Goals- ဂိုး

Goals- ဂိုး

Share

ဘောလုံးသတင်းများ၊ ခန့်မှန်းသုံးသပ်ချက်များနဲ့အတူ ဝါသနာရှင်ယူဇာများကို အကောင်းဆုံးသော ဝန်ဆောင်မှု ပေးမယ့် နေရာတစ်ခုပါ

22/05/2026

" ဆုံးဖြတ်ချက်မှန်ကန်ခဲ့တဲ့ မာတီနက်ဇ် "

ယခုနှစ်ပရီးမီးယားလိဂ် ဘောလုံးရာသီအစမှာ အက်စတွန်ဗီလာအသင်းရဲ့ ဂိုးသမားကြီးမာတီနက်ဇ်ဟာ အသင်းပြောင်းတော့မယ်ဆိုပြီး အတိအလင်းကြေညာခဲ့သလို ပရိသတ်တွေကိုပါ မျက်ရည်စများနဲ့နှုတ်ဆက်ကာ မန်ယူနိုက်တက်အသင်းကို ပြောင်းရွှေ့ဖို့ အဆင်သင့် ဖြစ်နေခဲ့ပါတယ်။ ဒါပေမယ့်လည်း ယူနိုက်တက်အသင်းဟာ အသက်အရွယ်အကြောင်းပြပြီး မာတီနက်ဇ်ကိုမခေါ်ယူဖြစ်ခဲ့တော့ပဲ ဆန်နီလန်းမန်းဆိုတဲ့ လူငယ်ကစားသမားလေးပဲ ရွေးချယ်စရာတစ်ခုအဖြစ် ခေါ်ယူခဲ့ပါတော့တယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ မာတီနက်ဇ်အနေနဲ့ တခြားဥရောပအသင်းတွေ လာကမ်းလှမ်းသည့်တိုင် ဘယ်ကိုမှမသွားတော့သလို အက်စတွန်ဗီလာအသင်းမှာပဲ ဆက်ရှိနေခဲ့တာပါ။

ကမ္ဘာ့ဖလားချန်ပီယံကြီး မာတီနက်ဇ်ရဲ့ဆုံးဖြတ်ချက်ဟာ မှန်ကန်ခဲ့တယ်လို့ပဲ ပြောရမလား။ နည်းပြကြီးအူနိုင်းအမ်မရီဦးဆောင်တဲ့ အက်စတွန်ဗီလာအသင်းဟာ ဒီရာသီမှာ အစောပိုင်းကာလတွေ ရှုံးပွဲတွေ့သည့်တိုင် နောက်ပိုင်းမှာ အကောင်းဆုံးပြန်လာနိုင်ခဲ့သလို အဆင့် ၁ ထိရောက်နိုင်ဖို့အနီးစပ်ဆုံး အနေထားအထိရောက်ခဲ့တာပါ။ အဲ့လိုအခြေနေမျိုးမှာ လက်ရှိအမှတ်ပေးချန်ပီယံ ဖြစ်သွားခဲ့တဲ့ အာဆင်နယ်လိုအသင်းမျိုးကို အိမ်ကွင်းဗီလာပက်ခ်မှာ ခြေစွမ်းအသာနဲ့အနိုင်ယူခဲ့ကာ ချန်ပီယံလောင်းစာရင်းမှာ အက်စတွန်ဗီလာအသင်းကို ထည့်သွင်းခဲ့ရတဲ့အထိပါပဲ။ မာတီနက်ဇ်အနေနဲ့လည်း အက်စတွန်ဗီလာအသင်းရဲ့ ဒီရာသီ ပရီးမီးယားလိဂ်နဲ့ ယူရိုပါလိဂ်အမြင့်ပျံခရီးစဉ်တွေမှာ အကောင်းဆုံးလက်စွမ်းတွေနဲ့အတူ အဓိကအခန်းကဏ္ဍကနေ ပါဝင်ခဲ့တာပါ။

ဒီလိုလက်စွမ်းကောင်းတွေပြသနေတဲ့ မာတီနက်ဇ်ရဲ့ ဆုဖလားသမိုင်းဟာ ကိုပါအမေရိကဖလား၊ ကမ္ဘာ့ဖလားတို့ကို အာဂျင်တီးနားအသင်းနဲ့အတူ အကောင်းဆုံးရယူနိုင်ခဲ့ပေမယ့်လည်း၊ ကလပ်ကစားသမားဘဝရဲ့ သုံးပုံနှစ်ပုံလောက်ဟာ အငှားကစားသမားဘဝနဲ့သာ အချိန်ကုန်ခဲ့ရပါတယ်။ သူ့ရဲ့အာဆင်နယ်ကစားသမားဘဝ နောက်ဆုံးသောရာသီရောက်မှသာ FA ဖလားနဲ့ ကွန်မြူနဒီဒိုင်းတို့ကို ဆွတ်ခူးနိုင်ခဲ့ကာ အဲ့ဒီနောက် အက်စတွန်ဗီလာအသင်းသို့ အပြီသတ်ပြောင်းရွှေ့သွားခဲ့ပြီး ယခုအခါမှာတော့ အသင်းနဲ့အတူ ယူရိုပါလိဂ် ဖလားကိုကိုင်မြှောက်ခွင့်ရပြီး သမိုင်းသစ်ရေးထိုးနိုင်ခဲ့ပါတယ်။ ဒါဟာသူ့ရဲ့ ကလပ်ကစားသမားဘဝတစ်လျှောက် အမြင့်ဆုံးသောဆုဖလားဖြစ်သလို ကမ္ဘာ့ဖလားရွှေလက်အိတ်ရှင် တစ်ယောက်အတွက် ထိုက်တန်လွန်းလှတဲ့ အရာတစ်ခုပါပဲ။

အကယ်လို့များ မာတီနက်ဇ်တစ်ယောက် မန်ချက်စတာယူနိုက်တက် သို့မဟုတ် တခြားအသင်းသို့ ပြောင်းရွှေ့သွားခဲ့သည်ရှိသော် သူ့အနေနဲ့နဲ့ ဆုဖလားရရှိဖို့ဆိုတာ အာမခံချက်ရရှိမှာ မဟုတ်ပါဘူး။ သူ့ရဲ့အက်စတွန်ဗီလာ အသင်းမှာဆက်နေခဲ့တဲ့ ဆုံးဖြတ်ချက်ဟာ မှန်ကန်သွားခဲ့သလို ပွဲအပြီးမှာလည်း ငါလုပ်နိုင်ခဲ့ပြီဆိုပြီး ကြွေးကြော်ကာ မြက်ခင်းစိမ်းပေါ်မှာ ထိုင်ချရင်းမျက်ရည်မိုးတွေဟာ သွန်းဖြိုးလို့ရွာခဲ့ပါတယ်။ ကျွန်တော်တို့တွေဟာ မာတီနက်ဇ်ကို စိတ်ဓာတ်ပိုင်းဆိုင်ရာမှာ ပြိုင်ဘက်ကစားသမားတွေကို လေးစားမှုမရှိလို့ဆိုပြီး တစ်စက်လေးမှ မကြိုက်နှစ်သက်ခဲ့ကြပေမယ့် သူ့ရဲ့လက်စွမ်းကတော့ လက်ရှိမှာကမ္ဘာ့အကောင်းဆုံး ဂိုးသမားတွေထဲကတစ်ယောက်ဆိုတာ ငြင်းလို့မရပါဘူး။ အက်စတွန်ဗီလာအတွက်တော့ မာတီနက်ဇ်ဟာအသင်းသမိုင်းတစ်လျှောက် အကောင်းဆုံးဂိုးသမားတစ်ယောက်ဖြစ်သလို ဂန္တဝင်ဂိုးသမားကြီးတစ်ယောက်ဆိုရင်လည်း ပြောလို့ရနေပါပြီ။

22/05/2026

" ဂိုး ၁၀၀၀ ပြည့်ဖို့ ၂၇ ဂိုးအလို "

ဆော်ဒီပရိုလိဂ်ရဲ့ ရာသီပိတ်ပွဲစဥ်မှာတော့ အယ်နာဆာအသင်းက ဒါမက်အသင်းကို ၄ - ၁ ဂိုးနဲ့ အနိုင်ယူပြီး အမှတ်ပေးချန်ပီယံဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးသွားခဲ့ပါတယ်။ ယခုပွဲစဥ်မှာ နှစ်ဂိုးသွင်းပြီး ပွဲစဥ်ရဲ့အကောင်းဆုံးကစားသမားဆုကို ရသွားတဲ့ စီရော်နယ်ဒိုအတွက်လည်း အယ်နာဆာအသင်းနှင့်အတူ အောင်မြင်ခဲ့တဲ့ ပထမဆုံး အဓိကဆုဖလားလည်း ဖြစ်လာခဲ့ပါပြီ။

ဒီအောင်မြင်မှုဟာ စီရော်နယ်ဒိုအတွက်တော့ များစွာ အဓိပ္ပါယ်ရှိခဲ့ပြီး သူ့အပေါ် ဝေဖန်သံတွေကို နှုတ်ဆိတ်စေခဲ့ပါတယ်။ စီရော်နယ်ဒိုဟာ အယ်နာဆာအသင်းသမိုင်းရဲ့ ဂိုးသွင်းအများဆုံးကစားသမားစာရင်းမှာလည်း သွင်းဂိုး ၁၀၁ ဂိုးနဲ့ ဒုတိယနေရာရောက်လာပြီဖြစ်ပါတယ်။ လက်ရှိရာသီရဲ့ ဆော်ဒီပရိုလိဂ် ထိပ်တန်းဂိုးသွင်းရှင်စာရင်းမှာလည်း စီရော်နယ်ဒိုဟာ သွင်းဂိုး ၂၈ ဂိုးနဲ့ တတိယနေရာမှာ ရပ်တည်နေတာပါ။

အသက် ၄၁ နှစ်အရွယ်ရှိနေပြီဖြစ်ပေမယ့် စီရော်နယ်ဒိုရဲ့ ဆုဖလားဆာလောင်စိတ်ဟာ ဆယ်ကျော်သက်လေးတစ်ဦးလို ပြင်းထန်နေဆဲဖြစ်ပါတယ်။ ဒါ့အပြင် စီရော်နယ်ဒိုအနေနဲ့ ပရော်ဖက်ရှင်နယ်ကစားသမားဘဝမှာ သွင်းဂိုး ၉၇၃ ဂိုးအထိရောက်လာပြီး သူ့ရဲ့အဓိကရည်မှန်းချက်ဖြစ်တဲ့ သွင်းဂိုး ၁၀၀၀ ပြည့်ဖို့ ၂၇ ဂိုးသာ လိုတော့တာပါ။ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း စီရော်နယ်ဒို ဦးဆောင်လာမယ့် ပေါ်တူဂီအသင်း ဘယ်အဆင့်ထိ တက်လှမ်းနိုင်မလဲဆိုတာ စိတ်ဝင်တစား စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။

21/05/2026

" ၂၆ + ၁ "

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ကစားမယ့် ပေါ်တူဂီလက်ရွေးစင်အသင်းရဲ့ အပြီးသတ် ၂၆ ဦးစာရင်းမှာ ကားမတော်တဆမှုကြောင့် ကွယ်လွန်သွားတဲ့ လီဗာပူးလ်တိုက်စစ်မှူး ဒီယိုဂိုဂျိုတာကို ထည့်သွင်းရွေးချယ်ခဲ့တယ်လို့ သိရပါတယ်။ ဒီယိုဂိုဂျိုတာနဲ့ သူ့ညီဖြစ်သူ အန်ဒရေဆေးဗားတို့ဟာ ပြီးခဲ့တဲ့နှစ်အလယ်ပိုင်းလောက်က စပိန်နိုင်ငံ ဇာမိုရာပြည်နယ်အနီးမှာ ကားတိမ်းမှောက်ပြီး ကွယ်လွန်သွားခဲ့ကြတာဖြစ်ပါတယ်။

ဒီယိုဂိုဂျိုတာဟာ လီဗာပူးလ်အသင်းနှင့် ပေါ်တူဂီလက်ရွေးစင်အသင်းတို့အတွက် အားထားရတဲ့ ကစားသမားတစ်ဦးဖြစ်ပြီး သူ ရုတ်တရတ်ကွယ်လွန်သွားတဲ့သတင်းဟာ ဘောလုံးကမ္ဘာကို အံ့သြတုန်လှုပ်စေခဲ့ပါတယ်။ ဒီယိုဂိုဂျိုတာဟာ ကွယ်လွန်ချိန်မှာ အသက် ၂၈ နှစ်အရွယ်သာရှိသေးပြီး ဘောလုံးလောကအတွက် ကြီးမားတဲ့ဆုံးရှုံးမှုဖြစ်ခဲ့ပါတယ်။ အချိန်တွေကြာသွားပေမယ့် ဒီယိုဂိုဂျိုတာကို မမေ့သေးဘူးဆိုတာ ပေါ်တူဂီလက်ရွေးစင်အသင်းက လုပ်ရပ်နဲ့ သက်သေပြခဲ့တာလည်း ဖြစ်ပါတယ်။

21/05/2026

" အက်စတွန်ဗီလာအသင်းရဲ့ အသံတိတ်ဟီးရိုး "

ဘောလုံးလောကမှာ အသင်းအတွက်ပဲကြည့်တဲ့ တစ်နည်းအားဖြင့် ကိုယ်ကျိုးမငဲ့တဲ့ " Unsung Hero " တွေဆိုတာ များများစားစား ပေါ်ထွက်လာလေ့မရှိပါဘူး။ သူတို့ဟာ လူသိများချင်မှ များမယ်၊ လူကြိုက်များချင်မှ များမယ်၊ ဒါပေမယ့် သူတို့ရဲ့ ပေးဆပ်ကစားမှုကတော့ ဘယ်အရာနဲ့မှ နှိုင်းယှဥ်လို့မရပါဘူး။ အက်စတွန်ဗီလာအသင်းရဲ့ အသင်းခေါင်းဆောင် ဂျွန်မက်ဂင်းဟာ အဆိုပါကစားသမားမျိုးဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ခုနှစ်နှစ်လောက်က အက်စတွန်ဗီလာအသင်း ပရီးမီးယားလိဂ်ကို တန်းပြန်တက်လာဖို့ အရေးပါတဲ့ ချန်ပီယံရှစ်ပလေးအော့ဖ် ဖိုင်နယ်မှာ ဒါဘီကောင်တီအသင်းဖက်ကို ဂျွန်မက်ဂင်းက သွင်းဂိုး ၁ ဂိုးသွင်းယူပေးခဲ့တယ်။ အဆိုပါဖိုင်နယ်ပွဲက အကောင်းဆုံးကစားသမားဆုကိုလည်း ဂျွန်မက်ဂင်းက သိမ်းပိုက်သွားခဲ့တာပါ။ ဒါပေမယ့်လည်း အဲ့အချိန်တည်းက သူ့ရဲ့နာမည်ကို ပရိသတ်တွေ မေ့မေ့ပျောက်ပျောက်ဖြစ်နေတုန်းပဲ။

လက်ရှိအချိန်မှာဆိုလည်း အက်စတွန်ဗီလာအသင်းအတွက် ချန်ပီယံလိဂ်ဝင်ခွင့် တစ်နေရာကြိမ်းသေစေဖို့၊ ယူရိုပါလိဂ်ဖလားကို ဦးစီးဦးဆောင်ယူပြနိုင်ဖို့ ဂျွန်မက်ဂင်းအနေနဲ့ အလုပ်တွေ အများကြီးကြိုးစားခဲ့ရပါတယ်။ အခုဆိုရင် ဂျွန်မက်ဂင်းဟာ အသက် ၃၁ နှစ်အရွယ်ရှိနေပေမယ့် ကွင်းထဲမှာ သူ့ရဲ့ မဆုတ်မနစ်ကြိုးစားကစားတဲ့ဟန်၊ လုပ်အားနှုန်းနဲ့ အနစ်နာခံပေးဆပ်မှုတွေဟာ မီဒီယာတွေရှေ့ သိပ်ရောက်မလာပါဘူး။ ဂျွန်မက်ဂင်းဟာ အက်စတွန်ဗီလာအသင်းအတွက်တော့ စစ်မှန်တဲ့ အသံတိတ်ဟီးရိုးတစ်ဦးပါပဲ။

20/05/2026

" အကယ်၍များ ရီးရဲလ်မှာ ဆက်နေဖြစ်ခဲ့လျှင် "

ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ဘရာဇီးလ်လူငယ်တိုက်စစ်မှူးလေး အန်းဒရစ်ခ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလက လိုင်ယွန်အသင်းကို ရာသီဝက်အငှားနဲ့ ပြောင်းရွှေ့ပြီး ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပါတယ်။ အန်းဒရစ်ခ်ဟာ လိုင်ယွန်အသင်းအတွက် ၂၁ ပွဲပဲ ကစားပေးခဲ့ပေမယ့် ၈ ဂိုးသွင်း ၈ ဂိုးဖန်တီးပေးခဲ့တာပါ။ အန်းဒရစ်ခ်ရဲ့ လက်ရှိစွမ်းဆောင်ရည်ဟာ ရီးရဲလ်မက်ဒရစ်အသင်းမှာ ပြန်လည်ကစားဖို့ ထိုက်တန်တယ်ဆိုတာ အချက်ပေးလိုက်တာပါပဲ။

ပြီးခဲ့တဲ့ရက်ပိုင်းက ကြေငြာခဲ့တဲ့ ဘရာဇီးလ်လက်ရွေးစင်အသင်းရဲ့ အပြီးသတ် ၂၆ ဦးစာရင်းမှာ အန်းဒရစ်ခ်တစ်ယောက် ပါဝင်လာခဲ့ပါတယ်။ အန်းဒရစ်ခ်ဟာ လူရွေးပွဲကို သူ့ရဲ့ဇနီး၊ သူ့ရဲ့မိသားစုဝင်တွေနှင့်အတူ ရုပ်သံအစီအစဥ်ကနေ ကြည့်ရှုအားပေးခဲ့တာပါ။ သူအရွေးခံရမယ်လို့ မမျှော်လင့်ခဲ့ပေမယ့် သူ့နာမည် ပါဝင်လာတဲ့အချိန်မှာတော့ အန်းဒရစ်ခ်ဟာ မယုံကြည်နိုင်လောက်အောင် ဖြစ်ခဲ့ရပါတယ်။

သူ့ရဲ့အပျော်တွေကို ဇနီးဖြစ်သူကလည်း ဝမ်းသာမျက်ရည်တွေနဲ့ မျှဝေခံစားပေးခဲ့ပြီး သူတို့နှစ်ဦးလုံးအတွက် တစ်သက်မမေ့နိုင်စရာ အခိုက်အတန့်လေးလည်း ဖြစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ လအနည်းငယ်ကမှ အန်းဒရစ်ခ်တို့ ဇနီးမောင်နှံဟာ သူတို့ရဲ့ ပထမဆုံးရင်သွေးလေး ရခဲ့တာပါ။ အခုဆိုရင် အန်းဒရစ်ခ်ဟာ အသက် ၁၉ နှစ်အရွယ်နဲ့ ဖခင်တစ်ဦး ဖြစ်လာခဲ့သလို ဘရာဇီးလက်ရွေးစင်အသင်းမှာလည်း အရွေးချယ်ခံလာရပါပြီ။ ရီးရဲလ်မက်ဒရစ်မှာသာ ပုံမှန်နေရာအတွက် တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင် အန်းဒရစ်ခ်အနေနဲ့ ဒီလိုအခွင့်အရေးမျိုး ရဖို့ မကြိမ်းသေလှပါဘူး။ အန်းဒရစ်ခ်အတွက်တော့ အဆိုပါနေ့လေးဟာ သူ့ဘဝရဲ့ မမေ့နိုင်စရာနေ့လေးတစ်နေ့ ဖြစ်ခဲ့မှာသေချာလှပါတယ်။

19/05/2026

ဒုတိယလူဘဝကနေ ကျွတ်ပြီဆိုတော့ စပြီးလေတိုက်ပါပြီ.....။
ခုရက်ပိုင်း အနီရောင်ဂျာစီ ဝတ်ထားသူတွေ မြေဆွဲအားကို ဆန့်ကျင်ပြီး လမ်းလျောက်လာတော့မှာ သေချာနေပါတယ်။

19/05/2026

တချိန်က ဖင်ကောက်ကောင်လေးတစ်ယောက်ဟာ လန်ဒန်မြေမှသည် တစ်ကမ္ဘာလုံးရဲ့ အာရုံကို ဖမ်းစားခဲ့ဖူးပါတယ်။

19/05/2026

နိမ့်ရာမှ မြင့်ရာသို့ တစ်လှမ်းခြင်းတိုးခဲ့သူ

အသက် ၂၈ နှစ်ရှိပြီဖြစ်တဲ့ မာတေတာ ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ပြင်သစ်လက်ရွှေးစင်အသင်းအတွက် ပထမဆုံးခေါ်ယူခြင်းကို ခံခဲ့ရပါတယ်။ အသက်ကြီးမှ စနပွင့်တယ်ပြောရမလား၊ မာတီတာဟာ အသက်၂၅ နောက်ပိုင်းမှ ဆုဖလားအောင်မြင်မှုတွေ နိုင်ငံအသင်ယအတွက် ကစားခွင့်တွေကို ရခဲ့တာဖြစ်ပါတယ်။

အသက် ၂၀ အရွယ်မှာ မာတေတာဟာ ပြင်သစ် တတိယတန်းလိဂ်မှာပဲ ကစားနေရဆဲ ဖြစ်ပါတယ်။ အသက် ၂၁ အရွယ်မှာ သူဟာ ပြင်သစ် ဒုတိယတန်းလိဂ်ကို ရောက်ရှိခဲ့ပြီး၊ အဲဒီနောက်ပိုင်း မိန့်ဇ်အသင်းနဲ့အတူ ဘွန်ဒက်စ်လီဂါဆီ ပြောင်းရွှေ့ခဲ့ပါတယ်။ အသက် ၂၃ အရွယ်မှာခရစ္စတယ် ပဲလေ့စ် အသင်းနဲ့အတူ ပရီးမီးယားလိဂ် ကစားသမားဘဝကို စတင်ခဲ့ပြီး ဒါကပဲ သူ့ဘဝရဲ့ အကောင်းဆုံးအချိန်ကို ပိုင်ဆိုင်ရဖို့ ဖြစ်လာခဲ့တာပါ။

အသက် ၂၈ အရွယ်မှာတော့ နှစ်ပေါင်းများစွာ ခြေစွမ်းတည်ငြိမ်မှုတွေ၊ အောင်မြင်မှုတွေ ရရှိခဲ့ပြီးနောက် နောက်ဆုံးမှာတော့ ပြင်သစ်လက်ရွေးစင်အသင်းဆီ ပထမဆုံးအကြိမ်အဖြစ် ရွေးချယ်ခေါ်ယူခြင်း ခံခဲ့ရပါတယ်။ အခုအချိန်မှာတော့သူဟာ ကမ္ဘာ့အကြီးကျယ်ဆုံး စင်မြင့်ထက်ဖြစ်တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲဆီ သူ့နိုင်ငံကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ရတော့မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ခရစ်စတယ်ပဲလေ့စ်အသင်းနဲ့လည်း ကွန်းဖရန့်လိဂ်ဖိုင်နယ်ရောက်နှင့်နေပြီး သမိုင်းသစ်ကိုရေးထိုးဖို့ ရှိနေပါသေးတယ်။

17/05/2026

" ချဲလ်ဆီးနည်းပြသစ် အလွန်ဆိုဖြစ်လာပြီ "

ချဲလ်ဆီးအသင်းဟာ လာမယ့် ၂၀၂၆ / ၂၇ ဘောလုံးရာသီသစ်အတွက် ဇာဘီအလွန်ဆိုကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ သေချာခဲ့ပါပြီ။ ချဲလ်ဆီးအသင်းဟာ ဇာဘီအလွန်ဆိုနဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှုရခဲ့ပြီဖြစ်ပြီး အဆိုပါ လန်ဒန်အခြေစိုက်ကလပ်နဲ့ လေးနှစ်သက်တမ်းရှိတဲ့ စာချုပ်ကို လက်မှက်ရေးထိုးသွားမှာလည်းဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းဟာ ဇာဘီအလွန်ဆိုမတိုင်ခင် အခြားနည်းပြတချို့နဲ့လည်း ချိတ်ဆက်မှုတွေရှိခဲ့ပေမယ့် အဆိုပါစပိန်လူမျိုးနည်းပြကိုသာ တရားဝင်ကမ်းလှမ်းမှု ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဇာဘီအလွန်ဆိုဟာ ပြီးခဲ့တဲ့ ၆ လကမှ ရီးရဲလ်မက်ဒရစ်နည်းပြရာထူးကို လက်ခံခဲ့ပေမယ့် ဇန်နဝါရီလမှာ နည်းပြရာထူးက ရပ်စဲခံခဲ့ရတာဖြစ်ပါတယ်။ ဇာဘီအလွန်ဆိုဟာ ချဲလ်ဆီးနည်းပြရာထူးကို လက်မခံမီ လီဗာပူးနည်းပြရာထူးကို စိတ်ဝင်စားကြောင်း သတင်းတွေထွက်ခဲ့ပေမယ့် တကယ်တမ်း ဖြစ်မလာခဲ့ပါဘူး။

ဇာဘီအလွန်ဆိုအနေနဲ့ လာမယ့် သီတင်းပတ်အကုန်မှာ ချဲလ်ဆီးအသင်းရဲ့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး အသင်းရဲ့ ရှေရှည်စီမံကိန်းတွေကို တွေ့ဆုံဆွေးနွေးသွားမယ်လို့ သိရပါတယ်။ ဇာဘီအလွန်ဆိုဟာ ကစားသမားဘဝမှာ လီဗာပူးလ်၊ ရီးရဲလ်မက်ဒရစ်၊ ဘိုင်ယန်မြူးနစ်တို့နှင့်အတူ အောင်မြင်မှုများစွာရခဲ့ပြီး၊ နည်းပြဘဝမှာလည်း လေဗာကူဆင်အသင်းကို ကလပ်အသင်းသမိုင်းမှာ ပထမဆုံးသော ဘွန်ဒက်စ်လီဂါ အမှတ်ပေးချန်ပီယံဒိုင်းကို ဆွတ်ခူးပေးနိုင်ခဲ့သူဖြစ်ပါတယ်။

16/05/2026

လီဗာပူးလ်အတွက် ကျရှုံးတဲ့ရာသီလား

လီဗာပူးလ်လို မနှစ်က ပရီးမီးယားလိဂ်ချန်ပီယံ အသင်းတစ်သင်းအနေနဲ့ ဒီလောက် မြန်မြန်ဆန်ဆန် ခြေစွမ်းထိုးကျသွားခြင်းဟာ ဘယ်လိုအကြောင်းအရာတွေအပေါ် မူတည်နေပါသလဲ။ ကျွန်တော် မြင်သလောက်လေး ပြောကြည့်ပါမယ်။

၁။ Expensive signing များ အလုပ်မဖြစ်ခြင်း

ဒီရာသီ ခေါ်ယူမှုတွေထဲမှာ ဟူဂိုအက်ကီတီကေက လွဲလို့ ကျန်တဲ့ စျေးအကြီးဆုံးခေါ်ယူမှုတွေဟာ ပရိသတ်တွေရဲ့ expectation နဲ့ လုံးလုံးလျားလျား ဆန့်ကျင်နေပါတယ်။ အထူးသဖြင့် အသင်းက ရည်မှန်းချက်ကြီးစွာ ခေါ်ယူခဲ့တဲ့ အီဆက်နဲ့ ဗစ်ဇ်တို့ဆီက လုံလောက်တဲ့ effectiveness တွေမရခဲ့တာ၊ ကားကက်ဇ်နဲ့ ဖရင်ပေါင်တို့လို flying fullback တွေဆီက လုပ်နိုင်စွမ်းကို အပြည့်အဝ unlocking မလုပ်နိုင်တာတွေက ဒီရာသီ အသင်းရဲ့စွမ်းဆောင်ရည်ကို အနည်းနဲ့အများ ထိခိုက်စေခဲ့တာပါပဲ။ အသင်းရဲ့ကျရှုံးမှုတွေကို ကစားသမားသစ်တွေအပေါ် မှာပဲ အပြစ်ပုံချတာ မဟုတ်ပေမယ့် သူတို့ လျင်လျင်မြန်မြန် adaptable မဖြစ်မှုကပဲ အသင်းသွားနေတဲ့ လမ်းကြောင်းကို နှောင့်နှေးစေခဲ့တာတော့ ငြင်းမရတဲ့အချက်ပါ။

၂။ ခံစစ်ယိုစိမ့်မှု ဖာထေးရန် ပျက်ကွက်ခြင်း

ဒီရာသီ အသင်းရဲ့ပေးဂိုးတွေက တကယ့်ကို ကြောက်ခမန်းလိလိပါပဲ။ ပရီးမီးယားလိဂ် သီးသန့်ပဲကြည့်မယ်ဆိုရင်တောင် အသင်းရဲ့ပေးဂိုးအရေအတွက်က ၅၂ ဂိုးအထိရှိပါတယ်။ ဒါတောင် ရာသီကုန်ဖို့ တစ်ပွဲအလို current standing အရပြောတာပါ။ မနှစ်က ချန်ပီယံဖြစ်ခဲ့တဲ့အသင်းရဲ့ပေးဂိုးတွေက ၄၁ ဂိုးပဲရှိပါတယ်။ ကိန်းဂဏန်းတွေအရ ကြည့်ရင် သိပ်မကွာဘူးဆိုပေမယ့် ဒါဟာ လီဗာပူးလ်ရဲ့ ခံစစ်မလုံခြုံမှုကို သိသာမြင်သာစေတဲ့အချက်ပါ။

ဒါဟာ တိုက်စစ်ကိုယုံစားပြီး ခံစစ်အားဖြည့်မှုကို မလုပ်ဆောင်ခဲ့တဲ့ လီဗာပူးလ် လူခေါ်ယူရေးအဖွဲ့ရဲ့ အားနည်းချက်ပါပဲ။ ပါးမားက ခေါ်ယူလိုက်တဲ့ အီတလီ လူငယ်နောက်ခံလူ လီယိုနီ တစ်ပွဲပဲကစားရပြီး ACL ထိသွားတာ၊ ဇန်နဝါရီမှာ ကိုယ့်အသင်းရဲ့အဓိကပစ်မှတ် ဂေဟီကို မန်စီးတီးဆီ လက်လွှတ်လိုက်ရတာ၊ အစားထိုးပစ်မှတ် ရှာဖွေဖို့မကြိုးစားခဲ့တာ၊ ဦးစားပေး ဗဟိုနောက်ခံအတွဲဖြစ်တဲ့ ဗန်ဒိုက်နဲ့ ကိုနာတေးအတွဲကို အနားမပေးရဘဲ တစ်ရာသီလုံးနီးပါး အသုံးပြုခဲ့ရတာတွေက ဒီရာသီ လီဗာပူးလ်ခံစစ်ပြိုလဲသွားခြင်းရဲ့ အဓိကအကြောင်းအရာတွေပါပဲ။

၃။ အာနေးဆလော့ရဲ့ ပုဂ္ဂိုလ်စွဲ အတ္တစွဲများခြင်း

လီဗာပူးလ်လို အသင်းကြီးတစ်သင်းကို စတင်ကိုင်တွယ်တဲ့ရာသီမှာပဲ အမှတ်ပေးဖလား တန်းယူပြလိုက်တော့ အာနေးဆလော့အနေနဲ့ မဆိုစလောက်လေး မာန်တက်သွားပုံပါပဲ။ အသင်းကိုရောက်စက သူ့ရဲ့ပြောစကားတွေ၊ ဟိတ်ဟန်တွေက အထင်ကြီးစရာကောင်းပေမယ့် လက်ရှိရာသီမှာတော့ သူ့ရဲ့မူလပုံသဏ္ဍာန်က " လယ်ပြင်မှာ ဆင်သွားသလို " ထင်းထင်းကြီး ပေါ်လာပြီ။ သူ့ရဲ့ စကားတွေက ရှေ့နောက် မညီတော့ဘူး။ အသင်းရဲ့ရလဒ်တွေအတွက် တာဝန်ယူတယ်၊ တာဝန်ရှိတယ် ပြောနေပေမယ့် action ထက် excuse တွေက ပိုများလာတယ်။ ဒီလိုနဲ့ ပရိသတ်တွေရဲ့ ယုံကြည်မှုကို တစ်စထက်တစ်စ ဆုံးရှုံးလာတယ်။ အခုဆို ပရိသတ်တွေက သူ့ကို ရာထူးကထုတ်ပယ်ဖို့ online petition လုပ်ပြီး တောင်းဆိုနေကြပြီ။

တခါတစ်လေ သူ့ကိုယ်သူ မနည်းအားတင်းထားရတဲ့ပုံစံလည်း တွေ့ရတယ်။ သူ့အတွက်လည်း လီဗာပူးလ်နည်းပြရာထူးကို လွယ်လွယ်ကူကူ လက်လွှတ်လိုက်ချင်ပုံ မရဘူး။ ဒါကြောင့်လည်း အသင်းပိုင်ရှင်တွေရဲ့ backing ပေးထားမှုကို အခွင့်ကောင်းယူပြီး လီဗာပူးလ်နည်းပြထိုင်ခုံမှာ မျက်နှာပြောင်တင်းတင်းနဲ့ ဆက်ထိုင်နေတာဖြစ်တယ်။ နောက်ပြီး သူနဲ့ နိုင်ငံတူကစားသမားတွေကို လိုတာထက်ပိုပြီး အခွင့်အရေးပေးလွန်းတာပဲ။ လူငယ်လေး အန်ဂူမိုဟာနဲ့ ခီယေဆာတို့ဆို ဒီရာသီ ပွဲကစားချိန် လုံလုံလောက်လောက် မပေးခဲ့ဘူး။ အာနေးဆလော့အနေနဲ့ ရာသီသစ်မှာလည်း ဒီပုံစံ ဒီအချိုးမျိုးပဲ ဆက်သွားနေရင်တော့ လီဗာပူးလ်က ဘယ်ကစားသမားလာလာ " ဒုံရင်းက ဒုံရင်း " ဖြစ်နေဦးမှာပါပဲ။

အချုပ်ဆိုရရင် ဒီရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရခဲ့ရင်တောင် လီဗာပူးလ်အတွက် ကျရှုံးတဲ့ရာသီပါပဲ။ လက်ရှိချန်ပီယံအသင်းတစ်သင်းဟာ စံချိန်တင်မှတ်တမ်းဆိုးတွေနဲ့ ရာသီသိမ်းရတော့မယ်။ ဒီလိုကျရှုံးမှုတွေရဲ့ အဓိကတရားခံဟာ အာနေးဆလော့ဆိုပေမယ့် ကစားသမားတွေရဲ့တာဝန်လည်း မကင်းပါဘူး။ လီဗာပူးလ်နည်းပြသက်တမ်း ဗီဇာတိုးဖို့အတွက် အာနေးဆလော့ လုပ်ဆောင်ရမယ့်အရာတွေကတော့ အများကြီးပါပဲ။ ယခုနှစ်ကုန်မှာဆိုရင်လည်း မိုဆာလာနဲ့ ရောဘတ်ဆန်လို အသင်းရဲ့ခေတ်တစ်ခေတ်ကို ထုဆစ်ပေးခဲ့တဲ့ legend player တွေထွက်ပြီ။ အယ်လီဆွန်လည်း ထွက်ဖို့များတယ်။ မနှစ်ကလို ကစားသမား အဝင်အထွက်ကြမ်းတဲ့ရာသီနဲ့ ထပ်ကြုံရဦးမယ်။ ဒီအခြေအနေတွေကို အာနေးဆလော့ ဘယ်လိုကိုင်တွယ်မလဲ။ သေချာတာတစ်ခုကတော့ အာနေးဆလော့အနေနဲ့ ရာသီသစ်မှာ ဆင်ခြေတွေ မက်လုံးတွေနဲ့ ပရိသတ်တွေကို သိမ်းသွင်းလို့မရတော့ပါဘူး။ ရာထူးကမြဲချင်ရင်တော့ မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေ၊ မှန်ကန်တဲ့လုပ်ဆောင်ချက်တွေနဲ့ သက်သေပြဖို့ လိုပါလိမ့်မယ်။



16/05/2026

တချိန်က ကြယ်စင်စုကစားသမားတွေ ရီးရဲလ်မက်ဒရစ်သီချင်းဆိုကြသောအခါ ⚪️

Want your business to be the top-listed Gym/sports Facility in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


Yangon
122024