Aye Nyein Thu

Aye Nyein Thu

Partager

Personal blog
A piece of thought by Nélia

22/11/2024

တချို့ခရီးတွေက ပန်းတိုင်ရောက်ဖို့ အဝေးကြီးလျှောက်ရတယ် ဆိုတာလေးတွေးမိလို့ပါ။

ကိုယ့်အကြောင်း ကိုယ်ပြောမှာဆိုတော့ ပေရှည်မှာမို့ ကျော်သွားနိုင်ပါတယ်။ 😁

၂၀၁၀ လောက်ကပေါ့။ Project cycle management တို့၊ Business Management တွေတက်ပြီး statistics ကို စစိတ်ဝင်စားမိပါရောလား။ ခက်တာက ၁၀ တန်းမှာ သိပ္ပံတွဲယူထားတာမို့ စီးပွားရေး၊ စာရင်းအင်းပညာနဲ့ ပတ်သက်ရင် အခြေခံမရှိဘူး။ အဲ့ဒီတုန်းကတည်းက လုပ်ချင်ခဲ့တာက data analyst & business coaching...

အဲ့ဒီအချိန်တုန်းက ကိုယ့်အတွက်လမ်းစရှာဖို့ ခက်ခဲခဲ့တယ်။အဲ့တော့ ဘယ်လိုလုပ်ရလဲဆို Survey project တွေမှာ ကိုယ့်ထမင်းချိုင့်ကိုယ်ထည့်ပြီး Volunteer လိုက်လုပ်ခဲ့တာမျိုး။ ကိုယ်ကတတ်ချင်တာဆိုတော့ data entry , enumerator အလုပ်လုပ်ရင် ကိုယ့် supervisor အလုပ်တွေ ကူလုပ်၊
Supervisor ဖြစ်လာတော့ project manager အလုပ်တွေ ကူလုပ်ပေါ့။ ပိုပင်ပန်းပြီး ပိုက်ဆံမရပေမယ့် ကိုယ်သိချင်တာတွေ သိရတာ အမြတ်လို့ပဲ ယူဆပါတယ်။ report မှာ ကိုယ့်နာမည်မပါတဲ့ project တွေလည်း လုပ်ခဲ့ဖူးတယ်။

အဲလိုနဲ့ လမ်းစက ခရီးသွားလုပ်ငန်းဘက်ရောက်သွားရင်း လုပ်နေလိုက်တာ ကိုဗစ်ဖြစ်တဲ့အထိဆိုပါတော့။ zero-budget tours တွေဝင်လာတဲ့အခါ မြန်မာပြည်ဟာ အဲ့လိုဗွက်ပေါက်နေတဲ့ ခရီးစဉ်တွေကို လက်ခံဖို့ အဆင်သင့်မဖြစ်သေးဘူးဆိုတာ မြေပြင်မှာ နေတဲ့သူတိုင်း မြင်ကြ၊ ကြားကြ၊ ဝေဖန်ကြပေမယ့် ကိန်းဂဏန်းတွေမရှ်ိတဲ့အတွက် အရာမထင်ခဲ့ပြန်ဘူး။

အဲ့လိုနဲ့ သူများတွေ ခရီးသွားလုပ်ငန်း အထူးသဖြင့် destination management & development ကိုဘယ်လိုလုပ်လဲ၊ ဆုံးဖြတ်ချက်တွေ၊ ပေါ်လစီတွေကို ဘာတွေပေါ်မူတည်ပြီး ချလဲ ကို စ စိတ်ဝင်စားမိလာတယ်။ လေ့လာဖြစ်တယ်။ ကိုဗစ်ဖြစ်တော့ ပြင်သစ်မှာ ဘွဲ့လွန်တက်ဖို့ဆုံးဖြတ်ပြီးလျှောက်ခဲ့တယ်။ ပထမနှစ်က Tourism မေဂျာကို ပညာသင်ဆုမပေးဘူးဆိုတော့ ကိုယ့်ဖာသာတက်ခဲ့တယ်။ ဒုတိယနှစ်မှာ ပညာသင်ဆုရပါတယ်။

ကိုယ်တက်တဲ့ ‌ဘာသာရပ်က Applied IT နဲ့ destination development ကိုတွဲထားတာပါ။ စာတမ်း ၂ စောင်ရေးဖြစ်ခဲ့တယ်။

- ပထမနှစ်စာတမ်းက မြန်မာနိုင်ငံမှာ ခရီးသွားလုပ်ငန်း လေ့လာစောင့်ကြည့်ရေးစနစ်တစ်ခုကို ဘယ်လိုတည်ဆောက်မလဲ။ ဆိုတဲ့ခေါင်းစဉ်ပါ။ Myanmar Tourism Road Map, Decentralization law တွေ အပေါ်အခြေခံပြီး စာတမ်းရေးနေရင်း အာဏာသိမ်းလိုက်တဲ့အခါ မြန်မာရဲ့အာဏာမသိမ်းခင် လက်ရှိစနစ်ကို ထည့်ရေးခွင့်ရဖို့ အတော်အခြေအတင်ပြောခဲ့ရပါတယ်။

- ဒုတိယနှစ်ကတော့ UNESCO စာရင်းဝင် ပြင်သစ်ကိုဖြတ်ပြီး စပိန်နိုင်ငံ လမ်းလျှောက် (အရင်ကတော့ ခရစ်ယာန် ဘုရားဖူး) ခရီး Saint James အုတ်ဂူထိသွားကြတဲ့ခရီးစဉ်၊ အပြည့်လျှောက်ရင် ၃-၄ လကြာပါတယ်။ ဒီခရီးစဉ်အတွက် Analysis ဘယ်လိုလုပ်မလဲ Tourism Observatory တစ်ခုကို ဘယ်လိုစနစ်တကျ တည်ဆောက်သင့်လဲ။ ဆိုတဲ့ခေါင်းစဉ်နဲ့ပါ။

မနှစ်က ပြည်နယ်ကထုတ်တဲ့ Tourism မဂ္ဂဇင်း ရဲ့ ကျောင်းသား Profil 30 ရွေးတဲ့အထဲ ကိုယ်ပါခဲ့တယ်။ ဒီနှစ် ၂၀၂၁ ကနေခုထိ ကျောင်းသားဟောင်းတွေထဲက အယောက် ၄၀ ပြန်ဖော်ပြခံရတဲ့အထဲမှာလည်း ထပ်ပါခွင့်ရခဲ့ပါတယ်။

ဘွဲ့လွန်ကာလအတွင်းမှာ အတန်းဖော်တွေတစ်ယောက်နဲ့တစ်ယောက် အထူးပြုဘာသာရပ်တွေမတူကြဘူး။
Marketing & communication
Social media marketing & travel bloggers
Data analyst & developer
မြို့နယ် Tourism office တွေမှာ
ခရိုင်အဆင့် ခရီးသွားမြှင့်တင်ရေး ရုံး
ပြည်နယ်အဆင့် ရုံး
အစရှိသဖြင့် အလုပ်သင်ကအစ ကိုယ်စိတ်ဝင်စားရာ ရွေးပြီး လေ့လာကြပါတယ်။ အတန်းထဲမှာ Tourisme observatory ဘက်ကိုသွားတာ ကိုယ်အပါ ၂ ယောက်ပေါ့။

ဒီမှာက ဒေသခရီးသွားဖွံ့ဖြိုးရေးကို ဒေသအစိုးရကဖွဲ့တဲ့ ကော်မတီ သို့ ဒေသအစိုးရက ဘတ်ဂျက်ထုတ်ပေးပြီး လုပ်ခွင့်လွှဲအပ်ထားတဲ့ Agency (Association) တွေကလုပ်ပါတယ်။ တချို့ကအစိုးရဝန်ထမ်း၊ တချို့က private လခစားပါ။ ၂ မျိုးလုံးက ဒေသအစိုးရရဲ့ ပေါ်လစီကိုအခြေခံပြီး ဒေသခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးလုပ်ငန်းတွေကို လုပ်ကြပါတယ်။ ဆိုတော့ ဒေသရဲ့ နိုင်ငံရေး မူဝါဒပေါ်မူတည်ပြီး နိုင်ငံခြားသား ခန့်တယ်၊ မခန့်ဘူး ဆိုတာမျိုးတွေလည်း ရှိပါတယ်။

သူတို့ဆီမှာ "La loi sur la Nouvelle Organisation Territoriale de la République d'août 2015 (loi NOTRe)" လို့ခေါ်တဲ့ decentralization ဥပဒေ ကို 2015 မှာပြဌာန်းတယ်။ အဲ့ဒီဥပဒေအရ ဒေသတွေဟာ ပြည်နယ်၊ ခရိုင်၊ မြို့နယ် အချင်းချင်းအမှီအခိုကင်းပြီး သီးခြားရပ်တည်ကြတာပါ။ ပူးပေါင်းလုပ်ဆောင်တာမျိုးရှိပေမယ့် ခရိုင်က မြို့နယ်ကို ဘာလုပ်ပါလို့ ခိုင်းလို့မရသလို၊ ပြည်နယ်ကလည်း ထို့အတူပါပဲ။

ကျောင်းပြီးတော့ ကိုယ်လုပ်ချင်တဲ့ နယ်ပယ်က ခရိုင်အဆင့်မို့ ပထမဆုံးအလုပ်က ပြင်သစ်ရဲ့ Var ခရိုင်ရဲ့ ခရီးသွားလေ့လာစောင့်ကြည့်ရေး ဌာနမှာပါ။ ကမ္ဘာကျော်တွေရဲ့ ရွက်လှေကြီးတွေဆိုက်တဲ့ Saint-Tropez ကမ်းခြေမြို့ တို့ ၊gorges du Verdon တို့၊ လာဗန်ဒါခင်းတွေရှိရာ အရပ်ပေါ့။

အဲ့ဒီအလုပ်ပြီးတော့ ကိုယ်က Mass tourism ထက် rural area development ခရီးသွားအများကြီး မဖွံ့ဖြိုးသေးတဲ့ နေရာတွေကို ပိုစိတ်ဝင်စားတာမို့ ပီရနေးတောင်ခြေက နှင်းလျောစီးစခန်းတွေ၊ တောင်တက်ခရီးစဉ်တွေ၊ ရှိရာ Ariège ခရိုင်ရုံးမှာ အလုပ်လျှောက်ပြီး ဝင်လုပ်ဖြစ်တယ်။ ဒီတစ်ခါကျတော့ Tourism information system (database plateforme) စနစ်ကို ကိုင်ရတယ်။

ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေ၊ camping တွေ အစရှိသဖြင့် tourism နဲ့ဆက်စပ်တဲ့ လုပ်ငန်းတွေ၊ ဆိုင်တွေကို မြို့နယ်ရုံးတွေက စာရင်းကောက်ပြီး ဒီစနစ်ထဲကိုထည့်လိုက်ပါတယ်။ ခရိုင်၊ မြို့နယ် website တွေမှာ ဖော်ပြချင်တဲ့အခါ ဒီစနစ်ထဲကနေ ပြန်ရွေးပြီး selection လုပ်ပြီး ပြန် share တာမျိုးပါ။ မြို့နယ်၊ ခရိုင်နဲ့ စီးပွားရေးလုပ်ငန်းရဲ့ site တွေမှာ reservation system link လုပ်ဖို့စသဖြင့်ကို ဒီစနစ်ထဲကအချက်အလက်ကိုပဲ ယူပါတယ်။
ဖြည့်ထားတဲ့အချက်အလက်တွေ စနစ်ကျအောင်၊ စုံအောင် မြို့နယ်ရုံးတွေနဲ့ အစည်းဝေးတွေ၊ workshop တွေလုပ်၊ သဘောတူညီချက်ယူစတဲ့ facilitator အလုပ်ကိုလည်း လုပ်ရပါတယ်။

ဆိုတော့ အရှည်ကြီးတွေရေးပြီး ပြောချင်တာကအခုမှ စတယ်။ ဟိုအရင်က လုပ်ချင်ခဲ့တာနဲ့ သဘောသဘာဝတူတဲ့ အလုပ်ကို အခုမှပဲလုပ်ခွင့်ရပါတယ်။ အချိန် ၁၀ နှစ်ကျော်ကြာပါတယ်။ ကိုယ်လုပ်ချင်တာကို ပန်းတိုင်တစ်ခုအနေနဲ့ ထားမယ်ဆို ကိုယ်လို နယ်ပယ်စုံ ဟိုခုန်၊ ဒီခုန် ဝါသနာပါသူအတွက်တောင် အချိန်တစ်ခုရောက်တော့ လုပ်ခွင့်ရတာပဲလို့ တွေးမိသွားလို့ပါ။

ပြင်သစ်မှာ ကျောင်းပြီးရင် အလုပ်ရှာရလွယ်လားဆို ကိုယ်လုပ်ချင်တဲ့ အလုပ်ကို သေချာသိပြီး၊ thesis စာတမ်း၊ အလုပ်သင်တွေမှာပါ သေချာအထူးပြုလေ့လာထားရင် အဲ့ဒီနယ်ပယ်က popular မဖြစ်လဲ အလုပ်ကရပါတယ်။ လူနည်းစုပဲ ကျွမ်းကျင်တဲ့နယ်ပယ်ဖြစ်တဲ့အတွက် အလုပ်ခေါ်စာနည်းမယ်။ လျှောက်တဲ့သူလည်း နည်းမယ်။ ကိုယ့် profil က သူတို့လိုတာနဲ့ကွက်တိဖြစ်တဲ့အတွက် interview ရပြီဆိုတာနဲ့ အလုပ်ရဖို့ အခွင့်အလမ်းက ပိုများပါတယ် ဆိုတဲ့အကြောင်း တွေးမိတာလေး ရေးမိတာပါ။ 😊

14/03/2024

ပြင်သစ် ပညာသင်ဆု လျှောက်လို့ရပါပြီ။

🇫🇷 STUDIES IN FRANCE SCHOLARSHIPS 💰

Having some plans to enrich your academic background or international prospects by studying in France ?
French government scholarships for Higher Education are now open for application ! 📝
Fund your experience to discover French academic excellency in a great diversity of courses, taught both in French AND in English !

Scholarship opportunities available for Burmese students include :
🎓 5 scholarships for Bachelor/Master degrees : in any teaching field, 860€/12 months, covering tuition fees, travel and accommodation
🎨 1 scholarship in artistic residency, for accomplished artists, 1650€/6 months, covering accommodation, personal expenses and institute fees

Interested ? Please send an email at [email protected], explaining your academic background, study project and professional ambitions.
Also send :
-matriculation and other higher education diploma (certificate and transcript)
-cover letter explaining your study project and professional outcomes
-certification in French (B1 level required for courses in French, no level required for courses in English)

Apply now ! 👋

29/02/2024

မသိသေးတဲ့၊ info သိချင်တဲ့ လူငယ်များအတွက်ရည်ရွယ်ပါတယ်။
ပြင်သစ်မှာ မာစတာဘွဲ့လွန်တက်ချင်သူများ ၂၆ ဖေဖော်ဝါရီ လကနေ ၂၄ မတ်လအတွင်း septembre 2024 စတက်ရမဲ့ intake အတွက် စလျှောက်လို့ရနေပါပြီ။ ၅-၆ လပိုင်းဝန်းကျင်မှာ ဒုတိယအသုတ်ခေါ်တာမျိုး ရှိတတ်ပေမယ့်‌ကျောင်း အရေအတွက်၊ မေဂျာအရေအတွက်အရမ်းနည်းလို့ ခုတစ်လတာမှာ မှီအောင်လျှောက်ကြဖို့ တိုက်တွန်းပါတယ်။

အမှတ်စာရင်း GPA လိုအပ်ချက်ရှိတာမျိုး၊ စာရွက်စာတမ်း တစ်ခုခုလိုအပ်ခဲ့တာမျိုးရှိရင် မြန်မာပြည်အခြေအနေကို ရှင်းပြပြီး ကိုယ်တိုင်ရေးဝန်ခံချက်အသနားခံစာသဘောမျိုးနဲ့ လျှောက်ကြည့်ကြဖို့ တိုက်တွန်းပါတယ်။ လျှောက်ရမယ့် link. Mon master ကို comment မှာ ပေးထားပါတယ်နော်။
သူက တစ်နိုင်ငံလုံးက တက္ကသိုလ်အားလုံးရဲ့ မာစတာဝင်ခွင့်လျှောက်ရတဲ့ site ပါ။

မာစတာ အရေအတွက် ဘယ်လောက်လျှောက်သင့်လဲဆို များနိုင်သမျှ များများလျှောက်ပါ။

တချို့တက္ကသိုလ်တွေက သူ့ကျောင်းတစ်ကျောင်းထဲမှာ မေဂျာ ၃ ခုပဲ လျှောက်ခွင့်ပြုတာကို သတိထားပါ။ ၄ ခုလျှောက်မိပြီး ၄ ခုမြောက်က အရွေးခံရရင်တောင် အဲ့ဒီစည်းမျဉ်းအရ reject ပြန်ဖြစ်တတ်ပါတယ်။

Motivation letter ကို general တစ်စောင်ရေးပြီး မာစတာတိုင်းကို စာအတူတူပို့တာရှောင်ပါ။

Motivation letter မှာ details personal project ပါပါစေ။ မာစတာရဲ့ ရည်ရွယ်ချက်၊ အလုပ်အကိုင်အခွင့်အလမ်း၊ သင်မယ့် ဘာသာရပ်တွေကို သေချာဖတ်ကြည့်ပြီး ဒီမေဂျာက ကိုယ့်ဘဝအတွက် ဘယ်လိုအထောက်အကူပြုမယ်ဆိုတာမျိုး ရေးဖို့ လိုအပ်ပါမယ်။ business management လုပ်ချင်လို့ ဆိုတာမျိုး၊ tourism development လုပ်ချင်လို့ ဆိုတာမျိုး အရမ်း general ဆန် ရေးတာမျိုးကို ရှောင်ပါ။ ကိုယ်လုပ်ချင်တာကို ကိုယ့်ဖာသာ အသေးစိတ်ရှင်းရှင်းလင်းလင်း သိပြီး မေဂျာရဲ့ ရည်ရွယ်ချက်၊ အလုပ်အကိုင်အခွင့်အလမ်းနဲ့ ကိုက်လေ ကျောင်းဝင်ခွင့် ရဖို့ ပိုသေချာလေပါပဲ။

အားလုံးပဲ အစစအရာရာ အဆင်ပြေကြပါစေ။

02/02/2024

2018, 2019 လောက်တုန်းက ချင်းပြည်ဘက်သွားပြီး coffee ခြံသေးသေးလေးလုပ်၊ experiential tourism လိုမျိုး tour လေးတွေ ရောင်းမယ်ဆိုတဲ့ စိတ်ကူးလေး ရှိခဲ့ဖူးတယ်။ ချင်းဟာ အဖျားအနား လေးမြို့မြစ်ကမ်းက ပါးရဲထိုးတဲ့ချင်းရွာတွေ ညအိပ် ရောက်ဖူးတာကလွဲပြီး မြန်မာပြည်အနှံ့မှာ ကိုယ်မရောက်ဖူးသေးတဲ့ ပြည်နယ် တစ်ခုပါ။
ချင်းဝတ်စုံတွေကို သဘောတကျငေးကြည့်ဖူးတယ်။ ရိုးရာဝတ်စုံတွေ ကြိုက်တာမို့ အမြတ်တနိုး ဝတ်ချင်ခဲ့ဖူးတယ်။ အောက်ချင်းငှက်တွေကို မြင်ဖူးချင်တယ်။
တောင်ဇလပ်တွေကို နီးနီးကပ်ကပ် မြင်ဖူးချင်ခဲ့ဖူးတယ်။ တစ်နေ့တော့ ပြန်ရောက်ခွင့်ရမယ်လို့ ယုံကြည်ပါတယ်။

အဲ့ဒီ အိပ်မက်တွေကို ကိုဗစ်မှာကာလမှာ ခဏခေါက်သိမ်းထားခဲ့ပြီး၊ ပညာ ဝမ်းစာဖြည့်ဖို့ ဒီကို ကျောင်းတက်ထွက်လာခဲ့မိပြန်တယ်။ ဒေသခံတွေဆီ တကယ်စီးဆင်းတဲ့ Community based tourism CBT စစ်စစ်မျိုး တနိုင်တပိုင်လုပ်ချင်ခဲ့ဖူးတယ်။ ကိုယ့်စိတ်က မြန်မာတွေဆီက ပိုက်ဆံကို မလိုချင်ဘဲ၊ နိုင်ငံခြားသားတွေဆီကရတဲ့ ဝင်ငွေကို ဒေသခံ‌တွေဆီ စီးဆင်းစေချင်တာမျိုးရယ်။

ခုကာလမှာ စစ်ကိုင်းဘက်မှာလည်း လုပ်ပေး စရာတွေ အများကြီး ဖြစ်လာပြန်ရော။ စစ်ကိုင်းလို့ပြောရင် tourism လောကမှာနေတဲ့ ၈ နှစ်ပတ်ချာလည်လောက်မှာ ကိုယ့်ရှိတဲ့ အရင်းအမြစ်၊ အမွေအနှစ်တွေကို ချပြရင်း ဝင်ငွေရခဲ့ဖူးတာမို့ စစ်ကိုင်းဟာ ကျေးဇူးရှိပြန်တယ်။

နောက်တစ်ခါ Microcredit project တစ်ခုအတွက် pilot research project လုပ်ပေးခဲ့တုန်းက တစ်လလောက် ရွာတွေလှည့် ကျွေးသမျှတွေစား၊ တည်းခိုစားသောက် နေခဲ့ဖူးတဲ့ အရပ်မို့ ချစ်ပြန်တယ်။ ဝက်လက်၊ ရွှေဘို၊ ခင်ဦး၊ ရေဦး၊ တန့်ဆည် ကိုယ်ချစ်ရတဲ့ နေရာတွေပေါ့။

သမုန်းဖူးသုပ် လေးလည်း ကြိုက်သလို၊ ဖတ်ဆယ်ထောင်းလေးလည်း စားချင်ပြန်ရော ဆိုတာမျိုးရယ်။

မနေ့က ၁၉၀၀ ဝန်းကျင်လောက်ကနေ ပြင်သစ်‌ကျေးလက်နေ လယ်သမားတွေ ကမ္ဘာစစ်ကြီး ၂ ခုကို အံတုပြီး ဘယ်လိုဖြတ်သန်းတိုးတက်လာကြတယ်၊ ဘယ်လောက်အပင်ပန်းခံ ရုန်းထခဲ့ကြတယ် ဆိုတဲ့ documentary လေးကြည့်ပြီး အားယူမိတယ်။ ပြာပုံကနေ တိုးထဖို့ ခွန်အားတွေလိုသလို သန်မာတဲ့ စိတ်ဓါတ်တွေကိုလည်း မွေးမြူကြရပြန်အုံးမယ် မဟုတ်ပါလား။

စစ်ကြီးပြီးတော့မယ်လို့ ယုံကြည်ပြီး၊ စစ်ကြီးပြီးတဲ့အခါလို့ အိပ်မက်တွေမက်နေမိတယ်။ မလွယ်ကူပေမယ့် အာဏာရှင်စနစ်ရဲ့အဆုံးသတ်ဟာ တစ်နေ့တော့ ရောက်မှာပါလို့ ယုံကြည်ရင်း...

Photos from Aye Nyein Thu's post 28/11/2023

« ပြင်သစ်မှာ ဘာသာစကားသင်တန်းလာတက်သင့်လား။ ကုန်ကျစားရိတ်နဲ့ ကျောင်းတက်ရင်း အလုပ်လုပ်ကြမယ်ဆိုရင်… » 🇨🇵 🇨🇵 🇨🇵

လိုအပ်သူများအတွက် အရင်တုန်းက ရေးထားတာလေးပါ။

ဒီ Post မှာတော့ ပြင်သစ်ကို ဘယ်လိုလူတွေလာသင့်လဲ၊ ဘယ်လို ကျောင်းတွေတက်သင့်လဲ နဲ့ ကုန်ကျစားရိတ် တချို့အကြောင်း ပြောပြချင်ပါတယ်။ သိသလောက်မျှ၀ေတာမို့ အမှားပါရင် ခွင့်လွှတ်ပါ။

ပထမဆုံးအနေနဲ့ ပြောချင်တာက ပြင်သစ်ဟာ ဘာသာစကား မကျွမ်းကျင်ရင် အချိန်ပိုင်း အလုပ်တောင်လျှောက်ရခက်တဲ့ နိုင်ငံပါ။ ကျောင်းပြီး အလုပ်ဆက်လုပ်ချင်တယ်ဆို ပြင်သစ်ဘာသာစကားကို ကျွမ်းကျွမ်းကျင်ကျင်ပြောတတ်ဖို့လိုပါတယ်။ အဲ့ဒီတော့ အမေးများတာက ဘာသာစကား သင်တန်း program တွေ course တွေနဲ့ လာသင့်လားဆိုတဲ့ မေးခွန်းပါပဲ။

တကယ်လို့ မိတ်ဆွေဟာ ဘွဲ့ရပြီးသား သို့ အလုပ်အတွေ့အကြုံရှိပြီးသားဆို ဘာသာစကားသင်ဖို့ လာတာကို ကျွန်မကတော့ အားမပေးပါဘူး။ ဆယ်တန်းအောင်ပြီးခါစ လူငယ်တွေအနေနဲ့ ပထမနှစ်ကစတက်မယ့် ဘွဲ့တွေတက်မှာမို့ မဖြစ်မနေဆိုရင်တော့တက်ပါ။ ဘာသာစကားလို့ပြောရင် တက္ကသိုလ်အများစုမှာ လာတက်နေကြတဲ့ အတန်းတွေဟာ ရန်ကုန် Institut Français de Birmanie (IFB) က သင်တဲ့ အတန်းတွေနဲ့ ခပ်ဆင်ဆင်တူပါတယ်။ ဒစ်ပလိုမာ ဘွဲ့ တစ်ခုခုပေးတာမျိုးမဟုတ်ဘဲ DELF A1 A2 B1 B2, DALF C1 C2 အစရှိသဖြင့် ဘာသာစကားပြောနိုင်စွမ်းကို စာမေးပွဲ၀င်ဖြေပြီး ပြင်သစ်ဘာသာစကား ပြောနိုင်၊ နားလည်နိုင်စွမ်းကို အသိအမှတ်ပြုလက်မှတ်ထုတ်ပေးတာမျိုး များပါတယ်။ နားလည်လွယ်အောင်ပြောပါဆို အင်္ဂလိပ်စာအရည်အချင်းစစ် စာမေးပွဲ IELTS နဲ့ ခပ်ဆင်ဆင်တူပါတယ်။ ဒီလိုအတန်းတွေက ပြင်သစ်ကအစိုးရတက္ကသိုလ်အများစုမှာ အချိန်ပိုင်းအနေနဲ့ ဖွင့်ပါတယ်။ ကိုယ်သွားချင်တဲ့ မြို့မှာရှိတဲ့ တက္ကသိုလ်တွေရဲ့ website တွေမှာ ၀င်ဖတ်နိုင်ပါတယ်။ French language diploma or course in University of - Toulouse, Lyon, Bordeaux, Montpellier _ အစရှိသဖြင့် Google မှာရှာပြီး ဖတ်နိုင်ပါတယ်။

အပြင်ကျောင်းတွေရှိပေမယ့် စျေးပိုများပါလိမ့်မယ်။ အရင်က ပြောခဲ့သလို ကျွန်မက အဓိကအားဖြင့် အစိုးရကျောင်းတွေနဲ့ ပတ်သက်တာကိုပဲ အဓိကရေးသွားမှာဖြစ်ပါတယ်။ အပြင်ကျောင်းတွေက ကျောင်းကိုဆက်သွယ်မေးတာနဲ့ ကိုယ်သိချင်တာမှန်သမျှဖြေပေးတာမို့ ကျွန်မထက်သူတို့က ပိုပြည့်စုံအောင်ပြောပြနိုင်လို့ပါ။ အများအားဖြင့် ဘာသာစကားအတန်းတွေဟာ သာမန်ရိုးရိုးမာစတာတွေထက်ကို စျေးအများကြီး ပိုများတတ်ပါတယ်။ ခန့်မှန်းဆို တစ်နှစ်ကို ယူရို ၂၀၀၀ ခန့်လောက် ကုန်ကျတတ်ပါတယ်။ တခြားဘာသာစကားကို ဘွဲ့အနေနဲ့ ပေးတဲ့ Diplôme universitaire or Master - Français Langue Etrangère (FLE) လိုမျိုး မေဂျာတွေလည်းရှိပါတယ်။ ဒါတွေက နှစ်ရှည်တက်ရတာဖြစ်ပြီး နိုင်ငံခြားဘာသာစကား ဉပမာပြင်သစ်ဘာသာကို ဆရာပြန်လုပ်မယ်သူတွေ၊ ဘာသာပြန်လုပ်ငန်းလုပ်မယ့်သူတွေ အတွက် သင့်တော်တာမျိုးပါ။

ကိုယ်က တခြားနယ်ပယ်ကို အဓိက တက်ချင်တယ်၊ ဘွဲ့လည်းရပြီးသား၊ သို့ မဟုတ် အလုပ်အတွေ့အကြုံရှိတယ်ဆိုရင်တော့ အင်္ဂလိပ်လိုသင်တဲ့ licence professionnel or master level ကိုပဲ ကျောင်းလျှောက်ပြီး တန်းတက်ပါလို့ အကြံပြုပါရစေ။ အင်္ဂလိပ်လိုသင်တဲ့ အစိုးရကျောင်းတွေလည်း ရှိပါတယ်။ အဲ့လိုတက်ရင်းနဲ့မှ ကျောင်းကထည့်သင်ပေးတဲ့ ပြင်သစ်ဘာသာအတန်းတွေကို တက်ရင်း ပြင်သစ်စကားပြောတတ်အောင်လုပ်တာက အချိန်ကုန်၊ ငွေကုန်လည်း သက်သာစေပါလိမ့်မယ်။ ပြင်သစ်က ဘွဲ့တွေသတ်မှတ်ပုံအဆင့်ဆင့်ကိုတော့ အရင်ရေးထားဖူးတဲ့ ပြင်သစ်မှာ ကျောင်းလျှောက်ကြမယ်ဆိုရင် ဆိုတဲ့ ပို့စ်တွေမှာ ပြန်ဖတ်နိုင်ပါတယ်။ အစိုးရတက္ကသိုလ် ပထမနှစ်က စတက်မယ့်သူတွေအတွက်ကတော့ ပြင်သစ်စာတတ်ထားဖို့ မဖြစ်မနေလိုပါတယ်။ ဘာလို့လည်းဆိုတော့ အစိုးရ တက္ကသိုလ်ဘွဲ့တွေရဲ့ ၉၀% ကျော်က ပြင်သစ်လိုပဲ သင်လို့ပါ။ ဒီလောက်ဆိုရင် ဘာသာစကားသင်တန်းတွေနဲ့ပတ်သက်ပြီး အထောက်အကူဖြစ်မယ်ထင်ပါတယ်။

နေစရိတ်၊ ကုန်ကျစရိတ်

ပြင်သစ်ရဲ့ သာမန်မာစတာ အများစုဟာ အပြီးအစီးမှ တစ်နှစ်ကို ယူရို ၃၅၀ ခန့်လောက်ပဲ ကုန်ကျလေ့ရှိပါတယ်။ စီးပွားရေး၊ စီမံခန့်ခွဲမှု အင်ဂျင်နီယာ အစရှိတဲ့ ကျောင်းတွေကိုမဆိုလိုပါ။ အသေးစိတ်ကို အရင် ပို့စ်တွေမှာပြန်ဖတ်ပါ။ နေစရိတ်အနေနဲ့ ပြောမယ်ဆို ကျောင်းအဆောင် သို့ တခြားကျောင်းသားတွေနဲ့ စုနေမယ်ဆို
မြို့သေးတွေမှာ ၂၀၀ ­ ၄၀၀ ယူရို
မြို့ကြီးတွေမှာ ၄၀၀ ­ ၆၀၀ ယူရို လောက်ကုန်ကျတတ်ပါတယ်။
ပဲရစ်ကတော့ ကိုယ်နေတဲ့ နေရာပေါ်မူတည်ပြီး ဒီထက်အများကြီး ပိုကုန်ပါလိမ့်မယ်။

ကျောင်းသားတွေအတွက်နေစရာတွေကတော့
အစိုးရကျောင်းအဆောင် ­ ကြိုလျှောက်ရတာမို့ ပညာသင်ဆုရကျောင်းသားကလွဲရင် ရောက်ရောက်ချင်း ပထမနှစ်မှာ ရဖို့ခဲယဉ်းပါတယ်။ မီးဖိုး၊ ရေဖိုး၊ အင်တာနက်ဖိုး အပြီးအစီးပါပြီးသားပါ။

အပြင်ဆောင် ­ လျှောက်လွှာတင်ပြီး လျှောက်ရတတ်ပါတယ်။ သူလည်း မီးဖိုး၊ ရေဖိုး၊ အင်တာနက်ဖိုး အပြီးအစီးပါပြီးသားပါ။

အဆောင်တွေမှာ အခန်းနဲ့ studio ဆိုပြီး ရှိတတ်တယ်။ အခန်းကတော့ အိပ်ခန်းတစ်ခန်းပဲပါပါမယ်၊ ရေချိုးခန်းအိမ်သာပါတာတွေရှိသလို၊ တချို့အဆောင်တွေက အများသုံးရေချိုးခန်း အိမ်သာမျှသုံးရတာမျိုးရှိပါတယ်။ မီးဖိုကတော့ ဘုံမျှသုံးရပါတယ်။ studio ကတော့ နည်းနည်းပိုကျယ်မယ်၊ ရေချိုးခန်း၊ အိမ်သာပါမယ်၊ မီးဖိုအသေးစားလေးနဲ့ ရေခဲသေတ္တာပါမယ်ပေါ့။ အ၀တ်လျှော်တာကတော့ အဆောင်မှာ ထားပေးထားတဲ့ ဘုံအ၀တ်လျှော်စက်မှာ လျှော်လို့ရပါတယ်။

နောက်တမျိုးကတော့ colocation ပါ။ တိုက်ခန်းတစ်ခန်းမှာ အိပ်ခန်း ၄ ခန်း ၆ ခန်း အစရှိသဖြင့်ပါပြီး အများနဲ့ စုနေရတာမျိုးပါ။ အများအားဖြင့် ရေချိုးခန်းအိမ်သာကို ၂ ယောက် ၃ ယောက်မျှသုံးရတတ်ပါတယ်။ မီးဖိုခန်းနဲ့ ဧည့်ခန်းကတော့ ဘုံမျှသုံးရပါတယ်။ အများစုက ရေဖိုး၊ မီးဖိုး၊ အင်တာနက်ဖိုး အပြီးအစီးပါ။ မဟုတ်ရင်တော့ အခန်းလိုက် အချိုးကျမျှထည့်ရပါတယ်။

အေးအေးဆေးဆေးနေချင်တယ်၊ မြို့သေးတွေမှာဆိုရင်တော့ ကျောင်းသားတွေအတွက် ပရိဘောဂအစုံပါပြီးသား တိုက်ခန်းလေးတွေ ငှားလို့ရပါတယ်။ သူက မီးဖိုး နဲ့ အင်တာနက်ဖိုးမပါပါဘူး။ ထပ်ကုန်ပါတယ်။ လိုင်းဆွဲအားကောင်းတဲ့ နေရာတွေမှာဆိုရင်တော့ အင်တာနက်က ဖုန်းနဲ့ ရောပြီး ဒေတာ၀ယ်ထားတာနဲ့ လုံလောက်ပါတယ်။ 200 GB ၀န်းကျင်ကို တစ်လ ယူရို ၂၀ ၀န်းကျင်လောက်ကုန်ပါတယ်။ မီးက ချက်ရင် ချက်သလောက်၊ ဆောင်းတွင်း အပူပေးစက်သုံးရင် သုံးသလောက်ကုန်ပါတယ်။ အခန်းအကျဉ်းအကျယ်ပေါ်မူတည်ပြီး တစ်လကို ယူရို ၆၀ ခန့်လောက် ကုန်ကျတတ်ပါတယ်။ နောက် အိမ်ငှားနေရင် နေထိုင်မှု၊ အိမ်အာမခံ ထားရပါတယ်။ ဒါက အခန်းအကုန်လုံးအတွက်လိုတာပါ။ အိမ်အာမခံက တစ်လကို ၁၅ ယူရို၀န်းကျင်လောက်ကုန်ပါတယ်။

နေစရာလို့ ပြောတဲ့ အခါ ပြင်သစ်အစိုးရက ကျောင်းသားတွေနဲ့ ၀င်ငွေနည်းသူ၊ အလုပ်လက်မဲ့ တွေအတွက် Aide personnalisée au logement (Apl) နေထိုင်စားရိတ်ထောက်ပံ့ကြေးငွေကို caf.fr website မှာ လျှောက်လို့ရပါတယ်။ ပျမ်းမျှအားဖြင့် မီးဖိုးမပါ ကိုယ့်အိမ်လခကုန်ကျစားရိတ်ရဲ့ တစ်၀က်လောက်ပြန်ရတတ်ပါတယ်။ ကိုယ့်ရဲ့ ကိုယ်ရေးအချက်အလက်နဲ့ မြို့ပေါ်မူတည်ပြီး ရတာအနည်းအများ ကွာတတ်ပါတယ်။ ဆိုလိုတာက ၄၀၀ တန်အိမ်ငှားနေတယ်ဆိုရင် ကိုယ်ကပေးရမှာက ၂၅၀ ၀န်းကျင်လောက်ပဲ ဖြစ်ပါလိမ့်မယ်။ စလျှောက်တဲ့ ပထမလကိုတော့ မပေးပါဘူး။

ကျန်းမာရေးအာမခံ

ကျောင်းသားတွေအတွက် ပြင်သစ်အစိုးရက ကျန်းမာရေးစောင့်လျှောက်မှု assurance maladie က ပျမ်းမျှအားဖြင့် ၈၀ ရာခိုင်နှုန်း စားရိတ်ငြိမ်းပါ။ ကျန်တဲ့ ၂၀ ရာနှုန်းအတွက် အာမခံ၀ယ်ရပါတယ်။ ကိုယ်၀ယ်တဲ့ Plan ပေါ်မူတည်ပြီး တစ်လကို ၃၅ ယူရို၀န်းကျင်လောက်ကျပါတယ်။ အဲ့ဒီလိုမ၀ယ်ချင်ဘူးဆိုရင် ပြင်သစ်အစိုးရကပေးတဲ့ ကျောင်းသားတွေ၊ အလုပ်လက်မဲ့နဲ့ ၀င်ငွေနည်းတဲ့သူအတွက် Complémentaire santé solidaire CSS ဆိုတာ လျှောက်လို့ရပါတယ်။ အဲ့လိုဆို သာမန်ဖျားနာ၊ သွားဆေးခန်းပြ၊ ကာကွယ်ဆေး အစရှိသဖြင့် အပြည့် လုံလောက်ပါတယ်။

စားစရိတ်

စားစရိတ်က ကျောင်းကန်တင်းတွေမှာ စားရင် ကျောင်းပေါ်မူတည်ပြီး ပညာသင်ဆုရကျောင်းသားဆို တစ်နပ်ကို တစ်ယူရို၀န်းကျင်၊ ရိုးရိုးကျောင်းသားဆို ၃ ယူရို ခွဲ (3.5 €) ကုန်ကျပါတယ်။ ကျောင်းနားနီးတဲ့ အပြင်စားသောက်ဆိုင်တွေက ကျောင်းသားတွေအတွက် ကျောင်းသားမီနူးတွေလည်း ရှိတတ်ပါတယ် ၆ ယူရို၀န်းကျင်ကနေ ၁၀ ယူရိုလောက်ရှိပါတယ်။ သာမန် အပြင်ဆိုင်တွေကတော့ မြို့တအားမကြီးရင် ၁၅ ယူရို၀န်းကျင်၊ ဆိုင်ကောင်းရင် ကောင်းသလောက် စျေးများသွားပါမယ်။ ချက်စားရင် အများကြီးကုန်ကျစားရိတ်သက်သာပါတယ်။ အများအားဖြင့် အသားတွေက ငါး၊ ပုဇွန်ထက်ပိုသက်သာတတ်တယ်။ အသီးအရွက်က ရာသီပေါ်စားရင် စျေးသက်သာတယ်။ စနစ်တကျချက်စားရင် စားစရိတ် ပျမ်းမျှအားဖြင့် တစ်ရက် ယူရို ၁၀ ၀န်းကျင်လောက်ဆို လောက်ပါတယ်။ တချို့ နာမည်ကြီးတဲ့ နေရာတွေ၊ မြို့အကြီးတွေမှာ ၁၅ ယူရိုလောက်လိုပါလိမ့်မယ်။ ၀ယ်စားမယ်ဆိုရင်တော့ မလောက်ပါဘူးနော်။ ခုတွက်ပြတာတွေက ပဲရစ်ကလွဲရင် တခြားမြို့အများစုအတွက် ကာမိပါတယ်။

သွားလာစားရိတ်က မြို့သေးလေးတွေဆို ဘတ်စ်ကားက အလကားစီးလို့ရတဲ့ မြို့ရှိတယ်။ တချို့မြို့သေးမှာ ကျောင်းသားတွေအတွက်ဆို တစ်လ ၁၀ ­ ၁၅ ယူရို ၀န်းကျင်လောက် ကုန်ပါတယ်။ မြို့ကြီးတွေမှာ မြို့ပေါ်မူတည်ပြီး ကျောင်းသားတွေအတွက် မြေအောက်ရထား၊ လျှပ်စစ်ရထား၊ ဘတ်စ်ကား အစုံစီးလို့ရတဲ့ ကတ်တွေက လစဉ်ကြေး ၃၀ ယူရို၀န်းကျင်လောက်ကျပါတယ်။ ကတ်လုပ်ပြီး စက်ဘီးငှားစီးလို့လည်းရပါတယ်။ ပြတိုက်တချို့နဲ့ တချို့လည်လို့ရတဲ့ နေရာတွေက ကျောင်းသားတွေအတွက်ဆို အခမဲ့ သို့မဟုတ် ကျောင်းသားစျေးသတ်မှတ်ထားတတ်ပါတယ်။

အချိန်ပိုင်းအလုပ်

အချိန်ပိုင်းအလုပ်အများစုက Supermarket တွေမှာ အရောင်းပိုင်း၊ Macdonald၊ စားသောက်ဆိုင်တွေမှာ စားပွဲထိုး အစရှိသဖြင့် လျှောက်လို့ရပါတယ်။ ဆိုင်တွေမှာပဲ အဓိက CV form ကိုယ်ရေးအချက်အလက် သွားတင်ပြီး လျှောက်လို့ရပါတယ်။ ပြင်သစ်လို မပြောတတ်ရင်တော့ အလုပ်ရဖို့ ခက်ပါလိမ့်မယ်။ ကျောင်းတွေမှာ ရုံးပိုင်းကူလုပ်တဲ့ အလုပ်တွေလည်းရှိတတ်ပါတယ်။ တစ်ပတ်ကို နာရီ ၂၀ အလုပ်လုပ်လို့ရပြီး တစ်နာရီကို ၁၀ ယူရို ၀န်းကျင်ရပါတယ်။ အခွန်ဖယ်ရင် တစ်နာရိကို ၈ ­- ၉ ယူရိုလောက်ရတတ်ပါတယ်။ စာလိုက်နိုင်ဖို့ဆို နာရီ ၂၀ လုပ်ဖို့ မဖြစ်နိုင်ပါဘူး။ ၁၀ နာရီလောက် အများဆုံး ၁၅ နာရီလောက်ပဲ လုပ်သင့်ပါတယ်။ မာစတာသမားတွေဆို စာသင်ချိန်များရင် အလုပ်လုပ်ဖို့ အချိန်မရှိတတ်ပါဘူး။

အလုပ်သင် internship

အလုပ်သင်လို့ ပြောရင် ကျောင်းပြီးဖို့ မဖြစ်မနေလုပ်ရတဲ့ အလုပ်သင် Stage နဲ့ ကျောင်းတက်ရင်း တစ်နှစ်ပတ်လုံးလုပ်ရတဲ့ alternance ဆိုပြီး ၂ မျိုးရှိပါတယ်။ ဘွဲ့ပေါ်မူတည်ပြီး မဖြစ်မနေလုပ်ရတဲ့ အလုပ်သင် Stage က Licence pro & master level မှာ တစ်နှစ်ကို ၂ လကနေ ၆ လအထိရှိတတ်ပါတယ်။ ပြင်သစ်ဉပဒေအရ အလုပ်သင် ၂ လအောက်ဆို အလုပ်ရှင်က မဖြစ်မနေ လစာပေးစရာမလိုပါဘူး။ မာစတာပထမနှစ်မှာ အများအားဖြင့် ၃ လ၊ မာစတာ ဒုတိယနှစ်မှာ ၆ လ အလုပ်သင်လုပ်ရလေ့ရှိပါတယ်။ အလုပ်သင်ကို ကိုယ်တိုင်ရှာရပြီး၊ ရှာမတွေ့ရင် မရရင် မာစတာတွေက အအောင်မပေးပါဘူး။ လစာအနေနဲ့က အနည်းဆုံးကတစ်နာရီကို ၃.၉ ယူရို နဲ့ တစ်ပတ်ကို ၃၅ နာရီသတ်မှတ်ထားပါတယ်။ အများအားဖြင့် အလုပ်သင်ကာလမှာ အဲ့ဒီထက်ပိုပေးတာ ရှားပါတယ်။

Alternance or Contrat d’apprentissage ကတော့ တစ်ပတ်ကျောင်းတက် တစ်ပတ်အလုပ်သင်လုပ် သို့မဟုတ် တစ်ပတ်မှာ ၂ ရက် ကျောင်းတက် ၃ ရက် အလုပ်သင် အစရှိသဖြင့် အလုပ်ပါတွဲသင်တဲ့ ဘွဲ့တွေမှာ လုပ်လို့ရပါတယ်။ အလုပ်ရှင်က လစာရော၊ ကျောင်းလခရော ကျောင်းသားအတွက် ပေးပေးတာမျိုးပါ။ မေဂျာတိုင်း လုပ်ခွင့်မရှိပါဘူး။ နောက် master အောက်အတန်းတွေဆို ဉရောပနိုင်ငံတွေက ကျောင်းသားတွေမဟုတ်ရင် ပထမနှစ်မှာ လုပ်ခွင့်မရှိပါဘူး။ မာစတာကနေစပြီးတော့ ပထမနှစ်ရောက်ရောက်ချင်း Alternance အလုပ်သင်လုပ်ခွင့်ရှိပါတယ်။ Ministère de l’intérieur français မှာ အလုပ်သင်လုပ်ခွင့် လျှောက်ဖို့လိုပါတယ်။ Alternance က ကျောင်းသားအားလုံးအတွက် အသက် ကန့်သတ်ချက် ရှိပါတယ်။ contrat စာချုပ် ၂ မျိုးရှိပါတယ်။

• Le contrat d’apprentissage ကတော့ အသက် 16 ကနေ 29 အတွင်းရှိတဲ့ ကျောင်းသားတွေအတွက်ပါ။

• Le contrat de professionnalisation ကတော့ 16 နှစ်ကနေ 25 နှစ်အတွင်း ရှိသူတွေအတွက်ပါ။

၂၉ နှစ်ကျော်ရင်လုပ်ခွင့်မရှိတော့တာမဟုတ်ဘဲ အလုပ်ရှင်က ဉပဒေအရ လစာအပြည့်ပေးရတာဖြစ်တဲ့အတွက် ၂၉ ကျော်ရင် အလုပ်ရှင်တွေက မရွေးချင်တော့ပါဘူး။ နောက် ၂၉ နှစ်ကျော်တဲ့ ကျောင်းသားအတွက်ဆို အလုပ်ရှင်က ပေးရတဲ့ ကျောင်းလခကလည်း အများကြီးပိုများပါတယ်။ နောက် ကျောင်းအတွက်ရော အလုပ်ရှင်အတွက်ရော လုပ်ရတဲ့ စာရွက်စာတမ်းက အများကြီး အဆင့်ပိုများတဲ့ အတွက် ၂၉ ကျော်ရင် Alternance လုပ်ဖို့ ခက်ပါတယ်။ ကျွန်မတို့ အတန်းထဲမှာ အသက် ၃၁ မှာ Alternance လုပ်ပြီး ကျောင်းတက်ခွင့်ရတဲ့ သူလည်း ရှိပါတယ်။ အလွန်ရှားပါတယ်။
ပြင်သစ်လို ဖတ်တတ်သူတွေက အသေးစိတ်ကို ဒီလင့်ခ်မှာ ဖတ်ပါ။

Https://travail-emploi.gouv.fr/formation-professionnelle/formation-en-alternance-10751/ #:~:text=entre%2016%20et%2029%20ans,entreprise%20n%C3%A9cessitant%20le%20dipl%C3%B4me%20pr%C3%A9par%C3%A9.

ဒီစာချုပ် ၂ ခုနဲ့ ပတ်သက်ပြီး ပုံတွေထဲမှာ ရနိုင်တဲ့ လစာတွေကိုလည်း ဖော်ပြပေးထားပါတယ်။ အကြမ်းဖျင်းအားဖြင့်တော့ ယူရို ၁၂၀၀ ­ ၁၅၀၀ ၀န်းကျင်လောက်ရတတ်ပါတယ်။
စာလည်း အတော်ရှည်ပြီမို့ ဒီနေ့တော့ ဒီလောက်ပါပဲနော်။ ခုလောက်ဆို အချက်အလက်အတော်စုံပြီလို့ ထင်ပါတယ်။ ထပ်သိချင်တာတွေရှိရင်လည်း comment မှာ မေးထားနိုင်ပါတယ်။

လေးစားလျက်

22/11/2023

ပြင်သစ်မှာ ကျောင်းလျှောက်ကြမယ်ဆိုရင် အပိုင်း - ၂

ဒီအပိုင်းမှာတော့ အဓိက ကျောင်းဘယ်လို ရှာပြီး ဘယ်လိုလျှောက်ရလဲ။ ကျောင်းလျှောက်ဖို့အတွက် ဘာတွေလိုမလဲ၊ နဲ့ ကုန်ကျစားရိတ်အကြောင်းကို ပြောပြချင်ပါတယ်။ ကျောင်းဘယ်လိုရှာမလဲဆိုရင်တော့ « Google is our best friend. » ဆိုတဲ့ မူနဲ့ပဲရှာပါလို့ ဖြေရမှာပါပဲ။ ပထမပိုင်းမှာ ပြောခဲ့သလို ပြင်သစ်ဟာ agent မလိုဘဲ ကျောင်းလျှောက်လို့ရတဲ့ နိုင်ငံပါ။ အားနည်းချက်ကတော့ ကြားကတစ်ယောက်ယောက်က အစအဆုံးလိုက်လုပ်ပေးနေတာမဟုတ်တဲ့ အတွက် ကျောင်းတက်ချင်တဲ့ ကျောင်းသားရဲ့ အားစိုက်မှုအများကြီးလိုအပ်ပါတယ်။ ဒါကြောင့် အင်္ဂလိပ်လိုတက်မယ်ဆိုရင်တောင် ပြင်သစ်လိုအခြေခံတတ်ထားပြီးသားကျောင်းသားတွေအတွက်တော့ ပိုသင့်တော်ပါတယ်။ Private university တွေကတော့ အစအဆုံးနီးပါးကူညီတတ်တာမို့ လျှောက်ရပိုလွယ်ပါတယ်။ ကျောင်းစားရိတ်ကတော့ အများကြီးများပါတယ်။ ပြင်သစ်မှာ Private university english လိုဘွဲ့တစ်ခုခု တက်မယ်ဆိုရင်တော့ တခြား အင်္ဂလန်၊ သြစီ၊ ကနေဒါ၊ အမေရိက အစရှိသဖြင့်သွားတက်ဖို့ကိုပို အားပေးချင်ပါတယ်။

ကျောင်းရှာကြမယ်။

ကျောင်းရှာရာမှာ အထောက်အကူဖြစ်စေမယ့် website တစ်ချို့ကို ကတော့ အပိုင်း ၁ မှာ ပြောထားပြီးသားဖြစ်တဲ့

https://www.campusfrance.org/en
ဒီ website ကတော့ ပြင်သစ်အစိုးရရဲ့ တရားဝင် သတင်းအချက်အလက်မျှဝေတဲ့ website ပါ။ အမေးများကြတဲ့ မေးခွန်းတွေဖြစ်တဲ့ ဘယ်လောက်ကုန်မလဲ။ ဘယ်လိုလျှောက်ရလဲက အစ ဗီဇာအဆုံး အကုန် အင်္ဂလိပ်လိုရော၊ ပြင်သစ်လိုပါ ဖတ်လို့ရပါတယ်။ အချိန်ပေးပြီး ခေါင်းစဉ်တစ်ခုစီရှာဖတ်ပြီး အချက်အလက်တွေကို မှတ်ထားတာမျိုး လုပ်ပါလို့ အကြံပြုပါရစေ။ အခုရေးနေတာတွေအများစုကလည်း ဒီ website တွေနဲ့ ကိုယ်လျှောက်ခဲ့တဲ့ အတွေ့အကြုံကို အခြေခံပြီးရေးထားတာပါ။

https://www.orientation.com/diplomes
ဒီ website က ပြင်သစ်မှာရှိတဲ့ တက္ကသိုလ်ဝင်တန်းအောင်လူငယ်တွေကို သူတို့ပညာရေးနဲ့ အလုပ်အကိုင်ရွေးချယ်ဖို့အတွက် အချက်အလက်တွေမျှဝေပေးတဲ့ site ပါ။ ဘွဲ့၊ ဒစ်ပလိုမာ တွေနဲ့ မာစတာတွေ၊ ကျောင်းအမျိုးအစားတွေနဲ့ အလုပ်အကိုင်တွေကို ဒီ ပေ့ချ်မှာ လေ့လာကြည့်နိုင်ပါတယ်။ ပြင်သစ်ဘာသာစကား ကျွမ်းကျင်သူတွေအတွက် ပြင်သစ်ပညာရေးစနစ်ကို နားလည်ဖို့ ဒီပေ့ချ်ကို မွှေပါလို့ အကြံပြုပါရစေ။

https://www.iae-france.fr/en/
ဒီ website ကတော့ ပြင်သစ်အစိုးရတက္ကသိုလ်တွေရဲ့ Management ကျောင်းခွဲ ၃၆ ကျောင်းကို စုပေးထားတဲ့ website ဖြစ်ပါတယ်။ အင်္ဂလိပ်လိုတက်လို့ရတဲ့ ဘာသာရပ်တွေလည်း ရှိတာမို့ သေချာဝင်ဖတ်ကြည့်ကြစေချင်ပါတယ်။ သူက ကိုယ်တက်ချင်တဲ့ ဘွဲ့၊ မာစတာ၊ ဘာသာရပ်၊ ကြာချိန်၊ အစရှိသဖြင့်ရွေးပြီး ရှာလို့ရတာမို့ရှာရလွယ်ပါတယ်။ သူ့ရဲ့အားနည်းချက်ကတော့ တခါတလေမှာ information update မဖြစ်တတ်တာမျိုးရှိတတ်တာမို့ စိတ်ဝင်စားတဲ့ ဘာသာရပ်တစ်ခုခုတွေ့တာနဲ့ မှတ်ထားပြီး မူရင်းတက္ကသိုလ်ရဲ့ website မှာ အသေးစိတ်သွားဖတ်ကြစေချင်ပါတယ်။

https://www.sciencespo.fr/en
Social science, research, politics, journalism အစရှိတဲ့ ဘာသာရပ်တွေကို အဓိကသင်တဲ့ ကျောင်းပါ။ နာမည်ကြီးသလို ဝင်ခွင့်လည်း ခက်ပါတယ်။ မြန်မာပြည်ကနေ ပညာသင်ဆုရ၊ ဝင်ခွင့်ရပြီး တက်ထားတဲ့ ကျောင်းသားတွေလည်း ရှိပါတယ်။ ပညာသင်ဆု မရဘူးဆိုရင်တော့ အစိုးရတက္ကသိုလ်တွေထဲမှာ ကျောင်းလခများတဲ့ တက္ကသိုလ်လို့ပြောရပါမယ်။ ပြင်သစ်ပြည်အနှံ့မှာ ကျောင်းခွဲ ၇ ခု ရှိပါတယ်။ အသေးစိတ်ကိုတော့ သူ့ website မှာ ဖတ်ပါနော်။

€13,190/year for the undergraduate programme
€18,260/year for the Master’s programmes

ကျောင်းရှာရာမှာ ဘယ်အချက်တွေအပေါ်အခြေခံပြီး ရှာကြမလဲ။

မေဂျာတစ်ခုကို ရှာဖတ်ပြီဆိုတာနဲ့ မဖြစ်မနေ ဖတ်ရမယ့်၊ notes ထုတ်ထားရမယ့်အချက်တွေကတော့
ကိုယ်ရှာဖတ်တဲ့ ဘွဲ့မှာ

- ဘာ ဘာသာရပ်တွေသင်မှာလဲ။
- ဘွဲ့ရဲ့ရည်ရွယ်ချက်
- အလုပ်အကိုင်အခွင့်အလမ်း
- ဝင်ခွင့်မှာလိုအပ်တဲ့ အရည်အချင်း နဲ့ အရည်အချင်းစစ်စာမေးပွဲတွေအကြောင်း၊ ဉပမာ ရေးဖြေပါလား။ online system နဲ့လျှောက်ရမှာလား။ နှုတ်ဖြေပါလား။ ဘာစာရွက်စာတမ်းတွေတင်ပြရမလဲ။
- နောက်ဆုံးထားလျှောက်ရမယ့်ရက် Deadline
- ဆက်သွယ်လို့ရမယ့် အတန်းပိုင်ဆရာ သို့ အတွင်းရေးမှူးရဲ့ email ၊ ကိုယ်သိချင်တာတွေရှိရင် မေးဖို့ပါ။
- ကျောင်းစားရိတ် ၊ ဒီမှာ ၂ ပိုင်းရှိပါတယ်။ အများစုအစိုးရတက္ကသိုလ်တွေက admission fees ကျောင်းလျှောက်တဲ့စားရိတ်ပေးစရာမလိုပါဘူး။ သို့ပေမယ့် SciencePo လိုကျောင်း တစ်ချို့ကတော့ admission fees ပေးရတတ်ပါတယ်။ ဝင်ခွင့်မရရင် ပြန်မအမ်းပါဘူး။ နောက်တစ်ခါ ကျောင်းစားရိတ်ပေါ့ တစ်နှစ်ကို ဘယ်လောက်ကျမယ်။ ဆိုတာရှာဖတ်ဖို့လိုပါမယ်။

ဒီအချက်တွေအားလုံးကို ဖတ်မိသမျှစနစ်တစ်ကျ မှတ်ထား၊ notes ထုတ်ထားပါ။ ပြီးမှ ကိုယ်ရှာတွေ့သမျှထဲက ယှဉ်ကြည့်ပြီး ကိုယ်တက်ချင်တာနဲ့ တကယ်ကိုက်ညီတဲ့ ကျောင်း ၅ ကျောင်းကနေ ၁၀ ကျောင်းကို စာရင်းလုပ်ပြီး စလျှောက်ဖို့ပြင်ဆင်ပါ။

ပြင်သစ်အစိုးရတက္ကသိုလ်အများစုက ကျောင်းစားရိတ်အလွန်သက်သာပါတယ်။ အစိုးရတက္ကသိုလ်အများစုရဲ့ ကုန်ကျစားရိတ်တွေကတော့ တစ်နှစ်စာကျောင်းလခ-

• €170 per year at the licence (bachelor) level
• €243 per year at the master level
• €601 per year in a school of engineering**
• €380 per year at the doctoral level

ပဲကုန်ကျပါတယ်။ သို့ပေမယ့် လွန်ခဲ့တဲ့ ၃ နှစ်ဝန်းကျင်လောက်ကစပြီး နိုင်ငံခြားသား Non-EU ကျောင်းသားတွေကို ကျောင်းစားရိတ် ၁၀ ဆတိုးယူမယ် ဆိုတဲ့သတ်မှတ်ချက်မျိုးရှိလာတာကြောင့် တချို့ကျောင်းတွေမှာ တော့ မာစတာ တစ်နှစ်ကို ယူရို ၃၀၀၀ - ၆၀၀၀ ဝန်းကျင်လောက်ပေးရတာမျိုးလည်းရှိပါတယ်။ SicencePo ကတော့ ပိုများပါတယ်။
- €13,190/year for the undergraduate programme
- €18,260/year for the Master’s programmes လောက်ပေးရပါတယ်။

ကျောင်းဘယ်လိုလျှောက်ရမလဲ

ပြင်သစ်တက္ကသိုလ်အများစုက Online system နဲ့လျှောက်ရပါတယ်။ ခုနှစ်ကပြီး ဘွဲ့လွန်တွေအတွက် https://www.monmaster.gouv.fr/ ကနေ လျှောက်ရပါတယ်။ သူ့ Online system ထဲမှာ အကောင့်လုပ် တောင်းတဲ့လိုအပ်ချက်တွေကို တစ်ခုစီဖြည့် attached တွဲပြီးမှ summit လုပ်ရတာမျိုးပါ။ summit မလုပ်ခင်မှာ ကိုယ် attached တွဲရမယ့် စာရွက်စာတမ်း မှန်လား။ အကုန်စုံရဲ့လား။ လိုင်းကျလို့ မရောက်သွားပဲ ကျန်ခဲ့တာမျိုးရှိလား အစရှိသဖြင့်သေချာစစ်ပြီးမှ တင်ပါနော်။ နောက် online form ဖြည့်တဲ့အခါ တစ်မျက်နှာပြီးတိုင်း save လုပ်လို့ရတဲ့ စနစ်ဆို လုပ်ထားဖို့မမေ့ပါနဲ့။ ဖြည့်ရတာတွေအရမ်းများတာမို့ ဖြည့်ရင်းတန်းလန်း ပျက်သွားလို့ အစကပြန်ဖြည့်ရရင် အဆင်မပြေပါဘူး။ ကျွန်မတက်နေတဲ့ကျောင်းဆို စာမျက်နှာ ၃၀ ကျော်လောက်ဖြည့်ရပါတယ်။ ကျောင်းအများစုက တောင်းတတ်တဲ့ အချက်အလက်တွေကတော့

နောက်ဆုံးရထားတဲ့ ဘွဲ့လက်မှတ် နဲ့ အမှတ်စာရင်း GPA
CV and motivation letter
Language certificate (DELF B2, DALF C1 for french) (IELTS or others for English)
Recommendation letters (2-3 persons) work and education
Working experience evidence

အစရှိသဖြင့်လိုအပ်ပါမယ်နော်။ လိုအပ်ချက်တွေက ကျောင်းနဲ့ မေဂျာ၊ ဘွဲ့၊ မာစတာပေါ်မူတည်ပြီး မတူတာမို့ ကိုယ်တက်မယ့် မေဂျာရဲ့ ကျောင်း website မှာသေချာရှာဖတ်ကြပါလို့။ အခုလောက်ဆိုရင်တော့ ကျောင်းလျှောက်ဖို့အတွက် အထိုက်အလျောက် အထောက်အကူဖြစ်မယ်လို့ မျှော်လင့်ပါတယ်။ ဗီဇာလျှောက်တာနဲ့ နေရေးထိုင်ရေး အစရှိတာတွေကို ဆက်ရေးပေးနိုင်ဖို့ အတတ်နိုင်ဆုံးကြိုးစားပါ့မယ်။ အားလုံးပဲ အဆင်ပြေပြီး လိုရာပန်းတိုင်ရောက်ကြပါစေ။

လေးစားစွာဖြင့်

22/11/2023

ပြင်သစ်မှာ ကျောင်းလျှောက်ကြမယ်ဆိုရင် အပိုင်း - ၁

(အရင် page မှာ ရေးခဲ့ဖူးတာလေး ပြန် share ပေးလိုက်ပါတယ်။)

ကျောင်းလျှောက်တဲ့ ရာသီရောက်တော့မှာဆိုတော့ ပြင်သစ်မှာ ကျောင်းလျှောက်ဖို့အတွက် သိသင့်တာလေးတွေကို သိသလောက်မျှ၀ေပေးပါရစေ။ scholarships တွေကတော့ ခုလတွေမှာ စလျှောက်ဖို့လိုပါပြီ။

ပြင်သစ်တက္ကသိုလ်အများစုဟာ ၃ လပိုင်းမှာ စလျှောက်လို့ရပြီး နာမည်ကြီးကျောင်းတွေအများစုက ၄ လပိုင်းမှာ ဝင်ခွင့်လျှောက်လွှာပိတ်ပါတယ်။ ကျောင်းအများစုက ၅ လပိုင်းမှာ လျှောက်လွှာပိတ်ပြီး၊ ၆ လပိုင်းထိလျှောက်လို့ရတဲ့ ကျောင်းတွေရှိပေမယ့် တော်တော်နည်းပါတယ်။ ပြင်သစ်တက္ကသိုလ်အများစုက ၉ လပိုင်း နဲ့ ၁၀ လပိုင်းမှာ စဖွင့်လေ့ရှိပါတယ်။

ပြင်သစ်မှာ ကျောင်းတက်ဖို့အတွက် လုပ်ပေးတဲ့ ၀န်ဆောင်မှု agent ရယ်လို့ မြန်မာပြည်မှာ မရှိပါဘူး။ ပြောရရင် ပြင်သစ်ဟာ agent မလိုပဲ ကျောင်းလျှောက်လို့ အဆင်ပြေတဲ့ နိုင်ငံပါ။ အားနည်းချက်ကိုပြောပါဆိုရင် Bachelor မှာ အင်္ဂလိပ်လိုသင်တဲ့ အစိုးရတက္ကသိုလ်ရှားတာပါ။ ဘွဲ့လွန် master level မှာ ပိုသင်ပါတယ်။ ဒါကြောင့် ပြင်သစ်ဘာသာစကားတတ်တဲ့ သူတွေအတွက်တော့ ပိုသင့်တော်ပါတယ်။ ဒီပို့စ်မှာအဓိက အစိုးရတက္ကသိုလ်တွေကို ဘယ်လိုလျှောက်ရမလဲဆိုတာ ကို မျှဝေပေးသွားမှာပါ။

Private school, university တွေကတော့ ကျောင်းတွေမှာ လိုအပ်တဲ့ အချက်အလက်အေသးစိတ်ကအစ မေးလို့ရပြီး အစအဆုံးကူညီပေးတတ်တာမို့ ကိုယ်တက်ချင်တဲ့ ဘာသာရပ်ကို google မှာ ရှာပြီး ranking နဲ့ review လိုက်ဖတ်ပြီး ကျောင်းနဲ့ဆက်သွယ်လျှောက်ကြဖို့ အကြံပြုပါရစေ။ ကျောင်းလျှောက်တာကနေ ဗီဇာ၊ နေရေးထိုင်းရေး အစရှိတဲ့ အသေးစိပ် အချက်အလက်တွေကိုတော့ ပြင်သစ်အစိုးရရဲ့ တရားဝင် website ဖြစ်တဲ့ Campus France ရဲ့ မြန်မာပြည်အတွက် web site နဲ့ page တွေမှာ
https://www.campusfrance.org/en/node/2117
https://www.facebook.com/Campus-France-Myanmar-100147719134571
မှာ အသေးစိတ်ဖတ်နိုင်ပါတယ်။

https://www.orientation.com/diplomes
ဒီ website က ပြင်သစ်မှာရှိတဲ့ တက္ကသိုလ်ဝင်တန်းအောင်လူငယ်တွေကို သူတို့ပညာရေးနဲ့ အလုပ်အကိုင်ရွေးချယ်ဖို့အတွက် အချက်အလက်တွေမျှဝေပေးတဲ့ site ပါ။ ဘွဲ့၊ ဒစ်ပလိုမာ တွေနဲ့ မာစတာတွေ၊ ကျောင်းအမျိုးအစားတွေနဲ့ အလုပ်အကိုင်တွေကို ဒီ ပေ့ချ်မှာ လေ့လာကြည့်နိုင်ပါတယ်။ ပြင်သစ်ဘာသာစကား ကျွမ်းကျင်သူတွေအတွက် ပြင်သစ်ပညာရေးစနစ်ကို နားလည်ဖို့ ဒီပေ့ချ်ကို မွှေပါလို့ အကြံပြုပါရစေ။

ပြင်သစ်မှာ ကျောင်းတက်ဖို့ဆိုရင်တော့ တက္ကသိုလ်တွေပေါ်မူတည်ပြီး ပြင်သစ်လို ပဲဖြစ်ဖြစ်၊ အင်္ဂလိပ်လိုပဲဖြစ်ဖြစ် အနည်းဆုံး B 2 နဲ့ ညီမျှတဲ့ ဘာသာစကားအခြေခံလိုပါမယ်။ UFL (B.A, French) နဲ့ကျောင်းပြီးသူတွေအတွက် တချို့ တက္ကသိုလ်တွေက ဘာသာစကားကင်းလွတ်ခွင့်ပေးပါတယ်။ အင်တာဗျူးမှာ ဘာသာစကားကို ကျွမ်းကျင်အောင်ပြောနိုင်ပြီး သေချာဖြေနိုင်၊ ရှင်းပြနိုင်ရင် ဘာသာစကားကင်းလွတ်ခွင့်ရပါတယ်။ သံရုံး ဗီဇာအင်တာဗျူးမှာလည်း အခုနောက်ပိုင်း DELF B2 ကို မဖြစ်မနေသဘောမျိုး တောင်းလာတာတွေ့ရပါတယ်။ ဖြေထားရင် ရှိထားပြီးသားဆိုရင်တော့ ပိုအဆင်ပြေတာပေါ့။

ပြင်သစ်ရဲ့ တက္ကသိုလ်ပညာရေးစနစ်အကြောင်းကို နည်းနည်းပြောပြချင်ပါတယ်။ တက္ကသိုလ်ဝင်တန်း bac ပြီးတာနဲ့ တက်လို့ရတဲ့ ဘွဲ့တွေကတော့

The Brevet de technicien supérieur (BTS) (senior technologist's certificate) 2 years
မြန်မာပြည်မှာလိုဆိုရင်တော့ GTC လိုမျိုးနဲ့ သဘောတရားခပ်ဆင်ဆင်ပဲပြောရမှာပေါ့။ ၂ နှစ်တက်ရပါတယ်။ ဘာသာရပ်တွေကတော့ အစုံပါပဲ။ အသက်မွေးဝမ်းပညာတွေကို အဓိက သင်တယ်ပြောရပါမယ်။ ကျောင်းပြီးရင် တန်းအလုပ်လုပ်ဖို့အတွက်ရည်ရွယ်ပါတယ်။

Licence professionnelle - 1 year
Licence Pro = Licence 3 က Graduate diploma တက္ကသိုလ် နောက်ဆုံးနှစ် နဲ့ ညီမျှပါတယ်။ BTS 2 နှစ်ပြီးတဲ့အခါ Licence Pro ကိုဆက်တက်ပြီး မာစတာဆက်တက်လို့ရပါတယ်။ မြန်မာပြည်က ဘွဲ့တစ်ခုခုရပြီး လုပ်ငန်းခွင်အတွေ့အကြုံမရှိသေးတဲ့ သူတွေအတွက် Licence Pro ကို အရင်တက်ဖို့လိုပါတယ်။ ပြီးလို့ အလုပ်တန်းလုပ်ချင်ရင် ရသလို၊ မာစတာဆက်တက်ချင်ရင်လည်း ရပါတယ်။ မြန်မာပြည်က ဘွဲ့တစ်ခုခုရပြီး လုပ်ငန်းခွင်အတွေ့အကြုံရှိသူတွေကတော့ မာစတာ တန်းတက်လို့ရပါတယ်။ တက္ကသိုလ်နဲ့ ဘာသာရပ်ပေါ်မူတည်ပြီး လိုအပ်ချက်တွေကွဲပြားတာမို့ ခုပြောပြတာတွေက အကြမ်းဖျင်းအချက်အလက်တွေဖြစ်ပါတယ်။

Licence - 3 years
မြန်မာပြည်က B.A, B.Sc ဘွဲ့တွေနဲ့ အတူတူပဲဖြစ်ပါတယ်။ ၃ နှစ်တက်ရပြီး ပြီးရင် မာစတာ ဆက်တက်လို့ရပါတယ်။

Diplôme national des métiers des arts et du design (DN MADE) - 3 years
Arts and design - ကိုစိတ်ဝင်စားသူတွေအတွက် အထူးပြုထားတဲ့ ၃ နှစ်ဘွဲ့ပါ။ စိတ်ဝင်စားသူတွေအတွက် အသေးစိတ်ကို နောက်ပိုင်းမှာ ရေးနိုင်ဖို့ကြိုးစားပါ့မယ်။

Bachelor Universitaire de Technologie (BUT) - 3 years
Sciences နဲ့ပတ်သက်တဲ့ ဘာသာရပ်တွေကို အဓိကသင်တဲ့ ဘွဲ့ပါ။ ၃ နှစ်တက်ရပါတယ်။ အသေးစိတ်ကို ရေးနိုင်ဖို့ ကြိုးစားပါ့မယ်။

Master
မာစတာ တွေကတော့ ပြင်သစ်အစိုးရတက္ကသိုလ်တွေမှာ ၂ နှစ်တက်ရပါတယ်။ Master 1 ပြီးယုံနဲ့ ဘွဲ့မရပါဘူး။ ၂ နှစ်အပြည့်ပြီးမှပဲ မာစတာ ဘွဲ့ရပါတယ်။ ကျောင်းတွေပေါ်မူတည်ပြီး စာတမ်း ပထမနှစ်နဲ့ ဒုတိယနှစ် တစ်နှစ် တစ်စောင် သို့ ၂ နှစ်ကို ကျောင်းပြီး စာတမ်းတစ်စောင် လုပ်ရလေ့ရှိပါတယ်။
စာရှည်ပြီမို့ ဒုတိယပိုင်းမှာ ဆက်ပါမယ်နော်။

လေးစားစွာဖြင့်

Vous voulez que votre entreprise soit Gym la plus cotée à Toulouse ?

Cliquez ici pour réclamer votre Listage Commercial.

Emplacement

Site Web

Adresse


Toulouse

Heures d'ouverture

Lundi 09:00 - 17:00
Mardi 09:00 - 17:00
Mercredi 09:00 - 17:00
Jeudi 09:00 - 17:00
Vendredi 09:00 - 17:00