျိုးရှိပါတယ်။ ဒီအချက်တွေကို နားလည်မှသာ သင့်ရဲ့ Swing Plane နဲ့ ဂေါက်တံရဲ့ အလျားဟာ အချိုးကျ (Match) ဖြစ်ပြီး ပြီးပြည့်စုံတဲ့ Contact တွေကို ရရှိမှာပါ။
Short Irons များ (9-Iron မှ Wedges များအထိ)
Short Iron တွေရဲ့ သဘာဝဟာ ဂေါက်တံတိုတဲ့အတွက် Swing Plane က ပိုပြီး Upright (မတ်မတ်) ဖြစ်ပါတယ်။ Ball Position: ခြေထောက်နှစ်ဖက်ရဲ့ အလယ်တည့်တည့် (Mid Stance - 50/50) မှာပဲ ထားရပါမယ်။ Attack Angle: အပေါ်ကနေ အောက်ကို ဆင်းလာပြီး ဘောလုံးအောက်ကို တည့်တည့် ဝင်ရောက်ထိခတ်တဲ့ Downward Hit ပုံစံမျိုး ဖြစ်ပါတယ်။ အဲဒီလို ထိခတ်တဲ့ အချိန်မှာ ဂေါက်တံမျက်နှာပြင်က Groove (အစင်းကြောင်း) တွေ စတင်အလုပ်လုပ်ပြီး Spin တွေ ထွက်လာကာ ဘောလုံးက သူ့အလိုလို လေထဲကို ပျံတက်သွားတာပါ။
Mid Irons (8-Iron, 7-Iron, 6-Iron)
ဒါကတော့ မတ်မတ်လွှဲခြင်းနဲ့ ပြန့်ပြန့်လွှဲခြင်း ကြားက အကူးအပြောင်း (Transition) ဖြစ်ပါတယ်။ Ball Position - အလယ်တည့်တည့် (Center) ကနေ ဘယ်ဘက် (Target ဘက်) ကို ဘောလုံး တစ်လုံး သို့မဟုတ် နှစ်လုံးစာ ရွှေ့ထားရပါမယ်။ Attack Angle - သိပ်မပြင်းထန်တဲ့ Downward Hit ပုံစံပါ။ ဘောလုံးကို အရင်ထိပြီးမှ မြက်ခွာ (Divot) ပါးပါးလေး ယူသွားမယ့် ပုံစံနဲ့ ရိုက်ရပါမယ်။
Long Irons (5-Iron, 4-Iron မှစ၍)
Club အရှည်တွေ ရောက်လာပြီဆိုရင်တော့ Swing Plane က ညာဘက်ပခုံးဆီကို ပိုပြီး ရွေ့သွားတဲ့အတွက် Little Flat (အနည်းငယ် ပြန့်သော လွှဲချက်) ဖြစ်လာပါပြီ။ Ball Position - အလယ်ဗဟိုကနေ ဘယ်ဘက်ကို ဘောလုံး သုံးလုံးစာ အထိ ရွှေ့ထားရပါမယ် (Center-Left 3 balls)။ အဲဒီအခါ ခန္ဓာကိုယ်က ဘောလုံးရဲ့ နောက်ကို အနည်းငယ် ဆုတ်သွားသလို ခံစားရပါလိမ့်မယ်။ Attack Angle - Short Iron တွေလို အောက်ကို အတင်း ဖိရိုက် (Downward Hit) လို့ လုံးဝ မရတော့ပါဘူး။ ဝင်ရောက်မယ့် ထောင့်ချိုးဟာ ပြန့်ပြန့်လေးနဲ့ မြက်ခင်းကို ပါးပါးလေး လှီးဖြတ်သွားတဲ့ Sweeping (တံမြက်စည်း လှည်းသကဲ့သို့) ပုံစံမျိုး ဖြစ်ရပါမယ်။
သတိပေးချက် - 5-Iron လို ဂေါက်တံအရှည်ကို 9-Iron လိုမျိုး Center မှာထားပြီး အောက်ကို ဖိရိုက်မိရင် မြေကြီးကို အရင်တူးမိပြီး (Chunk ဖြစ်ပြီး) ရှေ့ကို မရောက်တဲ့အပြင်၊ လက်ကောက်ဝတ်ကိုပါ ပြင်းထန်တဲ့ ဒဏ်ရာ (Injury) ရစေနိုင်ပါတယ်။
ဂေါက်သီးလောကမှာ "Swing ကောင်းတယ်၊ Swing သေတယ်" ဆိုတာ မရှိပါဘူး။ ကိုယ်ကိုင်ထားတဲ့ Club နဲ့ လိုက်ဖက်တဲ့ Swing သာ ရှိပါတယ်။ ဂေါက်တံတိုင်းမှာ အတိုတစ်နေရာ၊ အလတ်တစ်နေရာ၊ အရှည်တစ်နေရာစီ သီးသန့် Swing Center တွေ ရှိကြပါတယ်။ အဲဒါကို ရှာတွေ့သွားရင် သင့်ရဲ့ ကိုယ်ပိုင် Power Point ထွက်ပေါ်လာပြီး ဂေါက်သီးကို ပိုပြီး ကျကျနန ရိုက်တတ်လာပါလိမ့်မယ်။
Long Iron တွေကို Sweeping Action နဲ့ စရိုက်တဲ့အခါ အစပိုင်းမှာ Top Shot တွေ ဖြစ်သွားခဲ့ရင်လည်း စိတ်မပျက်ပါနဲ့။ သင့်ရဲ့ ခန္ဓာကိုယ်က Swing Pattern အသစ် ပြောင်းလဲနေတာကို သင်ယူနေဆဲ ဖြစ်လို့ပါ။ လေ့ကျင့်မှု ဆက်လုပ်သွားရင် အရသာရှိတဲ့ Clean Shot တွေ ထွက်လာပြီး Solid Contact ရဲ့ အရသာကို လက်ထဲမှာ ခံစားလာရပါလိမ့်မယ်... ကိုယ်ပိုင် Swing Center ကို ရှာဖွေကြည့်ကြပါ။
Saya Zaw Paing Oo - MPGA
From National Team ➝ Asian Tour ➝ Coach. Sharing tips, drills & stories to grow Myanmar golf.
Iron 9 နဲ့ Iron 5 ကို ဘောလုံး တစ်နေရာတည်းထားပြီး ရိုက်နေတုန်းပဲလား? ဂေါက်သီးရိုက်တတ်ပြီးသား Player အများစုတောင် မကြာခဏ မှားနေတတ်တဲ့ အချက်ကတော့ တုတ် (Club) အတို၊ အရှည် ပြောင်းသွားပေမယ့် Ball Position (ဘောလုံးထားတဲ့နေရာ) ကို မပြောင်းဘဲ တစ်နေရာတည်းမှာပဲ ထားရိုက်နေတာပါပဲ။ တုတ်အရှည်အပေါ် မူတည်ပြီး Swing Arc (စက်ဝိုင်း)၊ Attack Angle နဲ့ Swing Plane တွေက အကုန်ပြောင်းသွားပါတယ်။ ဒါကြောင့် Club တိုင်းမှာ ကိုယ်ပိုင် Ball Position ဆိုတာ ရှိပါတယ်။
Long Iron ကို Short Iron လို Center မှာထားပြီး အပေါ်ကနေ ဖိရိုက်ရင် မြေကြီးကို အရင်ထိပြီး Chunk (နောက်ပိတ်) ဖြစ်သွားမှာဖြစ်သလို၊ အခန့်မသင့်ရင် ဒဏ်ရာ (Injury) တောင် ရသွားနိုင်ပါတယ်။ Long Iron တွေဟာ မြက်ကို ပါးပါးလေး ဖြတ်သွားတဲ့ "Sweeping Action" ဆန်ဆန် ရိုက်ရတာပါ။ Club တစ်ချောင်းချင်းစီရဲ့ ကိုယ်ပိုင် "Swing Center" ကို ရှာတွေ့သွားပြီ ဆိုရင်တော့ ဂေါက်သီးကို ပိုပြီး ကျကျနန ရိုက်တတ်လာပါလိမ့်မယ်!
ကွင်းထဲမှာ ယုံကြည်မှုအပြည့်နဲ့ ကိုယ့်ရဲ့ Game ကိုပဲ အာရုံစိုက်နိုင်ဖို့ တကယ့်တန်ဖိုးရှိတဲ့ Quality Golf Wear တွေကို အမြဲပံ့ပိုးပေးတဲ့ Divot Club (DC Golf Myanmar) ကို အထူး ကျေးဇူးတင်ပါတယ်။
သဲကျင်းထဲကနေ ဘောလုံး မထွက်နိုင်တဲ့ အဓိက တရားခံက ဘာလဲသိလား? "ကြောက်စိတ်" ပါပဲ။ အပျော်တမ်း Player အများစုက သဲကျင်းထဲရောက်တာနဲ့ ဟိုဘက်ကျော်သွားမှာကို ကြောက်ပြီး မသိစိတ်ကနေ Swing ကို ရုတ်တရက် အရှိန်သတ် (Decelerate) ပစ်လိုက်ကြတယ်။ Swing အရှိန်သေသွားတာနဲ့တပြိုင်နက် ဘောလုံးကလည်း သဲကျင်းထဲမှာပဲ အဆုံးသတ်သွားပါတော့တယ်။ နောက်ပြဿနာတစ်ခုကတော့ ရိုက်တဲ့အခါ လူမငြိမ်တာပါ။
သဲကျင်းထဲမှာပဲဖြစ်ဖြစ်၊ မြက်ခင်းစိမ်းပေါ်မှာပဲဖြစ်ဖြစ် Confidence အပြည့်နဲ့ လွတ်လွတ်လပ်လပ် Swing လွှဲနိုင်ဖို့ Lacoste Golf, RLX, Levi's Tech Pant, AIr Jordan Wear တွေကို အမြဲပံ့ပိုးပေးတဲ့ Divot Club (DC Golf Myanmar) ကို အထူး ကျေးဇူးတင်ပါတယ်။
10/06/2026
အသံတိတ် ယိုယွင်းလာမှု (Silent Drift) - သင့်မျက်လုံးက သင့်ကို ပြန်လိမ်မည့် ဂေါက်ကွင်းထဲက နေ့စဉ်အန္တရာယ်
မနေ့ကအထိ ကွင်းထဲမှာ ရိုက်ချက်တွေက ဖြောင့်တန်းနေတယ်။ ဒီနေ့ ကွင်းထဲရောက်တော့ Swing ကိုလည်း ဘာမှ မပြောင်းလဲထားဘဲနဲ့ ဘောလုံးတွေက ဘေးကိုချည်း ကွေးထွက်နေတယ်။ အဲဒါမျိုး ခဏခဏ ကြုံဖူးတယ်မလား။ ဂေါက်သီးမှာ ရုတ်တရက်ကြီး Swing ပျက်သွားတယ် ဆိုတာ မရှိပါဘူး။ သင်ဟာ "Silent Drift (အသံတိတ် တဖြည်းဖြည်းချင်း ယိုယွင်းလာမှု)" ရဲ့ သားကောင် ဖြစ်သွားတာပါ။
"ခါးပတ်" နဲ့ မှန်ကပေးတဲ့ လှည့်စားမှု (The Weight Gain Illusion)
ကျွန်တော်တို့ နေ့တိုင်း မှန်ကြည့်တယ်။ ကိုယ့်ကိုယ်ကို ဝလာတယ်လို့ မထင်ဘူး။ ညဘက် ဘီယာလေးသောက်၊ အသားကင်လေး စားလိုက်နဲ့ တစ်နေ့ကို ဂရမ် အနည်းငယ်စီ ဝလာတာကို နေ့စဉ် မြင်နေရတဲ့ ကိုယ့်မျက်လုံးက လုံးဝ သတိမထားမိပါဘူး။ ဒါပေမယ့် တစ်လလောက် နေတော့ ကိုယ်အကြိုက်ဆုံး ဘောင်းဘီကို ဝတ်လိုက်တဲ့အခါ ခါးပတ်က နောက်တစ်ပေါက်ကို တိုးရတော့တယ်။ နောက်တစ်လ နေတော့ နောက်တစ်ပေါက် ထပ်တိုးရတယ်။ တကယ်တော့ မှန်က သင့်ကို လိမ်သွားတာပါ။ ခံစားချက် (Feel) ဟာ တဖြည်းဖြည်းချင်း ပြောင်းလဲသွားတဲ့အခါ အသားကျ (Comfortable) ဖြစ်သွားတတ်ပါတယ်။ ဂေါက်သီးလွှဲချက် (Golf Swing) မှာလည်း အဲဒီအတိုင်းပါပဲ။ ပြီးပြည့်စုံတဲ့ Swing တစ်ခု တည်ဆောက်ပြီးတဲ့အခါမှာ...
လက်ကိုင် (The Grip Drift) - ဒီနေ့ ကွင်းထဲမှာ မီလီမီတာလေး နည်းနည်း ပြောင်းကိုင်လိုက်တယ်။ အဆင်ပြေသလို ခံစားရတယ်။ မနက်ဖြန် ထပ်ပြီး နည်းနည်း ထပ်ရွှေ့ကိုင်မိတယ်။ သင့်ရဲ့ ဦးနှောက်က အဲဒီ မှားယွင်းတဲ့ ကိုင်တွယ်မှုကို "သက်တောင့်သက်သာ ရှိခြင်း (Comfort)" အဖြစ် အလိုအလျောက် မှတ်ယူသွားပါတယ်။
ဘောလုံး နေရာ (The Ball Position Creep) - နေ့တိုင်း ကွင်းဆင်းရင်း၊ ဘောလုံးကို ငုံ့ကြည့်ရင်းနဲ့ တဖြည်းဖြည်း ဘောလုံးက ညာဘက်ခြေထောက်ဆီ (သို့မဟုတ်) ဘယ်ဘက်ခြေထောက်ဆီ ရောက်လာတာကို အပေါ်စီးကနေ ငုံ့ကြည့်နေတဲ့ သင့်မျက်လုံးက လုံးဝ သတိမထားမိတော့ပါဘူး။ အမှားကို အမှန်လို့ ထင်လာပါတယ်။
ကိုယ်နေဟန်ထား (The Posture Sag) - ပင်ပန်းလာတဲ့အခါ ကျောလေး နည်းနည်း ကုန်းသွားတယ်။ ဒူးလေး နည်းနည်း ပိုကွေးသွားတယ်။ အဲဒီ ကုန်းနေတဲ့ ပုံစံကပဲ ပုံမှန်လိုလို ဖြစ်လာပါတယ်။ ဒီလို မီလီမီတာလေးတွေ အပြောင်းအလဲကနေ တစ်နေ့နည်းနည်းချင်း စုပေါင်းသွားတဲ့အခါ၊ လအနည်းငယ် ကြာတဲ့အခါမှာ သင့်ရဲ့ Setup ဟာ မူလအခြေအနေနဲ့ လုံးဝကို ကွဲထွက်သွားပါပြီ။ အဲဒီအချိန်ကျမှ ဘောလုံးက အဝေးကြီးတွေ ကွေးထွက် (Slice / Hook) ပြီး မြေကြီးကို တူးမိတဲ့ (Chunk)၊ ရိုက်မရလောက်အောင် ဆိုးရွားတဲ့ အခြေအနေကို ရောက်သွားတာပါ။
ဒီထောင်ချောက်ကနေ ဘယ်လို ကာကွယ်မလဲ?
၁။ သင့်ခံစားချက်ကို မယုံပါနဲ့၊ "မှန်" ကိုသာ ယုံပါ
ကိုယ့်ကိုယ်ကို မှန်နေတယ်လို့ ထင်ရပေမယ့် ဖုန်းကင်မရာလေးနဲ့ ကိုယ့်ရဲ့ Setup (အထူးသဖြင့် လွှဲချက်မဟုတ်ဘဲ၊ မရိုက်ခင် ရပ်နေတဲ့ အနေအထား) ကို ရိုက်ကြည့်ပါ။ ပြီးရင် လွန်ခဲ့တဲ့ တစ်လက ရိုက်ထားတဲ့ ဗီဒီယိုနဲ့ ယှဉ်ကြည့်ပါ။ ဘယ်လောက်တောင် ယိုယွင်းသွားသလဲ ဆိုတာ လက်တွေ့ မြင်ရပါလိမ့်မယ်။
၂။ Alignment Stick များကို အမြဲသုံးပါ
Driving Range မှာ လေ့ကျင့်တဲ့အခါ ခြေထောက်နဲ့ ဘောလုံး အနေအထားကို မျက်လုံးနဲ့ မှန်းပြီး မရပ်ပါနဲ့။ Alignment Stick (သို့မဟုတ်) ဂေါက်တံ တစ်ချောင်းချပြီး တိတိကျကျ ရပ်တဲ့ အကျင့်ကို လုပ်ပါ။ အဲဒါက ကားတာယာ Alignment ကို စက်နဲ့ တိတိကျကျ ပြန်ချိန်နေတာနဲ့ အတူတူပါပဲ။ အမှားသေးသေးလေးတွေ စုပေါင်းပြီး ဘေးဒုက္ခကြီး မဖြစ်ခင်၊ နေ့စဉ် ခါးပတ်ပေါက်ကို သတိထားကြည့်သလို သင့်ရဲ့ အခြေခံ Setup လေးတွေကို ဖုန်းကင်မရာ၊ Alignment Stick တွေနဲ့ အပတ်စဉ် စစ်ဆေးပေးဖို့ လိုအပ်ပါတယ်။
Putting လွဲရတဲ့ အဓိက အကြောင်းရင်းက ပခုံး (Shoulder) ကို ဘေးဘက်ကို လှည့် (Rotate) ပစ်လိုက်လို့ပါ။ တကယ်တော့ Putting မှာ ခန္ဓာကိုယ်ကို အဲဒီလို လှည့်ဖို့ လုံးဝ မလိုအပ်ပါဘူး။ Putting Technique တွေ အများကြီး ရှိပေမယ့်၊ ဒီအခြေခံ "Pendulum Stroke" ကို မရဘဲနဲ့ ဘယ်တော့မှ Consistency (တည်ငြိမ်မှု) ရှိလာမှာ မဟုတ်ပါဘူး။ Player တော်တော်များများက ပခုံးကို အလွန်အကျွံ လှည့်တတ်ကြတယ်။ ဒါက လုံးဝ အမှားပါ။
ဒီ Drill လေးကို နေ့တိုင်း လေ့ကျင့်ပေးရင် Impact Feel ပိုကောင်းလာပြီး ဘောလုံး လိမ့်ထွက်သွားတာ (Roll) လုံးဝ Smooth ဖြစ်သွားပါလိမ့်မယ်!
ကွင်းထဲမှာ ယုံကြည်မှုအပြည့်နဲ့ စစ်မှန်တဲ့ တန်ဖိုးကို ပေးစွမ်းနိုင်တဲ့ Golf Wear တွေကို အမြဲပံ့ပိုးပေးတဲ့ Divot Club (DC Golf Myanmar) ကို အထူး ကျေးဇူးတင်ပါတယ်။
02/06/2026
"Tournament (ပြိုင်ပွဲ)" လို့ ခေါင်းစဉ်တပ်လိုက်တာနဲ့ ကြီးမားတဲ့ဖိအားကို အံတုခြင်း!!!
ညီအစ်ကိုတို့... တစ်ပတ်လုံး Business Solution တွေ ဖန်တီး၊ အဖွဲ့အစည်းတွေကို ဦးဆောင်ပြီး စိတ်ဖိအားတွေကြားကနေ ပိတ်ရက်မှာ ဂေါက်ကွင်းထဲ ထွက်လာတဲ့ သူတွေအတွက် ဂေါက်သီးဆိုတာ အကောင်းဆုံး အပန်းဖြေစရာပါ။ ဒါပေမယ့် "Tournament (ပြိုင်ပွဲ)" လို့ ခေါင်းစဉ်တပ်လိုက်တာနဲ့၊ အဲဒီ သက်တောင့်သက်သာ အခြေအနေကနေ ချက်ချင်းဆိုသလို ကြီးမားတဲ့ ဖိအား (Pressure) တစ်ခုအဖြစ် ပြောင်းလဲသွားတတ်ပါတယ်။
လူသစ် (Beginner) ပဲဖြစ်ဖြစ်၊ Single-digit Handicap ရှိတဲ့ Advanced သမားပဲဖြစ်ဖြစ် ပထမဆုံး ကျင်း (Tee 1) ပေါ်ကို တက်သွားတဲ့ အချိန်မှာ ရင်ခုန်သံတွေ မြန်လာပြီး လက်ကောက်ဝတ်တွေ တောင့်တင်းသွားတာ သဘာဝပါပဲ။ Tournament ဆိုတာ သင့်ရဲ့ Swing ကို စမ်းသပ်တာ မဟုတ်ပါဘူး။ သင် လက်ရှိ ပိုင်ဆိုင်ထားတဲ့ အရည်အချင်းနဲ့ အဲဒီ ဖိအားတွေကို ဘယ်လောက်အထိ အကောင်းဆုံး စီမံခန့်ခွဲနိုင်သလဲ ဆိုတာကို စမ်းသပ်တာပါ။ ဘယ်လို ပြိုင်ပွဲမျိုးမှာပဲဖြစ်ဖြစ်၊ သင့်ရဲ့ လက်ရှိ Level က ဘာပဲဖြစ်နေနေ၊ Total Stroke တွေ မဖောင်းပွဘဲ တည်တည်ငြိမ်ငြိမ်နဲ့ ပွဲသိမ်းနိုင်ဖို့...
၁။ ပထမဆုံး တီဘောက်စ် (Tee Box) က အရှိတရားကို လက်ခံပါ
ပြိုင်ပွဲစပြီဆိုတာနဲ့ လူတိုင်းက ပထမဆုံး ရိုက်ချက်မှာ အဝေးကြီးနဲ့ အဖြောင့်တန်းဆုံး ရိုက်ပြချင်ကြပါတယ်။ အဲဒီလို အတ္တ (Ego) တွေ ဝင်လာတာကပဲ သင့်ရဲ့ Swing ရစ်သမ်ကို ဖျက်ဆီးပစ်တာပါ။ ပထမဆုံး ရိုက်ချက်မှာ စိတ်လှုပ်ရှားနေမယ် ဆိုတာကို ကြိုတင် လက်ခံထားပါ။ ပြီးပြည့်စုံဖို့ မလိုပါဘူး။ လမ်းကြောင်း (Fairway) ထဲမှာ ရှိနေဖို့သာ လိုပါတယ်။ ဒါကြောင့် Driver ကို အိတ်ထဲမှာပဲ ထားခဲ့ပြီး၊ သင် အယုံကြည်ရဆုံးနဲ့ အပိုင်နိုင်ဆုံး Club (ဥပမာ - 5-Wood သို့မဟုတ် Hybrid) ကိုသာ ဆွဲထုတ်ပါ။ ၈၀ ရာခိုင်နှုန်းလောက် အားနဲ့ပဲ သက်တောင့်သက်သာ လွှဲလိုက်ပါ။ ပထမရိုက်ချက် Fairway ထဲ ရောက်သွားတာနဲ့ သင့်ရဲ့ စိတ်ဖိအား တစ်ဝက်လောက် အလိုလို လျော့ကျသွားပါလိမ့်မယ်။
၂။ "ငြီးငွေ့စရာ ဂေါက်သီး" သည်သာ အောင်ပွဲခံသည် (Boring Golf is Winning Golf)
Tournament တွေမှာ အနိုင်ရသူဆိုတာ "အကောင်းဆုံး ရိုက်ချက် (Best Shots)" တွေ အများဆုံး ရိုက်တဲ့သူ မဟုတ်ပါဘူး။ "အဆိုးဆုံး အမှား (Worst Mistakes)" အနည်းဆုံး လုပ်တဲ့သူသာ ဖြစ်ပါတယ်။ ဟီးရိုး (Hero) လုပ်ဖို့ ကြိုးစားတိုင်း သင့်ရဲ့ Scorecard ပေါ်မှာ Double တွေ၊ Triple Bogey တွေ ထွက်လာဖို့ ရာခိုင်နှုန်း အရမ်းများပါတယ်။ ပြိုင်ပွဲမှာ အလုံခြုံဆုံး လမ်းကြောင်းကိုသာ အမြဲ ရွေးချယ်ပါ။ သစ်ပင်ကြားထဲ ရောက်သွားရင် အပေါက်ကျဉ်းကျဉ်းလေးကနေ လိမ်ခေါက်ရိုက်ဖို့ မကြိုးစားပါနဲ့။ Fairway ပေါ်ကို အလွယ်ဆုံးနည်းနဲ့ ပြန်ထုတ် (Chip out) ပါ။ အလံတိုင် (Pin) က ထောင့်ကျပ်မှာ ရှိနေရင် တိုက်ရိုက် မချိန်ဘဲ Green အလယ်ဗဟိုကိုသာ ချိန်ပါ။ ငြီးငွေ့စရာ ကောင်းလောက်အောင် သာမန်ရိုက်ချက်တွေကသာ သင့်ကို အောင်ပွဲဆီ ခေါ်ဆောင်သွားမှာပါ။
၃။ "ခွင့်လွှတ်ခြင်း" (The Bounce-Back Mentality)
ကမ္ဘာ့အဆင့် ပရိုတွေတောင် ပြိုင်ပွဲတိုင်းမှာ လွဲချော်တဲ့ ရိုက်ချက်တွေ၊ မြေကြီးကို တူးမိတဲ့ အမှားတွေ ရှိပါတယ်။ ကွာခြားချက်ကတော့ သူတို့က အဲဒီ အမှားတစ်ခု လုပ်မိပြီးရင် နောက်ရိုက်ချက်မှာ အဲဒီအမှားကို တွေးပြီး ဒေါသမထွက်တော့တာပါပဲ။ ညံ့ဖျင်းတဲ့ ရိုက်ချက်တစ်ခု ရိုက်မိသွားရင် စိတ်ပျက်ဖို့ စက္ကန့်ပိုင်းလောက်ပဲ အချိန်ယူပါ။ ပြီးတာနဲ့ အဲဒီရိုက်ချက်ကို ခေါင်းထဲကနေ လုံးဝ ဖျက်ပစ်လိုက်ပါ။ "ငါ ရှေ့ဆက်ရိုက်ရမယ့် ဒုတိယရိုက်ချက်က ဘာလဲ၊ အလုံခြုံဆုံး ဘယ်လို ထိန်းရိုက်မလဲ" ဆိုတဲ့ Damage Control (အထိအခိုက် ကာကွယ်ရေး) ကိုသာ ချက်ချင်း အာရုံစိုက်ပါ။ အမှားတစ်ခုကို နောက်ထပ် အမှားတစ်ခုနဲ့ ထပ်မဖြေရှင်းပါနဲ့။
၄။ တစ်ချက်ချင်းစီကိုသာ ရှင်သန်ပါ (Stay in the Present)
ပြိုင်ပွဲမှာ အဖြစ်အများဆုံး ထောင်ချောက်ကတော့ သင်္ချာကြိုတွက်ခြင်း ပါပဲ။ ကျင်း ၁၅ လောက် ရောက်လာတဲ့အခါ "နောက် ၃ ကျင်းလုံး Par ရရင်တော့ ငါ အမှတ်အများဆုံး ဖြစ်ပြီ" ဆိုပြီး မျှော်လင့်ချက်တွေ ဝင်လာတတ်ပါတယ်။ အဲဒီ မျှော်လင့်ချက်က သင့်ရဲ့ လက်ကောက်ဝတ်တွေကို တောင့်တင်းသွားစေပါတယ်။ ဂေါက်သီးမှာ အတိတ် (ပြီးခဲ့တဲ့ ကျင်းက ရလဒ်) လည်း မရှိဘူး၊ အနာဂတ် (နောက်ကျင်းတွေမှာ ရမယ့် ရလဒ်) လည်း မရှိပါဘူး။ လက်ရှိ အခု သင့်ရှေ့မှာ ရိုက်ရမယ့် "တစ်ချက်တည်းသော ရိုက်ချက် (One Shot at a Time)" သာ အမှန်တရားပါ။ ရလဒ်ကို မတွေးဘဲ သင့်ရဲ့ Pre-shot Routine အတိုင်း တည်တည်ငြိမ်ငြိမ် လွှဲဖို့ကိုပဲ အာရုံစိုက်ပါ။
၅။ ကျင်း (၁၈) လုံးစာ စွမ်းအင်စီမံခန့်ခွဲမှု (Fueling the Engine)
ပြိုင်ပွဲတွေမှာ စိတ်လှုပ်ရှားမှုကြောင့် သင့်ခန္ဓာကိုယ်က ပုံမှန်ထက် စွမ်းအင် ပိုသုံးရပါတယ်။ ရေဆာမှ ရေသောက်တာ၊ ဗိုက်ဆာမှ စားတာမျိုးတွေ လုပ်ရင် နောက်ဆုံး ၄ ကျင်းလောက်မှာ အာရုံစူးစိုက်မှု (Focus) တွေ ကျဆင်းပြီး လွှဲချက်တွေ အကုန် ပျက်စီးသွားပါလိမ့်မယ်။ ကျင်းတိုင်းမှာ ရေ တစ်ငုံ (သို့မဟုတ်) ဓာတ်ဆားရည် တစ်ငုံ သောက်တဲ့ အကျင့်ကို လုပ်ပါ။ ငှက်ပျောသီး၊ ချောကလက် စတဲ့ စွမ်းအင်ဖြည့် စားစရာလေးတွေကို ကျင်း ၆ ကျင်းလောက် ပြီးတိုင်း နည်းနည်းစီ စားပေးပါ။ ခန္ဓာကိုယ်ထဲမှာ လောင်စာ အပြည့်ရှိနေမှသာ ဦးနှောက်က ဆုံးဖြတ်ချက် မှန်မှန်ကန်ကန် ချနိုင်မှာပါ။
ပြိုင်ပွဲ (Tournament) ဆိုတာ ကိုယ့်ရဲ့ ရှိရင်းစွဲ အရည်အချင်းကို ၇၀ ရာခိုင်နှုန်းလောက်ပဲ ထုတ်သုံးပြီး၊ ကျန်တဲ့ ၃၀ ရာခိုင်နှုန်းကို စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်မှုနဲ့ ထိန်းကျောင်းရတဲ့ ကစားပွဲပါ။ ကွင်းထဲမှာ ကိုယ့်ရဲ့ Game Plan အတိုင်း ယုံကြည်မှုရှိရှိ လျှောက်လှမ်းပြီး၊ လှပတဲ့ Hero Shot တွေကို မက်မောမယ့်အစား တည်ငြိမ်တဲ့ ရလဒ်တွေကိုသာ ရွေးချယ်ပါ။ ကစားပွဲ ပြီးဆုံးလို့ Clubhouse ကို ပြန်ရောက်တဲ့အခါ သပ်ရပ်လှပနေတဲ့ Scorecard လေးနဲ့အတူ ဂုဏ်ယူဝင့်ကြွားစွာ အောင်ပွဲခံနိုင်ပါစေ ညီအစ်ကိုတို့။
ဂေါက်ရိုက်ခါနီး Practice Swing တွေ မပြီးနိုင်မစီးနိုင် လွှဲနေတတ်သူလား? ဒါဆိုရင် သတိထားပါ။ The Danger of "Swing Thoughts" ဂေါက်သီးရိုက်ခါနီး ဘောလုံးပေါ်မှာ ရပ်ပြီး အတွေးတွေ အရမ်းများနေပြီလား?
Beginner ကနေ Advanced Player အထိ အများဆုံးဖြစ်တတ်တဲ့ ပြဿနာကတော့ ရိုက်ခါနီးမှာ "Swing Thought" (တွေးတာ) လွန်သွားတာပါပဲ။ ချိန်တာ အကြာကြီး ချိန်မယ်၊ Practice Swing တွေ မပြီးနိုင်မစီးနိုင် အကြိမ်ကြိမ် လုပ်မယ်... အချိန်ကြာလာတာနဲ့အမျှ Muscle (ကြွက်သား) တွေ တင်းလာပြီး၊ တကယ်ရိုက်ရမယ့်အချိန်မှာ "ဘာလုပ်ရမလဲ မေ့သွားသလို ဖြစ်ကာ" Swing က တိုက်ရိုက် ပျက်သွားပါတော့တယ်။
အတွေးနည်းလေ၊ Swing ကောင်းလေပါပဲ! Simple Plan နဲ့ပဲ ရိုက်ကြပါဗျို့! ကွင်းထဲမှာ Confidence အပြည့်နဲ့ Smart အကျဆုံးဖြစ်ဖို့ CK Golf, Taylormade, Nike Golf လို Premium Collection တွေကို အမြဲ Support ပေးတဲ့ DivotClub (DC Golf Myanmar) ကို အထူး ကျေးဇူးတင်ပါတယ်။
29/05/2026
ဒီနေ့တော့ ကျွန်တော်က သင်ခန်းစာ မလုပ်သေးဘဲ... ဂေါက်သီးရူး (Hardcore Golfers) ညီအစ်ကိုတို့ရဲ့ "မိုးရာသီ ကွင်းဆင်းရင် သုံးတဲ့ လျှို့ဝှက်ချက်လေးတွေ" ကို လေ့လာချင်ပါတယ်။ ဂေါက်သက်ရင့် ညီအစ်ကိုတို့... မိုးရွာထဲ ကစားတဲ့အခါ Score မပျက်အောင် (Survive ဖြစ်အောင်) သုံးတဲ့ ညီအစ်ကိုတို့ရဲ့ အကောင်းဆုံး လျှို့ဝှက်ချက် ကဘာလဲ?
မိုးတွင်းရောက်ပြီဆိုတာနဲ့ သာမန်ဂေါက်သမားတွေက အိမ်မှာပဲ နေကြပါလိမ့်မယ်။ ဒါပေမဲ့ မိုးရွာထဲမှာ ရွှံ့ဗွက်တွေ၊ ရေဝပ်နေတဲ့ Green တွေကို မမှုဘဲ ကွင်းဆင်းနေတဲ့ ညီအစ်ကိုတွေကတော့ တကယ့် "ဂေါက်သီးရူး (Hardcore Golfers)" တွေပါပဲ။
Hardcore Golfers ညီအစ်ကိုတို့ရဲ့ ကိုယ်ပိုင် အကောင်းဆုံး ဖြေရှင်းနည်းလေးတွေ၊ အတွေ့အကြုံလေးတွေကို Comment မှာ ဝင်ရောက် ဆွေးနွေးပေးသွားကြပါဦး! အကောင်းဆုံးနဲ့ အထိရောက်ဆုံး လျှို့ဝှက်ချက် (၃) ခုကို နောက်လာမယ့် ကျွန်တော်ရဲ့ Video မှာ နာမည်နဲ့တကွ (Shout-out ပေးပြီး) သေချာ ပြန်လည် ဆွေးနွေး ရှင်းပြပေးသွားပါမယ်။
27/05/2026
ဂဏန်း (၃) လုံး ကျိန်စာကို ချိုးဖျက်ခြင်း - Weekend Golfer များအတွက် ၁၀၀ အောက်ဆင်းမယ့် မဟာဗျူဟာနှင့် ခံယူချက်များ
ညီအစ်ကိုတို့... တနင်္လာ ကနေ သောကြာအထိ လုပ်ငန်းခွင်မှာ အချိန်ပြည့် လုံးပန်းနေရတဲ့ Weekend Golfer တွေအတွက်၊ စနေ၊ တနင်္ဂနွေ ဂေါက်ကွင်းဆင်းရတဲ့ အချိန်လေးဟာ တစ်ပတ်စာ စိတ်ဖိအားတွေကို ဖြေလျှော့ဖို့ တကယ့်ကို အဖိုးတန်တဲ့ အချိန်လေးပါ။
ဒါပေမယ့် လေထဲ လွင့်နေတဲ့ စိတ်နဲ့ Tee Box ပေါ် တက်သွားပြီး၊ ကျင်း ၁၈ လည်း ပြီးရော Scorecard မှာ ၁၀၅၊ ၁၁၀ ဆိုတဲ့ ဂဏန်း ၃ လုံး (Triple Digits) ကို မြင်လိုက်ရတဲ့အခါ စိတ်ဖိအားလျော့မသွားတဲ့အပြင် ပိုတောင် ပင်ပန်းသွားသလို ခံစားရတတ်ပါတယ်။ လုပ်ငန်းခွင်မှာ ပြဿနာတွေကို အေးအေးဆေးဆေး ဖြေရှင်းနိုင်တဲ့ ခေါင်းဆောင်တွေဟာ၊ ဂေါက်ကွင်းထဲ ရောက်တဲ့အခါ ဘာလို့ ၁၀၀ အောက် (Breaking 100) ကို တည်တည်ငြိမ်ငြိမ် မဆင်းနိုင်ရတာလဲ။
ပြောရရင် သင့်ရဲ့ Swing က ဆိုးရွားလွန်းနေလို့ မဟုတ်ပါဘူး။ အလုပ်ထဲမှာ သုံးတဲ့ စီမံခန့်ခွဲမှု (Management) ကို ကွင်းထဲမှာ မသုံးဘဲ၊ စိတ်ကူးယဉ် ရိုက်ချက်တွေနဲ့ စွန့်စားခန်း ဝင်နေလို့ပါ။
ဒီအပတ် Weekend မှာ ဂဏန်း ၃ လုံး ကျိန်စာကနေ လွတ်မြောက်ဖို့ အောက်ပါ အဓိက ခံယူချက် (Ideology) နဲ့ လက်တွေ့ ဗျူဟာ (၄) ခုကို အကောင်အထည် ဖော်ကြည့်ပါ။
၁၀၀ အောက်ဆင်းဖို့ ကြိုးစားတဲ့အခါ ဂေါက်သီးသမား အများစုက သူတို့ရဲ့ "အားနည်းချက်" ဟာ Swing မလှတာ၊ အဝေးကြီး မရောက်တာလို့ ထင်တတ်ကြပါတယ်။ တကယ့် အဓိက ပြုပြင်ရမယ့် နယ်ပယ် (Key Improvement Area) ဟာ Perfect Swing ကို ရှာဖွေဖို့ မဟုတ်ပါဘူး။ "အမှားများကို စီမံခန့်ခွဲခြင်း (Error Management)" ဆိုတဲ့ ဒဿနကို လက်ခံတည်ဆောက်ဖို့ပါ။
၁၀၀ အောက်ဆင်းချင်ရင် Birdie တွေ၊ Par တွေ အများကြီး ရိုက်စရာ မလိုပါဘူး။ သင့်ရဲ့ Scorecard ကို ဖျက်ဆီးနေတဲ့ Penalty Stroke တွေ (ရေထဲကျခြင်း၊ OB ထွက်ခြင်း)၊ လမ်းတစ်ဝက်မှာ ရပ်သွားတဲ့ Chip Shot တွေနဲ့ 3-Putt တွေကို ဖယ်ရှားပစ်ဖို့ပဲ လိုတာပါ။ အကောင်းဆုံး ရိုက်ချက် (Best Shot) တွေ ဖန်တီးဖို့ ကြိုးစားမယ့်အစား၊ အဆိုးရွားဆုံး ရိုက်ချက် (Worst Shot) တွေ မထွက်အောင် တားဆီးရမယ် ဆိုတဲ့ ခံယူချက် (Ideology) ကသာ သင့်ကို ၉၀ တန်းဆီ အမြန်ဆုံး ခေါ်ဆောင်သွားမှာပါ။
၁။ "Bogey" သည်သာ သင့်ရဲ့ "Par" ဖြစ်သည် (The New Standard)
၁၀၀ အောက် ဆင်းဖို့ဆိုတာ ၉၉ မှတ် ရရင် လုံလောက်ပါတယ်။ ပုံမှန် Par-72 ကွင်းမှာ ၉၉ မှတ်ရဖို့ ဆိုလိုတာက ကျင်း ၁၈ ကျင်းလုံးမှာ Bogey (၁ ချက်ပို) ၉ ကျင်း၊ Double Bogey (၂ ချက်ပို) ၉ ကျင်း ရိုက်ရင်တောင် သင်ဟာ အသာလေး အောင်မြင်ပါတယ်။ Par ရဖို့ အတင်း မကြိုးစားပါနဲ့တော့။ Par 4 ကို ၃ ချက်နဲ့ Green ပေါ်တင်ပြီး (3-on)၊ ၂ ချက် ပုတ် (2-putt) ပြီး Bogey ယူမယ်လို့ပဲ Target ထားပါ။ သင်္ချာနည်းကျ တွက်ချက်လိုက်တဲ့အခါ စိတ်ဖိအားတွေ လျော့ကျသွားပြီး ရိုက်ချက်တွေ သိသိသာသာ တည်ငြိမ်လာပါလိမ့်မယ်။
၂။ အကျိုးအမြတ်မရှိတဲ့ စွန့်စားမှုတွေကို ရပ်တန့်ပါ (Risk Management)
ရှုံးမယ်မှန်းသိတဲ့ Project ကို အတင်း ပိုက်ဆံထည့်မလား။ ဂေါက်ကွင်းထဲမှာလည်း အတူတူပါပဲ။ သစ်ပင်ကြားထဲကနေ အပေါက်ကျဉ်းကျဉ်းလေးကို ဖြတ်ပြီး Green ပေါ်တင်ဖို့ ကြိုးစားတာ၊ ရေအိုင်ကို အတင်းကျော်ရိုက်ဖို့ ကြိုးစားတာဟာ Penalty သို့မဟုတ် Double/Triple Bogey တွေကို ဖိတ်ခေါ်နေတာပါ။ အခက်အခဲ ကြုံလာရင် ချက်ချင်း "Survival Mode" ပြောင်းပါ။ အလွယ်ဆုံး လမ်းကြောင်းကနေ Fairway ပေါ်ကို အသာလေး Chip Out ထုတ်ပါ။ Boring Golf (ငြီးငွေ့စရာ ဂေါက်သီးကစားဟန်) ဟာ ၁၀၀ အောက် ဆင်းဖို့ အလုံခြုံဆုံး လမ်းကြောင်းပါ။
၃။ အစွမ်းမပြနိုင်တဲ့ Driver ကို အနားပေးထားပါ (Smart Club Selection)
ဂေါက်ကွင်းထဲမှာ အရေးကြီးဆုံးက အကွာအဝေး (Distance) မဟုတ်ဘဲ တိကျမှု (Accuracy) ပါ။ Driver ဟာ အဝေးဆုံး ရောက်နိုင်သလို၊ OB ဖြူတိုင်တွေနဲ့ ရေအိုင်တွေဆီကိုလည်း အမြန်ဆုံး ပို့ဆောင်ပေးနိုင်တဲ့ လက်နက်ဆိုတာ မမေ့ပါနဲ့။ ဒီနေ့ Driver ရိုက်တာ ဆက်တိုက် တောထဲဝင်နေပြီဆိုရင် အိတ်ထဲမှာ ပြန်သိမ်းထားလိုက်ပါ။ ကိုယ် အယုံကြည်ရဆုံး 3-Wood၊ Hybrid ဒါမှမဟုတ် 6-Iron နဲ့ပဲ တည်တည်ငြိမ်ငြိမ် Tee Off လုပ်ပါ။ လမ်းကြောင်း (Fairway) ထဲမှာ နေခြင်းကသာ သင့်ရဲ့ Total Stroke ကို ထိန်းသိမ်းပေးပါလိမ့်မယ်။
၄။ "3-Putt" များကို အဆုံးသတ်ခြင်း (The 3-Foot Circle Rule)
Green ပေါ်ရောက်ဖို့ အနိုင်နိုင် ကြိုးစားလာခဲ့ပြီးမှ 3-Putt တွေ၊ 4-Putt တွေနဲ့ အဆုံးသတ်ရတာဟာ ရမှတ်ကို အလဟဿ ဖြုန်းတီးပစ်တာပါပဲ။ ပထမဆုံး Putt ရိုက်တဲ့အခါ တွင်းထဲဝင်အောင် မချိန်ပါနဲ့။ တွင်းရဲ့ ဘေးပတ်လည် ၃ ပေ အချင်းဝက် (အမှိုက်ပုံး အရွယ်အစား) အတွင်းကို ဝင်သွားဖို့ အကွာအဝေး (Pace/Distance) ကိုသာ အဓိက ထိန်းရိုက်ပါ။ အဲဒီ ၃ ပေ စက်ဝိုင်းထဲ ဝင်သွားရင် ဒုတိယချက် (2-Putt) က အေးအေးဆေးဆေး ဝင်သွားပါလိမ့်မယ်။ လမ်းကြောင်းထက် အရှိန်ကို ပိုဂရုစိုက်ပါ။
ဂေါက်သီးဆိုတာ ကိုယ့်ရဲ့ စိတ်နေသဘောထားကို အမှန်ကန်ဆုံး ထင်ဟပ်ပြတဲ့ ကစားပွဲပါ။ အတ္တတွေကို ဘေးဖယ်ကာ "ငြီးငွေ့စရာကောင်းတဲ့" ဘေးကင်းရေး ဗျူဟာတွေနဲ့ တည်ငြိမ်မှုကို တည်ဆောက်ကြည့်ပါ။ ကစားပွဲ ပြီးဆုံးလို့ Clubhouse ကို ပြန်ရောက်တဲ့အခါ ဂဏန်း (၃) လုံး ကျိန်စာကနေ ထာဝရ လွတ်မြောက်သွားတဲ့ သင့်ရဲ့ ၉၀ တန်း Scorecard လေးကို ဂုဏ်ယူစွာ ကြည့်ရှုနိုင်ပါစေ။
Pro တွေရဲ့ ပုံစံကိုကြည့်ပြီး စိတ်ကူးယဉ်ကာ စတန့်ထွင်ရိုက်နေသရွေ့... ကိုယ့်ရဲ့ Basic Swing ဟာ ဘယ်တော့မှ Consistency (ပုံမှန် တည်ငြိမ်မှု) ရှိလာမှာ မဟုတ်ပါဘူး။ Consistency ပိုတက်လာဖို့ အလွယ်ကူဆုံးနဲ့ အထိရောက်ဆုံး နည်းလမ်းကတော့ "L to L (၉ နာရီ ၃ နာရီ)" Practice ပါပဲ။
ကိုယ့် Swing ကို ကိုယ်တိုင်ပြန်စစ်ချင်လား? အခြေခံအကျဆုံး "L-to-L Swing" ကို လေ့ကျင့်ပါ! သာမန် ဂေါက်သမားတွေရဲ့ အကြီးမားဆုံး ရန်သူက ရိုက်ချက်ဆန်းတွေ စတန့်ထွင်ပြီး ရိုက်ချင်တာပါပဲ။ တကယ်တော့ အခြေခံအကျဆုံး သာမန်ရိုက်ချက်လေးတွေကို ပိုင်နိုင်မှသာ လက်ရည် တက်လာမှာပါ။ ဒါကြောင့် Swing Memory မရသေးတဲ့ Player တွေအတွက် L-to-L (သို့) ၉ နာရီ ၃ နာရီ Drill ကို နေ့တိုင်း လေ့ကျင့်ဖို့ တိုက်တွန်းချင်ပါတယ်။
ဒါဟာ Half Swing လေ့ကျင့်ခန်း ဖြစ်တဲ့အတွက် အင်အား လုံးဝ မလိုပါဘူး။ 90 Degree Control လေးနဲ့ပဲ ရိုက်ကြည့်ပါ။ Hand Feel တဖြည်းဖြည်း ရလာပြီး၊ Impact Quality က သိသိသာသာကို ကောင်းလာပါလိမ့်မယ်။ ကွင်းထဲမှာပဲဖြစ်ဖြစ်၊ Range မှာပဲဖြစ်ဖြစ် ယုံကြည်မှုအပြည့်နဲ့ Swing ကို လွတ်လွတ်လပ်လပ် လွှဲနိုင်ဖို့ ဒီနေ့ CK Golf, Taylormade, RLX outfit လေးကို ပံ့ပိုးပေးထားတဲ့ Divot Club (DC Golf Myanmar) ကို အထူး ကျေးဇူးတင်ပါတယ်။
Click here to claim your Sponsored Listing.