18/03/2022
ကိုယ်ကစားခဲ့တဲ့ သက်တမ်းတလျောက် လူစားလဲ ခံရချိန်ဟာ အနာကျင်ရဆုံးပါပဲ ။ player တိုင်းဟာ မိနစ်ကိုး ဆယ် အပြည့်အသင်းအတွက် ကိုယ်စားပြု ချင်တာပါ။ ဒဏ်ရာ၇လို ထွက်၇၇င်တောင် ဒဏ်ရာထပ် မကစားရတာကို ပိုနာကျင်တာမျိုးပါ။
တခါတရံမှာ ကိုယ်က လမိုင်းမကပ်ပဲ အသင်းနှင့် အံမဝင် ၊ အမှားတွေများနေချိန်ဆို ပိုကြိုးစားလိုစိတ်နှင့် ကွင်းထဲနေချင်ပေမယ့် အောက်က ဘဲကြီး ကွင်းဘေးလာ၇ပ်နေ၇င်တော့ အချိန်တိုင်း လိုလိုချင်ချင် ကွင်းထဲကထွက်ပေးမိမှာပါ။
သူနှင့်တွဲကစားဖို့ မိတ်ဆွေဟာ Zidane ၊ Pirlo နှင့် De Bruyne တိုလို Skill မ၇ှိလည်း မပူပါနှင့် ၊ ရသမျှ ဘောလုံးကို သေချာထိန်းပြီး သူ့ဆီ ထိုးပေးတတ်၇င်ကို မိတ်ဆွေဟာ Goal Assistance rate အမြင့်ဆုံးသူ သေချာပေါက် ဖြစ်နိုင်ပါတယ်။
သူနှင့် အတူကွင်းထဲ၇ှိခွင့်၇၇င်တော့ ခင်ဗျားဟာ ဖလားတိုင်းကို ကြိမ်းသေပေါက် ကိုင်မြှောက်ခွင့်၇မှာပါ မိတ်ဆွေ။
30/01/2022
🖤
Johan Cruyff:
“One day, Romario asked me if he could miss training to go to Brazil for carnival. I said: ‘If you score 2 goals tomorrow you can go.’ He scored twice in 20 minutes against Real Madrid and asked to be replaced. ‘Coach, my plane leaves in 1 hour.’"
Happy birthday legend
30/12/2021
Breaking News!!!
မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ အင်္ဂလန်အသင်းတို့ရဲ့ ထာဝရ ဂိုးသွင်းအများဆုံး ကစားသမား အဖြစ် မှတ်တမ်းဝင်ထားသလို လက်ရှိမှာ ဒါဘီနည်းပြ အဖြစ် လုပ်ကိုင်နေတဲ့ ဝိန်းရွန်းနီရဲ့ အတ္ထုပ္ပတ္တိ ရုပ်ရှင်ကို ကမ္ဘာကျော် ရုပ်ရှင်ဖြန့်ချိပြသရေး ကုမ္ပဏီ တခု ဖြစ်တဲ့ Amazon Primeမှ ထုတ်လွှင့် ပြသတော့မယ်လို့ သိရပါတယ်။
Amazon Primeဟာ ဝိန်းရွန်းနီရဲ့ အတ္ထုပ္ပတ္တိရုပ်ရှင်ကို လာမယ့် ဖေဖော်ဝါရီလ ၁၁ရက်နေ့မှာ တကမ္ဘာလုံးကို စတင် ဖြန့်ချိပြသသွားမှာလည်း ဖြစ်ပါတယ်။
ရွန်းနီရဲ့ အတ္ထုပ္ပတ္တိရုပ်ရှင်ထဲမှာတော့ သူ့ရဲ့ ငယ်စဉ်တုန်းက ဘောလုံးသမား တဦး ဖြစ်လာအောင် ရုန်းကန် ကြိုးစားခဲ့ရပုံတွေ ၊ အောင်မြင်တဲ့ ဘောလုံးသမား တဦး ဖြစ်လာပြီးနောက် ရှင်သန်နေထိုင်ပုံတွေ ၊ တခါတရံ လူသားတဦး ပီသစွာ အမှားလုပ်ခဲ့မိပုံတွေ ပါဝင်မယ်လို့လည်း ရုပ်ရှင်ထုတ်လုပ်ရေးနဲ့ နီးစပ်သူ တဦးက ဆိုထားပါတယ်။
29/12/2021
"ဒါဘီပွဲဆိုရင် အနိုင်ရဖို့ အကုန်လုံးက အားထုတ်ကြတာချည်းပဲ၊ ဘာလုပ်ရလုပ်ရ လုပ်မယ့်ကောင်လေ၊ ကျနော်လည်း ရော်နယ်ဒိုကို ပွဲအတွင်းအာရုံပျက်အောင် နည်းမျိုးစုံသုံးပြီးလုပ်ခဲ့တာဗျ၊ နောက်ဆုံးဗျာ သူ့အမေနဲ့တောင် ကိုင်ပြီး ဆဲပစ်ခဲ့တာ၊ ဒါပေမယ့်အလုပ်မဖြစ်ခဲ့ဘူး၊ ပွဲပြီးတော့ မာလ်ဒီနီက သူ့ဂျာစီသွားတောင်းလို့ ကျနော်ဒေါသတောင်ထွက်ခဲ့သေးတယ်၊ အခုတော့ ကျနော်နောင်တရမိတယ်၊ သမိုင်းတလျှောက် သူ့လို တိုက်စစ်မှူးမျိုး ကျနော်မတွေ့ခဲ့ဘူး"
- ဂတ်တူဆို
22/09/2021
🖤
ဂျင်မီဂရိဗ်စ်ဈာပနမှ အတွေးတစ်စ
ဆောင်းပါးရေးမလို့ ကွန်ပြူတာခုံပေါ် ထိုင်လိုက်ပြီးမှ ဆောင်းပါးအတွေး မထွက်လာဘူး။ တစ်ကိုယ်ရည် တစ်ကာယ အတွေးတွေပဲ ထွက်လာတယ်။ ဒီအတွေးကို ကျွန်တော် တနင်္ဂနွေနေ့ကတည်းက စဉ်းစားနေမိခဲ့တာ . . .
ဒီအပတ်ပရီးမီးယားလိဂ်ရဲ့ စူပါဆန်းဒေးပွဲစဉ်တွေမှာ ဂျင်မီဂရိဗ်စ် ဆုံးပါးခြင်းအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ် တစ်မိနစ်ငြိမ်သက်ခဲ့ကြတယ်။ တချို့လည်း ဒီပုဂ္ဂိုလ်ကြီးကို သိကြမယ်။ တချို့လည်း သိမယ်မထင်ဘူး။ တချို့အတွက်တော့ ဘောလုံးဆိုတာ တီမိုဗာနာ ဂိုးပေါက်ချော်ကန်တဲ့ ပုံတွေကို Share ဖို့လောက်ပဲဆိုတော့ မသိတာမထူးဆန်းလောက်ပါဘူး။ ဒါပေမဲ့ အံ့သြဖို့ကောင်းတာ တစ်ခု စဉ်းစားမိတယ်။ ကျွန်တော်တို့ဟာ အံ့အားသင့်ဖို့ကောင်းစွာနဲ့ ဒီကစားသမားကြီးအကြောင်းကို မသိနေကြခြင်း ဖြစ်တယ်။
မသိဘူးဆိုတာ ဂျင်မီဂရိဗ်စ်ရဲ့ ရာဇဝင်တွေ၊ အတ္ထုပ္ပတ္တိတွေကို ဆိုလိုခြင်းမဟုတ်ပါဘူး။ သူ့ပွဲတွေအကြောင်း၊ ကစားပုံအကြောင်းကိုလည်း မဆိုလိုသေးပါဘူး။ အလွန်ရိုးရှင်းပြီး အလွန်ကြီးမားတဲ့မှတ်တမ်းကို မေ့မေ့နေတတ်တဲ့အကြောင်း ပြောချင်တာဖြစ်ပါတယ်။ တချို့ပရိသတ်တွေလည်း ဒီအကြောင်း အမြဲအမှတ်ရရင် ရနေမယ်။ သူတို့ကို ချီးကျူးလိုပါတယ်။
ဂျင်မီဂရိဗ်စ်ဟာ အင်္ဂလိပ်ဘောလုံးလောကရဲ့ လိဂ်ဂိုးအများဆုံးပုဂ္ဂိုလ်ကြီး ဖြစ်ပါတယ်။ အလန်ရှီးယားကို လူတိုင်း သိကြတယ်။ ဂျင်မီဂရိဗ်စ်က အလန်ရှီးယားထက် ဂိုး(၈၀)လောက် ပိုသွင်းထားသူပါ။ ဒါပေမဲ့ ဇာတ်ကြောင်းက မေ့အောင် လုပ်ထားတော့ သူက အမေ့ခံလိုက်ရတယ်။ ပေါ်ပြူလာစာမျက်နှာတွေထက်က ပျောက်သွားတယ်။ အကြောင်းရင်းကတော့ ပရီးမီးယားလိဂ်ကြောင့်ပါပဲ။
အရင်က အင်္ဂလန်ရဲ့ အမြင့်ဆုံး ဘောလုံးလိဂ်ကို First Division လို့ ခေါ်တယ်။ ၁၉၉၂ မှာ အဲဒါကို ပရီးမီးယားလိဂ်အဖြစ် အသွင်ပြောင်းလိုက်တယ်။ အထင်ရှားဆုံးကတော့ နာမည်ပြောင်းသွားတာပေါ့။ Football League ဆိုတဲ့ အဖွဲ့အစည်းအောက်ကနေ ထွက်လိုက်ပြီး သီးသန့်ကုမ္ပဏီတစ်ခုအဖြစ် ပရီးမီးယားလိဂ်ကို ထောင်လိုက်တယ်ပေါ့။ ဒါပေမဲ့ အသင်းတွေက ဒီအသင်းတွေပဲ။ ဒါကြောင့် လိဂ်ကလည်း ဒီလိဂ်ပဲ။ (ဘောလုံးဆိုင်ရာ) အဆင့်အတန်းချင်းကလည်း တူတူပဲ။ ဒါပေမဲ့ သမိုင်းကြောင်းတွေက ဖျောက်ခံလိုက်ရတဲ့ သဘောဖြစ်သွားတယ်။
ဒါက ဘာဖြစ်လို့လဲဆိုတော့ ဖန်တီးထားတဲ့(သို့မဟုတ်)အလိုအလျောက်ဖြစ်တည်လာတဲ့ ဇာတ်ကြောင်း - Narrative ကြောင့်ပဲ။ ဒီ Narrative က ပရီးမီးယားလိဂ်နဲ့ Football League ကို နှစ်ပိုင်းခွဲထားခြင်း(သို့မဟုတ်) ကွဲစေခြင်းပဲ ဖြစ်တယ်။ ခွဲဖို့ မလိုအပ်ဘဲ နှစ်ပိုင်းခွဲထားခြင်း၊ ကွဲစရာမဟုတ်ဘဲ နှစ်ပိုင်းကွဲနေခြင်းလို့ပြောရင် ပိုမှန်မယ်။ ဒီနှစ်ခုမှာ မတူကွဲပြားတာတွေ ရှိတာ မှန်တယ်။ ပရီးမီးယားလိဂ်ဟာ စီးပွားရေးအရ အလွန်တိုးတက်လာတာ မှန်တယ်။ FA နဲ့ မပတ်သက်ဘဲ သီးခြားအဖြစ် ရပ်တည်တာ မှန်တယ်။ ဒါပေမဲ့ ဘောလုံးသဘောတရားအရတော့ Football League နဲ့ ပရီးမီးယားလိဂ်က တူတူပဲ။ နှစ်ခုစလုံးဟာ အင်္ဂလန်နိုင်ငံရဲ့ ထိပ်ခေါင်ဘောလုံးလိဂ်ဖြစ်တယ်။
ပရီးမီးယားလိဂ် စတင်တော့လည်း Football League က အသင်းတွေနဲ့ပဲ ကစားတာပဲ။ ဒီအသင်း၊ ဒီလူအင်အားတွေပဲ ဖြစ်တယ်။ ဆိုတော့ ဘောလုံးဆိုင်ရာ အချက်အလက်တွေကိုလည်း သယ်ဆောင်ခြင်း ပြုသင့်တယ်။ ပြုရမယ်။ မသယ်ဆောင်ဘူးလားဆိုတော့ မဟုတ်ပြန်ဘူး။ သယ်ဆောင်ချင်တဲ့ သမိုင်းကြောင်းကျတော့ သယ်ဆောင်လာတာ မြင်ခဲ့ရတယ်။ အသင်းတွေနဲ့ ဥပမာပြပါ့မယ်။ ဘာဖန်၊ ညာဖန် တံဆိပ်ကပ်ခံရနိုင်တဲ့ အန္တရာယ်ရှိပေမဲ့ အသင်းနဲ့ဥပမာပြုခြင်းက ပိုရှင်းလင်းပါတယ်။
မန်ချက်စတာယူနိုက်တက်ပရိသတ်တွေက ဗန်ပါစီအစွမ်းနဲ့ အမှတ်ပေးချန်ပီယံဖြစ်တော့ သူတို့ဟာ အကြိမ်(၂၀)မြောက် အင်္ဂလန်ချန်ပီယံဖြစ်တယ်ဆိုပြီး ဝင့်ကြွားကြတယ်။ မှန်ပါတယ်။ သိပ်ဂုဏ်ယူစရာကောင်းတဲ့ မှတ်တမ်းပါ။ ဗန်ပါစီရဲ့ ကျောနံပါတ်(၂၀)၊ ဖာဂူဆန်ရဲ့ နောက်ဆုံးရာသီ။ ဒါတွေ အားလုံး မှတ်မိနေကြတုန်းပါ။ ဒါပေမဲ့ အခြားတစ်ဖက်မှာ လီဗာပူးလ်ကို ပရီးမီးယားလိဂ်ဖလား မရသေးလို့ဆိုပြီး လှောင်ပြောင်ကြပြန်တယ်။ တစ်ကမ္ဘာလုံးက လှောင်ကြခြင်း ဖြစ်တယ်။ လီဗာပူးလ်ဟာ Football League First Division ခေတ်မှာ ချန်ပီယံ(၁၈)ကြိမ်ဖြစ်ဖူးပြီးသား အင်္ဂလန်ဘီလူးကြီးပါ။ မန်ယူနိုက်တက်ကျတော့ Football League ခေတ်က ချန်ပီယံဖလား(၇)လုံးနဲ့ ပရီးမီးယားလိဂ် (၁၃)လုံးကို ပေါင်းပြီးတော့ အကြိမ်(၂၀)အဖြစ် ဝင့်ကြွားခွင့်ရပြီး လီဗာပူးလ်ရဲ့ (၁၈)ကြိမ်ကျတော့ မေ့ဖျောက်ခံလိုက်ရတယ်။
ဒါက မန်ယူနိုက်တက်နဲ့ဆိုင်တဲ့ ပြဿနာ မဟုတ်ပါဘူး။ သူတို့က သူတို့အလုပ်ကို မှန်မှန်ကန်ကန် လုပ်ပြီး သူတို့ပရိသတ်တွေကလည်း မှန်မှန်ကန်ကန် အားပေးတာပါပဲ။ ဒါပေမဲ့ ဘောလုံးကမ္ဘာတစ်ခုလုံးမှာ ဖြစ်နေတဲ့ Narratives ကိုက လီဗာပူးလ် ပရီးမီးယားလိဂ်ဖလား မရသေးပါဆိုပြီး ဖြစ်ခဲ့တယ်။ အလှောင်ခံခဲ့ရတယ်။ သူတို့ဟာ (၁၈)ကြိမ် ယူထားပြီးပြီပဲ။ ပရီးမီးယားလိဂ်ခေတ်မှာ မရရင်တောင် တချို့အသင်းတွေ နှစ်သင်းပေါင်းထက် များနေသေးတာပဲ။ ဘာကြောင့် ပရီးမီးယားလိဂ်ဖလားမရသေးလို့ဆိုပြီး ထပ်ယူပြဖို့ လိုအပ်နေဦးမှာလဲ။
လီဗာပူးလ်မှ မဟုတ်ဘူး။ အစ်ပ်ဆွစ်ချ်၊ ဒါဘီကောင်တီ၊ တော်တင်ဟမ်ဟော့စပါး၊ လိဒ်စ်ယူနိုက်တက်၊ နော်တင်ဟမ်ဖောရက်စ် အစရှိတဲ့အသင်းတွေလည်း အင်္ဂလန်ရဲ့ ဂုဏ်သိက္ခာကြီးတဲ့ ချန်ပီယံဟောင်းတွေပါပဲ။ ဘလက်ဘန်း၊ လက်စတာတို့နဲ့ ဂုဏ်သိက္ခာချင်း အတူတူပဲဖြစ်တဲ့ အသင်းတွေလည်း ဖြစ်ပါတယ်။ သူတို့ကို ပရီးမီးယားလိဂ်ချန်ပီယံမဖြစ်သေးလို့ဆိုပြီး ချန်ပီယံစာရင်းထဲ မထည့်လို့မရပါဘူး။ သူတို့ဟာလည်း ချန်ပီယံတွေပါပဲ။
ဒီလိုပဲ။ Football League ခေတ်မှာ သွင်းခဲ့တဲ့ ဂိုးတွေကို မေ့ဖျောက်ပြီး အလန်ရှီးယားကို All Time Leading Premier League Goalscorer လုပ်ခြင်းက ကြောင်းကျိုးဆီလျော်ခြင်း မရှိလှဘူး။ ခေါင်းစဉ်က ပရီးမီးယားလိဂ်လို့ တပ်ထားတဲ့အတွက် ဘာမှမလွဲဘူးလို့ စောဒကတက်နိုင်တယ်။ စကားလုံးအားဖြင့် မှန်ပါတယ်။ ဒါပေမဲ့ အနှစ်သာရအားဖြင့် မမှန်ပါဘူး။ ပရီးမီးယားလိဂ်မှာ ဂိုးအများဆုံးဆိုပြီး သတ်သတ် လုပ်စရာ အကြောင်းကို မရှိတာပါ။ ပရီးမီးယားလိဂ်ဟာ အင်္ဂလန်ထိပ်ဆုံးတန်းလိဂ်ဖြစ်သလို၊ Football League First Division ကလည်း အင်္ဂလန်ထိပ်ဆုံးတန်းလိဂ်ပါပဲ။ တူတူပဲ ဖြစ်တဲ့အတွက် အနှစ်သာရတွေဖြစ်တဲ့ ဂိုးသွင်းဘုရင်၊ ချန်ပီယံ အစရှိတာတွေကိုလည်း တူတူပဲ မှတ်ယူသင့်ပါတယ်။ ပရီးမီးယားလိဂ်ခေတ်ချည်းသတ်သတ် ခွဲပြောစရာ ဘာအကြောင်းရင်း ခိုင်ခိုင်မာမာ ရှိသလဲဆိုတာ စဉ်းစားလို့တောင် မရပါ။ အကြောင်းရှိလို့ ခွဲပြောတယ်ဆိုရင်တောင် ပရိသတ်ဟာ ဒီအချက်ကို သိထားရပါမယ်။ သိထားသင့်ပါတယ်။
အလန်ရှီးယားဟာ အင်္ဂလန်ထိပ်တန်းလိဂ်သမိုင်းမှာ (၂၈၃)ဂိုး သွင်းထားသူပါ။ ဒါပေမဲ့ First Division တုန်းက သွင်းခဲ့တဲ့ (၂၃)ဂိုးကို ဖယ်ပြီး ဂိုး(၂၆၀)အဖြစ်သာ ပရီးမီးယားလိဂ်သီးသန့်နဲ့ ဖော်ပြနေကြတယ်။ ပရီးမီးယားလိဂ်ခေတ် ဂိုး(၂၆၀)ကိုပဲ ခွဲပြောတာက ကြောင်းကျိုးဆီလျော်မှု မရှိပါဘူး။ စီးရီးအေ၊ လာလီဂါ၊ ဘွန်ဒစ်လီဂါ အစရှိတဲ့လိဂ်အားလုံးမှာလည်း သမိုင်းတစ်လျှောက် ဂိုးတွေကို ထည့်ရေတွက်တာပဲ။ သူတို့ဆီမှာတော့ နာမည်မပြောင်းသွား၊ Association မပြောင်းသွားဘူးပေါ့။ ဒါပေမဲ့ ဘောလုံးဆိုင်ရာ သဘောတရားက တူတူပဲမဟုတ်လား။ ချန်ပီယံလိဂ်ဟာလည်း ဥရောပချန်ပီယံများဖလားခေတ်က ချန်ပီယံဆုတွေ ထည့်ရေရတာပဲ။ ဂိုးတွေကို ထည့်ရေရတာပဲ။ ကမ္ဘာ့ဖလားမှာ ပွဲနည်းနည်းပဲ ကန်ရတဲ့ အတိတ်ခေတ်တွေနဲ့ (၃၂)သင်းဖြစ်လာတဲ့ ၁၉၉၈ နောက်ပိုင်းပြိုင်ပွဲတွေကို မှတ်တမ်းတူတူပဲ ထည့်ရေတာပဲ။ ဂတ်မူလာ၊ ဂျက်ဖောင်တိန်တို့ကို ဘယ်သူမှ အတိတ်မှာ မထားခဲ့ပါဘူး။
ဆိုတော့ နာမည်တစ်ခုကြောင့် ဘောလုံးဂန္ထဝင်တွေကို၊ ဂန္ထဝင်ဖြစ်ရပ်တွေကို အတိတ်မှာ ထားခဲ့ခြင်းက ကြောင်းကျိုးဆီလျော်မှု မရှိလှဘူး။ အင်္ဂလိပ်ထိပ်တန်းလိဂ်သမိုင်းမှာ ဂိုးသွင်းအများဆုံးကစားသမားစာရင်းကို စီတဲ့အခါ ပရီးမီးယားလိဂ်ရဲ့ ဒုတိယဂိုးသွင်းအများဆုံး ဝိန်းရွန်နီ (၂၀၈)ဂိုးဟာ အဆင့်(၂၁)နေရာမှာ ရှိတယ်။ ကျွန်တော် တစ်ခု မေးပါရစေ။ အဆင့်(၁) ဂျင်မီဂရိဗ်စ်၊ အဆင့်(၅) အလန်ရှီးယားနဲ့ အဆင့်(၂၁) ဝိန်းရွန်နီတို့ ကြားထဲမှာ ဘယ်သူတွေ ရှိသလဲ သိပါသလား။ ခေတ်ဟောင်းကစားသမားကြီးတွေကို အလှမ်းဝေးလွန်းလို့ ဖယ်ခွင့်ပြုပါတယ်။ သူတို့ မပါဘဲ ကိုယ်နဲ့ ရင်းနှီးတဲ့ တိုက်စစ်မှူး အကျော်အမော် ဘယ်နှယောက်ပါသလဲ သိပါသလား။ သိတဲ့သူ အလွန်ရှားပါလိမ့်မယ်။ ဒါပေမဲ့ ပရီးမီးယားလိဂ်ဂိုးသွင်းအများဆုံးလို့ ပြောင်းပြီး မေးပါ့မယ်။ ဒါဆိုရင်တော့ အလန်ရှီးယား၊ ဝိန်းရွန်နီ၊ အန်ဒီကိုးလ်၊ အဂွဲရိုး၊ လမ်းပတ်၊ အွန်နရီ . . . ဆိုပြီး ဂိုးတွေအတိအကျ မမှတ်မိတောင် ဒီလူအားလုံးပါအောင် ရွတ်နိုင်ကြပါလိမ့်မယ်။
ဆိုတော့ ကျွန်တော်တို့ဟာ ဂျင်မီဂရိဗ်စ်ကို မသိကြဘူး၊ အင်္ဂလန်ရဲ့ ဂိုးသွင်းအများဆုံးပုဂ္ဂိုလ်ကြီးအဖြစ် မသိကြဘူး ဆိုရင် ဒါဟာ ဘောလုံးအတွက် မတရားပါဘူး။ ဘောလုံးသမိုင်းကြောင်းအတွက် မတရားပါဘူး။ ဘောလုံးသူရဲကောင်းတွေအတွက် မတရားပါဘူး။ ဒီကိစ္စမှာ ကျွန်တော်တို့ မသိခြင်းက ဘောလုံးဗဟုသုတနည်းလို့ ဆိုတာထက် Narrative ကြောင့် မသိကြခြင်းက ပိုပါတယ်။
ပုံမှန်အားဖြင့် ဂျင်မီဂရိဗ်စ်ကို အင်္ဂလန်ထိပ်တန်းလိဂ်ရဲ့ ဂိုးသွင်းအများဆုံးအဖြစ် မှတ်တမ်းတင်ထားရင်၊ ပြောဆိုဖော်ပြနေရင် ကျွန်တော်တို့အားလုံး သိနေကြမှာပါ။ မပြောကောင်း မဆိုကောင်း အခုချိန် အလန်ရှီးယားသာ တစ်စုံတစ်ခု ဖြစ်ကြည့်၊ ပရိသတ်တော်တော်များများ သိကြမှာ၊ စိတ်ခံစားချက် ဖြစ်ကြမှာပါ။ ဘောလုံးပရိသတ်တစ်ဦးဟာ ဘယ်လောက်ပဲ ဘောလုံးဗဟုသုတနည်းပါစေ၊ ဂိုးသွင်းဘုရင်တွေ၊ လိဂ်ရဲ့ ဂိုးသွင်းအများဆုံးကစားသမားတွေကို သိကြတာပါပဲ။
ဆိုတော့ ဂျင်မီဂရိဗ်စ်ကိစ္စမှာ မသိခြင်းဟာ Football Knowledge ကြောင့် မဟုတ်ပါဘူး။ Narrative ကြောင့်သာ ဖြစ်ပါတယ်။ ဒီ Narrative တွေ ဘာကြောင့် ပေါ်လာရသလဲ မစောကြောလိုတော့ပါဘူး။ ဂျင်မီဂရိဗ်စ်ကိစ္စမှ မဟုတ်ဘူး၊ ဘောလုံးကမ္ဘာမှာ လွဲနေတဲ့ Narrative တွေ အများကြီး ရှိနေပါတယ်။ ဘာတွေရယ်လို့တော့ နာမည်မတပ်လိုက်တော့ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ဟာ Narrative တွေကို အမြဲ သတိနဲ့ ချဉ်းကပ်သင့်တယ်၊ အဲဒီ Narrative တွေထဲ မမျောပါသွားအောင် အားထုတ်သင့်တယ် ဆိုတာတော့ သေချာပါတယ်။ ပရိသတ်တွေကို သတိချပ်စေလိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီအရာတွေက ဘောလုံးပရိသတ်တစ်ဦးရဲ့ ဂုဏ်သိက္ခာကို ထိပါးစေတာကြောင့် ဖြစ်တယ်။ ကျွန်တော်ကတော့ အဲဒီလိုပဲ ခံစားရပါတယ်။
17/09/2021
[ 2006 ]
သတင်းထောက် 🗣 ရီးရဲလ်မက်ဒရစ်က ကမ်းလှမ်းတာကို ဘာကြောင့် ငြင်းပယ်ခဲ့တာလဲဗျ ❓❓
တော့တီ 🎙 ကျွန်တော်တို့ ငယ်ငယ်က စာသင်ကျောင်းမှာ ဒီလို သင်ပေးခဲ့တယ် " လူသားတစ်ယောက်အတွက် မိသားစုက အရေးကြီးဆုံးပဲတဲ့ " 💯💯💯
" ရိုးမားက ကျွန်တော့်မိသားစု ၊ ကျွန်တော့်အိမ်ပဲလေဗျာ ဒါနဲ့ ဆင်းရဲတဲ့ မိဘတွေကိုပစ်ပြီး ပိုက်ဆံချမ်းသာတဲ့ သူစိမ်းတွေနဲ့ သွားနေတဲ့သူ ခင်ဗျား တွေ့ဖူးလို့လား "
LEGEND 😍😍
10/09/2021
🖤
ဘဝမှာ တစ်ခါသာ တောင်းဆိုခဲ့ဖူးတယ်ဆိုတဲ့ မက်ဆီ ;
“ ကစားပွဲအပြီးမှာ အင်္ကျီလဲဖို့ ဘယ်သူ့ကိုမှ မပြောခဲ့ဖူးဘူး။များသောအားဖြင့် သူများတွေကဘဲ လာလဲလှယ်ခဲ့ကြတယ်။ဒါပေမယ့် ဇီဒန်းဆီကနေ အင်္ကျီရဖို့တော့ တောင်းဆိုခဲ့ဖူးတယ်။ဒါက ဘဝမှာ အမြဲတမ်းလိုချင်နေခဲ့တဲ့ တစ်ထည်ထဲသောအင်္ကျီမို့ပါ “
08/09/2021
အထင်လွဲမှုဓားချက်တွေအောက်က ဘောလုံးအနုပညာရှင်တစ်ယောက်အကြောင်း
ဘူလ်ဂေရီးယားကို နှင်းဆီတို့ရဲ့မြေလို့ တင်စားလေ့ရှိကြတယ်။ နှင်းဆီတောင်ကြားနဲ့ သူတို့ ထင်ရှားတယ်။ ကမ္ဘာကို တင်ပို့လိုက်တဲ့ နှင်းဆီအဆီအနှစ်တွေနဲ့ သူတို့ ထင်ရှားတယ်။ ဒါပေမဲ့ နှင်းဆီတွေအကြောင်း ကျွန်တော်တို့ မသိပါဘူး။ ကျွန်တော်တို့သိတာက ဘူလ်ဂေးရီးယားက တင်ပို့လိုက်တဲ့ ဘာဘာတော့ဗ်ရနံ့တွေအကြောင်း။ ဘောလုံးပရိသတ်တစ်ယောက်ကို ဘူလ်ဂေးရီးယားအကြောင်း မေးလိုက်မယ်ဆိုရင် သူတို့ ပြန်ပြောမယ့်စကားက “ဘာဘာတော့ဗ်”ဆိုတာပဲ။ ဟရစ္စတိုစတွိုက်ချ်ကော့ဗ်က ပိုကောင်းတဲ့ ကစားသမား ဖြစ်ခဲ့ဖူးရင် ဖြစ်ခဲ့ဖူးမယ်၊ ဘူလ်ဂေးရီးယန်းတို့အတွက် ပိုအမှတ်ရစရာ ဖြစ်ရင်ဖြစ်မယ်။ ကမ္ဘာ့ဘောလုံးပရိသတ်တွေအတွက်တော့ ဘာဘာတော့ဗ်က ပိုလွှမ်းမိုးမှုကြီးတယ်။ ပိုနာမည်ကျော်ကြားပါတယ်။ မော်ဒန်ဘောလုံးပရိသတ်တွေဟာ လွန်ခဲ့တဲ့ဆယ်နှစ်ကျော်လောက်က ဘာဘာတော့ဗ်ကကြိုးတွေကို မှတ်မိနေတုန်းပဲ။ ဒီကစားသမားရဲ့ သွေးအေးမှု၊ ဒီကစားသမားရဲ့ အထိန်းအသိမ်း၊ ဒီကစားသမားရဲ့ အနုပညာမြောက်ထိချက်တွေ။ ဒါပေမဲ့ ကျွန်တော်တို့ဟာ ဘာဘာတော့ဗ်ကျောပေါ်က အထင်လွဲခံရခြင်းဒဏ်ရာဒဏ်ချက်တွေအကြောင်း ဂရုမူမိကြပါရဲ့လား . . . ။ ဘာဘာတော့ဗ်ရင်ထဲက လျှို့ဝှက်မှုနှင်းဆီပွင့်တွေအကြောင်း မြင်သိကြပါရဲ့လား။
သူ့ရဲ့ အိတ်ကပ်ထဲမှာ နှင်းဆီပန်းတွေတော့ သယ်ဆောင်ထားလေ့မရှိပါဘူး။ ဒါပေမဲ့ အခြားတစ်ခုကိုတော့ မြင်ရနိုင်တယ်။ သိုဝှက်သယ်ဆောင်လာတတ်တဲ့ ဓားနဲ့ ခက်ရင်းက ဘာဘာတော့ဗ်ရဲ့ ထူးခြားချက်တွေထဲက အဦးဆုံးမြင်ရမယ့် လက္ခဏာ ဖြစ်နိုင်ပါတယ်။ ဟုတ်ပါတယ်။ အစားစားဖို့အတွက် ဓားနဲ့ခက်ရင်းပါ။ ကိန်းခမ်းကြီးလွန်းသူ၊ မောက်မာသူအဖြစ် အထင်လွဲခံရခြင်းတွေအတွက် သဲလွန်စတစ်ခုလည်း ဖြစ်ပါတယ်။ ဒီအကြောင်းကို စပါးအသင်းဖော်ဟောင်း မီဒိုက အခုလို ပြောပြတယ်။ “ဘာဘာတော့ဗ်က လေ့ကျင့်ရေးကွင်းကို သူ့ကိုယ်ပိုင် ဓားနဲ့ ခက်ရင်းကို ယူပြီး လာတဲ့သူပါ။ သူ့အိတ်ထဲကနေ ဓားနဲ့ခက်ရင်းကို ထုတ်ပြီး အစားစားလေ့ရှိတယ်။ အဲဒီမှာပဲ ကျွန်တော်တို့အားလုံး တွေးမိလိုက်တာက ဟာ ဒါ ဘယ်လိုမျိုးပါလဲ၊ ဘာတွေ ဖြစ်နေတာလဲပေါ့”လို့ မီဒိုက ပြောပြတယ်။
“ဘယ်လိုမျိုးပါလဲ”။ “ဘာတွေဖြစ်နေတာလဲ”။ ဒီမေးခွန်းတွေက သိပ်ကောင်းတဲ့မေးခွန်းတွေပါ။ ဘာဘာတော့ဗ်နဲ့ ရင်ဆိုင်ရတဲ့ ပြိုင်ဘက်ကစားသမားတွေ အမြဲမေးရတဲ့ မေးခွန်းတွေလည်း ဖြစ်လာတယ်။ သူ ဘယ်လိုလုပ်ပြီး ကျော်ဖြတ်သွားတာလဲ။ သူ ဘယ်လိုလုပ်ပြီး ဘောလုံးထိန်းလိုက်တာလဲ။ ဘာတွေဖြစ်ကုန်တာလဲ။ လှုပ်လှုပ်ရှားရှား ပြေးပြေးလွှားလွှား သိပ်မလုပ်ဘဲ ဘာဘာတော့ဗ်က ပြိုင်ဘက်တွေကို ကျော်ဖြတ်သွားတယ် ဂိုးသွင်းသွားတယ်။ ဒီကစားသမားနဲ့ ပတ်သက်လာရင် မြင်ရမယ့်အရာတွေက ထူးခြားမှု၊ သိမ်မွေ့ညက်ညောမှု၊ အလှအပအနုပညာ။ ဒါတွေနဲ့အတူ အထင်လွဲမှုတွေလည်း တစ်ဆက်တည်း ပါလာတတ်တယ်။ သူ့ရဲ့ ထူးခြားတဲ့စရိုက်ကြောင့် မောက်မာသူအဖြစ် မြင်ခံရလေ့ရှိတယ်။ သိမ်မွေ့တဲ့ အနုပညာဆန်ဆန်ကစားပုံကြောင့် ပျင်းရိတယ်လို့ တံဆိပ်ကပ်ခံရမှုတွေ ရှိတယ်။
တကယ်တော့ ဘာဘာတော့ဗ်က အားကစားနက္ခတ်နဲ့ မွေးလာသူလို့ ပြောနိုင်တယ်။ သူ့မိဘတွေက ပရော်ဖက်ရှင်နယ်အားကစားသမားတွေ။ ဖခင်ဖြစ်သူ အိုင်ဗန်က CSKA ဆိုဖီယာမှာ ကစားဖူးတဲ့ ဘောလုံးသမားဖြစ်ပြီး မိခင်ဖြစ်သူ မာဂါရီတာကလည်း လက်ပစ်ဘောလုံးအားကစားသမဖြစ်တယ်။ “ကျွန်တော်က အားကစားသမားဖြစ်လာဖို့ ပြဌာန်းခံပြီးသား ဖြစ်တယ်”လို့ ဘာဘာတော့ဗ်က ဆိုတယ်။ ဒါပေမဲ့ သူ ငယ်စဉ်က ကစားခဲ့တာက ဘက်စကတ်ဘောပါ။ မိုးရွာရွာ၊ နေပူပူ၊ နှင်းကျကျ သူဟာ ဘက်စကတ်ဘောကို ခုံမင်စွာ ဆော့ကစားလေ့ရှိတယ်။ နောက်ပိုင်းမှ ဘောလုံးကို စိတ်ဝင်စားလာခဲ့တယ်။ ဘာဘာတော့ဗ်ရဲ့ ခြေစွမ်းခြေစကို ဘူလ်ဂေးရီးယားရဲ့ အကြီးမြတ်ဆုံးနည်းပြ ဒီမီတာပန်နက်ဗ်က တွေ့ရှိခဲ့ပါတယ်။ ပန်နက်ဗ် နည်းပြခဲ့တဲ့ ၁၉၉၄ ဘူလ်ဂေးရီးယားအသင်းဟာ စတွိုက်ချ်ကော့ဗ်ရဲ့ မှော်ဝင်ခြေစွမ်း၊ ယော်ဒန်လက်ချ်ကော့ဗ်ရဲ့ ကတုံးပြောင်က ဂျာမနီကို နောက်ကောက်ချလိုက်ခြင်းတွေနဲ့ ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ကို ရောက်ခဲ့ပြီး (၁၃)နှစ်သား ဘာဘာတော့ဗ်အတွက် ဘောလုံးချစ်စိတ်တွေ ဖန်တီးပေးခဲ့ပါတယ်။ ဘာဘာတော့ဗ်က “အဲဒီကမ္ဘာ့ဖလားကို ဘယ်တော့မှ မမေ့ပါဘူး။ ကျွန်တော်တို့မျိုးဆက်ဟာ ဒါကို ကြည့်ပြီး ဘောလုံးမှာ တစ်ခုခုဖြစ်ထွန်းအောင် လုပ်နိုင်မယ်လို့ ယုံကြည်မိတဲ့ အခိုက်အတန့်တွေ ဖြစ်ပါတယ်”လို့ ဆိုတယ်။ ဆိုဗီယက်ခေတ်လွန် စီးပွားရေး၊ နိုင်ငံရေးအကျပ်အတည်းတွေကြားထဲ ရုန်းကန်ကြိုးစားရင်း ဘာဘာတော့ဗ်တစ်ယောက် ပန်နက်ဗ်ရဲ့ CSKA ဆိုဖီယာမှာ လူငယ်ကြယ်တစ်ပွင့် ဖြစ်လာခဲ့တယ်။
ဒီလိုနဲ့ လေဗာကူဆင် ရောက်လာတယ်။ လေဗာကူဆင်က သူ့ရဲ့ ဘောလုံးပါရမီကြောင့်သာ ခေါ်ရတယ် အခြားတစ်ဖက်မှာ စိုးရိမ်မှုတွေလည်း ရှိနေတယ်။ နိုက်ကလပ်တွေကို သဘောကျခြင်း နဲ့ လေ့ကျင့်ရေးအစီအစဉ်တွေကို မုန်းခြင်း။ ဘာဘာတော့ဗ်ရဲ့ ဒီအချက်တွေကို လေဗာကူဆင်က စိတ်မချဖြစ်နေတယ်။ ဘာဘာတော့ဗ်ရဲ့ ဘောလုံးဖခင်ဖြစ်တဲ့ လေဗာကူဆင်နည်းပြ တော့ပ်မွိုင်လာက “သူက ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူးအဆင့်အတန်း ရောက်နိုင်ပါတယ်။ ဒါပေမဲ့ သူ့ကို လေ့ကျင့်ပေးမယ့်သူတိုင်းက ဒီကစားသမားဟာ သောက်ပျင်းတစ်ကောင် ဖြစ်တယ်ဆိုတာကိုလည်း ဂရုစိုက်ထားဖို့ လိုအပ်မယ်”လို့တောင် ပြောဖူးတယ်။ ဘာပဲဖြစ်ဖြစ် ဘာဘာတော့ဗ်ရဲ့ လေဗာကူဆင်နေ့ရက်တွေက အောင်မြင်ခဲ့ပါတယ်။ “လေဗာကူဆင်က ကျွန်တော့်ဘဝအတွက် စာသင်ကျောင်းပဲ။ အဲဒီရောက်မှ ကျွန်တော် လူလားမြောက်လာခဲ့တာဖြစ်တယ်”လို့ ဘာဘာတော့ဗ်က ဆိုတယ်။ လေဗာကူဆင်မှာ ဘားလက်ခ်၊ ရာမဲလိုး၊ နျူဗီးလ်၊ လူစီယို၊ ဇီရော်ဘတ်တိုတို့လို ကစားသမားတွေနဲ့ တွဲကစားခဲ့ပြီး ချန်ပီယံလိဂ်ဖိုင်နယ်အထိ သူ ရောက်ဖူးခဲ့တယ်။ လီဗာပူးလ်၊ မန်ချက်စတာယူနိုက်တက်တို့ကို ဖြတ်ကျော်ခဲ့တဲ့ လေဗာကူဆင်ဟာ ဗိုလ်လုပွဲရောက်မှ ရီးယဲလ်မက်ဒရစ်ကို အရေးနိမ့်ပြီး ဒုတိယနဲ့ ကျေနပ်ခဲ့ရတယ်။ လေဗာကူဆင်မှာ ခြေစွမ်းပြနေတဲ့ သူ့ကို ဘာယန်မြူးနစ်၊ ဗလင်စီယာတို့ကို ခေါ်ယူချင်ခဲ့ပေမဲ့ Comfort Zone ထဲက မထွက်လိုသေးတဲ့ သူ့စိတ်ကြောင့် လေဗာကူဆင်မှာပဲ နှစ်အနည်းငယ် ဆက်ကစားဖြစ်ခဲ့တယ်။
အဲဒီနောက် စပါးအသင်းရဲ့ အသည်းအသန်စိတ်ဝင်စားချဉ်းကပ်မှုကို ရရှိတော့မှသာ တော့တင်ဟမ်တို့ဆီ ဆက်လက်ရွက်လွှင့်ခဲ့ပြီး ပရီးမီးယားလိဂ်ဇာတ်ခုံပေါ်မှာတော့ သူ့ရဲ့ အထင်ရှားဆုံးနေ့ရက်တွေ ရောက်လာခဲ့ပါတယ်။ တော့တင်ဟမ်ကို ရောက်စမှာ သူ့ကို သံသယမျက်လုံးတွေနဲ့ စကြည့်ကြပါတယ်။ စပါးက အရှေ့ဥရောပရဲ့ အကောင်းဆုံးကစားသမားတစ်ယောက်ကို မကြာသေးခင်က ပိုင်ဆိုင်ခဲ့ဖူးပြီး အဲဒီကစားသမားကလည်း Flop ဖြစ်ခဲ့တော့ သံသယရှိချင်သူတွေအတွက်လည်း ရှိချင်စရာပဲလေ။ ယူကရိန်းဂန္ထဝင် ရီဘရော့ဗ်ကို စပါးက ပေါင်(၁၁)သန်းနဲ့ ခေါ်ယူခဲ့ပြီးနောက် ရီဘရော့ဗ်ရဲ့ ဒိုင်နမိုကိဗ်ကထိပ်တန်းခြေစွမ်းတွေ ပျောက်ခြင်းမလှ ပျောက်သွားခဲ့ဖူးတာကိုး။ ဘာဘာတော့ဗ်ကလည်း အရှေ့ဥရောပက လာတယ်။ လေဗာကူဆင်မှာ ထိပ်သီးခြေစွမ်းတွေ ပြခဲ့တယ်။ စပါးကို ပြောင်းရွှေ့ကြေးပေါင်(၁၀.၉)သန်းနဲ့ ရောက်လာတယ်။ ထိပ်သီးအသင်းတွေရဲ့ စိတ်ဝင်စားမှုကို ကျော်လွန်ပြီး စပါးကို ရွေးချယ်ခဲ့တာ၊ ပါရမီရှင်ခြေစွမ်းရှိပေမဲ့ ပျင်းရိတယ်လို့ ဝေဖန်ခံရမှုတွေ ရှိတာတွေကြောင့် ဘာဘာတော့ဗ်က ပရီးမီးယားလိဂ်မှာ စိတ်ဝင်စားစရာကစားသမား ဖြစ်ခဲ့ပါတယ်။ သံသယမျက်ဝန်းတွေနဲ့ တိုက်ဆိုင်စွာပဲ ဘာဘာတော့ဗ်ရဲ့ အစောပိုင်းစပါးနေ့ရက်တွေက ခက်ခဲခဲ့ပါတယ်။ အသင်းဖော်တွေက သူ့ခြေစွမ်းကို အားမရကြဘူး။ အသင်းဖော်မီဒိုက “ကွင်းထဲမှာ အညံ့ဆုံးကစားသမား”လို့ သူ့ကို ကင်ပွန်းတပ်ပါတယ်။ သူ့ရဲ့လုပ်အားနှုန်းက အမှန်တကယ် မေးခွန်းထုတ်စရာ ဖြစ်နေတယ်။ Pressing ကောင်းကောင်းမပေးဘူး။ ဘောလုံးဆုံးသွားရင် လိုက်မလုဘူး။ ခံစစ်ကို ဆင်းမကူဘူး။ ဘောလုံးနောက် အမောတကော ပြေးလိုက်တာမျိုး မရှိဘူး။ ဒါပေမဲ့ ဒါတွေလုပ်ဖို့ စပါးက ပေါင်(၁၁)သန်း အကုန်ခံထားတာလည်း မဟုတ်ဘူး။ စပါးဟာ ဘာဘာတော့ဗ်ဆီက အနုပညာထိချက်တွေကို မျှော်လင့်ခဲ့တယ်။
တကယ်တော့ ဘာဘာတော့ဗ်က ပျင်းရိတာထက် ပျင်းရိပျင်းတွဲနိုင်ပုံပေါက်တာ၊ စိမ်ပြေနပြေရှိလှတာ ဖြစ်ပါတယ်။ ဒါကလည်း သူ့အယူအဆတစ်ခု ဖြစ်တယ်။ “ကျွန်တော်က အဆက်မပြတ် ပြေးချင်မှ ပြေးနေမယ်။ ဘာဖြစ်လို့လဲဆိုတော့ မမီနိုင်တဲ့ဘောလုံးတွေအတွက် ပြေးနေစရာမှ မလိုအပ်တာ။ ဒါမှမဟုတ် ဘောလုံးကို ကိုင်ထားပြီး တိုက်စစ်လှုပ်ရှားမှုတွေကို အားအင်ကုန်ခမ်းစရာမလိုဘဲ စိတ်တိုင်းကျခြယ်လှယ်နိုင်ချိန်မှာ ဘာကြောင့် သုတ်သီးသုတ်ပြာ ဖြစ်နေမလဲ”။ ဒီလို သူက ဆိုပါတယ်။ ဒီအယူအဆကြောင့်ပဲ ဘောလုံးဝေဖန်သုံးသပ်သူတွေနဲ့ နည်းပြဖြစ်သူတွေရဲ့ ပျင်းရိတယ်ဆိုတဲ့ တံဆိပ်ကပ်မှုကို ခံရပြီး ပရိသတ်တွေရဲ့ အနုပညာမြောက်တယ်ဆိုတဲ့ ချီးမွမ်းမှုကို ခံရတာဖြစ်နိုင်ပါတယ်။ ဘောလုံးပွဲတစ်ပွဲမှာ ဘောလုံးခြေထဲ ရှိချိန်ထက် မရှိချိန်က များတော့ နည်းပြတွေ၊ Pundit တွေရဲ့ ဝေဖန်မှုကလည်း အဆိုးတော့မဆိုသာပါဘူး။ အချိန်အနည်းငယ် စောင့်ဆိုင်းရပြီးနောက်မှာတော့ ဘာဘာတော့ဗ်ဆီက ရင်သပ်ရှုမောဖွယ် စုတ်ချက်တွေကို စပါးတို့ ပိုင်ဆိုင်ခွင့်ရခဲ့ပါတယ်။ ဘာဘာတော့ဗ်က စပါးတို့ရဲ့ ရှားရှားပါးပါးနဲ့နောက်ဆုံး ဆုဖလားကို ယူပေးခဲ့တယ်။ ဘာဘာတော့ဗ်-ရော်ဘီကင်း တိုက်စစ်အတွဲက ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးတိုက်စစ်အတွဲတစ်ခု ဖြစ်ခဲ့တယ်။ ပရီးမီးယားလိဂ်ရဲ့ တစ်နှစ်တာအကောင်းဆုံးအသင်းထဲမှာ သူ ရွေးခံခဲ့ရတယ်။ ဆာအဲလက်စ်ဖာဂူဆန်ရဲ့ လေဆိပ်အထိ ကိုယ်တိုင်ကိုယ်ကျလာပြီး မန်စီးတီးအသင်းကို နောက်ကောက်ချ လုခေါ်သွားခြင်းကိုလည်း ခံခဲ့ရတယ်။ ဒီလို အိပ်မက်ဆန်ဆန် Deadline Day အပြောင်းအရွှေ့၊ ပေါင်(၃၀.၇၅)သန်းဆိုတဲ့ ပြောင်းရွှေ့ကြေးတွေကြောင့်လည်း ဘာဘာတော့ဗ်ရဲ့ ကျောပေါ်ကို ဖိအားတွေ ဒလဟောကျလာခဲ့တာ ဖြစ်နိုင်ပါတယ်။
ဖာဂူဆန်က သူ့ရဲ့ Autobiography မှာ အခုလို ရေးခဲ့တယ်။ “ဘာဘာတော့ဗ်က အံ့အားသင့်ဖို့ကောင်းစွာပဲ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချမှု ကင်းမဲ့သူ ဖြစ်ပါတယ်။ ကန်တိုနာ၊ အန်ဒီကိုးလ်တို့လို ပြောင်မြောက်ထင်ရှားတဲ့ စွမ်းရည်မျိုး၊ ဒါမှမဟုတ် တက်ဒီရှာရင်ဂမ်ရဲ့ ယုံကြည်မှုမျိုး သူ့မှာ မရှိခဲ့ဘူး။ ဒါပေမဲ့ သူက သူ့အရည်အသွေးအပေါ် ယုံကြည်မှုတော့ အားမနည်းပါဘူး။ ဒါက သူ့ရဲ့ ကစားဟန်အပေါ် မူတည်ထားတဲ့အရာတော့ ဖြစ်နေပါတယ်။ (သူ့ကစားဟန်အပေါ်တော့ သူ့ဘာသာ ယုံကြည်မှုရှိတယ်) ဒါပေမဲ့ ယူနိုက်တက်ဟာ လျင်မြန်မှုအပေါ် အခြေခံပြီး ကစားတဲ့အသင်းဖြစ်နေတော့ သူ့အနေနဲ့ ကီးမဝင်ခဲ့တာ ဖြစ်ပါတယ်”လို့ ဖာဂူဆန်က ရေးတယ်။ ဒါပေမဲ့ ဘာဘာတော့ဗ်က Flop ဖြစ်ခဲ့ပါတယ်ဆိုတဲ့ စွပ်စွဲချက်တွေကိုတော့ ဖာဂူဆန် လက်မခံပါဘူး။ အမြဲ ငြင်းပယ်ခဲ့တယ်။ ခရစ္စတီယာနိုရော်နယ်လ်ဒို၊ ဝိန်းရွန်နီ၊ ကားလို့စ်တဲဗက်ဇ်တို့ ရှိနေတဲ့အသင်းဖြစ်တဲ့အပြင် ဆာအဲလက်စ်က စနစ်ကို အခြေပြုတဲ့နည်းပြဖြစ်ပြီး ဘာဘာတော့ဗ်က စနစ်ကို အခြေပြုတဲ့ ကစားသမား ဘယ်တုန်းကမှ မဟုတ်ခဲ့တာကြောင့် မန်ချက်စတာမြို့က မိုးထိတဲ့ မျှော်လင့်ခြင်းတွေနဲ့ ဘာဘာတော့ဗ်တစ်ယောက် ထပ်တူမကျခဲ့ဘူး။ သူက တိုက်စစ်သန့်သန့်ကိုပဲ လွတ်လပ်စွာ ကစားချင်သူဖြစ်ပြီး ဒီလို ကစားရမှလည်း ယုံကြည်မှုရှိတယ်။ ခြေစွမ်းပြနိုင်တယ်။ ခံစစ် လုံး၀ မကစားတတ်ဘူး။ ဆာအဲလက်စ်ဟာ ချန်ပီယံလိဂ်ဖိုင်နယ်ရောက် ခရီးစဉ်နှစ်ကြိမ်စလုံးရဲ့ အရေးကြီးပွဲစဉ်တွေမှာ ဘာဘာတော့ဗ်ကို ပွဲထွက်မသုံးခဲ့ဘူး။ ဒါ့အပြင် အရန်ခုံကနေ ထကစားရတာမျိုး သူ မကြိုက်ဘူး။ လူစားဝင်အနေနဲ့ သူ ခြေစွမ်းမပြနိုင်ဘူး။
ဒါက သူ့ရဲ့ အတွင်းစိတ်တည်ဆောက်မှုနဲ့ ဆိုင်တယ်။ ဘာဘာတော့ဗ်က The Godfather Trilogy ကို သိပ်သဘောကျတယ်။ ဒီရုပ်ရှင်တွေကြည့်ပြီးပဲ သူ အင်္ဂလိပ်စာ သင်ခဲ့တာ။ ဂေါ့ဒ်ဖားသားတွေကို သူ အရမ်းနှစ်သက်တယ်။ အဲဒီစတိုင်လ်အတိုင်း အတုခိုးပါတယ်။ ကျော့ကော့နေအောင် နေတတ်တယ်။ မင်းသားရှုံးလောက်အောင် စတိုင်ကျခန့်ညားသူလည်း ဖြစ်တယ်။ တစ်ချိန်တည်းမှာ ဘယ်သူ့ကိုမှ ဂရုမစိုက်ဘဲ ချေမိုးပြီး နေတဲ့သူလည်း ဖြစ်တယ်။ တစ်ဖန် ရှက်တတ်သူလည်း ဖြစ်ပြန်တယ်။ သူ့ညီဖြစ်တဲ့ အာဆန်က “ဒီမီတာက အာရုံစိုက်မှုမခံရရင်၊ အဓိကမင်းသားဖြစ်မနေရင် ကသိကအောက် ဖြစ်တတ်တယ် စိတ်အလိုမကျဖြစ်တတ်တယ်”လို့ ဆိုတယ်။ လွန်ကဲတဲ့ အာရုံစိုက်မှုကိုလည်း သူက မကြိုက်ပြန်ဘူး။ စပါးပရိသတ်တွေ သူ့နာမည်ကို သီချင်းလုပ်ဆိုတော့ သူက မကြိုက်ဘူးလို့ တုံ့ပြန်ဖူးတယ်။ “ကျွန်တော် ဒါကို မကြိုက်ပါဘူး။ တချို့ကစားသမားတွေကတော့ ကြိုက်လိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ ရှိုးတိုးရှန့်တန့် ဖြစ်တယ်။ ကျေးဇူးပြုပြီး ပါးစပ်ပိတ်ပေးကြပါဆိုပြီး ကျွန်တော် တွေးနေမိတယ်”လို့ ဘာဘာတော့ဗ်က ပြောပြပါတယ်။ ဘာဘာတော့ဗ်ဟာ ဘယ်သူ့ကိုမှ ဂရုမစိုက်ဘဲ စတိုင်လ်ကျကျ၊ ခပ်ချေချေ နေမယ်။ ကစားရင်လည်း အဲဒီလို ကစားမယ်။ ရင်သပ်ရှုမောစရာတွေ လုပ်ပြမယ်။ သူ့Show ကို ဘဝင်ကျနှစ်ခြိုက်ကြ. . . ။ ရှားပါးအနုပညာတစ်ခုကို သဘောကျသလို သဘောကျကြ။ ဒါပေမဲ့ ပေါ့ပ်ဆန်ဆန် ချီးကျူးမှုတွေကိုတော့ သူ မလိုချင်ဘူး။ Nickelback လို သတ်မှတ်ပြီး အားပေးတာကို သူ မကြိုက်ဘူး။ သူ့ကို Dream Theater လို သဘောထားပြီး အားပေးစေချင်တဲ့ စိတ်အခံရှိတယ်။
ဒီလို အစွန်းထွက်တဲ့ ကိုယ်ရည်ကိုယ်သွေးတွေက ပေါင်းစပ်လျက်ရှိနေတာကြောင့် မကြာခဏ အထင်လွဲခံရလေ့ရှိတယ်။ စပါးမှာ၊ မန်ယူနိုက်တက်မှာ ဘာဘာတော့ဗ်ဟာ ဗြိတိန်မီဒီယာတွေရဲ့ ပစ်မှတ်ဖြစ်ခဲ့တယ်။ သူ့ရဲ့ ခြေစွမ်းနဲ့ စရိုက်က သတင်းလုပ်ဖို့ သိပ်ကောင်းတဲ့ အခြေအနေမျိုး ဖြစ်နေတယ်။ မီဒီယာတွေ၊ ဝေဖန်သုံးသပ်သူတွေက ဘာဘာတော့ဗ်ကို ချောင်ပိတ်ဖမ်းဖို့ အမြဲစောင့်နေတတ်တယ်။ မကြာခဏ ပုံဖျက်ခံရလေ့ရှိတယ်။ အဓိကကတော့ ပျင်းရိတဲ့သူတစ်ယောက်အဖြစ်၊ ချေမိုးလွန်းတဲ့ ဘဝင်မြင့်ကစားသမားတစ်ယောက်အဖြစ် ပုံဖော်ခံရတာပဲ။ ဒီလိုပုံဖော်ခံရဖို့ လိုအပ်တဲ့ အကြောင်းအချက်တွေကလည်း ပြည့်စုံလုံလောက်နေတယ်။
ဖူလ်ဟမ်မှာ ဆုံခဲ့ရတဲ့ အသင်းဖော် ရှဝါဇာက ဘာဘာတော့ဗ်ရဲ့ အမူအကျင့်အကြောင်း အခုလို ပြောပြတယ်။ “သူက ဘယ်သူနဲ့မှ စကားမပြောသလောက်ပါပဲ။ အဝတ်လဲခန်းထဲ ဝင်သွားတယ်ဆိုရင် သူ တစ်နေရာမှာ ထိုင်နေတာကို မြင်ရလိမ့်မယ်။ သူ ခေါင်းကို မော်တောင် ကြည့်မှာ မဟုတ်ဘူး။ ခင်ဗျားက မောနင်း ဒီမီဆိုပြီး နှုတ်ဆက်လိုက်ရင် သူက အသံပြတ်ပြတ်နဲ့ တစ်ခွန်းပြန်ပြောလိမ့်မယ်။ သူ ဘယ်တော့မှ ဘာအကြောင်းကိုမျှ ဖွင့်ပြောပြမှာမဟုတ်ဘူး။ သူ့အကြောင်း ခင်ဗျား ဘာမှ ရှာတွေ့နိုင်မှာ မဟုတ်ဘူး”လို့ ရှဝါဇာက ဆိုတယ်။ တကယ်တော့ ဘာဘာတော့ဗ်ဟာ ယူဗင်းတပ်စ်၊ ဖီအိုရင်တီးနားတို့ရဲ့ ကမ်းလှမ်းမှုရှိနေတာတောင်မှ ဖူလ်ဟမ်ဆီ တမင်ပြောင်းသွားတဲ့သူ ဖြစ်ပါတယ်။ သူ့အခင်တွယ်ဆုံးနည်းပြဖြစ်တဲ့ မာတင်ယိုးလ် နည်းပြနေတဲ့ အချက်တစ်ခုတည်းနဲ့ ပြောင်းသွားခဲ့တာလည်း ဖြစ်တယ်။ သူ့အကြောင်း အသိဆုံးနည်းပြဖြစ်တဲ့ မာတင်ယိုးလ်က “ဒီမီတာနဲ့ ပတ်သက်ပြီး ထင်မြင်ရတဲ့ဟာတွေ ဘယ်ဟာမှ မမှန်ပါဘူး။ သူက အရမ်းရယ်ရသူ၊ ပျော်ရွှင်နေသူ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ လူတွေက သတိမမူမိဘူး။ ဒါက သူ့အမှား မဟုတ်ပါဘူး။ ဒါကပဲ သူ့ရဲ့ Pose ဖြစ်ပါတယ်။ သူ ပြင်းပြင်းထန်ထန် မကစားချင်ဘူးဆိုတာ ဒီလိုကစားတာ သူ့စတိုင်လ် မဟုတ်လို့ပါ”လို့ ဆိုတယ်။
ဘာဘာတော့ဗ်ဟာ ပြေးပြေးလွှားလွှား ကစားချင်မှ ကစားမယ်။ ဘောလုံးလိုက်လုချင်မှလည်း လုမယ်။ လေ့ကျင့်ခန်းအစီအစဉ်တွေမှာ ခိုကပ်ရင် ခိုကပ်မယ်။ ကိန်းခမ်းကြီးပြီး ဇီဇာကြောင်ရင်လည်း ကြောင်မယ်။ ဒါပေမဲ့ ဒီအရာတွေကို သူ ပြုပြင်ခဲ့ရင် ကျွန်တော်တို့ မြင်တွေ့ခဲ့ရတဲ့ အံ့မခန်း ဘောလုံးအထိန်းအသိမ်းတွေ တွေ့နိုင်ပါ့မလား။ ရင်သပ်ရှုမောဖွယ် သွင်းဂိုးတွေကို သူ သွင်းနိုင်ပါ့မလား။ ဘာဘာတော့ဗ်အနုပညာတွေကို ခံစားကြရပါ့မလား။ အကျိုးနဲ့အကြောင်းက ဆက်စပ်နေပါတယ်။ သူ့ကျောပေါ်က အထင်လွဲမှုဓားချက်တွေအကြောင်း ကျွန်တော် ဖြေရှင်းပေးစရာ မလိုပါဘူး။ ဖြေရှင်းစရာ မလိုလောက်အောင် ဘောလုံးပရိသတ်စစ်စစ်တိုင်းရဲ့ တန်ဖိုးထားခံရသူ ဖြစ်နေလို့ပါပဲ။ သူ့ရဲ့ အားနည်းချက်တွေအကြောင်း ဘယ်ပရိသတ်ကမှ အပြစ်မဖို့ချင်ပါဘူး။ သူ့ ရင်ထဲက နားလည်ရခက်တဲ့ စိတ်နေစိတ်ထားတချို့အကြောင်း ဘယ်သူကမှ မဝေဖန်ချင်ပါဘူး။ သူ ဖန်တီးခဲ့တဲ့ အလှတရားတွေကိုပဲ ပရိသတ်တွေ အာရုံရှိပါတယ်။ သူ မွှေးပျံ့ခဲ့တဲ့ ရနံ့တွေကိုပဲ ပရိသတ်တွေ အာရုံရှိပါတယ်။ ဟုတ်ပါတယ်။ ဒါဟာ ဘောလုံးအနုပညာကို ပရိသတ်တွေ ချစ်မြတ်နိုးပုံပဲ ဖြစ်ပါတယ်။