Art Of Football

Art Of Football

แชร์

Football Entertainment

11/02/2026

ရှည်လျားနေဆဲ မန်ယူကျော့ကွင်း
တင်ဆက်သူ - ကိုစုံ

နိုင်သင့်တဲ့ပွဲတွေမနိုင်တတ်တာကိုက မန်ယူကျော့ကွင်းလိုဖြစ်နေပါပြီ။ အခုထိလည်း မပြီးဆုံးနိုင်သေး၊ ရှည်လျားနေသေးတဲ့ မန်ယူကျော့ကွင်းပါ။ အဆိုးထဲကအကောင်းက မရှုံးခဲ့တာဆိုပေမယ့် ဒီပွဲဟာမန်ယူတို့နိုင်ကိုနိုင်ရခဲ့မယ့် ပွဲဆိုတာကတော့ ဖြေရှင်းပြနေစရာမလိုဘူးထင်ပါတယ်။

10/01/2026

ရီးရဲလ်ဖြေရှင်းရမယ့် ဘရာဇီးဒီလမ်းမား

ဒီလမ်မာ (Dilemma) ဆိုတာကိုအရင်ရှင်းပြချင်ပါတယ်။ နှစ်ခုထဲကမကြိုက်တဲ့တစ်ခုကိုရွေးရတာပါ။ ဒီစကားစုမှာသတိထားရမယ့်အခြေအနေက ရွေးချယ်စရာနှစ်ခုလုံးဟာ သူ့တန်ဖိုးနဲ့သူရှိနေတာ၊ မြန်မာစကားပုံအရဆို "ပစ်ရမှာလည်း အဆီတဝင်းဝင်း၊ စားရမှာလည်းသဲတရှပ်ရှပ်" ဆိုတာမျိုးဖြစ်ပါတယ်။ ကိုယ့်မှာရွေးချယ်စရာနှစ်ခုရှိတယ်။ နှစ်ခုလုံးကိုလိုချင်ပေမယ့် တစ်ခုထဲကိုသာလိုအပ်မှုအရရွေးချယ်ရမှာမျိုးဖြစ်ပါတယ်။

ရီးရဲလ်ရဲ့လက်ရှိအခြေအနေဟာ ဒီစကားလုံးနဲ့အလိုက်ဖက်ဆုံးလို့ပြောရမှာပါ။ သူတို့မှာ တကယ်ကိုကောင်းတဲ့ဘရာဇီးသားနှစ်ယောက်ရှိနေပြီး တစ်ယောက်ထဲကိုမဖြစ်မနေရွေးရမယ်ဆိုတဲ့အခြေအနေမျိုးဟာရောက်ရှိလာဖို့ လမ်းစပြုနေပါတယ်။ ရိုဒရီဂိုနဲ့ဗီနီးစီးယပ်မှာ ဘယ်သူ့ကိုရွေးရမလဲဆိုတာ တကယ်ကိုခက်ခဲတဲ့ဆုံးဖြတ်ချက်ပါ။ အပေါ်ယံစဥ်းစားမယ်ဆို ဗီနီဆိုပေမယ့် ရိုဒရီဂို Impact ကလည်း မသေးပါဘူး။ အကောင်းဆုံးက နှစ်ယောက်လုံးကိုထိန်းထားတာဆိုပေမယ့် တစ်ယောက်ကတော့ အရန်ခုံမှာစိတ်ပျက်နေမှာသေချာပါတယ်။ ဒီပြသာနာကိုလည်း နေ့တိုင်းရက်တိုင်းဖြေရှင်းနေရမှာဖြစ်ပါတယ်။

ဒါ့အပြင် ရိုဒရီဂိုကလက်ရှိမှာ In Form ဖြစ်နေသူပါ။ နောက်ဆုံး ၆ပွဲမှာ ၃ဂိုးသွင်း ၃ဂိုးဖန်တီးထားတယ်။ ဗီနီကကျ ရိုဒရီဂိုနဲ့ပြောင်းပြန်ကြီး။ 2025 October မှာကစားခဲ့တဲ့ ဗီလာရီးရဲလ်နဲ့ပွဲမှာ နှစ်ဂိုးသွင်းပြီးထဲက အခုထိဂိုးမရထားဘူး။ ဒီကြားထဲမှာ ဂိုးဖန်တီးမှု သုံးကြိမ်သာရှိတယ်။ ​ခြေစွမ်းဆိုးရွားတယ်မဟုတ်ပေမယ့် ဒီကိန်းဂဏန်းတွေဟာ ဗီနီလိုကစားသမားအတွက်မဖြစ်သင့်တာမျိုးပါ။ ရီးရဲလ်ပရိသတ်တွေကလည်း ဗီနီရဲ့ကစားပုံကို အနည်းနဲ့အများရင်လေးနေကြပါတယ်။

အခြားအသင်းတွေဆိုရင်တော့ ဒီလိုပြသာနာကို နည်းပြကသာဖြေရှင်းရမယ်လို့တွေးကောင်းတွေးမိမှာပါ။ ရီးရဲလ်မက်ဒရစ်မှာတော့ ဒီလိုကိစ္စမျိုးကဥက္ကဋ္ဌကြီးပီရက်ဇ်ကိုယ်တိုင်ဖြေရှင်းတာကနည်းလမ်းကျမယ်လို့ယူဆမိပါတယ်။ ပီရက်ဇ်ဟာ ကစားသမားအရောင်းအဝယ်စီမံရာမှာ မှားယွင်းတာမျိုးနည်းပါးလွန်းသူပါ။ ဒီလိုလူကြီး​အတွက်တောင် ဒီပြသာနာကကိုင်တွယ်ရခက်လှပါတယ်။ ကစားသမားနှစ်ယောက်လုံးကတော့ အနစ်နာခံပြီးအရန်ခုံထိုင်ပေးဖို့စိတ်ကူးကြမှာမဟုတ်ပါဘူး။ အသင်းကိုချစ်သည့်တိုင်အောင် နေရာမရရင်အသင်းကနေထွက်ခွာဖို့ဆုံးဖြတ်ကြမှာဖြစ်ပါတယ်။

ဒါဟာ ကစားသမားတွေရဲ့တကိုယ်ကောင်းဆန်မှုလည်းမဟုတ်ပါဘူး။ ဒီနှစ်ယောက်လုံးက ပင်ကိုယ်စွမ်းရည်မြင့်ကြတဲ့ဘရာဇီးသားတွေပါ။ ဘယ်အသင်းကိုသွားသွား Line Up တစ်နေရာရဖို့သေချာပြီး Super Star ဖြစ်လာဖို့ 80% ရှိပါတယ်။ ဗီနီးစီးယပ်က Ballon D'or Winner ဖြစ်ဖို့ လက်တစ်ကမ်းအလိုကိုရောက်ခဲ့ဖူးသူဖြစ်ပြီး ရိုဒရီဂိုကလည်း ရီးရဲလ်မက်ဒရစ်ဟာသူ့ကိုလိုအပ်ကြောင်း၊ အရေးကြုံပြီဆိုသူ့ရဲ့စွမ်းဆောင်ရည်ကကယ်တင်နိုင်စွမ်းရှိ​ကြောင်း အကြိမ်ကြိမ်သက်သေပြထားသူပါ။ ပိုပြီးဆုံးဖြတ်ရခက်စေတဲ့အချက်ကတော့ နှစ်ယောက်လုံးဟာ အသက် ၂၅နှစ်သာရှိသေးတာဖြစ်ပါတယ်။

နည်းပြအလွန်ဆိုကတော့ ဘယ်သူ့ကိုပဲရောင်းချလိုက်သည်ဖြစ်စေ စောဒကတက်မယ်မထင်ပါဘူး။ သူကိုယ်တိုင်မှာတောင် ဒီနှစ်ယောက်ကြားဗျာများရတာမျိုးရှိနိုင်ပြီး ဘယ်သူပဲထွက်ခွာသည်ဖြစ်စေ ရီးရဲလ်အတွက်နှမြောစရာကောင်းနေမှာပါ။ သို့ပေမယ့်နှစ်ယောက်လုံးကိုအသင်းမှာထားဖို့ကလည်း ခက်လွန်းလှပါတယ်။ ဒါကြောင့်ပဲ ဒီလမ်းမား (Dilemma) ဖြစ်ရတာပါ။ ဖြေရှင်းရခက်တဲ့ဒီပုစ္ဆာမှာ ပါပါးပီရက်ဇ်နဲ့ရီးရဲလ်ရဲ့ဆုံးဖြတ်ချက်သာအရာရာဖြစ်ပါတယ်။

နောက်ဆုံးအနေနဲ့ကတော့ "သင်သာဆိုရင်ရော?" ဆိုတဲ့မေးခွန်းမျိုးကို ဒီလမ်းမားအခြေအနေတွေမှာ ချန်ရစ်ခဲ့သင့်တယ်လို့ယူဆမိပါတယ်။ ရိုဒရီဂိုလား? ဗီနီလား? ဒါမှမဟုတ် ပါပါးပီရက်ဇ်ရဲ့ဆုံးဖြတ်ချက်ကိုသာထောက်ခံမည်လား? သင်သာဆိုရင်လည်း ဒီလမ်းမားဆန်သွားမှာသေချာပါတယ်။

09/01/2026

မျှခြေကျကျ အားပြိုင်မှု

"မဟုတ်ဘူးဗျ။ ကျနော်တို့က ချန်ပီယံတွေနဲ့ကစားရမှာမဟုတ်ဘူး။ သူတို့ကသာချန်ပီယံတွေနဲ့ကစားရမှာ။"

- ဆိုဘိုစလိုင်း

ဒီစကားကိုတော့ အာဆင်နယ်ဖန်တွေရော၊ လီဗာပူးဖန်တွေအပြင် ဘောလုံးပရိသတ်တွေပါသိလောက်မယ်ထင်ပါတယ်။ အာဆင်နယ်နဲ့ပွဲမကစားခင်မှာ ဖြေကြားခဲ့တဲ့ ဆိုဘိုစလိုင်းရဲ့အင်တာဗျူးပါ။ တကယ်လည်း ဒီစကားကအမှန်ပါပဲ။ ပရီးမီးယားလိဂ်လိုနေရာမှာ အသင်းကြီးတွေကြား ခြေစွမ်းတွေ ရလဒ်တွေဘယ်လောက်ကွာကွာ တကယ်တမ်းထိပ်တိုက်ယှဥ်ပြိုင်ကြပြီဆို ရင်ဘောင်တန်းနိုင်စွမ်းကိုရှာဖွေတွေ့ရှိနိုင်ပါတယ်။

အာဆင်နယ်နဲ့လီဗာပူးရဲ့ပွဲကလည်း ဒီလိုသာအဆုံးသတ်သွားတယ်ဆိုရမှာပါ။ ဂိုးတွေ စိတ်ခံစားချက်တွေထက် အဓိကကျတဲ့ရလဒ်ပိုင်းကိုသာဦးတည်ပြီး ကစားကွက်တည်ဆောက်လာခဲ့တာဖြစ်ပါတယ်။ နှစ်သင်းလုံးက အမှားနည်းဖို့သာဦးစားပေးခဲ့ပြီး သူတို့မှာရှိတဲ့အားသာချက်တွေကို အကောင်းဆုံးအသုံးချဖို့ကြိုးစားခဲ့တာပါ။ တစ်သင်းသင်းကညံ့ခဲ့တယ်ဆိုတာမျိုးမရှိခဲ့တာကြောင့် သွေးအေးစွာနဲ့ပဲပြီးဆုံးခဲ့ရတဲ့မိနစ်ကိုးဆယ်ဖြစ်သွားခဲ့ပါတယ်။

ဒီပွဲမှာ အာဆင်နယ်ထက် လီဗာပူးရဲ့ကစားပုံကစိတ်ဝင်စားစရာဖြစ်ခဲ့ပါတယ်။ အီဆက်၊ အီကီတီကီ၊ မိုဆာလာ တို့ မပါနိုင်ချိန်မှာ ဖလော်ရီယန်ဗစ်ဇ်က တိုက်စစ်နေရာမှာတာဝန်ယူခဲ့ရပြီး False 9 ဆန်ဆန်ကစားဖို့ကြိုးစားခဲ့တာပါ။ သို့ပေမယ့် တစ်ပွဲလုံးကိုခြုံကြည့်မယ်ဆို ထိရောက်တဲ့ Impact မျိုးတော့မရှိခဲ့ပါဘူး။ ဗစ်ဇ်က သူ့ရဲ့ ပင်မနေရာဖြစ်တဲ့ Central Attacking Zone မှာသာ အချိန်ကုန်ခဲ့ပြီး တိုက်စစ်နေရာမှာ ကွက်လပ်ဟင်းလင်းပြင်ကြီးဖြစ်နေခဲ့ပါတယ်။

တိုက်စစ်ပိုင်းမှာလိုအပ်ခဲ့ပေမယ့် ကွင်းလယ်နဲ့ခံစစ်မှာတော့လီဗာပူးတို့အမှတ်ပြည့်ရခဲ့ပါတယ်။ အာဆင်နယ်တိုက်စစ်ကိုအကောင်းဆုံးထိန်းချုပ်ပြခဲ့ပြီး ပွဲချိန်ကြာလေ လီဗာပူးတို့အသာရလာလေဆိုတာမျိုးဖြစ်ခဲ့တာပါ။ အာဆင်နယ်တိုက်စစ်ကလည်း အစောပိုင်းမိနစ်တွေကလွဲရင် ထိထိရောက်ရောက်မရှိခဲ့ပါဘူး။ လီဗာပူးတို့အိမ်စာလုပ်လာတာမြင်သာခဲ့ပြီး သေသပ်ကျစ်လျစ်တဲ့ Zonal Defending တွေကြောင့် အာဆင်နယ်တို့ထိုးဖောက်ဖို့ခက်ခဲခဲ့ပါတယ်။

ဒုတိယပိုင်းကတော့ လီဗာပူးတို့ပိုကောင်းခဲ့တယ်ပဲပြောရမှာပါ။ ပွဲကိုစိုးမိုးနိုင်ခဲ့ပြီး အာဆင်နယ်ရဲ့ Tempo ကို ထိန်းချုပ်ကစားခဲ့တာတွေ့ရပါတယ်။ ဂိုးရလောက်တဲ့ Chance တွေမရှိခဲ့ပေမယ့် အာဆင်နယ်ကိုလည်း ဘာမှကြိုးစားခွင့်မပေးခဲ့ပါဘူး။ နောက်ဆုံးမိနစ်ထောင့်ကန်ဘောရောက်မှသာ အာဆင်နယ်အတွက်ဂိုးရဖို့ရင်ခုန်ချင်စရာကောင်းခဲ့တာဖြစ်ပါတယ်။ ဒီပွဲမှာ ဆိုဘိုရဲ့စကားကမှန်ကန်ခဲ့ပြီး ပရီးမီးယားလိဂ်ချန်ပီယံအသင်းဟာ သူတို့ဘယ်လောက်ညံ့ညံ့ လုပ်နိုင်စွမ်းဆိုတာရှိသေးကြောင်းအသိပေးသွားခဲ့တာပါ။ အဓိကကစားသမားတွေမပါဝင်နိုင်ချိန်၊ ဇယားထိပ်ဆုံးကအသင်းကိုရင်ဆိုင်ရတာမလွယ်ကူပါဘူး။ နိုင်ပွဲမဟုတ်ပေမယ့် သရေတစ်မှတ်ရခဲ့ပြီး မာကြောတဲ့စိတ်ဓာတ်နဲ့ပုံစံကောင်းတွေပြသနိုင်ခဲ့ပါတယ်။

အာဆင်နယ်ကလည်း မန်စီးတီး ဗီလာတို့ အမှတ်လျော့နေချိန်မှာ နိုင်ပွဲမယူနိုင်ခဲ့ခြင်း၊ အမှတ်ဖြတ်ဖို့ပျက်ကွက်ခဲ့ခြင်းဆိုတာတွေကိုဖယ်ရှောင်ကာ ကောင်းတဲ့ဘက်ကကြည့်ပြီး ကျေနပ်ထားလို့ရပါတယ်။ ဒီလိုအချိန်မှာ ဒီလိုချဥ်းကပ်မှုမျိုးကသာအဖြစ်သင့်ဆုံးလို့သတ်မှတ်ရမှာပါ။ ပြတ်သားစွာဦးဆောင်ခွင့်ဆိုတာရှိနေတာကို အားလုံးမြင်ကြပေမယ့် ခြေချော်ခဲ့မယ်ဆိုဖိအားတွေပါများကောင်းများသွားလောက်တာလည်းရှိနေပါတယ်။ ဒါ့အပြင် အာဆင်နယ်ဟာလက်ရှိချန်ပီယံကိုဧည့်ခံခဲ့ရတာပါ။ ပထမအကျော့ကရှုံးကြွေးကိုမဆပ်နိုင်ခဲ့တာက မချိုမြိန်ဘူးဆိုသော်လည်း ဇယားထိပ်ဆုံးမှာအပူအပင်မရှိဦးဆောင်နေဆဲဖြစ်ပါတယ်။ ဒီအတိုင်းလေးဆက်သွားနေရင်တောင်အဆင်ပြေနေတဲ့အချိန်မှာ အများကြီးမမျှော်လင့်ခြင်းအားဖြင့် စိတ်ချမ်းသာစွာရှင်သန်ခွင့်ရှိပါတယ်။

08/01/2026

အဖွင့်မလှခဲ့ပေမယ့် အပြစ်လည်းမဆိုသာခဲ့တဲ့ ဖလက်ချာရဲ့မန်ယူ

မန်ယူဇာတ်လမ်းကတော့ အကွဲအပြဲဆိုတာမျိုးစစ်စစ်ဖြစ်နေပါတယ်။ အမိုရင်မ်ရဲ့လမ်းခွဲအပြီး ကစားရတဲ့ပွဲမှာလည်း မန်ယူဟာနိုင်ပွဲမရခဲ့ပြန်ပါဘူး။ သို့ပေမယ့် ကစားပုံကောင်းလာပြီး ကစားသမားတွေအားလုံးကလည်း စုစုစည်းစည်းကစားသွားခဲ့ပါတယ်။ ကံခေလွန်းတာရယ်၊ ဘန်လေရဲ့ကစားပုံကျစ်လျစ်လွန်းတာရယ်ကြောင့်သာ နိုင်ပွဲမရခဲ့တာလို့ဖြည့်တွေးပေးရမယ့်ပွဲပါ။

ပွဲထွက်လူစာရင်းကတော့ မန်ယူပတ်ဝန်းကျင်မှာ ရက်ပေါင်းများစွာတောင့်တနေခဲ့တဲ့ 4-2-3-1 ဖြစ်ပါတယ်။ မန်ယူရဲ့ Core ထဲမှာ၊ ကျောရိုးထဲမှာကျေညက်နေတဲ့ကစားကွက်ဖြစ်တာကြောင့် ခပ်လွယ်လွယ်ပဲအထိုင်ကျခဲ့တယ်ပြောရမှာပါ။ ဘရူနိုပြန်လည်ပါဝင်လာပြီး ဒေါ်ဂူကဘယ်တောင်ပံမှာထပ်မံပွဲထွက်ခဲ့ပါတယ်။ ပုံစံကောင်းလည်းပြသနိုင်ခဲ့တယ်လို့ဆိုရမှာဖြစ်ပါတယ်။

ဒီပွဲရဲ့အကြီးမားဆုံး What If ကတော့ မန်ယူသာစောစောစီးစီး ဂိုးမပေးခဲ့ရရင်ဆိုတာပဲဖြစ်ပါလိမ့်မယ်။ ပွဲစစချင်း ၁၃မိနစ် မှာတင် ဘန်လေကစားသမား ဟမ်ဖရေးရဲ့ဖြတ်တင်ဘောက ဟဲဗန်းနဲ့ထိပြီးဂိုးထဲဝင်သွားတာပါ။ ဒီဂိုးကြောင့်မို့လို့နောက်ကနေလိုက်ကစားခဲ့ရပြီး မန်ယူအတွက်အနိုင်ရဖို့ပိုခက်ခဲသွားစေခဲ့ပါတယ်။

ဦးဆောင်ဂိုးပေးခဲ့ရပေမယ့် မန်ယူရဲ့တုံ့ပြန်ပုံကကျေနပ်ချင်စရာပါ။ အခွင့်အရေးများစွာဖန်တီးနိုင်ခဲ့ပြီး ဘန်လေဂိုးသမား ဒူဘရက်ကာနဲ့ ခံစစ်မှူးတွေသတိကြီးခဲ့လို့ ချေပဂိုးမရခဲ့တာဖြစ်ပါတယ်။ ကွန်ညာ၊ ဆက်စ်ကိုတို့ရဲ့ခေါင်းတိုက်ချက်တွေကို ဒူဘရက်ကာလက်စွမ်းပြကာကွယ်ခဲ့ပြီး ဒေါ်ဂူရဲ့အနီးကပ်ကန်သွင်းမှုကလည်း ဂိုးစည်းပေါ်ကနေဖြတ်ထုတ်ခံခဲ့ရတာကြောင့် ပထမပိုင်းမှာမန်ယူတို့ ချေဂိုးနဲ့ဝေးကွာခဲ့ရပါတယ်။

ဒုတိယပိုင်းမှာတော့ မန်ယူတို့ပိုပြီး Active ဖြစ်တာကိုတွေ့ရပါတယ်။ ဘယ်ခြမ်းမှာ ဒေါ်ဂူ ဘရူနိုရဲ့တွဲလုံးက ထင်ထားတာထက်ပိုကောင်းခဲ့ပြီး ထုံးစံအတိုင်းဘရူနိုရဲ့လုပ်အားနှုန်းကမန်ယူတိုက်စစ်အတွက် ဖြေဆေးဖြစ်ခဲ့ပြန်တာ​ပါ။ ပွဲချိန် မိနစ် ၅၀မှာ ဘရူနိုရဲ့လှလှပပခင်းကျင်းပေးမှုကနေ ဆက်စ်ကိုကချေပဂိုးပြန်သွင်းပေးခဲ့ပါတယ်။ မန်ယူအတွက်ရော ဆလိုဗေးနီးယားသားအတွက်ပါ ယုံကြည်မှုမြင့်စေခဲ့တဲ့ဂိုးဖြစ်ပါတယ်။

ချေပဂိုးရပြီးထဲက အချိတ်အဆက်ပိုမိလာတဲ့မန်ယူအတွက် ဦးဆောင်ဂိုးရဖို့လည်းမခက်ခဲခဲ့ပါဘူး။ ဘရူနို ဒေါ်ဂူတွဲလုံးကနေ ဒေါ်ဂူရဲ့ဖြတ်တင်ဘောကို ဆက်စ်ကိုကပြေးဝင်ပိတ်သွင်းပြီး မိနစ် ၆၀မှာ မန်ယူတို့ပွဲကိုဦးဆောင်နိုင်ခဲ့ပါတယ်။ မန်ယူတို့အတွက် သုံးမှတ်ရဖို့အကောင်းဆုံးအခွင့်အရေးကိုပိုင်ဆိုင်ခဲ့ချိန်ဖြစ်ပါတယ်။

သို့ပေမယ့် မန်ယူရဲ့ခံစစ်ပြသာနာဟာမပြီးဆုံးသေးပါဘူး။ ဂိုးရဖို့ခက်သလောက် ဂိုးတွေလွယ်လွယ်နဲ့ပြန်ပေးနေရတာကိို ဒီပွဲမှာလည်းထပ်မံမြင်တွေ့ခဲ့ရတာပါ။ ဘန်လေဟာ တစ်ပွဲလုံးမှာ ဂိုးပေါက်တည့်မတ်မှုတစ်ကြိမ်သာရှိပြီး နှစ်ဂိုးရခဲ့တာဖြစ်ပါတယ်။ ခံစစ်ပိုင်းအားနည်းမှုကိုမပြင်ဆင်နိုင်သ၍ မန်ယူရဲ့အမှတ်ဆုံးရှုံးမှု​တွေကလည်းဆက်လက်တည်ရှိနေဦးမှာသေချာပါတယ်။

တိုက်စစ်ပိုင်းကလည်း ချီးကျူးစရာကောင်းတာလား ညံ့များ​​ညံ့နေသလားဆိုပြီး ဝေခွဲရခက်တဲ့ ဝိယောဓိဆန်ဆန်စွမ်းဆောင်ရည်မျိုးလို့သတ်မှတ်ရမှာပါ။ တစ်ပွဲလုံးမှာ ဂိုးပေါက်ကန်သွင်းမှု အကြိမ် ၃၀ရှိခဲ့ပြီး နှစ်ဂိုးသာရခဲ့တာဖြစ်ပါတယ်။ ဘန်လေခံစစ်ပိုင်းကလည်းအမှားနည်းလွန်းပြီး ကျစ်လျစ်မှုရှိရှိနဲ့အကောင်းဆုံးပိတ်ဆို့သွားခဲ့တာပါ။ ထိုက်တန်တဲ့တစ်မှတ်ကို ဘန်လေတို့ရယူနိုင်ခဲ့တာဖြစ်ပြီး မန်ယူကတော့နိုင်နိုင်ပါလျက်နဲ့သရေကျခဲ့ရတာဖြစ်ပါတယ်။

မန်ယူအတွက်ကြံဖန်ဖြည့်တွေးစရာကတော့ ဆက်စ်ကိုဂိုးရခဲ့တာနဲ့ ရှေးလေစီရဲ့အားကိုးချင်စရာခြေစွမ်းကိုမြင်တွေ့ခဲ့ရတဲ့အချက်ပါ။ ခံစစ်ပိုင်းကိုလုံခြုံအောင်ပြင်ဆင်နိုင်မယ်ဆိုရင် အများကြီးတိုးတက်လာနိုင်တယ်ဆိုတဲ့ခံစားမှုမျိုးကို မန်ယူဆီမှာရှာတွေ့မိတဲ့ပွဲဖြစ်ပါတယ်။ သို့ပေမယ့်လည်း ပြင်ဆင်ဖို့မလွယ်တာကလည်းသိသာနေဆဲအချက်တစ်ခုပါ။ ဖလက်ချာအတွက်ကတော့ ရလဒ်မကောင်းခဲ့ပေမယ့် ကစားပုံကောင်းတစ်ခုကိုပြသနိုင်ခဲ့တယ်လို့ဆိုရပါမယ်။ နိုင်ခဲ့ရင်အကောင်းဆုံးဆိုပေမယ့် ခြေစွမ်းအရတော့ ဖလက်ချာကိုအပြစ်မဆိုသာခဲ့တာသေချာပါတယ်။

05/01/2026

ဖိအားတွေနဲ့အတူရှုပ်ထွေးခဲ့တဲ့ မန်ယူ-အမိုရင်မ်

မန်ယူအတွက်တော့ စိတ်မချမ်းသာစရာများနေတဲ့နှစ်သစ်လို့ပြောရပါမယ်။ လိဒ်အသင်းကိုအဝေးကွင်းမှာသရေကျခဲ့ပြီး ရမှတ်တွေဆက်လက်ဆုံးရှုံးခဲ့ရတာပါ။ အသင်းအတွင်းမှာလည်း မတည်ငြိမ်မှုတွေရှိနေကြောင်းသိသာနေပြီး အမိုရင်မ်နဲ့အသင်းတာဝန်ရှိသူတွေကြားက အစိုင်အခဲဟာလည်းတဖြည်းဖြည်းကြီးထွားလာရာကနေ အဆုံးသတ်လမ်းခွဲမှုဆီကိုရောက်ရှိသွားခဲ့ပြီဖြစ်ပါတယ်။ ခြေစွမ်း၊ ရလဒ်ဆိုတာတွေအပြင် ပြင်ဆင်စရာတွေပိုများလို့လာပါတယ်။

ပွဲအကြောင်းကတော့ အထွေအထူးပြောနေစရာလိုအပ်မယ်မထင်ပါဘူး။ ဒီတစ်ရာသီလုံးမြင်တွေ့နေကြ မန်ချက်စတာယူနိုက်တတ်ရဲ့ ပုံစံဟောင်းတစ်ခုကိုသာနောက်တစ်ကြိမ်မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။ တိုးတက်မှုမရှိသလို အားရစရာလည်းမရှိပါဘူး။ ကစားသမားတွေကြားမှာ နားလည်မှုတွေလွဲလို့ကောင်းနေဆဲဖြစ်ပြီး တစ်ဦးချင်းအရည်အသွေးတွေကလည်း မေးခွန်းထုတ်ချင်စရာဖြစ်ခဲ့ပါတယ်။

တစ်ပွဲလုံးကိုခြုံပြီးပြောရမယ်ဆို သရေရလဒ်ဟာမန်ယူအတွက်အဖြစ်သင့်ဆုံးလို့မှတ်ချက်ပေးရမှာပါ။ နိုင်လောက်တဲ့အခိုက်အတန့်မျိုးမရှိခဲ့သလို နိုင်ခဲ့သင့်တဲ့တယ်ဆိုတဲ့ခံစားမှုမျိုးလည်းမပေးနိုင်ခဲ့ပါဘူး။ ဆက်စ်ကိုရဲ့အဆုံးသတ်ပိုင်းတွေတိုးတက်လာမယ်ဆိုရင်တော့ ဂိုးတွေပိုရလာပြီး ရလဒ်ကောင်းတွေကိုဖန်တီးလာနိုင်ပါတယ်။ သို့ပေမယ့် ဆက်စ်ကိုကလည်း အသားကျဖို့ရုန်းကန်နေရကြောင်း ဒီပွဲမှာထပ်မံအသိပေးသွားခဲ့တယ်။

မန်ယူအတွက်ကောင်းတဲ့အချက်ဆိုရင်တော့ ကွန်ညာဂိုးသွင်းနိုင်ခဲ့တာလို့ပဲပြောရမှာပါ။ အမ်ဘူမို၊ အာမတ်တို့မရှိချိန် ဘရူနိုနဲ့မေဆင်မောင့်တို့ဒဏ်ရာရနေချိန်မှာ ​ကွန်ညာရဲ့ဂိုးတွေကိုမြင်ရတာကကောင်းသောသတင်းဖြစ်ပါတယ်။ မေဆင်မောင့်ပြန်ကစားနိုင်ပြီဆိုရင်တော့ တမျိုးတဖုံတိုးတက်ပြောင်းလဲလာဖို့မျှော်လင့်နိုင်မှာပါ။ ဘရူနိုပြန်လာဖို့ကတော့အချိန်တစ်ခုအထိစောင့်ရဦးမှာသေချာပါတယ်။

လက်ရှိမန်ယူအသင်းမှာ သိသိသာသာလိုအပ်တာကအရန်အင်အားဖြစ်နေပါတယ်။ အမိုရင်မ်က ကစားသမားအသစ်ခေါ်ပေးဖို့အလိုရှိပြီး INEOS ကတော့ လိုက်လျောဖို့ဆန္ဒမရှိပါဘူး။ ဒါ့အပြင် အမိုရင်မ်ရဲ့ 3 Back ကိုလည်း အသင်းတာဝန်ရှိသူတွေက စိတ်ပျက်နေပုံရပါတယ်။ 4 Back ကစားဖို့အတွက် တွန်းအားပေးခံနေရပြီး ဒီအချက်က အမိုရင်မ်နဲ့ INEOS ကြား အကြီးမားဆုံးအဖုအထစ်ဖြစ်ခဲ့တယ်လို့ပြောရမှာပါ။ မနေ့ညကသတင်းစာရှင်းလင်းပွဲမှာ အမိုရင်မ်ကပြင်းပြင်းထန်ထန်ပေါက်ကွဲသွားခဲ့ပြီး ဘုတ်အဖွဲ့ရဲ့ဆုံးဖြတ်ချက်ကလည်း ဒီအကြောင်းကြောင့်ပိုမိုပြတ်သားသွားခဲ့ပုံရပါတယ်။

နှစ်ဖက်လုံးက ကိုယ်စီကိုယ်ငှမှန်ကန်ကြတယ်ဆိုပေမယ့် ပြီးပြည့်စုံတဲ့အမှန်တရားတော့ဟုတ်မနေပါဘူး။ အသင်းတစ်သင်းမှာမရှိကိုမရှိသင့်တဲ့တင်းမာမှုလို့တောင်သတ်မှတ်ရမှာဖြစ်ပါတယ်။ နည်းပြနဲ့အသင်းတာဝန်ရှိသူတွေကြားဆက်ဆံရေးပြေ​ပြစ်နေဖို့အရေးကြီးပြီး ဒါမှသာအသင်းရဲ့အနာဂတ်ကိုပိုမိုကောင်းမွန်အောင်ဖန်တီးနိုင်မှာပါ။ မန်ယူမှာတော့ဒါမျိုးကိုမြင်တွေ့ရခြင်းမရှိပဲ ပြသာနာပြီးရင်းပြသာနာဆိုတာတွေသာဖြေရှင်းခဲ့ရပါတယ်။ အခုချိန်မှာ အမိုရင်မ်ကို​ထုတ်ပယ်ခဲ့ပေမယ့် ပြသာနာအရင်းအမြစ်များစွာက အသင်းဆီမှာကျန်ရစ်နေဆဲလို့ဆိုနိုင်ပါတယ်။

ဒီလိုပြသာနာတွေကြားမြေစာပင်ဖြစ်ရတာကပရိသတ်တွေပါ။ တဖြည်းဖြည်းမျှော်လင့်ချက်မဲ့လာပြီး အာဆင်နယ်ကလွဲရင် အသင်းကြီးတိုင်းနီးပါးကခြေချော်နေကြလို့သာ Top 4 နားမှာတဝဲလည်လည်ရပ်တည်နေနိုင်တာဖြစ်ပါတယ်။ တကယ်လို့ မန်ယူသာတာဝန်ကျေမယ်ဆို အဆင့်လေးဆိုတာထက်ပိုမြင့်တဲ့နေရာကိုတောင် ရောက်နေဖို့အခွင့်အရေးတွေရှိခဲ့တာပါ။ နောက်ဆုံးငါးပွဲမှာ တစ်ပွဲသာနိုင်ထားပြီး သုံးပွဲသရေကျ တစ်ပွဲရှုံးထားတာဟာ ဆိုးရွားတယ်တော့မဟုတ်ပေမယ့် အကောင်းဆုံးလည်းမဟုတ်နေတာသေချာပါတယ်။ မန်ယူတို့အဖြေရှာဖို့လိုတယ်ဆိုတာကို ထပ်ခါတလဲလဲပြောနေကြပေမယ့် မန်ယူမှာအဖြေရှာရမယ့်ပြသာနာတွေကပိုပိုများလာတာပါ။ ဘယ်ပြသာနာရဲ့အ​ဖြေကိုအရင်ရှာရမလဲဆိုတာတောင်ဝေခွဲမရတော့တဲ့အထိရှုပ်ထွေးနေတဲ့မန်ယူရဲ့အခြေအနေဖြစ်ပါတယ်။

အမိုရင်မ်ကိုထုတ်ပယ်ခြင်းဟာ မှန်လားမမှန်လားငြင်းခုန်ဖို့ထက် ယာယီနည်းပြဖလက်ချာကဘာတွေယူဆောင်လာနိုင်မလဲဆိုတာကသာပိုအရေးကြီးသွားပြီလို့ပြောရမှာပါ။ သို့ပေမယ့်လည်း လက်ရှိအစုအဖွဲ့ရဲ့လုပ်နိုင်စွမ်းအရ ဖလက်ချာလည်းအများကြီးစွမ်းဆောင်နိုင်ဦးမှာမဟုတ်ပါဘူး။ နည်းပြအပြောင်းအလဲကလိုအပ်တယ်ဆိုရင်တောင် ကစားသမားအသစ်ခေါ်ယူဖို့ကလည်းလိုအပ်ဆဲလိုအပ်မြဲဖြစ်ပါတယ်။ INEOS ရဲ့ ဆုံးဖြတ်ချက်တွေဟာ မန်ယူအတွက် အသက်တမျှအရေးပါလာပြီး INEOS ဘက်က မန်ယူကိုတကယ်ပဲအောင်မြင်စေလိုသလား၊ ဒါမှမဟုတ် စီးပွားရေးသပ်သပ်အသုံးချလိုတာလားဆိုတာတွေကတော့ တဖြည်းဖြည်းရုပ်လုံးပေါ်လာဖို့ရှိပါတယ်။

06/11/2025

လီဗာပူး 1-0 ရီးရဲလ် သုံးသပ်ချက်
တင်ဆက်သူ - ကိုစုံ

ရီးယဲလ်အနေနဲ့ ထိုက်ထိုက်တန်တန် ရှုံးခဲ့တဲ့ပွဲဖြစ်ပြီး အလွန်ဆိုရဲ့ Big game တွေကိုချဥ်းကပ်ပုံ၊ အသင်းသားတွေရဲ့ ဦးဆောင်သူကင်းမဲ့မှုတွေက လိုအပ်ချက်ရှိနေတာထင်ရှားခဲ့ချိန်မှာ လီဗာပူးလ်ကတော့ မန်စီးတီးနဲ့ပွဲမတိုင်ခင် စိတ်အားတက်ကြွစရာ၊ ကျေနပ်စရာနိုင်ပွဲကို ရခဲ့ပါတယ် ။

06/11/2025

ပီအက်စ်ဂျီ 1-2 ဘိုင်ယန် သုံးသပ်ချက်
တင်ဆက်သူ - ကိုစုံ

ဗင်းဆင့်ကွန်ပနီရဲ့အသင်းကတော့ ဥရောပထိပ်တန်းလိဂ်ငါးခုသမိုင်းတလျှောက်မှာ အကောင်းဆုံးရာသီအဖွင့်ကို ဆက်လက်ရေးထိုးနေခဲ့တယ်။
ကွန်ပနီက ဘယ်သူကတိုက်စစ်မှုးလဲ၊ ဘယ်သူက ကွင်းလယ်တိုက်စစ်လဲ၊ ဘယ်သူက Fullback လဲ ခန့်မှန်းလို့မရအောင်ရွေ့လျားနေကြတာကို လိုချင်တယ်လို့ ဆိုခဲ့တယ်။ ဘိုင်ယန်က သူ့စိတ်ကူးထဲကအတိုင်း တသွေမသိမ်း ကစားနိုင်လာတယ်။
ကွန်ပနီရဲ့အသင်းဟာ ပြိုင်ဘက်တိုင်းအတွက် ရင်ဆိုင်ရခက်ခဲနေဦးမယ့် ၊ အလွန်ခန့်မှန်းရခက်တဲ့အသင်းတစ်သင်းဖြစ်လာခဲ့ပြီး ဒီပုံစံအတိုင်းသာဆိုရင် ဆုဖလားအားလုံးမှာ ထိပ်ဆုံးကရေပန်းစားလာမယ့် လက်ရှိဥရောပရဲ့အကောင်းဆုံးအသင်းလို့ပဲ မဖြစ်မနေအသိအမှတ်ပြုရပါလိမ့်မယ် ။

31/10/2025

ဟာလန်းအပေါ် မှီခိုခြင်းနဲ့ နောက်ဆက်တွဲများ
တင်ဆက်သူ - ကိုစုံ

ပရီးမီးယားလိဂ်မှာ ဟာလန်းပြီးရင်
မန်စီးတီးအတွက်ဂိုးအများဆုံးသွင်းထားတာ မန်စီးတီးကစားသမားတောင်ဟုတ်မနေဘူး။
ဟာလန်းလိုတိုက်စစ်မှုးက ဒီတာဝန်ကိုအဓိကထမ်းဆောင်တာမထူးဆန်းပေမယ့် မန်စီးတီးအောင်မြင်ခဲ့တဲ့ကာလတွေတိုင်းမှာ သူ့အတွက်တောင်းဆိုမှုကို ခွဲဝေထမ်းပိုးခဲ့ကြသူတွေ အမြဲရှိခဲ့ပါတယ်။ ခုတော့ မန်စီးတီးနဲ့ရင်ဆိုင်ရတဲ့အခါ ဟာလန်းကိုထိန်းထားနိုင်ရင် ကျန်တာသိပ်ပူစရာမလိုတော့သလိုဖြစ်လာတယ်။ ရာသီအဖွင့် ၉ ပွဲမှာ သုံးပုံတစ်ပုံရှုံးပွဲကြုံထားပြီဖြစ်တဲ့ မန်စီးတီးဟာ ချန်ပီယံစိန်ခေါ်သူနေရာပြန်ရောက်ဖို့ ခုထက်ပိုကောင်းတဲ့ တိုက်စစ်စီးဆင်းမှုကို ပြန်လည်ပြသနိုင်ဖို့ အရေးတကြီးလိုအပ်လာခဲ့ပါတယ်.. ။

29/10/2025

အန်ဖီးလ်ကျရိပ်
တင်ဆက်သူ - ကိုစုံ

ပြီးခဲ့တဲ့ရာသီမှာ လီဗာပူးလ်ရဲ့ Game state မျိုးစုံကို ကိုင်တွယ်နိုင်စွမ်းက ပြိုင်ဘက်တွေထက် နှာတဖျားသာတဲ့အရည်အချင်းဖြစ်ခဲ့ပေမယ့် ဒီရာသီ အာနေးဆလော့ရဲ့ အသင်းကတော့ ထိလွယ်ရှလွယ်ဖြစ်လာတယ်။ ဂိုးတွေပေးရ၊ ဖိအားတွေများလာ၊ နောက်ကလိုက်ကစားရ.. လုံးလည်ခြာလည်လိုက်နေတယ်။
ဒုက္ခပေးနေကျ ခရစ္စတယ်ပဲလေ့စ်၊ ပြီးရင် အက်စ်တွန်ဗီလာ၊ ရီးယဲလ်၊ မန်စီးတီးတို့နဲ့ ဆက်တိုက်ရင်ဆိုင်ရမှာမို့ ဆလော့အတွက် မလွယ်ပါဘူး။ လီဗာပူးလ်ဟာ ရုန်းရင်းနစ်ရင်းဖြစ်လာပြီး သိသာထင်ရှားနေတဲ့ အားနည်းချက်တွေကို ပြုပြင်ဖို့ Tactical tweak တချို့နဲ့အတူ အာနေးဆလော့ပြင်ဆင်နိုင်ဦးမလား၊ ဒီဖိအားတွေကြားက တကျော့ပြန်ရုန်းထွက်နိုင်မလားဆိုတာစိတ်ဝင်စားစရာကောင်းလာပါတယ်..။

28/10/2025

ကြောင်နက် ဒိုင်ယာရီ
တင်ဆက်သူ - ကိုစုံ

လွန်ခဲ့တဲ့ တစ်နှစ်တုန်းက လူတန်တောင်းကို အနိုင်ယူပြီး ချန်ပီယံရှစ်ဇယားထိပ်ကိုရောက်လာတဲ့ ဆန်းဒါးလန်းဟာ ပရီးမီးယားလိဂ်အိပ်မက်ကို အစပြုခဲ့တယ်။ ခုတော့ ပြက္ခဒိန်စာမျက်နှာတချို့ ကုန်လွန်သွားပြီးတဲ့နောက်မှာ ကြောင်နက်တွေဟာ ကမ္ဘာ့ကလပ်ဖလားချန်ပီယံတွေကိုတောင် သူတို့ကွင်းမှာ ဆွံ့အသွားစေခဲ့ပြီ။

ခြေလှမ်းသွက်သွက် လှုပ်ရှားခဲ့တဲ့ နွေရာသီခေါ်ယူမှုတွေ၊ နည်းပြကောင်းတစ်ယောက်ရဲ့ သပ်ရပ်တဲ့ In-game management များ၊ ခေတ်ကိုအမှီလိုက်နိုင်တဲ့ အသင်းပိုင်ရှင်.. ဒီအစိတ်အပိုင်းတွေကိုပေါင်းစပ်လိုက်တဲ့အခါ ဆန်းဒါးလန်းဟာ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်း ပွဲစဥ် ၉ အပြီးမှာ ရမှတ်အများဆုံးစုဆောင်းနိုင်တဲ့ တန်းတက်အသင်းအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်..။

27/10/2025

တိုးတက်မှုများနဲ့ မန်ယူရဲ့နိုင်ပွဲ
တင်ဆက်သူ - ကိုစုံ

မန်ယူနဲ့အမိုရင်မ်ရဲ့ သဟဇာတဖြစ်လာပုံကကျေနပ်စရာကောင်းလွန်းလှပါတယ်။ ချီးမွန်းခန်းဖွင့်ဖို့ စောလွန်းနေသေးတယ်လို့ သတ်မှတ်နိုင်ပေမယ့် လတ်တလောခြေစွမ်းက အမိုရင်မ်လက်ထပ်မှာ မန်ယူအတွက်အားရစရာအကောင်းဆုံးခြေစွမ်းပါ။ သုံးပွဲဆက်နိုင်ထားပြီး အသင်းရဲ့ Mentalityပိုင်းကို အထောက်အကူဖြစ်စေမယ့်နိုင်ပွဲတွေရထားတယ်။

Photos from Art Of Football's post 16/08/2024

မန်ယူ 1-0 ဖူဟမ် FT
ယူနိုက်တက်ပရိသတ်တွေအတွက် မင်းသားအဖြစ် ဇစ်ဇီးကပါဝင်သရုပ်ဆောင်သွားတဲ့ပွဲပါပဲ။ ယူနိုက်တက်တို့ကစားအားမနှစ်ကထက်ကောင်းလာပေမယ့် တချို့နေရာတွေလိုအပ်ချက်ရှိနေပါသေးတယ်။ အဲရစ်တန်ဟတ်ချ်ကိုယ်တိုင်က ပွဲကြိုအင်တာဗျူးမှာ အားမရဘူးပြောခဲ့လို့စောင့်ကြည့်ရမှာပါပဲ။

ဖူဟမ်ဘက်ကလည်း တန်ပြန်တိုက်စစ်တွေကအတော်လေးသွက်လှပါတယ်။ ရာသီအစဆို အသင်းသေးတွေကိုအထင်မသေးတာအကောင်းဆုံးပါပဲ။ ဒီရာသီရဲ့ပထမဆုံးသွင်းဂိုးကို ယူနိုက်တက် တိုက်စစ်မှူးသစ် ဇစ်ဇီးကရရှိခဲ့ပြီး ပွဲဦးထွက်တော့အဖွင့်လှခဲ့ပါပြီ။
အပိုင်ဂိုးတွေရခဲ့ပေမယ့် ဂါနာချိုနဲ့ ဘရူနိုတို့ ဒီနေ့အတော်လေး လွဲခဲ့ပါတယ်။

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง ห้องออกกำลังกายและกีฬา ใน Bangkok?

คลิกที่นี่เพื่อเป็นสมาชิก?

ที่ตั้ง

ประเภท

เว็บไซต์

ที่อยู่

Bangkok