04/05/2026
ဖောရက်စ်နဲ့ပွဲမှာ ဘယ်သူတွေ ပွဲထွက်လာမလဲ...
ရီစီဂျိမ်းစ်နဲ့ လီဗီကိုဝဲတို့ ဒဏ်ရာပြန်ကောင်းလာပြီ၊ ဒီပွဲအတွက် လူစာရင်းမှာ ပါဝင်လာဖို့တောင် ရှိနေပြီဆိုတာက တကယ့်သတင်းကောင်းပါပဲ။ ဒါပေမယ့် starting line-upကနေ ပွဲထွက်လာဖို့အထိကတော့ သိပ်စောလွန်းနေသေးတယ်ထင်ပါတယ်။ နည်းပြမက်ဖာလိန်းအပါအဝင် တာဝန်ရှိသူတွေအနေနဲ့လည်း ဒီကစားသမားတွေကို သတိကြီးစွာပဲ သုံးစွဲသွားဖို့များတယ်။ လိုတိုရှင်းပြောရရင် ဒီပွဲမှာတော့ သူတို့တွေ အလွန်ဆုံး လူစားဝင်အနေနဲ့လောက်ပဲ ပါဝင်လာဖို့ ရှိပါတယ်...
ဂိုးသမားနေရာမှာတော့ ရောဘတ်ဆန်းချက်ဇ်ပဲ ဆက်လက်ပွဲထွက်လာမှာဖြစ်ပြီး CBတစ်စုံအနေနဲ့ ချာလိုဘာနဲ့ ဟာတို ပွဲထွက်လာဖို့များပါတယ်။ Fullbackတစ်စုံကတော့ ဂတ်စ်တိုနဲ့ ကူကူရယ်လာပဲ ဖြစ်ပါလိမ့်မယ်...
ကွင်းလယ်မှာတော့ ကိုင်စီဒိုနဲ့ လာဗီယာ pivotအတွဲကို တွေ့မြင်ရဖို့ရှိနေပြီး No.10 roleနေရာမှာ အန်ဇိုဖာနန်ဒက်ဇ် ပွဲထွက်လာဖို့ရှိပါတယ်။ ကိုးလ်ပါးမားကတော့ ညာခြမ်းမှာ ပွဲထွက်ကစားလာဖို့များနေပြီး ဘယ်ခြမ်းမှာတော့ ပတ်ဒရိုနီတိုကို တွေ့မြင်ရဖို့ရှိပါတယ်...
တိုက်စစ်မြားဦးမှာတော့ ယာအိုပတ်ဒရိုပါပဲ...
ဒါကြောင့် ဒီပွဲအတွက် ကျနော့်ရဲ့ခန့်မှန်းline-upက...
ရောဘတ်ဆန်းချက်ဇ်
ဂတ်စ်တို၊ ချာလိုဘာ၊ ဟာတို၊ ကူကူရယ်လာ
ကိုင်စီဒို၊ လာဗီယာ
ပါးမား၊ အန်ဇို၊ ပတ်ဒရိုနီတို
ယာအိုပတ်ဒရိုပါပဲ...
ဘယ်သူတွေပွဲထွက်ကစားလာသည်ဖြစ်စေ နိုင်ပွဲရဖို့ကတော့ အဓိကလိုရင်းဖြစ်ပါတယ်။ အဆင့်၅အတွင်းဝင်ဖို့ ဖြစ်နိုင်ချေနည်းသွားပြီဆိုပေမယ့် လက်ကျန်ပွဲတွေမှာ ကိုယ့်အလုပ်ကိုယ် အကောင်းဆုံးလုပ်နိုင်ဖို့၊ တတ်နိုင်သလောက် အဆင့်တက်အောင် ဆက်ကြိုးစားဖို့ လိုအပ်နေပါသေးတယ်…
ကိုယ့်အိမ်ကွင်းပွဲဆိုပေမယ့် ဖောရက်စ်ကလည်း လတ်တလောရလဒ်တွေ အတော်လေးကောင်းမွန်နေသလို တန်းဆင်းဇုန်ဖိအားလည်း ရှိနေသေးတာကြောင့် ချယ်လ်ဆီးအတွက် သိပ်တော့လွယ်ကူမှာမဟုတ်ပါဘူး...
ဒါပေမယ့် ချယ်လ်ဆီးအနေနဲ့လည်း ပရီးမီးယားလိဂ် ၅ပွဲဆက်အရှူံးကို အမြန်ဆုံးရပ်တန့်နိုင်ဖို့၊ ဒီပွဲကို အနိုင်ကစားဖို့ လိုအပ်နေပါတယ်။ သူတို့လုပ်နိုင်မလား စောင့်ကြည့်ရပါလိမ့်မယ်...
27/04/2026
မက်ဖာလိန်း ပွဲပြီးအင်တာဗျူး အပြည့်အစုံ...
Q. ခင်ဗျားအတွက်၊ ချယ်လ်ဆီးအတွက် အရေးတကြီး လိုအပ်နေတာ ဒီလိုနိုင်ပွဲမျိုးပဲလား။ ဒီနိုင်ပွဲက စိတ်ဓာတ်ရေးရာအရ ဘယ်လောက်ထိ အထောက်အကူဖြစ်နိုင်မလဲ။
မက်ဖာလိန်း- အမှန်ပါပဲ။ ဆီမီးဖိုင်နယ်ပွဲစဥ်တစ်ပွဲဖြစ်နေတာကြောင့် နိုင်ပွဲရဖို့က အင်မတန်အရေးကြီးပါတယ်။ လတ်တလောကြုံတွေ့နေရတဲ့ ရလဒ်ဆိုးတွေကို ရပ်တန့်လိုက်နိုင်ဖို့အတွက်လည်း နိုင်ပွဲရဖို့က ပိုအရေးကြီးသွားပါတယ်။ ဒီနိုင်ပွဲဟာ အသင်းသားတွေရဲ့ စိတ်ခံစားမှုပိုင်းကို အများကြီးပြောင်းလဲသွားစေလိမ့်မယ်လို့လည်း ကျနော်ယုံကြည်ပါတယ်။ ဒီရာသီ လက်ကျန်၅ပွဲအတွက် ကျနော်တို့ကို အများကြီးခွန်အားဖြစ်သွားစေနိုင်လောက်တဲ့ နိုင်ပွဲမျိုးပါပဲ...
Q. ပရိသတ်တွေအတွက် FAဖလားကို အရယူပေးဖို့ တာဝန်ရှိတယ်လို့ရော ခံစားရပါသလား။ ချယ်လ်ဆီးပရိသတ်တွေအတွက် ဒီရာသီဟာ အတော်လေးခက်ခဲခဲ့တာဆိုတော့လေ။
မက်ဖာလိန်း- ဒါကတော့ အထွေအထူးပြောစရာမဟုတ်ပါဘူး။ ချယ်လ်ဆီးလိုအသင်းကြီးတစ်သင်းရဲ့ ကစားသမားတစ်ယောက်၊ နည်းပြတစ်ယောက် ဖြစ်လာပြီဆိုရင်တော့ ပွဲတိုင်းကို နိုင်ပွဲရအောင် ကြိုးစားဖို့ တာဝန်ရှိနေပြီးသားပါပဲ။ ဒီရာသီမှာလည်း ကျနော်တို့ဟာ ပွဲစဥ်တိုင်းကို နိုင်ပွဲရနိုင်ဖို့ အစွမ်းကုန်ကြိုးစားခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမယ့် အခန့်မသင့်စွာပဲ အကောင်းဆုံးရလဒ်တွေကို မရယူနိုင်ခဲ့ဘူး။ ဘာပဲဖြစ်ဖြစ် လက်ကျန်ပွဲစဥ်တွေမှာလည်း ကျနော်တို့ အကောင်းဆုံးကြိုးစားသွားပါဦးမယ်...
ကျနော်တို့ကိုယ်တိုင်အတွက်၊ ချယ်လ်ဆီးအသင်းအတွက်၊ ပရိသတ်တွေအတွက် နိုင်ပွဲတွေ၊ ဆုဖလားအောင်မြင်မှုတွေ ရယူပေးဖို့ ကျနော်တို့မှာ တာဝန်ရှိနေပြီးသားပါပဲ...
Q. အန်ဇိုဟာ ကိုယ်တိုင်ခြေစွမ်းပြကစားနိုင်တဲ့အပြင် အသင်းဖော်တွေကိုလည်း အကောင်းဆုံး ဦးဆောင်မောင်းနှင်သွားနိုင်ခဲ့တာ တွေ့ရတယ်။ အဲ့ဒါလေးလည်း သုံးသပ်ပေးပါဦး...
မက်ဖာလိန်း- အဲ့ဒါ အန်ဇိုဖာနန်ဒက်ဇ်ရဲ့ အရည်အသွေးပါပဲ။ ပွဲပြီးပြီးချင်းမှာပဲ ကျနော်သူ့ကို လှမ်းပြောဖြစ်သေးတယ်။ “မင်းက ငါ့အတွက် ဒီလိုဂိုးမျိုးတွေ အမြဲသွင်းပေးတတ်တယ်နော်” လို့။ သူကတော့ ရယ်ပဲရယ်နေခဲ့ပါတယ်...
အမှန်ကတော့ အန်ဇိုဟာ ဒီနေ့ပွဲမှာ ရခဲ့တဲ့ သွင်းဂိုးပုံစံမျိုးကို မကြာခဏ သွင်းပေးနေကျပါပဲ။ သူ့ရဲ့ပါးနပ်တဲ့ နေရာယူပုံ၊ ရွေ့လျားပုံ၊ ဘောလုံးလမ်းကြောင်းကို အနီးစပ်ဆုံး ခန့်မှန်းတွက်ဆနိုင်မှုတွေကြောင့်လည်း ဒီလိုဂိုးမျိုးတွေကို သွင်းနိုင်ခဲ့တာဖြစ်ပါတယ်။ အန်ဇိုဟာ စွယ်စုံရကွင်းလယ်လူတစ်ယောက်လို့ ညွှန်းဆိုရလောက်အောင်ကိုပဲ မတူကွဲပြားတဲ့ အရည်အသွေးမျိုးစုံကို ပိုင်ဆိုင်ထားသူတစ်ယောက်ဖြစ်ပါတယ်...
အထူးသဖြင့် အသင်းအတွက် အရေးကြီးလာပြီဆိုရင် သူက ပိုပြီးတော့ အားထည့်ကစားတတ်တယ်၊ ကိုယ်တိုင်လည်း အစွမ်းကုန်ကြိုးစားတတ်သလို အသင်းဖော်တွေကိုလည်း အကောင်းဆုံး ဦးဆောင်မောင်းနှင်ပေးနိုင်စွမ်း ရှိနေပါတယ်။ ဒီပွဲမှာဆိုရင်လည်း တိုက်စစ်မှာတင်မက ခံစစ်မှာလည်း သူအစွမ်းကုန်ကြိုးစားသွားခဲ့တာ၊ အရေးပါတဲ့ ဖြတ်ထုတ်မှုတွေ အကြိမ်ကြိမ်လုပ်ခဲ့တာ၊ 50/50 အနေအထားတိုင်းမှာ ဘောလုံးရအောင် တွန်းတွန်းတိုက်တိုက် ကစားသွားခဲ့တာ တွေ့ရမှာပါ။ ဒီပွဲမှာ သူတကယ်ကောင်းခဲ့တယ်။ Man of the Matchဆုနဲ့ တကယ်ကိုထိုက်တန်ခဲ့ပါတယ်...
Q. ဘရိုက်တန်နဲ့ပွဲနဲ့ အခုလိဒ်စ်နဲ့ပွဲကြားမှာ သိသာထင်ရှားတဲ့ ပြောင်းလဲမှုတွေ အတော်များများ ရှိခဲ့တာ တွေ့ရတယ်။ ဘာတွေပြောင်းလဲသွားတာလဲ။ ခင်ဗျားအနေနဲ့ ဘာတွေကို ပြောင်းလဲပေးခဲ့တာလဲ။
မက်ဖာလိန်း- ဒါက ပျင်းစရာကောင်းတဲ့ အဖြေတစ်ခုဖြစ်လိမ့်မယ်ဆိုတာ ကျနော်ကိုယ်တိုင်သိပါတယ်။ ဒါပေမယ့် ကျနော်တို့ဟာ ဘရိုက်တန်နဲ့ပွဲတုန်းက စွမ်းဆောင်ရည်ကို ပြန်လည်သုံးသပ်ခဲ့ခြင်းမရှိပါဘူး။ လိဒ်စ်နဲ့ပွဲသီးသန့်ကိုပဲ ကျနော်တို့ အာရုံစိုက်ခဲ့တာပါ။ လိဒ်စ်ယူနိုက်တက်က ဘယ်လိုကစားနေသလဲ။ ဘယ်လိုအားသာချက်တွေရှိနေသလဲ။ ဒါတွေကို ကျနော်တို့ ဘယ်လိုရင်ဆိုင်သွားရမလဲ။ သူတို့ရဲ့အားနည်းချက်တွေကိုရော ဘယ်လိုအခွင့်အရေးယူရမလဲ။ ဒါတွေကိုပဲ ကျနော်တို့ အပြည့်အဝ အာရုံစိုက်ပြင်ဆင်ခဲ့တယ်။ ပထမပိုင်းမှာလည်း နည်းဗျူဟာပိုင်းအရ ကျနော်တို့ တကယ်အကောင်းဆုံးကစားနိုင်ခဲ့တယ်လို့ ကျနော်ယူဆပါတယ်။ ဒုတိယပိုင်းမှာတော့ စိတ်ဓာတ်ပိုင်း၊ ကြိုးစားအားထုတ်မှုပိုင်းတွေကို ပိုပြီးတော့ အားပြုကစားခဲ့ရတယ်။ ဒီလိုအဖက်ဖက်ကနေ ကြိုးစားကစားနိုင်ခဲ့လို့လည်း အခုလိုနိုင်ပွဲရခဲ့တာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လိဒ်စ်ယူနိုက်တက်လည်း တကယ့်အသင်းကောင်းတစ်သင်း ဖြစ်နေလို့ပါပဲ...
Q. ခံစစ်ကြောင်းမှာ တိုဆင်ကို ဘာလို့ရွေးခဲ့တာလဲ။
မက်ဖာလိန်း- သိပ်ကောင်းတဲ့မေးခွန်းပါ။ ကျနော့်အနေနဲ့ဆိုရင် ဒီပွဲအတွက် ကြိုတင်ပြင်ဆင်ရမှာ အခက်ခဲဆုံးသော ဆုံးဖြတ်ချက်ကလည်း အဲ့ဒါပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဟာတိုကလည်း သိပ်ကောင်းနေလို့ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၅ပွဲ၊ ၆ပွဲလောက်မှာဆိုရင် သူဟာ ကျနော်တို့ချယ်လ်ဆီးရဲ့ အကောင်းဆုံးကစားသမားပါပဲ။ ဒါပေမယ့် ဒီပွဲမှာတော့ တိုဆင်ကို ပွဲထွက်ခွင့်ပေးဖို့ ကျနော်ဆုံးဖြတ်ခဲ့တယ်။ ဘာလို့ဆိုတော့ ကားလ်ဗတ်လီဝင်ရဲ့ အမြင့်ဘောခြိမ်းခြောက်နိုင်စွမ်းကြောင့်ပါပဲ။ ဒါကို ယှဥ်ထိန်းနိုင်ဖို့ တိုဆင်က အသင့်တော်ဆုံးဖြစ်မယ်လို့ ကျနော်ယူဆခဲ့တယ်။ ဒါပေမယ့် ဟာတိုကိုလည်း ကျနော် အပြည့်အဝ ယုံကြည်ပါတယ်။ တကယ်လို့ ဒီပွဲကို သူဝင်ကစားခွင့်ရခဲ့မယ်ဆိုရင်လည်း သူအကောင်းဆုံးလုပ်နိုင်မှာပါ။ ဖိုဖာနာလည်း အလားတူပါပဲ...
ဒါပေမယ့် နည်းပြတစ်ယောက်အနေနဲ့တော့ ကျနော်ဟာ တချို့ဆုံးဖြတ်ချက်တွေကို မဖြစ်မနေ ချမှတ်ရလိမ့်မယ်။ အားလုံးဟာ ပွဲထွက်ခွင့်နဲ့ ထိုက်တန်သော်လည်းပဲ ကျနော့်အနေနဲ့ အားလုံးကို ပွဲထွက်ခွင့်ပေးလို့ မရနိုင်ပါဘူး...
ဒီတစ်ပွဲစာအနေနဲ့ တိုဆင်က အသင့်တော်ဆုံးဖြစ်လိမ့်မယ်လို့ ကျနော်ယုံကြည်ခဲ့တာကြောင့် သူ့ကိုပွဲထုတ်ခဲ့တာဖြစ်ပါတယ်။ ဒီပွဲမှာ တိုဆင်ရဲ့ တစ်ဦးချင်းခြေစွမ်း၊ ကျနော်တို့ခံစစ်ကြောင်းတစ်ခုလုံးရဲ့ စွမ်းဆောင်ရည်ပိုင်းတွေအရ ကျနော်မမှားခဲ့ဘူးလို့တော့ ယုံကြည်ရပါတယ်...
Q. အန်ဇိုကို အသင်းခေါင်းဆောင်အဖြစ် ပွဲထွက်ခွင့်ပေးဖို့ ဆုံးဖြတ်ရတာကရော မခက်ခဲခဲ့ဘူးလား...
မက်ဖာလိန်း- ကျနော်က ယာယီနည်းပြတစ်ဦးသာလျှင်ဖြစ်ပါတယ်။ ဒါကြောင့် တချို့သောကိစ္စတွေကို ကျနော်စဥ်းစားဆုံးဖြတ်ခွင့်မရှိသလို ဆုံးဖြတ်စရာလည်း မလိုအပ်ပါဘူး။ အန်ဇိုဟာ ဒီနေ့ဒီအချိန်ထိ ချယ်လ်ဆီးရဲ့ဒုတိယအသင်းခေါင်းဆောင်အဖြစ် ရပ်တည်နေဆဲဖြစ်တယ်။ အသင်းခေါင်းဆောင် ရီစီဂျိမ်းစ်မပါနိုင်တဲ့ အနေအထားမှာတော့ သူပဲ အသင်းခေါင်းဆောင်အဖြစ် ပွဲထွက်ကစားရမှာဖြစ်ပါတယ်။ ဒါက ရိုးရှင်းပါတယ်....
Q. ဖိုင်နယ်မှာတော့ ဂွာဒီယိုလာရဲ့ မန်စီးတီးကို ရင်ဆိုင်ကစားရတော့မယ်။ ချယ်လ်ဆီးအတွက်ရော အခွင့်အရေး ရှိနိုင်မလား...
မက်ဖာလိန်း- အသေအချာပါပဲ။ မန်စီးတီးက အသင်းကောင်းတစ်သင်းဖြစ်သလို ဂွာဒီယိုလာကလည်း နည်းပြကောင်းတစ်ယောက်ဖြစ်ပါတယ်။ ဒါ့အပြင် မန်စီးတီးဟာ လက်ရှိခြေစွမ်းအရ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးတစ်သင်းတစ်သင်းလည်း ဖြစ်နေပါတယ်။ ဒါပေမယ့် ကျနော်တို့ နိုင်ပွဲမရနိုင်ဘူး၊ အခွင့်အရေးမရှိဘူးလို့တော့ ကျနော်လုံးဝမယူဆပါဘူး။ ကျနော်တို့မှာလည်း ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိနေပါတယ်။ မှန်ကန်တဲ့ game-planတစ်ခုနဲ့ အကောင်းဆုံးကြိုးစားကစားသွားမယ်ဆိုရင် ကျနော်တို့မှာလည်း ထပ်တူထပ်မျှအခွင့်အရေးရှိနေပါတယ်။ အဲ့ဒီအတိုင်းဖြစ်လာဖို့လည်း မျှော်လင့်ထားပါတယ်...
ကျေးဇူးတင်ပါတယ်...
--- Football London ---
27/04/2026
လိဒ်စ်နှင့်ပွဲမှ ချယ်လ်ဆီးကစားသမားများ၏ စွမ်းဆောင်ရည်သုံးသပ်ချက်...
ရောဘတ်ဆန်းချက်ဇ်- ၈.၅
အကောင်းဆုံးလက်စွမ်းပြကစားနိုင်ခဲ့တယ်။ လိဒ်စ်ယူနိုက်တက်ရဲ့ အပိုင်အခွင့်အရေး၃ကြိမ်ထက်မနည်းကို အမှားအယွင်းမရှိ ကာကွယ်သွားနိုင်ခဲ့ပါတယ်။ အဲ့ဒီလက်စွမ်းပြကာကွယ်မှုတွေကပဲ ချယ်လ်ဆီးကို FAဖလားဖိုင်နယ် ပို့ပေးနိုင်ခဲ့တယ်ဆိုလည်း မမှားပါဘူး...
ဂတ်စ်တို- ၇
ပထမပိုင်းမှာ အတော်လေးခြေစွမ်းပြကစားနိုင်ခဲ့တယ်။ ညာခြမ်းတိုက်စစ်ကို အကောင်းဆုံးလိုက်ပါပံ့ပိုးနိုင်ခဲ့သလို လိုအပ်ရင် အလယ်ထဲဝင်ပြီး ကွင်းလယ်ကို အားဖြည့်ပေးသွားခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ အိုကာဖော်ကို အနည်းငယ်ခက်ခဲစွာပဲ လိုက်ထိန်းသွားရပါတယ်...
ချာလိုဘာ- ၇.၅
သူ့ဆီက မတော်တဆ ဘောလုံးပျက်သွားတဲ့တစ်ကြိမ်က အတော်လေးအန္တရာယ်များခဲ့တယ်။ လိဒ်စ်အတွက် အခွင့်အရေးကောင်းတစ်ကြိမ် ဖြစ်သွားစေခဲ့ပါတယ်။ ဒါပေမယ့် တစ်ပွဲလုံးအတိုင်းအတာအနေနဲ့တော့ ချာလိုဘာ ခြေစွမ်းပြကစားသွားနိုင်ခဲ့တယ်။ လိဒ်စ်ယူနိုက်တက်ရဲ့ တိုက်စစ်လမ်းကြောင်းအများစုကို ကြံ့ကြံ့ခံ ရင်ဆိုင်သွားနိုင်ခဲ့ပါတယ်...
တိုဆင်- ၇.၅
ကားလ်ဗတ်လီဝင်ကို သူအဓိကတာဝန်ယူပြီး လူကပ်ကစားခဲ့ရတယ်။ တိုဆင် အကောင်းဆုံး တာဝန်ကျေနိုင်ခဲ့ပါတယ်...
ကူကူရယ်လာ- ၇
သိပ်တော့ခြေစွမ်းမပြနိုင်ခဲ့ပေမယ့် အမှားအယွင်းလည်း နည်းပါးခဲ့ပါတယ်...
လာဗီယာ- ၆.၅
ပွဲချိန်အများစုမှာ တည်တည်ငြိမ်ငြိမ်၊ သပ်သပ်ရပ်ရပ်နဲ့ ကစားပြသွားနိုင်ခဲ့ပါတယ်။ ကိုင်စီဒိုနဲ့ အတွဲအဖက်မိမိ ကစားနိုင်ခဲ့သလို သူ့ရဲ့ပါးနပ်တဲ့ ရွေ့လျားပုံတွေ၊ တိကျတဲ့ ဘောလုံးဖြန့်ဝေမှုတွေက လိဒ်စ်ယူနိုက်တက်ရဲ့ အသင်းလိုက်pressingကို ကျော်ဖြတ်ရာမှာ ချယ်လ်ဆီးအတွက် အများကြီးအထောက်အကူ ဖြစ်စေခဲ့ပါတယ်...
ကိုင်စီဒို- ၇.၅
နောက်ပိုင်းပွဲစဥ်တချို့မှာ နည်းနည်းလေးရုန်းကန်နေခဲ့ရပေမယ့် ဒီပွဲမှာတော့ ကိုင်စီဒိုရဲ့ အကောင်းဆုံးခြေစွမ်းတွေကို ပြန်မြင်လာရပါတယ်။ ခံစစ်ကြောင်းကို အကောင်းဆုံးကာကွယ်ပေးနိုင်ခဲ့သလို ကစားကွက်တည်ဆောက်မှုပိုင်း၊ တိုက်စစ်ကို လိုက်ပါပံ့ပိုးပေးနိုင်မှုအပိုင်းတွေမှာလည်း အပြစ်ပြောစရာ သိပ်မရှိခဲ့ပါဘူး...
ပတ်ဒရိုနီတို- ၈
ဘယ်ညာတောင်ပံနှစ်ဖက်စလုံးမှာ လုပ်အားနှုန်းကောင်းကောင်းနဲ့ ကြိုးကြိုးစားစား ကစားသွားခဲ့တယ်။ အန်ဇိုရဲ့ တစ်လုံးတည်းသောအနိုင်ဂိုးကိုလည်း ဖန်တီးပေးနိုင်ခဲ့ပါတယ်...
အန်ဇိုဖာနန်ဒက်ဇ်- ၈.၅
အဖိုးတန်အနိုင်ဂိုးကို ကိုယ်တိုင်သွင်းပေးခဲ့တယ်။ တစ်ပွဲလုံးအတိုင်းအတာအနေနဲ့လည်း လုပ်အားနှုန်းကောင်းကောင်းနဲ့ နေရာစုံဖြည့်ကစားပေးသွားခဲ့ပြီး အကောင်းဆုံးခြေစွမ်းပြကစားနိုင်ခဲ့တာ တွေ့ရပါတယ်...
ဂါနာချို- ၆.၅
သူလည်း ကြိုးကြိုးစားစား ကစားနေတယ်ဆိုတာတော့ သိသာခဲ့ပါတယ်။ ဒါပေမယ့် ထိရောက်မှုတော့ နည်းပါးနေပါသေးတယ်...
ယာအိုပတ်ဒရို- ၇
ချယ်လ်ဆီးရဲ့တိုက်စစ်လမ်းကြောင်းအများစုဟာ သူ့ကို အဓိကဗဟိုပြုပြီး လည်ပတ်လှုပ်ရှားနေခဲ့တာ တွေ့ရပါတယ်။ ကိုယ်တိုင်ဂိုးရဖို့လည်း အတော်နီးစပ်ခဲ့ပြီး မရခဲ့တာကတော့ နှမျောစရာပါပဲ...
လူစားဝင်ကစားသမားများ...
အန်ဒရေဆန်းတို့စ်- ၆.၅
လာဗီယာ လုပ်အားနှုန်းကျသွားချိန်မှာ ကွင်းလယ်ကိုထိန်းပေးဖို့ သူလူစားဝင်လာခဲ့ရတယ်။ တာဝန်ကျေခဲ့ပါတယ်...
ကိုးလ်ပါးမား- ၆
သိပ်ထူးထူးခြားခြား ခြေစွမ်းမပြနိုင်ခဲ့ပေမယ့် without possessionမှာ ကြိုးကြိုးစားစားနဲ့ အားထည့်ကစားပေးသွားခဲ့တာ တွေ့ရပါတယ်...
လီယန်မ်ဒီလက်ပ်- N/A
ပွဲပြီးခါနီးမှပဲ လူစားဝင်လာခဲ့တယ်။ ratingတစ်ခုခုပေးရလောက်အောင် ပါဝင်ပတ်သက်မှု မများခဲ့ပါဘူး...
27/04/2026
ချယ်လ်ဆီး 1-0 လိဒ်စ်
ပွဲချိန်အစောပိုင်းတွေမှာတော့ ချယ်လ်ဆီးဖက်က အသင်းလိုက်ကစားပုံ သိပ်မငြိမ်ခဲ့ဘူး။ လိဒ်စ်က စောစောစီးစီး အခွင့်အရေးကောင်းတစ်ကြိမ် ရသွားခဲ့တယ်။ တန်ပြန်တိုက်စစ်ကနေ အေရွန်ဆန် လွတ်ထွက်သွားပြီး ဂိုးသမားနဲ့ တစ်ယောက်ချင်းတွေ့ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အေရွန်ဆန်ရဲ့ အဆုံးသတ်ဂိုးသွင်းပုံက လိုအပ်ချက်တွေ ရှိခဲ့သလို ရောဘတ်ဆန်းချက်ဇ်ကလည်း အမှားအယွင်းမရှိခဲ့ပါဘူး...
အဲ့ဒီနောက်မှာတော့ ချယ်လ်ဆီးကစားကွက်ပိုကောင်းလာခဲ့တယ်။ လိုအပ်ရင်လိုအပ်သလို တိုက်စစ်ဇုန်ထဲကို long passတွေ တိုက်ရိုက်ကန်တင်ပေးပြီး မြန်မြန်ဆန်ဆန် တိုက်စစ်ဆင်ကစားဖို့ ကြိုးစားသွားခဲ့တယ်။ တောင်ပံတွဲလုံးတွေနဲ့လည်း လိဒ်စ်ခံစစ်ကြောင်းကို ဖိအားပေးလာခဲ့ပါတယ်...
ပွဲချိန်၂၃မိနစ်မှာတော့ ချယ်လ်ဆီး ဦးဆောင်ဂိုးရသွားခဲ့တယ်။ ပတ်ဒရိုနီတို ဂိုးရှေ့ဖြတ်တင်ပေးလိုက်တဲ့ဘောလုံးကို အန်ဇိုဖာနန်ဒက်ဇ်က အနီးကပ်အပိုင်ခေါင်းတိုက်သွင်းယူသွားခဲ့တာဖြစ်ပါတယ်...
ဒီဂိုးကပဲ ချယ်လ်ဆီးကို စိတ်ဓာတ်ရေးရာအရ ယုံကြည်မှုတွေ အများကြီးမြင့်တက်သွားစေခဲ့တယ်။ အဲ့ဒီနောက်ပိုင်းမှာလည်း ချယ်လ်ဆီးတိုက်စစ်က အခွင့်အရေးကောင်းတချို့ ဖန်တီးနိုင်ခဲ့တယ်။ ဒါပေမယ့် ဂိုးတော့ ထပ်မရခဲ့ပါဘူး...
ဒုတိယပိုင်းမှာတော့ လိဒ်စ်ယူနိုက်တက်ကလည်း ချေပဂိုးရဖို့ တင်ကစားလာတာကြောင့် အပြန်အလှန် အခွင့်အရေးတွေရခဲ့တယ်။ ပွဲပြီးခါနီးမှာတော့ လိဒ်စ်ဖက်က သိသိသာသာ ပိုဖိကစားလာခဲ့ပြီး ဂိုးရဖို့လည်း နီးစပ်ခဲ့တယ်။ ဒါပေမယ့် ရောဘတ်ဆန်းချက်ဇ် အကောင်းဆုံးလက်စွမ်းပြကာကွယ်သွားနိုင်ခဲ့ပါတယ်...
လိဒ်စ်ဖက်က အခွင့်အရေးကောင်းတချို့ ရခဲ့တယ်ဆိုပေမယ့် ချယ်လ်ဆီးခံစစ်ကြောင်းကလည်း သိပ်တော့အမှားအယွင်းမရှိခဲ့ပါဘူး။ အတိုင်းအတာတစ်ခုထိ သက်တောင့်သက်သာနဲ့ အနိုင်ဂိုးတစ်ဂိုးကို ထိန်းကစားသွားနိုင်ခဲ့တာဖြစ်ပါတယ်...
ဒီရလဒ်ကြောင့် ချယ်လ်ဆီးဟာ FAဖလားဖိုင်နယ်ကို အမှားအယွင်းမရှိ တက်လှမ်းသွားနိုင်ခဲ့တယ်။ ဖိုင်နယ်မှာတော့ မန်စီးတီးနဲ့ အကြိတ်အနယ်ယှဥ်ပြိုင်ကစားရဦးမှာဖြစ်ပါတယ်...
22/04/2026
ရိုဆင်ညာ အထုတ်ခံလိုက်ရပြီဖြစ်ပါတယ်...
ချယ်လ်ဆီးပိုင်ရှင်တွေအနေနဲ့ အားကစားဒါရိုက်တာဆိုသူတွေရဲ့ အရည်အသွေးကိုလည်း တစ်ခါထဲစဥ်းစားဆုံးဖြတ်သင့်ပြီထင်ပါတယ်။ တကယ်တော့ ရိုဆင်ညာဟာ ချယ်လ်ဆီးကို အစထဲက ရောက်မလာသင့်(သေး)တဲ့ နည်းပြတစ်ယောက်ပါပဲ...
စထရာဘော့မှာ သူလုပ်ပြနေတာတွေဟာ သိပ်မဆိုးပေမယ့် ချယ်လ်ဆီးကို တက်ကိုင်ဖို့အထိတော့ သူဘယ်လိုမှ အဆင်သင့်မဖြစ်သေးပါဘူး။ သူ့ကို ခန့်အပ်ဖို့၊ နှစ်ရှည်စာချုပ်ချုပ်ဖို့ ဆုံးဖြတ်ခဲ့တဲ့ အားကစားဒါရိုက်တာဆိုသူတွေရဲ့ အရည်အသွေးဟာ တကယ်ကို မေးခွန်းထုတ်စရာကောင်းနေပါတယ်...
ဒီလိုပုဂ္ဂိုလ်မျိုးတွေ ဦးဆောင်နေတဲ့အသင်းကို တကယ့်နည်းပြကောင်းတွေ လာချင်ပါ့မလား၊ လာခဲ့ရင်ရော အဆင်ပြေပါ့မလား သံသယဝင်စရာပါပဲ...
ဘာပဲဖြစ်ဖြစ် လောလောဆယ်တော့ မက်ဖာလိန်းက ရာသီကုန်ထိ ယာယီနည်းပြအဖြစ် တာဝန်ယူသွားမှာဖြစ်ပါတယ်...
22/04/2026
ဘရိုက်တန် 3-0 ချယ်လ်ဆီး...
>> ရိုဆင်ညာက Three-backကစားကွက်နဲ့ ပွဲထွက်လာတယ်။ ခံစစ်အနေအထားတွေမှာ ၅ယောက်တန်းခံစစ်ပုံစံ ပြောင်းကစားမယ့် ပုံစံမျိုးပါပဲ...
>> ဒါပေမယ့် Three-back, Five-backကို ဘယ်လိုကစားရမလဲ၊ ဒီကစားကွက်မှာ ကစားသမားတစ်ယောက်ချင်းစီရဲ့ role & functionက ဘယ်လိုမျိုးလဲ ရိုဆင်ညာ သေချာပြောပြခဲ့ပုံမရဘူး။ ဒါမှမဟုတ် သူ့ရဲ့နည်းဗျူဟာတွေ၊ game-planတွေကို ကစားသမားတွေဖက်က လုံးဝမယုံကြည်တော့တာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်...
>> သေချာတာတစ်ခုကတော့ ရိုဆင်ညာဟာ အဝတ်လဲခန်းသြဇာလွှမ်းမိုးမှုကို ဆုံးရှူံးလိုက်ရပြီဆိုတာပါပဲ...
>> ပွဲအစ၃မိနစ်မှာတင် ဘရိုက်တန်ကဦးဆောင်ဂိုးသွင်းခဲ့တယ်။ ပထမပိုင်းမပြီးခင်မှာတင် 4-0လောက်ထိ ဖြစ်သွားနိုင်တဲ့ အခွင့်အရေးမျိုးတွေလည်း သူတို့ရခဲ့တယ်။ ဒါပေမယ့် အသုံးမချနိုင်ခဲ့ဘူး။ ဂိုးထပ်မသွင်းနိုင်ခဲ့ပါဘူး...
>> ပုံမှန်အားဖြင့်ဆိုရင်တော့ အပိုင်ဂိုးသွင်းခွင့်တွေကို ဒီလောက်ထိ ဖြုန်းတီးပစ်တာမျိုးက နည်းနည်းအန္တရာယ်ရှိပါတယ်။ ဒါပေမယ့် အခုတော့ ဘာမှစိတ်ပူစရာမရှိခဲ့ဘူး။ ဘရိုက်တန်ရင်ဆိုင်နေရတာက ချယ်လ်ဆီးဖြစ်နေလို့ပါပဲ။ ချယ်လ်ဆီးဖက်က ဂိုးရဖို့ လုံးဝနီးစပ်မှုမရှိခဲ့တာကြောင့် ဒီပွဲဟာ ဘရိုက်တန်ဂိုးထပ်ရမလား၊ မရဘူးလားဆိုတာပဲ စောင့်ကြည့်နေရတဲ့ အနေအထားပါပဲ...
>> ပွဲချိန်မိနစ်၄၀ကျော်မှပဲ ချယ်လ်ဆီးဟာ ပထမဆုံး ဂိုးပေါက်ကန်သွင်းမှု စရခဲ့တယ်။ တစ်ပွဲလုံးအတိုင်းအတာအားဖြင့် တစ်ကြိမ်မှ ဂိုးပေါက်မတည့်ခဲ့ပါဘူး...
>> ဒုတိယပိုင်းမှာ Four Backပုံစံ ပြန်ပြောင်းလိုက်တော့ ချယ်လ်ဆီး မဆိုစလောက်လေး ပိုကောင်းလာတယ်။ ဒါပေမယ့် ဂိုးတွေသွင်းဖို့၊ ဘရိုက်တန်ကို ခြေရည်တူကစားဖို့တော့ အဆင်သင့်မဖြစ်ခဲ့ဘူး။ ပွဲချိန်၅၆မိနစ်မှ ဟင်ရှဲဝုဒ်ရဲ့ ဒုတိယဂိုးကို ထပ်ပြီးခွင့်ပြုခဲ့ရတယ်။ အဲ့ဒီမှာတင် ပွဲကပြီးသလောက် ဖြစ်သွားတာပါပဲ...
>> နာကျင်အချိန်ပိုမှာတော့ လူစားဝင်ဝဲလ်ဘတ်က တစ်ဂိုးထပ်သွင်းခဲ့တယ်။ ဒီဂိုးက ချယ်လ်ဆီးအတွက်တော့ သိပ်မထူးခဲ့ပါဘူး။ 2-0ဖြစ်သွားကတည်းက သူတို့ဒီပွဲကို ရှူံးသွားပြီဆိုတာ သေချာပြီးသားဖြစ်နေလို့ပါပဲ...
>> အမှတ်ပေးပြိုင်ပွဲမှာ ၅ပွဲဆက်ရှူံးတယ်ဆိုတာ နှစ်ပေါင်း၃၀ကျော်အတွင်း ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ အမှတ်ပေးပြိုင်ပွဲ၅ပွဲဆက် တစ်ဂိုးမှမသွင်းနိုင်ဘဲ ရှူံးပွဲတွေ့ခဲ့တယ်ဆိုတာကတော့ ၁၉၁၂နောက်ပိုင်း ပထမဆုံးပါပဲ။ စံချိန်သစ်တွေ၊ စံချိန်သစ်တွေ ဖြစ်ပါတယ်။ ကောင်းသောစံချိန်တွေတော့ မဟုတ်ခဲ့ပါဘူး...
>> နောက်ဆုံးပရီးမီးယားလိဂ်၉ပွဲမှာ ၅မှတ်ပဲရထားတယ်။ လက်ရှိခြေစွမ်းအရ ပရီးမီးယားလိဂ်ရဲ့ ဒုတိယအညံ့ဆုံးအသင်း ဖြစ်နေပါတယ်။ ကိုယ့်ထက်ရလဒ်ပိုဆိုးနေတာ တစ်သင်းပဲရှိတော့တယ်။ စပါးဖြစ်ပါတယ်...
>> ဒီရလဒ်ကြောင့် အဆင့်၇နေရာထိ ဆင်းပေးလိုက်ရတယ်။ ဒီတစ်ပတ်ပွဲစဥ်တွေ အားလုံးပြီးသွားရင် အဆင့်၁၀ပတ်ချာလည်လောက်ထိ ဆက်ဆင်းပေးရဖို့လည်း ရှိနေပါတယ်...
KTBFFH!
--- SB Nations ---
19/04/2026
မန်ယူနိုက်တက်နှင့်ပွဲမှ ချယ်လ်ဆီးကစားသမားများ၏ စွမ်းဆောင်ရည်သုံးသပ်ချက်...
ရောဘတ်ဆန်းချက်ဇ်- ၆.၅
ကူးညာရဲ့အနိုင်ဂိုးကတော့ သူဘယ်လိုမှ ကာကွယ်လို့ရနိုင်တဲ့ အနေအထားမဟုတ်ခဲ့ပါဘူး။ အဲ့ဒါကပဲ တစ်ပွဲလုံးမှာ သူရင်ဆိုင်ခဲ့ရတဲ့ တစ်လုံးတည်းသော ဂိုးပေါက်တည့်ကန်ချက်လည်း ဖြစ်ခဲ့ပါတယ်...
ဂတ်စ်တို- ၇.၅
ပွဲချိန်အများစုမှာ ကူးညာကို ကောင်းကောင်းထိန်းထားနိုင်ခဲ့သလို တိုက်စစ်ကိုလည်း အခွင့်အရေးရရင်ရသလို လိုက်ပါပံ့ပိုးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဦးဆောင်ဂိုးပေးလိုက်ရပြီးနောက်မှာတော့ ခံစစ်-တိုက်စစ်နှစ်ရပ်စလုံးမှာ သိသိသာသာ ရုန်းကန်လာရတာကိုလည်း တွေ့ရပါတယ်...
ဖိုဖာနာ- ၇
ရှက်ရှ်ကို,ကို ကောင်းကောင်းယှဥ်ထိန်းနိုင်ခဲ့တယ်။ ပွဲချိန်အများစုမှာ ခံစစ်ကြောင်းကို အကောင်းဆုံး ဦးဆောင်သွားနိုင်ခဲ့ပါတယ်...
ဟာတို- ၇
ခံစစ်ကြောင်းမှာ အကောင်းဆုံးတာဝန်ကျေခဲ့တယ်။ ယူနိုက်တက်ရဲ့ တိုက်စစ်အခွင့်အရေးတချို့ကို အကောင်းဆုံးဟန့်တားသွားနိုင်ခဲ့ပါတယ်...
ကူကူရယ်လာ- ၇
အမ်ဘူမိုကို ကောင်းကောင်းယှဥ်ထိန်းနိုင်ခဲ့တယ်။ အခွင့်အရေးရရင်ရသလို တိုက်စစ်ကိုလည်း လိုက်ပါပံ့ပိုးပေးသွားခဲ့ပါတယ်...
ကိုင်စီဒို- ၇
အန်ဇိုပြန်ပါလာခြင်းနဲ့အတူ ပိုကောင်းတဲ့ ကိုင်စီဒိုကိုလည်း ကျနော်တို့တွေ့မြင်လာရပါတယ်။ build-upတွေမှာ ထိထိရောက်ရောက် ပါဝင်ပတ်သက်နိုင်ခဲ့တယ်။ ယူနိုက်တက်ရဲ့တိုက်စစ်လမ်းကြောင်းတချို့ကိုလည်း ချိန်သားကိုက်ကြားဖြတ်ဟန့်တားနိုင်ခဲ့ပါတယ်...
အန်ဇိုဖာနန်ဒက်ဇ်- ၇.၅
အန်ဇိုကတော့ ချယ်လ်ဆီးမှာ သူ့ရဲ့အရေးပါအရာရောက်မှုကို အကောင်းဆုံးသက်သေပြသွားနိုင်ခဲ့ပါတယ်။ သူ့ရဲ့ဘောလုံးဖြန့်ဝေမှုတွေ၊ တိုက်စစ်ကို လိုက်ပါပံ့ပိုးမှုတွေက ချယ်လ်ဆီးအတွက် အများကြီးအရေးပါခဲ့တယ်။ ဒါပေမယ့် အသင်းဖော်တွေက အန်ဇိုကြောင့်ရလာတဲ့ အခွင့်အရေးတွေကို အပြည့်အဝ အသုံးမချနိုင်ခဲ့ပါဘူး...
အက်စ်တီဗာအို- ၆.၅
ပွဲကိုအကောင်းဆုံးစတင်နိုင်ခဲ့တယ်။ ယူနိုက်တက်ခံစစ်ကြောင်းကို တောက်လျှောက်ခြိမ်းခြောက်နိုင်ခဲ့တယ်။ ဒါပေမယ့် အခန့်မသင့်စွာပဲ ဒဏ်ရာပြဿနာကြောင့် စောစောစီးစီး လူစားလဲခံလိုက်ရပါတယ်...
ပါးမား- ၆
သပ်ရပ်တဲ့ ဘောလုံးအထိန်းအသိမ်းတချို့နဲ့ ယူနိုက်တက်ခံစစ်ကြောင်းကို ခြိမ်းခြောက်နိုင်ခဲ့တယ်။ ဒါပေမယ့် တစ်ပွဲလုံးစာအနေနဲ့တော့ ပုံမှန်ခြေစွမ်းအောက်ကို သိသိသာသာ ရောက်နေခဲ့ပါတယ်...
ပတ်ဒရိုနီတို- ၆
သူ့ရဲ့ဖြတ်တင်ဘောတွေက ချယ်လ်ဆီးအတွက် အဓိကတိုက်စစ်လမ်းကြောင်းဖြစ်ခဲ့တယ်။ ဒါပေမယ့် ထိရောက်တဲ့ ဂိုးပေါက်ခြိမ်းခြောက်မှုတွေ၊ အခွင့်အရေးဖန်တီးပေးနိုင်မှုတွေတော့ သူသိပ်မလုပ်နိုင်ခဲ့ပါဘူး...
လီယန်မ်ဒီလက်ပ်- ၆
သူ့ရဲ့အားထုတ်မှုတစ်ကြိမ် ဂိုးဘားတန်းထိသွားတာကလွဲရင် တစ်ပွဲလုံးအတိုင်းအတာအနေနဲ့ သူသိသိသာသာပဲ ခြေစွမ်းပျောက်ဆုံးနေခဲ့ပါတယ်...
လူစားဝင်ကစားသမားများ...
ဂါနာချို- ၆.၈
အက်စ်တီဗာအိုရဲ့ ဒဏ်ရာကြောင့် ပွဲချိန်၁၆မိနစ်ကျော်မှာပဲ လူစားဝင်ကစားခဲ့ရတယ်။ တိုက်စစ်ကို သိပ်ထိထိရောက်ရောက် အကျိုးမပြုနိုင်ခဲ့ပါဘူး...
အက်ချင်ပေါင်၊ ချာလိုဘာ- N/A
မိနစ်၈၀ကျော်မှ လူစားဝင်ခွင့်ရခဲ့တယ်။ ratingတစ်ခုခုပေးရလောက်အောင် ပါဝင်ပတ်သက်မှု မများခဲ့ပါဘူး...
လာဗီယာ- N/A
ပွဲချိန်၈၈မိနစ်မှပဲ လူစားဝင်ခွင့်ရခဲ့ပါတယ်...
--- Football London ---
19/04/2026
ချယ်လ်ဆီး 0-1 မန်ယူနိုက်တက်...
သိပ်များများစားစား၊ ထူးထူးခြားခြား သုံးသပ်နေစရာ မရှိပါဘူး။ ဘောလုံးပိုင်ဆိုင်မှု ၆၀ရာခိုင်နှုန်း၊ ဂိုးပေါက်ကန်သွင်းမှု အကြိမ်၂၀ကျော်၊ xG ၁.၅၅ထိ ရှိခဲ့ပေမယ့်လည်း ဂိုးပေါက်တည့်ကန်ချက် ၁ကြိမ်ပဲ ရှိခဲ့တယ်...
ချယ်လ်ဆီးက အဖက်ဖက်က အသာစီးကစားထားတယ်ဆိုပေမယ့် နိုင်ပွဲရနိုင်လောက်တဲ့ စွမ်းဆောင်ရည်မျိုးကိုတော့ သူတို့မပြနိုင်ခဲ့ကြဘူး။ ယူနိုက်တက်ကလည်း သက်တောင့်သက်သာပဲ ပြန်လည်ရင်ဆိုင်ကစားသွားခဲ့တယ်။ ရလာတဲ့ အခွင့်အရေးကို တစ်ကြိမ်ဆိုဆိုသလောက် ထိထိရောက်ရောက် အသုံးချပြီး ဂိုးအရယူခဲ့တယ်။ အဲ့ဒီတစ်ဂိုးထဲကိုပဲ ပွဲပြီးသွားသည်အထိ အကောင်းဆုံး ထိန်းကစားသွားနိုင်ခဲ့ပါတယ်...
ယူနိုက်တက်က နောက်ထပ်ဂိုးရဖို့တောင် သိပ်မကြိုးစားတော့ဘဲ သူတို့လက်ထဲက ဦးဆောင်ဂိုးတစ်ဂိုးကိုပဲ အတိုင်းအတာတစ်ခုထိ သက်တောင့်သက်သာနဲ့ ထိန်းကစားသွားခဲ့တယ်။ ချယ်လ်ဆီးဖက်က ကံခေခဲ့တာလေးတွေလည်း ရှိပါတယ်။ ဒီထက်ပိုပြီးကံကောင်းခဲ့ရင်တော့ ချေပဂိုးတွေ၊ အနိုင်ဂိုးတွေ သူတို့ ရခဲ့ကြမှာပါ...
ဒါပေမယ့် ကိုယ့်ကံကြမ္မာကို ကိုယ်တိုင်မဖန်တီးနိုင်ဘူးဆိုရင် ဘယ်သူကမှ လာဖန်တီးပေးနေမှာ မဟုတ်ပါဘူး...
ယာအိုပတ်ဒရို ရုတ်တရက်ဒဏ်ရာရပြီး ဒီပွဲကို လွဲချော်သွားတာ၊ အက်စ်တီဗာအိုလည်း ၁၅မိနစ်ကျော်လောက်ပဲ ကစားခွင့်ရခဲ့တာတွေကလည်း ချယ်လ်ဆီးအတွက် ထိုးနှက်ချက်ဖြစ်ခဲ့တယ်...
Another Day, Another Lossပါပဲ။ ပရီးမီးယားလိဂ် ၄ပွဲဆက် ရှူံးပွဲတွေ့ခဲ့တယ်။ အဲ့ဒီ၄ပွဲမှာ ၁ဂိုးမှ မသွင်းနိုင်ခဲ့ဘူးဆိုတာက ပိုဆိုးပါတယ်...
အနီးစပ်ဆုံးပွဲစဥ်အဖြစ် လာမယ့်ဗုဒ္ဓဟူးမနက်(အင်္ဂါည)မှာ ဘရိုက်တန်နဲ့ အဝေးကွင်းပွဲစဥ် ကစားရပါဦးမယ်...
KTBFFH!
13/04/2026
ချယ်လ်ဆီး 0-3 မန်စီးတီး
ပွဲစစချင်းမှာ နည်းနည်းရုန်းကန်ခဲ့ရပေမယ့် ချယ်လ်ဆီးတို့ အမြန်ဆုံးငြိမ်အောင် ပြန်ထိန်းနိုင်ခဲ့တယ်။ မန်စီးတီးကို ခြေရည်တူကစားနိုင်ချိန်တွေ ရှိခဲ့ပါတယ်။ တိုက်စစ်က အကောင်းဆုံးပုံစံ မရခဲ့ပေမယ့် မန်စီးတီးကို ကစားကွက်ချင်း ယှဥ်ကစားနိုင်ခဲ့တယ်။ တစ်ခုခုမျှော်လင့်ချင်စရာ အနေအထားမျိုးပါပဲ...
ချယ်လ်ဆီးဖက်က ဦးဆောင်ဂိုးရတော့မလိုလည်း ရှိခဲ့တယ်။ ပုံမှန်အားဖြင့် ဘာမှသိပ်ဖြစ်မလာနိုင်လောက်တဲ့ မန်စီးတီးရဲ့ အမှားသေးသေးလေးတစ်ခုကို ယာအိုပတ်ဒရိုက အကောင်းဆုံးအသုံးချဖို့ ကြိုးစားခဲ့တယ်။ အလယ်ကြောအတိုင်း တောက်လျှောက်ဆွဲပြေးလာပြီး ကူကူရယ်လာရဲ့ ပြေးလမ်းကြောင်းထဲကို ကွက်တိမျှောထိုးပေးသွားခဲ့တယ်။ ကူကူရယ်လာကလည်း ဒါကိုအပိုင်အသုံးချပြီး ဂိုးသွင်းနိုင်ခဲ့တာပါပဲ...
ဒါပေမယ့် ချယ်လ်ဆီးအတွက် ကံမကောင်းစွာပဲ ကူကူရယ်လာ အနည်းငယ်လူကျွံနေခဲ့တယ်။ ချယ်လ်ဆီးအတွက် တစ်ဂိုးနစ်နာသွားရပါတယ်...
အဲ့ဒီနောက်ပိုင်းမှာတော့ မန်စီးတီးက တဖြည်းဖြည်းနဲ့ ပွဲကိုလွှမ်းမိုးဦးဆောင်ကစားလာတယ်။ ဒါပေမယ့် ချယ်လ်ဆီးခံစစ်ကြောင်းကလည်း သိပ်အမှားအယွင်းမရှိခဲ့ဘူး။ ရံဖန်ရံခါမှာ ထိရောက်တဲ့ တန်ပြန်တိုက်စစ်တွေနဲ့ မန်စီးတီးဖက်ကို တုံ့ပြန်ခြိမ်းခြောက်နိုင်တာမျိုးတောင် ရှိခဲ့တယ်။ အကောင်းဆုံးမဟုတ်ခဲ့ရင်တောင် ပြီးခဲ့တဲ့ပွဲစဥ်တချို့ကထက်စာရင် အများကြီးပိုကောင်းလာတဲ့ အသင်းလိုက်ကစားဟန်မျိုးကို သူတို့ပြသနိုင်ခဲ့တာဖြစ်ပါတယ်...
ဒါပေမယ့် ပထမပိုင်းတစ်ပိုင်းပါပဲ။ ဒုတိယပိုင်းမှာ မန်စီးတီးဖက်က အရှိန်တင်ကစားလာတဲ့အခါ ချယ်လ်ဆီးပြိုဆင်းသွားခဲ့တယ်။ သူတို့ဟာ အသင်းကြီးပြိုင်ဖက်တွေကို မိနစ်၉၀ပြည့် သူတင်ကိုယ်တင်ယှဥ်ကစားနိုင်ဖို့ ဘယ်လိုမှ အဆင်သင့်မဖြစ်သေးတာကို နောက်တစ်ကြိမ်တွေ့မြင်ခဲ့ရတယ်။ အဲ့ဒါကပဲ လက်ရှိချယ်လ်ဆီးရောက်နေတဲ့ lvတစ်ခုလည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်...
ပွဲချိန်၅၁မိနစ်နဲ့ ၅၇မိနစ်တွေမှာ ရှာကီရဲ့ဖန်တီးပေးပို့မှုတွေကနေ အိုရိုင်လေနဲ့ ဂယ်ဟီက နှစ်ဂိုးဆက်တိုက်သွင်းခဲ့တယ်။ အဲ့ဒီနောက် ချယ်လ်ဆီးကလည်း လက်ဆောင်ဂိုးတစ်ဂိုးထပ်ပေးခဲ့ပြီး ပွဲရလဒ်ကို ပိုပြီးတော့ ပြတ်သားသွားစေခဲ့ပါတယ်...
ဒီရလဒ်ကြောင့် ချယ်လ်ဆီးဟာ အဆင့်၅နေရာက လီဗာပူးနဲ့ ၄မှတ်ပြတ်သွားတယ်။ အဆင့်၁၂ဖူလ်ဟမ်ထက်လည်း ၄မှတ်ပဲသာတော့တဲ့ အနေအထားဖြစ်ပါတယ်။ ဒီလိုခြေစွမ်းမျိုး၊ ဒီလိုရလဒ်မျိုးတွေနဲ့သာဆိုရင် ဘာဥရောပဝင်ခွင့်မှ မရနိုင်လောက်တဲ့၊ နောက်ထပ်အမှားတချို့ ထပ်လုပ်မိတာနဲ့ အဆင့်၁၀ပတ်ချာလည်လောက်ထိ ရောက်သွားနိုင်လောက်တဲ့ အခြေအနေမျိုးပါပဲ...
နောက်တစ်ပတ်စနေမှာ မန်ယူနိုက်တက်ကို အိမ်ကွင်းမှာ လက်ခံကစားရပါဦးမယ်...
KTBFFH!
12/04/2026
မန်စီးတီးနဲ့ပွဲမှာ ဘယ်သူတွေ ပွဲထွက်လာမလဲ...
သာမန်big-matchတစ်ပွဲဆိုတာထက်ကို အများကြီးပိုပြီး နှစ်သင်းစလုံးအတွက် အရေးကြီးလာတဲ့ပွဲစဥ်မျိုး ဖြစ်ပါတယ်။ မနေ့က အာဆင်နယ်ရှူံးပွဲတွေ့သွားခဲ့တာကြောင့် မန်စီးတီးအနေနဲ့ ချန်ပီယံပြေးလမ်းမှာ အကောင်းဆုံးအခွင့်အရေးယူနိုင်ဖို့ဆိုရင် ဒီပွဲကို မဖြစ်မနေ အနိုင်ကစားဖို့ လိုအပ်လာပါတယ်...
ချယ်လ်ဆီးအနေနဲ့ဆိုလည်း မနေ့က လီဗာပူးနိုင်ပွဲရထားတဲ့ အနေအထားမှာ ချန်ပီယံလိဂ်ဝင်ခွင့်အားပြိုင်မှုအတွက် ဒီပွဲမှာ မဖြစ်မနေ နိုင်ပွဲယူနိုင်ဖို့ လိုအပ်လာတာပါပဲ...
လက်ရှိခြေစွမ်းတွေအရတော့ မန်စီးတီးက သိသိသာသာ၊ ရှင်းရှင်းလင်းလင်း ပိုကောင်းတဲ့အသင်းဖြစ်ပေမယ့် စတမ်းဖို့ဒ်ဘရစ်ဂျ်မှာ ကစားရမှာဖြစ်သလို ပထမအကျော့တုန်းကလည်း ချယ်လ်ဆီးဟာ နည်းပြအပြောင်းအလဲကာလ၊ အခက်အခဲတွေအများကြီးကြားကပဲ မန်စီးတီးကို အီတီဟတ်မှာ သရေကစားခဲ့တာမျိုးရှိပါတယ်။ ဒါကြောင့် ချယ်လ်ဆီးဖက်ကလည်း မျှော်လင့်ချက်ရှိနေတဲ့သဘောပါပဲ...
အထူးအရေးကြီးတဲ့ big matchတစ်ပွဲဖြစ်တာနဲ့အညီ နည်းပြရိုဆင်ညာဟာ လူစုံတက်စုံ၊ အင်ပြည့်အားပြည့်နဲ့ပဲ ပွဲထွက်လာဖို့ သေချာသလောက်ရှိနေပါတယ်...
ဂိုးသမားနေရာကတော့ ဘာမှသိပ်စဥ်းစားနေစရာမရှိပါဘူး။ ယော်ဂင်ဆန်ရဲ့ ဒဏ်ရာပြဿနာတွေကြောင့် ရောဘတ်ဆန်းချက်ဇ်ပဲ ဆက်လက်ပွဲထွက်လာဖို့ ရှိနေပါတယ်...
ဗဟိုခံစစ်အတွဲအနေနဲ့တော့ ဖိုဖာနာနဲ့အတူ ဘယ်သူပွဲထွက်လာမလဲ စောင့်ကြည့်ရပါမယ်။ မာမာဒူဆားနဲ့ ဟာတိုနှစ်ယောက်ထဲက တစ်ယောက်ယောက်ပွဲထွက်လာဖို့များနေပြီး လက်ရှိခြေစွမ်းအရ ဟာတိုဖြစ်မလား စိတ်ဝင်စားစရာပါပဲ...
Fullbackတစ်စုံအနေနဲ့တော့ ရီစီဂျိမ်းစ်မပါနိုင်သေးတဲ့ အနေအထားမှာ ဂတ်စ်တိုနဲ့ ကူကူရယ်လာပဲ ပွဲထွက်လာဖို့ သေချာသလောက်ပါပဲ...
အန်ဇိုမပါနိုင်သေးတဲ့ အနေအထားမှာတော့ double pivotအဖြစ် ကိုင်စီဒိုနဲ့အတူ လာဗီယာပွဲထွက်လာဖို့ရှိပါတယ်။ တောင်ပံနှစ်ဖက်မှာတော့ အက်စ်တီဗာအိုနဲ့ ပတ်ဒရိုနီတိုပဲ ပွဲထွက်လာဖို့များနေပြီး No.10 roleကတော့ ကိုးလ်ပါးမားပါပဲ...
တိုက်စစ်မြားဦးမှာတော့ ယာအိုပတ်ဒရိုပဲ ပွဲထွက်လာမှာဖြစ်ပါတယ်...
ရောဘတ်ဆန်းချက်ဇ်
ဂတ်စ်တို၊ ဖိုဖာနာ၊ ဟာတို၊ ကူကူရယ်လာ
ကိုင်စီဒို၊ လာဗီယာ
အက်စ်တီဗာအို၊ ပါးမား၊ ပတ်ဒရိုနီတို
ယာအိုပတ်ဒရို။
ဘယ်လိုလူစာရင်းမျိုးနဲ့ ပွဲထွက်လာသည်ဖြစ်စေ နိုင်ပွဲရဖို့ကတော့ လိုရင်းပါပဲ။ လက်ရှိမှာ မန်စီးတီးကလည်း အကောင်းဆုံးပုံစံပြန်ရနေပြီး အာဆင်နယ်နဲ့ လီဗာပူးကို ဆက်တိုက်နိုင်ပွဲယူထားတဲ့ အနေအထားဖြစ်တာကြောင့် ချယ်လ်ဆီးအတွက် အတော်လေးခက်ခဲနိုင်ပါတယ်။ သူတို့အကောင်းဆုံးကျော်ဖြတ်နိုင်မလား စောင့်ကြည့်ရပါမယ်...