01/07/2026
ဘယ်တောင်ပံတိုက်စစ်အတွက် ပြည်တွင်းမှာ ခွင်မတည့်လို့ ဘားကိုလာပဲဖြစ်နိုင်တဲ့ အာဆင်နယ်
အာဆင်နယ်တို့အနေနဲ့ ဘယ်တောင်ပံတိုက်စစ်ပိုင်းအတွက် ကစားသမားနှစ်ဦးအထိ ခေါ်ယူမယ်လို့ အသံထွက်နေခဲ့ပေမယ့် တကယ်တမ်းမှာတော့ ငွေကြေးအရ ဖောင်းပွလွန်းနေပြီး ကစားသမားတစ်ယောက်ကို ဘောလုံးတစ်သင်းတန်ကြေးလောက် တောင်းဆိုချင်နေကြတဲ့ ပရီးမီးယားလိဂ် ပြိုင်ဘက်အသင်းတွေကြောင့် ပေါင်သန်း ၁၃၀ လို့ တံဆိပ်ကပ်ထားတဲ့ အီဂျစ်ပိုင် အက်စ်တန်ဗီလာအသင်းရဲ့ မော်ဂန် ရော့ဂျားစ်ကို လက်ရှောင်သွားဖို့ ရှိနေပါတယ်။
ဒါ့အပြင် ပေါပေါပဲပဲရမယ်လို့ ထင်ထားတဲ့ မားကပ်စ် ရက်ရှ်ဖို့ဒ်ကလည်း ပေါင်သန်း ၄၀ ဆိုတော့ တန်ကြေးထက် နှစ်ဆလောက် ဈေးကြီးနေတာဖြစ်လို့ ဂန်းနားတို့ရဲ့ အားကစားဒါရိုက်တာ အန်ဒရီးယား ဘာတာအနေနဲ့ ပြည်တွင်းက ကစားသမားတွေကို ခေါ်ယူမယ့်အစား ပီအက်စ်ဂျီအသင်းကနေ ရောင်းချဖို့ ပြင်ဆင်နေတဲ့ ပြင်သစ်လက်ရွေးစင် ဘရက်ဒ်လီ ဘားကိုလာကိုပဲ ခေါ်ယူသွားဖို့ စိတ်ဒုန်းဒုန်းချပြီးလောက်ပြီဖြစ်တယ်လို့လည်း ခန့်မှန်းနေကြတာပါ။
အာဆင်နယ်ကင်းထောက်တွေအနေနဲ့ အသက် ၂၃ နှစ်အရွယ် တောင်ပံသမားကို ပြင်သစ်နဲ့ အိုင်ဗရီကို့စ်တို့ ကစားခဲ့တဲ့ ကမ္ဘာ့ဖလား ၃၂ သင်းအဆင့် ရှုံးထွက်ပွဲစဉ်မှာ သွားရောက်ကြည့်ရှုခဲ့ကြပြီး တစ်ဂိုးသွင်းနိုင်ခဲ့တဲ့အတွက် အမှတ်ကောင်းကောင်းပေးဖွယ်ရှိသလို အတိတ်က ဒဏ်ရာများတယ်လို့ သတင်းထွက်ခဲ့တာအတွက်တော့ ဆေးစစ်ရာမှာ တစ်စုံတစ်ရာ ထူးထူးဆန်းဆန်းမရှိရင် အဆင်ပြေနိုင်တာကြောင့် ယူရိုသန်း ၈၀-၉၀ လောက်နဲ့ ရရှိနိုင်တဲ့ သူ့ကို ခေါ်ယူဖွယ်ရှိကြောင်း ဖော်ပြလိုက်ရပါတယ်။
Photo Credit to Owner
30/06/2026
ကမ္ဘာ့ဖလားမှာ တစ်ပွဲတစ်ဂိုးနှုန်း ဖန်တီးပေးထားနိုင်တဲ့ အာဆင်နယ်ကပ္ပတိန် အော်ဒီဂွါဒ်
အာဆင်နယ်တို့ရဲ့ အသင်းခေါင်းဆောင် မာတင် အော်ဒီဂွါဒ်အနေနဲ့ လက်ရှိ ၂၀၂၆ ကမ္ဘာ့ဖလားမှာ နော်ဝေလက်ရွေးစင်အသင်းနဲ့အတူ ပုံစံကောင်းကို ပိုင်ဆိုင်ထားခဲ့ပြီး သူ့အနေနဲ့ ကစားထားခဲ့တဲ့ အုပ်စုပွဲနှစ်ပွဲနဲ့ ရှုံးထွက် ၃၂ သင်းအဆင့်ပွဲတစ်ပွဲမှာ တစ်ပွဲကို တစ်ကြိမ်စီ ဖန်တီးပေးထားနိုင်ခဲ့သလို ပရိသတ်တွေကိုတော့ လာမယ့် ရာသီသစ်အတွက် မျှော်လင့်ချက်တွေ ပေးစွမ်းနေခဲ့ပါတယ်။
အသက် ၂၇ နှစ်အရွယ် ကွင်းလယ်လူအနေနဲ့ အီရတ်နဲ့ပွဲမှာ အိုစတီဂါ့ဒ်ကို တစ်ကြိမ်၊ ဆီနီဂေါနဲ့ပွဲမှာ ဟားလန်းကို တစ်ကြိမ်နဲ့ အိုင်ဗရီကို့စ်နဲ့ပွဲမှာတော့ နူဆာကို တစ်ကြိမ် ဂိုးသွင်းနိုင်စေမယ့် ဘောလုံးပေးပို့မှုတွေကို ပြုလုပ်ထားခဲ့သလို အာဆင်နယ်အသင်းအတွက် ပြီးခဲ့တဲ့ ရာသီက ပြိုင်ပွဲစုံမှာ ၇ ကြိမ်သာ ဖန်တီးပေးနိုင်ခဲ့ပေမယ့် ကမ္ဘာ့ဖလားမှာတော့ ၃ ပွဲနဲ့ ၃ ကြိမ် ဖန်တီးနိုင်ခဲ့တာပါ။
အာဆင်နယ်ပရိသတ်တွေအတွက်တော့ အော်ဒီဂွါဒ်အနေနဲ့ ဒဏ်ရာကင်းကင်းနဲ့ တိုက်စစ်မှာ စိတ်ဖြောင့်ဖြောင့်သာ ကစားနိုင်ရင် အရင်လို ဖန်တီးပေးပို့မှုကောင်းတွေက ပြန်လည်ရောက်ရှိလာဦးမယ်လို့ မျှော်လင့်နေကြပြီး ရာသီသစ်မှာ သူ့ရဲ့ အစွမ်းအစကို ပိုမိုဖွင့်ထုတ်ပေးနိုင်မယ့် ကွင်းလယ်လူသစ်တစ်ဦးနဲ့ တွဲဖက်ပေးနိုင်ရင် ပိုကောင်းမယ်လို့လည်း ပြောနေကြကြောင်းလည်း သိရှိရပါတယ်။
Photo Credit to Owner
29/06/2026
အာဆင်နယ်နဲ့ ပရီးမီးယားလိဂ်ကျေးဇူးကြောင့် နောက်တစ်ဆင့်တက်သွားတဲ့ ဘရာဇီးလ်
ဘရာဇီးလ်နဲ့ အန်ချယ်လော့တီရဲ့ ပေါင်းစပ်မှုကတော့ နှစ်ပေါင်းများစွာ တည်ဆောက်လာခဲ့တဲ့ ဆမ်ဘာဟန်ကို ကန်တင်ပြေးနဲ့ ကစားချင်သလို ကစားကွာလို့ လွှတ်ပေးလိုက်မှုကြီးပဲဖြစ်ခဲ့သလို စုဖွဲ့မှုကောင်းတဲ့ ဂျပန်ရဲ့ အလယ်တန်း Core နဲ့ Center Zone တွေကို စနစ်တကျ ကိုင်တွယ်နိုင်ခဲ့တဲ့ ပထမပိုင်းမှာ အသင်းရဲ့ အညံ့ဆုံး ကစားသမား ဒါနီလိုကြောင့် ဆာနိုရဲ့ ဂိုးကို ခွင့်ပြုခဲ့ရပြီး ဒုတိယပိုင်းမှာမှ အာဆင်နယ်ကစားသမားနှစ်ဦးနဲ့ ပရီးမီးယားလိဂ်ကစားသမားနှစ်ဦး ပေါင်းစပ်မှုကြောင့် ပြန်လာနိုင်ခဲ့တာဖြစ်ပါတယ်။
ဒုတိယပိုင်းမှာ လောင်းကစားသမားလေး ပါကေးတာအစား အန်းဒရစ်ခ် ဝင်လာခဲ့တာကြောင့် တိုက်စစ်က ပိုဖွင့်လာနိုင်ခဲ့ချိန်မှာ ဂျပန်တို့ရဲ့ ထိုင်သွားခဲ့ပြီး ၃-၅-၂ မှာ နောက်ခံအစွန်လူ မပါတဲ့ အားနည်းချက်ကြောင့် အဝေးတိုင်တွေ မာကင်မကောင်းတာတွေကို ဘရာဇီးလ်တို့ အသုံးချသွားတတ်ခဲ့တာဖြစ်ပါတယ်။ အဖိုးတန် ချေပဂိုးကိုတော့ အဝေးတိုင်ကနေ ကာစီမီရို ခေါင်းတိုက်သွင်းနိုင်ဖို့ ဂါဘရီယယ်လ် မာဂါလိုင်စ်က တိတိကျကျ ဖြတ်တင်ပေးနိုင်ခဲ့တာကြောင့် တစ်ဂိုးစီသရေကျနေခဲ့အပြီးမှာ ကွန်ညာအစား မာတီနယ်လီ ဝင်ကစားလာခဲ့တာပါ။
နာကျင်အချိန်ပို နောက်ဆုံးမိနစ်မှာတော့ တစ်လုံးငါးဆယ်နိုင်ဆိုလို့ ဇာတ်ညွှန်းအတိုင်း သရေနဲ့ပဲပြီးတော့မယ်လို့ ထင်နေကြတဲ့သူတွေကို ဂျပန်တို့ရဲ့ ခပ်ညံ့ညံ့ တောင်ပံခံစစ် ကစားဟန်က ဟာရာကိရိဖြစ်သွားစေခဲ့ပြီး ဘယ်တောင်ပံမှာ တာနာကား ဘောလုံးပျက်ရာကနေ ပြန်ရခဲ့တဲ့ ဘရူနို ဂီမာရိုင်းစ်က ဧရိယာထဲကို ထည့်ပေးခဲ့တဲ့ ဖန်တီးမှုကို မာတီနယ်လီက အဝေးတိုင် ညာဘက်ထောင့်ကို ကန်သွင်းခဲ့ရာမှာ ဂိုးသမား ဆူဇူကီး ပုတ်ထုတ်ခဲ့ပေမယ့် ထိရုံလေးပဲဖြစ်သွားတာကြောင့် နှစ်ဂိုး-တစ်ဂိုးနဲ့ အနိုင်ရဖို့ဖြစ်လာခဲ့ပြီး အာဆင်နယ်ပရိသတ်တွေနဲ့ သက်ဆိုင်ရာဖန်တွေ ဂုဏ်ယူနိုင်တဲ့ ပွဲတစ်ပွဲဖြစ်ခဲ့ကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။
Photo Credit to Owner
27/06/2026
တနင်္ဂနွေနေ့ နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု
- အာဆင်နယ်တို့အနေနဲ့ သူတို့ရဲ့ အသင်းကနေ ထွက်ခွာမယ့် စာရင်းထဲကို ထည့်သွင်းထားခဲ့တဲ့ ဘယ်တောင်ပံသမား လီယန်ဒရို ထရော့ဆတ်အတွက် နည်းနည်း စဉ်းစားရကျပ်လာခဲ့ပြီး နယူးဇီလန်ကို နှစ်ဂိုးသွင်းယူခဲ့တဲ့ ပုံစံက သူ့မှာ ပြသစရာ ခြေစွမ်းကောင်းတွေ ပိုင်ဆိုင်ထားဆဲဖြစ်နေလို့ ၃၁ နှစ်သားရဲ့ အနာဂတ်ကို ပြန်လည်စဉ်းစားဖွယ်ရှိတယ်လို့ သတင်းထွက်လာခဲ့ပါတယ်။
- ပနားမားလို အသင်းငယ်လေးကို ဂိုးသွင်းရခက်နေခဲ့တဲ့ အင်္ဂလန်တို့အတွက် အာဆင်နယ်အသင်းဘက်ကပဲ နည်းလမ်းရှာပေးခဲ့ရပြီး ပွဲချိန် ၆၂ မိနစ်မှာ ဂျုဒ် ဘယ်လင်ဂမ် ဂိုးသွင်းနိုင်အောင် ထောင့်ကန်ဘောကနေ ဖန်တီးပေးခဲ့တဲ့ ဘူကာယို ဆာကာကြောင့် နည်းပြ သောမတ်စ် တူဟယ်လ်တစ်ယောက် အသက်ရှူချောင်ခဲ့ရသလို အာတီတာနဲ့ ဂျိုဗာ ကျေးဇူး မမေ့သင့်ဘူးလို့ ဆိုရတော့မှာပါ။
- ကွင်းလယ်လူ ဒက်ကလန် ရိုက်စ်အနေနဲ့ အင်္ဂလန်အသင်းအတွက် မကစားပေးခဲ့တာဟာ ဂါနာနဲ့ ပွဲတုန်းက ကစားသမားချင်း ထိခိုက်မိမှုကို သက်သာစေလိုတာကြောင့် အနားပေးခဲ့တာဖြစ်ပြီး ကာယကံရှင်အနေနဲ့ ကစားနိုင်စွမ်းရှိတယ်လို့ နည်းပြ တူဟယ်လ်က ရှင်းလင်းသွားခဲ့သလို လာမယ့်ပွဲတွေမှာ သူ့ရဲ့ ကစားချိန်မိနစ်နဲ့ တာဝန်တချို့ကို လျှော့ချပေးသွားဖွယ်ရှိကြောင်း အရိပ်အမြွက်ဆိုခဲ့ပါတယ်။
- လီဗာပူးလ်အသင်းကနေ ထွက်ခွာဖို့ ပြင်ဆင်နေတဲ့ ကွင်းလယ်တိုက်စစ်သမား ကားတစ် ဂျုံးစ်ကို အာဆင်နယ်တို့ စိတ်ဝင်စားနေတယ်လို့ သိရပြီး အန်းဖီးလ်နဲ့ စာချုပ်တစ်နှစ်သာ ကျန်ရှိတော့တဲ့ အသက် ၂၅ နှစ်အရွယ် ပေါင် ၃၅ သန်းတန် ကစားသမားကို နည်းပြ အာတီတာကလည်း သဘောကျတာကြောင့် ပစ်မှတ်စာရင်းထဲ ထည်သွင်းထားတယ်လို့ ပြောနေကြတာပါ။
- ဘရူနို ဂီမာရိုင်းစ်နဲ့ ပတ်သက်လို့ အာဆင်နယ်ဖန်တွေကြားမှာ နှစ်ပါတီကွဲနေကြသလို သတင်းသမားတွေကြားထဲမှာလည်း အီရန်သားအေးဂျင့် ဂျော်ရက်ဘ်ချီယန် ငွေရှာချင်လို့ လုပ်ဆောင်နေတဲ့ အဖွသက်သက်ဆိုတာနဲ့ တချို့ရဲ့ ကမ်းလှမ်းထားတာ ပယ်ချသလို ထပ်ကမ်းလှမ်းမယ်လို့ ဆိုတာက ကွဲပြားနေသလို နယူးကာဆယ်လ်ဘက်က ဘယ်နည်းနဲ့မှ မရောင်းဘဲ လစာတိုး၊ သက်တမ်းတိုးမယ်လို့ အသံတွေကိုလည်း ကြားနေရပါတယ်။
- အာဆင်နယ်တို့အနေနဲ့ ရာသီသစ်အတွက် လူသစ်တွေ ခေါ်ဖို့ ရှိနေပေမယ့် ကစားသမားအများစုက ကမ္ဘာ့ဖလားကို ရောက်နေကြသလို ဆွေးနွေးမှုတွေအတွက် တေ့တေ့ဆိုင်ဆိုင် အချိန်မပေးနိုင်သေးတာကြောင့် သူ့ထက်ငါ Hit Count လိုချင်လို့ အပြိုင်တင်နေကြတဲ့ ကောလဟာလတွေကိုသာ ဖတ်နေရတာများပြီး တကယ်တမ်း ယုံရတဲ့ Sources တွေကတော့ နှုတ်ဆိတ်နေကြဆဲဖြစ်ကြောင်းလည်း စုစည်းဖော်ပြသတင်းပေးလိုက်ရပါတယ်။
Photo Credit to Owner
26/06/2026
Fact Checked: ဘရူနို ဂီမာရိုင်းစ်တဲ့လား...
အာဆင်နယ်တို့က နှုတ်အားဖြင့် စုံစမ်းတယ်ဆိုတာ သာမန်ပါပဲ... ဈေးထဲ လျှောက်ပတ်ကြည့်တဲ့ သဘောပါ... စွတ်စက် ဖီးလ်တက်မနေကြပါနဲ့။
ဘာနဲ့တူလဲဆိုတော့ အရင်လိုပါပဲ... တိုနာလီတို့ ဖာနန်ဒက်စ်တို့ ပါဘလို ဘာရီယို့စ်တို့နဲ့ သတင်းထွက်ဖူးသလိုပါပဲ... ဖန်တွေ ဖီးလ်တက်နေကြပေမယ့် မအေးအေးဝင်း စီစဉ်သလိုတော့ မဖြစ်ဘူးလေ။ မတန်တဲ့ ဈေးနဲ့ဆို ဘာတာက မခေါ်ပါဘူး။
ဈေးကွက်ထဲမှာ ဘယ်သူ့ကို ဘယ်ဈေးနဲ့ရမလဲဆိုတာ အတည်ပြုချင်လို့... ကိုယ့်ပိုင်ရှင်တွေကို ကိုယ်ပြန်ပြချင်လို့... လုပ်ပြနေတဲ့ သဘောပါပဲ... နယူးကာဆယ်လ်ဘက်ကဆို ဂီမာရိုင်းစ်အတွက် ဘာကမ်းလှမ်းမှုမှ မရှိဘူးလို့တောင် အတည်ပြုထားသေးတယ်။
ဂျော်ရက်ဘ်ချီယန်လို ငပွေးဝင်ရှုပ်နေတဲ့ ကိစ္စမျိုးတွေက ထင်တာထက်ပိုပြီး ဖွတတ်သလို ဟိုးလေးတကျော်နဲ့ ဈေးကြီးမိတတ်တာကြောင့် လူလည်အားကစားဒါရိုက်တာတွေက သူနဲ့ဆို အလုပ်မလုပ်ချင်ကြပါဘူး.. ဒါက တစ်ချက်ပေါ့... နောက်တစ်ချက်ကတော့ ရောင်းသင့်တဲ့သူတွေ ရောင်းထွက်သွားမှ Budget အမှန်ကို သိရင်တော့ တစ်မျိုးပေါ့လေ...
အယုံရဆုံးဆို့စ်ဖြစ်တဲ့ Hand of Arsenal က သုံးသပ်ထားတာက အဲ့လိုပါ။ သူတို့က ဂီမာရိုင်းစ်ရော ဘွာဒီရောဟာ ယုံဖို့ခက်တဲ့ အပြောင်းအရွှေ့တွေပါပဲလို့ ပြောပြီး တစ်ဆင့်ချင်း မသွားဘဲ ခုန်ကျော်နေတဲ့ သတင်းတွေအတွက် ပင်ပန်းလှပြီလို့လဲ ဆိုပါတယ်။
စာရေးသူအမြင်ကတော့ ရိုက်စ်နဲ့ ဇူဘီမန်ဒီတို့ရဲ့ ဆက်ခံသူအဖြစ် အနည်းဆုံး ၃ နှစ်ပိုငယ်တဲ့ ကွင်းလယ်လူမျိုး လိုအပ်နေချိန်မှာ တစ်နှစ်ခွဲ နှစ်နှစ်လောက် ပိုကြီးတဲ့ ကစားသမားမျိုးခေါ်ပြီး အားဖြည့်တယ်ဆိုတာက အာဆင်နယ် မဆန်ဘူး မြင်မိပါတယ်။
အသင်းက လက်ပူတိုက်ပြီး ပရီးမီးယားလိဂ်ဖလားတစ်လုံးရဖို့ ခဏပဲ ခိုင်းစားလို့ရလဲဖြစ်တယ်ဆိုတာမျိုးထက်... ဒီနှစ်တစ်နှစ် ကောင်းရင်ပြီးတာပဲဆိုတဲ့ ခံယူချက်နဲ့ အလုပ်လုပ်ဖို့ထက် အသင်းကို စနစ်တကျ ဖွံ့ဖြိုးဖို့ လက်ဆင့်ကမ်းနိုင်ဖို့ တိုးတက်ဖို့ ကြိုးစားရမှာပါ။
တကယ်တမ်း အသင်းကို ရောက်လာသင့်တာက ၂၀၀၀+ မွေးတဲ့ လူငယ်တွေဖြစ်ကြပြီး ၁၉၉၇ မွေးပြီး ကိုယ့်လက်ထဲမှာ စွမ်းဆောင်ရည်ရော ဈေးနှုန်းပါ ကျဆင်းလာတော့မယ့် ၂၉ ပြည့်ခါနီး ကစားသမားတစ်ယောက်အတွက် ရင်ခုန်ရလောက်အောင်တော့ အာဖန်တွေ မမိုက်မဲကြဘူးလို့ ထင်မိပါတယ်လေ...
Photo Credit to Owner
25/06/2026
ဟင်ကာပီကို အပြီးသတ်ခေါ်ယူလိုက်တဲ့ အာဆင်နယ်
အာဆင်နယ်တို့အနေနဲ့ သူတို့ရဲ့ အငှား+အပြီးသတ် ခေါ်ယူခွင့်နဲ့ ပြီးခဲ့တဲ့ ရာသီက လာရောက်ကစားခဲ့ပြီး လေဗာကူဆင်အသင်းနဲ့ ပေါင် ၄၅ သန်းတန် သဘောတူညီမှု ရှိထားတဲ့ ခံစစ်မှူး ပျယ်ရို ဟင်ကာပီကို ဒီနေ့မှာ တရားဝင် ခေါ်ယူစာချုပ်လိုက်ပြီ ဖြစ်ပါတယ်။
ရာသီကုန်ခါနီး ဘန်လေနဲ့ပွဲမှာ ဖင်ပြောင်လို့ နာမည်ရသွားခဲ့တဲ့ အသက် ၂၄ နှစ်အရွယ် အီကွေဒေါသားအတွက် ဂန်းနားတို့အနေနဲ့ မူလက သဘောတူထားတဲ့ ပေါင် ၄၅ သန်းအစား ယူရိုသန်း ၄၀ (ပေါင် ၃၄.၄၇ သန်း)နဲ့ ခေါ်ယူနိုင်ခဲ့တာဖြစ်ပြီး အနာဂတ် အရောင်းခံစားခွင့်တွေနဲ့ ငွေကြေးချွေတာဖို့ လုပ်ဆောင်ခဲ့တာလည်းဖြစ်နိုင်တာပါ။
ဟင်ကာပီအနေနဲ့ ပြီးခဲ့တဲ့ ရာသီက အာဆင်နယ်အသင်းနဲ့အတူ ပြိုင်ပွဲစုံ ၃၉ ပွဲမှာ တစ်ဂိုးသွင်းယူပေးနိုင်ခဲ့ပြီး မာကျောတဲ့ ကစားဟန်ကြောင့် ပရိသတ်တွေရဲ့ ချစ်ခင်မှုကို ရယူနိုင်ခဲ့ကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။
Photo Credit to Owner
24/06/2026
အားကစားဒါရိုက်တာချင်း ကောက်စားပြီး အာဆင်နယ်ဆီ တပည့်ခေါ်မွေးလိုက်တဲ့ ဘာတာ
အာဆင်နယ်အသင်းရဲ့ အားကစားဒါရိုက်တာ အန်ဒရီးယား ဘာတာကတော့ ဆရာကွက်တွေချည်းပဲ လုပ်ပြနေသလိုပါ။ သူ့ရဲ့ တရားဝင် ရာထူးက အားကစားဒါရိုက်တာဖြစ်ပြီး Godfather မဟုတ်ဘူးလို့တောင် ဂန်းနားဖန်တွေအနေနဲ့ အချင်းချင်း ပြန်သတိပေးနေရပြီး ရွှေ့လိုက်တဲ့ အကွက်တွေကတော့ ကင်းထောက်တာနဲ့ အရည်အသွေးကို မြင်တတ်တာ ကောင်းပါတယ်ဆိုတဲ့လူတွေကိုချည်း အမ်းမရိတ်မှာ တပည့်ခေါ်မွေးနေတာလည်းဖြစ်ပါတယ်။
ဒီနေ့မှာတော့ ဘာတာအနေနဲ့ စပိန်ကလပ် ဂရန်နာဒါအသင်းက အားကစားဒါရိုက်တာ ဟားဗီးယား အလွန်ဆိုကို အာဆင်နယ်မှာ သူ့ရဲ့ လက်ထောက်လုပ်ဖို့ ခေါ်ယူလိုက်တာဖြစ်ပြီး Title ချင်းတူပေမယ့် ဝါနဲ့ ဝိတ်ချင်းတော့ မတူကြောင်း ပြသခဲ့တာဖြစ်သလို ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ မနှစ်က သူခေါ်ထားခဲ့တဲ့ မော်ရီဇီယို မီချယ်လီရဲ့ ကျေးဇူးနဲ့ ဂျော်ဂျီယာချာတိတ် အန်ဒရီးယား ဘာတစ်ရှ်ဗီလီကို ရရှိခဲ့တာက အပြောင်းအရွှေ့ အဖွဲ့တောင့်ခြင်းရဲ့ ရလဒ်လည်းဖြစ်နေတာပါ။
မီချယ်လီကတော့ ခဗာရတ်စခယ်လီယာကို နာပိုလီဆီ ခေါ်ပေးခဲ့သူဖြစ်လို့ ဘာတာရဲ့ လက်အောက်က အဖွဲ့က တဖြည်းဖြည်း ကြီးထွားပြီး အရည်အသွေး ပြည့်လာခဲ့တယ်လို့ အကဲဖြတ်ရမှာလည်းဖြစ်သလို ဘာတာနဲ့ အက်သလက်တီကိုမှာ တွဲခဲ့ဖူးပြီး စပိန်လူငယ်တွေကို အကဲဖြတ်ရာမှာ ထူးချွန်တဲ့ ဟားဗီးယား အလွန်ဆိုကလည်း အာဆင်နယ်တို့ကို ဈေးသက်သာပြီး အရည်အသွေးမြင့်တဲ့ ချာတိတ်တွေကို ရရှိအောင် ကူညီပေးနိုင်မှာဖြစ်ပါတယ်။
အာဆင်နယ်တို့မှာ ကာလအတော်ကြာအောင် ရင်းနှီးမြှုပ်နှံပြီး ဘာမှဖြစ်မလာတဲ့ လူငယ်အရောင်တင် ပြန်ရောင်းစားနိုင်ရေး စီမံကိန်းကိုလည်း ဘာတာအနေနဲ့ အကျိုးအမြတ်ရဖို့နဲ့ အသင်းအတွက် ရန်ပုံငွေ ရှာဖွေပေးနိုင်ဖို့ လုပ်ဆောင်နေရာမှာ မီချယ်လီနဲ့ အလွန်ဆိုတို့လို ကျွမ်းကျင်ဝန်ထမ်းတွေက အရေးပါနေပြီး နည်းပြ အာတီတာကို စိတ်ဖြောင့်ဖြောင့်နဲ့ ဖလားယူဖို့ဘက်ကိုပဲ အာရုံစိုက်နိုက်ဖို့ ကူညီပေးနိုင်မှာလည်းဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။
Photo Credit to Owner
22/06/2026
အင်္ဂါနေ့ နံနက်ပိုင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု
- အာဆင်နယ်တို့အနေနဲ့ လူငယ်ကစားသမား ယယ်ရမီ မွန်ဂါကို ခေါ်ယူဖို့အတွက် လက်စတာစီးတီးအသင်းနဲ့ သဘောတူညီမှု ရခဲ့ပြီလို့ သိရပြီး အသက် ၁၆ နှစ်အရွယ် တိုက်စစ်သမားလေးအတွက် ပေါင် ၁၀ သန်း ပေးချေရမှာဖြစ်သလို လာမယ့် ရက်ပိုင်းမှာ တရားဝင် ပြောင်းရွှေ့နိုင်ဖို့ လုပ်ဆောင်လိမ့်မယ်လို့ သိရပါတယ်။
- မော်ရိုကိုအသင်းနဲ့ အစမ်းသပ်ခံနိုင်ခဲ့ပြီး ဘရာဇီးလ်ကွင်းလယ်ကို အိတ်ထဲ ထည့်ပြခဲ့တဲ့ မော်ရိုကိုလက်ရွေးစင်ချာတိတ် အိုင်ယုဘ် ဘွာဒီအတွက် ဂန်းနားတို့အနေနဲ့ လီလ်ဘက်က တောင်းဆိုတဲ့ ပေါင်သန်း ၇၀ ကို ပေးချေသွားဖွယ်ရှိနေပြီး ပြင်သစ်ကလပ်နဲ့ ဆက်ဆံရေးကောင်းတွေ ရှိထားတာကြောင့် အရစ်ကျ ပေးချေဖို့လည်း ဖြစ်လာနိုင်ပါတယ်။
- ဘာတာနဲ့ အာတီတာတို့ရဲ့ ပစ်မှတ် အာဂျင်တီးနားတိုက်စစ်မှူး ဟူလီယန် အယ်လ်ဗာရက်ဇ်အနေနဲ့ အသင်းက ထွက်ခွာဖို့ အချိန်ရောက်ပြီလို့ ပြောကြားသွားခဲ့ပြီး အက်သလက်တီကို မက်ဒရစ်အသင်းဘက်ကို တောင်းဆိုထားတာကြောင့် အမ်းမရိတ်ဘက်က တပ်လှန့်ထားလောက်ပြီလို့ ခန့်မှန်းနေကြပြီး ဘာစီလိုနာနဲ့ ရီးရဲလ်ကို ရောက်မှာထက် နိုင်ငံပြင်ပကိုပဲ ပြန်လည်ရောင်းချလိုတဲ့ တာဝန်ရှိသူတွေကြောင့် အာဆင်နယ်တို့ အားသာချက်ရှိနိုင်ပါတယ်။
- အာဆင်နယ်တို့အနေနဲ့ ဘယ်တောင်ပံသမားတစ်နေရာအတွက် ဒိန်းမတ်ကလပ် မစ်ဂျဲလန်းရဲ့ ဒါရီယို အိုဆော်ရီယိုကိုလည်း စောင့်ကြည့်နေပြီး အလက်ဆစ် ဆန်ချက်ဇ်လက်သစ်လို့ အမည်ရနေတဲ့ အသက် ၂၂ နှစ်အရွယ် ချီလီသားအတွက် မြောက်လန်ဒန်ကလပ်ဘက်က သွေးတိုးစမ်း ချိတ်ဆက်မှုတွေ ရှိနေတယ်လို့ သူတို့ရဲ့ နည်းစနစ်ဒါရိုက်တာ ခရစ္စတီယန် ကေယာက ထုတ်ဖော်သွားခဲ့ပါတယ်။
- အာဆင်နယ်တို့ဆီကို လေဗာကူဆင်ကနေ တစ်ရာသီအငှားနဲ့ ကစားပြီးတဲ့နောက် ပြောင်းရွှေ့ဖို့ သဘောတူညီထားပြီး တရားဝင်စာချုပ် မချုပ်ရသေးတဲ့ နောက်ခံလူ ပြောင်ပြောင် ဟင်ကာပီကို ရီးရဲလ်မက်ဒရစ်အသင်းက အလိုရှိနေပြီး ဗဟိုခံစစ်ရော ဘယ်နောက်ခံပါ ကစားနိုင်တဲ့သူတစ်ဦးကို အလိုရှိနေချိန်မှာ ရီကာဒို ကာလာဖြိုရီကို သန်း ၁၀၀ အော်ပေးလိုက်လို့ လူပြောင်းကြိုက်နေကြောင်း သိရပါတယ်။
- ဈေးကွက်ထဲမှာ မဖြစ်နိုင်တဲ့ ဈေးတွေကို လျှောက်ပေးနေတဲ့ အသင်းတွေနဲ့ မိုးထိအောင် ဆွဲတင်ချင်နေတဲ့ အသင်းတွေကြောင့် မော်ဂန် ရောဂျားစ်ကို ခေါ်ယူဖို့ အာဆင်နယ်တို့အနေနဲ့ ထင်တာထက် ပိုခက်ခဲနိုင်ပြီး မူလက ပေါင်သန်း ၈၀ နေရာမှာ ပေါင်သန်း ၁၀၀ လောက်အထိ ပေးရနိုင်တာကြောင့် ကစားသမား အရောင်းပိုင်းနဲ့ အဝင်အထွက် ဟန်ချက်မျှခြေကိုပါ စောင့်ကြည့်ရဖွယ်ရှိနေတယ်လို့ စုစည်းဖော်ပြလိုက်ရပါတယ်။
Photo Credit to Owner
21/06/2026
မော်ဂန် ရော့ဂျားစ်အတွက် ဆွေးနွေးမှုတွေ အဆင်ပြေနေတဲ့ အာဆင်နယ်
အာဆင်နယ်အသင်းအနေနဲ့ သူတို့ရဲ့ ဘယ်တောင်ပံတိုက်စစ် Upgrade အတွက် ပြေးအားရုန်းအားရော ဂိုးပါဝင်ပတ်သက်မှုပိုင်းပါ မြင့်မားတဲ့ အက်စ်တန်ဗီလာကစားသမား မော်ဂန် ရော့ဂျားစ်နဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရရှိခဲ့ပြီလို့ သတင်းတွေက ဖော်ပြခဲ့ကြပြီး လက်ရှိအသင်းဘက်က သက်တမ်းတိုးဖို့ ကမ်းလှမ်းမှုကို ကစားသမားအနေနဲ့ ပယ်ချခဲ့သလို အမ်းမရိတ်ကို ပြောင်းရွှေ့နိုင်ဖို့ မျှော်လင့်နေတယ်လို့လည်း ဆိုနေကြပါတယ်။
ဗီလာတို့အနေနဲ့ ကစားသမားကို တားမရချိန်မှာ ပြောင်းရွှေ့ကြေးအတွက်ပဲ ဆွေးနွေးဖို့ လုပ်ရတော့မှာဖြစ်ပြီး ၂၄ နှစ်သား(ဇူလိုင်လ ၂၆ မှာ ပြည့်မည်) အင်္ဂလန်လက်ရွေးစင်အတွက် ပြောင်းရွှေ့ကြေး+ အနာဂတ် ခံစားခွင့် စုစုပေါင်း ပေါင် ၈၅ သန်းနဲ့ သဘောတူညီလိမ့်မယ်လို့ ယုံရတဲ့ သတင်းထောက်တွေက ဖော်ပြနေကြတဲ့အတွက်လည်း တစ်ယောက်တော့ ဂဏန်းငြိမ်နိုင်ဖို့ ရှိနေတာပါ။
အာဆင်နယ်တို့အနေနဲ့ လက်ရှိတောင်ပံသမားတွေကို ရောင်းချနိုင်မှုအပေါ် မူတည်ပြီး ဝက်စ်ဟမ်းရဲ့ ခရီဆန်စီယို ဆမ်းမားဗီးလ်နဲ့ ကလပ်ဘရုဂါရဲ့ ခရစ္စတို့စ် ဇိုလစ္စတို့ကို ဒုတိယ ဦးစားပေး ကစားသမားအဖြစ် ထားရှိဖို့ ကြိုးစားသွားမှာဖြစ်သလို ရော့ဂျားစ်နဲ့တော့ ဒီလကုန်မှာ အပြီးသတ် ရရှိနိုင်ဖို့ ပစ်မှတ်ထားနေကြောင်းလည်း သိရှိရပါတယ်။
Photo Credit to Owner
21/06/2026
အာဆင်နယ်အတွက် ဒဏ်ရာနဲ့ ကစားပေးနေတာ ၆ လ ရှိခဲ့ပြီဆိုတဲ့ ရိုက်စ်
အာဆင်နယ်ကွင်းလယ်လူ ဒက်ကလန် ရိုက်စ်အနေနဲ့ အသင်းမှာ စိတ်ချရလောက်ပြီး မျက်နှာလွှဲရနိုင်တဲ့ အရန်ကစားသမားမျိုး ရှိမနေတာကြောင့် သူ့မှာ ပေါင်နောက်ကြောဒဏ်ရာ ရှိနေလျက်နဲ့ အသင်းရဲ့ ရာသီ ဒုတိယဝက်ကို ဦးဆောင်ကစားခဲ့ရတာဖြစ်တယ်လို့ အင်္ဂလန်အသင်းကျမှ အနားယူခွင့်ရခဲ့အပြီးမှာ သိခဲ့ကြရတာဖြစ်ပါတယ်။
အမြင်စူးရှတဲ့ ပရိသတ်တွေအနေနဲ့တော့ သူ့ရဲ့ စွမ်းဆောင်ရည်က အပြည့်အဝ မဟုတ်ခဲ့တာကို တွေ့မြင်ခဲ့ကြမှာလည်းဖြစ်ပြီး ဒါက အသင်းမှာ လုံလောက်တဲ့ ကစားသမား အရန်အင်အား မရှိမှုနဲ့ အခြေအနေ အကြောင်းကြောင်းအရ ဇန်နဝါရီလကုန်မှာ ခြေဖဝါးရိုးကျိုးဒဏ်ရာရသွားခဲ့တဲ့ မီခယ်လ် မယ်ရီနိုနေရာမှာ အစားထိုးကစားသမား ခေါ်ယူဖို့ ပျက်ကွက်ခဲ့မှုတွေကြောင့် မညှာမတာ လုပ်ခဲ့ရတာပါ။
ရိုက်စ်က ခရစ္စမတ်အလွန်ကတည်းက ပေါင်နောက်ကြောမှာ မသက်သာတဲ့ နာ့ဗ်ကြော ခံစားချက်တွေ ရှိနေခဲ့တာလို့ ထုတ်ဖော်သွားခဲ့ပြီး ဖြစ်နိုင်တာကတော့ ဒီဇင်ဘာ ၂၇ ရက်၊ ဘရိုက်တန်နဲ့ပွဲမှာ ထိခိုက်ခဲ့ပြီး ဗီလာနဲ့ ၃၁ ရက်နေ့ပွဲကို လွဲချော်ခဲ့တဲ့ အချိန်လို့ ယူဆရသလို အာဆင်နယ်တို့ရဲ့ စိတ်ပျက်စရာကောင်းလောက်အောင် ကျပ်တည်းနေတဲ့ ပွဲစဉ်ဇယားအရ ရုန်းခဲ့ရတာလည်းဖြစ်နိုင်ပါတယ်။
ဒါကြောင့် ဒီရာသီသစ်မှာ ဂန်းနားတို့အနေနဲ့ (နော်ဂါ့ဒ်လို မဟုတ်ဘဲ) အာတီတာစိတ်ကြိုက် ဒေါင်ဒေါင်မြည်သုံးလို့ရမယ့် ကွင်းလယ်လူကောင်းတစ်ယောက်ကို ရှာဖွေနေတာဖြစ်ပြီး ရိုက်စ်ကို အနားပေးနိုင်ဖို့နဲ့ သူမရှိချိန်မှာ ဇူဘီမန်ဒီ၊ မယ်ရီနိုတို့နဲ့အတူ အလှည့်ကျ အစားထိုးနိုင်မယ့် တိုနာလီနဲ့ ဘွာဒီတို့လို အသင့်သုံးတွေကို ကြိုးစားနေတာလည်းဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။
Photo Credit to Owner