Liger Paing

Liger Paing

Share

My name is Liger Paing. I promote Myanmar Lethwei online.

22/08/2026

'' ဝန်မခံတတ်သူတို့ ကြီးစိုးရာမြေ သို့မဟုတ် အမှန်မကြားဝံ့သူတို့မြေ ''

ငန်းတော်ကျား ကို နားစွန်နားဖျား ကြား မိထားသူက

နန်းတော်ကျား
ငန်းဒေါ်ဂျား စသည်ဖြင့် ပြန်ဖွာမယ် ပြန်ရေးမယ်ပေါ့

အမှန်ကို အကိုးအကား အချက်အလက်နဲ့
ပြောပြတဲ့ အခါ ဝန်ခံတတ်သူက ဪ ငန်းတော်ကျား အမှန်ကိုး
ရှေးစာပေတွေ မှတ်တမ်းတွေမှာလဲ ခေတ်အဆက်ဆက် ဒီလိုပဲ ရေးခဲ့ ခေါ်ခဲ့ တာပဲကိုး
ကျေးဇူးဗျို့ အခုမှ အမှန်သိရတော့တယ်

ဝန်မခံတတ်သူ က ဖွီး အရူးကြီး ဖွတ်ချီး ဘာ ငန်းတော်ကျားလဲဗျ အဓိပ္ပာယ် မရှိဘူး
နန်းတော်ကျား ကမှ နန်းတော်မှာ အဓိပ္ပာယ် ရှိတယ်
အဲလိုပဲ ဖြစ်မှာပဲဗျ အဲလိုချရေးရတာမှလဲ စာပိုခန့်တယ် လှတယ်
ကျွန်ုပ်မှတ်ထားတာ မှန်တယ် ခင်ဗျားပြောတာ မှားတယ် ဒါပဲ

ငန်းဒေါ်ဂျား ဗျ ကျွန်ုပ်တို့ရွာမှာ အဲလိုပဲခေါ်တာ အဲလိုပဲ ရေးရတယ်
ဒေသအခေါ်တမျိုးလို့ မှတ်ထားပေါ့ဗျာ ( အမှား ဝန်မခံချင်၍ ခပ်တည်တည် ရွှီးခြင်းမှ ပေါ်လာလိုက်သော ဒေသအခေါ်များ ရိုက်သတ်မကုန်ပါပေ။ )

----------------------------------------------------------------------------------

တွေ့မရှောင် လက်သီးထိုးကောင်းတယ် လက်ဝှေ့မှာဆရာကြီးပဲ
ကို ခါတော်မှီ ပညာတတ်ကြီး ဝင်လုပ် ဝင်ဖွာသူတွေက
ရွှေ့မချောင် လက်တီးထိုးကောင်းဒယ် လယ်ဝိတ်မာ စရာဂျီးဘဲ ပေါ့လေ

ဝန်ခံတတ်သူကတော့ အမှန်သိရရင် ကျေးဇူးတင် မှတ်သားထားမှာဖြစ်ပြီး
ဝန်မခံတတ်သူက ထုံးစံအတိုင်း ရန်တွေ့ရိုင်းပြ ဆဲဆို သူ့အဆင့်သူပြမှာဖြစ်တယ်ပေါ့ဗျာ

----------------------------------------------------------------------------------

အရေးကြီးလာပြီဗျို့ သေချာ ဖတ်ရင်တော့ အေးဆေးဗျို့

လက်ဝှေ့ရေးပြတယ် ဗန်တိုလက်ရေးပြတယ် ဟန်ရေးပြတယ် ဓားရေး လှံရေး တုတ်ရေး မြင်းရေး ဆင်ရေး ဒိုင်းရေး စစ်ရေး ပြတယ်ကို

ရွှေညာဏ်တော် စူးရောက် ဆရာဂိုက်ဖမ်း အသစ်အဆန်းထွင် အတန်းရှင်းရှာချင်သူတွေက
မှားနေတယ် လက်ဝှေ့ယိမ်း ဗန်တိုလက်ယိမ်း ဟန်ယိမ်း ဓားယိမ်း လှံယိမ်း ရယ် သုံးရတယ်ဗျ

ဒါမှ အနုပညာဆန် အနုပညာမြောက် ဟန်ယိမ်းပြ ကတဲ့ သဘောလဲ ပါရာရောက်
တိုက်ခိုက်ရေးနဲ့ အနုပညာပေါင်းထားသလိုလဲဖြစ် လူလဲ အထင်ကြီး စာလဲချော
စာလဲခန့်တယ်ဗျ ဆိုပြီး ရုပ်အတည်ကြီးတွေနဲ့ ရွှီးတော့တာပဲဗျို့

ဒီဟာတော့ နည်းနည်း ပိုရှင်းရတော့တာပဲ
လက်ဝှေ့ရေးပြတယ် ဗန်တိုလက်ရေးပြတယ် ဟန်ရေးပြတယ် ဓားရေး လှံရေး တုတ်ရေး မြင်းရေး ဆင်ရေး ဒိုင်းရေး စစ်ရေး ပြတယ် စသည်ကို တိုက်ခိုက်ရေးနဲ့ အနုပညာပေါင်းထားတာ
မှန်ပါသဗျာ ပြောလို့ရပါတယ် ၊ ဟန်ရေးပြ တာမျိုး အပြင် အက တမျိုးလဲ ယူဆနိုင်ပါသဗျာ
ဟုတ်ပေတာပေါ့

ဒါပေမဲ့ ယိမ်း အက စားရင်းတော့ မဝင်ပေဘူးဗျ
ယိမ်းအက အဓိပ္ပာယ် ဟာ ရွယ်တူ ကျားမပျိုရွယ်များ ဆင်တူဝတ်စားကာ
ယိမ်းနွဲ့ တိမ်းနွဲ အုပ်စုလိုက် မြူးတူးကပြရသော အကတဲ့ ဗျ

ဒီတော့ လက်ဝှေ့ရေးပြတယ် ဗန်တိုလက်ရေးပြတယ် ဟန်ရေးပြတယ် ဓားရေး လှံရေး တုတ်ရေး
တို့ဟာ ကတာ ခေါ်နိုင်ပေမဲ့ ဘယ်လိုမှ ယိမ်း အက စားရင်း မဝင်ပေဘူး
( ဒီအထိ ရှင်းအောင် သေချာဖတ်ထားနော် )

မြန်မာပြည်မှာ အကအမျိုးအစားပေါင်း ၁၀ဝ ကျော်ရှိသတဲ့ဗျ
တိုင်းရင်းသား ၁၃၅ မျိုးတောင်ရှိတာ ဖြစ်နိုင်တယ်ဗျ
ပြန်ချုပ်လိုက်ရင်တောင် အကမျိုး ၂၀ ကျော်တော့ရှိတယ်
အကတိုင်းဟာ ယိမ်းအကမဟုတ်ဘူးတဲ့ ကလိုက်တာနဲ့ ယိမ်းပြီဟေ့ ယိမ်းပြီဟ နဲ့
အရူးထ စရာကို မလိုဘူးပါဘူးတဲ့ဗျ အကအမျိုးပေါင်း ၂၀ ကျော်ရှိတာကိုး

ကိန္နရာအက ၊ ခုနစ်ထွေအက ၊ အပျိုတော်အက ၊ ဗောင်းတော် အက ၊ တပင်တိုင်အက၊
ဆီမီးခွက်အက ၊ နတ်ကနားအက ၊ ဇာတ်သဘင် အက ၊ အိုးစည်အက ၊ စစ်ရေးပြအက ၊ သိုင်းအက
အဲလို အကတွေ အများကြီးရှိတော့ ကတာမြင်တိုင်း ယိမ်းအကပဲ လို့
ဇွတ်ကြီးကို အတင်းကြီးကို ယိမ်း လို့မရတော့ဘူးပေါ့ဗျာ နော်

လက်ဝှေ့ရေးပြတယ် ဗန်တိုလက်ရေးပြတယ် ဟန်ရေးပြတယ် ဓားရေး လှံရေး တုတ်ရေး
တို့ဟာ အမှန်တော့ သိုင်းအက စားရင်းထဲသာ ပါ ပါသတဲ့ဗျ
မာန်သွေးတကြွကြွ ဟန်ရေးတပြပြလဲ အဲလိုပဲတဲ့ဗျ ဟန်ယိမ်းပြတယ် လျှောက်ဖြီးဖြန်းရေးလို့မရဘူးတဲ့ ဟန်ရေးပြတယ် က ဟန်ရေးပြတယ် ပါပဲတဲ့

အဲဒါတွေနဲ့ အုပ်စုလိုက် ဆင်တူကရတဲ့ ယိမ်းအကနဲ့ လားလားမျှကို မဆိုင်ပါဘူးတဲ့

တိုက်ခိုက်ရေးအားကစားတွေ ဟန်ရေးပြတာ ကတာတော့မှန်တယ် ကတာနဲ့ ယိမ်းအကဖြစ်မသွားဘူးတဲ့ဗျ
မြန်မာပြည်မှာ အက ၂၀ ကျော်ရှိသတဲ့ အကတိုင်းကို ယိမ်းအကလို့မခေါ်ဘူးတဲ့
(အာပေါက်လာပြီ ဒီလောက်ထိ ဖတ်မိရင်တော့ သဘောပေါက်သင့်ပြီဗျာ )

ဒါကြောင့် လက်ကညော့ လက်ကမြင်း အဆန်းထွင်ပြီး တခါမှမရှိခဲ့ဖူးတဲ့
လက်ဝှေ့ယိမ်း တို့ ဟန်ယိမ်း တို့ လက်ယိမ်းတို့ တုတ်ယိမ်းတို့ ဓားယိမ်း တို့ဆိုပြီး
ထင်တလုံး အားကိုး ကိုယ့်စိတ်ခံစားမှူသက်သက်အပေါ် အခြေခံပြီး
ကိုယ့်တလွဲထင်မြင် ယူဆချက်သက်သက်အပေါ် မှီခိုပြီး
ပေါက်ကရ လျှောက်ထွင်လို့မရပါတဲ့ ခင်ဗျ
( ထွင်ချင်ရင် စကားလုံး အသစ်တွေ ဘန်းစကားတွေ ထွင်ပါဗျ အားပေးနေမှာပါ၊
ရှိပြီးသား မှန်နေပြီးသား စကားတွေကိုသာ လျှောက်မဖျက်ဆီးပြစ်ပါနဲ့)

လက်ဝှေ့ရေးဟာ လက်ဝှေ့ရေးပါပဲ တဲ့ ဗန်တိုလက်ရေးဟာ လက်ရေးပါပဲတဲ့
တုတ်ရေး ဓားရေးတွေဟာလဲ တုတ်ရေး ဓားရေး တွေပါပဲတဲ့ဗျ အိုဗျာ
ဆင်ရေး မြင်းရေး စစ်ရေး အထိပဲ အကုန် '' ရေး '' တွေချည်းတဲ့

မှန်တာပေါ့ ဘယ်သူပြောပြော အကန်းမယုံလေနဲ့တဲ့ စာကောင်းပေကောင်း
စာကြီးပေကြီး မှတ်တမ်းမှတ်ရာတွေနဲ့လဲ တိုက်စစ်ရမပေါ့
မြန်မာ့စွယ်စုံကျမ်း ၊ အဘိဓာန် ၊ နာမည်ကျော် စာရေးဆရာကြီးတွေရဲ့ ဝတ္ထု ၊ ဆောင်းပါး ၊ ရှေးစာပေ မှတ်တမ်း ၊ လက်ဝှေ့ ဂျာနယ် ၊ စာစောင်
ရှေးလက်ဝှေ့ ၊ သိုင်းစာရေးဆရာတွေရဲ့ စာပေ တွေနဲ့ တိုက်စစ်လဲ လက်ဝှေ့ရေး
ဗန်တိုလက်ရေး တုတ်ရေး ဓားရေး လှံရေး စသည်ဖြင့်သာ တွေ့ရမှာ ဖြစ်ပါတယ်တဲ့
( ဇွတ်ယိမ်းတို့ အတွက်တော့ စိတ်မကောင်းပါဘူးကွယ် )

အဲလောက်ရှင်းပြလောက်ရင် တော်တော့လူတော့
မြန်မာစာတတ်တော့သူတော့ နှလုံးလှတဲ့သူတော့
မှားမှန်းသိ အမှန်ကိုလဲ လက်ခံသွားပြီး ကျေးဇူးအကြိမ်ကြိမ် တင်တော့တာပဲဗျို့
သူမှားခဲ့တာဝန်ခံ ခုခေတ်အွန်လိုင်းမှာ အဲလိုပဲ တလွဲတွေရေး မှားပေါင်းကြတော့ သူလဲ
လိုက်မှားမိပါကြောင်း

တချို့လဲ ကတဲ့သဘောပါလို့ ယိမ်းအကတမျိုးများ ဖြစ်နေမလား မြန်မာပြည်မှာလဲ
အကဆိုရင် ယိမ်းအကပဲ မျက်စိထဲ တန်းမြင်လို့ ကရင်ဒုံးယိမ်း နဲ့ လဲ လက်ဝှေ့နွယ်တာမို့
( တချို့ ကရင်လက်ဝှေ့ကျော်တွေဟာ လက်ဝှေ့ရေးပြရာမှာ ကရင်ဒုံးဟန်လေးတွေနဲ့ ပြတတ်ပါတယ် ၊ ချစ်စရာဓလေ့ပါ ၊ ဒါပေမဲ့ လက်ဝှေ့ရေးကတော့ ကရင်ဒုံးထည့်ပြလိုက်လို့လဲ လက်ဝှေ့ယိမ်း ဖြစ်မသွားနိုင် ၊ လက်ဝှေ့ရေး ဟာ လက်ဝှေ့ရေးသာ ဖြစ်နိုင်တာကို သတိချပ်သင့်လှပါတယ် )
ဆက်စပ် စဉ်းစားမိရာကနေ
လက်ဝှေ့ယိမ်း ဖြစ်မယ် ယူဆခဲ့မိ ပါကြောင်း ၊ အဲဒီကတဆင့် လက်ယိမ်း ဓားယိမ်း မှားခေါ်မိခဲ့ ပါကြောင်း အခုတော့
ကတာမြင်တိုင်း ယိမ်းအက မဟုတ် တခြား ၂၀ ကျော်သော မြန်မာ့အကတွေထဲက တမျိုး
ဖြစ်နိုင်သေးတာကို သဘောပေါက်ပြီ ဖြစ်ကြောင်း

လက်ဝှေ့ရေး ဗန်တိုလက်ရေး တုတ်ရေး ဓားရေး လှံရေး
တို့ဟာ အကစားရင်း သွင်းနိုင်သော်လည်း
ယိမ်းအကတော့ဖြင့်မဟုတ်
သိုင်းအက တမျိုးသာ ဖြစ်တာကို
ယခုတော့ဖြင့် အမှန်အကန် သိရှိနားလည်ပြီ ဖြစ်ပါကြောင်း
နဲ့ ရိုးရိုးသားသား ဝန်ခံကြတော့တာကိုး

အမှန်ဝန်ခံရဲသူ တွေလောက် ကျွန်ုပ်လေးစားတာမရှိဘူးဗျ
အင်မတန်ချစ်ဖို့ ကောင်းတဲ့ လူတွေ စိတ်ထားရိုးရှင်းအေးဆေးတယ်
လူကြီးလူကောင်းဆန်တယ်

အဲ ဝန်မခံ အမှန်မကြားဝံ့သူတွေကတော့
ဆင်ခြေတသောင်း နဲ့ ဘူးခံငြင်း

ကျွန်ုပ်ဘက်က အချက်အလက်ကျကျနဲ့ ရှင်းပြတော့ ရှက်ငြင်း ဒေါသထွက် ဆဲဆိုကြတာကိုးဗျ
အဲ သူ့လိုပဲ မှားတဲ့လူတွေစု အဖွဲ့တွေထောင် မှန်တဲ့လူကို ဝိုင်းကိုက်ချင်ကြသေးသကိုး
ခုခေတ်မှားတဲ့လူက ပိုများတော့ သူတို့အုပ်စု တောင့်မှ တောင့်ပေါ့ဗျာ
ဟိုးဟိုး တယ် တရားကျဖို့ကောင်းတဲ့ လူစုပါပဲလေ
သူ့အရပ် သူ့ဇာတ် သူ့လူနဲ့တော့ ကိုက်နေတာပဲဗျို့
ဒီလိုလူမျိုး ရာခိုင်နှုန်းများလာရင် ကျွန်ုပ်တို့လူမျိုး အနာဂါတ်တော့ ရင်လေးစရာပါပဲ
အမှန်တရားကို အချက်အလက် သိပ်ပံနည်းကျ မရှာဖွေပဲ
လူအုပ်စု လူဦးရေး အားကိုးနဲ့ အာဏာသိမ်းချင်တဲ့ သဘောမျိုးဗျ
အများညီရင် ဤ ကို ကျွဲ ဖတ် မဟေ့ ဆိုတဲ့ လူမျိုးတွေပေါ့ဗျာ
( ဒါပဲမဲ့ အမျာညီတိုင်း ဤ ကတော့ ကျွဲ ဖြစ်မသွားပါဘူးဗျ ၊ ဤ က ဤ ၊ ကျွဲ က ကျွဲ ပါပဲ ဟဲ ဟဲ )

ကဲကဲ ဆဲရတာမောနေရောမယ် ပျင်းလာရင် လိုက်ဆိုကြ
နောင် မပိန်းတော့အောင်
ခင်ဗျားတို့အတွက် အကျိုးရှိအောင်
တနေ့ သုံးခါ လိုက်ဆိုဗျာ

'' မြန်မာပြည်မှာ အက မျိုး ၂၀ ကျော်ရှိပါတယ် ၊ ကတာတိုင်းလဲ ယိမ်းအက မခေါ်ပါကွယ် ၊
လက်ရေး လက်ဝှေ့ရေး လှံရေး တုတ်ရေး ဓားရေး အားလုံးဟာလဲ အက စားရင်း
သွင်းချင်သွင်းနိုင်ပေမဲ့ ယိမ်းအက စားရင်းတော့ မဝင်ပါတယ် ၊ သူတို့ဟာ သိုင်းအကစားရင်းသာ
ဝင်ပါသကွယ် တူ့နယ် တဲ့နယ် တူနယ် တဲ့နယ် ဗျောင်ပေချိ ဗျောင်ပေချိ ဟာဟာဟိ ဟာဟာဟိ
ငါဟာ ငါးပိ ငါဟာ ငါးပိ
ဂျလိဂျလိ ဂွိဂွိ ခိခိ ဟိဟိ ငါမသေဘူး ရေကူးတတ်တယ် ဟွိဟွိ ''

တနေ့ သုံးခါလောက်ဆိုဗျာ အဲဒါဆို ကတာမြင်တိုင်း ယိမ်းအကပဲ ဆိုတဲ့ ဇွတ်ယိမ်းရောဂါ မုချပျောက်မယ်ဗျာ ။ အဲရောဂါဟာ အမှန်ကြောက် ရောဂါအခံရှိသူတွေ မှာ ပို ကုရခက်သဗျ ။

ကဲကဲ ငါအစွဲတွေလျှော့ ငါထင်ရင် မှန်ရမယ် သွေးကြီးတာတွေလျှော့
ဇွတ်ယိမ်းရောဂါ ပျောက်ကင်းကြပြီး
အမှန်ကိုအမှန်အတိုင်းသိမြင်နိုင်
သင်လွယ်တတ်လွယ် ထက်မြက်တဲ့ အမှန်တရားကို ရင်ဆိုင်ရဲတဲ့
မြန်မာ့သားကောင်း ရတနာတွေ ဖြစ်ကြပါစေကွယ် လို့ ဦးဦး လက်ခမောင်း က ဆုတောင်းပေးတယ်နော်။

အကမျိုး ၁၀ဝ ကျော် တို့ထဲက တချို့တဝက်ကို ဒီလင့်မှာ ဝင်ဖတ်ပြီး ဝင်ကျက်ချင်လဲ ကျက်သွားအုန်းဗျာနော်
https://www.facebook.com/story.php?story_fbid=10242555160323636&id=1484956271&rdid=GlxSsLMRYQlbiRxP #

08/08/2026

ကိုးဦးမြောက် ထိုင်းလက်ဝှေ့သမားတစ်ဦးမှာမူ မြန်မာ့လက်ဝှေ့သမားကို ရှားရှားပါးပါး အနိုင်ယူနိုင်ခဲ့သည်။ သူ၏ ကျွမ်းကျင်မှု၊ သတ္တိနှင့် မလျှော့သော စိတ်ဓာတ်တို့ကြောင့် ဘုရင်၏ အထူးအာရုံစိုက်မှုကို ရရှိခဲ့သည်။

'' ထိုင်းကျွန်စစ်သည် ကိုးဦး၏ တိုက်ပွဲကိုးပွဲ ''

မြန်မာဘုရင် ဆင်ဖြူရှင်မင်းတရားကြီး ၊ အင်္ဂလိပ်ဘာသာဖြင့် ( King Hsinbyushin / King Mangra ) ဟုလည်း ရေးသားခေါ်ဝေါ်ကြပြီး “ဆင်ဖြူရှင်” ဟူသော ဘွဲ့အမည်ဖြင့် ထင်ရှားသူ၏ နန်းစံကာလအတွင်း၊ ထိုင်းနိုင်ငံကို အောင်မြင်စွာ သိမ်းပိုက်ပြီးနောက် ခုနှစ် ၁၇၇၀ ကျော်ခန့်တွင် မြန်မာ့သိုင်းပညာသမိုင်း၌ ထင်ရှားသော တိုက်ပွဲဖြစ်ရပ်တစ်ရပ် ပေါ်ပေါက်ခဲ့သည်ဟု ဆိုကြသည်။

ထိုခေတ်အခါက မြန်မာနှင့် ထိုင်းတို့သည် လက်ဝှေ့ထိုးသတ်ရာ၌ စည်းမျဉ်းစည်းကမ်း နှင့် ထိုးသတ်နည်းစနစ် အင်မတန် ဆင်တူကြကြောင်း ဘုရင်ကကြားသိရသော် မြန်မာတို့၏ တိုက်ခိုက်ရေးစွမ်းရည်နှင့် လက်ဝှေ့ပညာ၏ အစွမ်းကို ပြသရန်အတွက် မြန်မာ့လက်ဝှေ့သမားများနှင့် ထိုင်းစစ်သုံ့ပန်းများအနက် လက်ဝှေ့သတ်ကျွမ်းကျင်သူ တို့နှင့် ယှဉ်ပြိုင်ထိုးသတ်စေခဲ့သည်။ မြန်မာဘုရင်သည် လက်ဝှေ့၊ အနုပညာ ၊ လက်မှူပညာ စသည် ထူးချွန်သူများကို ကျွန်အဖြစ်မှ စားရင်းပယ်ဖျောက်ကာ ကြီးစွာသော ဆုလာဒ်များ ပေးသနားလေ့ရှိသည် ဖြစ်ရာ ထိုးသတ်လိုသူ ထိုင်းလက်ဝှေ့သမား ကိုးဦးပေါ်ထွက်လာလေသည်။ ထိုလက်ဝှေ့ပွဲများကို ရွှေတိ ဂုံစေတီဘုရားပွဲတော်တွင် ထည့်သွင်းကျင်းပစေခဲ့ပြီး ဘုရင်ကိုယ်တိုင်၊ အမတ်အရာရှိများနှင့် ပြည်သူများက စုဝေးကြည့်ရှုခဲ့ကြသည်ဟု မှတ်တမ်းများတွင် ဖော်ပြထားသည်။

တိုက်ပွဲများ မစတင်မီ ထိုင်းလက်ဝှေ့သမားများက ထူးခြားသော အကြောလျှော့လေ့ကျင့်ခန်းများ နှင့် အကအလှတစ်ရပ်ကို ပြုလုပ်ခဲ့ကြသည်။ ၎င်းတို့သည် စည်းချက်ကျကျဖြင့် ခြေလှမ်းများကို ထိန်းချုပ်ကာ စက်ဝိုင်းပုံသဏ္ဌာန်ဖြင့် လှည့်လည်ကခုန်ခဲ့ကြသဖြင့် မြန်မာပရိသတ်များအကြား အံ့ဩစိတ်ဝင်စားမှု ဖြစ်ပေါ်ခဲ့သည်။ ထိုအချိန်တွင် ထိုင်းဘာသာပြန်တစ်ဦးက ၎င်းအက၏ အဓိပ္ပာယ်ကို ရှင်းပြခဲ့ပြီး၊ ယင်းမှာ မိမိတို့ကို သင်ကြားပေးခဲ့သော ဆရာသမားများနှင့် ကိုးကွယ်ရာနတ်ဘုရားများအား ရိုသေလေးစားကန်တော့ခြင်းကို ဖော်ပြသည့် ထိုင်းလက်ဝှေ့ ( ယနေ့ အခေါ် မွေထိုင်း ) ရိုးရာ အကြိုတိုက်ပွဲအကဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ယနေ့ခေတ်တွင် ထိုအခမ်းအနားကို ဝိုင်ခရူ (Wai Kru) ဟု လူသိများသည်။

ထိုင်းလက်ဝှေ့သမားများ၏ အကြိုအကအပြီးတွင် မြန်မာ့လက်ဝှေ့သမားများကလည်း မိမိတို့ လက်ဝှေ့၏ ရိုးရာအခမ်းအနားဖြစ်သော လက်ဝှေ့ရေး (Lethwei Yay) ကို ပြန်လည်ဖျော်ဖြေပြသခဲ့ကြသည်။ မြန်မာလက်ဝှေ့ သမားတို့ကလဲ လက်ခမောင်း တဖြောင်းဖြောင်း ရိုက်ခတ်ကာ ရိုးရာမြန်မာ့တေးဂီတ၏ စည်းချက်နှင့်အညီ ခန္ဓာကိုယ်လှုပ်ရှားမှုများကို ကျွမ်းကျင်စွာ ဖော်ပြကာ တိုက်ပွဲမဝင်မီ မိမိတို့၏ သိုင်းပညာအစဉ်အလာနှင့် ဆရာသမားများအား ရိုသေလေးစားကြောင်း ပြသခဲ့ကြသည်။ ခြားနားချက်မှာ ထိုင်းလက်ဝှေ့သမားတို့က တမင်နှေးကွေးစွာ အချိန်ယူ ကပြ၍ မြန်မာလက်ဝှေ့သမားတို့က မြန်ဆန်တက်ကြွစွာ အားမာန်ဖြင့် ကပြကြခြင်းဖြစ်သည်။

နှစ်ဖက်၏ အကြိုတိုက်ပွဲအကများမှာ ပုံစံနှင့် လှုပ်ရှားမှုအားဖြင့် မတူညီကြသော်လည်း ၎င်းတို့၏ အနှစ်သာရမှာ တူညီကြသည်။ ယင်းတို့သည် မိမိတို့၏ သိုင်းပညာ လက်ဝှေ့ပညာ အမွေအနှစ်ကို ဂုဏ်ပြုခြင်း၊ ဆရာသမားများအား ရိုသေခြင်းနှင့် တိုက်ပွဲအတွက် စိတ်နှင့်ကိုယ်ကို မာန်သွင်း ပြင်ဆင်ခြင်းတို့ကို ဖော်ပြခြင်းဖြစ်သည်။

နောက်ဆုံးတွင် တိုက်ပွဲများ စတင်ခဲ့ကြသည်။ တိုက်ပွဲများသည် အလွန် ပြင်းထန်ရက်စက်၍ ထိုင်းလက်ဝှေ့သမား တို့သည် အဆုတ်အတက် ၊ အဝင် အထွက် ၊ အခုန်အပျံ အလှအပ ပညာခန်းများ နှင့် ကြိုးစား ထိုးသတ်ကြပါသော်လည်း မြန်မာလက်ဝှေ့သမားတို့၏ အားပါပြင်းထန်သော ထိုးကန် ၊ ဒူးတံတောင် ၊ ခေါင်းရိုက်ချက်များ ကြောင့် မရှူမလှ ရှုံးနိမ့်ကြရသည်။ မြန်မာမှတ်တမ်းများအရ ထိုင်းလက်ဝှေ့သမား ကိုးဦးအနက် ရှစ်ဦးသည် မြန်မာ့လက်ဝှေ့သမားများ၏ ပြင်းထန်ထိရောက်သော တိုက်ကွက်များကြောင့် အလဲအကွဲ ရှုံးနိမ့်ခဲ့ကြသည်ဟု ဆိုသည်။ ထိုရလဒ်သည် ထိုခေတ်က မြန်မာ့လက်ဝှေ့၏ တိုက်ခိုက်ရေးစွမ်းရည်အဆင့်အတန်းကို ထင်ရှားစွာ ဖော်ပြနိုင်ခဲ့သည်။

သို့သော် ကိုးဦးမြောက် ထိုင်းလက်ဝှေ့သမားတစ်ဦးမှာမူ မြန်မာ့လက်ဝှေ့သမားကို ရှားရှားပါးပါး အနိုင်ယူနိုင်ခဲ့သည်။ သူ၏ ကျွမ်းကျင်မှု၊ သတ္တိနှင့် မလျှော့သော စိတ်ဓာတ်တို့ကြောင့် ဘုရင်၏ အထူးအာရုံစိုက်မှုကို ရရှိခဲ့သည်။

ထိုင်းလက်ဝှေ့သမား ပြတ်သားစွာ အနိုင်ရသည်တွင် သူရဲကောင်း ၊ ထူးချွန်သူ ဆိုလျှင် မြတ်နိုးတတ်သော မြန်မာဘုရင်သည် သူ၏ ထူးချွန်သော တိုက်ခိုက်ရေးစွမ်းရည်ကို အသိအမှတ်ပြုခဲ့ပြီး ကျွန်ဘဝမှ လွတ်မြောက်ခွင့် ပေးခဲ့သည်။ ထို့အပြင် စည်းစိမ်ဥစ္စာများ ယူမည်လော ၊ ဇနည်းမယား လက်ဆောင် ယူမည်လော ဟုဘုရင်က မေးမြန်းသော် ၊ ထိုင်းလက်ဝှေ့ကျော်က ငွေကြေးစည်းစိမ်မှာ ရှာဖွေရလွယ်ပါသည် ၊ ဇနီးကား ရှာရခက်လှပါသည် ၊ ထို့ကြောင့် ဇနီးသာ ယူပါမည်ဟု ပြန်ဖြေရာ အဖြေကိုသဘောကျ ကျေနပ်သဖြင့် စည်းစိမ်ဥစ္စာများ ချီးမြှင့်ပေးကာ မွန်အမျိုးသမီးနှစ်ဦးကို ဇနီးအဖြစ် ပေးအပ်ခဲ့ပြီး ထိုင်းနိုင်ငံသို့ ဘေးကင်းစွာ ပြန်လည်သွားရောက်နေထိုင်ခွင့် ကိုလည်း ခွင့်ပြုခဲ့သည်ဟု ဆိုသည်။

ဤဖြစ်ရပ်သည် မြန်မာ့လက်ဝှေ့၏ တိုက်ခိုက်ရေးအစွမ်းနှင့် မြန်မာ့သိုင်းပညာအဆင့်အတန်းကို ထိုခေတ်ကာလတွင် ထင်ရှားစွာ ဖော်ပြသည့် ဖြစ်ရပ်တစ်ရပ်အဖြစ် မှတ်သားစရာဖြစ်သကဲ့သို့၊ မည်သည့်နိုင်ငံသားဖြစ်စေ၊ မည်သည့်လူမျိုးဖြစ်စေ စစ်မှန်သော သိုင်းပညာနှင့် ရဲစွမ်းသတ္တိကို မြန်မာဘုရင်က အသိအမှတ်ပြု၍ ချီးမြှင့်နိုင်ခဲ့သည်ကိုလည်း ထင်ဟပ်စေသော ဖြစ်ရပ်တစ်ရပ် ဖြစ်သည်။

( ဤမှတ်တမ်းကို ဂါမဝါသီ ပွဲကျောင်းလက်ဝှေ့ စာအုပ်တွင် အလားတူ ဖတ်ရှုနိုင်သည် ၊ ရှေးမြန်မာမှတ်တမ်း တချို့တွင်လဲ တွေ့ရှိရသည်။ သို့သော် ထိုင်းတို့ ၏ မှတ်တမ်းများတွင်မူ ထိုင်းသူရဲကောင်း လက်ဝှေ့ကျော်က မြန်မာလက်ဝှေ့ ချန်ပီယံ ကိုးယောက်ကို အနားမယူပဲ တဆက်တည်း အနိုင်ထိုးသတ် ပွဲတိုင်းနိုင်သဖြင့် ဘုရင်က အထူးကျေနပ်အားရကာ စည်းစိမ်ဥစ္စာများ ချီးမြှင့်ကာ ထိုင်းသို့ပြန်လွှတ်ပေးခဲ့ကြောင်း ဖော်ပြသည်။ ထိုင်းတို့သည် ထို ထိုင်းလက်ဝှေ့ကျော် ကို ဂုဏ်ပြုသော အားဖြင့် မတ်လ ၁၇ ရက်နေ့ ( March 17th ) တိုင်း တွင် အမျိုးသား မွေထိုင်းနေ့အဖြစ် သတ်မှတ် ဂုဏ်ပြု ကြကြောင်းမှတ်သားရသည်။ မည်သည့်နိုင်ငံ၏ မှတ်တမ်းက ပို၍ ယုတ္တိရှိပြီး သိပ္ပံနည်းကျကာ သမိုင်းအမှန်နှင့် ပိုမိုနီးစပ်သည်ကို စာဖတ်သူများအနေဖြင့် အချက်အလက်နှင့် အကိုးအကားများဖြင့် ဆွေးနွေးပေးကြပါရန် ဖိတ်ခေါ်အပ်ပါသည်။ )

Mr. လက်ခမောင်း

#လက်ခမောင်း

17/06/2026

မြန်မာ အက အမျိုးအစား များစွာ ရှိပါတယ်
ကတာမြင်တိုင်း ယိမ်းအက တမျိုး စားရင်းအတင်းသွပ်သွင်းတာ ဆိုးလွန်းလှပါတယ်

လက်ဝှေ့ရေး အကဟာ ဟန်ရေးပြ တကိုယ်တော် အကပါ

ယိမ်းအကကို မြန်မာ့စွယ်စုံကျမ်းမှာ ကျားပျိုမပျိုများ အုပ် စုလိုက် ဆင်တူ ကကြတဲ့ အက လို့ အနက်ဖွင့်ပါတယ်

တကိုယ်တော် လက်ဝှေ့စွမ်းရည်ပြ သိုင်းအကတမျိုးဖြစ်တဲ့ လက်ဝှေ့ရေး နဲ့
ယိမ်းအကနဲ့ဟာ လားလားမျှမဆိုင်ပါ

ဒီ့အပြင် မြန်မာ့သိုင်းဆိုင်ရာ အသုံးအရအလဲ
ဓားကစားပြတာ ဓားကတာက ဓားရေး
လှံကစားပြတာ လှံကတာကို လှံရေး
တုတ်ကစားပြတာ တုတ်ကတာကို တုတ်ရေး
ဗန်တိုကစားပြတာ ဗန်တိုကတာကို လက်ရေး
လက်ဝှေ့ကစားပြတာ လက်ဝှေ့ကတာကို လက်ဝှေ့ရေး
ဆင်ရေး မြင်းရေး စသည်ဖြင့် သုံးပါတယ်

ဒါကြောင့် ဟန်ရေးပြခြင်း ဖြစ်တဲ့ လက်ဝှေ့ရေး ကို လက်ဝှေ့ရေး လို့သာ သုံးစွဲကြဖို့ မေတ္တာရပ်ခံလိုပါတယ် ။

အနုပညာမြောက်လိုက်တဲ့ လက်ဝှေ့ရေး အကလေး ဟန်ရေးပြလေး ဆိုရပါပြီဗျာ ၊ အတင်း ဒီထက်အနုပညာ မြောက်စေချင်တာနဲ့ပဲ ရိမ်း / ယိမ်း အကတမျိုး စားရင်း အတင်းမသွင်းလိုက်ကြပါနဲ့ ။

ဗိုလ်တာရာ ရဲဘော်သုံးကျိပ် ၊ ရွှေဥဒေါင်း ၊ မင်းသိင်္ခ ၊ စိုးမြင့် ( ပွဲကျောင်း ) ၊ ပွင့်လန်း ( သိုင်းပြောင်းပြန် ) ၊ စတဲ့ ဆရာကြီးတွေရဲ့ စာပေတွေမှာလဲ လက်ဝှေ့ရေး ရယ်လို့သာ တွေ့ရှိရမှာ ဖြစ်ပါတယ် ။ မြန်မာ့စွယ်စုံကျမ်း ၊ ရှေးလက်ဝှေ့ ဆောင်းပါး ၊ လက်ဝှေ့ သီတင်း ၊ လက်ဝှေ့စာအုပ် တွေမှာလဲ လက်ဝှေ့ရေး ရယ်လို့သာ တွေ့ရှိရမှာ ဖြစ်ပါတယ် ။

ရေး ဆိုတာကြီး မကြိုက်ပါဘူးဟယ် ယိမ်းလေးကမှ အကလေးမို့ အနုပညာမြောက် လက်ဝှေ့ပြကွက်လေးနဲ့ ယိမ်းနဲ့ မှ လိုက်တာဆိုပြီး စိတ်ခံစားချက် ယူဆချက် ရှေ့တမ်းတင် ယိမ်းလိုက်လို့မရပါ ။

ဘာလို့ဆို မြန်မာပြည်မှာ အက အမျိုးအစား ပေါင်း များစွာရှိပါတယ် ၊ ရှေးရိုးအက ၊ အပျိုတော် အက ၊ တပင်တိုင်အက ၊ ယိမ်းအက ၊ ဇာတ်သဘင် အက ၊ ဆိုင်း အက ၊ သိုင်းအက စသည်ဖြင့် အကများစွာ ရှိပါတယ် ၊ ကလိုက်တာမြင်တာနဲ့ ယိမ်းအကပဲ ဆိုပြီး အတင်းဇွတ်သတ်မှတ်တာမျိုး ဟာ ဘယ်လိုမှ မအပ်စပ်၊ မဖြစ်သင့်ပါ ခင်ဗျာ။

ရိုးရာလက်ဝှေ့ရဲ့ တကိုယ်တော် စွမ်းရည်ပြ သိုင်းအကတမျိုး အဖြစ် အမှန်အတိုင်း အရှိတရားအတိုင်း အသိအမှတ်ပြု လက်ခံ ကျင့်သုံး ရေးသားကြပါလို့မေတ္တာရပ်ခံပါတယ် ။

မြန်မာစာကို လေ့လာလိုက်စားနေတဲ့ နိုင်ငံခြားသား တွေ ဦးရေတိုးပွါးလာနေပါတယ် ၊ သူတို့ဟာ ဆိုရှယ်မီဒီယာတွေမှာ အတွေ့ရများလာတဲ့ အသုံးအမှား ၊ သတ်ပုံအမှားတွေကို အမှန်ထင်သင်ယူနေကြပါတယ်။

အေအိုင်ခေတ်ရောက်လာတော့ အေအိုင်တွေဟာလဲ ဒေတာစုဆောင်းရာမှာ အသုံးများကြတဲ့ အမှားကြီးတွေကို စုဆောင်းပြီး သူ့ကိုသွားမေးရင် အမှားတွေ ပြန်ဖြေနေပါပြီ ၊ ဒီတော့ တတ်နိုင်သလောက် ကြိုးစားပြီး အသုံးအမှန် ၊ သတ်ပုံအမှန်တွေကို ရေးသားဖြန့်ဝေ ကြဖို့ မေတ္တာရပ်ခံလိုပါတယ် ။

BDMM
( United Myanmar Bando Nation )

06/06/2026

အိမ်နီးချင်းထိုင်းနိုင်ငံမှကျားတစ်ကောင်သည် နယ်မြေသစ်ရှာရာမှ မြန်မာနယ်မြေအတွင်းရောက်လာပြီး ရက်စက်စွာသတ်ဖြတ်ခံရသော မှတ်တမ်းရှိသည်၊ ထိုစဉ်က ကမ္ဘာ့ သီတင်းမီဒီယာ အားလုံးက ထိုလုပ်ရပ်ကို ရှုံ့ချထားပြီး မြန်မာနိုင်ငံသည် လူမပြောနှင့် ကျားပင်အလည်အပတ်သွားရင် မသင့်သော လူအရိုင်းအစိုင်းတို့ နေထိုင်သော အရပ် ဟူသော သဘောမျိုးဖြင့် ဖော်ပြခံရသည်မှာ အလွန် ရင်နာဖွယ် ရှက်ဖွယ်ကောင်းလှပေသည်။

“ အားနာပါဘိ မောင်ရွှေကျား ”

အိန္ဒိယ၊ နီပေါနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများတွင် ဘင်္ဂလားကျားများ နေထိုင်ကျက်စားကြသည်။ ရုရှားနိုင်ငံတွင် ဆိုက်ဘေးရီးယားကျား၊ မလေးရှားနိုင်ငံတွင် မလေးကျား၊ အင်ဒိုနီးရှားနိုင်ငံတွင် ဆူမတြားကျားတို့ကို တွေ့ရှိနိုင်သည်။ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်နိုင်ငံများတွင် အင်ဒိုချိုင်းနားကျားများ ကျက်စားခဲ့ကြသော်လည်း ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ်နိုင်ငံများတွင်တော့ ယင်းကျားမျိုးများ မျိုးသုဉ်းလုနီးပါး သို့မဟုတ် မျိုးသုဉ်းသွားပြီဟု ယူဆထားကြသည်။ ယေဘုယျအားဖြင့် နိုင်ငံတစ်နိုင်ငံတွင် ကျားမျိုးကွဲ တစ်မျိုးသာ အဓိကတွေ့ရလေ့ရှိသည်။

သို့သော် ကမ္ဘာပေါ်တွင် ကျားမျိုးကွဲ နှစ်မျိုးကို တစ်နိုင်ငံတည်းအတွင်း တွေ့ရှိနိုင်သည့် ထူးခြားသော နိုင်ငံ နှစ်နိုင်ငံသာရှိသည်ဟု ဆိုကြသည်။ ၎င်းတို့မှာ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံ ဖြစ်သည်။ တရုတ်နိုင်ငံတွင် ဆိုက်ဘေးရီးယားကျား နှင့် တရုတ်တောင်ပိုင်းကျား တို့ကို တွေ့ရှိနိုင်သည်။ မြန်မာနိုင်ငံတွင်မူ မြန်မာပြည်အထက်ပိုင်းနှင့် ရခိုင်ရိုးမဒေသများတွင် ဘင်္ဂလားကျား များကို တွေ့ရပြီး၊ မြန်မာပြည်အောက်ပိုင်းနှင့် တနင်္သာရီရိုးမဒေသများတွင် အင်ဒိုချိုင်းနားကျား များကို တွေ့ရှိရသည်။ အရှေ့တောင်အာရှတွင် ကျားမျိုးကွဲနှစ်မျိုး နေထိုင်ကျက်စားနိုင်သည့် တစ်ခုတည်းသောနိုင်ငံအဖြစ် မြန်မာနိုင်ငံကို ဆိုနိုင်သည်။ တချိန်က ရွှေတိဂုံစေတီပေါ်အထိပင် ကျားတက်ခဲ့ဖူးသော နိုင်ငံ ၊ ရိုးရာလက်ဝှေ့ကျော် တို့ကို ရိုးရာကျား ဟု ခေါ်သော ၊ အနာဂတ် အာရှကျားဟု တင်စားခံရသော မြန်မာနိုင်ငံဖြစ်သည်။

ဤသည်မှာ ငွေကြေးဖြင့် ဖန်တီးယူ၍မရသော သဘာဝတရား၏ လက်ဆောင်တစ်ခုဖြစ်ပြီး ဂုဏ်ယူထိုက်သော အမွေအနှစ်တစ်ရပ်လည်း ဖြစ်သည်။ သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးသူ၊ ဂေဟစနစ်၏ အရေးပါမှုကို နားလည်သူ၊ အစာကွင်းဆက်၏ အဓိပ္ပါယ်ကို သိရှိသူ ၊ တောတောင်နှင့် တောရိုင်းတိရစ္ဆာန်များက ရာသီဥတုအပေါ် မည်မျှ သက်ရောက်လွှမ်းမိုးမှု ရှိသည်ကို သဘောပေါက်သူများအတွက် မြန်မာနိုင်ငံတွင် ကျားမျိုးကွဲ နှစ်မျိုးတိုင်တိုင် ရှင်သန်နေထိုင်လျက်ရှိကြောင်း သိရခြင်းကပင် ဝမ်းမြောက်ဂုဏ်ယူစရာ ဖြစ်သည်။

တစ်ဖက်တွင် “ကျားပဲဖြစ်ဖြစ်၊ ကျားသစ်ပဲဖြစ်ဖြစ်၊ တောခွေးပဲဖြစ်ဖြစ်၊ မိကျောင်းပဲဖြစ်ဖြစ် လူကို အန္တရာယ်ပေးနိုင်သည့် သားစားကောင်များ မလိုအပ်ဘူး၊ မျိုးသုဉ်းသွားလျှင် ပိုကောင်းမယ် ၊ အကုန်ရှင်းပြစ် ၊ အကုန်သေကုန် အေးတာပဲ” ဟူသော အမြင်မျိုးသည် ဂေဟစနစ်၏ အပြန်အလှန်ချိတ်ဆက်မှုကို မသိနားမလည်သည့် လူကလွဲ သက်ရှိမထင်သော ဆင်ခြင်ညာဏ်မဲ့ အတွေးမျိုးသာ ဖြစ်သည်။ ဤကမ္ဘာကြီးသည် လူသားတစ်မျိုးတည်းအတွက် ဖန်တီးထားခြင်း မဟုတ်ပါ။ သဘာဝလောကရှိ အရာအားလုံးသည် တစ်ခုနှင့်တစ်ခု အပြန်အလှန်မှီခိုလျက် ရှင်သန်တည်ရှိနေကြခြင်း ဖြစ်သည်။ စင်စစ်မှာ လူတမျိုးတည်းသာကျန်ပြီး ကျန်ပြီး ကျန်သတ္တဝါများ မျိုးသုန်းကုန်က ၊ ဂေဟစနစ် ပျက်သုန်းက လူသားသည်လည်း တစ်စက္ကန့် မျှပင် ရှင်သန်နိုင်မည်မဟုတ်ပါ။

တောကောင်ရွာဝင်တယ် ၊ တောကောင် တို့စိုက်ခင်းဝင်စီးတယ် ဟု လူတို့ အမြဲအပြစ်တင် လေ့ရှိကြသော်လည်း အမှန်တကယ် ဦးနှောက်အေးအေးထား၍ စဉ်းစားကြည့်ကြလျှင် တောရိုင်းတိရစ္ဆာန်များက လူသားတို့၏ နေရာကို ကျူးကျော်ခြင်း မဟုတ်ဘဲ၊ လူသားများကသာ သူတို့၏မူလ နေရင်းဒေသဖြစ်သော သစ်တောများကို ခုတ်ထွင်ဖျက်ဆီးကာ နယ်မြေချဲ့ထွင်ခဲ့ကြခြင်း ဖြစ်သည်။ နယ်မြေကျဉ်းသည်ထက် ကျဉ်းလာသောအခါ တောရိုင်းတိရစ္ဆာန်များမှာ မိမိတို့ကျက်စားခဲ့ဖူးသော နယ်မြေလမ်းကြောင်းများကို ဗီဇအသိစိတ်ဖြင့် သွားလာရင်း မရှောင်မလွှဲသာပဲ အမှန်တကယ် ကျူးကျော်သူစစ်စစ် ဖြစ်သော လူသားတို့၏ရပ်ရွာ ရောက်လာကြရခြင်းဖြစ်ပေသည်။

သဘာဝတရားသည် မည်သူ့ဘက်မှ မလိုက်ပါ။ မျှတမှုနှင့် အတူယှဉ်တွဲနေထိုင်မှုကိုသာ လိုလားသည်။ လူသားတို့က သဘာဝကို ဖျက်ဆီးလျှင် သဘာဝကလည်း တစ်နေ့ ပြန်လည်တုံ့ပြန်မည်သာ ဖြစ်သည်။ သို့သော် သဘာဝသည် စိတ်ရှည်လက်ရှည် ရှိလှသည် ၊ ချက်ခြင်း ဒဏ်ခတ်လေ့မရှိ ။ ပြုပြင်ပြောင်းလဲရန် အချိန်ပေးတတ်သည်၊ သတိပေးတတ်သည်။ ထိုသတိပေးချက်များကို အကြိမ်ကြိမ် လျစ်လျူရှုပြီး ဆက်လက်ဖျက်ဆီးနေမည်ဆိုပါက သဘာဝ၏ တုံ့ပြန်မှုသည် ပြင်းထန်လာမည် ဖြစ်သည်။ ထိုအခါမှ လူသားတို့ နောင်တကြီးစွာရလျှက် သဘာဝ ဆိုင်ရာ အသိတရားဝင်ပါက များစွာနောက်ကျသွားပေမည်။

အိန္ဒိယနှင့် နီပေါနိုင်ငံများတွင် ကျားအရေအတွက် တိုးပွားလာစေရန် နိုင်ငံတော်အဆင့်သာမက ဒေသခံပြည်သူများပါ တက်ကြွစွာ ပါဝင်ဆောင်ရွက်ကြသည်။ ““တောဘုရင်” ဟု တင်စားခေါ်ဝေါ်သည့် ကျားများ တိုးပွားလာလေ သစ်တောကျန်းမာလာလေ ဖြစ်သည်။ ထို့အပြင် တောရိုင်းကျားများကို လေ့လာကြည့်ရှုလိုသော သဘာဝခရီးသွားများ၊ သစ်တောလေ့လာကြသူများ ၊ တောရိုင်းတိရစ္ဆာန် သဘာဝ မှတ်တမ်းရုပ်ရှင်ရိုက်ကူးရေးအဖွဲ့များ ပိုမိုလာရောက်ကြသဖြင့် ဒေသခံများ အလုပ်အကိုင်အခွင့်အလမ်း ရရှိလာပြီး နိုင်ငံခြားဝင်ငွေလည်း တိုးတက်လာသည်။

ကျားရိုင်းများ ရှင်သန်နေထိုင်သည့် နိုင်ငံ ၊ ကျားရိုင်းများ ကို သဘာဝအတိုင်း ထိန်းသိမ်း ထားနိုင်သော နိုင်ငံသည် ကမ္ဘာ့အလယ်တွင်လည်း ပိုမိုအလေးထားခံရပြီး မျက်နှာပွင့်သည်။

အိန္ဒိယနိုင်ငံ ဂူဂျာရတ်ပြည်နယ်ရှိ ဂီးယားသစ်တောတွင်တော့ ကမ္ဘာပေါ်၌ အလွန်ရှားပါးလာပြီဖြစ်သော အာရှခြင်္သေ့များကို အောင်မြင်စွာ ထိန်းသိမ်းထားနိုင်ခဲ့သည်။ တစ်ချိန်က အမဲလိုက်မှုများကြောင့် အာရှခြင်္သေ့အရေအတွက် ဆယ်ဂဏန်းမျှသာ ကျန်ရှိတော့ရာမှ ဒေသခံများ၏ ဇွဲလုံ့လ၊ သဘာဝချစ်စိတ်နှင့် ထိန်းသိမ်းရေးလုပ်ငန်းများကြောင့် ယနေ့တွင် ကောင်ရေရာနှင့်ချီ ပြန်လည်တိုးပွားလာနိုင်ခဲ့သည်။

မြန်မာနိုင်ငံ၊ လာအို၊ ကမ္ဘောဒီးယားနှင့် အခြားနိုင်ငံများတွင်လည်း ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နေကြသော်လည်း အမဲလိုက်မှုနှင့် တရားမဝင်တောရိုင်းတိရစ္ဆာန် ကုန်သွယ်မှုများကြောင့် စိန်ခေါ်မှုများစွာ ရှိနေဆဲဖြစ်သည်။ အထူးသဖြင့် ကျားနှင့် ဆင်တို့ကဲ့သို့သော မျိုးသုဉ်းရန် အန္တရာယ်ရှိသည့် သတ္တဝါများကို ငွေကြေးအနည်းငယ်အတွက် သတ်ဖြတ်ရောင်းချခြင်းသည် ရှုတ်ချဖွယ်ကောင်းသော လုပ်ရပ်ဖြစ်သည်။ တောသူတောင်သားများအနေဖြင့် သစ်တောကို မှီခိုအသက်မွေးခြင်းမှာ သဘာဝကျသော်လည်း မျိုးသုဉ်းရန် အန္တရာယ်ရှိသည့် သတ္တဝါများကို တမင်လိုက်လံဖမ်းဆီးသတ်ဖြတ်ခြင်းသည် ရေရှည်တွင် မိမိတို့၏ အနာဂတ်ကိုပင် ဖျက်ဆီးခြင်းနှင့် တူသည်။

မုဆိုးစစ်စစ်သည် တောကိုချစ်ရမည်။ တောရိုင်းတိရစ္ဆာန်များ မျိုးမသုဉ်းစေရန် ထိန်းသိမ်းရမည်။ ရာသီအလိုက်၊ ဥပဒေအရ သတ်မှတ်ထားသော သားကောင်များကိုသာ စနစ်တကျ အမဲလိုက်ရမည်။ ကျား၊ ကျားသစ်ကဲ့သို့သော ထိပ်တန်းသားစားကောင်များကို မလိုအပ်ဘဲ မပစ်ခတ်သင့်ပေ။ လူမုဆိုးသည် တောမုဆိုး တို့ကို လက် ရှောင်ရသော စည်းမျိုးလည်း ရှိပေသည်။ သစ်တောကျန်းမာရေးအတွက် ၎င်းတို့သည် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေကြသောကြောင့် ဖြစ်သည်။

ယခင်ကိုလိုနီခေတ်များတွင် နယ်ချဲ့အင်အားကြီးနိုင်ငံများက အားကစားအမည်ခံကာ ကျား၊ ကျားသစ်၊ ဆင်နှင့် အခြားတောရိုင်းတိရစ္ဆာန်များကို အမြောက်အမြား သတ်ဖြတ်ခဲ့ကြဖူးသည်။ တစ်နေ့တည်းတွင် အကောင်ရေ ရာချီ သတ်ဖြတ်ခဲ့ဖူးလေသည်။ ထိုအမှားများ၏ အကျိုးဆက်ကို ယနေ့အချိန်ထိ အာရှနိုင်ငံများစွာ နလံမထူနိုင်လောက်အောင် ခံစားနေကြရဆဲဖြစ်သည်။ ထို့ကြောင့် အတိတ်သင်ခန်းစာများမှ သင်ယူကာ သဘာဝအမွေအနှစ်များကို ပိုမိုတန်ဖိုးထား ထိန်းသိမ်းကြရမည် ဖြစ်သည်။

ယနေ့ ဇီဝဗေဒနှင့် မျိုးရိုးဗီဇဆိုင်ရာ လေ့လာမှုများအရ ယခင်က ခွဲခြားထားသည့် ကျားမျိုးကွဲ ကိုးမျိုးအစား၊ ပြည်မကြီးကျားများ (Mainland Asian Tigers) နှင့် ကျွန်းနေကျားများ (Island Tigers) ဟူ၍ အဓိက အုပ်စုနှစ်ခုအဖြစ် ပိုမိုသိပ္ပံနည်းကျ သတ်မှတ်လာကြသည်။

မြန်မာနိုင်ငံတွင် ကျားအရေအတွက်မှာ အကောင်ရေ နှစ်ဆယ် အောက်သာ ကျန်ရှိနိုင်ပြီး မျိုးသုန်းရန် အင်မတန်နီးကပ်နေကြောင်း စစ်တမ်းများက ဖော်ပြကြသည်။ ပြည်တွင်းစစ်များ၊ သဘာဝဘေးအန္တရာယ်များနှင့် လူသားဖိအားများကြားတွင် လူသားများပင် ရုန်းကန်နေရသော အခြေအနေ၌ တောရိုင်းတိရစ္ဆာန်များ၏ ဘဝမှာ ပိုမိုခက်ခဲလှသည်။

အိမ်နီးချင်းထိုင်းနိုင်ငံမှကျားတစ်ကောင်သည် နယ်မြေသစ်ရှာရာမှ မြန်မာနယ်မြေအတွင်းရောက်လာပြီး ရက်စက်စွာသတ်ဖြတ်ခံရသော မှတ်တမ်းရှိသည်၊ ထိုစဉ်က ကမ္ဘာ့ သီတင်းမီဒီယာ အားလုံးက ထိုလုပ်ရပ်ကို ရှုံ့ချထားပြီး မြန်မာနိုင်ငံသည် လူမပြောနှင့် ကျားပင်အလည်အပတ်သွားရင် မသင့်သော လူအရိုင်းအစိုင်းတို့ နေထိုင်သော အရပ် ဟူသော သဘောမျိုးဖြင့် ဖော်ပြခံရသည်မှာ အလွန် ရင်နာဖွယ် ရှက်ဖွယ်ကောင်းလှပေသည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ တောတောင်ရေမြေတွင် ဖြစ်တည်နေသော တောရိုင်းတိရစ္ဆာန်များကို သဘာဝအရင်းအမြစ်တစ်ခုအဖြစ်သာမက အဖိုးတန် အမွေအနှစ်တစ်ရပ်အဖြစ်လည်း မြင်တတ်ရန် လိုအပ်သည်။ ၎င်းတို့သည် ကျွန်ုပ်တို့၏ သစ်တောများ၏ အသက်၊ ဂေဟစနစ်၏ နှလုံးသားဖြစ်ကြသည်။ ကျွန်ုပ်တို့ လူသားတို့ အတွက် လိုအပ်သော ရာသီဥတုသည် တောကိုမှီပါသည် ၊ တောများကျမ်းမာမှ ရာသီဥတု ကောင်းမွန်မည်။ တောတောင်များ ကျန်းမာအောင် တောကောင်များက သဘာဝအသိ ဖြင့် ပြုပြင်မွမ်းမံ ထိန်းသိမ်းပေးကြသည် ၊ ထိုတောကောင် သဘာဝရင်သွေးငယ်များကို ချစ်ခင်သနားညှာတာကြရမည်။

သဘာဝတရား၏သဘောတခုမှာလဲ ထိုအရပ်ရှိလူသားတို့၏ ပညာညာဏ် အသိပညာ စိတ်နေစိတ်ထား တို့နှင့် ထိုက်တန်သော ရာသီဥတု ကို ဖန်တီးပေးလေ့ရှိပါသည်၊ မဲမဲမြင် အကောင်မြင်သတ် ဟူသော အရပ်သည် ငြိမ်းချမ်းသော အရပ်ဖြစ်မည်မဟုတ်ပဲ ၊ သတ္တဝါ တို့ကို သနားညှာတာမေတ္တာ ထားသော အရပ်သည်သာ ရာသီဥတုသာယာ၍ နေချင့်စဖွယ် ငြိမ်းချမ်းသောအရပ်ဖြစ်ပေမည်။ တစ်နေ့တွင် ကျွန်ုပ်တို့အားလုံးက သဘာဝ၏ တန်ဖိုးကို နားလည်လာပြီး၊ ဤတောတောင်ရေမြေများနှင့် ၎င်းတို့တွင် ရှင်သန်နေသော သတ္တဝါများကို မိမိတို့၏ သဘာဝ အမွေအနှစ်၊ သားသမီးရင်းချာများကဲ့သို့ ချစ်မြတ်နိုး တန်ဖိုးထားတတ်ကြလိမ့်မည်ဟု မျှော်လင့်မိပါသည်။

credit - ဗန်တိုမောင်မောင်

Lek Kha Moun
Wear The Warrior

#လက်ခမောင်း


Photos from Lek Kha Moun's post 27/05/2026
Photos from Lek Kha Moun's post 08/05/2026

ဝါသနာပါရင် မေးခွန်းတွေ ဝင်ဖြေကြည့်ဗျာ မူရင်း လင့် အောက်မှာ

07/05/2026

သူရဲကောင်းအချင်းချင်း တွေ့ဆုံရာ၌လည်း ချစ်ခင်လေးစားသည့် အနေဖြင့် လက်ခမောင်းကို ညင်သာစွာခတ်၍ နှုတ်ဆက်တတ်ကြသည်။ ထိုသို့ နှုတ်ဆက်ရာတွင် ခတ်လက်ကို ပုခုံးအမြင့်ထက် ပို၍ မြှောက်မခတ်ဘဲ “ခတ်သည်ဆိုရုံ” မျှသာ ညင်သာစွာခတ်ရသည်ဟု ရှေးလူကြီးများ ဆိုခဲ့ကြသည်။ ထိုဓလေ့ကို နောက်ဆုံး ထိန်းသိမ်းပြသသွားသူအဖြစ် အဘမင်းသိင်္ခကိုလည်း လူအများ မှတ်မိကြသေး၏။ ( ထိုဓလေ့ကို ဆက်လက်ထိန်းသိမ်း လက်ဆင့်ကမ်းရန် လိုအပ်ပါသည် ။ )

မြန်မာတို့၏ “လက်ခမောင်းခတ်ခြင်း” ဟူသော ဓလေ့သည် ရိုးရိုးကာယလှုပ်ရှားမှုတစ်ရပ်မျှ မဟုတ် ၊ စိန်ခေါ်မှူ တခုမျှသာ မဟုတ်။ ယင်းသည် အားမာန်ရှိခြင်း၊ အောင်မြင်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ကျက်သရေတိုးပွါးခြင်း ၊ စိန်ခေါ်ခြင်းနှင့် သူရဲကောင်းစိတ်ဓာတ်တို့ကို ဖော်ညွှန်းသော မြန်မာ့သင်္ကေတတစ်ရပ်ပင် ဖြစ်လေသည်။

“လက်ပမ်းပေါက်ခတ်” ဟူသော အသုံးမှာ
“လက်ပမ်း” + ““ပေါက်” + “ခတ်”
တို့ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ပြီး၊ ယနေ့ခေတ်တွင် ပိုမိုတွင်ကျယ်လာသော “လက်ခမောင်းခတ်” ( “လက်ခမောင်း” + “ခတ်” ) နှင့် ကြောင်းတူသံကွဲ အသုံးပင် ဖြစ်သည်။

လက်ခမောင်းခတ်ခြင်း၏ သဘောမှာ စိတ်အားထက်သန်သည့်အခါ၊ ဝမ်းမြောက်ကျေနပ်သည့်အခါ၊ သို့မဟုတ် စိန်ခေါ်လိုသောအခါတို့တွင် လက်တစ်ဖက်ကို ကွေးပိုက်၍ ရင်အုပ်နှင့် လက်မောင်းကွေးဆုံရာ ချိုင့်နေရာကို ကျန်လက်ဝါးဖြင့် မြည်ဟည်းအောင် ရိုက်ခတ်ခြင်း ဖြစ်သည်။

စပါးဈေးတက်သဖြင့် လယ်သမားကြီးများ “လက်ပမ်းပေါက်ခတ်နိုင်ပြီ” ဟု ဆိုကြသကဲ့သို့၊ အားရကျေနပ်ခြင်း၏ သင်္ကေတအဖြစ်လည်း အသုံးပြုကြသည်။ တစ်ဖက်တွင်လည်း စိန်ခေါ်လိုသောအခါ၊ မခံချင်စိတ် ပြင်းထန်သောအခါ၌လည်း လက်ခမောင်းခတ်သံသည် အားမာန်၏ အသံဖြစ်လာတတ်သည်။

ငရမန်က စောလူးမင်းရှေ့၌ လက်ပမ်းပေါက်ခတ်သည့်အခါ စောလူးမင်း မခံချင်ဖြစ်ရသည်ဟူသော မှတ်တမ်းတို့ ရှိ၏။

““တောမီးလောင် တောကြောင်လက်ခမောင်းခတ်” ဟူသော စကားပုံသည်လည်း အခွင့်ကောင်းကြုံလျှင် ဝမ်းသာအားရဖြစ်တတ်သော လူ့သဘောကို ဖော်ညွှန်းထားခြင်းပင် ဖြစ်သည်။

ရှေးမြန်မာစစ်သည်တို့သည် စစ်ချီရာ၌ စစ်ချီတေးသံစုံဆိုကာ စည်းဝါးညီညွတ်စွာ လက်ခမောင်းပြိုင်တူခတ်၍ ချီတက်ကြသည်။ စစ်အောင်မြင်သောအခါ၌လည်း အောင်ပွဲခံ လက်ခမောင်းခတ်သံများသည် မြေတုန်မတတ် ဟိန်းဟောက်လေ့ရှိ၏။

သူရဲကောင်းအချင်းချင်း တွေ့ဆုံရာ၌လည်း ချစ်ခင်လေးစားသည့် အနေဖြင့် လက်ခမောင်းကို ညင်သာစွာခတ်၍ နှုတ်ဆက်တတ်ကြသည်။ ထိုသို့ နှုတ်ဆက်ရာတွင် ခတ်လက်ကို ပုခုံးအမြင့်ထက် ပို၍ မြှောက်မခတ်ဘဲ “ခတ်သည်ဆိုရုံ” မျှသာ ညင်သာစွာခတ်ရသည်ဟု ရှေးလူကြီးများ ဆိုခဲ့ကြသည်။ ထိုဓလေ့ကို နောက်ဆုံး ထိန်းသိမ်းပြသသွားသူအဖြစ် အဘမင်းသိင်္ခကိုလည်း လူအများ မှတ်မိကြသေး၏။ ( ထိုဓလေ့ကို ဆက်လက်ထိန်းသိမ်း လက်ဆင့်ကမ်းရန် လိုအပ်ပါသည် ။ )

မြန်မာ ယောက်ျား လေးများ လူလားမြောက်၍ ထိုးကွင်းမင်ကြောင်နှင့် ကာယသိဒ္ဓိများ အောင်မြင်စွာထိုးပြီးသောအခါတွင်လည်း
“အာဂယောက်ျား၊ ကျားဆိုမှကျား၊ မတထောင်တကောင်ဘွားတဲ့ဟေ့”
ဟု ကြွေးကြော်ကာ လက်ခမောင်းခတ်ကြသည်မှာ မြန်မာ့အာဂသတ္တိ၏ အထိမ်းအမှတ်ပင် ဖြစ်၏။

မိမိ၌ ကပ်ငြိနေသော အညံ့အသက်၊ မကောင်းသောကံကြမ္မာတို့ လွင့်စင်ပပျောက်၍ ဘုန်းကျက်သရေ အဖြာဖြာ တိုးပွားကာ လာဘ်လာဘ ရွှင်လန်းစေရန် ရည်သန်၍လည်း ရှေးမြန်မာတို့သည် မိမိကိုယ်ကို သိဒ္ဓိတင်သည့် အနေဖြင့် လက်ခမောင်းခတ်လေ့ရှိကြသည်။

လက်ဝှေ့ရဲ၊ သိုင်းရဲတို့သည်လည်း မိမိခန္ဓာကိုယ်ကို လက်နက်အဖြစ် အသက်သွင်း၍ သတ်ကိုးသတ်၊ မောင်းကိုးမောင်းတို့၏ အစွမ်းသတ္တိ နိုးကြားထက်မြက်လာစေရန် ရည်သန်ကာ လက်ခမောင်းခတ်၍ ခန္ဓာစက်ကို နှိုးဆွလေ့ရှိကြသည်။ ထိုလက်ခမောင်းသံသည် သွေးသားအတွင်း ကိန်းအောင်းနေသော အာဂသတ္တိကို လှုံ့ဆော်ပေးသကဲ့သို့၊ စိတ်ဝိညာဉ်ကိုလည်း ရဲရင့်တက်ကြွစေသော သူရဲကောင်းသံစဉ်တစ်ရပ်ပင် ဖြစ်လေသည်။

သိုင်းသမားတို့သည် တရားမျှတစွာ ယှဉ်ပြိုင်လိုသောအခါ ဓားရေး၊ လှံရေး၊ တုတ်ရေး၊ လက်ရေးတို့ကို ပြသပြီး လက်ခမောင်းခတ်၍ စိန်ခေါ်ကြသည်။ လက်ဝှေ့သမားတို့သည်လည်း လက်ဝှေ့ရေး၊ လက်ဝှေ့ဟန်ရေးတို့ကို ပြသကာ စိန်ခေါ်လေ့ရှိကြသည်။

ယနေ့အချို့က “လက်ဝှေ့ယိမ်း” ဟု မှားယွင်းစွာ ခေါ်ဆို ရေးသား ကြသော်လည်း၊ “ယိမ်း” ဆိုသည်မှာ ရွယ်တူပျိုမယ်များ ကျားပျိုများ အုပ်စုဖွဲ့ကာ ယိမ်းနွဲ့ကခုန်သော အကမျိုးကို ဆိုလိုခြင်း ဖြစ်၏။ လက်ဝှေ့ရေးမှာမူ သိုင်းနှင့် လက်ဝှေ့စွမ်းရည်ကို ဖော်ပြသော တကိုယ်တော် သိုင်းအကတစ်မျိုးသာ ဖြစ်သည်။

စိန်ခေါ်ရာ၌ ခတ်သော လက်ခမောင်းသံမှာ ပြိုင်ဘက်တစ်သောင်းခန့် ကြားရအောင်၊ စင်္ကြာဝဠာတိုင်အောင် ဟိန်းညံစေရန် ခတ်ရသည်ဟု ဆိုကြသည်။ ရှေးမြန်မာတို့၏ လက်ခမောင်းခတ်သံသည် ဩဇာကြီး၍ နားဝင်ချိုသာလွန်းသဖြင့်၊ လက်ဝှေ့မြတ်နိုးသော ဘုရင်အချို့သည် လက်ဝှေ့တော်သတ် ဘွဲ့ရ လက်ဝှေ့ရဲများကို လက်ခမောင်းခတ်စေပြီး နားစည်းစိမ်ခံတော်မူကြသည်ဟူ၍လည်း ဆိုစမှတ်ရှိသည်။ လက်ဝှေ့ရဲအချင်းချင်းပင် မိမိလက်ခမောင်းသံက ပိုမိုဩဇာကြီးစေရန် အမြဲလေ့ကျင့် ယှဉ်ပြိုင်ကြသည်ဟု သိရ၏။

“လက်ပန်းပေါင်း” ဟူသော အသုံးမှာ စကားလုံးသတ်ပုံ လွဲမှားခြင်းသာ ဖြစ်၍၊ အမှန်မှာ “လက်ပမ်းပေါက်” ဟုသာ ရေးရမည် ဖြစ်သည်။ ရှေးက လက်ပမ်းပွဲများတွင် လက်ပမ်းသည်များ လက်ပမ်းပေါက်ခတ်လေ့ရှိသောကြောင့် ထိုသို့ခေါ်တွင်လာခြင်း ဖြစ်၏။ ယနေ့ခေတ်တွင် လက်ပမ်းသည် မရှိတော့ဘဲ လက်ဝှေ့၊ လက်ပွေ့သမားများသာ ကျန်ရစ်သဖြင့် “လက်ခမောင်းခတ်” ဟူသော အသုံးက ပိုမိုတွင်ကျယ်လာခြင်း ဖြစ်သည်။

ထို့ကြောင့် လက်ခမောင်းခတ်ခြင်းသည် မြန်မာ့လက်ဝှေ့၊ မြန်မာ့သိုင်းသမားတို့နှင့်သာ သက်ဆိုင်သော ရိုးရာဓလေ့မဟုတ်ဘဲ၊ မြန်မာတမျိုးသားလုံးနှင့် သက်ဆိုင်သော အမျိုးသားယဉ်ကျေးမှု သင်္ကေတတစ်ရပ် ဖြစ်ပါကြောင်း တင်ပြလိုက်ရပေသည်။

credit - ဗန်တိုမောင်မောင်

Lek Kha Moun

Wear The Warrior
#လက်ခမောင်း

23/03/2026

Asadula ရဲ့ Striking techniques တချို့ကို ဝါသနာရှင် တွေ ဖိုက်တာတွေ လေ့လာကြည့်ပါ

Dagestan's Bruce Lee ဗရုစလီ လို့ တင်စားခြင်းခံနေရတဲ့ လက်ရှိ ရှုံးပွဲမရှိ ဖိုက်တာပါ

Open Mind ရှိသူတို့ လေ့လာ ကြည့်နိုင်ပါတယ်

( ဒီနေရာမှာ တောသီးတွေအတွက် ဗရုစလီ အခေါ်ခံရတဲ့ ဂုဏ်ပုဒ်ကို နာကောင်းနာနိုင်ပါတယ်
ဘာမဟုတ်တဲ့ အာကျား အာကျား အော်တတ်တဲ့ ငပိန်သရုပ်ဆောင် တကောင်ရဲ့ နာမည်ကို
ပရိုဖိုက်တာတွေပေါ် ဂုဏ်အနေနဲ့ သွားတင်ရသလား ဆိုပြီး ဒေါသထွက်ကောင်း ထွက်နိုင်ပါတယ်

တောသီးတွေ သိရမှာက ဗရုစလီဟာ ရုပ်ရှင်မရိုက်ခင်ကတည်းက သိုင်းဆရာပါ
အများစုသိထားသလို ကွန်ဖူးဆရာ ဝန်ချွမ်း ဆရာ ဆိုတာထက် အများကြီးပိုပါတယ်
သူ့ကိုယ်ပိုင် အတွေးအခေါ် အခြေခံ ဂျိကွန်ဒို သိုင်း ( အတွေးအခေါ် အခြေခံ ဘောင်မခတ်တဲ့ သိုင်း ) ကို တီထွင်ခဲ့သူပါ

သူ့ခေတ်မှာ ပထမဆုံး အာရှခေါင်းဆောင် မင်းသား နေရာက ပေါပေါပဲပဲ ဇာတ်ကောင် မဟုတ်ပဲ လူရိုသေ ရှင်ရိုသေ နေရာက ဦးဆောင်ရိုက်ခဲ့ရသူပါ

ဖလော်ဆော်ဖီ နဲ့ လည်း ကျောင်းပြီးထားတော့ ပြောဆို နေထိုင်မှူပုံစံ တွေးခေါ်မှူပုံစံ အားလုံးဟာ လူရာဝင်ပြီး တော်ရုံ လူဖြူတွေတောင် သူ့ကိုသွားရှုပ်လို့မရခဲ့ပါဘူး

သူကသာ ပရိုမပြိုင်တာ သူ့တပည့်တွေအားလုံးက အဲအချိန်က ကမ်ဘာ့
ချန်ပီယံ ချည်းပါပဲ

သူ့ဂျိကွန်ဒို သိုင်းတဖြတ်ကို Enter the Dragon ကားအစမှာ ပြသခဲ့ပါတယ် ၊ အဲဒီကနေမှ မော်ဒန် MMA အိုင်ဒီယာ ရကြတာပါ လို့ UFC president Dana White ကိုယ်တိုင်ဝန်ခံထားရပါတယ်

သူ့မတိုင်ခင်က လဲ သိုင်းရောစပ် hybrid martial arts ကစားဟန်တွေ ရှိခဲ့ပေမဲ့ သူ့လို တခုတ်တရ အနှစ်ရှိရှိ ထုတ်မပြနိုင်ခဲ့ပါဘူး

ဒါကြောင့် သူကိုပဲ the father of MMA လို့ တင်စားကြတာပါ

UFC ဖိုက်တာ ဆယ်ယောက်မှာ ၇ ယောက်လောက်ရဲ့ Idol
ဂျက်ကီချန်း ဂျက်လီ တိုနီဂျ ဒိုနီယန်း တို့ရဲ့ Idol

အနီးစပ်ဆုံးပြောရရင် လက်ဝှေ့ဘုရင် ဒေဝ ဟာ ဂျိကွန်ဒို ကျောင်းသားပါပဲ
ရိုးရာလက်ဝှေ့ မွေထိုင်းတို့ကို ဂျိကွန်ဒို အတွေးအခေါ်နဲ့ ပေါင်းစပ်ကစားသူပါ
သူ့ဆရာ Sifu Patrick ဟာ ဂျိကွန်ဒို ဆရာ ပါ
သူ့အောင်မြင်မှူတွေ နောက်ကွယ်က အဓိက ဆရာကြီးပါ

အဲတော့ အတွေးအခေါ်ရှိသူတိုင်း ဗရုစလီကို ဟိုလူကိုတော့ နိုင်မှာ မဟုတ်ဘူး
ဒီလူကတော့ သူ့ကိုအသာနိုင်တယ် လူပြိန်းစတိုင် နှိုင်းနေမဲ့ အစား
သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည် သက်သက်ကို အကဲဖြတ်နေမဲ့ အစား
သူ့ရဲ့ ဆန်းသစ်တီထွင်ညာဏ်
သူမတူတဲ့ ညာဏ်ရည်ကို လေးစား ဂုဏ်ပြုကြတာဖြစ်ပါတယ်
တနည်းအားဖြင့် လူသား အထူးစွမ်းရည် တခုကို ဖော်ထုတ်ပြသခဲ့သူကို
ဦးညွတ်ကြတာဖြစ်ပါတယ်

တောသီးတွေကတော့ အာကျာ အာကျာ အော်တတ်တဲ့ ငပိန်လေးတယောက်ထက်
ပိုမသိ သိအောင်လဲမလုပ် သိဖို့လဲ ညာဏ်ပါမလာတာတော့ စိတ်မကောင်း စရာပါ

အမှန်တော့ မာရှယ်အတ်လို့ ပြောလိုက်တာနဲ့ အနောက်တိုင်းမှာရော အရှေ့တိုင်းမှာရော
အလွှမ်းမိုးနိုင်ဆုံး လူသားနေရာမှာ ယနေ့ထိတိုင် သူ့ကို အစားထိုးနိုင်တဲ့ သူ မပေါ်သေးပါ
ထိပ်ဆုံးက မာရှယ်အတ် ပုံရိပ် Martial Art ICON တခုပါပဲ

https://www.youtube.com/watch?v=4EElxcRpwjk&t=738s

https://www.youtube.com/watch?v=uXrZtQ3ON-w

https://www.youtube.com/watch?v=QBvpxGJzV8Y&t=36s

Want your business to be the top-listed Gym/sports Facility in Bolton?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


16 Chorley Old Road
Bolton
BL13AA