04/09/2026
ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ စပိန်ကစားသမားတွေနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့လို့ ၁၀ ပွဲပယ်ခံခဲ့ရတဲ့ အာဂျင်တီးနား ကွင်းလယ်လူ လီယန်ဒရို ပါရီဒက်စ်ကတော့ အာဂျင်တီးနား လက်ရွေးစင်အသင်းမှာ ဆက်လက်ကစားဖို့ ခက်ခဲတော့မယ်လို့ ဝန်ခံပြောကြားလိုက်ပါတယ်။ အသက် ၃၂ နှစ်အရွယ် ပါရီဒက်စ်ဟာ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ အာဂျင်တီးနားအသင်း ရှုံးနိမ့်ခဲ့ပြီးနောက် ပွဲအပြီးမှာ စပိန်ကစားသမား ဂါဗီကို ဒေါသတကြီး တွန်းလှဲခဲ့တာကြောင့် ပြီးခဲ့တဲ့ သြဂုတ်လတုန်းက ကာလရှည် ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံခဲ့ရတာပါ ။
ပီအက်စ်ဂျီနဲ့ ရိုးမား ကွင်းလယ်လူဟောင်း ပါရီဒက်စ်က မက်ဆီရဲ့ အနားယူမှုဟာလည်း သူ့အနေနဲ့ လက်ရွေးစင်အနာဂတ်ကို ပြန်လည်စဉ်းစားလာရခြင်းရဲ့ နောက်ထပ် အကြောင်းအရင်းတစ်ချက် ဖြစ်တယ်လို့ ဝန်ခံခဲ့ပါတယ်။
"ကျွန်တော့်အတွက် လက်ရွေးစင်အသင်းမှာ ဆက်ရှိနေဖို့ ခက်ခဲပါလိမ့်မယ်။ ပွဲပယ်ပြစ်ဒဏ်ကြောင့်ရော၊ လီယိုရဲ့ ဆုံးဖြတ်ချက်ကြောင့်ပါ... အရာအားလုံး အရင်လို ဆက်သွားဖို့ဆိုတာ ခက်ခဲပါလိမ့်မယ်။ နည်းပြ (လီယိုနယ် စကာလိုနီ) နဲ့တော့ ဒီအကြောင်း မဆွေးနွေးရသေးပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ဆွေးနွေးကြမှာဖြစ်ပြီး ဘယ်လို ဆုံးဖြတ်ချက်မျိုး ချမလဲဆိုတာ စောင့်ကြည့်ရပါလိမ့်မယ်"
Leandro Paredes