The N5

The N5

Share

Arsenal Fan Community

26/01/2026

🛑အာဆင်နယ်-မန်ယူ ပွဲစဉ်အပြီး သုံးသပ်ချက်များ
----------------------------------
ပြီးခဲ့သည့် အာဆင်နယ်နှင့် မန်ယူတို့၏ ထိပ်တိုက်တွေ့ဆုံမှုသည် သာမန်ပွဲစဉ်တစ်ပွဲထက်မကဘဲ ပရီးမီးယားလိဂ် ချန်ပီယံဆု လမ်းကြောင်းကိုပါ လှုပ်ခတ်သွားစေခဲ့သည့် ဖြစ်ရပ်တစ်ခု ဖြစ်လာခဲ့သည်။ အဆင့်(၄)အတွင်းဝင်ရန် ရုန်းနေရသည့် ယူနိုက်တက်က ချန်ပီယံဆုကို ဦးတည်နေသည့် အာဆင်နယ်ကို အမ်းမရိတ်ကွင်းအတွင်း (၂-၃)ဂိုးရလဒ်ဖြင့် အနိုင်ယူသွားခြင်းမှာ မန်ယူကစားသမားဟောင်း ဂယ်ရီနဗီးလ် ပြောသကဲ့သို့ပင် "မဖြစ်နိုင်ဘူး"ဟု ထင်မှတ်ထားခဲ့ရသည့် ရလဒ်မျိုးပင် ဖြစ်သည်။ မိုက်ကယ် ကာရစ်လက်ထက်တွင် မန်စီးတီးနှင့် အာဆင်နယ်တို့ကဲ့သို့ အသင်းကြီးများကို ဆက်တိုက်အနိုင်ယူပြနိုင်ခဲ့သည့် ယူနိုက်တက်၏ အပြောင်းအလဲနှင့် အာဆင်နယ်၏ စိုးရိမ်ဖွယ်ရာ အခြေအနေများအပေါ် ပက်ထရစ် ဗီအဲရာ၊ ရွိုင်ကိန်းနှင့် မီကာရ် ရစ်ချတ်တို့၏ သုံးသပ်ချက်များထဲမှ ထုတ်နှုတ်ဖော်ပြလိုက်ပါသည်။

▪️ မိုက််ကယ်ကာရစ်နှင့် ယူနိုက်တက်တို့ရဲ့ သိသာထင်ရှားသော အပြောင်းအလဲ

မိုက်ကယ်ကာရစ် တာဝန်ယူပြီးသည့်နောက် မန်ယူကစားသမားများသည် ပြီးခဲ့သည့်(၃)ပတ်လောက်က စိတ်ဓာတ်ပိုင်းဆိုင်ရာနှင့် လုံးဝ ကွဲပြားခြားနားသော စိတ်ဓာတ်ပိုင်းဆိုင်ရာဖြင့် ပေါ်ထွက်လာခဲ့ကြသည်။ ကွင်းအတွင်း ပိုပြီး လွတ်လွတ်လပ်လပ် ကစားလာနိုင်ကြသည်ကို သတိပြုမိခဲ့သလို မားသီးယပ် ကူညာ၏ အံ့မခန်းသွင်းဂိုးနှင့် ဒေါ်ဂူ၏ စွမ်းဆောင်ရည်များက မန်ယူ၏ တိုက်စစ်ပိုင်း ပြန်လည်ရှင်သန်လာမှုကို အထင်းသား သက်သေပြနေသည်။ သို့သော်လည်း မန်ယူ ဂန္ထဝင်ကစားသမားဟောင်း ရွိုင်ကိန်းကမူ ယခုအောင်မြင်မှုအပေါ် သံသယရှိနေဆဲဖြစ်ပြီး သူ့အသင်းဟောင်းအပေါ် အမြဲတမ်းနည်းပြ ခန့်အပ်ရေးနှင့် ပတ်သက်၍ ပြတ်သားစွာ ဝေဖန်ခဲ့သည်။

"ဘယ်သူမဆို နှစ်ပွဲလောက်တော့ နိုင်နိုင်ပါတယ်။ သူဟာ ဒီရာထူးအတွက် အသင့်တော်ဆုံးလူ ဖြစ်မလားဆိုတာကို ရာသီကုန်မှာ သူ ဘာတွေစွမ်းဆောင်ပြနိုင်မလဲဆိုတာ စောင့်ကြည့်ရဦးမှာပါ။ တကယ်လို့ သူတို့ အဆင့်(၄) အတွင်း ဝင်ခဲ့ရင်တောင် သူဟာ ယူနိုက်တက်အတွက် မှန်ကန်တဲ့ ရွေးချယ်မှုလို့ ကျွန်တော်ကတော့ မယူဆပါဘူး။" -[ရွိုင်ကိန်း]

▪️ အာဆင်နယ်နှင့် "ဖိအား"

အာဆင်နယ်အသင်းသည် ဇယားထိပ်ဆုံး၌ ရှိနေသော်လည်း ကွင်းအတွင်း သိသာထင်ရှားသည့် စိတ်ပိုင်းဆိုင်ရာ ရုန်းကန်နေရမှုများကို အချိန်မိနစ်အများအပြား တွေ့မြင်ခဲ့ရသည်။ ကွင်းအတွင်းရှိ ပရိသတ်များ၏ ပွဲချိန်အတွင်းနှင့် ပွဲအပြီး စိုးရိမ်ပူပန်မှုများက ကစားသမားများထံ ကူးစက်နေပြီး "Sloppy passes" ဟုခေါ်သည့် အခြေခံကျသည့် ဘောလုံးအပေးအပို့လေးတွေကိုပင် အမှားအယွင်း များစွာ များစွာ ဖြစ်ပေါ်စေခဲ့သည်။ အာဆင်နယ်ဂန္ထဝင်ကစားသမားကြီး ပက်ထရစ် ဗီအဲရာ နှင့် မီကာရ် ရစ်ချတ်တို့က အာဆင်နယ်သည် ရဲစွမ်းသတ္တိနှင့် အခြေခံအလုပ်လေးများသို့ ပြန်ရရှိရန် လိုအပ်နေသည်ဟု သုံးသပ်ကြသည်။ မန်ယူနှင့်ပွဲတွင် ဒီကလန်ရိုက်စ် တစ်ယောက်တည်းသာ တစ်ဦးချင်း ရင်ဆိုင်မှု(1v1)များတွင် အနိုင်ရကာ အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့ပြီး ကျန်ကစားသမားများ အားလုံးမှာမူ ဖိအားအောက်တွင် ခြေစွမ်းပြရန် ရုန်းကန်ခဲ့ကြရသည်။

▪️နံပါတ်(၉) တိုက်စစ်မှူး မလိုအပ်ဘဲ ချန်ပီယံဖြစ်နိုင်သလား?

အာဆင်နယ်တိုက်စစ်ကစားသမားများ၏ ဂိုးသွင်းနှုန်း ကျဆင်းနေခြင်းမှာ အသင်းအတွက် ကြီးမားသော စိန်ခေါ်မှုတစ်ခု ဖြစ်နေသည်။ သို့သော် သမိုင်းတစ်လျှောက်တွင် ဂိုး(၂၀) သွင်းမည့် တိုက်စစ်မှူးမပါဘဲ ချန်ပီယံဖြစ်ခဲ့သည့် ၂၀၀၄/၀၅ ရာသီက ချဲလ်ဆီး (ဖရန့်ခ် လမ်းပက် ၁၃ ဂိုး)နှင့် ၂၀၂၁ ရာသီက မန်စီးတီး (ဂွန်ဒိုဂန် ၁၃ ဂိုး)တို့၏ ပြစရာ နမူနာများ ရှိခဲ့သည်။

သို့သော် လက်ရှိ အာဆင်နယ်တိုက်စစ်၏ စာရင်းဇယားများမှာမူ စိုးရိမ်စရာ အခြေအနေသို့ ရောက်ရှိနေသည်မှာ အငြင်းပွားစရာ ဆက်ဆွေးနွေးရမယ့် အကြောင်းအရာ ဖြစ်နေတော့သည်။

ဆာကာ > ပြိုင်ပွဲအရပ်ရပ် နောက်ဆုံး(၁၃)ပွဲဆက်တိုက် ဂိုးပေါက်ပျောက်ဆုံးနေသည်။

ယောကဲရက်စ် > ပရီးမီးယားလိဂ် နောက်ဆုံး(၁၁)ပွဲတွင် ပင်နယ်တီမဟုတ်သောဂိုး သွင်းယူနိုင်ခြင်း မရှိသေးပေ။

မာတင်နယ်လီ > ပရီးမီးယားလိဂ် နောက်ဆုံး(၁၃)ပွဲတွင် ဂိုးသွင်းယူနိုင်ခြင်း မရှိသေးပါ။

မာဒူအကီ > ပရီးမီးယားလိဂ် နောက်ဆုံး(၂၅)ပွဲဆက်တိုက် ဂိုးပေါက်ပျောက်ဆုံးနေသည်။

ထရော့ဆာ့ > ပြိုင်ပွဲစုံ နောက်ဆုံး(၁၁)ပွဲတွင် သွင်းဂိုး(၁)ဂိုးသာ သွင်းယူထားသည်။

▪️ မာတင် အိုဒီဂတ်၏ နည်းဗျူဟာပိုင်းဆိုင်ရာ အားနည်းချက်

အသင်းခေါင်းဆောင် မာတင်အိုဒီဂတ်သည် ပွဲကစားချိန်အတွင်း ဘောလုံးရယူရန်အတွက် ခံစစ်(၄)ယောက်တန်းနားအထိ အလွန်အကျွံ ဆင်းကစားနေခြင်းကြောင့် အာဆင်နယ်၏ တိုက်စစ်ထိရောက်မှု လျော့နည်းသွားသည်ဟု ပက်ထရစ် ဗီအဲရာက ထောက်ပြခဲ့သည်။ ဗီအဲရာ၏ အမြင်အရ အိုဒီဂတ်သည် ခံစစ်နှင့် ကွင်းလယ်ကြား နေရာလွတ်များတွင် ပိုမိုကစားသင့်ပြီး၊ ဘောလုံးလက်ခံရရှိချိန်တွင်လည်း သူ၏ "First touch" သည် နောက်သို့ပြန်မပေးဘဲ ရှေ့ တိုက်စစ်ဆင်ရန် တိုက်ရိုက်ဦးတည်နေမှသာ တိုက်စစ်ကို ပိုမိုဖန်တီးပေးနိုင်မည်ဖြစ်သည်။

▪️ ပက်ထရစ် ဗီအဲရာ၏ သတိပေးချက်

အာဆင်နယ် ဂန္ထဝင်ကစားသမား ဗီအဲရာကတော့ ယခုရာသီသည် အာဆင်နယ်အတွက် ချန်ပီယံဖြစ်ရန် အကောင်းဆုံးအခွင့်အရေးဖြစ်ကြောင်း ပြင်းပြင်းထန်ထန် သတိပေးခဲ့သည်။ သူ၏ အဆိုအရ လီဗာပူးလ်နှင့် ချဲလ်ဆီးတို့သည် ချန်ပီယံပြေးလမ်းမှ လုံးဝထွက်သွားပြီ ဖြစ်သောကြောင့် အာဆင်နယ်အနေဖြင့် ထိုအခွင့်အရေးမျိုးကို အသုံးမချနိုင်ခဲ့ပါက နောက်နောင်တွင် ယခုကဲ့သို့ အခြေအနေမျိုး ရရှိရန် အလွန်ခက်ခဲသွားမည်ဖြစ်သည်။ ထို့ပြင် အာဆင်နယ်အနေဖြင့် ယခုလိုဖိအားများ ဖြစ်ပေါ်နေသည်မှာ အသင်းလိုက် စွမ်းဆောင်ရည် ကျဆင်းသွားခြင်းကြောင့် မဟုတ်သော်လည်း အဓိက ကစားသမားများ တစ်ဦးချင်းစီ၏ ခြေစွမ်းကျဆင်းမှုကြောင့်သာ အသင်းကို ဖိအားဖြစ်စေကြောင်း သုံးသပ်ခဲ့သည်။

နောက်ဆုံးအနေဖြင့် စဉ်းစားစရာမှာ အာဆင်နယ်အနေဖြင့် ၎င်းတို့၏ စိတ်ပိုင်းဆိုင်ရာ အတားအဆီးကို ကျော်ဖြတ်ပြီး နှစ်ပေါင်းများစွာ ဝေးကွာနေသည့် ချန်ပီယံဖလားကို အရယူနိုင်မလား၊ သို့မဟုတ် ဖိအားအောက်တွင် ထပ်မံ ဒူးထောက်သွားမလား? ဆိုသည်ကို ဆက်လက်စောင့်ကြည့်ရမည် ဖြစ်သည်။

မီခယ်လ် အာတီတာကတော့ အားလုံး စုစည်းကာ စည်းလုံးညီညွတ်ကြဖို့ တိုက်တွန်းထားသည်။

The N5

Ref: Sky Sports Super Sunday Full post-match

26/01/2026

🛑အာဆင်နယ်၏ ချန်ပီယံမျှော်လင့်ချက်နှင့် မေးခွန်းထုတ်စရာ စိတ်ဓာတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု
-------------------------------
၂၆.၁.၂၀၂၅
The N5

ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ဦးဆောင်နေသော အာဆင်နယ်အသင်းသည် ယခုရာသီတွင် ဆုဖလားလက်မဲ့ ဖြစ်ခဲ့ရသည့် နှစ်ပေါင်းများစွာသော အိပ်မက်ဆိုးများကို အဆုံးသတ်ရန် အကောင်းဆုံး အခွင့်အရေး ပိုင်ဆိုင်ထားသော်လည်း၊ မကြာသေးမီက ရလဒ်များနှင့် ပရိသတ်များ၏ တုံ့ပြန်မှုများက အသင်း၏ စိတ်ဓာတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုကို မေးခွန်းထုတ်စရာ ဖြစ်လာစေခဲ့သည်။

▪️ကြောက်စိတ်နှင့် ဖိအား
----------------
Sky Sports မှ ဘောလုံးသုံးသပ်သူ တင်မ် ရှားဝုက အာဆင်နယ်ကစားသမားများအနေဖြင့် "အဆုံးသတ်မျဉ်း"ကို ကျော်ဖြတ်နိုင်ရန် လိုအပ်ကြောင်း ထောက်ပြခဲ့သည်။ "ဒီကစားသမားအုပ်စုမှာ မေးခွန်းထုတ်စရာ တစ်ခုတည်းရှိတာက အောင်မြင်မှုရဖို့ လိုအပ်တဲ့ စိတ်ဓာတ်ကြံ့ခိုင်မှု ရှိရဲ့လား ဆိုတာပါပဲ။ သူတို့ လူအင်အား ဖြည့်ထားတယ်၊ ခံစစ်ကောင်းတယ်၊ ဂိုးသွင်းအားလည်း ရှိတယ်။ ဒါပေမဲ့ ပြည်တွင်းမှာ အကြီးကျယ်ဆုံး ဆုဖလားကို ရယူဖို့ဆိုတာ ကြောက်စိတ်တွေ စိုးရွံ့စိတ်တွေနဲ့ ရင်ဆိုင်ရမှာ အသေအချာပါပဲ" ဟု တင်မ်က ဆိုသည်။

▪️ပရိသတ်များ၏ စိတ်ပျက်မှု
---------------------
မန်ချက်စတာယူနိုက်တက်နှင့် ပွဲစဉ်အပြီးတွင် အိမ်ကွင်းပရိသတ်အချို့က အသင်းကို လှောင်ပြောင်မှုများ ပြုလုပ်ခဲ့ကြသည်။ အာဆင်နယ်ပရိသတ် နစ်ခ် ကာရာမန်းကမူ ၎င်းသည် ပွဲတစ်ပွဲတည်းကြောင့် မဟုတ်ဘဲ စိတ်ပျက်မှုများ စုပြုံ ပေါက်ကွဲထွက်လာခြင်းဖြစ်ကြောင်း ရှင်းပြသည်။ "ကျွန်တော်တို့ အမှတ်တွေ ရနေပေမဲ့ ကစားပုံက ပြဿနာရှိနေတယ်။ Open play ကနေ ဂိုးသွင်းတာ အဆင့်(၁၇)မှာပဲ ရှိတယ်။ အာတီတာက ကြောက်စိတ်ဝင်နေသလိုပဲ၊ အရမ်း ခံစစ်ဆန်တယ်" ဟု နစ်ခ်က ဝေဖန်ခဲ့သည်။

▪️နည်းပြ အာတီတာအပေါ် အမြင်များ
---------------------------
ကစားသမားဟောင်း ဂျေး ဘို့သရွိုက် အပါအဝင် အချို့က အာတီတာ၏ နည်းဗျူဟာနှင့် လူစားလဲမှုများကို ဝေဖန်ကြသော်လည်း၊ တင်မ်ရှားဝုကမူ အာတီတာကို ယုံကြည်ကြောင်း ပြောကြားခဲ့သည်။ သို့သော် အာတီတာအနေဖြင့် အသင်းကို ပွဲစကတည်းက တိုက်စစ်ဖွင့်ကစားစေပြီး ပရိသတ်များ၏ စိုးရိမ်စိတ်ကို လျှော့ချပေးရန် လိုအပ်ကြောင်း အကြံပြုခဲ့သည်။

▪️မန်စီးတီး၏ ခြိမ်းခြောက်မှု
--------------------
အာဆင်နယ်သည် လက်ရှိတွင် ရမှတ်(၄)မှတ် ကွာဟချက်ဖြင့် ဦးဆောင်နေသော်လည်း အတွေ့အကြုံရင့် ပပ်ဂွါဒီယိုလာ၏ မန်ချက်စတာစီးတီးအသင်းက နောက်မှ ကပ်လိုက်လာမည့် အန္တရာယ်ကို သတိပြုရမည်ဖြစ်သည်။ "တကယ်လို့ မန်စီးတီးက အမှတ်ကပ်လိုက်လာပြီဆိုရင် အရင်က မကြုံဖူးတဲ့ အာဆင်နယ် ကစားသမားတွေအတွက် စိတ်ဓာတ်ပိုင်းဆိုင်ရာ စမ်းသပ်မှုကြီး ဖြစ်လာလိမ့်မယ်" ဟု တင်မ်ရှားဝုက သတိပေးခဲ့သည်။

▪️ပရိသတ်စစ်တမ်း
---------------
Sky Sports ၏ ဖော်ပြချက်မှတဆင့် X (Twitter) တွင် စစ်တမ်းကောက်ထားသည့် အချက်အလက်အရ "အာဆင်နယ် လိဂ်ချန်ပီယံ ဖြစ်မလား"ဆိုသည့်မေးခွန်းကို ဖြေထားသည့်သူ ပရိသတ် ၆၅% က အာဆင်နယ် ချန်ပီယံ မဖြစ်နိုင်ဟု ဖြေကြားထားသော်လည်း၊ အာဆင်နယ်ပရိသတ် နစ်ခ်ကမူ အသင်းအနေဖြင့် အခက်အခဲများကို ကျော်ဖြတ်ကာ လိဂ်ချန်ပီယံ ဖြစ်လာနိုင်သေးကြောင်း ယုံကြည်ချက် ရှိနေဆဲဖြစ်သည်။ "အာတီတာအနေနဲ့ အပြင်က ဆူညံသံတွေကို နားပိတ်ပြီး ရှေ့ဆက်သွားဖို့ပဲ လိုပါတယ်" ဟု ၎င်းက သုံးသပ်ခဲ့သည်။

~The N5

Photos from The N5's post 26/01/2026

🛑မန်ချက်စတာယူနိုက်တက်နဲ့ အာဆင်နယ်တို့ရဲ့ ပွဲအပြီး အင်တာဗျူး ပြောစကားများ
------------------------------------
🗣️ အာတီတာ၊ ကာရစ်၊ ကူးညာ၊ ဆာကာ၊ အိုဒီဂတ်၊ ဗီအဲရာနဲ့ ရွိုင်ကိန်း
-------------------------------------
၂၀၂၆၊ ဇန်နဝါရီ ၂၆

မန်ချက်စတာယူနိုက်တက်အသင်းဟာ ပတ္ထရစ် ဒေါ်ဂူနဲ့ မားသီးယပ်စ် ကူးညာတို့ရဲ့ လှပတဲ့ သွင်းဂိုးတွေကြောင့် အမ်းမရိတ်စ်ကွင်းမှာ (၃-၂)ဂိုးနဲ့ အနိုင်ရရှိသွားပြီး အာဆင်နယ်ရဲ့ ပရီးမီးယားလိဂ် ချန်ပီယံမျှော်လင့်ချက်ကို ထိခိုက်စေခဲ့ပါတယ်။ ပွဲပြီးခါနီး (၃)မိနစ်အလိုမှာ ဘရာဇီးလ်တိုက်စစ်မှူး ကူးညာက ဘောလုံးကို ဝိုက်ပြီး ကန်သွင်းယူသွားခဲ့တာပါ။ အဲဒီမတိုင်ခင်လေးမှာပဲ မီခယ်လ်မယ်ရီးနိုက အာဆင်နယ်အတွက် ချေပဂိုး သွင်းယူပေးခဲ့ပါသေးတယ်။

ပွဲကစားချိန် မိနစ်(၃၀)လောက်မှာ လီဆန်ဒရို မာတီးနက်ဇ်ရဲ့ ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့လို့ အာဆင်နယ်တို့ ဦးဆောင်ဂိုး ရခဲ့ပေမယ့် ပထမပိုင်းမပြီးခင်မှာပဲ မာတင်ဇူဘီမန်ဒီရဲ့ ဆိုးရွားတဲ့ အမှားကနေ ဘရိုင်ယန် အမ်ဘူမိုက အခွင့်ကောင်းယူခဲ့ပြီး ယူနိုက်တက်အတွက် ချေပဂိုး သွင်းပေးခဲ့ပါတယ်။ အဲဒီအမှားက ပွဲရဲ့အလှည့်အပြောင်း ဖြစ်သွားခဲ့ပြီး ဒုတိယပိုင်းမှာ အိမ်ရှင်အာဆင်နယ်တို့ ခြေစွမ်းကျဆင်းသွားခဲ့ပါတယ်။

မန်နေဂျာတွေ၊ ကစားသမားတွေ၊ သုံးသပ်သူတွေ ဒီပွဲအပေါ် ဘယ်လိုမြင်ခဲ့ကြပါသလဲ.....

အာဆင်နယ်နည်းပြ မီခယ်လ်အာတီတာက သူတို့အသင်း ကိုယ့်ဒုက္ခကိုယ်ရှာမိခဲ့တဲ့အပေါ် အခုလိုပဲ ပြောကြားခဲ့ပါတယ်...

🗣️"ပထမ မိနစ် ၃၀ မှာ ကျွန်တော်တို့ ပွဲကို အပြည့်အဝ ထိန်းချုပ်ထားနိုင်ခဲ့ပြီး ဂိုးလည်း ရခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီနောက်ပိုင်း အရေးကြီးတဲ့ နေရာတွေမှာ ဘောလုံးတွေ ခဏခဏ ပေးရပါတယ်။ ပွဲကို ထိန်းချုပ်နိုင်စွမ်းနဲ့ လွှမ်းမိုးထားနိုင်မှုတွေ လျော့ကျလာပြီး ပွဲက ရုတ်ရုတ်သဲသဲ ဖြစ်သွားတယ်။ ကစားသမားတွေကိုတော့ သူတို့ရဲ့ တည်ငြိမ်မှုအတွက် အများကြီး ချီးကျူးရမှာပါ။ ပွဲရှုံးတဲ့အခါ ကျွန်တော်ပဲ တာဝန်ယူပါတယ်၊ ကစားသမားတွေကို ကျွန်တော် ကာကွယ်ပေးရမယ်။ ကျွန်တော်တို့ ဘောလုံးတွေ ပေးလိုက်ရလို့ပါ။ နိုင်ချင်တယ်ဆိုရင်တော့ ဒီလိုအခြေအနေတွေကို ဖြတ်ကျော်ရမှာပဲ၊ ပွဲတိုင်းနိုင်ဖို့တော့ မျှော်လင့်လို့ မရဘူးလေ၊ အဲဒါက လက်တွေ့မကျပါဘူး။ နိုင်ပွဲနဲ့ ရှုံးပွဲကြားက ကွာခြားချက်တွေက အရမ်းသေးငယ်ပါတယ်၊ ကျွန်တော်တို့က အဲဒါကို ပိုတောင် သေးငယ်သွားအောင် လုပ်လိုက်မိတယ်။"
Source: BBC Match of the Day

---

မန်ယူနည်းပြ ကာရစ်က ပွဲကစားရင်း သူ့အသင်း တဖြည်းဖြည်း ခြေစွမ်းတက်လာတဲ့အပေါ် ပြောကြားရာမှာတော့...

🗣️"ပွဲအစပိုင်းက အဲဒီလို ဖြစ်နေမယ်ဆိုတာ ကျွန်တော်တို့ နားလည်ထားပြီးသားပါ၊ အရှိန်အဟုန်ကို ကိုယ့်ဘက်ပါလာအောင် ဘယ်လောက်ပဲ ကြိုးစားကြိုးစားပေါ့။ ပွဲရဲ့ စီးဆင်းပုံနဲ့ ဘယ်လိုဖြစ်လာမလဲ ဆိုတာကို ကျွန်တော်တို့ သဘောပေါက်ခဲ့တယ်လို့ ထင်တယ်။ ဘောလုံးကို စပြီး ထိန်းကစားလာနိုင်တယ်၊ ကွင်းထဲမှာ ချိတ်ဆက်မှုတွေ မိလာတယ်၊ တည်ငြိမ်မှုရလာပြီး ယုံကြည်မှုပါ နည်းနည်း တက်လာတယ်။ ကျွန်တော်တို့ ကစားကွက်မိနေပြီး ပွဲထဲ ဝင်လာနိုင်ပြီလို့ ထင်နေတုန်းမှာ သူတို့ ဂိုးသွင်းလိုက်တော့ စိတ်ပျက်စရာပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့ ပြန်လာနိုင်တဲ့ စိတ်ဓာတ်ကို ပြသနိုင်ခဲ့တယ်။ ခံစစ်ကစားရတဲ့ အချိန်တွေလည်း ရှိတာပေါ့။ သူတို့က ကိုယ့်ရဲ့ ပင်နယ်တီဧရိယာထဲထိ ဖိအားပေးတာလေ၊ တစ်ခါတလေ ခက်ခဲပါတယ်။ ဒါပေမဲ့ ယုံကြည်မှု ဆက်ရှိနေဖို့ လုံလောက်တဲ့ အနေအထား ပွဲထဲမှာ ရှိခဲ့တယ်လို့ ထင်သလို၊ ဂိုးသွင်းနိုင်မယ်လို့လည်း ကျွန်တော် အမြဲ ယုံကြည်ခဲ့တယ်။"
Source: Sky Sports

အိုဒီဂတ်က အရှုံးပွဲနဲ့ ပုံမှန်အောက်ရောက်နေတဲ့ ခြေစွမ်းအပေါ် အခုလို ပြောပါတယ်...

🗣️"ကျွန်တော်တို့ ကစားပုံ မကောင်းခဲ့ပါဘူး။ အခု ပြန်သုံးသပ်ဖို့ အချိန်လိုပေမယ့် စွမ်းဆောင်ရည်က လုံလောက်မှု မရှိခဲ့တာတော့ အမှန်ပါပဲ။ ဒီထက် ပိုကောင်းအောင် လုပ်ခဲ့သင့်တာ၊ အခုအချိန်က ပိုပြီး စည်းလုံးရမယ့်အချိန်၊ ဆက်ကြိုးစားပြီး အတူတူ ပြန်လာရမယ့် အချိန်ပါ။ ပထမပိုင်းမှာ ကျွန်တော်တို့ ပိုကောင်းခဲ့တယ်၊ ဂိုးရပြီး ပွဲကို ထိန်းချုပ်ထားနိုင်ခဲ့ပေမယ့် ဘောလုံးတွေ ပေးလိုက်ရတာ များသွားလို့ အန္တရာယ်ရှိတဲ့ အခိုက်အတန့်တွေ ဖြစ်လာတယ်။ ဒုတိယပိုင်းမှာ ပွဲက နည်းနည်း ပြောင်းသွားတယ်။ သူတို့ ပြေးပေါက်ရရင် ဘယ်လောက်ကောင်းသလဲဆိုတာ ကျွန်တော်တို့ သိပါတယ်။ ဒုတိယပိုင်းမှာ သူတို့ ယှဉ်လုဘောတွေမှာ အများကြီး အသာရခဲ့ပြီး အရှိန်ရသွားတယ်၊ ပြေးပေါက်တွေ ရသွားတယ်။ ကျွန်တော်တို့ အခွင့်အရေးဖန်တီးတဲ့ စည်းချက်ထဲ ပြန်မဝင်နိုင်ခဲ့ဘူး။ (၂-၂)ဂိုးဖြစ်အောင်တော့ လုပ်နိုင်ခဲ့ပြီး နိုင်အောင် ဆက်ကစားနိုင်ခဲ့ပေမယ့် သူတို့က ချက်ချင်း ဂိုးပြန်သွင်းသွားတယ်။ အချုပ်ပြောရရင် မကောင်းပါဘူးဗျာ။ ဒါပေမဲ့ စည်းလုံးကြမယ်၊ ပိုကြိုးစားမယ်၊ တစ်ယောက်ကိုတစ်ယောက် တွန်းအားပေးပြီး ပြန်လာကြမယ်။ ဒီလိဂ်က ခက်ခဲတယ်ဆိုတာ သိပြီးသားပါ။ အခုက ကြံ့ခိုင်ရမယ့် အချိန်ပဲ။ အမှတ်ပေးဇယားထိပ်မှာ ရှိနေတုန်းပဲမို့ ဆက်သွားပြီး ချက်ချင်း ပြန်ရုန်းထကြရမယ်။"
Source: Sky Sports

---

အနိုင်ဂိုးရှင် မားသီးယပ် ကူးညာက အာဆင်နယ်နဲ့ ယှဉ်ပြိုင်ခဲ့ရတာနဲ့ ပတ်သက်ပြီး...

🗣️"ကျွန်တော်တို့ အသင်းလိုက် စိတ်ဓာတ်နဲ့ စွမ်းအားကို ပြသနိုင်ခဲ့တယ်လို့ ထင်တယ်။ ဒီကိုလာရင် ဘာဖြစ်မယ်ဆိုတာ သိထားပြီးသား၊ ကျွန်တော့်အမြင်ရိုးရိုးသားသား ပြောရရင် ဒီနေ့ သူတို့က ကမ္ဘာ့အကောင်းဆုံးအသင်းပါ။ မီခယ်လ်အာတီတာနဲ့ အာဆင်နယ်နဲ့ လက်တွဲတာကြာပြီဆိုတော့ နည်းစနစ်ပိုင်း အကုန်သိနေကြပြီ။ ဒါကြောင့် ဒီမှာလာကစားဖို့ ဘယ်လောက်ခက်မလဲ ကျွန်တော်တို့ သိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့က ယူနိုက်တက်လေ၊ ဘာလုပ်လုပ် နိုင်ဖို့အတွက်ပဲ လုပ်တာ။"
Source: Sky Sports

ဘူကာယို ဆာကာက ရှုံးပွဲအတွက် တုံ့ပြန်ဖို့ လိုအပ်ပုံကို ပြောကြားရာမှာ...

🗣️"ခရီးလမ်းက အမြဲတမ်း ဖြောင့်ဖြူးနေမှာ မဟုတ်ပါဘူး၊ အတက်အကျတွေ ရှိမှာပဲ။ နောက်တစ်ပတ်မှာ ကျွန်တော်တို့ရဲ့ စိတ်ဓာတ်ကို ပြသဖို့ လိုပါတယ်။ အခု အာရုံစိုက်ထားတာ ဒါပဲရှိတယ်၊ ရလဒ်ကို ပြင်လို့မှ မရတော့တာ။ ရှေ့ကိုပဲ ကြည့်ပြီး နောက်တစ်ပတ်အတွက် ပြင်ဆင်ရတော့မယ်။"
Source: Arsenal.com

---

အာတီတာက အသင်းပတ်ဝန်းကျင်မှာ စွမ်းအင်ကောင်းတွေ ဖန်တီးဖို့ လိုအပ်ကြောင်း ပြောပါတယ်...

🗣️"နိုင်ပွဲတွေရဖို့ သွားနေတဲ့ လမ်းကြောင်းမှာ ရှုံးတာ သရေကျတာ ရှိမှာပဲ။ ဘယ်လို တုံ့ပြန်မလဲ ဆိုတာက အဓိကပါ။ အခု နောက်ထပ် အခွင့်အရေး ရောက်လာပြီ၊ အကောင်းဆုံး စကားပြောရမယ့်နေရာက ကွင်းထဲမှာပါ၊ (၃)ရက်နေရင် ချန်ပီယံလိဂ် ကန်ရဦးမယ်လေ။ ဝန်ထမ်းတွေရယ်၊ ကျွန်တော်ရယ်၊ ကစားသမားတွေရယ်နဲ့ အထူးသဖြင့် ပရိသတ်တွေကြားမှာ Energy စွမ်းအင်တွေ ပိုကောင်းလေလေ၊ ကျွန်တော်တို့ လွတ်လွတ်လပ်လပ် ကစားနိုင်ပြီး စီးဆင်းမှု ကောင်းလေလေပဲ၊ ပွဲတွေအများကြီး ဆက်နိုင်သွားမယ်ဆိုတာ သေချာပါတယ်။"
Source: Arsenal.com

ဂန်းနားဟောင်း ဗီအဲရာက အာဆင်နယ်ရဲ့ စိတ်ဓာတ်ကြံ့ခိုင်မှု (မရှိခြင်း)အပေါ် သုံးသပ်ရာမှာ...

🗣️"သူတို့ (၄)မှတ် ဖြတ်ထားတုန်းပါပဲ။ ဒါပေမဲ့ အသင်းရဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်စရာတွေ ရှိနေတယ်။ ပွဲရှုံးသွားလို့ချည်း မဟုတ်ပါဘူး၊ ရှုံးသွားတဲ့ ပုံစံကြောင့်ပါ။ ဆာကာနဲ့ ထရော့ဆာ့တို့က ယူနိုက်တက်အသင်းကို စိုးရိမ်သွားရလောက်အောင် မလုပ်နိုင်ခဲ့ဘူး။ အသင်းရဲ့ စိတ်ဓာတ်ကို မြှင့်တင်ပေးမယ့် ခေါင်းဆောင်တစ်ယောက် လိုနေတယ်။ ကွင်းထဲရောက်ရင် စွမ်းအင်ပိုစိုက်ထုတ်ပြီး စွန့်စားမှုတွေ ပိုလုပ်ရမယ်ဆိုတာ နားလည်ဖို့လိုတယ်။ သူတို့မှာ အရည်အသွေး ရှိပါတယ်။ ကိုယ့်ကိုယ်ကို ဖော်ပြဖို့ လွတ်လပ်မှုရှိရှိ မကစားနိုင်ခဲ့ကြဘူး။"
Source: Sky Sports

---

ဗီအဲရာရဲ့ သုံးသပ်ချက်အပေါ် အာတီတာရဲ့ တုံ့ပြန်ချက်...

🗣️"ရပါတယ်၊ ဘယ်သူ့ဆီကပဲ လာလာ ထင်မြင်ချက်တိုင်းကို လက်ခံပါတယ်။ သူတို့မှာလည်း ပြောစရာ အကြောင်းပြချက် မှန်ကန်တာတွေ ရှိမှာပါ။ နောက်ဆုံးတော့ ပွဲနေ့ရောက်ရင် ကွင်းထဲမှာ ကျွန်တော်တို့ရဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုကို ပြသရမှာပဲ။ မီလန်မှာတုန်းက ကျွန်တော်တို့ အရမ်းကောင်းခဲ့တယ်၊ ဒီနေ့တော့ သိပ်မကောင်းခဲ့ဘူး။ သူတို့ ပွဲတွေ ဆက်တိုက် ကစားနေရလို့ စိတ်ပိုင်းဆိုင်ရာကြောင့်လားတော့ မသိဘူး၊ ဒါပေမဲ့ ကျွန်တော်တို့ ညံ့ခဲ့တာတော့ အမှန်ပဲ။ အထူးသဖြင့် နည်းစနစ်ပိုင်းဆိုင်ရာ တချို့နေရာတွေမှာပေါ့။ အမှားလုပ်မိရင် အကြီးအကျယ် ဒုက္ခပေးနိုင်တဲ့ အသင်းနဲ့ ကစားနေရတာလေ၊ အဲဒါက ကွာခြားချက်ပဲ။"
Source: Post-game press conference

မက်သူး အပ်စန်က အာဆင်နယ်တို့ အစောပိုင်း အသာစီးရမှုကို အသုံးမချနိုင်ခဲ့တာနဲ့ ပတ်သက်ပြီး...

🗣️"အာဆင်နယ်ကစားသမားတွေ ယုံကြည်မှု ရှိတယ်လို့ ကျွန်တော် မထင်ဘူး။ အားကုန်သွားတဲ့ ခြေစွမ်းမျိုးပဲ။ ပထမ (၃၅)မိနစ်လောက်မှာတင် ပွဲကို အပြတ်ဖြတ်ပြီး နိုင်ပွဲကို သေချာအောင် လုပ်ထားသင့်တာ၊ အဲဒါကို မလုပ်နိုင်ခဲ့ဘူး။ ပေါ့ပေါ့ဆဆနဲ့ ဂိုးပေးလိုက်ရတယ်။ ဒုတိယပိုင်းမှာ ထွက်လာတဲ့ မန်ချက်စတာယူနိုက်တက်က လုံးဝ ကွဲပြားသွားပြီ။"
Source: BBC Radio 5 Live

---

ဂယ်ရီနဗီးလ်က အာဆင်နယ်အတွက် စိတ်ပျက်စရာ ရလဒ်အပေါ်...

🗣️"ယုံနိုင်စရာမရှိအောင် ကောင်းတဲ့ပွဲ၊ အာဆင်နယ်အတွက်တော့ သတိဝင်စရာ နေ့တစ်နေ့ပါပဲ။ သူတို့ ပြန်စဉ်းစားပြီး အစက ပြန်စရလိမ့်မယ်။ ယူနိုက်တက်အတွက်ကတော့ ကာရစ်ရဲ့ တပည့်တွေ အခြေအနေ ဘယ်လောက်တောင် ပြောင်းလဲသွားလိုက်သလဲဗျာ။"
Source: Sky Sports

ရွိုင်ကိန်းက အာဆင်နယ် ဖိအားဝင်နေပုံအပေါ်...

🗣️"ဒီနေ့ အာဆင်နယ်အပေါ်မှာ ဖိအားတွေ ရှိနေခဲ့တယ်။ တခြားအသင်းတွေရဲ့ ရလဒ်တွေကို သူတို့ မြင်ထားတယ်၊ ပြိုင်ပွဲစုံမှာ သူတို့အတွက် အရာရာ အဆင်ပြေနေတယ်။ အဲဒါ ဖိအားပဲ၊ သူတို့ ဖိအားဒဏ် ခံနေရတယ်။ ဒါကို ဘယ်လို ကိုင်တွယ်ဖြေရှင်းမလဲ ဆိုတာပါပဲ။ ပြီးခဲ့တဲ့ နှစ်တွေတုန်းက အနေအထားကောင်းတွေရောက်နေရက်နဲ့ ဒုက္ခရောက်ခဲ့ရတာ အဲဒါကြောင့်ပဲ။ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေက လက္ခဏာတွေပေါ့။ လီဗာပူးလ်နဲ့ပွဲ၊ ဖောရက်စ်ပွဲ နဲ့ ဒီနေ့ပွဲ။ အရှိန်အဟုန်တွေ ပျောက်ဆုံးနေပြီ။"
Source: Sky Sports

---

ကွင်းထဲမှာ လှောင်ပြောင်သံတွေ ကြားရတဲ့အပေါ် အာတီတာရဲ့ ခံစားချက်...

🗣️"ကိစ္စမရှိပါဘူး၊ ကျွန်တော်တို့ ပိုလုပ်ရမယ်။ ဒီလောက်နဲ့ မလုံလောက်ဘူး ထင်တယ်...ပိုလုပ်ရမယ်၊ တခြားပြောစရာ မရှိဘူး။ အကောင်းဆုံး ကြိုးစားရမယ်။ အကောင်းဆုံး ကြိုးစားပြီးရင်တော့ စိတ်အေးချမ်းသာ နေလို့ရပါပြီ။ ဒီနေ့ တကယ်ကို အကောင်းဆုံး ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ အရမ်း စနစ်ကျတဲ့ အသင်းနဲ့ ယှဉ်ကစားရာမှာ ကျွန်တော်တို့ ထိရောက်မှု မရှိခဲ့ဘူး။ ကိုယ့်အမှားနဲ့ကိုယ် အပြစ်ပေးခံလိုက်ရတာပါပဲ။"
Source: Post-game press conference

The N5

25/01/2026

🛑 ပရီးမီးယားလိဂ်မှာ နောက်ဆုံး(၃)ပွဲဆက် အနိုင်မရခဲ့တဲ့ အာဆင်နယ်

အာဆင်နယ် 0-0 လီဗာပူးလ် 🤝
နော့တင်ဟမ်ဖောရက်စ် 0-0 အာဆင်နယ် 🤝
အာဆင်နယ် 2-3 မန်ချက်စတာယူနိုက်တက် ❌

25/01/2026

🛑 မန်ယူကိုက အာဆင်နယ်ထက် ကောင်းလွန်းနေတာပါ။ ဒါကိုတော့ လက်ခံရလိမ့်မယ်။ သူတို့ကောင်းပြီး အာဆင်နယ်က ဒီပွဲမှာ ဟုတ်တိပတ္တိ မလုပ်နိုင်လို့ ရှုံးတာပါ။ ဂျေဇူးက အားလုံးလွမ်းနေတဲ့ဂျေဇူး မဟုတ်ခဲ့သလို တစ်ဦးချင်းအမှားတွေကလည်း ဘာအတွက် မှားနေကြတာမှန်း စဉ်းစားလို့မရ။ ကာရစ်တို့ ဖြုတ်ချက်က 9+ ပဲလို့ ပြောရတော့မယ်။ ကောင်းပါတယ်။

နောက်တော့မှ ဒီပွဲအကြောင်း ဆက်ပြောကြတာပေါ့။

👏Congratulations!! ManU and Fans.

25/01/2026

🛑 အာဆင်နယ်ဖန်တွေ ပြောပြောနေတဲ့ Lineup ထွက်လာတယ်။ တိုက်စစ်မှာ ခြေစွမ်းပြန်ပြနေတဲ့ ဂါဘရီယယ် ဂျေဇူး ဦးဆောင်လာပါတယ်။ ဘယ်ခြမ်းခံစစ်မှာ ဟင်ကာပီယယ် ပြန်ပါလာပြီး တင်းဘားက သူ့ရဲ့ ညာခြမ်းခံစစ်မှာ အိုဒီဂတ်၊ ဆာကာတို့နဲ့ ပုံမှန်တွဲဖက် ကစားသွားမှာ ဖြစ်ပါတယ်။ ထရော့ဆာ့ ခြေစွမ်းပြလိမ့်မယ် ထင်ပါတယ်။ 💪💯✨

Photos from The N5's post 25/01/2026

🛑တခြားသူတွေ မယုံခင် ကိုယ့်ကိုယ်ကိုယ် အရင် ယုံကြည်ဖို့ လိုပါတယ်ဆိုတဲ့ တင်းဘား (အင်တာဗျူး)
-----------------------------------
Sky Sports Premier League နဲ့ အာဆင်နယ်နောက်ခံလူ တင်းဘားတို့ရဲ့ သီးသန့်အင်တာဗျုးအစီအစဉ်လေးကို အာဆင်နယ်ချစ်သူများ ဖတ်ရှုနိုင်ဖို့ ရေးသားမျှဝေပေးလိုက်ပါတယ်။
------------------------------------

မေး။ ဒီအခိုက်အတန့်က ကျွန်တော့်အတွက် တကယ် အံ့ဩဖို့ကောင်းပါတယ်။ ညီလေးရေ... ကိုယ်က အာဆင်နယ်ပရိသတ်အကြီးစားတွေထဲက တစ်ယောက်လေ။

ဖြေ။ ဟုတ်....၊ ကြားမိပါတယ်။ ကျွန်တော်လည်း အတိုင်းထက်အလွန် ပျော်ရွှင်ရပါတယ်။ အပြင်ပန်းကတော့ ဘာမှမဖြစ်သလိုနေနေပေမယ့် ရင်ထဲမှာတော့ အရမ်းပျော်နေတယ်။

မေး။ ဟုတ်ပြီ... ကိုယ်သိချင်တာလေးတွေ ညီလေးကို မေးကြည့်ပါရစေ။ ဖြေနိုင်သလောက် ဖြေပေးပေါ့နော်။ ပြီးခဲ့တဲ့ ညက ပွဲအကြောင်းနဲ့ပဲ စလိုက်ရအောင်။ ညီလေး ကစားသွားတာ အရမ်းကောင်းတယ်။ ညီလေးက ညီလေးရဲ့နေရာမှာ ဒီလိဂ်ရဲ့ အကောင်းဆုံး မဟုတ်ရင်တောင် အကောင်းဆုံးတွေထဲက တစ်ယောက်ဆိုတာ သိသာလာပါပြီ။ ခံစစ်တန်း တစ်လျှောက်လုံးမှာ နေရာစုံ ကစားနိုင်တာနော်။ အခု လက်ရှိလုပ်ဆောင်ချက်တွေက တကယ်ကောင်းနေတယ်။ အဲဒါ ဘယ်လို ခံစားရလဲ။ လူတွေက ကိုယ့်အကြောင်း အဲဒီလို ပြောနေကြတာ ကြားရတဲ့အခါ ဘယ်လို ခံစားရလဲ။

ဖြေ။ အသင်းကြီးတစ်သင်းမှာ ကစားရတဲ့ အကျိုးဆက်လို့ ထင်ပါတယ်။ အသင်းကြီးမှာ ကစားပြီး အသင်းအတွက် အဆင်ပြေနေတဲ့ အချိန်မျိုးမှာ ကိုယ်တိုင် ဒါမှမဟုတ် တစ်ယောက်ယောက်က ကောင်းကောင်းကစားနိုင်တယ်ဆိုရင် လူတွေက စပြီး ပြောကြတော့တာပါပဲ။ ကိုယ့်အကြောင်း ကောင်းတာတွေရော၊ တခြားအကြောင်းအရာတွေရောပေါ့။ အသင်းကြီးမှာ ကစားနေပေမယ့် အခြေအနေမကောင်းရင်တော့ ခက်ခဲနိုင်ပါတယ်။ ဒါပေမဲ့ အဆင်ပြေနေတဲ့အချိန်ဆိုရင်တော့ လူတွေက ချီးကျူးကြမယ်၊ ကောင်းတာတွေ ပြောကြမယ်ဆိုတော့ ဒါက ကောင်းတဲ့အရာပါ။

မေး။ ညီလေးရဲ့ အင်တာဗျူးတွေ ကြည့်ရသလောက်၊ ပြီးတော့ ကိုယ့်ကိုယ်ကိုယ် နေပုံထိုင်ပုံတွေအရဆိုရင် ညီလေးက ကွင်းထဲမှာ တကယ့်ကို အပြုသဘောဆောင်တဲ့ စိတ်ဓာတ်မျိုး ရှိပုံရတယ်။ အဲဒီလို စိတ်ဓာတ်မျိုး အမြဲရှိခဲ့တာလား။ အကို အမြဲတွေးမိတာ တစ်ခုရှိတယ်။ သူများတွေ ကိုယ့်ကို အသိအမှတ်မပြုခင် ကိုယ်က ဘယ်လိုလူလဲဆိုတာ ကိုယ့်ကိုယ်ကိုယ် အရင် ယုံကြည်ထားဖို့ လိုတယ်လို့လေ။ ဒီတော့ ညီလေး ကိုယ့်စိတ်ထဲမှာ ဒီလိုအခြေအနေမျိုး ရောက်လာမယ်လို့ သိနေတာ ဘယ်လောက် ကြာပြီလဲ။

ဖြေ။ ငယ်ငယ်လေး ကတည်းက အဲဒီစိတ် ရှိခဲ့တယ်လို့ ထင်တယ်။ အေဂျက်အသင်းအတွက် ကစားပေးတုန်းကလည်း အမွှာညီအစ်ကိုနဲ့အတူ ကစားရင်း အသင်းရဲ့ အကောင်းဆုံးတွေထဲမှာ အမြဲပါခဲ့တယ်။ ဒါပေမဲ့ ရိုးရိုးသားသား ပြောရရင် ဒီကို (အာဆင်နယ်)ရောက်လာတဲ့ အခါကျတော့ ကိုယ် တကယ် ဘယ်လောက်တော်သလဲ ဆိုတာ သိဖို့ လိုအပ်လာတယ်။ အကောင်းဆုံးတွေထဲက အကောင်းဆုံးတွေနဲ့ ယှဉ်ပြိုင်ရတာကိုး။ ကျွန်တော်က အကောင်းဆုံးကစားသမားတွေနဲ့ အတူကစားနေရသလို၊ အပတ်တိုင်း အကောင်းဆုံးအသင်းတွေကို ရင်ဆိုင်နေရတာလေ။ အဲဒီတော့ ကိုယ့်ကိုယ်ကိုယ် စမ်းသပ်ကြည့်ရင်း ငါ ဘယ်အဆင့်မှာ ရှိနေသလဲဆိုတာ မြင်လာရတယ်။ ပြောရရင် အစပိုင်းမှာ တော်တော်လေး ကောင်းပါတယ်။ စိန်ခေါ်မှုတွေ ရှိပေမယ့် ကစားသမားကောင်းတွေ အများကြီးနဲ့ တွဲကစားရတော့ ပိုလွယ်ကူစေတယ်။ အစ်ကို ပြောသလိုပဲ တခြားသူတွေ မယုံခင် ကိုယ့်ကိုယ်ကိုယ် အရင် ယုံကြည်ဖို့ လိုပါတယ်။ ကျွန်တော့်မှာ အဲဒီစိတ် အမြဲရှိခဲ့ပါတယ်။ ဘုရားသခင်က ကျွန်တော့်ကို အခွင့်ထူးခံ နေရာတစ်ခု ပေးထားတယ်လို့ ခံစားရတယ်။ ကျွန်တော် အဆင်သင့် ဖြစ်နေပြီလို့ ခံစားရသလို စိန်ခေါ်မှုတွေကိုလည်း လက်ခံပါတယ်။

မေး။ အခု အသင်းဝန်းကျင်မှာ ဖိအားတွေ အများကြီး ရှိနေလား။ ပွင့်ပွင့်လင်းလင်း ပြောရရင် ကျွန်တော်တို့အာဆင်နယ်အသင်းက ပြိုင်ပွဲစုံမှာ လမ်းကြောင်းမှန်ပေါ် ရှိနေတုန်းပဲ။ အားလုံးမှာလည်း ခြေစွမ်းပြနေတယ်။ ပြီးခဲ့တဲ့ ရာသီတွေတုန်းကလည်း ထိပ်ဆုံးမှာ စိန်ခေါ်နိုင်ခဲ့ပေမယ့် အဆုံးမသတ်နိုင်ခဲ့ဘူး။ အသင်းပြင်ပက ပရိသတ် တစ်ယောက်အနေနဲ့ ပြောရရင်တော့ ဖိအားတွေ ရှိနေတယ်။ မကောင်းတဲ့ ဖိအားတွေပေါ့။ ညီလေးတို့အတွက်ရော ဘယ်လိုလဲ။ အဲဒါကို ဘယ်လို ကိုင်တွယ်ဖြေရှင်းသလဲ။

ဖြေ။ ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ် ဖိအားတွေ အများကြီး ပေးထားပြီးသားပါ။ အာဆင်နယ်အတွက် ကစားရတာနဲ့အညီ တာဝန်ယူမှုတွေ ပါလာပါတယ်။ ဆုဖလားကြီးတွေရဖို့ ကစားရမယ်။ အစ်ကို ပြောသလိုပဲ ပြိုင်ပွဲစုံမှာ ရှိနေသေးတယ်။ အဲဒီနေရာမှာပဲ ရှိချင်တာပါ။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ ဘာဆုဖလားတစ်ခုမှမရသေးဘူး ဆိုတာလည်း သိပါတယ်။ လျှောက်ရမယ့်လမ်းက ဝေးပါသေးတယ်။ ဒါပေမဲ့ ဖိအားက တွန်းအားဖြစ်စေတယ်လို့ ထင်တယ်။ အကောင်းဆုံး စွမ်းဆောင်နိုင်ဖို့ လူတိုင်း ဖိအား နည်းနည်းတော့ လိုမယ်ထင်တယ်။ ကျွန်တော်ကတော့ လိုတယ်။ ပြီးတော့ အသင်းဖော်တွေ အပေါ်မှာလည်း တာဝန်ရှိတယ်လို့ ခံစားရတယ်။ အမြဲတမ်း အကောင်းဆုံးပုံစံမှာ ရှိနေဖို့ပေါ့။ လူတိုင်း အဲဒီလို ခံစားရတော့ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် အားဖြည့်ပေးသလို ဖြစ်သွားတာပေါ့။

မေး။ နည်းပြကြီး (မီခယ်လ် အာတီတာ)နဲ့ ဆက်ဆံရေးကရော ကောင်းလား။

ဖြေ။ သူက ကျွန်တော်တို့ဆီက အကောင်းဆုံးကိုပဲ အမြဲ တောင်းဆိုတယ်။ ကျွန်တော် ဒီရောက်ကတည်းက အဲဒီလိုပဲ လုပ်ခဲ့ရတာ။ သူက ကျွန်တော့်ကို တာဝန်ယူမှု ရှိစေသလို၊ အကောင်းဆုံး ဖြစ်လာနိုင်မယ့် နေရာတွေမှာ ထားပေးတယ်။

မေး။ သူက ညီလေးကို ပိုကောင်းတဲ့ ကစားသမား ဖြစ်လာအောင် လုပ်ပေးတယ်လို့ ခံစားရလား။

ဖြေ။ အများကြီးပါပဲ။ ဒီကိုရောက်ခါစ ဒဏ်ရာရနေတုန်း အသင်းကစားတာ ကြည့်ပြီး "ဝိုး..." လို့ ဖြစ်ခဲ့ရတယ်။ အခု ကိုယ်တိုင် ဝင်ကစားခွင့်ရတော့ ပိုသိသာလာတယ်။ ကစားသမားတစ်ယောက်အနေနဲ့ရော၊ လူပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ပါ တိုးတက်လာတယ်။ ရိုးရိုးသားသား ပြောရရင် ကျွန်တော်တို့အဖွဲ့ထဲက ကစားသမားတွေရဲ့ စရိုက်က သူငယ်ချင်းတွေလို ဖြစ်နေကြပြီ။ အတူတူ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းကြတယ်။ ဒါက အရေးကြီးဆုံးအချက်လို့ ထင်တယ်။ ဘာလို့လဲဆိုတော့ ခရီးသွားရတာတွေ၊ ခရစ္စမတ်ကာလမှာ (၂)ရက် (၃)ရက် တစ်ခါ ကစားရတာတွေက ပင်ပန်းပါတယ်။ အင်္ဂလန်မှာ ဒါက ပုံမှန်ဆိုသလိုဖြစ်ပေမယ့် ကျွန်တော့်အတွက်တော့ ဒုတိယနှစ်ပဲ ရှိသေးတော့ အသစ်အဆန်း ဖြစ်နေတုန်းပဲ။ လုပ်ငန်းစဉ် (Process) တစ်လျှောက်လုံးမှာ မပျော်ရင် အရမ်း ခက်ခဲသွားလိမ့်မယ်။

မေး။ ဟုတ်တယ်...ညီ။ အဲဒါက အရေးကြီးတယ်။ လူတွေက ခရီးဆုံး ပန်းတိုင်ရောက်ဖို့ပဲ အာရုံစိုက်လွန်းတော့ လမ်းခရီးကို ပျော်ဖို့ မေ့နေတတ်ကြတယ်။ တကယ်တမ်း လိုချင်တာ ရသွားတဲ့အခါ ထင်သလောက် မဟုတ်မှန်း သိလာရတတ်တယ်။ တကယ်တမ်း ပျော်ရမယ့်အပိုင်းက လမ်းခရီး ဖြစ်နေတတ်တာကိုး။ အခက်အခဲတွေ ရှိပေမယ့် ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းသင့်တယ်။ ဟုတ်တယ်မလား။

ဖြေ။ ဟုတ်တယ်...အစ်ကို။ သဘောပေါက်ပါတယ်။

မေး။ ကဲ... မေးခွန်း အပေါ့စားလေးတွေ နည်းနည်းလောက် မေးဦးမယ်။ အဝတ်လဲခန်းထဲမှာ သီချင်းဖွင့်တဲ့သူက ဘယ်သူလဲ။ ပွဲမတိုင်ခင် ဘာတွေ နားထောင်ကြလဲ။

ဖြေ။ အခုတော့ နည်းပြအဖွဲ့ထဲက တစ်ယောက် ဖွင့်ပေးနေတယ်။ အရင်က ကစားသမားတွေ တစ်ယောက်ချင်းစီမှာ ကိုယ်ပိုင် နားကြပ်တွေ ရှိကြတော့ ကိုယ်ကြိုက်တာ ကိုယ်နားထောင်ကြတာ။ အခုတော့ အသင်းလိုက် Playlist လုပ်ထားတယ်။ အဝေးကွင်း သွားကစားတဲ့ အခါမျိုးဆိုရင် ကိုယ်ထည့်ချင်တဲ့ သီချင်း ထည့်ကြတယ်။

မေး။ အသင်းထဲမှာ ရေပန်းအစားဆုံး အဆိုတော်က ဘယ်သူ ဖြစ်မလဲ။

ဖြေ။ Drake လို့ပဲ ပြောရမှာပဲ။

မေး။ Drake ပေါ့။ ဟုတ်ပြီ။

ဖြေ။ Drake သီချင်း အကြားရဆုံးပဲ။ ဘာလို့လဲဆိုတော့ လူတိုင်း နားထောင်လို့ အဆင်ပြေတာကိုး။

မေး။ ဟုတ်တယ်...သူ့သီချင်းတွေကို နားထောင်ရတာ ပေါ့ပါးတယ်။ လူတိုင်း လက်ခံနိုင်တယ်။ ဒါဆို.. အသင်းထဲမှာ အရွှန်းအဖောက် အကောင်းဆုံး၊ ဟာသ အလုပ်ဆုံးက ဘယ်သူလဲ။

ဖြေ။ ကျွန်တော့် အမြင်တော့ ဘန်ဝှိုက်ကြီးပါပဲ။ သူက ဟာသလုပ်နေမှန်းတောင် သိသာတာ မဟုတ်ဘူး။ အပြင်ပန်း ကြည့်ရင် ထင်ရမှာ မဟုတ်ဘူးနော် ။ ဒါပေမဲ့ သူက အရမ်း ရယ်ရတယ်။ ကျွန်တော့်ကို အမြဲ ရယ်အောင် လုပ်နိုင်တယ်။

မေး။ အိုကေ... ကွင်းပြင်ပမှာ ဖက်ရှင် အလန်းဆုံးကရော ဘယ်သူလဲ။

ဖြေ။ ဒီကလန် ရိုက်စ်လို့ ပြောရမယ်။

မေး။ ဒီကလန်လား....။

ဖြေ။ ဟုတ်တယ်။

မေး။ ညီလေး ကိုယ့်ကိုယ်ကိုယ်တော့ မပြောဘူးပေါ့။

ဖြေ။ ဒီကလန်လို့ပဲ... ပြောပါမယ်။ ကျွန်တော် မဟုတ်ပါဘူး။

မေး။ ဟုတ်ပါပြီ။ သူကတော့ နည်းနည်း ထင်ပေါ်အောင် ဝတ်တတ်တာကိုး။ နောက်ဆုံး မေးခွန်း... အာဆင်နယ် လိဂ်ဖလား ရမလား။

ဖြေ။ ဘုရားသခင် အလိုတော် ရှိရင်ပေါ့ဗျာ။

မေး။ ညီလေးက PR(ပြည်သူ့ဆက်ဆံရေး)သင်တန်းတွေ တက်ထားပုံရတယ်... ဖြေတတ်လိုက်တာ။

ဖြေ။ တချို့အရာတွေက ထိန်းချုပ်လို့ မရဘူးလေ။ ကျွန်တော်တို့ကတော့ အခုလုပ်နေသလိုပဲ ရာသီကုန်အထိ အစွမ်းကုန် ကြိုးစားသွားမှာပါ။ ပြီးရင်တော့ ကျွန်တော်တို့ ပရိသတ်တွေနဲ့ ကျွန်တော်တို့အတွက် ကောင်းမွန်တဲ့ ရလဒ်တစ်ခု ရလာဖို့ မျှော်လင့်ပါတယ်။

မေး။ "ရမယ်" လို့ ပြောလိုက်တယ်လို့ပဲ မှတ်ယူလိုက်ပါမယ်ကွာ။ ကျေးဇူးတင်ပါတယ်....ညီလေး ။

The N5


25/01/2026

🛑 တနင်္ဂနွေနေ့အတွက် မန်ယူကိုလည်း နိုင်၊ အိမ်ပြန်ရောက် ဝိုင်သောက်ပေါ့ ...
-------------------------------
Sky Sports Premier League နဲ့ မီခယ်လ် အာတီတာတို့ရဲ့ သီးသန့်အင်တာဗျူး
-------------------------------
“လွန်ခဲ့တဲ့ (၂)နှစ်၊ (၃)နှစ်က သုံးခဲ့ကြတဲ့ နည်းဗျူဟာတွေကို အမှိုက်ပုံးထဲသာ ပစ်လိုက်တော့....”
-------------------------------
မေး။ မီခယ်လ်ရေ... ယုံချင်မှ ယုံလိမ့်မယ်။ ခင်ဗျား... အိပ်မက်တွေရဲ့နောက်ကိုလိုက်ပြီး စပိန်ကနေထွက်လာ...ပြီးတော့ PSG ကို သွားခဲ့တာဟာ ဒီနေ့ဆို (၂၅)နှစ်တိတိ ပြည့်ခါနီးပြီဗျာ့ နော်...။
ကိုယ့်ရဲ့အသက်မွေးဝမ်းကျောင်းမှာ အောင်မြင်တဲ့သူ တော်တော်များများမှာ ဒီလို အလှည့်အပြောင်းကာလတွေ ရှိခဲ့ကြတာပဲ။ အဲဒီအချိန်တုန်းကတော့ သက်တောင့်သက်သာ မရှိဘူး... မကောင်းဘူးလို့ ခံစားရနိုင်ပေမယ့် နောက်ဆုံး ပြန်ကြည့်လိုက်ပြန်ရင် ဘဝရဲ့ အဆုံးအဖြတ်ပေးတဲ့ အခိုက်အတန့်တွေ ဖြစ်နေတတ်ပြန်တယ်။ အဲဒီအချိန်တုန်းက ခင်ဗျားအတွက် အခုကျွန်တော်ပြောသလို အဲဒီလိုပဲလား။

ဖြေ။ (၁၀၀)ရာခိုင်နှုန်းပါပဲ။ ဘာလို့လဲဆိုတော့ အဲဒါက ကျွန်တော်ချမှတ်ခဲ့ရတဲ့ ပထမဆုံး ပရော်ဖက်ရှင်နယ် ခြေလှမ်းနဲ့ ဆုံးဖြတ်ချက်မို့လို့ပါ။ ဆောင်းရာသီ အပြောင်းအရွှေ့ကာလအလယ်လောက်မှာ အရမ်းမြန်မြန်ဆန်ဆန် ဖြစ်ပျက်သွားခဲ့တာ။ လူးဝစ္စ ဖာနန်ဒက်ဇ်(PSG နည်းပြဟောင်း)ဆီက ဖုန်းဝင်လာပြီး ကျွန်တော့်ကို အဲဒီအသင်းမှာ လာကစားစေချင်တယ်တဲ့။ အဲဒီတုန်းက ကျွန်တော့်မှာ အတွေ့အကြုံ ဘာမှမရှိသေးပါဘူး။ ဘာသာစကားလည်း မပြောတတ်ဘူး။ ဘာစီလိုနာမှာ အမေနဲ့အတူ နေနေရတာ။ အဲဒါနဲ့ အမေ့ကို ကြည့်ပြီး "အမေလိုက်မယ်ဆိုရင်တော့ ကျွန်တော်သွားမယ်" လို့ ပြောလိုက်တယ်။ အဖေနဲ့ ညီမလေးကိုလည်း ပြောပြတော့ သူတို့ကလည်း သဘောတူကြတယ်။ ဘောလုံးလောကမှာ ကျွန်တော်ချမှတ်ခဲ့သမျှ ဆုံးဖြတ်ချက်တွေထဲမှာ ဒါက အကောင်းဆုံး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

မေး။ အဲဒီတော့ အမေက ဘာပြန်ပြောလဲ။ သူလိုက်လာခဲ့တာလား။

ဖြေ။ သူကလား.... "သွားကြစို့၊ ပစ္စည်းတွေသိမ်းပြီး သွားကြတာပေါ့" တဲ့။ တကယ်တော့ သူ့ဆီက အဲဒီလို ပံ့ပိုးမှုနဲ့ ယုံကြည်မှုမျိုး ကျွန်တော် တကယ်လိုအပ်ခဲ့တာပါ။ ဒါက ကြီးမားတဲ့ အပြောင်းအရွှေ့လေ။ ဘာအတွေ့အကြုံမှမရှိဘဲ ကမ္ဘာ့အကောင်းဆုံးကလပ်အသင်းတွေထဲက တစ်သင်းမှာ ကစားဖို့ တိုင်းတစ်ပါးကို သွားရမှာဆိုတော့လေ။ အမေလိုက်လာတာ တကယ် အထောက်အကူ ဖြစ်ခဲ့ပါတယ်။

မေး။ အဲဒီအတွေ့အကြုံက ခင်ဗျားကို တိုးတက်လာဖို့ ဘယ်လိုကူညီပေးခဲ့သလဲ။ ကဏ္ဍနှစ်ခုတော့ ရှိမယ်ထင်တယ်။ ကျွန်တော်ပြောမလို့လုပ်တာက ခင်ဗျားဘာသာ ချက်ပြုတ်လျှော်ဖွပ် လုပ်ရမယ်ပေါ့။ဒါပေမဲ့ အမေပါလာတော့ အဲဒါတွေတော့ လုပ်ရမယ် မထင်ပါဘူး။ တခြားရှုထောင့်တစ်ခုကို ပြောချင်တာက ကိန်းဂဏန်းအချက်အလက်တွေကို ကျွန်တော် ပြန်ကြည့်နေမိတယ်။ ခင်ဗျားရဲ့ ဒုတိယမြောက်ပွဲစဉ်က အဝေးကွင်းမှာ နာမည်ကြီး အေစီမီလန်အသင်းနဲ့ ကစားရတာ။ ကလေးတစ်ယောက် ပျောက်နေသလို ဖြစ်မလားလို့...

ဖြေ။ ဟုတ်တယ်.. ကျွန်တော်တို့ အဲဒီမှာ ရှိခဲ့တယ်။ လွန်ခဲ့တဲ့ (၄)ရက်ကမှ စန်ဆီယိုကွင်းကို ရောက်ခဲ့သေးတယ်။ ပြောသလိုပဲ အဲဒီအချိန်တုန်းကနဲ့ဆို (၂၅)နှစ်ရှိပြီပေါ့ ။ မယုံနိုင်စရာပါပဲ။ ကံနည်းနည်းလည်း ကောင်းဖို့ လိုပါတယ်။ လူးဝစ္စ ဖာန်ဒက်ဇ်လိုမျိုး ကိုယ့်ကို တကယ်ယုံကြည်တဲ့သူ ရှိဖို့လိုတယ်။ ပြီးတော့ နေရာသစ်တစ်ခုကို ရောက်သွားတဲ့အခါ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်နိုင်ဖို့လိုတယ်။ ကျွန်တော် အဲဒီလို လုပ်နိုင်ခဲ့တယ်။ ဟိုတယ်ကို တန်းသွားလိုက်တော့ ဘယ်သူရှိနေသလဲဆိုတော့ မော်ရီစီယို ပိုချတ်တီနိုနဲ့ သူ့မိသားစု ရှိနေတယ်။ ကျွန်တော်တို့ (၃)လလောက် အတူတူ နေခဲ့ကြတယ်။ မော်ရီစီယို ပိုချတ်တီနိုက ကျွန်တော့်အတွက် ဖခင်တစ်ယောက်လိုပါပဲ။ သူက ကျွန်တော့်ကို စောင့်ရှောက်ပေးခဲ့တယ်။ သူက PSG ရဲ့ အသင်းခေါင်းဆောင်တွေထဲက တစ်ယောက်ဖြစ်တော့ ကျွန်တော့်အတွက် အများကြီး ပိုအဆင်ပြေသွားတယ်။

မေး။ အဲဒီမှာရှိခဲ့တဲ့ အချိန်ကာလအကြောင်း ဖတ်ကြည့်ရတာ တကယ် အံ့သြဖို့ကောင်းပါတယ်။ ခင်ဗျားက (၁၈)လလောက်ပဲ ကြာခဲ့တာနော်...အဲဒီမှာ ။ ဒါပေမဲ့ အဲဒီအချိန်တိုတိုလေးအတွင်းမှာ အခုထိ ခိုင်မြဲနေတဲ့ သူငယ်ချင်းသံယောဇဉ်တွေ တည်ဆောက်နိုင်ခဲ့တယ်။ ခင်ဗျားရဲ့ နည်းပြအဖွဲ့ဝင်တွေကို ကြည့်လိုက်ရင် ဂါဘရီယယ် ဟိန့်ဇ် Gabriel Heinze တို့ ရှိနေတယ်။

ဖြေ။ ဂတ်ဘီ(ဟိန့်ဇ်)က (၆)လလောက်နေမှ PSG ကို ရောက်လာတာ။ ဒါပေမဲ့ ကျွန်တော်တို့ကြားမှာ အခုထိ ခိုင်မြဲတဲ့ ဆက်ဆံရေးမျိုး တည်ဆောက်နိုင်ခဲ့ပါတယ်။ ဂတ်ဘီ(ဟိန့်ဇ်)က ကျွန်တော်နဲ့ အရင်းနှီးဆုံး မိတ်ဆွေတွေထဲက တစ်ယောက်ပါ။

မေး။ သူ့အကြောင်း ပြောရရင် အခုချိန်မှာ ယုံကြည်မှုတွေ အများကြီး ရှိနေပုံရတယ်။ ဘောလုံးအမြင်ချင်း ဖလှယ်လို့ရအောင်၊ အကူအညီရအောင် သူ့ကို ခေါ်လာခဲ့တာဆိုတော့လေ...

ဖြေ။ ပထမဆုံးအနေနဲ့ လူချင်း အပေးအယူတည့်ဖို့ လိုပါတယ်။ ကျွန်တော်တို့က တွေ့တာနဲ့ တန်းပြီး အပေးအယူ တည့်သွားတာ။ အချိန်တွေလည်း အများကြီး အတူတူကုန်ဆုံးခဲ့ကြတယ်။ ကွင်းထဲမှာလည်း နေရာချင်းကပ်လျက် ကစားခဲ့ရတာကိုး။ သူက နောက်တန်းဗဟို၊ ကျွန်တော်က ကွင်းလယ်အဖျက်။ ပြီးတော့ သူတို့က အရမ်း ဆူညံတယ်။ သူတို့နှစ်ယောက်(ပိုချတ်တီနိုနဲ့ ဟိန့်ဇ်)စလုံးက တကယ့်ကို "အလုပ်ရှုပ်တဲ့လူတွေ" (ရယ်လျက်...)။ ဒါပေမဲ့ သူတို့ဆီကနေ ကျွန်တော် အများကြီး သင်ယူခဲ့ရတယ်။ ဟိန့်ဇ်က သူရောက်လေရာမှာ နိုင်ပွဲရအောင် ယူတတ်သူဗျ။ ကျွန်တော်တို့ အသင်းအောင်မြင်ဖို့အတွက် လိုအပ်တဲ့ အသေးစိတ် အချက်အလက်လေးတွေကို ရှာဖွေနေတဲ့အချိန်မှာ ကိုယ့်ကို ကူညီပေးနိုင်မယ့်လူမျိုး လိုအပ်ပါတယ်။ ဂတ်ဘီက အဲဒီလို လုပ်ပေးနိုင်မယ့်သူလို့ ကျွန်တော် မြင်ခဲ့တယ်။

မေး။ အဲဒါကို မေးချင်နေတာပါ။ (၁၈)နှစ်သားအရွယ် ပါရီကို သွားခဲ့တဲ့ ခင်ဗျားအခြေအနေနဲ့ မာဆေးလ်ကို အငှားသွားကစားမယ့် အီသန် ဝမ်နယီတို့ရဲ့ အခြေအနေက တူနေလို့ပါ။ ကြောက်ရွံ့မှုတွေ၊ တင်းမာမှုတွေ ရှိနိုင်တဲ့ အခိုက်အတန့်ကြီးတစ်ခုလေ။ ကျွန်တော့်စိတ်ထဲမှာ သူ့ကို အကြံပေးဖို့ ခင်ဗျားထက် ပိုပြီးသင့်တော်တဲ့သူ မရှိဘူးလို့ ထင်မိတယ်။ လွန်ခဲ့တဲ့ ရက်ပိုင်း၊ သီတင်းပတ်ပိုင်းလောက်က သူ့ကို စကားပြောခဲ့တယ်လို့ ခင်ဗျား ပြောခဲ့ဖူးတယ်နော်။ ခင်ဗျားရဲ့ ကိုယ်ပိုင် အတွေ့အကြုံတွေကို ပြောပြခဲ့သလား။

ဖြေ။ ဟုတ်တယ်...ပြောပြခဲ့ပါတယ်။ ကိုယ်တိုင် ကြုံဖူးထားတော့ သူဘာတွေ ဖြတ်သန်းနေရသလဲဆိုတာ သိတာပေါ့။ သူကတော့ ပြုံးပြုံးလေးနဲ့ အရမ်း စိတ်လှုပ်ရှားနေပုံရတယ်။ သူ့အဖေရောပဲ။ ဒါပေမဲ့ တစ်ဖက်မှာလည်း နောက်ဆက်တွဲ အကျိုးဆက်တွေ ရှိလာနိုင်တယ်။ ကြောက်ရွံ့မှုနဲ့ မလုံခြုံမှုတွေ ရှိတတ်တယ်။ ကိုယ့်ကို အကာအကွယ်ပေးထားပြီး နောက်ရက်မှာ ဘာဖြစ်မလဲဆိုတာကိုပါ သိနေရတဲ့ အသင်းကြီးကနေ ထွက်ပြီး တခြားနိုင်ငံ၊ တခြားနေရာကို သွားရမှာလေ။ ပြင်သစ်မှာမှ ဘောလုံးကိစ္စဆိုရင် အရမ်းပြင်းထန်တဲ့ ဒေသကို သွားရမှာ။ ဒါပေမဲ့ သူ့ဖွံ့ဖြိုးတိုးတက်မှုအတွက် ဒါက ကောင်းမွန်တဲ့ ပတ်ဝန်းကျင်တစ်ခု ဖြစ်လာမယ်လို့ ထင်ပါတယ်။ သူ့ပုံစံအတိုင်း ရှိနေပါစေ၊ ဘာတွေဖြစ်လာမလဲ စောင့်ကြည့်ကြတာပေါ့။

မေး။ သူပြန်လာတဲ့အခါ ဘယ်လို လူငယ်တစ်ယောက်အနေနဲ့၊ ဘယ်လို တိုးတက်မှုမျိုးနဲ့ ပြန်လာမယ်လို့ မျှော်လင့်ထားလဲ။ ဇူလိုင်လလောက်မှ ပြန်ရောက်မှာနော်။

ဖြေ။ ပထမဆုံးအနေနဲ့ သူက ဟိုမှာ တစ်ယောက်တည်း ဖြစ်သွားပြီ။ အသင်းဖော်တွေ၊ နည်းပြနဲ့ ပရိသတ်အသစ်တွေရဲ့ လေးစားမှုကို ရအောင်ယူရတော့မယ်။ သူတို့က သူ့ကို သိပေမဲ့ ဟိုရောက်သွားရင် ကိုယ့်နာမည် ကိုယ်ပြန်ဖော်ရမှာ၊ ယုံကြည်မှု ရအောင်ယူရမှာ။ ပြီးတော့ ရော်ဘတ်တို ဒီ ဇာဘီဆိုတာ လူငယ်ကစားသမားတွေကို ပျိုးထောင်ရာမှာ အကောင်းဆုံး နည်းပြတွေထဲက တစ်ယောက်ပါ။ သူကစားခိုင်းတဲ့ ပုံစံက အီသန်ရဲ့ တိုးတက်မှုကို အများကြီး အထောက်အကူ ဖြစ်စေမယ်လို့ ကျွန်တော် ယူဆပါတယ်။

မေး။ ။ ဟုတ်ပါပြီ...နည်းပြကြီး ကိုယ်တိုင်ရဲ့ နှစ်ပတ်လည်အကြောင်း ပြန်ပြောရအောင်ဗျာ။ နည်းပြလောကထဲ ဝင်လာတာ (၁၀)နှစ်ရှိပြီပေါ့။ နည်းပြလုပ်ချင်တယ်ဆိုတဲ့ မျိုးစေ့လေးက ဘယ်တုန်းက စတင် ပျိုးထောင်ခဲ့တာလဲ။ မကြာသေးခင်က အသင်းကလူတချို့နဲ့ စကားပြောကြည့်တော့ သူတို့က ခင်ဗျားကို ထူးခြားတယ်လို့ မြင်ကြတယ်။ တနင်္လာနေ့ မနက်ရောက်တိုင်း သူတို့ ဘာလုပ်နေသလဲဆိုတာကို သိချင်တာမျိုး၊ ကိုယ့်ရဲ့ ကိန်းဂဏန်း အချက်အလက်တွေကို ကြည့်ချင်တာမျိုးပေါ့။ ဒါက ခင်ဗျားရဲ့ ပင်ကိုယ်စရိုက်လား၊ ဒါမှမဟုတ် ကစားသမားဘဝနှောင်းပိုင်းမှာမှ စိတ်ဝင်စားလာတာလား။

ဖြေ။ ကျွန်တော်ကတော့ ဘာစီလိုနာကို ပြောင်းသွားကတည်းက စတယ်လို့ ပြောရမှာပဲ။ ၁၄ နှစ်၊ ၁၅ နှစ်လောက်ပေါ့။ ဘောလုံးအကြောင်း သူတို့ပြောဆိုပုံတွေ၊ နားလည်ထားရမယ့် အကြောင်းအရာတွေ၊ ကစားချင်တဲ့ ပုံစံနောက်ကွယ်က ယုတ္တိဗေဒတွေက အရမ်းကွာခြားတယ်လို့ ခံစားခဲ့ရတယ်။ အဲဒါက ကျွန်တော့်ဦးနှောက်ထဲက တစ်စုံတစ်ခုကို ဖွင့်ပေးလိုက်သလိုပါပဲ။ သိချင်စိတ်တွေ ဖြစ်လာတယ်။ နောက်တော့ တိုင်းပြည်အမျိုးမျိုး၊ ကစားပုံအမျိုးမျိုး၊ နည်းပြအမျိုးမျိုးနဲ့ လိုက်လျောညီထွေ နေခဲ့ရတယ်။ တစ်ချိန်ကျတော့ "ငါ တကယ်တမ်း ဘောလုံးအကြောင်း ဘာတွေ တွေးသလဲ၊ ဘယ်လို ခံစားရသလဲ" ဆိုပြီး တွေးမိတယ်။ အဲဒါနဲ့ လေ့လာနိုင်သလောက် လိုက်လေ့လာဖြစ်တယ်။ ပပ်(ဂွါဒီယိုလာ)ကလည်း ကျွန်တော် မနားခင်ကတည်းက သူ ဒီကို(မန်စီးတီး) လာရင် သူ့ဆီ ဘာလို့ မလာတာလဲဆိုပြီး ခေါ်နေတာ။ အဲဒါက ကျွန်တော့်ကို ယုံကြည်မှု ရှိလာစေတယ်။ အာဆင်နယ်အကယ်ဒမီမှာ ကစားနေရင်းနဲ့ နည်းပြလုပ်တာကို စမ်းသပ်ကြည့်တော့ သဘောကျသွားတယ်။ အဲဒီကနေ ဒီခရီး စခဲ့တာပါပဲ။

မေး။ ကစားရတာနဲ့ နည်းပြလုပ်ရတာ ဘယ်ဟာကို ပိုသဘောကျလဲ။

ဖြေ။ ။ မပြောတတ်ဘူး...။ အင်တာဗျူးတွေ ဖြေရတာတော့ များသား (ရယ်လျက်....)။ လူတွေကတော့ ကစားရတာနဲ့ တူတာ ဘာမှမရှိဘူး ပြောကြတယ်။ အဲဒါကို နားလည်ပါတယ်။ ဒါပေမဲ့ နည်းပြလုပ်ရတာနဲ့ တူတာလည်း ဘာမှမရှိပြန်ပါဘူး။ ကိုယ့်မှာ စိတ်ကူးတစ်ခု၊ အိပ်မက်တစ်ခု ရှိမယ်၊ အဲဒါကို ကစားသမားတွေ၊ ဝန်ထမ်းတွေနဲ့ မျှဝေမယ်။ ပရိသတ်တွေကို ဒီခရီးလမ်းထဲ ခေါ်သွင်းမယ်။ ကိုယ်လုပ်ချင်တာကို သူတို့ ယုံကြည်လာပြီး လိုက်လုပ်ချင်လာအောင် စည်းရုံးရတာက တကယ့်ကို ထိရောက်မှု ရှိပါတယ်။

မေး။ ပပ် ဂွါဒီယိုလာနဲ့ စကားပြောဖြစ်တာက ချဲလ်ဆီးနဲ့ ပွဲမတိုင်ခင် သူ ခင်ဗျားကို ဖုန်းဆက်ခဲ့တာ မဟုတ်လား။ ဒါက လူသိရှင်ကြား ဖြစ်ပြီးသားပါ။

ဖြေ။ အဲဒီမတိုင်ခင် အများကြီး စောပါသေးတယ်။ ကျွန်တော် အသက် (၂၈...၂၉)လောက်ကတည်းကပါ။

မေး။ ပပ်နဲ့ စလက်တွဲခဲ့တာ (၁၀)နှစ်နီးပါး ရှိပြီနော်။ မန်စီးတီးမှာ အသစ်တစ်ခု တည်ဆောက်တဲ့ အစပိုင်းကာလမှာ ခင်ဗျား ပါဝင်ခဲ့တာပေါ့။ ဒါက ပရီးမီးယားလိဂ်အပေါ်မှာလည်း သက်ရောက်မှု ကြီးမားခဲ့တယ်။ Oxford တို့ Cambridge တို့လို တက္ကသိုလ်ကြီးတွေမှာ ရှေ့ဆုံးတန်းက ထိုင်ပြီး သင်ယူခွင့်ရသလိုမျိုး ခံစားရမယ် ထင်တယ်။

ဖြေ။ မယုံနိုင်စရာ အတွေ့အကြုံပါပဲ။ ပပ် လုပ်ချင်တာတွေ၊ မန်စီးတီး လုပ်ချင်တာတွေတင် မကပါဘူး။ ခရီးလမ်းတစ်လျှောက် တွေ့ခဲ့ရတဲ့ လူတွေက ကျွန်တော့်ကို ကြိုဆိုကြတယ်။ ကစားသမားတွေ တိုးတက်လာပုံ၊ ကလပ်အသင်းက အဆင့်အတန်းတစ်ခုကို ကူးပြောင်းသွားပုံ၊ အတူတူ အောင်မြင်ခဲ့တာတွေ၊ ပြီးတော့ ကမ္ဘာ့အကောင်းဆုံး နည်းပြဘေးမှာ သင်ယူခွင့်ရတာတွေက တကယ် ကောင်းပါတယ်။

မေး။ အဲဒီအချိန်ကစပြီး ဘောလုံးလောကကြီးက ဘယ်လောက် ပြောင်းလဲသွားပြီလဲ။ စောစောက စာနယ်ဇင်းရှင်းလင်းပွဲမှာ ခင်ဗျားဖြေခဲ့တဲ့ အဖြေတစ်ခုကို စိတ်ဝင်စားမိတယ်။ Low Block(ပိတ်ကစားခြင်း)နဲ့ Man-to-Man(တစ်ဦးချင်းလူကပ်ကစားခြင်း)တွေ များလာတဲ့အကြောင်းလေ။ လွန်ခဲ့တဲ့ (၂)နှစ်၊ (၃)နှစ်လောက်ကပွဲတွေကို ပြန်ကြည့်ရင်တောင် ကွင်းထဲမှာ နေရာလွတ်တွေ အခုလောက် မရှားဘူးလို့ ထင်တယ်။ အခု ဘယ်လောက်အထိ ပြောင်းလဲသွားပြီလဲ။

ဖြေ။ ကျွန်တော်တို့လည်း အဖြေရှာဖို့ ကြိုးစားနေပါတယ်။ နည်းပြတော်တော်များများနဲ့ ပြောဖြစ်ကြတယ်။ ရော်ဘတ်တို ဒီ ဇာဘီနဲ့လည်း ပြီးခဲ့တဲ့ရက်က အီသန်အပြောင်းအရွှေ့ကိစ္စပြောကြရင်း ဒီအကြောင်း ပါလာသေးတယ်။ လွန်ခဲ့တဲ့ (၂)နှစ်၊ (၃)နှစ်က သုံးခဲ့ကြတဲ့ နည်းဗျူဟာတွေကို အမှိုက်ပုံးထဲသာ ပစ်လိုက်တော့လို့။ အခု အဲဒါတွေ သုံးလို့မရတော့ဘူး။ ဂိမ်းက အရမ်းမြန်လာပြီ။ ပြိုင်ဆိုင်မှုတွေ ပိုပြင်းထန်လာသလို... အသင်းတိုင်းက ပြင်ဆင်မှု ပိုကောင်းလာကြတယ်။

မေး။ ကျွန်တော့်ကို နားလည်အောင် ရှင်းပြပါဦး။ ပပ်တို့လို Positional Style(နေရာယူကစားကွက်)ကို တုံ့ပြန်ဖို့ Man-to-Man ကစားတာ ခေတ်စားလာတယ်။ အဲဒါကို ဖြေရှင်းဖို့ ဘက်စုံသုံးလို့ရတဲ့ ကစားသမားတွေ၊ ကြံ့ခိုင်မှုအားကိုးတဲ့ ကစားသမားတွေ သုံးလာကြတယ်။ တိုက်ရိုက်ပေးပို့မှု(Direct Football)တွေ၊ Set Pieces (တည်ကန်ဘော)တွေ များလာတယ်။ ဒါတွေက Man-to-Man ကို ပြန်တုံ့ပြန်တာပေါ့။ အဲဒီလို သံသရာလည်နေတာလား။

ဖြေ။ ဟုတ်ပါတယ်...။ ပုံစံတစ်ခုတော့ ရှိတာပေါ့။ ဒါပေမဲ့ ပွဲတိုင်းက မတူပါဘူး။ ရလဒ်အပေါ် မူတည်ပြီးလည်း ပြောင်းလဲတတ်ပါတယ်။ တချို့အသင်းတွေဆို ရှုံးနေမှ ကစားပုံ ပြောင်းတာမျိုး ရှိတယ်။ ပရီးမီးယားလိဂ်တင်မကဘဲ ဥရောပမှာပါ ခေတ်ရေစီးကြောင်းတွေ ရှိပါတယ်။ အသင်းတွေရဲ့ ပြင်ဆင်မှု၊ ကျွမ်းကျင်ပညာရှင်တွေ ထားရှိမှုက တော်တော်မြင့်မားလာပါပြီ။ ပြိုင်ဘက်တွေက ကိုယ့်အကြောင်းကို ကိုယ်သိတာထက်တောင် ပိုသိနေကြတယ်။

မေး။ ဘောလုံးရဲ့ နောက်တစ်ဆင့်က ဘာဖြစ်မလဲ။ ခင်ဗျား စဉ်းစားမိတာ ရှိလား။ စည်းမျဉ်းတချို့ ပြောင်းသင့်တယ်လို့ ထင်သလား။

ဖြေ။ ကျွန်တော်တို့ အများကြီး စဉ်းစားပါတယ်။ ကစားကွက်တွေ အရမ်းကျဉ်းမြောင်းလာတာကို မြင်ရတော့ စည်းမျဉ်းတချို့ကို ပြောင်းဖို့ စဉ်းစားသင့်သလားပေါ့။ အသေးစိတ်တော့ မပြောလိုပါဘူး။ ဒါပေမဲ့ ဂိမ်းကတော့ ပြောင်းလဲသွားမှာပဲ။ ပြောင်းကို ပြောင်းလဲရမှာပါ။ ဘာလို့လဲဆိုတော့ အခုက အရမ်းခက်ခဲလာပြီလေ။

မေး။ စိတ်ဝင်စားစရာပဲ။ အကြောင်းအရာ နည်းနည်း ပြောင်းပြီး ရှောင် မက်ဗေး Sean McVay (NFL နည်းပြ) အကြောင်း မေးချင်ပါတယ်။ နွေရာသီတုန်းက ခင်ဗျားတို့ ရင်းနှီးတာ တွေ့ရတယ်။ တနင်္ဂနွေနေ့ကျရင် ခင်ဗျားတို့ရော၊ သူတို့ရော ပွဲကြီးတွေ ကစားရမှာ။ သူက ခင်ဗျားအပေါ် ဘယ်လောက် လွှမ်းမိုးမှု ရှိသလဲ။

ဖြေ။ ကျွန်တော်က သူ့ပရိသတ် အမာခံပါပဲ။ သူ့ရဲ့ စိတ်ဓာတ်ပြင်းပြမှု၊ အလုပ်ကြိုးစားမှု၊ ဗဟုသုတနဲ့ မှတ်ဉာဏ်တွေက အံ့မခန်းပါပဲ။ သူတို့ လေ့ကျင့်တာတွေ၊ အစည်းအဝေးလုပ်တာတွေ ကျွန်တော် သွားကြည့်ဖူးတယ်။ တကယ့်ကို Level တစ်ခုပါပဲ။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း သူတို့ လုပ်ပြခဲ့တာတွေက မယုံနိုင်စရာပါ။ တနင်္ဂနွေနေ့ကျရင် ကျွန်တော်တို့ ပွဲကြီးရှိပါတယ်။ ပြီးခဲ့တဲ့ နှစ်ပွဲတုန်းက သူတို့ (Rams အသင်း) နောက်ဆုံးအချိန်မှ ကပ်နိုင်ခဲ့တာ။ အခု Super Bowl တက်ဖို့ တစ်ပွဲပဲ လိုတော့တယ်။ သူတို့ ကံကောင်းပါစေလို့ ဆုတောင်းပါတယ်။

မေး။ တနင်္ဂနွေနေ့အတွက် အကောင်းဆုံး ပုံစံကတော့ ခင်ဗျားတို့ကလည်း မန်ယူကို နိုင်၊ အိမ်ပြန်ရောက် ဝိုင်သောက်ပြီး သူတို့ပွဲကြည့်၊ သူတို့ကလည်း နိုင်ပေါ့။

ဖြေ။ အဲဒီအတိုင်းပါပဲ (ရယ်လျက်...)။

မေး။ ဘောလုံးကရော... သူတို့ရဲ့ American Football ပုံစံ ဖြစ်လာတယ်လို့ ထင်လား။ ဥပမာ- Set piece တွေအတွက် သီးသန့် နည်းဗျူဟာစာအုပ်(Playbook)မျိုး သုံးလာတာကိုပေါ့။

ဖြေ။ Set piece တွေအတွက်တော့ သုံးပါတယ်။ ဒါပေမဲ့ ပြင်ဆင်ပုံချင်းတော့ မတူပါဘူး။ သူတို့ဆီက ကစားသမားတွေကို ပျိုးထောင်ပုံ၊ အစည်းအဝေးတွေ၊ အချက်အလက်တွေနဲ့ နယ်ပယ်တစ်ခုချင်းစီအလိုက် Specialists တွေ ထားရှိပုံတွေကိုတော့ အံ့သြမိပါတယ်။ တခြားအားကစားနည်းတွေ၊ တခြားနည်းပြတွေရဲ့ မျှော်မှန်းချက်တွေ၊ သတင်းအချက်အလက် ဦးစားပေးပုံတွေဆီကနေ သင်ယူစရာတွေက အမြဲ ရှိပါတယ်။ ရှောင်နဲ့ သူ့အဖွဲ့ဆီကနေ သိခွင့်ရခဲ့တာ တကယ့် အတွေ့အကြုံကောင်းပါပဲ။

မေး။ ခင်ဗျား Treble (ဆုဖလား ၃ လုံး)ရနိုင်တာပေါ့။ ပရီးမီးယားလိဂ်ရယ်၊ ချန်ပီယံလိဂ်ရယ်၊ ပြီးတော့ (ခင်ဗျားသူငယ်ချင်းဖြစ်သူရဲ့) အမေရိကန် Super Bowl ရယ်။

ဖြေ။ တစ်ပွဲချင်းပဲ သွားကြတာပေါ့ဗျာ။

မေး။ နောက်ဆုံးမေးခွန်းပါ။ အစပိုင်းတုန်းက ပြောခဲ့တာကို ပြန်သွားချင်တယ်။ ကစားသမားဘဝ၊ နည်းပြအတွေ့အကြုံ အားလုံးက အခုအချိန်အတွက် တည်ဆောက်ပေးခဲ့သလို ခံစားရလား။ ပပ်ဂွါဒီယိုလာကတောင် ခင်ဗျားအသင်း အာဆင်နယ်ကို ကမ္ဘာ့အကောင်းဆုံး ဖြစ်နိုင်တယ်လို့ ပြောထားတာနော်။ ဒါက ဖြစ်ကို ဖြစ်လာမယ့် ကံတရား(Destiny)လို့ ခံစားရလား။

ဖြေ။ အခု ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်တွေက ဒီနေ့ နေ့လယ်၊ ညနေမှာ ဘာဖြစ်လာမလဲဆိုတာ အကျိုးသက်ရောက်မှုရှိမယ်လို့ ယုံကြည်တယ်။ အဲဒါက နောက် (၃)လနေရင် ဖြစ်လာမယ့် အကျိုးဆက်တွေပဲ။ လက်ရှိအချိန်မှာ အကောင်းဆုံးလုပ်ဖို့ပါပဲ။ ဘောလုံးဆိုတာက ခန့်မှန်းရ ခက်ပါတယ်...

The N5


Want your business to be the top-listed Gym/sports Facility in Singapore?

Click here to claim your Sponsored Listing.

Location

Category

Telephone

Address

Singapore