30/06/2023
လူ့လောကကြီးထဲကို ဘယ်လိုလူသားတစ်ယောက်
အဖြစ်ရောက်ရှိလာခဲ့သလဲ...?
ဘယ်လိုလူသားတစ်ယောက် အဖြစ်နေထိုင်သွားမှာ
လဲ...?
သင့် နာမည်ကို ဘယ်လိုချန်ထားခဲ့မလဲ...?
သင်ရွေးချယ်သမျှက သင့်ဘဝပါပဲ... ရရှိနေတဲ့ အချိန်မှာ အကျိုးရှိစွာ အသုံးချဖို့ကို မျှော်လင့်ရင်း... အားလုံးရွင်လန်းချမ်းမြေ့ကြပါစေ...
Believe in your Power.
27/06/2023
တစ်စုံတစ်ခုကို ရဖို့ကြိုးစားနေရင်းက လက်မြှောက်အရှုံးပေးခဲ့ဖူးပါသလား? ဘာဖြစ်လို့ ဒီလို လက်လျှော့လိုက်တာလဲ?
လက်မြှောက်အရှုံးပေးခဲ့ရခြင်းဆိုတဲ့ အကြောင်းပြချက်ကို သင့်ကိုယ်သင် ဘယ်လိုဆင်ခြေပေးပြီး နှစ်သိမ့်ခဲ့ဖူးသလဲ... "ငါ အကောင်းဆုံးလုပ်ခဲ့တာပဲ... ဒါဟာ ငါ့အတွက်သင်ခန်းစာပဲလေ... နောက်တစ်ကြိမ် ဒီထက်ပိုကောင်းအောင် လုပ်ရုံပေါ့" လို့ ကိုယ့်ကိုယ်ကို ဆင်ခြေပေးခဲ့ကြဖူးမယ်ထင်ပါတယ်...
ဒါဟာ သင်လိုချင်တဲ့ ပန်းတိုင်ကိုရောက်ဖို့ ကန့်သက်ချက်တွေရှိနေပါလားလို့ သင်ကိုယ်တိုင်လက်ခံလိုက်တာပါ... ဘယ်သူတားလို့မှ မဟုတ်ပါ...
တကယ်တော့ ကိုယ့်မှာ ပန်းတိုင်ကိုရောက်ဖို့ အကန့်အသတ်တွေရှိနေခဲ့တာမဟုတ်ဘူး...
သင့်ကိုယ်သင် မဖြစ်နိုင်တော့ဘူးဆိုပြီး လက်လျှော့ဖို့ဆုံးဖြတ်လိုက်တဲ့ အတွက် ပန်းတိုင်ကိုမရောက်ခဲ့တာဖြစ်တယ်... သင့်ကိုယ်သင် အကန့်အသတ်နဲ့ယုံကြည်ခဲ့တာသာဖြစ်တယ်... ဒီလိုမျိုး အကန့်အသတ်နဲ့ယုံကြည်တတ်တဲ့ကိုယ့်စိတ်ကို ဖျောက်ပစ်ဖို့က သိပ်တော့မလွယ်လှပါဘူး...
ဒါပေမယ့် ကိုယ့်ဘဝတစ်လျှောက်မှာ ကိုယ်ကိုယ်တိုင် မလုပ်နိုင်လောက်ဘူးလို့ ထင်ပေမယ့် တကယ်တန်း လုပ်လိုက်နိုင်တဲ့ အတွေ့အကြုံတွေလည်း လူတိုင်းမှာ ရှိပါတယ်...
ဒီလိုအတွေ့အကြုံမျိုးကို ပြန်လည်သုံးသပ်ပြီး ပြန်လည်ဆန်းစစ်ကြည့်ပါ... ကိုယ့်မှာ ကိုယ်ကိုယ်တိုင် မယုံကြည်ထားတဲ့ လုပ်နိုင်စွမ်းတွေရှိနေပါလားဆိုတာတွေ့ရမှာဖြစ်ပါတယ်...
ဒါဆိုရင်ရော သင့်ကိုယ်သင့် အကန့်အသတ်နဲ့ပဲ ဆက်ပြီး ယုံကြည်နေအုံးမှာလား... သင်ဖြစ်ချင်တဲ့ ရည်ရွယ်ချက်ကို ရယူဖို့ အကန့်အသတ်မဲ့ ယုံကြည်ချက်နဲ့ ဒူးမထောက်လက်မမြှောက် ထပ်မံကြိုးစား ရယူကြည့်ဖို့ တိုက်တွန်းချင်ပါတယ်...
Business Coach & Trainer - Zaw Myo Aung
24/06/2023
"နာကျင်စရာတွေကို တွန်းအား အဖြစ်ပြောင်းပါ"
မိတ်ဆွေတို့ရဲ့ ဘဝတစ်လျှောက်မှာ နာကျင်စရာတွေ အများကြီးကို ကြုံခဲ့ဖူးကြပါလိမ့်မယ်။
ကိုယ့်မိသားစုကြားမှာ၊ သူငယ်ချင်းတွေကြားမှာ၊ ကျောင်းမှာ၊ အလုပ်မှာ၊ နှလုံးသားရေးရာ ကိစ္စတွေမှာ နာကျင်စရာတွေ အမျိုးမျိုးနဲ့ ကြုံခဲ့ဖူးကြပါလိမ့်မယ်။
ဒီလိုမျိုး နာကျင်စရာတွေကို ဘာလို့ကြုံရသလဲလို့ ပြန်လည် ဆန်းစစ်ကြည့်တဲ့ အခါ ကိုယ့်မှာ မပြည့်စုံမှုတစ်ခုခု ရှိနေတတ်တာကို သွားတွေ့ရပါတယ်။
ကိုယ့်မိသားစုထဲမှာ ကိုယ့်မိဘတွေက ကိုယ့်ကို အခြားညီအကို မောင်နှမတွေလောက် ဦးစားပေး မခံရတာမျိုး ကြုံဖူးရင် ကြုံဖူးကြပါလိမ့်မယ့်။
ဒီလိုမျိုး ကြုံရရင် နာကျင်စရာတွေက ဖြစ်ပေါ်လာတတ်ပါတယ်။ ကိုယ့်မိဘတွေက တခြားညီအကိုမောင်နှမတွေကို ကိုယ့်ထက်ပိုချစ်ကြလို့မဟုတ်ပါဘူး။ ကိုယ့်ကို အကြောင်းမဲ့ ဦးစားမပေးကြတာလည်း မဟုတ်ဘူး။ ကိုယ့်က တစ်ခုခု မပြည့်စုံသေးလို့ ဖြစ်ပါလိမ့်မယ်။ ကိုယ့်ရဲ့ အသက်အရွယ်၊ စဉ်းစားတွေခေါ်နိုင်မှု၊ အတွေ့အကြုံ၊ ရင့်ကျက်မှု၊ အလုပ်အကိုင်၊ ဝင်ငွေ၊ စရိုက်လက္ခဏာ၊ စတာတွေမှာ တစ်ခုခု လိုအပ်နေသေးလို့သာ ကိုယ့်ကို ဦးစားပေးမခံရတာ ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။
ကိုယ့်ရဲ့ အားနည်းချက်နဲ့ ကိုယ့်ရဲ့ မပြည့်စုံမှုကို တွေ့အောင်ရှာပြီး ပြုပြင်လိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်။
ဒီလိုပါပဲ ဘဝမှာလည်း အပေါင်းအသင်းတွေကြားမှာ၊ ကျောင်းသားကျောင်းသူတွေကြားမှာ၊ လုပ်ဖော်ကိုင်ဖက်တွေကြားမှာ၊ အချစ်ရေး၊အိမ်ထောင်ရေးကိစ္စတွေမှာ နာကျင်စရာတွေကြုံလာတဲ့အခါတိုင်း
"ကိုယ့်မှာ မပြည့်စုံမှု တစ်ခုခု" ရှိနေနိုင်တာကို သတိရဖို့ လိုပါမယ်။
နာကျင်စရာတွေပေးလာတဲ့သူတွေကို၊ နာကျင်စရာတွေ ဖြစ်ပေါ်စေတဲ့ အခြေအနေတွေကို အပြစ်တင်လိုက်တာထက်စာရင် ကိုယ့်မှာ ဘာလိုအပ်နေသေးတာလဲ လို့ စဉ်းစားပြီး လိုအပ်နေတဲ့အပိုင်းကို ဖြည့်ဖို့ လုပ်သင့်ပါတယ်။
တစ်ချို့ နာကျင်မှုတွေက အစားထိုးမရတဲ့ဆုံးရှုံးမှုတွေ ဖြစ်နိုင်ပါတယ်။
ဘယ်လိုမျိုး နာကျင်မှုတွေပဲဖြစ်ဖြစ် ကိုယ့်မှာ ဖြည့်ဖို့ လိုအပ်နေသေးတဲ့ လိုအပ်ချက်တစ်ခုတော့ရှိနေပြီ။ ဖြည့်မှဖြစ်မယ်ဆိုတဲ့ အတွေးမျိုးနဲ့ပဲ နာကျင်စရာတွေကို တွန်းအားအဖြစ်ပြောင်းလဲလိုက်နိုင်မယ်ဆိုရင် မိတ်ဆွေတို့ဘဝမှာ တိုးတက်ပြောင်းလဲလာမှာ သေချာပါတယ်။
နာကျင်စရာတွေက တကယ်တော့ တွန်းအားတွေပါ။
ZMA
Believe In Your Power.
23/06/2023
☺️ ပြုံးနေတဲ့ အချိန်ဟာ သင့်ရဲ့ အလှဆုံးအချိန်ပါ။
☺️ စိတ်မပါ လည်း စိတ်ပါ လက်ပါ ပြုံးပါ။
☺️ သင့် ရဲ့ အပြုံးက သင့် ကိုယ်သင် အေးမြစေသလို မြင်ရသူ အတွက်လည်း အေးမြ စေပါတယ်။
☺️ နှလုံးသားက လာတဲ့ အပြုံး တစ်ခုကိုသာ သင်ပေးနိုင်ရင် သင့်ကို လူအများက ချစ်ခင် ကြပါလိမ့်မယ်။
☺️ လူချစ် လူခင် ပေါများခြင်းက သင့်ရဲ့ အောင်မြင်ရေး ခရီးကို ပိုမိုချောမွေ့ လွယ်ကူအောင်ဖန်တီး ပေးပါလိမ့်မယ်။
☺️ ဒါကြောင့် သင် အောင်မြင်ချင်တယ်ဆိုရင် စိတ်မပါလည်း စိတ်ပါလက်ပါ ပြုံးလိုက်ပါ။
☺️ သင့်ကို လူအများက အပြုံးနဲ့တွဲပြီး မှတ်မိနေပါစေ။
Zaw Myo Aung - Business Coach
21/06/2023
"ထမင်း ဘယ်လို စားကြသလဲ"
ကြောင်တောင်တောင်နိုင်တဲ့မေးခွန်းပါ။
စာရေးသူငယ်ငယ်က ကြားဖူးတာလေးတစ်ခုရှိတယ်။
"ထမင်းဖြူသီးသန့်တစ်လုတ်ကို အချက် ၃၀ ဝါးကြည့်ပါ။ ၂၅ ချက်ပြည့်ရင် ထမင်းဟာ အလိုလိုချိုလာတယ်" ဆိုတာကိုပါ။ မယုံလို့စမ်းကြည့်ဖူးတယ်။ တကယ်လည်း ချိုလာပါတယ်။၂၅ ချက် မပြည့်ခင်မှာပဲ ချိုလာတယ်ထင်တာပဲ။
မယုံရင်စမ်းကြည့်လို့ရပါတယ်။မချိုရင်တော့ စာရေးသူနဲ့မဆိုင်ပါ။ စားတဲ့ထမင်းနဲ့သာ ဆိုင်ပါသည်။☺️
စာရေးသူတို့မြန်မာလူမျိူးများ၊ အထူးသဖြင့်အခြေခံလူတန်းစားအလွှာက လူတော်တော်များများ(စားရေးသူအပါအဝင်)ဟာ ထမင်းကို အချိန်ပေးပြီး ဖြည်းဖြည်းစားဖို့။ သေချာအရသာခံပြီးစားကြဖို့ အရေးမကြီးဘူးလို့ ယူဆထားတတ်ကြပါတယ်။ ဘဝပေး အခြေနေကြောင့်ပါလို့ စာရေးသူကိုယ်တိုင် ဆင်ခြေပေးခဲ့ဖူးပါတယ်။ တကယ်လည်း အလုပ်အရမ်းများနေတဲ့အခါ ဟင်းအရသာခံပြီးစားဖို့မပြောနဲ့ ဘာဟင်းနဲ့စားမိမှန်းမသိတာမျိုးထိကြုံဖူးကြပါလိမ့်မယ်။
တစ်ခါတစ်ရံဆိုလျှင် ပြဿနာမဟုတ်ပေမယ့် နေ့စဉ်ရက်ဆက်၊နှစ်ပေါင်းများစွာကြာလာတဲ့အခါ ထမင်းမြန်မြန်စားတာ အကျင့်တစ်ခုဖြစ်သွားတတ်တယ်။
ထမင်းကိုလက်ငါးချောင်းနဲ့သယ်ပြီး သို့မဟုတ် ဇွန်းနဲ့ အပြည့်သယ်ပြီး ပါးစပ်ထဲကို ပလုတ်ပလောင်းထည့်တယ်။ ဝါးလို့မပြီးသေးဘူး နောက်တစ်လုတ်ထပ်ထည့်တယ်။ ပြီးရင် ဟင်းရည်သောက်ပြီး မျှောချပစ်လိုက်တယ်။နောက်တစ်လုတ်ထပ်ထည့်ပြန်တယ်။ ထမင်းတစ်ပန်းကန်ကို ပြိုက်ခနဲပဲ။
မြန်မြန်စားလိုက်တော့ အများကြီးလည်းစားမိသွားတယ်။ ဒီလို စားလိုက်ခြင်းအားဖြင့် အရသာသိပ်ပြီးမခံစားလိုက်ရသလို အစာအိပ်ထဲကို ထမင်းနဲ့ဟင်းတွေ အတင်းထိုးသိပ်သလိုဖြစ်သွားပြီး ဗိုက်တွေ ပူလာတတ်ကြတယ်။
အမှန်ဆိုရင် ထမင်းကို ကိုယ်သတ်မှတ်ထားတဲ့ ပမာဏလေးပဲ ပန်းကန်ထဲထည့်။ ဇွန်းဖျားလေးနဲ့သယ်။ ပါးစပ်ထဲထည့်။ အရသာခံပြီးဝါး။ ညက်ပြီဆိုရင် ဟင်းလေးပါ ပါးစပ်ထဲထည့်ပြီး ထပ်ဝါး။ သေချာလေးအရသာခံကြည့်။ ညက်ပြီဆိုရင် ဖြည်းဖြည်းလေးမျိုချ။ အစာလမ်းကြောင်းကနေ ဆင်းသွားတာလေးပါ သတိထားမိရင်ပိုကောင်းတယ်။ ပြီးမှ နောက်တစ်ဇွန်းထပ်ဝါး။ ညက်အောင်ဝါး။အရသာခံကြည့်။ ဒီလိုဖြည်းဖြည်းလေး အရသာခံပြီး စားချင်းအားဖြင့် စားချင်တဲ့အာသီသကိုလည်း အမြန်ပြည့်ဝစေသလို ဗိုက်ကားအောင်မစားမိတော့ဘူး။
အစာအိမ်ကလည်း အလွယ်တကူချက်ပေးနိုင်သွားမယ်။ ကျန်းမာရေးပါ ပိုကောင်းလာမယ်။အဆီပိုတွေ အများကြီးနဲ့ ရောဂါပေါင်းစုံ ကိုယ်ခန္ဓာကြီးကို ပိုင်ဆိုင်ထားရတဲ့ ဒုက္ခကနေ ကင်းဝေးမယ်။
ဆေးလိပ်တွေ အရက်တွေသောက်မှ အဆိပ်တွေကို ကိုယ့်လက်နဲ့ကို ယူပြီးပါးစပ်ထဲထည့်နေကြတာ မဟုတ်ပါဘူး။ ထမင်းကို မြန်မြန်စား။ အလောတကြီးစား။ ငံလွန်းမှန်းမသိ။ ချိုလွန်းမှန်းမသိ။အီလွန်းမှန်းမသိ နင်းကန်စား။ ကိုယ့်အစာအိမ်ကိုယ် အားမနာတမ်းစား။ အစာအိမ်က စားလေကျယ်လေ။ ကျယ်လာလေပိုစားလေဖြစ်ကုန်ရော။ ပိုစားလေ အစာချက်ပေးရတာပိုပင်ပန်းလေပေါ့။
ထမင်းမြန်မြန်စားခြင်းနဲ့ များများစားခြင်းဟာလည်း
အဆိပ်တွေကို ကိုယ့်လက်နဲ့ကိုယ် ပါးစပ်ထဲထည့်နေခြင်းလို့ပဲ မှတ်ယူစေချင်ပါတယ်။
ငယ်တုန်းရွယ်တုန်းမှာ မသိသာပေမယ့် အသက်ကြီးလာတော့မှ ပိုသိသာလာပါလိမ့်မယ်။
အားလုံးကျန်းမာ ချမ်းသာကြပါစေ။
Believe In Your Power.
ZMA
20/06/2023
တစ်ရက်လောက် ကြိုးစားရုံနဲ့
အောင်မြင်တာမဟုတ်ဘူး။
တစ်လလောက်နဲ့လည်း ဘာမှ ထူးမှာမဟုတ်ဘူး။
အနဲဆုံး သုံးလ၊ ခြောက်လ၊ တစ်နှစ်တော့ အချိန်ယူပြီးမှ စီစဉ်တကျ အလုပ်လုပ်။
နောက် ငါးနှစ်၊ ဆယ်နှစ်ထိ အစီစဉ်ဆွဲထား။
လွယ်လွယ်နဲ့တော့ ဘာမှ မရဘူး။
အချိန်နဲ့ အားထုတ်ရမှုဟာ လိုချင်တဲ့ ရလဒ်ရဲ့
အတိမ်အနက်ပေါ်မှာ မူတည်တယ်။
Believe in your power.
ZMA
19/06/2023
ဒါတွေပဲ လုပ်နေလို့
ဒါတွေပဲ ရနေတာ။
ဒီ့ထက် ပိုကောင်းတာရချင်ရင်
ဒီ့ထက် ပိုကောင်းတာလုပ်။
ဒီ့ထက် ပိုကောင်းအောင်လုပ်။
ရလဒ်ပြောင်းချင်ရင်
လုပ်ရပ်ပြောင်းမှ ရမယ်။
Zaw Myo Aung - Business Coach
18/06/2023
"ကြောက်စိတ်"
ကျနော်တို့ ငယ်ငယ်က စာမေးပွဲဖြေရမှာ ကြောက်တယ်။
ကြောက်ပေမယ့်လည်း အချိန်တန်တော့ဖြေခဲ့ကြရတယ်။
အောင်လာခဲ့ကြတာပဲ။
အလုပ်စ လုပ်မယ်ဆိုတော့ အင်တာဗျူးတွေဖြေကြရတယ်။
ကြောက်ကြောက်နဲ့ဖြေပေမယ့် အင်တာဗျူးအောင်ပြီး အလုပ်ရခဲ့ကြတာပဲ။
ကိုယ်စိတ်ဝင်စားနေတဲ့ ကောင်မလေးကို လူငယ်စကားပြောကြတော့လည်း ကြောက်တာပဲ။
ကိုယ်ကမိန်းကလေးဆိုရင် ကိုယ်ကို လူငယ်စကားပြောခံရရင် ပထမတော့ကြောက်ကြမှာပဲ။ ကြောက်စိတ်နဲ့ ပြောခဲ့ကြပေမယ့် နောက်တော့ အဆင်ပြေသွားကြတာပဲ။
လူအများရှေ့မှာ စကားပြောရတော့လည်း ကြောက်ခဲ့ကြတာပဲ။ ကြောက်ပေမယ့် ပြောကြည့်တဲ့အခါ အဆင်ပြေသွားခဲ့ကြတာပါပဲ။
ကျနော်တို့ဘဝမှာ လုပ်ရမှာကြောက်ပေမယ့် ကြောက်ကြောက်နဲ့ပဲ လုပ်ခဲ့ကြရတာတွေမှ အများကြီး။
သိပ်စွန့်စားရမယ့် အလုပ်မျိုးမဟုတ်ပေမယ့် ကျနော်တို့အားလုံး ကြောက်ခဲ့ကြတယ်။
စွန်းစားရတဲ့ အလုပ်တွေ၊ဆုံးဖြတ်ချက်တွေအတွက် ကြောက်နေတတ်ကြတာ အဆန်းတော့မဟုတ်ပါ။
ကြောက်တတ်တာက လူတိုင်းပါပဲ။ ကိုယ်တစ်ယောက်ထဲကြောက်နေတယ်မထင်ပါနဲ့။ ကြောက်စိတ်ကို ကြောက်စိတ်အတိုင်းပဲထားပါ။
ကြောက်ပေမယ့် လုပ်မှရမယ့်ဟာဆို လုပ်ပါ။
လုပ်ရင်းနဲ့မှ ကြောက်စိတ်ကပျောက်တာပါ။ မလုပ်ဘဲနေရင် ကြောက်စိတ်က မပျောက်တော့ဘူး။ ဆက်ရှိနေအုံးမှာပဲ။
ကြောက်လို့ မလုပ်ဘူးဆိုတာမျိုး အဖြစ်မခံကြပါနဲ့လို့ တိုက်တွန်းချင်ပါတယ်။
တစ်ခုခုလုပ်ရမှာကို ကြောက်နေတိုင်း ကိုယ်ကြောက်ကြောက်နဲ့လုပ်ပြီး အောင်မြင်ခဲ့ ကျော်ဖြတ်ခဲ့တာတွေကို ပြန်းစဉ်းစားကြပါလို့ အကြံပြုပါရစေ။
Believe in your power.
ZMA - Business Coach & Trainer