25/06/2026
#ပုံသွင်းသူမဖြစ်ပါစေနဲ့
#ပျိုးထောင်သူပဲဖြစ်ပါစေ...
😞 5 နှစ်...
"သားသူငယ်ချင်းအိမ် သွားချင်တယ်"
"မသွားနဲ့ အိမ်မှာပဲဆော့"
"အော် ဟုတ်ကဲ့"
(ဘယ်သူငယ်ချင်းအိမ်မှ သူမသိဘူး။
သူ့မှာ အချစ်ဆုံးသူငယ်ချင်း မရှိဘူး။ သူအထီးကျန်တယ်)
😞 8 နှစ်...
"ဟို ပါဝါရိမ်းဂျားအရုပ် လိုချင်တယ်။ ဝယ်ပေးပါလား"
"အဲဒါတွေက အလကား ဗိုက်ပြည့်တာမဟုတ်ဘူး"
"အော် ဟုတ်ကဲ့"
(ကလေးဘဝ အမှတ်တရတွေကို ပြန်ကြည့်တိုင်း သူဟာ ကလေးတစ်ယောက် မဟုတ်ခဲ့ဘူး)
😞10 နှစ်...
"ကျောင်းဘောလုံးပြိုင်ပွဲမှာ ဘောလုံးဝင်ကန်ချင်တယ်"
"ခြေထောက်ကျိုးမယ်၊ ကွဲပြဲကုန်မယ်၊ ကျိုးကန်းချင်လား မကန်နဲ့"
"အော် ဟုတ်ကဲ့"
(အဲဒီအချိန်ကစ ဘာအားကစားမှ မပါဝင်ဖြစ် ကျန်းမာရေးလှုပ်ရှားမှုမရှိ ကြံ့ခိုင်မှုမရှိ)
😞13 နှစ်...
"လပြည့်ည သူငယ်ချင်းနဲ့ တူတူပုန်းတမ်း ကစားချင်တယ်"
"မကစားနဲ့ ၈နာရီရှိပြီ နတ်ဖွက်မယ်၊ သရဲရှိတယ်၊သံခရာခေါင်းဖြတ်မယ်"
"အော် ဟုတ်ကဲ့"
(ကြီးတဲ့အချိန်ထိ အမှောင်ကိုကြောက်၊ သရဲတစ္ဆေတွေကြောက် အမြဲစခံရ)
😞15 နှစ်...
"စီးပွားရေးသမားဖြစ်ချင်တယ် Eco တွဲ ယူမယ်နော်"
"ဟိုကောင် အာကာ တောင် Bio ယူတယ် Bio က ပိုမြင့်တယ် အဲဒါယူ"
"အော် ဟုတ်ကဲ့"
(သူစိတ်မဝင်စားတဲ့ ခန္ဓာအစိတ်အပိုင်းတွေအကြောင်း၊ တိရစ္ဆာန်၊ အပင်တွေအကြောင်း
ငြီးငွေ့အောင် သင်ခဲ့ ကျက်ခဲ့ရ)
😞16 နှစ်...
"အမှတ်လည်းကောင်းတယ် စီးပွားရေးတက္ကသိုလ် တက်ချင်တယ်"
"နင့်အမှတ်နဲ့ ဆေးကျောင်းတက် နင့်ကို ဆရာဝန်ဖြစ်ဖို့ ကျောင်းထားတာ"
"အော် ဟုတ်ကဲ့"
(သူ့အကြီးမားဆုံးဆန္ဒကို ဖျက်ဆီးခံလိုက်ရပြီး ဘဝတစ်လျှောက်လုံး ဝါသနာမပါရာအသက်မွေးဝမ်းကျောင်းကို ရွေးချယ်ခဲ့ရ")
😞19 နှစ်...
"ရည်းစားရှိနေပြီ သူက စီးပွားရေးကျောင်းက"
"ရူးနေလား ဆရာဝန်ဟာ ဆရာဝန်နဲ့ပဲယူ အဆင့်တူ ငွေကြေးချမ်းသာတာနဲ့ယူ ခွေးမဖြစ်ချင်နဲ့"
"အော် ဟုတ်ကဲ့"
(သူ့ဘဝရဲ့ တစ်သက်လုံးလက်တွဲရမယ့်သူကို
ဆုံးရှုံးခဲ့။ အချစ်ဆိုတာကို ငွေကြေးနဲ့ဂုဏ်ဒြပ်က ဖျက်ဆီးခဲ့)
😞20 နှစ်...
"အဲဒီနေရာကို မရောက်ဖူးဘူး"
"မင်းက အဲ့မြို့မှာမွေး အဲ့မှာကြီးတာလေ။ ဒါလေးတောင် မရောက်ဖူးဘူး မသိဘူးလား"
"အော် အေးပါကွာ"
(သူငယ်ချင်းတွေကြားထဲ သူဟာ ဘာမှမသိသူ
တစ်ယောက်)
😞25 နှစ်...
"ဒါလေးကို ဒီလိုလုပ်လိုက်ရင် ကောင်းမယ်နော်"
"အဲဒီလို ဘယ်သူမှမလုပ်ဖူးဘူး ဟိုးအရင်လူကြီးတွေက ဟိုလိုပဲလုပ်လာတာ အဲလိုလုပ်"
"အော်ဟုတ်ကဲ့"
(ကိစ္စတစ်ခုအပေါ် မိမိအမြင်သစ်တွေနဲ့ မဖြေရှင်း၊မဖန်တီးတတ် တခြားသူအမြင်တွေပေါ် မှီခိုခဲ့)
..
..
..
အိမ်က သဘောတူတဲ့သူနဲ့ ယူခဲ့တယ်။ ချစ်တဲ့သူနဲ့ဝေးတယ်။
ကိုယ့်ဝါသနာကို စွန့်လွှတ်တယ်။
မိဘရွေးပေးတာ လုပ်တယ်။
ကိုယ့်အလုပ်ကိစ္စတွေကအစ ကိုယ်တိုင်ဆုံးဖြတ်ခွင့်မရှိ။
စွန့်စားလိုစိတ်တွေ ပျောက်ကွယ်၊ စဉ်းစားနိုင်စွမ်းတွေ ပျောက်သွားတယ်။
သူငယ်ချင်းတွေ ကိုယ့်မြို့လာလည်လို့ သွားသင့်တဲ့နေရာတွေ မေးရင် မသိ။
ဒါပေမယ့်
လူကြီးတွေရဲ့ မိတ်ဆွေတွေနဲ့ တွေ့တဲ့အခါ
"ဒါက ကျွန်မတို့ သား/သမီးလေးလေ
မိဘစကားကို တစ်သွေမတိမ်းလိုက်နာတယ်။အရမ်းလိမ္မာတာ အမေက ဒါဆိုဒါပဲ"
"သား/သမီး လိမ္မာလေး"
မိဘကို စိတ်ကျေနပ်ပျော်ရွှင်မှုတွေ ပေးနိုင်ခဲ့တယ်။ သူရဲ့ အကျင့်၊ ဝါသနာ၊ အချစ် ဖြစ်ချင်စိတ်တွေကို အဖျက်ဆီးခံပြီးတော့ပေါ့။
ဘဝတစ်လျှောက်လုံး အမိန့်နာခံတတ်အောင် သင်ကြားခံခဲ့ရပြီး လူတစ်ယောက်ရဲ့ ပင်ကိုယ်စွမ်းရည်တွေမရှိ၊ ဦးဆောင်မတတ်၊ လူရှေ့သူရှေ့စကားမပြောရဲ၊တစ်ယောက်ထဲ ဘာမှ မလုပ်ရဲ။ ဒါပေမယ့် သူဟာ သား/သမီးလိမ္မာ...
တစ်သက်လုံး ပင်ကိုယ်စွမ်းရည် ဆုံးဖြတ်နိုင်စွမ်းတွေကို နင်းချေခံခဲ့ရပေမယ့် နင်းချေခဲ့တဲ့သူတွေကိုယ်တိုင် တစ်ခါတစ်ရံ ဒါတောင်မသိဘူးလား ဒါလေးတောင် မလုပ်တတ်ဘူးလားလို့ ဆူလေရဲ့...
ဘာအကျိုးသက်ရောက်မှုတွေပဲ ရှိပါစေ လူကြီးတွေကတော့ ကောင်းစေချင်လို့ဆိုတဲ့ အဖြေတစ်ခုသာရှိပါတယ်။
စောဒကတက်မိရင် လူကြီးစေတနာနဲ့ပြောတာ
နားမလည်ဘူးလားဆိုတဲ့ အဖြေမဲ့မေးခွန်းတွေ အမေးခံရတတ်ပါတယ်။
လူကြီးတွေ တကယ်စေတနာရှိရင်
လူငယ်တွေကို နားလည်ပေးသင့်တာပေါ့။
ကိုယ်က လူကြီးဖြစ်ပြီး နားမလည်ခိုင်းသင့်ဘူး။
လူကြီးတွေကို သိစေချင်တာက ကိုယ့်မျိုးဆက်သစ်တွေကို ကိုယ်လုပ်ချင်တာ၊ ကိုယ်ဖြစ်ချင်တာကို တစ်သွေမသိမ်းလိုက်နာပြီး သူဖြစ်ချင်တာကို ဘာမှမသိတဲ့ (ကိုယ်လည်း သိစရာမလို) ကိုယ်ပါမှ ကိုယ်ပြောမှ လုပ်တတ်တဲ့သူအဖြစ် ပုံသွင်းနေတာလား။
ဒါ့အပြင် နှင်းဆီနဲ့တူတဲ့သူကို
စံပယ်နဲ့တူတဲ့သူနဲ့
ယှဉ်လေ့ရှိကြပါတယ်...
ဆရာဝန်နဲ့ အင်ဂျင်နီယာ ဘယ်သူပိုတော်သလဲဆိုတာ...
လှေသမားနဲ့ ဆရာဝန်
ဘယ်သူပိုတော်သလဲ...
လယ်သမားနဲ့ အင်ဂျင်နီယာ
ဘယ်သူပိုတော်သလဲ မေးနေသလိုပါပဲ...
နှင်းဆီရဲ့ထူးခြားချက်က အရောင်ဖြစ်သလို
စံပယ်ရဲ့အားသာချက်က ရနံ့ဖြစ်ပါတယ်...
နှင်းဆီက ပိုလှတယ်လို့ဖြေရင်
သင်ဟာ နှင်းဆီကြိုက်လို့ဖြစ်ပြီး...
စံပယ်က ပိုလှတယ်ဖြေရင်
သင်ဟာ စံပယ်ကိုကြိုက်လို့ပါ...
ပန်းချင်းတူပေမယ့်
အရည်အချင်းမတူပါဘူး...
တစ်ချိန် မိဘဖြစ်မယ့် သင်လည်း
ပုံသွင်းသူနဲ့ ပျိုးထောင်သူကို
သေချာနားလည်ပြီး ပန်းပျိုးတဲ့လက်ကလေးဖြစ်ပါစေ...
နှင်းဆီကို ပိုရဲစေပြီး
စံပယ်ကို ပိုမွှေးစေနိုင်သူ
ဖြစ်ပါစေ....။ ။
Credit...
30/01/2025
19/01/2025
18/01/2025
17/01/2025
17/01/2025
16/01/2025
12/01/2025
10/01/2025