Aung Dee - Prediction

Aung Dee - Prediction

Share

♻️𝐎𝐧𝐥𝐢𝐧𝐞 ဘောလုံးပွဲဝန်ဆောင်မှုများအတွက် 👇👇

𝐕𝐢𝐛𝐞𝐫 - 𝟎𝟗𝟗𝟖𝟎𝟓𝟒𝟒𝟒𝟏𝟔

𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 - https://t.me/aungde

11/05/2026

ဟန်ဆီဖလစ်ရဲ့ လာလီဂါချန်ပီယံများ

အိမ်ရှင်ပရိသတ်​ရဲ့ရှေ့မှောက်မှာ အခါးသီးဆုံးပြိုင်ဘက်ကို အနိုင်ကစားပြီး၂ရာသီဆက်လာလီဂါဖလားကို ဘာစီလိုနာအသင်းထိုက်ထိုက်တန်တန်ဆွတ်ခူးရရှိခဲ့ပြီဖြစ်ပါတယ်။ ဒါပေမယ့် ဒီနေရာမှာဘာစီလိုနာတစ်သင်းလုံးကို collective unitတစ်ခုအနေနဲ့ ချီးကျူးဂုဏ်ပြုတာထက်စာရင် တစ်ဦးတစ်ယောက်ရဲ့နာမည်၊ တစ်ဦးတစ်ယောက်ရဲ့အကြောင်းကို emphasizeလုပ်ပြီးချီးကျူးဂုဏ်ပြုမှသာ အဲဒီတစ်ဦးတစ်ယောက်အတွက် fairဖြစ်လိမ့်မယ်ထင်တယ်။ ဒီအောင်မြင်မှုတွေဟာ သူမရှိရင်ရပါ့မလား၊ လက်ရှိဘာစီလိုနာက သူမရှိနေရင်အခုလိုကြောက်စရာကောင်းပါ့မလား၊ သူမရှိရင် နူးကမ့်ရဲ့ဝိညာဥ်တွေတစ်ဖန်ပြန်လည်နိုးကြားနေပါ့မလား စာရေးသူအရမ်းသံသယရှိပါတယ်။ သူရှိနေလို့သာ ဘာစီလိုနာအသင်းထိပ်ဆုံးကိုပြန်ရောက်လာတယ်လို့ ဆိုလို့ရတယ်။ သူကတော့ နည်းပြဟန်ဆီဖလစ်ပဲဖြစ်ပါတယ်။

လွန်ခဲ့တဲ့ဆယ်နှစ်(၂၀၁၅/၁၆)ဝန်းကျင်ကို ပြန်သွားကြည့်ရင်ရီးရဲလ်မက်ဒရစ်နဲ့ဘာစီလိုနာတို့ဟာ ကျားနဲ့ဆင်လို အနေအထားတစ်ခုမှာရှိခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ ဘာစီလိုနာအသင်းရဲ့ဘဏ္ဍာရေးအခက်အခဲတွေ၊ မက်ဆီ၊ နေမာ၊ အင်နီယေစတာ၊ ဆွာရက်ဇ်၊ ဘူးစကွက်စ်တို့တစ်အုပ်လုံးထွက်ခွာသွားမှုတွေ၊ စီမံခန့်ခွဲမှုအမှားမှားအယွင်းယွင်းတွေဆက်တိုက်ဖြစ်ပေါ်လာတယ်။ တစ်ဖက်မှာ ရီးရဲလ်မက်ဒရစ်အသင်းကတော့စီမံခန့်ခွဲမှုကောင်းကောင်း၊ planningကောင်းကောင်းနဲ့ရှေ့ဆက်နေနိုင်ခဲ့တာကြောင့် သူတို့နှစ်သင်းကြားမှာသိသာတဲ့အဟလေးတွေ ပေါ်လာပါတယ်။ ၂၀၁၅နောက်ပိုင်း ရီးရဲလ်မက်ဒရစ်အသင်းက ချန်ပီယံလိဂ်၅ကြိမ်နဲ့ လာလီဂါ၄ကြိမ်အထိအောင်မြင်ခဲ့ချိန်မှာ ဘာစီလိုနာအသင်းကတော့ဥရောပမှာတိုးမပေါက်ပဲဖြစ်ခဲ့တယ်။ ကွင်းတွင်းကွင်းပြင်အခြေအနေအရပ်ရပ်မှာ ဘာစီလိုနာက ရီးရဲလ်မက်ဒရစ်နောက်မှာတဖြည်းဖြည်းပြတ်ကျန်လာခဲ့ပြီး ရီးရဲလ်မက်ဒရစ်ကသိသိသာသာ Upper handရရှိလာခဲ့တာငြင်းမရတဲ့အမှန်တရားတစ်ခုပဲဖြစ်ပါတယ်။

ဒီအခြေအနေကြီးကိုလက်မခံနိုင်တဲ့ လာပေါ်တာ၊ ဒေကိုတို့အုပ်စုဟာ ၂၀၂၄ခုနှစ်ကစလို့ "Barcelona project"ဆိုတာကြီးကို ရေးဆွဲခဲ့တယ်။ အလွယ်ပြောရရင် ဒေါ်နယ်ထရမ့်ရဲ့ "Make America great again"လိုမျိုး "Make Barcelona great again"ဖြစ်အောင်လုပ်မယ့် projectတစ်ခုပဲ။ ဒီလိုprojectတစ်ခုမှာအရေးပါဆုံးနေရာဖြစ်တဲ့ နည်းပြနေရာအတွက် သူတို့ယုံကြည်စွာပုံအပ်ခဲ့တဲ့သူကတော့ ဂျာမန်သား masterclassနည်းပြတစ်ယောက်ဖြစ်တဲ့ ဟန်ဆီဖလစ်ပဲဖြစ်ပါတယ်။ အခုတော့ဒါဟာမှန်ကန်ခဲ့ပြီလို့ဆိုရမှာဖြစ်ပါတယ်။ ဟန်ဆီဖလစ်ဟာ ရလဒ်ပိုင်းတိုးတက်မှုတွေ၊ ဖလားအောင်မြင်မှုတွေဆောင်ကျဥ်းပေးတယ်ဆိုတာထက်ပိုပြီး ဘာစီလိုနာအသင်းရဲ့ စိတ်နဲ့ခန္ဓာနှစ်ရပ်လုံးကို transformလုပ်ပစ်ထားပါတယ်။ ကစားသမားတွေရဲ့စိတ်မှာ ငါတို့အရာအားလုံးကိုအနိုင်ရနိုင်တယ်ဆိုတဲ့ယုံကြည်မှုတစ်ခုကို မျိုးစေ့ချပေးထားတယ်။ ကိုယ့်ရဲ့အသက်တစ်ချောင်းက ကစားပွဲအပေါ်မှာမူတည်နေတဲ့အတိုင်း ၂ဂိုး၊ ၃ဂိုးရှုံးနေလည်း မရမကပြန်လိုက်သွင်းမယ်ဆိုတဲ့ comeback identityတစ်ခု၊ winning mentalityတစ်မျိုးကို သွတ်သွင်းပေးထားတယ်။

ဒါ့အပြင် ဟန်ဆီဖလစ်ကတောင်းဆိုမှုအင်မတန်များတယ်။ ကစားသမားတွေဆီက ညှစ်နိုင်သမျှအကုန်ညှစ်ထုတ်တတ်တယ်။ ပြီးခဲ့တဲ့ရာသီအစောပိုင်းက ရီးရဲလ်မက်ဒရစ်အသင်းကိုဘာနေဗျူးမှာ ၄ဂိုးပြတ်အနိုင်ရတဲ့ပွဲစဥ်အပြီးမှာ အသင်းကစားသမားတွေက နားရက်၂ရက်ပေးဖို့ သံပြိုင်သီဆိုပြီးတောင်းဆိုခဲ့ပေမယ့် မနက်ဖြန်လေ့ကျင့်ရေးကွင်းကို ၉နာရီအရောက်လာရမယ်ဆိုတဲ့ replyသာဟန်ဆီဖလစ်ဆီက ပြန်လာခဲ့တယ်။ တင်းတိမ်မနေဘူး။ သာယာမနေဘူး။ Physically၊ Mentally ညှစ်နိုင်သမျှအကုန်ညှစ်မယ်။ လုပ်နိုင်သမျှအကုန်လုပ်မယ်ဆိုတဲ့ နည်းပြမျိုးဖြစ်ပါတယ်။ ဒီလိုစရိုက်လက္ခဏာကြောင့်ပဲ ဘိုင်ယန်မြူးနစ်အသင်းနဲ့ သမိုင်းဝင် ၂၀၁၉/၂၀၂၀ရာသီကို သူရခဲ့တယ်။ အဲဒီရာသီဟာ ဟန်ဆီဖလစ်ရဲ့ဘိုင်ယန်မြူးနစ်ပွဲဦးထွက်ရာသီဖြစ်ပြီး ပွဲဦးထွက်မှာတင် ဖလား၆လုံးရခဲ့တယ်။ အခုတစ်ခေါက်ဘာစီလိုနာအသင်းနဲ့လည်းပွဲဦးထွက်ရာသီမှာတင် Domestic trebleဆွတ်ခူးနိုင်တော့မှာဖြစ်ပါတယ်။

ဒီလိုစရိုက်လက္ခဏာကြောင့်ပဲ သူ့လက်နဲ့ထိလိုက်တဲ့ကစားသမားအများစုဟာ ရွှေဖြစ်သွားတတ်တယ်။ ဂနာဘရီ၊ အယ်လ်ဖွန်ဆိုဒေးဗီးစ်တို့ သူ့လက်ထက်မှာဝုန်းခနဲထတောက်ခဲ့ပြီး သူနဲ့လည်းကင်းကွာသွားရော အဲဒီလယ်ဗယ်ကိုဘယ်တော့မှပြန်မရောက်ခဲ့။ ရာဖင်ညာဟာ နဂိုကောင်းပြီးသားကစားသမားပါ။ သို့သော် ဘယ်လွန်ဒေါလယ်ဗယ်ကစားသမားအဖြစ်ကိုတော့ ဟန်ဆီဖလစ်နဲ့ကျမှသူရရှိခဲ့။ ကစားသမားဘဝက အနားယူပြီးကမ်းခြေမှာဆေးလိပ်သွားသောက်နေတဲ့ဘဲ(ဆက်ဇနီ)ကို ကစားသမားဘဝထဲပြန်ခေါ်ကာ ဦးစားပေးဂိုးသမားပီနာရဲ့နေရာမှာအစားထိုးမယ်လုပ်တော့ ပရိသတ်တွေမှာ ဟာဟာဟင်ဟင်။ လာမင်းယာမယ်လ်တောင်ဟန်ဆီဖလစ်နဲ့မို့အခုလောက်အထိကြမ်းနေတယ်ထင်ရ။ ယခင်ကညာနောက်ခံလူအဖြစ်တစ်ကြိမ်မှမကစားခဲ့ဖူးတဲ့ ခွန်ဒေးကိုလိဂ်ရဲ့အကောင်းဆုံးညာနောက်ခံလူဖြစ်အောင်ပုံသွင်းထားတာလည်း ဒီဘဲကိုယ်တိုင်ပင်ဖြစ်ပါတယ်။

ဘယ်လိုအသင်းကိုမဆို အသာစီးကနေ dominateလုပ်ပြီး intensityအပြည့်နဲ့ကစားတတ်တဲ့ ​ကိုယ်ပိုင်identityတစ်ခုအခိုင်အမာရှိတယ်။ အဲဒီ identityကိုလည်း ရောက်လေရာအသင်းတိုင်းမှာ ၂နှစ်၊ ၃နှစ်အချိန်ပေးစရာတောင်မလိုပဲ ချက်ချင်းလက်ငင်းဖော်ဆောင်အသက်သွင်းနိုင်တယ်။ နာမည်ကြီးကစားသမားတွေကို စျေးကြီးပေးခေါ်စရာမလိုပဲ ရှိရင်းစွဲကစားသမားတွေကို next level monsterတွေဖြစ်လာအောင်မြှင့်တင်ပြီးအသင်းကိုအောင်မြင်မှုတွေရစေတယ်။ ပြောရရင် ဒါဟာ ဘောလုံးကမ္ဘာကိုလွှမ်းမိုးခြယ်လှယ်မယ့်၊ အင်ပါယာတစ်ခုကိုတည်ဆောက်မယ့်နည်းပြတစ်ယောက်ရဲ့ ပုံစံဖြစ်ပါတယ်။ တစ်ချိန်တုန်းကပပ်ဂွါဒီယိုလာဟာ ဘိုင်ယန်မြူးနစ်အသင်းကိုသွားကာ Intensityကြီးမြင့်တဲ့ဂျာမန်မြေမှာ စပိန်ရိုးရာအနုအရွကစားကွက်ကိုအသက်သွင်းခဲ့ဖူးတယ်။ အခုဟန်ဆီဖလစ်ကျတော့ပြောင်းပြန်။ အနုအရွကစားတဲ့စပိန်မြေကိုလာပြီး ဂျာမန်ရိုးရာ high intensity၊ gegenpressingကိုအသက်သွင်းတယ်။ နှစ်ယောက်လုံးလည်း အောင်မြင်မှုတွေကိုယ်စီရခဲ့ကြတယ်။ ဒီလို ကိုယ်ကစားမယ့်လိဂ်ရဲ့ကာလံဒေသံကိုလိုက်မကစားပဲ ကိုယ့်ရဲ့ဖီလော်ဆော်ဖီကိုသာရောက်လေရာနေရာမှာ မြဲမြဲဆုပ်ကိုင်ရင်းအောင်မြင်ခဲ့တာက Top managerတွေမှသာလုပ်နိုင်တဲ့အရာဖြစ်ပါတယ်။

ဟန်ဆီဖလစ်ကိုရလိုက်ခြင်းက ဘာစီလိုနာအတွက်ရွှေပါပဲ။ ရီးရဲလ်မက်ဒရစ်အပေါ်မှာ Upper handပြန်ရလာတာ၊ Identityတစ်ခုနှစ်ရှည်ပျောက်ဆုံးနေတဲ့အသင်း identityအခိုင်အမာပြန်ရလာတာ၊ လာလီဂါဖလား နှစ်ရာသီဆက်ရတာ ဟန်ဆီဖလစ်ကြောင့်ပဲဖြစ်ပါတယ်။ ဒါကြောင့်သူတို့ကို ဟန်ဆီဖလစ်ရဲ့လာလီဂါချန်ပီယံများလို့ခေါ်ဆိုသမုတ်မှသာ မျှတပါလိမ့်မယ်။

11/05/2026

အေးတိအေးစက် နောက်ဆုံးအပတ်များ

စနေ၊ တနင်္ဂနွေ ဘောလုံးပွဲတွေကြည့်ဖြစ်တယ်။ နည်းနည်းလေး အေးစက်သွားမှုကိုခံစားရတယ်။ နည်းနည်းလေးနေရာမှာ တော်တော်လေးလို့ပြောင်းရေးလည်း မှန်ကောင်းမှန်မယ်။ အသင်းကြီးအများစုက အမှတ်မလိုကြတော့ဘူး။ ချန်ပီယံဖြစ်ပြီးသွားတဲ့ဘိုင်ယန်မြူးနစ်၊ အင်တာမီလန်၊ ချန်ပီယံလိဂ်ဝင်ခွင့်သေချာသွားတဲ့မန်ယူ၊ သေချာသလောက်ရှိနေတဲ့လီဗာပူး၊ ကန်စရာဘာမှမရှိတော့တဲ့ရီးရဲလ်မက်ဒရစ်။ စသဖြင့် ​ရေကုန်ရေခန်းပေးဆပ်စရာတွေ မကျန်တော့တဲ့အခါကစားသမားတွေကလည်း World Cupကိုပဲစိတ်ရောက်နေတော့တယ်။ တာဝန်အရ မကန်မဖြစ်လို့သာဒီပွဲစဥ်တွေကို အဖြစ်ကန်နေတယ်။ တကယ်ကိုအေးတိအေးစက်​နိုင်တဲ့ နောက်ဆုံးအပတ်တွေပါပဲ။

10/05/2026

Headless chickenများ

Headless chickenဆိုတဲ့ဝေါဟာရတစ်ခုရှိတယ်။
ခန္ဓာကိုယ်ကြီးကတော့ ပြေးနေတယ်၊ ရုန်းနေတယ်။
ဒါပေမယ့် ဦးနှောက်ပါမလာဘူး။ ခေါင်းမသုံးတတ်ဘူး။ အဲလိုလူတွေကို Headless chickenလို့ခေါ်တယ်။ ဘောလုံးအသင်းတွေမှာဆိုရင်လည်း ရုန်းအားပြေးအားကောင်းသလောက် တလွဲတွေလုပ်တတ်တဲ့ Headless chickenတွေမကြာခဏတွေ့ဖူးနေတာပဲ။

အခြေခံလူတန်းစားတွေ အလုပ်ပြန်ချိန်မှာ မောတဲ့လူကမော၊ ဆာတဲ့လူကဆာ၊ အိမ်မှာမျှော်တဲ့မိသားစုကမျှော်နေမယ်ဆိုတာ ထည့်တွေးနိုင်လောက်တဲ့ဦးနှောက်ကိုမရှိကြတဲ့သူတွေကိုလည်း Headless chickenလို့ခေါ်ပါတယ်။ ဒါတွေကို မသိချင်ယောင်ဆောင်ပြီး အားကစားအကြောင်းပြကာ ပျော်ပျော်ကြီးဝင်ပြေးကြတဲ့ တစ်ဘို့တည်းသမားတွေကိုလည်း Headless chickenလို့ခေါ်ပါတယ်။ ဘောလုံးပွဲမှာ တလွဲတွေလုပ်တတ်တဲ့Headless chickenကတောင် သူတို့ထက်ဦးနှောက်ရှိပါဦးမယ်။ ကျွန်တော်ဆိုလိုတာကို သဘောပေါက်လိမ့်မယ်ထင်ပါတယ်။

10/05/2026

အကောင်းဆုံးခေါ်ယူမှုတွေထဲကတစ်ခု

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ positionတော်တော်များများဟာ ပြီးခဲ့တဲ့ရာသီထက် ဒီရာသီမှာupgradeဖြစ်လာတာအရမ်းသိသာပါတယ်။ ဒီထဲမှာ ဂိုးသမားနေရာကတော့ထင်သာမြင်သာအရှိဆုံးupgradeဖြစ်တယ်။ လက်ရည်ညံ့တဲ့အိုနားနားရဲ့နေရာမှာ ဆွန်နီလမ်းမန်းစ်ဆိုတဲ့မထင်မရှားလူငယ်လေးက အစားဝင်လာတဲ့အခါ ဒီလောက်ထိupgradeဖြစ်သွားမယ်လို့မထင်ခဲ့ကြတာလည်းသဘာဝကျတယ်။ ဒါပေမယ့် ဒီလူငယ်လေးကပဲ မန်ယူနိုက်တက်အသင်းတစ်ကျော့ပြန်ချန်ပီယံလိဂ်ဝင်ခွင့်ရခဲ့ခြင်းရဲ့ အဓိကအစိတ်အပိုင်းဖြစ်သွားတယ်။ မနေ့ညက ဆန်းဒါးလန်းအသင်းနဲ့ဂိုးမရှိသရေကျတဲ့ပွဲမှာ Player of the Matchဆုကိုရပြီးနောက် ဒီရာသီပရီးမီးယားလိဂ်မှာ Player of the Matchဆုကို ၇ကြိမ်အထိ လမ်းမန်းစ်ရရှိထားတယ်။ သူ့ထက်ပိုများတာဆိုလို့ ဘရူနိုဖာနန်ဒက်စ်(၁၂ကြိမ်)နဲ့ အာလင်းဟာလန်း(၉ကြိမ်)တို့ နှစ်ဦးသာရှိပါတော့တယ်။

စာရေးသူအရင်က မကြာခဏရေးဖူးပါတယ်။ ဘောလုံးအသင်းတစ်သင်းမှာ အရှေ့ထိပ်နဲ့နောက်ပိတ်ကောင်းရင်ကောင်းသလောက် အဲဒီအသင်းရှေ့ရောက်နိုင်တယ်ဆိုတာပဲ။ အရှေ့ထိပ်ဆိုတာက ရှေ့ဆုံးကနေဂိုးတွေဒိုင်ခံသွင်းပေးမယ့်တိုက်စစ်မှူးကိုရည်ညွှန်းပြီး နောက်ပိတ်ဆိုတာကတော့တစ်ဖက်အသင်းရဲ့တဒိုင်းဒိုင်းကန်ချက်တွေကိုဒိုင်ခံကာကွယ်ပေးမယ့် ဂိုးသမားကိုဆိုလိုပါတယ်။

မနှစ်ကမန်ချက်စတာယူနိုက်တက်ရဲ့ အရှေ့ထိပ်နဲ့နောက်ပိတ်ဟာ ဟွိုက်ချ်လန်း/ဇက်ဇီးနဲ့ အိုနားနားတို့ပေါ့။ သူတို့အသင်းသမိုင်းတစ်လျှောက် အဆိုးရွားဆုံးအဆင့်ရပ်တည်မှု(အဆင့်၁၅)နဲ့ရာသီသိမ်းခဲ့ပါတယ်။ ဒီနှစ်တော့သူတို့ရဲ့အရှေ့ထိပ်ဟာ အမ်ဘူမို/ရှက်ရှ်ကိုဖြစ်လာပြီး နောက်ပိတ်ကတော့လန်းမန်းစ်ဖြစ်လာတယ်။ အရမ်းကြမ်းနေတာမျိုးမဟုတ်ရင်တောင် တော်တော်လေးအဆင်ပြေတဲ့အနေအထားမျိုးကိုရလာတယ်။ ရာသီကုန်ဆုံးဖို့ ၃ပွဲအလိုမှာတင် ချန်ပီယံလိဂ်ဝင်ခွင့်သေချာသွားတယ်။ ဒါက နည်းပြမိုက်ကယ်ကားရစ်ကြောင့်လည်းပါပေမယ့် မနှစ်ကလူစာရင်းနဲ့ဒီနှစ်လူစာရင်း player qualityတွေကွာခြားသွားတာကလည်း ကားရစ်အတွက်ရေကန်အသင့်၊ ကြာအသင့်ဖြစ်နေစေပါတယ်။

လမ်းမန်းစ်တော်တော်ကောင်းတယ်။ သူ့အသက်သူ့အရွယ်နဲ့ဆို တော်တော်လေးကိုကောင်းတဲ့ထဲပါတယ်။ ကိုယ်လုပ်ရမယ့်အလုပ်တာဝန်ကိုတာဝန်ကျေကျေထမ်းဆောင်ပေးမယ်ဆိုတဲ့ စိတ်ဓာတ်မျိုးကိုလည်း လမ်းမန်းစ်ဆီမှာတွေ့ရတယ်။ ဒေးဗစ်ဒက်ဟဲယားရဲ့ primeနောက်ပိုင်း ဂိုးသမားတစ်နေရာတောက်လျှောက်ပုပ်နေတဲ့မန်ယူအတွက် လမ်းမန်းစ်ကိုရလိုက်တာမဟာဖြေဆေးပဲ။ ဒီရာသီပရီးမီးယားလိဂ်မှာသာမက ဥရောပတစ်ခွင်လုံးမှာပါ အကောင်းဆုံးကစားသမားခေါ်ယူမှုတွေကိုစာရင်းပြုစုမယ်ဆိုရင် လမ်းမန်းစ်ကိုလည်းမ​မေ့မလျော့တစ်နေရာ ပေးရမှာပါပဲ။

09/05/2026

ဒီဘဲတော်တော်ခေါင်း​ပူနေလောက်ပြီ

ဖလားလက်မဲ့ရာသီကို ၂ရာသီဆက်တိုက်ကြုံရတယ်။ နည်းပြသစ်ခန့်အပ်ဖို့ကိစ္စကိုလည်း သူပဲလုံးပန်းနေရတယ်။ အမ်ဘာပေနဲ့ဗင်နီစီးယပ်စ်ကြားပါဝါလွန်ဆွဲမှုမှာ အမ်ဘာပေထွက်သွားဖို့ကို ပရိသတ်တွေကကမ်ပိန်းလုပ်တယ်။ ချူအာမန်နီနဲ့ဗယ်ဗာဒီထိုးတယ်။ ရူဒီဂါနဲ့ကာရဲရက်စ်ငြိတယ်။ ဒီကြားထဲ အသင်းရဲ့ကွင်းလယ်ကစားသမားတစ်ဦးနဲ့ နောက်တန်းကစားသမားတစ်ဦးတို့ရဲ့မိခင်တွေက သူတို့သားတွေအနေနဲ့အသင်းမှာလုံလောက်တဲ့ပွဲကစားချိန်တွေ မရရှိနေလို့ဆိုပြီး သူ့ကိုတိုက်ရိုက်ဖုန်းဆက်complainတက်တယ်။ ဒီသတင်းတွေအားလုံးဟာ တကယ်ပဲလား။ ဒါမှမဟုတ် sourceတစ်ခုခုကများ နောက်ကွယ်ကနေရီးရဲလ်မက်ဒရစ်ကိုစနစ်တကျလော်ဘီလုပ်ပြီးတိုက်ခိုက်နေတာလားမသိပါ​ဘူး။ တကယ်သာဒီသတင်းတွေအားလုံးအမှန်ဆိုရင်တော့ ဖလော်ရင်တီနိုပီးရက်ဇ်ဆိုတဲ့ဘဲကြီး တော်တော့်ကိုခေါင်းပူနေမှာအမှန်ပါပဲ။

09/05/2026

ခြေတစ်လှမ်း ကုဋေတစ်သန်းမို့

ဘဝမှာအလိုချင်ဆုံး၊ အလိုအပ်ဆုံးဆန္ဒရည်ရွယ်ချက်တစ်ခုပြည့်မြောက်အောင်မြင်ပြီးသွားတဲ့အခါ နောက်ထပ်ဘာကိုမှထပ်မလိုတော့ဘူး၊ ဒီထက်ဘာမှထပ်ပြီးမတောင်းဆိုတော့ပါဘူးလို့ လူတွေပြောလေ့ရှိကြပါတယ်။ ဒါပေမယ့် ဒါကိုကျွန်တော်မယုံပါဘူး။ တစ်စုံတစ်ရာကို လိုချင်လွန်းနေတဲ့အချိန်မို့သာ ဒီလိုတင်စားပြီးပြောတာပါ။ တကယ်တော့ အလိုချင်ဆုံးဆန္ဒတစ်ခုပြည့်မြောက်သွားရင်လည်း နောက်ထပ်မတူညီတဲ့ရည်မှန်းချက်ပန်းတိုင်တွေထပ်ပေါ်လာဦးမှာပါပဲ။ အဲဒါတွေအတွက် ဆက်ပြီးကြိုးပမ်းနေရဦးမှာပါပဲ။

ကျွန်တော်ပြောတာမယုံရင် လိုင်ယွန်နယ်မက်ဆီကိုပဲကြည့်ပါ။ သူ့ဘဝမှာဒီတစ်ခုပဲလိုအပ်ပါတော့တယ်ဆိုတဲ့ ကမ္ဘာ့ဖလားချန်ပီယံဆုကြီးကို ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ၁၈ရက်နေ့မှာ သူလက်ဝယ်ပိုင်ပိုင်ရရှိခဲ့ပြီးဖြစ်ပါတယ်။ အဲဒီနောက် မက်ဆီရဲ့ပရိသတ်တွေကလည်းပြောကြပါတယ်။ ကမ္ဘာ့ဖလားရပြီးပြီ၊ အေးဆေးပဲ၊ မက်ဆီအတွက်ဘာလိုသေးလဲ။ ရှေ့လျှောက်မက်ဆီကန်သမျှဘောလုံးပွဲတွေနဲ့ လျှောက်သမျှခြေလှမ်းတိုင်းဟာ အပျော်သဘောသာဖြစ်သွားပြီဆိုတဲ့သဘောမျိုး မက်ဆီပရိသတ်တွေကိုယ်တိုင်ပြောခဲ့ကြပါတယ်။ တကယ်တော့ အဲသလို လုံးဝမဟုတ်ပါဘူး။ မက်ဆီရဲ့ခေါင်းထဲမှာ သူ့ရဲ့အနာဂတ်၊ သူ့မိသားစုရဲ့အနာဂတ်အတွက်ပလန်တွေကအစီအရီကျန်နေပါသေးတယ်။ အင်တာမိုင်ယာမီကိုပြောင်းရွှေ့ခဲ့တာဟာလည်းRetirement leagueလို့ပရိသတ်တွေလှောင်ပြောင်ကြသလို အေးဆေးပိုက်ဆံယူဖို့ပြောင်းရွှေ့လာခဲ့တာမဟုတ်ပဲ သူ့ရဲ့အနာဂတ်ပလန်တွေကိုအကောင်အထည်ဖော်ပေးနိုင်စွမ်းရှိတဲ့အရပ်မို့ သူပြောင်းလာခဲ့တာဖြစ်ပါတယ်။

အဲဒီအနာဂတ်ပလန်ဆိုတာကတော့တခြားမဟုတ်ပါဘူး။ ထာဝရအကောင်းဆုံးဘောလုံးသမားအဖြစ်ကနေအနားယူပြီးတဲ့နောက်မှာ ကမ္ဘာ့အချမ်းသာဆုံးဘီလျံနာစီးပွားရေးသမားတွေထဲကတစ်ယောက်အဖြစ် ဆက်လက်ရပ်တည်ဖို့ပဲဖြစ်ပါတယ်။ အဲဒီလိုဖြစ်ဖို့အတွက်ဆိုရင် အမေရိကန်ပြည်ထောင်စုဟာမက်ဆီအတွက်ဗျူဟာမြောက် strategic locationတစ်ခုဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာကျင်လည်ကစားကြတဲ့ အားကစားသမားအကျော်အမော်တွေဟာ တခြားနိုင်ငံတွေကအားကစားသမားတွေနဲ့ယှဥ်ရင် ဘီလျံနာဖြစ်နိုင်ချေအများကြီးရှိပါတယ်။ အကြောင်းကတော့ အလိုလိုစီးပွားရေးအခွင့်အလမ်းတွေရရှိတာ၊ အနားယူပြီးတဲ့နောက်သူတို့ရဲ့ကလပ်အသင်းတွေဘက်ကနေသူတို့ဘဝအတွက်အာမခံချက်ပေးနိုင်တာတွေကြောင့်ဖြစ်ပါတယ်။ ဘတ်စကတ်ဘောလောကရဲ့ GOATလို့အများကလက်ခံထားကြတဲ့ မိုက်ကယ်ဂျော်ဒန်နဲ့ ဥပမာပေးပါမယ်။ ကစားသမားဘဝကနေအနားယူသွားပြီဖြစ်တဲ့ မိုက်ကယ်ဂျော်ဒန်ရဲ့ စုစုပေါင်းကြွယ်ဝမှု(net worth)ဟာ အမေရိကန်ဒေါ်လာ ၃.၀၅ဘီလီယံအထိရှိကာ Forbesမဂ္ဂဇင်းရဲ့၂၀၂၄ခုနှစ်စစ်တမ်းအရ အမေရိကန်ပြည်ထောင်စုရဲ့ ၃၈ယောက်မြောက်အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ်မှတ်တမ်းဝင်နိုင်ခဲ့ပါတယ်။ ထူးခြားတာက ဒီ၃.၀၅ဘီလီယံရဲ့ ၉၇ရာခိုင်နှုန်းဟာ ဂျော်ဒန်ကစားသမားဘဝကနေအနားယူပြီးနောက်ပိုင်းမှရရှိလာခဲ့တာဖြစ်ပါတယ်။ အနားမယူခင်က အမေရိကန်ဒေါ်လာသန်း၁၀၀နီးပါးပဲပိုင်ဆိုင်ခဲ့ရာကနေ အနားယူပြီးနောက် ၃.၀၅ဘီလီယံအထိတိုးတက်လာခဲ့တာဟာအကြောင်းမဲ့မဟုတ်ပါဘူး။ NBAနဲ့ဂျော်ဒန်တို့ကြားမှာ သူကစားသမားဘဝကတည်းကချုပ်ဆိုထားတဲ့ စာချုပ်ပါသဘောတူညီမှုတွေကြောင့်ဖြစ်ပါတယ်။ အဆိုပါသဘောတူညီမှုတွေကတော့ ကစားသမားဘဝကနေအနားယူပြီးနောက်ပိုင်းမှာ ဂျော်ဒန့်ကိုကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေမတည်ပေးမယ်။ အရင်းအနှီးထုတ်ပေးမယ်။ စပွန်ဆာကြေးတွေလည်း နှစ်စဥ်ဆက်လက်ပေးချေမယ်ဆိုတဲ့ သဘောတူညီမှုတွေပဲဖြစ်ပါတယ်။ အဲဒီအတွက် ဂျော်ဒန်ဘက်ကလုပ်ပေးရမှာတစ်ခုပဲရှိပါတယ်။ ကစားသမားဘဝကုန်ဆုံးတဲ့အထိ အမေရိကန်ပြည်ထောင်စုမှာသာကစားပေးဖို့ဖြစ်ပါတယ်။

လိုင်ယွန်နယ်မက်ဆီလည်း မိုက်ကယ်ဂျော်ဒန်ရဲ့လမ်းစဥ်ကိုလိုက်နေတာဖြစ်ပါတယ်။ တကယ်တော့ အင်တာမိုင်ယာမီအသင်းမှာမက်ဆီရရှိနေတဲ့တစ်နှစ်လုပ်ခလစာက ဒေါ်လာသန်း၂၀ကျော်ရုံလေးပါ။ ဒါဟာ ပီအက်စ်ဂျီအသင်းမှာရရှိခဲ့တဲ့နှုန်းထားရဲ့ တစ်ဝက်တိတိပဲရှိပါတယ်။ ဒီကြားထဲပီအက်စ်ဂျီကနေထွက်ခွာမယ်လုပ်တော့ ဆော်ဒီပရိုလိဂ်ဘက်ကနေ တစ်နှစ်ကိုယူရိုသန်း၅၀၀အထိပေးချေမယ့်လုပ်ခလစာမျိုးနဲ့ မက်ဆီကိုသူတို့လိဂ်ထံလာဖို့ကမ်းလှမ်းခဲ့ဖူးပါတယ်။ ဒါဟာ ခရစ္စတီယာနိုရော်နယ်လ်ဒို ဆော်ဒီမှာရရှိနေတဲ့တစ်နှစ်လုပ်ခလစာထက်တောင် ၂ဆကျော်ပိုမိုများပြားနေသေးတာဖြစ်ပါတယ်။ ဒါပေမယ့် မက်ဆီကဆော်ဒီကိုငြင်းပယ်ကာ အမေရိကားကိုရွေးချယ်ခဲ့ပါတယ်။ အကြောင်းရင်းကတော့ ဆော်ဒီဟာ လတ်တလောကာလအတွက်ငွေ​ပုံပေးနိုင်ပေမယ့် အနားယူပြီးနောက် ကစားသမားအတွက် "After retirement plan"မဖန်တီးပေးထားပါဘူး။ အမေရိကမှာတော့ အနားယူပြီးချိန်ကစလို့ ကွယ်လွန်သည်အထိ ကစားသမားအတွက်ငွေကြေးစီးဆင်းမှုတွေ၊ ပိုင်ဆိုင်ခံစားခွင့်တွေတစ်ပါတည်းဖန်တီးပေးထားပါတယ်။ (ဒီနေရာမှာသတိချပ်ဖို့လိုတာက ကစားသမားတိုင်းအတွက်ဖန်တီးပေးထားတာတော့မဟုတ်ပါဘူး။ မိုက်ကယ်ဂျော်ဒန်၊ လီဘရွန်ဂျိမ်းစ်၊ မက်ဆီတို့လို သူတို့အတွက်အများကြီးပြန်အကျိုးပေးနိုင်တဲ့၊ အများကြီးအကျိုးအမြတ်ရှာပေးနိုင်တဲ့ အမြင့်ဆုံးအဆင့်အားကစားသမားတွေအတွက်သာ ဖန်တီးပေးထားတာဖြစ်ပါတယ်)။ အကယ်၍ ကစားသမားဘဝကနေအနားယူတဲ့အထိ အင်တာမိုင်ယာမီတစ်သင်းတည်းမှာသာကစားပေးမယ်ဆိုရင် အနားယူပြီးတဲ့အခါ မက်ဆီဟာအင်တာမိုင်ယာမီရဲ့ရှယ်ယာရှင်အလိုအလျောက်ဖြစ်ခွင့်ရမှာပါ။ အဲဒီရှယ်ယာဟာ မက်ဆီကွယ်လွန်ပြီးနောက်ပိုင်းမှာလည်း သူ့ရဲ့သားစဥ်မြေးဆက်အထိ လက်ဆင့်ကမ်းပိုင်ဆိုင်ခွင့်ရှိနေပါတယ်။ အခုချိန်မှာအင်တာမိုင်ယာမီအသင်းရဲ့net worthဟာ မက်ဆီရောက်ရှိလာခြင်းနှင့်အတူ အမေရိကန်ဒေါ်လာ၂ဘီလီယံအထိတန်ကြေးရှိနေပြီဖြစ်ပါတယ်။ အဲဒီNet worthရဲ့ ​လေးပုံတစ်ပုံကျော်ကို မက်ဆီကရှယ်ယာပိုင်ဆိုင်ခွင့်ရရှိမှာဖြစ်ပါတယ်။ ဒါ့အပြင် မေဂျာလိဂ်ရဲ့ တရားဝင်စပွန်ဆာတွေဖြစ်ကြတဲ့ Adidasနဲ့ Sociosတို့လိုကုမ္ပဏီတွေကလည်း မက်ဆီသာအနားယူတဲ့အထိ မေဂျာလိဂ်မှာဆက်ကစားမယ်ဆိုရင် အနားယူပြီးနောက် ကွယ်လွန်တဲ့အချိန်ထိ တစ်နှစ်ကိုဒေါ်လာ ၂၅သန်းနဲ့ သန်း၂၀ အသီးသီးပေးချေကြမှာဖြစ်ပါတယ်။

ဒါတွေတင်မကသေးပါဘူး။ မက်ဆီကို အမေရိကန်ပြည်ထောင်စုမှာကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေလုပ်ကိုင်နိုင်အောင် မတည်ပေးဦးမှာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ မက်ဆီအနေနဲ့ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း၃ခုကိုပိုင်ဆိုင်ထားပါတယ်။ "Messi store"လို့အမည်ရတဲ့ စတိုးဆိုင်တစ်ခုရယ်၊ စပိန်နဲ့အန်ဒိုရာနိုင်ငံတွေမှာဖွင့်လှစ်ထားတဲ့ ဟိုတယ်နှစ်လုံးရယ်ဖြစ်ပါတယ်။ ခက်တာက ဒီ၃ခုလုံးဟာ mainstream successလို့ခေါ်တဲ့ အောင်မြင်ထင်ရှားလူသိများတဲ့စီးပွားရေးလုပ်ငန်းတွေ ဖြစ်မလာတာပါပဲ။ အမေရိကန်ပြည်ထောင်စုမှာစီးပွားရေးလုပ်မယ်ဆိုရင်တော့ အောင်မြင်ဖို့ရာခိုင်နှုန်းများပါတယ်။ စီးပွားရေးလုပ်လို့အရမ်းကောင်းတဲ့နေရာဖြစ်သလို မက်ဆီ့ကိုသေချာအကြံပေးမယ့် advisorကောင်းတွေလည်းရှိနေပါတယ်။ ဒါတွေကြောင့်လည်း မက်ဆီဟာရှေ့ရေးကို မျှော်တွေးကာ အင်တာမိုင်ယာမီအသင်းနဲ့၂၀၂၆ခုနှစ် ဒီဇင်ဘာအထိစာချုပ်သက်တမ်းတိုးဖို့ လောလောလတ်လတ်ကပဲဆုံးဖြတ်ခဲ့ပါတယ်။ ဆန္ဒရှိရင် ၂၀၂၇ခုနှစ် ဒီဇင်ဘာအထိနောက်တစ်နှစ်တိုးလို့ရပါသေးတယ်။ လက်ရှိမှာ အသက်၃၇နှစ်အရွယ်ရှိပြီဖြစ်တာကြောင့်ဒီလိုအင်တာမိုင်ယာမီအသင်းနဲ့စာချုပ်သက်တမ်းတိုးတာဟာ သူ့ရဲ့ကစားသမားဘဝကို ဒီမှာပဲကုန်ဆုံးတော့မယ်ဆိုတဲ့သဘောလည်းသက်ရောက်နေပါတယ်။ လက်ရှိမှာမက်ဆီရဲ့ စုစုပေါင်းကြွယ်ဝမှုဟာ အမေရိကန်ဒေါ်လာသန်း၈၅၀ပဲရှိပါတယ်။ ပြောရရင် မိုက်ကယ်ဂျော်ဒန်၊ လီဘရွန်ဂျိမ်းစ်တို့လို ဘီလျံနာအဆင့်ကိုမရောက်သေးပဲ မီလျံနာအဆင့်မှာသာရှိပါသေးတယ်။ အမေရိကန်ပြည်ထောင်စုရဲ့အချမ်းသာဆုံးလူအယောက်၁၀၀စာရင်းထဲမှာတောင် မပါဝင်နေသေးပါဘူး။ အကယ်၍အင်တာမိုင်ယာမီအသင်းမှာသာ ကစားသမားဘဝကုန်ဆုံးခဲ့မယ်ဆိုရင်တော့ မက်ဆီဟာအနာဂတ်မှာ မိုက်ကယ်ဂျော်ဒန်ထက်တောင်ပိုမိုချမ်းသာတဲ့ဘီလျံနာကြီးတစ်ဦးဖြစ်လာမှာဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာအချမ်းသာဆုံးအားကစားသမားအဖြစ်သာမက ကမ္ဘာ့အချမ်းသာဆုံးလူပုဂ္ဂိုလ်​တွေထဲကတစ်ဦးအဖြစ်ပါ အနာဂတ်တစ်ချိန်မှာမှတ်တမ်းဝင်လာတော့မှာ သေချာနေပါတယ်။ ဒီလိုခြေတစ်လှမ်းလှမ်းလိုက်ရုံနဲ့ ကုဋေတစ်သန်းလောက်အာမခံချက်ရှိတဲ့နေရာမို့လည်း မက်ဆီက​အင်တာမိုင်ယာမီကိုရွေးချယ်ခဲ့တာ၊ စာချုပ်သက်တမ်းလည်းတိုးခဲ့တာဖြစ်ပါတယ်။ ဘယ်လွန်ဒေါ၈လုံး၊ ကမ္ဘာ့ဖလား၊ ထာဝရအကောင်းဆုံးဘောလုံးသမား၊ ပြီးတော့ ကမ္ဘာ့အချမ်းသာဆုံးလူပုဂ္ဂိုလ်တွေထဲကတစ်ယောက်။ ဘယ်လောက်တောင်လူဖြစ်ရကျိုးနပ်လိုက်သလဲ။

08/05/2026

ကောင်းပါတယ်၊ သို့သော်

၂၀၁၈ကမ္ဘာ့ဖလားမှာပြင်သစ်အသင်းချန်ပီယံဖြစ်တုန်းက ခီလီယန်အမ်ဘာပေဟာ ထွန်းတောက်ခါစလူငယ်တစ်ယောက်ပါ။ ကလပ်အသင်းမှာဆို နေမာ၊ လက်ရွေးစင်အသင်းမှာဆို ဂရစ်ဇ်မန်း၊ ပေါ့ဂ်ဘာတို့လိုစီနီယာတွေရဲ့ အရိပ်အောက်မှာပဲရှိပါသေးတယ်။ Egoတွေအခုလောက်မကြီးသေးဘူး။ အရှိန်အဝါတွေ အခုလောက်မရှိသေးဘူး။ ဒီတော့ သူ့ကိုအခြေပြုပြီးအသင်းတစ်သင်းကိုတည်ဆောက်စရာမလိုခဲ့သေးဘူးပေါ့။ အဲဒီအချိန်မှာပြင်သစ်အသင်းရဲ့ဘယ်တောင်ပံတစ်လျှောက် အမ်ဘာပေဆိုတဲ့လူငယ်လေးက အတ္တမာနကင်းစွာနဲ့ကြိုးစားကစားခဲ့ပြီးအသင်းကိုကမ္ဘာ့ချန်ပီယံဖြစ်အောင် အဓိကနေရာတစ်နေရာကပါဝင်ပတ်သက်ခဲ့ပါတယ်။ အဓိကနေရာတစ်နေရာက ပါဝင်တာပါ။ ဗဟိုချက်မနေရာကနေ ပါဝင်တာမဟုတ်ပါဘူး။ ဒီနှစ်ခုကမတူပါဘူး။

​ကမ္ဘာ့ဖလားချန်ပီယံဖြစ်ပြီးနောက်ပိုင်းမှာတော့ အမ်ဘာပေရဲ့အရှိန်အဝါက ကလပ်အသင်းမှာရော၊ နိုင်ငံအသင်းမှာပါ တဖြည်းဖြည်းကြီးမားလာခဲ့တယ်။ တစ်မျိုးဆက်မှာတစ်ယောက်ဆိုသလို Generational talentမျိုးဖြစ်တာကြောင့်လည်းပါတာပေါ့။ ပီအက်စ်ဂျီဟာ နေမာကိုအခြေပြုတည်ဆောက်ထားတဲ့ နေမာစန်းထရစ်အသင်းအဖြစ်ရှိနေရာကနေ တဖြည်းဖြည်းနဲ့အမ်ဘာပေစန်းထရစ်အသင်းအဖြစ်ပြောင်းလဲလာတယ်။ ပြင်သစ်လက်ရွေးစင်အသင်းမှာလည်း ထို့အတူပဲ။ ကစားတဲ့နေရာအရ ဘယ်တောင်ပံမဟုတ်တော့ပဲ Center forwardနေရာကိုပြောင်းကစားလာတဲ့အပြင် တစ်သင်းလုံးရဲ့ကစားကွက်ကိုပါ အမ်ဘာပေကိုအခြေပြုပြီးတည်ဆောက်လာရတာကြောင့် လုံးဝ Mbappe-centeredအသင်းတစ်သင်းဖြစ်လာပါတယ်။

ဒီလိုဖြစ်သွားတဲ့အခါ အမ်ဘာပေတစ်ကိုယ်စာပိုကောင်းလာခဲ့တယ်။ ဂိုးတွေပိုသွင်းလာနိုင်တယ်။ သွင်းဂိုးတွေအတွက်အားကိုးရလောက်တဲ့ကစားသမားတစ်ယောက်အဖြစ် ကလပ်အသင်းလယ်ဗယ်မှာရော၊ နိုင်ငံအသင်းလယ်ဗယ်မှာပါ သက်သေပြထားနိုင်ပါတယ်။ ပြဿနာက သူတစ်ကိုယ်စာပိုကောင်းလာပေမယ့် တွဲကစားတဲ့အသင်းဖော်တွေကငုံးလာတာပါပဲ။ ဒါဟာ အမ်ဘာ​ပေဗဟိုပြုအသင်းတစ်သင်းမှာတွေ့လာရတဲ့ပြဿနာတစ်ရပ်ဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းမှာ မက်ဆီ၊ နေမာတို့ရှိနေသည့်တိုင် အမ်ဘာပေကိုပဲအခြေပြုထားခဲ့တယ်။ မက်ဆီ၊ နေမာတို့လိုလူတွေကအစ လွတ်လွတ်လပ်လပ်မကစားရပဲအမ်ဘာပေကိုလိုက်ဖြည့်ပြီးကစားနေရတဲ့ပုံစံဖြစ်တာကြောင့် ပုံမှန်ခြေစွမ်းအောက်ကိုရောက်လာတယ်။ အမ်ဘာပေကဇာတ်ဆောင်၊ သူတို့က ဇာတ်ပို့လိုကိုဖြစ်လာတယ်။ ရလဒ်ကရော? အမ်ဘာပေရှိစဥ်က သူတို့အရမ်းလိုချင်တဲ့ ချန်ပီယံလိဂ်ဖလားကိုပီအက်စ်ဂျီမရခဲ့ပါဘူး။ အမ်ဘာပေထွက်သွားတဲ့ရာသီမှာပဲ ချန်ပီယံလိဂ်ဖလားကိုတန်းရခဲ့တာက တိုက်ဆိုင်မှုမဟုတ်လောက်ဘူး။ အခုဆိုရင် ၂ရာသီဆက်တိုက်တောင်ချန်ပီယံလိဂ်ရသွားနိုင်တဲ့အထိအခြေအနေကောင်းနေတယ်။ ဒမ်ဘီလီဆိုရင်လည်း အမ်ဘာပေထွက်သွားမှသာ သူ့ရဲ့အစွမ်းအစတွေပေါ်ထွက်လာပြီး ဘယ်လွန်ဒေါတွေဘာတွေရခဲ့တယ်။ ဒါတိုက်ဆိုင်မှုမဟုတ်လောက်ဘူး။

ပြင်သစ်လက်ရွေးစင်အသင်းမှာဆို ပိုဆိုးပါတယ်။ ဂရစ်ဇ်မန်း၊ ဘန်ဇီးမား၊ ပေါ့ဂ်ဘာတို့မရှိတော့တဲ့နောက်မှာ အမ်ဘာပေရဲ့ပုံရိပ်ကိုရင်ဘောင်တန်းနိုင်တဲ့ကစားသမားမရှိတော့တာကြောင့် လုံးဝကိုအမ်ဘာပေရဲ့အသင်းဖြစ်လာခဲ့တယ်။ အသင်းခေါင်းဆောင်လက်ပတ်ကိုပါ ကောက်စွပ်ထားတယ်။ ဘယ်ပွဲကိုမှကန်ချင်တယ်၊ ဘယ်ပွဲဆိုမကန်ချင်ဘူးကအစ သူ့စိတ်ကြိုက်ဆုံးဖြတ်ခွင့်ရနေပါတယ်။ တွဲဖက်ကစားသမားတွေလည်း အမ်ဘာပေကိုပဲအခြေတည်ပြီးကစားလာရတာကြောင့် ကိုယ်ကိုယ်တိုင်ရဲ့လုပ်နိုင်ကိုင်နိုင်စွမ်းတွေ ကျဆင်းလာပါတယ်။ ရလဒ်ကရော? ၂၀၁၈ကမ္ဘာ့ဖလားနောက်ပိုင်း ၂၀၂၁နေးရှင်းလိဂ်ဖလားကလွဲလို့ အောင်မြင်မှုကြီးကြီးမားမားတွေထပ်မရတော့ပါဘူး။

လက်ရှိရီးရဲလ်မက်ဒရစ်မှာလည်း ဗင်နီစီးယပ်စ်၊ ဘယ်လင်ဂမ်တို့လို အမ်ဘာပေမရောက်ခင်က တော်တော်စွာခဲ့တဲ့ကစားသမားတွေဟာ အမ်ဘာပေရောက်လာပြီးနောက် ပြီးခဲ့တဲ့ရာသီနဲ့ဒီရာသီမှယသိသိသာသာငုံးသွားပါတယ်။ အမ်ဘာပေမျက်နှာကြည့်ကစားနေရသလိုဖြစ်လာတာကြောင့် သူတို့ရဲ့ပေါက်ကွဲအား၊ ဖန်ရည်တီးရည်၊ ဂိုးသွင်းနှုန်းတွေ အဘက်ဘက်ကကျဆင်းလာပါတယ်။ ရလဒ်ကရော? မနှစ်ကရော ဒီနှစ်ပါ ရီးရဲလ်မက်ဒရစ်အတွက်ရှားရှားပါးပါးဖလားလက်မဲ့၂ရာသီဆက်ဖြစ်ခဲ့ပါတယ်။ အခုဆိုရင် ဗင်နီစီးယပ်စ်နဲ့သူ့ကြားက ပါဝါအားပြိုင်မှုမှာ တစ်သင်းလုံးကဗင်နီဘက်ကိုပါနေပြီး အမ်ဘာပေကတော့တစ်သင်းလုံးရဲ့အပြင်ကို တစ်ယောက်တည်းထွက်ထိုင်နေရသလို ဖြစ်နေပါပြီ။ ရီးရဲလ်မက်ဒရစ်နဲ့သူ့ကြား အနာဂတ်ဟာလည်း ဝေဝါးစပြုလာပြီဖြစ်ပါတယ်။

အမ်ဘာပေက တကယ်ကောင်းပါတယ်။ အခြေပြုပြီးကစားလောက်စရာအဆင့်အတန်းမျိုးနဲ့ကစားသမားတစ်ဦးဖြစ်တာ ငြင်းစရာမရှိပါဘူး။ သို့သော် မကစားသင့်ပါဘူး။ သူ့ကိုအခြေပြုပြီးကစားလိုက်တာနဲ့ သူတစ်ကိုယ်စာ၁၀၀ဖြစ်သွားပေမယ့် တွဲဖက်ကစားသမားတွေကတော့ နဂို၁၀၀ကနေ ၇၀၊ ၆၀လောက်အထိကျဆင်းသွားတတ်လို့ပါပဲ။ သူ့ဆီက ၁၀၀၊ အသင်းဖော်တွေဆီကလည်း ၁၀၀၊ စုစုပေါင်း ၂၀၀ ရရမယ့်အစား သူ့ဆီက ၁၀၀၊ အသင်းဖော်တွေဆီက ၄၀၊ စုစုပေါင်း ၁၄၀လောက်ပဲ အသင်းကခံစားခွင့်ရပါတော့တယ်။ သူ့ကို ပစားပေးလိုက်တာနဲ့ ဘဝင်လေးကမြင့်၊ စိတ်ကြီးကဝင်တတ်တဲ့ personalityမျိုးကလည်းရှိနေတာဆိုတော့ အမ်ဘာပေကတစ်ကိုယ်စာခြေစွမ်းကောင်းသလောက် အသင်းအတွက်ဆို ဗိုင်းရပ်စ်တစ်ကောင်ပါပဲ။

08/05/2026

ခန့်မှန်းချက်ဆိုတာ နေရာတိုင်းမှာရှိတယ်

ဘောလုံးကအလုံးကြီးမို့ ဘာမဆိုဖြစ်သွားနိုင်တယ်ဆိုပေမယ့် အဲဒါကြောင့်နဲ့ပဲ ပွဲမတိုင်ခင်ဘာမှမခန့်မှန်းပဲနှုတ်ပိတ်နေရမယ်လို့တော့ မဟုတ်ပါဘူး။ အားကစားရဲ့သဘာဝကိုက တစ်ဖက်နဲ့တစ်ဖက်ယှဥ်ပြိုင်ခြင်းဖြစ်တဲ့အတွက် ဘယ်သူနိုင်မယ်၊ ဘယ်သူရှုံးမယ်ဆိုတဲ့ပွဲကြိုခန့်မှန်းချက်ဆိုတာ နေရာတိုင်းမှာရှိပါတယ်။ ဘောလုံးမှမဟုတ်၊ အားကစားတိုင်းမှာ ပွဲကြိုခန့်မှန်းမှုဆိုတာရှိတယ်။ ဖြစ်တာမဖြစ်တာက တစ်ပိုင်းပဲ။ ကိုယ်ထင်ရာကိုယ် ခန့်မှန်းခွင့်တော့လူတိုင်းမှာရှိပါတယ်။ ဒါကို ကိုယ့်အကြိုက်ခန့်မှန်းချက်မဟုတ်တာနဲ့ပဲ "ပွဲမှမကန်ရသေးဘူး၊ ခန့်မှန်းနေကြပြီ၊ ဘောလုံးကအလုံးကြီးနော်၊ အဲလောက်သေချာနေရင်အိမ်ပေါင်လောင်းလိုက်"တို့ဘာတို့ပြောနေတာက သူငယ်တန်းကလေးဆန်ပါတယ်။ ပီအက်စ်ဂျီ Vs အာဆင်နယ် ချန်ပီယံလိဂ်ဖိုင်နယ်မှာရော ဘယ်အသင်းအနိုင်ရဗိုလ်စွဲသွားမယ်လို့ ခန့်မှန်းထားပါသလဲ။ စာရေးသူကတော့ ခန့်မှန်းထားပြီးပြီဖြစ်ပါတယ်။ But if I speak, I will be in trouble.

07/05/2026

ပီအက်စ်ဂျီက အချဥ်မှမဟုတ်တာ

လုံလောက်တဲ့လေးစားအသိအမှတ်ပြုမှုကို ရမနေတဲ့ထဲမှာ ပီအက်စ်ဂျီလည်းပါတယ်လို့စာရေးသူထင်မိပါတယ်။ ပီအက်စ်ဂျီဘယ်လောက်ကောင်းတယ်ဆိုတာကို သေသေချာချာသိရှိနားလည်တဲ့ဘောလုံးပရိသတ်တွေရှိပေမယ့် သူတို့ကိုအမြဲတမ်းလျှော့တွက်နေတဲ့လူတစ်စုကလည်း တသီးတသန့်ကိုရှိနေပါတယ်။ ဒုတိယအမျိုးအစားကတောင် အရေအတွက်ပိုဦးမယ်လို့ထင်တယ်။ ဒါကလည်း မထူးဆန်းပါဘူး။ လူ့သဘောမနောတွေကိုသေချာနားလည်သဘောပေါက်ထားတဲ့​စာရေးသူအတွက်တော့ ဒါမျိုးကရိုးးးးဟိုးးးဟိုးးးနေပြီဖြစ်ပါတယ်။

အကောင်းဆုံး၊ အတော်ဆုံး၊ လူကြိုက်အများဆုံးဆိုတဲ့လူတွေ၊ အနုပညာဖန်တီးမှုတွေ၊ အရာဝတ္ထုပစ္စည်းတွေကို ကန့်လန့်တိုက်ချင်တဲ့ "Go against the crowd"ဆိုတဲ့စိတ်လေးက လူတွေမှာရှိတတ်ကြတယ်။ ပီအက်စ်ဂျီက လက်ရှိဥရောပချန်ပီယံပဲ။ သူတို့အသင်းတိုင်းကို အလဲထိုးအနိုင်ယူထားတယ်။ ဒီအချိန်မှာ အကောင်းဆုံးကိုကန့်လန့်တိုက်ချင်တဲ့လူတွေက "ပီအက်စ်ဂျီဆိုတာအဲဒီလောက်လည်းမဟုတ်ပါဘူးကွာ၊ ကြည့်ပါလား Club World Cupတုန်းကဆိုချယ်လ်ဆီးကို၃ဂိုးပြတ်တောင်ရှုံးတာ၊ ဒွန်နာရမ်မာလည်းမရှိတော့ဘူး။ မနှစ်ကခြေလောက်ကြီးလည်း ကောင်းမနေဘူး"စသဖြင့် ပီအက်စ်ဂျီရဲ့ကောင်းကွက်တွေကိုမသိချင်ယောင်ဆောင်လိုက်ကြတယ်။ ကိုယ်က ပီအက်စ်ဂျီအဲလောက်မကောင်းပါဘူးကွာဆိုတဲ့ဘက်ခြမ်းမှာ ရပ်တည်ချင်တာဖြစ်တဲ့အတွက် အဲဒီရပ်တည်ချက်ကို supportလုပ်ပေးတဲ့ပီအက်စ်ဂျီရဲ့အားနည်းချက်တချို့ကိုသာ ကွက်ပြီးပြောလိုက်ကြတယ်။ ဒါကိုစိတ်ပညာမှာ confirmation biasလို့ခေါ်ပါတယ်။

ဒွန်နာရမ်မာမရှိတော့ရော ဘာဖြစ်သွားလဲ။ အရန်ဂိုးသမားဆိုဖာနော့ဗ်နဲ့ သူတို့ဖိုင်နယ်အထိတက်လာနိုင်တာပဲ။ မနှစ်ကခြေလောက်ကြီးမကောင်းတော့ရော သူတို့ကိုဘယ်အသင်းကများရပ်တန့်နိုင်နေလို့လဲ။ ချယ်လ်ဆီးနဲ့လည်းတွေ့ခဲ့တယ်။ လီဗာပူးနဲ့လည်းတွေ့ခဲ့တယ်။ တစ်လောကလုံးဝိုင်းမနေကြတဲ့ ဘိုင်ယန်မြူးနစ်နဲ့လည်း တည့်ဖြုတ်ခဲ့တယ်။ ချယ်လ်ဆီးကနေ ဘိုင်ယန်မြူးနစ်အထိ ၆ပွဲတိတိမှာ၅ပွဲအထိသူတို့နိုင်တယ်။ ညကတစ်ပွဲပဲသရေကျတယ်။ ဒါတောင်ဟယ်ရီကိန်းရဲ့နောက်ကျချေပဂိုးကြောင့်သာ သရေကျသွားတာဖြစ်တယ်။ ဘယ်မှာလဲရှုံးပွဲ။ အဲဒီလောက်ကြီးမကောင်းပါဘူးကွာ၊ မနှစ်ကလောက်လည်းမကောင်းပါဘူးကွာဆိုတဲ့ပီအက်စ်ဂျီကိုတောင် မဟားတရားကောင်းလွန်းအားကြီးပါတယ်လို့လူတွေဝိုင်းပြောနေကြတဲ့ဘိုင်ယန်မြူးနစ်ကြီးက နှစ်ကျော့လုံးမနိုင်သွားဘူး။ ဒါဟာ ပီအက်စ်ဂျီရဲ့လက်ရှိရောက်နေတဲ့အဆင့်အတန်းပဲဖြစ်ပါတယ်။ ဘယ်လိုအကြောင်းပြချက်နဲ့ပဲ ခင်ဗျားလက်မခံသည်ဖြစ်စေ၊ အမှန်တရားကတော့ အမှန်တရားအတိုင်းပဲရှိတယ်။ ဒီအမှန်တရားကို မြင်တဲ့သူကလည်းမြင်ပါတယ်။

တစ်ခါလာလည်း ချယ်လ်ဆီးကို ၃-၀ရှုံးတယ်။ နှစ်ခါလာလည်း ချယ်လ်ဆီး​ကို ၃-၀ရှုံးတယ်။ တခြားပွဲစဥ်တစ်ခုခုကိုလက်ညှိုးထိုးစရာမရှိတဲ့အခါ ချယ်လ်ဆီးကိုဂိုးပြတ်ရှုံးခဲ့တဲ့ rare failureလေးတစ်ခုကိုပဲအကြိမ်ကြိမ် highlightလုပ်နေရတာကလည်း ပီအက်စ်ဂျီရဲ့အဆင့်အတန်းကိုသိသာစေပါတယ်။ ပြီးခဲ့တဲ့ရာသီနဲ့ ဒီရာသီမှာပီအက်စ်ဂျီကိုလက်ညှိုးထိုးစရာက ဒီတစ်ပွဲလေးပဲရှိတယ်။ တခြားပွဲရှာမတွေ့ဘူး။ ရှိတဲ့တစ်ပွဲလေးကိုပဲ ပုံကြီးချဲ့ပြောနေရတယ်။ ဘာနဲ့တူလဲဆိုရင် အန်တိုနီယိုကွန်တီရဲ့နည်းပြဘဝမှာ ကိုင်သမျှအသင်းတိုင်းနဲ့အမှတ်ပေးဖလားရခဲ့တာကိုမေ့ထားကာ စပါးနဲ့အဆင်မပြေခဲ့တာလေးတစ်ခုကိုပဲ ကွက်ပြောပြီးကွန်တီမကောင်းဘူးလုပ်နေတဲ့အတိုင်းပါပဲ။

ဒီနည်းအားဖြင့် ပီအက်စ်ဂျီကိုလူတွေက ​လိုတာထက်ပိုပြီးလျှော့တွက်ကြတယ်။ ပီအက်စ်ဂျီနဲ့မတွေ့ခင်အထိကတော့ ဒီအသင်းကအဲဒီလောက်ကြီးလည်းမဟုတ်ပါဘူးကွာ၊ ငါတို့ဘယ်လိုကန်ရင်နိုင်ပါတယ်၊ စသဖြင့် စိတ်ကူးနဲ့ရူးကြတာချည်းပဲ။တကယ်တမ်းကွင်းထဲမှာရင်လည်းရင်ဆိုင်ရရော ပီအက်စ်ဂျီကြီးက တော်တော့်ကိုမလွယ်ပါလားဆိုတဲ့သင်ခန်းစာကိုပိုက်ပြီး အိမ်ပြန်ခဲ့ရတာချည်းပါပဲ။ ရောဘတ်ဆန်းချက်ဇ်ပြောခဲ့တယ်။ ဒီရာသီချန်ပီယံလိဂ်မှာပီအက်စ်ဂျီနဲ့ပြန်တွေ့ချင်တယ်တဲ့။ တကယ်လည်းတွေ့ရော ကလေးနဲ့လူကြီးလိုဖြစ်ပြီး နှစ်ကျော့ပေါင်း ၈-၂နဲ့အရှက်ကွဲခဲ့တယ်။ ပါရီမြေမှာ ၂-၀နဲ့ရှုံးပြီး အန်ဖီးလ်မှာဒုတိယအကျော့ကန်ရမယ်လည်းဆိုရော၊ ငါတို့comebackပြန်လာနိုင်ပါတယ်၊ အန်ဖီးလ်မှာပီအက်စ်ဂျီကို comeback winပြန်ယူဖို့ဆိုတာဖြစ်နိုင်ပါတယ်လို့ လီဗာပူးအသိုင်းအဝိုင်းဘက်က အသံတွေကြားခဲ့ရတယ်။ တကယ်တမ်းမှာ အန်ဖီးလ်မှာတင် ၀-၂နဲ့ထပ်ရှုံးသွားတယ်။ လာပြီ ဘိုင်ယန်။ ဒီရာသီရဲ့ ဂိုးသွင်းအများဆုံး၊ တိုက်စစ်အကြမ်းဆုံး၊ လောင်းကစားသမားတွေကိုအလုပ်ကျွေးနိုင်ဆုံးအသင်းမို့ ပရိသတ်အများစုက ဘိုင်ယန်မှဘိုင်ယန်ဖြစ်နေကြတယ်။ ပီအက်စ်ဂျီကွင်းမှာ ၅-၄နဲ့ရှုံးပြီးတဲ့အထိ ဒုတိယအကျော့မြူးနစ်မှာ ဘိုင်ယန်ပဲအနိုင်ယူပြီးတက်သွားမယ်လို့ အားမလျှော့တမ်းယုံကြည်ခဲ့ကြတယ်။ ဒါပေမယ့် ပီအက်စ်ဂျီကပဲ အလိုင်းယန့်ဇ်အရီနာမှာအနိုင်ရလုနီးပါးအထိဖြစ်ခဲ့ပြန်တယ်။ ပီအက်စ်ဂျီကို အချဥ်မှတ်နေသူတိုင်း နောက်ဆုံးမှာဒူးနဲ့မျက်ရည်သုတ်ရတာချည်းပဲ။ ဒါကိုလည်း အခုထိဘက်ကန်နေကြတုန်းဖြစ်ပါတယ်။

လူးဝစ်အန်ရီကေးလိုနည်းပြမျိုး ကိုင်တွယ်နေတယ်။ အဘက်ဘက်ကထောင့်စေ့ပြီးပြည့်စုံလွန်းတဲ့ တိုက်စစ်သမားတွေရှိတယ်။ တခြားအသင်းနဲ့မယှဥ်နိုင်။ ကောင်းပါတယ်ဆိုတဲ့ဘိုင်ယန်မြူးနစ်ရဲ့ အိုလီဆေးနဲ့လူးဝစ်ဒီယက်ဇ်ထက်တောင် ကဗာရာစခယ်လီယာနဲ့ ဒမ်ဘီလီက တစ်ဆင့်ပို​မြင့်တယ်။ ပုပုရွရွလေးတွေနဲ့ ကွင်းလယ်အင်ဂျင်တွေကလည်း playstationထဲက ဂိမ်းအရုပ်လေးတွေလိုပဲ။ ယန္တရားတစ်ခုလို စနစ်တကျ​ကွင်းလယ်ကိုမောင်းနေကြတယ်။ နောက်တန်းမှာ နူနိုမန်ဒက်စ်၊ ပါချို၊ မာကွင်ဟို့စ်၊ ဟာကီမီဆိုတဲ့၄ယောက်က ၄ယောက်လုံးကမ္ဘာ့အဆင့်တွေချည်းပဲ။ တစ်ဦးချင်းကျော်ဖြတ်ရခက်သလို ၄ယောက်အစုအဖွဲ့လိုက်ခံစစ်ကစားပုံတွေကလည်း ကျစ်လျစ်လွန်းတယ်။ နောက်တစ်ခါပီအက်စ်ဂျီကို အဲလောက်ကြီးလည်းမကောင်းပါဘူးကွာ၊ ငါတို့ဘယ်လိုကန်ရင်နိုင်ပါတယ်ဘာညာတွေးမယ်ဆိုရင် တွေးလို့ရပါတယ်။ ပွဲနေ့ရောက်ပြီ၊ ပွဲကန်နေပြီ၊ ပွဲပြီးသွားပြီဆိုတဲ့အချိန်မှာတော့ ခင်ဗျားတွေးနေသလို ပီအက်စ်ဂျီကအချဥ်မဟုတ်ဘူးဆိုတာကို ခင်ဗျားကိုယ်တိုင်သဘောပေါက်သွားလိမ့်မယ်။

07/05/2026

ဘယ်အချိန်ထိလဲ၊ ဘယ်လိုချစ်မှာလဲ

အခုဆိုရင် ဒီယေဂိုဆီမြွန်နီဟာ အက်သလက်တီကိုအသင်းရဲ့နည်းပြချုပ်အဖြစ်ကိုင်တွယ်လာခဲ့တာ ၁၅နှစ်တင်းတင်းပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။ ဆင်လည်းဆင့်အထွာ၊ ဆိတ်လည်းဆိတ်အထွာဆိုတဲ့အတိုင်း ဒီ၁၅နှစ်အတွင်းမှာရီးရဲလ်မက်ဒရစ်နဲ့ဘာစီလိုနာကိုကျော်ပြီး လာလီဂါဖလား၂ကြိမ်ဆွတ်ခူးပေးခဲ့တယ်။ ယူရိုပါလိဂ်ဖလားကိုလည်း ၂ကြိမ်ရတယ်။ ချန်ပီယံလိဂ်ဗိုလ်လုပွဲကိုလည်း ၂ကြိမ်တိတိတက်ရောက်ခဲ့ပါတယ်။ ​အသင်းပိုင်ရှင်တွေဆီက လုံလောက်တဲ့ပံ့ပိုးမှုမရဘူး။ ကစားသမားစုဖွဲ့မှုက တခြားအသင်းကြီးတွေနဲ့ယှဥ်ရင် တော်တော်အားနည်းတယ်။ ဒီကြားထဲကပဲ ရသလောက်ဖျစ်ညှစ်ပြီးမြင့်နိုင်သလောက်အမြင့်ကို တင်ပေးထားတာဆီမြွန်နီရဲ့အရည်အသွေးပါ။ ဆီမြွန်နီလိုနည်းပြမျိုးအတွက် အက်သလက်တီကိုမှာ ၁၅နှစ်ဆိုတာသစ္စာရှိလွန်းတာထက်ပိုနေပါပြီ။ ဘယ်အချိန်ထိလဲ၊ ဘယ်လိုချစ်မှာလဲ။ အချိန်မနှောင်းခင် ဒီထက်ပိုကောင်းတဲ့အသင်းကြီးတစ်သင်းကိုကိုင်ကြည့်စေချင်တာတော့အမှန်ပါပဲ။

06/05/2026

ထိပ်ဆုံးသို့ Cutting Edgeအလို

စနေညမှာ ဖူလ်ဟမ်ကိုဂိုးပြတ်နိုင်တယ်။ တနင်္လာညမှာ ဖလားလုဖက်မန်စီးတီးက အဲဗာတန်နဲ့သရေကျကာ နှစ်မှတ်ဆုံးရှုံးတယ်။ နောက်တစ်ညမှာ သူတို့ကိုယ်တိုင် အက်သလက်တီကိုမက်ဒရစ်အသင်းကို အနိုင်ကစားပြီး ချန်ပီယံလိဂ်ဖိုင်နယ်တက်တယ်။ ဒီစကြာဝဠာပေါ်က အာဆင်နယ်နဲ့ပတ်သက်ဆက်နွယ်နေသမျှသက်ရှိလူသားတိုင်းအတွက် အချိုပေါ်သကာဆင့်တဲ့ မေလအစပဲဖြစ်ပါလိမ့်မယ်။ ဒီလိုအချိန်အခါမျိုးမှာ စာရေးသူသာ အာဆင်နယ်ပရိသတ်တစ်ယောက်ဖြစ်နေခဲ့ရင် ရင်တဒိတ်ဒိတ်ကို ခုန်နေမိမှာသေချာတယ်။ အာစင်ဗင်းဂါးရဲ့နောက်ပိုင်းနှစ်​ကာလတွေ၊ အာတီတာရဲ့အစကနဦးနေ့ရက်တွေကိုကြည့်ပြီး ငါတို့အဲဒီလိုအနေအထားကနေ ဒီနေ့လိုအခြေအနေအထိတောင် ရောက်လာပါပြီလားလို့တွေးကာ ပီတိတွေဖြစ်နေမိမှာလည်း သေချာပါတယ်။

၂၀၁၇-၁၈ကစလို့ ၂၀၂၂-၂၃အထိချန်ပီယံလိဂ်ဝင်ခွင့်ကို ၆ရာသီဆက်တိုက်လွဲချော်ခဲ့တဲ့ အာဆင်နယ်ဟာ အခုဆိုရင်နှစ်ပေါင်း၂၀အကြာမှာ ချန်ပီယံလိဂ်ဗိုလ်လုပွဲပြန်ကစားရတော့မှာဖြစ်တယ်။ ၂၀၀၄ ရွှေဖလားပြီးကတည်းက ပရီးမီးယားလိဂ်ဖလားတောက်လျှောက်ငတ်မွတ်လာရတဲ့အသင်းက ၂၂နှစ်အကြာမှာ ပရီးမီးယားလိဂ်ဖလားကိုတစ်ကျော့ပြန်ရယူသွားဖို့ pole positionမှာရောက်နေပြီဖြစ်တယ်။ ၂၀၂၅-၂၆ဆိုတဲ့ဘောလုံးရာသီက အာဆင်နယ်အတွက် တစ်သက်မမေ့နိုင်စရာအမှတ်တရseasonတစ်ခုတောင် ဖြစ်လာနိုင်ပါတယ်။ အဲဒီလိုဖြစ်လာဖို့အတွက် အရင်ကအဲဒီလိုဖြစ်ခဲ့ဖူးတဲ့အသင်းတွေမှာ ရှိခဲ့တဲ့အရာတစ်ခုကို လက်ကျန်၄ပွဲ(ပရီးမီးယားလိဂ် ၃ပွဲ + ချန်ပီယံလိဂ်ဖိုင်နယ်)မှာ အာဆင်နယ်တို့အချိန်မီဖော်ဆောင်ပြဖို့တော့လိုတယ်။ အဲဒီအရာက Cutting Edgeလို့ခေါ်တဲ့ အားလုံးထက်သာလွန်မှု၊ အရေးအပါဆုံးအချိန်မှာ ရလဒ်ရအောင်ယူတတ်မှုပဲဖြစ်ပါတယ်။

"Trust the process"နဲ့စခဲ့တဲ့အာတီတာဟာ အခုဆိုရင်အာဆင်နယ်အသင်းကို major trophyတွေစိန်ခေါ်နိုင်တဲ့အသင်း၊ အရင်လို ရိုက်ဖားမဟုတ်တော့တဲ့ လူရိုသေရှင်ရိုသေအသင်းတစ်သင်းဖြစ်အောင်အထိ တည်ဆောက်ထားခဲ့ပြီးဖြစ်ပါတယ်။ ဒါပေမယ့် ထိပ်ဆုံးဆိုတဲ့နေရာကိုတော့ တက်လှမ်းမလာနိုင်သေးဘူး။ အိုဒီဂတ်လက်နဲ့ ဆုဖလားတွေထိခွင့်မရသေးဘူး။ အမြဲတမ်း ဒုတိယလူအဖြစ်နဲ့ပြီးဆုံးနေလို့ စည်သူလွင်ဆိုပြီးပြိုင်ဘက်ပရိသတ်တွေလှောင်ပြောင်တာကိုခံနေရတယ်။ ကောင်းတာတော့ တကယ်ကောင်းတယ်။ သို့သော် ထိပ်ဆုံးရောက်ဖို့အထိမလုံလောက်ပဲ Second bestအဖြစ်နဲ့သာရှိနေခဲ့တာ ၃/၄ရာသီရှိနေပြီဖြစ်ပါတယ်။ ဒါဟာဘာကြောင့်လဲဆိုရင် အာတီတာကိုယ်တိုင်ရော၊ အာဆင်နယ်ကစားသမားတွေကိုယ်တိုင်မှာပါ Cutting Edgeကင်းမဲ့နေလို့ပဲ။ ထိပ်ဆုံးရောက်ဖို့ကို လက်တစ်ဖက်၊ ခြေတစ်လှမ်း အမြဲတမ်းကပ်ကပ်လိုနေလို့ပဲ။

ဥပမာပေးရရင် မန်နီပက်ကွီအိုက ဖလွိုက်မေဝယ်လ်သာကိုတစ်ပွဲလုံးကောင်းကောင်းယှဥ်ဖိုက်နိုင်တယ်။ သူကတောင်အသာစီးဖိုက်နိုင်ပါသေးတယ်။ ဒါပေမယ့်နောက်ဆုံးမှာ မေဝယ်သာကပဲ အမှတ်နဲ့အနိုင်ယူသွားတယ်။ ဘာကြောင့်ဆို ပက်ကွီအိုကတိုက်ရည်ခိုက်ရည်ကောင်းသလောက် မေဝယ်သာလိုအမှတ်မယူတတ်လို့ပဲ။ ပက်ကွီအိုကပြိုင်ဘက်ကိုစွတ်ထိုးဖို့လောက်ပဲအားသန်နေတဲ့အချိန်မှာ မေဝယ်သာကတော့ပါးနပ်ခြင်း၊ ပြိုင်ဘက်ထက်အမှတ်ပိုရအောင် ဘယ်အချိန်မှာဘာလုပ်ရမယ်သိခြင်းဆိုတဲ့ Cutting Edgeရှိနေတာကြောင့်ဖြစ်ပါတယ်။

မန်စီးတီးနဲ့ တခြားသောပရီးမီးယားလိဂ်အသင်းတွေကို ကွာခြားသွားစေတာ ဒီCutting Edgeပဲ။ ပပ်ဂွါဒီယိုလာနဲ့ ယာဂင်ကလော့ပ် ပညာချင်းမကွာဘူးဆိုရင်တောင် အောင်မြင်မှုပိုင်းမှာသိသိသာသာကွာခြားသွားစေတာ ဒီCutting Edgeကြောင့်ပဲ။
အာဆင်နယ်မှာလည်းအရာအားလုံးရှိနေပါပြီ။ ဆုဖလားအောင်မြင်မှု​ကလွဲရင်ပေါ့။ မရှိတဲ့အရာကိုရှိလာအောင်လုပ်နိုင်ရင်တော့ လှောင်ပြောင်နေတဲ့သူတွေကအစ အာဆင်နယ်ကိုအသိအမှတ်ပြုလာပါလိမ့်မယ်။ ရှိလာအောင်လုပ်ဖို့၊ ထိပ်ဆုံးကိုရောက်ဖို့အတွက် Cutting Edgeလိုအပ်ပါတယ်။

Want your business to be the top-listed Gym/sports Facility in Mandalay?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


Mandalay