Let Me Talk

Let Me Talk

แชร์

Presented by 𝐋𝐞𝐭 𝐌𝐞 𝐓𝐚𝐥𝐤 𝐱 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐂𝐢𝐭𝐲𝐳𝐞𝐧𝐬

▪️What We Talk About When We Talk About City ▪️

01/09/2026

စီးတီးပရိသတ်များအတွက် ယနေ့အဖို့ သီချင်းကောင်းကောင်း သီချင်းတောင်း ကဏ္ဍ 🙂‍↔️

•

Presented by 𝐋𝐞𝐭 𝐌𝐞 𝐓𝐚𝐥𝐤 𝐱 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐂𝐢𝐭𝐲𝐳𝐞𝐧𝐬

𝐋𝐞𝐭 𝐌𝐞 𝐓𝐚𝐥𝐤 ▪️
What We Talk About When We Talk About City

25/08/2026

❝ အကြောင်းအရင်းတွေ အများကြီးကြောင့် တကယ့်ကို ကြီးမားတဲ့ စိန်ခေါ်မှုတစ်ခု ဖြစ်လာပါလိမ့်မယ်။ ပြီးခဲ့တဲ့ ဆယ်နှစ် ဆယ့်ငါးနှစ်အတွင်း ဒီအသင်းရခဲ့တဲ့ အောင်မြင်မှုတွေ အများကြီး ရှိတယ်လေ။ ဒါတွေကို ဆက်ပြီး ထိန်းသိမ်းသွားရမှာမို့ တကယ့်ကို စိတ်လှုပ်ရှားစရာပါပဲ။

ဘောလုံးမှာ အရေးအကြီးဆုံးအရာအဖြစ် ဦးစားပေးလုပ်ရမယ့် အရာဆိုရင် အနိုင်ရဖို့။ အရေးပါတဲ့ ဆုဖလားတွေကို အရယူနိုင်ဖို့ပဲ ဖြစ်ပါတယ်။ ကျနော်အဲ့ဒီရာသီကို မှတ်မိနေတုန်းပါပဲ။ စီးတီးနဲ့ ရခဲ့တဲ့ ဆုဖလားတွေတင်မကဘဲ ဒီမှာ အတူဖြတ်သန်းကုန်ဆုံးခွင့်ရခဲ့တဲ့ အတွေ့အကြုံတွေကိုရောပေါ့ဗျာ။ (ဂွာဒီယိုလာရဲ့ လက်ထောက်နည်းပြဘဝနဲ့ ဖလားသုံးလုံး ရခဲ့တဲ့ ရာသီကို ဆိုလို)။

ကျနော်ရော ကျနော့်မိသားစုကပါ မန်ချက်စတာမြို့ကြီးကို မြို့တစ်မြို့အနေနဲ့ တကယ်ကို သဘောကျကြတာ။ ဒီမှာနေခဲ့ရတဲ့ နှစ်နှစ်တာမှာ ကျနော်တို့ တကယ့်ကို ခံစားချက်ကောင်းကောင်း ရခဲ့ကြတယ်။ ဒီအီတီဟတ်ကွင်းကြီးထဲက အငွေ့အသက်တွေကို လည်း ကျနော်မှတ်မိနေတုန်းပါပဲ။ အသင်းနိုင်ပွဲရဖို့ ပရိသတ်တွေ တွန်းအားပေးရင်း အားပေးခဲ့ကြပုံတွေကိုရောပေါ့။ သူတို့ ဒီအသင်းကို ဒီလိုပဲ ဆက်ပြီး အားပေးနေဦးမယ်ဆိုတာ ကျနော်လုံးဝ သံသယမရှိပါဘူး။ ပြီးတော့ ဒီအသင်းရဲ့ နည်းပြသစ်ကိုရောပေါ့ဗျာ...

C'mon City 🩵 ❞

အန်ဇိုမာရက်စ်ကာ
(မန်ချက်စတာစီးတီးနည်းပြသစ်)

•

Presented by 𝐋𝐞𝐭 𝐌𝐞 𝐓𝐚𝐥𝐤 𝐱 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐂𝐢𝐭𝐲𝐳𝐞𝐧𝐬

𝐋𝐞𝐭 𝐌𝐞 𝐓𝐚𝐥𝐤 ▪️
What We Talk About When We Talk About City

25/08/2026

တခြားအသင်းက ကွင်းလယ်ခံစစ်ကစားသမားတွေ
မဖြတ်သန်းဖူးတဲ့ Lifestyle 😎

15/07/2026

၁၄နှစ်သားအရွယ်မှာပဲ အိမ်‌ကနေ ထွက်လာပြီး ဘောလုံးအကယ်ဒမီတစ်ခုရဲ့ အဆောင်ခန်းကျဥ်းလေးထဲမှာ တကိုယ်တည်း ဖြတ်သန်းရင်း အိမ်မက်တွေနောက်ကို လိုက်ခဲ့တယ်။ နောက်တစ်နှစ်အကြာမှာ အသင်းက ကုန်ကျစရိတ်တွေ စိုက်ပေးလို့ မွေးစားမိသားစုရဲ့ အိမ်ကလေးမှာ နေခွင့်ရခဲ့တယ်။ ခဏပါပဲ..။ အနေအေးလွန်းပြီး သူတို့နဲ့ စကားအပြောအဆို သိပ်မရှိတာကြောင့် ဆက်ဆံရခက်လွန်းတဲ့ကောင်လေးဆိုတဲ့ အကြောင်းပြချက်နဲ့ မွေးစားမိဘတွေ စွန့်ပစ်ခြင်းကို ခံလိုက်ရတယ်။

စွန့်ပစ်ခံရတဲ့နာကျည်းချက်ကို မီးစာအဖြစ် ပြောင်းလဲလိုက်တယ်။ နှစ်လအတွင်း လက်ရှိကစားနေတဲ့ ဘယ်ဂျီယမ်ကလပ် ဂျန့်ခ်ရဲ့ အဓိကကစားသမားဖြစ်စေရမယ်လို့ ကြုံးဝါးရင်း သဓိဌာန်ချခဲ့တယ်။ သိပ်မကြာလိုက်ပါဘူး။ ဂျန့်ခ်အသင်းရဲ့ ပွဲစဉ်တစ်ခုမှာ လူစားဝင်ကစားသမားအဖြစ် အခွင့်အရေးရလာခဲ့တယ်။ ဒုတိယပိုင်းမှာ သူဝင်လာခဲ့တယ်။ နာကျည်းစိတ်တွေကို ဂိုးအဖြစ် ပြောင်းလဲလိုက်တယ်။ ဒုတိယပိုင်းတစ်ပိုင်းတည်းမှာတင် သူတစ်ယောက်တည်း ငါးဂိုးအထိ သွင်းနိုင်ခဲ့တယ်။ ဒီလိုနဲ့ အသင်းရဲ့ အဓိကကစားသမားတစ်ဦး ဖြစ်လာခဲ့တယ်။

စကားနည်းတယ်။ အနေအေးတယ်။ အပြင်လူ‌တွေနဲ့ ပေါင်းသင်းဆက်ဆံရေး အားနည်းတတ်တယ်။ ဒီလိုလူတွေ ချစ်သူမိန်းက‌လေးများ ရသွားခဲ့ရင် အဲ့ဒီတစ်ယောက်က သူ့ရဲ့အရာရာပါပဲ။ အဲ့ဒီတစ်ယောက်က သူ့ရဲ့မိတ်ဆွေဆိုလည်း ဟုတ်တယ်။ သူငယ်ချင်းဆိုလည်း မမှားဘူး။ မောင်နှမသားချင်းလိုလည်း မှတ်ယူလို့ရတယ်။ သူ့ရဲ့ ရင်ဖွင့်ဖော်၊ တိုင်ပင်ဖော် တိုင်ပင်ဖက်ပါပဲ။ အဲ့ဒီလိုလူက သူ့ရဲ့ သူငယ်ချင်းနဲ့ ဖောက်ပြန်သွားခဲ့တယ်။ အဲ့ဒီတုန်းက သူ့အသက်က နှစ်ဆယ်စွန်းစွန်းပေါ့။ အသည်းကွဲတဲ့ဒဏ်ကို လူးလိမ့်နေအောင် ခံခဲ့ရတယ်။ ဒါပေမဲ့ ‌အနေအေးသလောက် စိတ်ဓာတ်ကြံ့ခိုင်တဲ့သူပဲ။ သူ့ကိုယ်သူ ပြန်လည် တည်ဆောက်ယူနိုင်ခဲ့တယ်။ သူ့အသက်အစိတ်အရောက်တော့ သူ့ဘေးမှာ မိခင်လိုနှလုံးသားနဲ့ သူ့အပေါ်နွေးထွေးတဲ့ အိမ်သူသက်ထား ရှိနေခဲ့ပြီ။ သူ့နှလုံးသားကို လန်းဆန်းစေတဲ့ ဆည်းလည်းလေး သူ့ရဲ့ သားကြီး ရှိနေခဲ့ပြီ။ ပျော်စရာကောင်းတဲ့ မိသားစုဘဝလေး ရှိနေခဲ့ပြီ။

၂၀၁၄ မှာ မော်ရင်ဟိုက ငါးယောက်မြောက်ဦးစားပေးကွင်းလယ်ကစားသမားအဖြစ် သတ်မှတ်တာကို ခံခဲ့ရတယ်။ နောက်တော့ အသင်းက သူ့ကို ရောင်းထုတ်တာကိုပါ ခံလိုက်ရတယ်။ သိပ်တော့ မကြာလိုက်ပါဘူး။ ၂၀၁၅ မှာ ဝုဖ်ဘတ်အတွက်ကစားရင်း ဂျာမာန်လိဂ်ရဲ့ အကောင်းဆုံးကစားသမားဆုကို ရယူနိုင်ခဲ့တယ်။ အဲ့ဒီအချိန် ဂျာမာန်လိဂ်ကို အုပ်စိုးထားခဲ့တာဟာ နာမည်ကျော်နည်းပြ ပက်ဂွာဒီယိုလာရဲ့ ဘိုင်ယန်မြူးနစ်။ အာဂျန်ရော်ဘင်၊ ရီဘာရီ၊ သောမတ်မူလာစတဲ့ နာမည်ကြီးကစားသမားတွေ ရေရွတ်လို့ မကုန်နိုင်အောင် ပိုင်ဆိုင်ထားချိန်ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလူတွေအကုန်လုံးကို ကျော်ဖြတ်ပြီး ဒီဆုကို သူ ရယူနိုင်ခဲ့တယ်။

အဲ့ဒီနောက် အင်္ဂလန်မြေကို သူပြန်ရောက်လာတယ်။ ရာသီအချိန်အခါမရွေး မိုးရွာချတတ်တဲ့ မန်ချက်စတာရဲ့ကောင်းကင်တွေ ပြာလဲ့နေတဲ့ ရှားရှားပါးပါးနေ့လေးတစ်နေ့မှာပေါ့။ သိပ်တော့ မလွယ်ခဲ့ပါဘူး။ ဒီမှာ ဘောလုံးတောင် မထိရသေးခင်မှာတင် သူ့အကြောင်း ဝေဖန်သံတွေ ဆူညံနေခဲ့တယ်။ ဂျာနယ်တိုက်တစ်ခုကဆို သန်း၆၀တန် အငြင်းပယ်ခံကောင်လေးလို့ သမုတ်ပြီး အပြင်းအထန် တိုက်ခိုက်တာကိုပါ ခံယူခဲ့ရတယ်။ သူ့ရဲ့ ထုံးစံအတိုင်းပါပဲ။ ဒီအသံတွေကို တိတ်ဆိတ်သွားအောင် စွမ်းဆောင်ပြခဲ့တယ်။

ဒီအသင်းမှာ ဆယ်စုနှစ်တစ်ခုစာ သူဖြတ်သန်းခဲ့တယ်။

မန်စီးတီးအတွက် ဖန်တီးမှုတွေ တသွင်သွင် စီးဆင်းနေတဲ့ ဖန်တီးမှုရေတံခွန်လေးဖြစ်ခဲ့တယ်။ မန်စီးတီးလိုအပ်လာချိန်တိုင်းမှာ ဂိုးတွေ တဒိုင်းဒိုင်းသွင်းပေးခဲ့တဲ့ တဒိုင်းဒိုင်းနဲ့ မိုက်တဲ့ ဒိုင်းနမိုက်ဖြစ်ခဲ့တယ်။ ဒီထဲမှာ ချဲလ်ဆီးကို လက်စားပြန်ချေတဲ့ သွင်းဂိုးတွေ၊ ဖန်တီးမှုတွေ ပါတယ်။ စပါးစ်၊ မန်ယူနိုက်တက်၊ အာဆင်နယ်နဲ့ လီဗာပူးလ်တို့လို ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးအသင်းတွေကို မညှာမတာ ရက်စက်ခဲ့တဲ့ ဖန်တီးမှုတွေ၊ သွင်းဂိုးတွေ ပါတယ်။ ဘိုင်ယန်မြူးနစ်နဲ့ ရီးရဲလ်မက်ဒရစ်တို့လို ဥရောပဘီလူးကြီးတွေကို ဒူးထောက်စေခဲ့တဲ့ ဖန်တီးမှုတွေ၊ သွင်းဂိုးတွေ ပါခဲ့ပါတယ်။

သန်း၆၀တန်အငြင်းပယ်ခံကောင်လေးဘဝကနေ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးကွင်းလယ်ကစားသမားတွေထဲက တစ်ယောက်ဖြစ်လာတယ်။ မန်စီးတီးရဲ့ သမိုင်းတလျှောက် အကောင်းဆုံးကစားသမားဖြစ်လာခဲ့ပါတယ်။ ဟုတ်ပါတယ်၊ သူ့နာမည်က ကီဗင်ဒီဘရိုင်းနားပါပဲ။

သူဟာ ကျိန်းသေပေါက်ကို မန်စီးတီးရဲ့ သမိုင်းတလျှောက် ခြွင်းချက်မရှိအကောင်းဆုံးကစားသမားပါပဲ။ ပရီးမီးယားသမိုင်းတလျှောက် အကောင်းဆုံးကွင်းလယ်ကစားသမားတွေထဲက တယောက်ပါပဲ။ သေချာတာပေါ့..။ ဒီလို ကစားသမားဘဝမျိုးကို ပိုင်ဆိုင်နိုင်ခဲ့သူတွေဟာ လက်ချိုးရေပြလို့ ရ‌လောက်အောင် နည်းပါတယ်။ ဒါပေမဲ့ သူပိုင်ဆိုင်ခဲ့တာ ဒီလိုအောင်မြင်တဲ့ ကစားသမားဘဝတင် မဟုတ်ခဲ့ဘူး။ အမြတ်တနိုးချစ်ရတဲ့ အိမ်သူသက်ထားနဲ့၊ ရင်နှစ်သည်းချာ သားသမီးသုံးယောက်နဲ့။ ဒီလို ‌နွေးထွေးတဲ့ နှစ်လိုဖွယ်မိသားစုဘဝလေးကိုလည်း ပိုင်ဆိုင်ထားခဲ့ပြန်ပါတယ်။ ဒါဟာ အရွယ်ရောက်ပြီးသူ ယောင်္ကျားလေးတိုင်း ပိုင်ဆိုင်ချင်မိတဲ့ မိသားစုဘဝလို့လည်း ဆိုကောင်းဆိုနိုင်ပါတယ်။

လူတစ်ယောက်ဟာ သူဖြတ်သန်းရတဲ့ လက်ရှိဘဝတစ်ခုမှာ Career နဲ့ ပတ်သက်ပြီး အမြင့်မားဆုံး အောင်မြင်မှုတွေ ပိုင်ဆိုင်နိုင်မယ်။ ဒါမှမဟုတ် ဒီလို အိမ်မက်ဆန်တဲ့ မိသားစုဘဝကို ပိုင်ဆိုင်နိုင်မယ်။ ဒီနှစ်ခုထဲက တစ်ခုကို ပိုင်ဆိုင်ထားကြသူတွေကတော့ ဒီကမ္ဘာမှာ မနည်းမနော ရှိနေပါလိမ့်မယ်။ ဒါပေမဲ့ ဒီနှစ်မျိုးလုံးကို ပိုင်ဆိုင်ထားသူဆိုရင်တော့ အင်မတန် နည်းသွားမှာပဲပေါ့။ ဒါပေမဲ့ ဒီစာရင်းအတွက် ရှားရှားပါးပါး အမည်ပေါက်ကြသူတွေထဲမှာ တခြားသူ‌တွေနဲ့အတူ ကီဗင်ဒီဘရိုင်းနားလည်း ပါဝင်နေခဲ့တယ်။

ဒါပေမဲ့ပေါ့လေ......။

ဒီအရာနှစ်ခုအပြင် တစ်ကမ္ဘာလုံးက စီတီဇင်တွေရဲ့ အသည်းနှလုံးကိုပါ အပိုင်ရထားတဲ့သူဆိုရင်ရော‌...၊ ကျိန်းသေပေါက်ကို ကီဗင်ဒီဘရိုင်းနားတစ်ဦးတည်းသာ ရှိပါလိမ့်မယ်။ ဒါဟာ ဘယ်သူမှ လုယူလို့ မရနိုင်တဲ့ ကီဗင်ဒီဘရိုင်းနားတစ်ဦးတည်းသာ ပိုင်ဆိုင်ခွင့်ရခဲ့တဲ့ သူ့ရဲ့ဖြစ်တည်မှုပါပဲ။ ဘယ်လိုစကားလုံးမျိုးနဲ့မှ ရေးပြလို့ မရနိုင်‌အောင်ကို ခမ်းနားတဲ့ ဖြစ်တည်မှုတစ်ခုပါပဲ...။

ဒီနေ့မှာတော့ ကီဗင်ဒီဘရိုင်းနားဟာ ၃၅ နှစ်ပြည့်မြောက်ခဲ့ပြီပဲဖြစ်ပါတယ်။

Happy Birthday Kevin !! 🎊🎁

•

P.S : ဒီဆောင်းပါးမှာ ပါဝင်ခဲ့တဲ့ ဖန်တီးမှုရေတံခွန်လေးဆိုတာ ကျနော်မှတ်မိသလောက် ကိုလမ်းစပြီး သုံးခဲ့တဲ့ အသုံးအနှုန်းလေးပါပဲ။ တဒိုင်းဒိုင်းနဲ့ မိုက်တဲ့ ဒိုင်းနမိုက် ဆိုတဲ့ စကားလုံးတွေကတော့ ကဗျာဆရာဇေယျာလင်းရဲ့ စကားလုံးတွေဖြစ်ပါတယ်။ ဒီနေရာကနေပဲ သက်ဆိုင်သူတွေကို လေးစားသမှုနဲ့ ကျနော် ပြန်လည်ဖော်ပြလိုက်ပေးပါတယ်။

အဆုံးထိ ဖတ်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။
•

Presented by 𝐋𝐞𝐭 𝐌𝐞 𝐓𝐚𝐥𝐤 𝐱 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐂𝐢𝐭𝐲𝐳𝐞𝐧𝐬

𝐋𝐞𝐭 𝐌𝐞 𝐓𝐚𝐥𝐤 ▪️
What We Talk About When We Talk About City

15/07/2026

❝ ပွဲကို တတ်နိုင်သမျှ စိတ်ကြိုက်အသာစီးယူကစားခဲ့တဲ့ အစဉ်အလာကို ဆက်ထိန်းထားပြီး ပြိုင်ဘက်ရဲ့ ကွင်းဘက်ခြမ်းဆီမှာ ဘောလုံးသွားကစားဖို့ပဲ ရည်ရွယ်ထားပါတယ်..❞

🎙️အန်ဇိုမာရက်စ်ကာ
(မန်ချက်စတာစီးတီးနည်းပြသစ်)

•

Presented by 𝐋𝐞𝐭 𝐌𝐞 𝐓𝐚𝐥𝐤 𝐱 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐂𝐢𝐭𝐲𝐳𝐞𝐧𝐬

𝐋𝐞𝐭 𝐌𝐞 𝐓𝐚𝐥𝐤 ▪️
What We Talk About When We Talk About City

15/07/2026

ရိုဒရီက သူ့ဘဝရဲ့ အကောင်းဆုံးပွဲစဉ်တွေထဲက တစ်ပွဲကို ကစားခဲ့ပြီး စပိန်ကို ကမ္ဘာ့ဖလားဗိုလ်လုပွဲဆိုတဲ့ အမြင့်ဆုံးအဆင့်အထိ ပို့ဆောင်ပေးလိုက်ပါတယ်။

ပုံမှန်အားဖြင့် ဒီလိုအခြေအနေမျိုးမှာ အသင်းရဲ့ တိုက်စစ်ကစားသမားတွေက ကျန်တဲ့သူတွေထက် အသိအမှတ်ပြုမှုကို ပိုပြီး ခံယူရလေ့ရှိပါတယ်။ ဒါပေမဲ့ လက်ရှိစပိန်မှာတော့ ဒီအစဉ်အလာတွေ ကျိုးပျက်သွားပြီး ရိုဒရီဆိုတဲ့ အသံတွေက ဆူညံနေတာပါ။ ပိုပြီး ထူးခြားတာက စပိန်ဟာ ခရိုအေးရှားတို့လို တိုက်စစ်ထက် ကွင်းလယ်က ပုံရိပ်ပိုမြင့်တဲ့ အခြေအနေမျိုး မဟုတ်နေဘဲ အခုလို အနေအထားမျိုးဖြစ်နေပြန်တာပါ။ စပိန်ရဲ့ တိုက်စစ်မှာ ယာမဲလ်လို လက်ရှိဘောလုံးကမ္ဘာရဲ့ အတောက်ပဆုံးလူငယ်ကြယ်ပွင့်ယာမဲလ်ရှိနေတာတောင်မှပေါ့။

ရိုဒရီက ဒဏ်ရာတွေရဲ့ သားကောင်လည်း ဖြစ်ခဲ့ဖူးပါတယ်။ သူဘာလွန်ဒေါ ရတဲ့အချိန်ဟာ ACL Injury ကြောင့် ဘောလုံးကစားခြင်းကနေ အနားယူထားရတဲ့အချိန်ပါ။ ပြန်လာရင်တောင် အရင်ခြေစွမ်းရဖို့ မလိုတော့ဘူးဆိုတဲ့ ဝေဖန်သံတွေဟာ ဒီဆုကိုရသွားလို့ တီးနေကြတဲ့ လက်ခုပ်သံတွေနဲ့ အပြိုင်ပါပဲ။

ဒဏ်ရာက ပြန်လာလိုက် ပြန်ဒဏ်ရာရသွားလိုက်နဲ့ သံသရာလည်နေတဲ့ ဒဏ်ရာသားကောင်ဘဝကနေ နောက်ထပ်ဘာလွန်ဒေါတစ်လုံးကို ထပ်မှန်းနိုင်လောက်တဲ့ အနေအထားထိ အခုလို ပြန်လာနိုင်တာက မယုံနိုင်စရာ‌ပါပဲ။ ကမ္ဘာ့ဖလားကိုသာ ဆွတ်ခူးသွားမယ်၊ ဘာလွန်ဒေါနောက်တစ်လုံးကို ထပ်အပိုင်သိမ်းသွားမယ်ဆိုရင် ရိုဒရီဟာ စီးတီးရဲ့ ဂန္ထဝင်မျှသာ မကဘဲ ဘောလုံးလောကရဲ့ ဂန္ထဝင်အဖြစ် သမိုင်းမှာ မှတ်ကျောက်တင်ခံရမယ့် ကစားသမားမျိုးပါပဲ။

ဒါမှမဟုတ် အခုတောင် အဲ့ဒီလို မှတ်ကျောက်တင်ခံထားရတာပါပဲလို့ သတ်မှတ်ရင်လည်း ပြိုင်ငြင်းမယ့်သူ သိပ်မရှိလောက်ဘူးထင်ပါတယ်။ ဒါကပဲ ဘောလုံးကမ္ဘာကြီးကို ရိုဒရီပြသခဲ့တဲ့ သူ့ရဲ့ အဆင့်အတန်းပါပဲ။

•

Presented by 𝐋𝐞𝐭 𝐌𝐞 𝐓𝐚𝐥𝐤 𝐱 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐂𝐢𝐭𝐲𝐳𝐞𝐧𝐬

𝐋𝐞𝐭 𝐌𝐞 𝐓𝐚𝐥𝐤 ▪️
What We Talk About When We Talk About City

06/02/2026

ဆော်ဒီလိဂ်ကို စတီဖန်အော်တေဂါရောက်သွားနိုင်ချေတစ်ခုက လွဲလို့ စီးတီးရဲ့ Transfer Window ဟာ လက်ရှိမှာ ပြည်ဖုံးကားချခဲ့ပြီလို့ပဲ ဆိုရပါမယ်။

ဒီဈေးကွက်ဟာ စီတီဇင်တွေအတွက် ခံစားချက်အဖုံဖုံရသအစုံစုံကို တမျိုးပြီးတမျိုး မရိုးရအောင်ပေးစွမ်းနိုင်ခဲ့တဲ့ ဈေးကွက်တစ်ခုဆိုရင်လည်း မမှားပါဘူး။

ကလပ်ကမ္ဘာ့ဖလားမတိုင်ခင် အဓိကကစားသမားသုံးဦးကို အချိန်တိုအတွင်း ခေါ်ယူနိုင်ခဲ့ချိန်မှာ
ကျနော်တို့ ကျေနပ်အားတက်ခဲ့ကြတယ်။ အကယ်ဒမီထွက်ဂိုးသမားလေး ထရက်ဖိုဒ့်ရောက်လာချိန်မှာတော့ ဝေးကွာနေတာကြာပြီဖြစ်တဲ့ ဆွေမျိုးတွေ ပြန်ဆုံလိုက်ရသလို ခံစားချက်ကို ရပါတယ်။

အဲ့ဒီနောက် အပြောင်းအရွှေ့အသံတွေ ငြိမ်သွားချိန်မှာ အားမလိုအားမရ ဖြစ်ခဲ့ရပြန်တယ်။ ဆာဗင်ဟိုထွက်ပြီး ရိုဒရီဂိုရောက်ဖို့ နီးစပ်သလိုဖြစ်လာတော့ တချို့တွေ ပျော်ပြီး တချို့တွေ စိတ်ညစ်ခဲ့ကြတယ်။ ပျော်သူတွေက ဆာဗင်ဟိုကို မကြိုက်ကြသူတွေဆိုရင် စိတ်ညစ်ခဲ့ကြသူတွေဟာ ဆာဗင်ဟိုပရိသတ်တွေပဲပေါ့...။

ဒီလိုနဲ့ပဲ ဈေးကွက်ဟာ တရွေ့ရွေ့ကုန်ဆုံးလာတယ်။ နောက်ဆုံးအချိန်နဲ့ နီးလာလေ စီတီဇင်တွေ ရင်ကွဲရလေဖြစ်လာတော့တာပါပဲ။

အသင်းက စပါးစ်ကို ရှုံးခဲ့ချိန်မှာ အချိန်ရပါလျက်နဲ့ လိုအပ်တဲ့နေရာတချို့ကို အင်အားဖြည့်တင်းဖို့ လျစ်လျူရှု့ခဲ့တယ်။ အပြောင်းအရွှေ့မပိတ်ခင် နောက်ဆုံး (၄၈) နာရီအတွင်း အီဒါဆန်လ် ထွက်သွားတယ်၊ ဂါလာတာဆာ‌ရေးကို ဂန်ဒိုဝမ် ရောက်သွားတယ်။ အကန်ဂျီက အီတလီမြေဆီ နယ်နှင်ဒဏ်ပေးခံလိုက်ရပါတယ်။

အဆိုးထဲက အကောင်းကတော့ လက်ရှိဘောလုံးကမ္ဘာရဲ့ လက်စွမ်းအကောင်းဆုံး၊ စိတ်အချရဆုံး ဂိုးသမားတွေထဲက တစ်ဦးဖြစ်တဲ့ ဒွန်နာရမ်မာ စီးတီးကို ရောက်ရှိလာခြင်းပါပဲ။

ဆိုတော့ ဒီဈေးကွက်အပြီး စီးတီးရဲ့လူစာရင်းဟာ ဘယ်နေရာတွေမှာ အားဖြည့်လိုက်နိုင်ပြီး ဘယ်နေရာတွေမှာတော့ အင်အားနည်းသွားသလဲဆိုတဲ့ အပေါ် ခံစစ်၊ ကွင်းလယ်၊ တိုက်စစ်စတဲ့ တစ်နေရာချင်းစီအလိုက်ကို အရှိအတိုင်း သုံးသပ်သွားပါမယ်။ လူတစ်ကိုယ်အမြင်တစ်မျိုးဖြစ်လို့ စီတီဇင်တိုင်းရဲ့ အမြင်တွေနဲ့တော့ ထပ်တူမကျနိုင်လောက်ပါဘူး။ ဒါ့အပြင် ကျနော့်အမြင်ကမှ အမှန်ဆိုတာမျိုးလည်း မဟုတ်နိုင်တာ သေချာပါတယ်။ ဆိုတော့ Aggree to Disagree ပါပဲ။ စလိုက်ကြရအောင်ပါ...

Department

အပြောင်းအရွှေ့ရာသီ တစ်ခုတည်းမှာ အသင်းတစ်သင်းက ဂိုးသမားသုံးဦးကို တပြိုင်နက်တည်း ခေါ်ယူနိုင်ခဲ့တယ်။ ဒီသုံးဦးကလည်း မတူညီတဲ့ Profile သုံးခုနဲ့ဆိုတာမျိုးက ဘောလုံးကမ္ဘာမှာ သိပ်ပြီး တွေ့ရလေ့ရှိတဲ့ ဇာတ်ဝင်ခန်းမျိုး မဟုတ်တာတော့ သေချာပါတယ်။ ဒါပေမဲ့ ဒီဈေးကွက်မှာ စီးတီးက ဒီအလုပ်ကို တကယ်ပဲ လုပ်ခဲ့ပါတယ်။

ချဲလ်ဆီးက ဘက်တီနယ်လီ၊ ဘန်လေက ထရက်ဖိုဒ့်နဲ့ ပီအက်စ်ဂျီက ဒွန်နာရမ်မာဆိုတဲ့ ဂိုးသမား(၃)ဦးဟာ စီးတီးကို ဈေးကွက်တစ်ခုတည်းမှာ တကယ်ပဲ ရောက်လာခဲ့ပါတယ်။

ဘက်တီနယ်လီက သက်တော်ရှည်ဂိုးသမားကြီး စကော့ကာဆန်ရဲ့ကွက်လပ်ကို ဖြည့်ပေးမယ့် Well Experience & Homegrown Goalie ဖြစ်ပါတယ်။ ထရက်ဖိုဒ့်က Young & Promising Goalie ဖြစ်ပါတယ်။ လက်ရှိအသက်က (၂၂) ဖြစ်ပြီး အားကိုးလို့ဖြစ်တဲ့ လက်စွမ်းမျိုးနဲ့ လူငယ်ဂိုးသမားလေးပါပဲ။

ဒွန်နာရမ်မာကတော့ ဟာလန်းနောက်ပိုင်း စီးတီးရဲ့ ပထမဆုံး World Class Signing ဖြစ်ပါတယ်။ အတွေ့အကြုံ၊ လက်စွမ်း၊ ခံစစ်ကို ဦးဆောင်နိုင်မှု၊ လက်ရှိအသက်အရွယ်၊ ဆုဖလားအောင်မြင်မှု မှတ်တမ်း၊ တစ်ဦးချင်းအရည်အသွေးစသဖြင့် ဂိုးသမားတစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ အရည်‌အသွေးတစ်ခုစီတိုင်းကို ချရေးလိုက်ပါ။ ဒွန်နာရမ်မာဆီမှာ အရာအားလုံး ရှိနေပါတယ်။

လက်ရှိအသက်က (၂၆)နှစ် ဖြစ်ပြီး နောက်လေးနှစ်ကြာတဲ့အခါ (၃၀)တန်းကို ရောက်လာချိန်မှာ ထရက်ဖိုဒ့်က ဒွန်နာရမ်မာရဲ့ လက်ရှိအသက် (၂၆)နှစ်တန်းကို ရောက်လာပါမယ်။ အခုထက် ပိုရင့်ကျက်တဲ့ စိတ်နေစိတ်ထား၊ ပိုပြီး ပြည့်ဝတဲ့ အတွေ့အကြုံ၊ ပိုပြီး ကောင်းမွန်တဲ့လက်စွမ်းတွေနဲ့ စီးတီးရဲ့ ဂိုးပေါက်ကို ဒွန်မာရမ်မာဆီက လက်လွှဲယူဖို့ အသင့်ဖြစ်နေလောက်မယ့် အချိန်အခါမျိုးပါပဲ။ မေးစရာတစ်ခုရှိတာက ထရက်ဖိုဒ့် ဒီလောက်ထိ စိတ်ရှည်နိုင်ပါ့မလားဆိုတာပါပဲ။

ဒါပေမဲ့ လက်ရှိအတွက်တော့ စီးတီးရဲ့ ဂိုးပေါက်ဟာ အတော်လေးကို စိတ်ချရတဲ့ အနေအထားဖြစ်သွားပါပြီ။ ဒွန်နာရမ်မာ + ထရက်ဖိုဒ့်ဆိုတဲ့ အတွဲအဖက်မျိုးဟာ လက်ရှိဘောလုံးကမ္ဘာက ဘယ်အသင်းနဲ့မဆို ရင်ဘောင်တန်းနိုင်စွမ်းအပြည့်ရှိနေပြီလို့ပဲ ဆိုရပါမယ်။

Personal Rating : 10/10

Department

စီးတီးရဲ့ CBs မှာ ဗာဒီရော၊ ခူဆာနော့ဗ်၊ ဒီယက်စ်၊ စတုန်းစ်နဲ့ အကီဆိုပြီး ရှိနေပါတယ်။ LB မှာ နူရီနဲ့ အိုရိုင်လ်လေရှိမှာ ဖြစ်သလို RB မှာတော့ နူနက်စ်နဲ့ လူးဝစ်ဖြစ်ပါတယ်။ စီးတီးရဲ့ CBs ငါးယောက်စာရင်းဟာ လက်ရှိမှာ အရည်အသွေးအရရော၊ အရေအတွက်အရပါ လုံလောက်မှု အပြည့် ရှိနေပြီလို့ပဲ သတ်မှတ်ရမှာပါ။

ဒါပေမဲ့ ဒီသတ်မှတ်ချက်အတွက် မေးခွန်းထုတ်စရာ ဖြစ်နေတာက စတုန်းစ်နဲ့ အကီတို့ရဲ့ Fitness နဲ့ Injury Record တွေပါ။ အခုလက်ရှိမှာလည်း ဒီနှစ်ယောက်လုံးရော ခူဆာနော့ဗ်နဲ့ ဗာဒီရောကပါ ဒဏ်ရာပြဿနာတွေ ကိုယ်စီ ရှိနေပါတယ်။ ဒဏ်ရာတွေသာ ကင်းရှင်းနေရင် လုံလောက်ပြီလို့ ပြောလို့ရနိုင်တဲ့ အစုအဖွဲ့ပါပဲ။

ဘယ်ညာအစွန်တစ်ဖက်တစ်ချက်စီ ဆက်သွားလိုက်ကြရအောင်ပါ။ ဘယ်ခြမ်းမှာ နူရီက ခံစစ်ပိုင်း အားနည်းတယ်ဆိုပေမဲ့ တိုက်စစ်ပိုင်းအရည်အသွေးက အတော်လေးကို အားရစရာကောင်းတဲ့အထဲပါပါတယ်။

အိုရိုင်လ်လေကလည်း အလားအလာရှိတဲ့ လူငယ်ကစားသမားလေးဖြစ်သလို LB အရံနေရာအတွက်ဆို သူက လုံလောက်တယ်လို့ပဲ သတ်မှတ်ရမှာပါ။ ဒါပေမဲ့ နူရီကို First Class Player တစ်ယောက်လိုတော့ ခံစားလို့ မရတာ အမှန်ပါပဲ။

ညာခြမ်းက အတော်လေးကို အခြေအနေဆိုးပါတယ်။ ရာသီအစမှာ လူးဝစ်နဲ့ အဆင်မပြေတဲ့အချိန် ပက်က နူးနက်စ်ကို နေရာပြန်ပေးခဲ့ပေမဲ့ ဆရာသမားက ဘရိုက်တန်ကို ပင်နယ်တီလက်ဆောင်ပေးခဲ့လိုက်ပါတယ်။ နူရီလိုပဲ တိုက်စစ်မှာ မဆိုးလှပေမဲ့ ခံစစ်မှာတော့ အတော်လေးကို အားနည်းနေဆဲပါပဲ။ ရီကိုလူးဝစ်ကတော့ အသင်းကောင်းနေရင် ထင်းထွက်နေအောင် ကစားပြနိုင်ပြီး အသင်းညံ့နေရင် သူ့ဆီက အားနည်းချက်တွေက ပိုပြီး ထင်ပေါ်လာတတ်တဲ့ Player Type မျိုး ဖြစ်ပါတယ်။

ခူနာဆော့ဗ်၊ စတုန်းစ်တို့လို CBs တွေက RB ထွက်ဆော့ပေးနိုင်တယ်ဆိုသည့်တိုင် အခုလက်ရှိလို ဒဏ်ရာပြဿနာတွေ ကြုံနေရရင် ထွက်မဆော့ပေးနိုင်တော့ပါဘူး။ လက်ရှိစီးတီးရဲ့ အားအနည်းဆုံးနေရာဆိုရင် ဒီခံစစ်ပိုင်းကိုပဲ လက်ညှိုးထိုးပြရမှာပါ။

Personal Rating : 5 / 10

Department

စီးတီးက ကယ်ဗင်ဒီဘရိုင်းနားနဲ့ ဂန်ဒိုဝမ်လို သုံးဆယ်တန်း ကွင်းလယ်ကစားသမားနှစ်ယောက်နေရာမှာ ရှာကီနဲ့ ရိန်းဒါးစ်တို့ကို တိုက်ရိုက်အစားထိုးထားပါတယ်။ Direct Replacement ဆိုပေမဲ့ Profile တွေအရတော့ ထွက်သွားတဲ့ ကစားသမားတွေနဲ့ အစားထိုးဝင်လာတဲ့သူတွေကြားမှာ ကြီးမားတဲ့ ခြားနားမှုတွေ ရှိနေတာကို လက်ခံရပါလိမ့်မယ်။

ဥပမာပြရရင် ကယ်ဗင်ဒီဘရိုင်းနားက သူ့ရဲ့ Outstanding Visionary ကို အသုံးချပြီး Explosive Powerကောင်းကောင်းနဲ့ Effective ဖြစ်ဖြစ် ကစားတတ်တဲ့ Type မျိုးဖြစ်ပြီး ရှာကီကတော့ Technically ကို ပိုဦးစားပေးတဲ့ Creative Spark မျိုးဖြစ်ပါတယ်။

ရိုဒရီပြန်ပြီး ကစားလာနိုင်ပြီဖြစ်သလို နီကိုဆီမှာလည်း Development ဖြစ်လာတဲ့အချက်တွေကို မြင်လာရပါတယ်။ ဖိုဒန်ကလည်း ပုံမှန်ခြေစွမ်းသာရနေရင် အတော်လေးကို အားကိုးရတဲ့ ကစားသမားထဲမှာ ပါဝင်နေပါတယ်။ ဘာနာဒိုလ်ဆေးဗားလ်နဲ့ ကိုဗာချစ်ကတော့ အတွေ့အကြုံအရ Leading Role မှာ ရှိနေပေမဲ့ current form အရ Squad Player‌ တွေ အနေနဲ့သာ နေရာပေးရတော့မှာပါ။

လက်ရှိစီးတီးကွင်းလယ်က နေရာစုံမှာ Profile မတူတဲ့ ကစားသမားတစ်ယောက်စီ ရှိနေတယ်လို့ပဲ သတ်မှတ်ရပါမယ်။ ရိုဒရီ၊ ဖိုဒန်နဲ့ ရှာကီတို့သာ ဒဏ်ရာတွေနဲ့ နစ်မွန်းမနေခဲ့ရင် တစုံတရာမျှော်လင့်လို့ရနိုင်တဲ့ အစုအဖွဲ့မျိုး ဖြစ်ပါတယ်။ ကျနော့်အမြင်အရတော့ ဘာနာဒိုလ်နဲ့ ကိုဗာချစ်ကိုပါ ထုတ်ပြီး ဒေါင်ဒေါင်မြည်ကွင်းလယ်လူတစ်ယောက်ကို ပြန်ခေါ်စေချင်တာပါပဲ။

Personal Rating : 7 / 10

Department

လက်ရှိစီးတီးရဲ့ တိုက်စစ်အစုအဖွဲ့က အစွန်းနှစ်ဖက်ကို အလွယ်တကူ‌ဆွဲခေါ်သွားနိုင်ချေ ရှိနေပါတယ်။ မာမွတ်ရှ်၊ ဒိုကူနဲ့ ဆာဗင်ဟိုတို့က တစ်ဦးချင်းစွမ်းဆောင်ရည်အင်မတန် မြင့်မားပေမဲ့ Desicion Making နဲ့ Effective ဖြစ်အောင် ကစားရတဲ့ အပိုင်းတွေမှာတော့ အတော်လေးကို ညံ့ဖျင်းကြပါတယ်။ ဘော့ဘ်က ဒီအစွန်းနှစ်ဖက်လုံးရဲ့ မျှခြေမှာ ရှိနေပေမဲ့ သူ့ရဲ့ ခန္ဓာကိုယ်တည်ဆောက်ပုံနဲ့ အတွေ့အကြုံနည်းပါးမှုတွေက အကန့်အသတ်အဖြစ်နဲ့ ရှိနေပါသေးတယ်။ ဟာလန်းကတော့ ဒီထက်ပိုပြီး ခေါင်းတိုက်ဂိုးတွေ သွင်းနိုင်ဖို့ လိုအပ်နေတာကလွဲပြီး အတော်လေးကို အဆင်ပြေတဲ့အထဲပါပါတယ်။ သူအားမသန်တဲ့ Link Up Play တွေကိုလည်း သူ့ရဲ့ အဆုံးသတ်စွမ်းရည်က ပြန်ပြီး Cover လုပ်ပေးနိုင်တာမို့ ထည့်မပြောတော့တာပါ။ ဒါပေမဲ့ ဒီအပိုင်းမှာလည်း တိုးတက်မှုတွေ ရှိလာနေပါတယ်။

Personal Rating: 7 / 10

နိဂုံးချုပ်ရရင် စီးတီးရဲ့ လက်ရှိလူစာရင်းက ငယ်ရွယ်နုပျိုမှုအပြည့်နဲ့ ပြန်ဖြစ်လာနေပြီး အလားအလာရှိတဲ့ လူငယ်တွေနဲ့အတူ အတွေ့အကြုံရင့်ကစားသမားတွေကို ပေါင်းစပ်ထားတဲ့ အခြေအနေဖြစ်ပါတယ်။ ကစားဟန်အသစ်ကို အသားကျလာတာနဲ့အမျှ ပိုပြီး အဆင်ပြေလာနိုင်ချေရှိသလို တည်ငြိမ်တဲ့ ရလဒ်ကို ပိုင်ဆိုင်လာတာနဲ့အတူ ယုံကြည်မှုအားကောင်းလာခြင်းကလည်း ကပ်ပါလာနိုင်ပါတယ်။ လက်ရှိမှာ မဖြစ်မနေလိုအပ်နေတာက သုံးလေးပွဲဆက်တိုက်နိုင်ပွဲတွေကို ပိုင်ဆိုင်လာနိုင်ဖို့နဲ့ မာကျောကြံ့ခိုင်တဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေတွေပဲဖြစ်ပါတယ်။

ရှုံးထွက်ဖလားတွေမှာ ချန်ပီယံမျှော်လင့်လို့ရကောင်းရနိုင်တဲ့ အစုအဖွဲ့ဖြစ်ပေမဲ့ ပရီးမီးယားလိဂ်ကိုတော့ မေ့ထားလိုက်သင့်ပါပြီ။ အာဆင်နယ်နဲ့ လီဗာပူးလ်ဆိုတဲ့ မြင်းနှစ်ကောင်ယှဉ်ပြေးတဲ့နောက်ကို အနီးစပ်ဆုံး ကပ်လိုက်နိုင်တယ်ဆိုရင်ပဲ ကျေနပ်ရမယ့် အနေအထားမျိုးလည်းဖြစ်နေ‌ခဲ့ပါပြီ။

Personal Rating For Overall Squad - 6.5/10

•

Presented by 𝐋𝐞𝐭 𝐌𝐞 𝐓𝐚𝐥𝐤 𝐱 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐂𝐢𝐭𝐲𝐳𝐞𝐧𝐬

𝐋𝐞𝐭 𝐌𝐞 𝐓𝐚𝐥𝐤 ▪️
What We Talk About When We Talk About City

06/02/2026

မန်စီးတီးအတွက်တော့ နိုင်မှဖြစ်မယ့်ပွဲပဲ။ ရာသီသိမ်းတော့မယ့် နောက်ဆုံးပွဲကို ရောက်နေပြီ။ ဒါပေမဲ့ ဒုတိယနေရာက လီဗာပူးလ်နဲ့ ပြတ်ပြတ်သားသား မဖြစ်နေသေးဘူး။ အခုထိ တစ်မှတ်အကွာနဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် တိုက်ပွဲဟာ ပြင်းထန်နေဆဲပဲ။

ဒါပေမဲ့ စိတ်ပူစရာတော့ မရှိဘူး။ အိမ်ကွင်းမှာ အနိုင်ကစားပြီး (၃)မှတ်အပြည့် ယူလိုက်ရုံနဲ့ ပရီးမီးယားလိဂ်ဖလားက ကိုယ့်လက်ထဲကို လွယ်လင့်တကူ ရောက်လာတော့မှာပဲ။ ဂွာဒီယိုလာလက်ထက် ဒုတိယအကြိမ်ဖြစ်လာမယ့် နှစ်နှစ်ဆက်ပရီးမီးယားလိဂ်အောင်ပွဲက လက်တကမ်းအလိုမှာ အသင့်စောင့်ကြိုနေခဲ့ပြီ။

ကစားရမယ့် ပြိုင်ဘက်က အက်စတွန်ဗီလာ။ တိုက်တိုက်ဆိုင်ဆိုင် သူတို့ရဲ့ နည်းပြက လီဗာပူးလ်ရဲ့ ဂန္ထဝင်ကစားသမားဟောင်းကြီး စတီဗင်ဂျရတ်ဖြစ်နေတယ်။ ဂျရတ်ရဲ့ စိတ်ထဲမှာ တချိန်က သူ့အမှားကြောင့် ပေးလိုက်ရတဲ့ ပရီးမီးယားလိဂ်ဖလားတစ်လုံးကို စီးတီးဆီကနေ အကြွေးပြန်တောင်းဖို့ တွေးထားခဲ့ပုံပဲ။ ဒီနေ့မှ ဗီလာကစားပုံက ပိုပြီး ကျစ်ကျစ်လစ်လစ်ရှိနေတယ်။ ပိုပြီး ဂိုးသွင်းရခက်နေတယ်။ ဟုတ်တယ်။ ဗီလာမှာ နောက်ထပ် မိတ်ဆွေဟောင်းကြီးတစ်ဦးလည်း ရှိနေသေးတယ်။ လီဗာပူးလ်ရဲ့ ကစားသမားဟောင်း ကော်တင်ညိုလ်ပေါ့။

ပထမပိုင်းပြီးသွားပြီ။ ပွဲရလဒ်က ၀-၀ ဖြစ်နေဆဲပဲ။ ပွဲချိန်ကြာလာလေ ကစားရတာ ပိုပိုခက်လာလေပဲ။ ဂျေဇူစ့်က တိုက်စစ်မြှားဦးကနေ အပိုင်အခွင့်အရေးတစ်ကြိမ်ကို မိုးပေါ်ထောင်ကန်ပစ်လိုက်တယ်။ သိပ်မကြာခင်မှာပဲ မာသီကရှ်စ်က ဖြတ်တင်ဘောကနေ ခေါင်းတိုင်ပြီး ဂိုးသွင်းသွားတယ်။ သောက် လခွမ်းပဲ... ဦးဆောင်ဂိုး ပေးလိုက်ရပြီ။

တစ်ရာသီလုံး ကောင်းလာခဲ့တဲ့ ဘာနာလ်ဒိုက ဒီပွဲမှာမှ အလွဲလွဲအချော်ချော် ကစားပြနေတယ်။ ပွဲပြီးတော့လည်း ဂျက်ဂရေးလစ်ရှ်က ပြောတယ် " ဒီနေ့ပွဲမှာ ဘာနာဒိုလ် ကစားခဲ့တာ ချီးလိုပဲ.."တဲ့။

ပက်က (၆၈)မိနစ်မှာ ဂန်ဒိုဝမ်ကို ဘာနာလ်ဒိုအစား ဂန်ဒိုဝမ်ကို ကွင်းထဲ ထည့်လိုက်တယ်။ အိုခေ..။ ညာခြမ်းက ထိုးဖောက်ရခက်နေတဲ့ မာရက်ဇ်အစား စတာလင်ကလည်း ဝင်လာပြီ။ ဟုတ်ပြီ..။ ချေပဂိုးနဲ့ ဦးဆောင်ဂိုးအတွက် စီးတီးက အပြောင်းအလဲတွေလုပ်လိုက်ပြီ။

မဟုတ်တော့ဘူး။ အဲ့လောက် မလွယ်တော့ဘူး။ မိတ်ဆွေဟောင်းကြီး ကော်တင်ညိုလ်က နောက်ထပ်ဦးဆောင်ဂိုးတစ်ဂိုး ထပ်သွင်းသွားတယ်။ သူကစားနေတဲ့ အသင်းက အက်စတွန်ဗီလာ။ ဒါပေမဲ့ သူသွင်းခဲ့တဲ့ ဒီဦးဆောင်ဂိုးက လီဗာပူးလ်အတွက်ပဲ ဖြစ်လိမ့်မယ်။

ပွဲကစားချိန် (၆၉)မိနစ်အရောက်မှာ စီးတီးက ဗီလာကို နှစ်ဂိုးပြတ်ရှုံးနေခဲ့ပြီ။ နှစ်နှစ်ဆက်ပရီးမီးယားလိဂ်ချန်ပီယံဘွဲ့လား မမေးနဲ့တော့၊ မြောင်းထဲ ရောက်ခါနီးနေပြီ။

အခြေအနေတွေက တချိန်တုန်းက ကျူပီအာပွဲစဉ်လိုမျိုး ဖန်လာနေခဲ့တယ်။ ရာသီနောက်ဆုံးပွဲမှာ နှစ်ဂိုးပြတ်အရှုံးနဲ့ နောက်ကလိုက်ကစားနေရတယ်။ ဒါပေမဲ့ ဘယ်သူကများ နောက်တကြိမ်ကျူပီအာအခိုက်အတန့်မျိုးကို မျှော်လင့်ရဲမှာလဲ။ အသင်းမှာ အဂွယ်ရိုကြီး မရှိတော့ဘူး။ ပြီးတော့ ဒီလိုသမိုင်းဝင်အခိုက်အတန့်ဆိုတာ တစ်နှစ်မှာ တစ်ကြိမ် ဖြစ်တတ်တဲ့ ကလင်ဒါကျ အရာတွေ မဟုတ်ဘူး။ တစ်သက်မှာ တစ်ခါမြင်ရမယ့် ရှားပါးဖြစ်စဉ်တွေ မဟုတ်လား။

ဒါပေမဲ့ မန်စီးတီးရပ်ဝန်းမှာတော့ ဒီသီအိုရီတွေက အလုပ်မလုပ်ဘူး။ သမိုင်းမှတ်တမ်းတွေ မရှိခဲ့ဘူးလို့ သမုတ်ခံရတဲ့ ဒီအသင်းက သမိုင်းဝင်အခိုက်အတန့်တွေ ဖန်တီးရာမှာ သူမတူပဲ။ တစ်သက်မှာ တစ်ကြိမ်ဆိုတဲ့ ရှားပါးဖြစ်စဉ်တွေကို ထပ်ထပ်ပြီး ဖန်တီးပြခဲ့တယ်။ ဂန်ဒိုဝမ်နဲ့ ရိုဒရီက ချေပဂိုး နှစ်ဂိုးကို ငါးမိနစ်အတွင်း ဆက်တိုက်သွင်းခဲ့တယ်။ ဟုတ်ပြီ။ လိုနေတာ တစ်ဂိုးပဲ။ နောက်ထပ် ဦးဆောင်ဂိုးတစ်ဂိုးပဲ သွင်းလိုက်စမ်းပါ။ ဒီတစ်ဂိုးရတာနဲ့ ပရီးမီးယားလိဂ်ဖလားက ငါတို့အတွက် ဖြစ်ပြီ။

အီတီဟတ်ကွင်းထဲမှာ Blue Moon သီချင်းသံတွေ အကျယ်လောင်ဆုံး ပျံ့လွင့်လာတယ်။ Come on City ဆိုတဲ့ ဟစ်ကြွေးသံတွေက အဆုံးအစမရှိ ပဲ့တင်ထပ်နေတယ်။ အားလုံးက နောက်ထပ်တစ်ကြိမ် ဖြစ်တည်လာတော့မယ့် သမိုင်းဝင်အခိုက်အတန့်ကြီးကို ကြိုဆိုဖို့ အဆင်သင့်ဖြစ်နေခဲ့ကြပြီ။ ဘယ်တော့များ ရောက်လာမလဲ..။ ဘယ်သူကများ ဒီအခိုက်အတန့်ကြီးကို ဖန်တီးပေးမှာလဲ..။

ပွဲကစားချိန် မိနစ်(၈၀) အထိ ရောက်လာပြီ။ ရိုဒရီက ဧရိယာထဲကို ဝင်ပြေးသွားတဲ့ ဂျေဇူစ့်ရဲ့ ပြေးလမ်းကြောင်းထဲ ဘောလုံးလှမ်းထိုးပေးတယ်။ ဗီလာနောက်တန်းက ဒီဘောလုံးကို ဝင်ဖျက်တယ်။ ဟာကွာ...။ သွားပါပြီ။ နေဦး မဟုတ်သေးဘူး။ ဒီဘောလုံးကို ဒီဘရိုင်းနားက ဝင်ဆယ်ပြီး တောက်လျှောက်ဆွဲပြေးလာပြီ ဂိုးဧရိယာထဲ ရောက်တဲ့အထိ။ သူ့ရဲ့ Signature အတိုင်း ညာခြမ်းကနေ ဂိုးပေါက်ရှေ့ကို ထိုးပေးလိုက်တယ်။

ဂန်ဒိုဝမ်းးးးးးးးးးးးးးး ဆိုတဲ့ အသံရှည်ကြီးကို ကြားလိုက်ရတယ်။ အီတီဟတ်ကွင်းကြီးထဲမှာ အရာရာဟာ အိမ်မက်ဆန်ဆန်ပဲ။ ဂန်ဒိုဝမ်က စီတီဇင်တွေနားကို အပြေးသွားခဲ့တယ်။ ရောက်ခါနီးမှာ ဒူးထောက် ဆလိုက်လျှောစီးပြီး မြေကြီးကို ရိုက်ပုတ်နေတယ်။ လက်ခမောင်းတွေ အကြိမ်ကြိမ် ခတ်တယ်။ သူလုပ်နိုင်ခဲ့ပြီ။ စီးတီးအသင်းဖော်တွေက သူ့အနားမှာ။ အီတီဟတ်ကွင်းကြီးထဲက စီတီဇင်တွေက သူ့အနားမှာ။ တစ်ကမ္ဘာလုံးက စီတီဇင်တွေက သူ့အနားမှာ..။

ကျူပီအာပွဲရဲ့ ကြေညာသူ မာတင်တိုင်လာက အဂွယ်ရို အနိုင်ဂိုးသွင်းပြီးချိန်မှာ ဒီလိုအဖြစ်မျိုး နောက်တစ်ကြိမ် လုံးဝမြင်ရတော့မှာ မဟုတ်တာကို ငါကျိန်‌ပြောရဲတယ်လို့ မှတ်ချက်ပေးခဲ့တယ်။ ခင်ဗျားမှားတယ် မာတင်။ စီးတီးက နောက်တစ်ကြိမ် ဖန်တီးပြခဲ့တယ်။ ခင်ဗျားသိထားဖို့က တချို့သီအိုရီတွေက စီးတီးရပ်ဝန်းမှာ အလုပ်မလုပ်ဘူးဆိုတာပဲ..။

•

Presented by 𝐋𝐞𝐭 𝐌𝐞 𝐓𝐚𝐥𝐤 𝐱 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐂𝐢𝐭𝐲𝐳𝐞𝐧𝐬

𝐋𝐞𝐭 𝐌𝐞 𝐓𝐚𝐥𝐤 ▪️
What We Talk About When We Talk About City

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง ห้องออกกำลังกายและกีฬา ใน Bangkok?

คลิกที่นี่เพื่อเป็นสมาชิก?

ที่ตั้ง

ประเภท

เว็บไซต์

ที่อยู่

Bangkok