25/04/2025
ရာသီကုန်မှာ အသင်းက ထွက်ခွာတော့မယ့်
လက်စတာဝါရင့်တိုက်စစ်မှူး ဗာဒီ
➖➖➖➖➖➖➖➖➖➖➖➖➖➖➖
လက်စတာဝါရင့်တိုက်စစ်မှူး ဂျိမ်းစ်ဗာဒီဟာ ရာသီကုန်မှာ အသင်းက ထွက်ခွာတော့မှာဖြစ်ပါတယ်။
လက်စတာအသင်းက ဗာဒီကို အသင်းရဲ့အကြီးမြတ်ဆုံးကစားသမားအဖြစ် ဖော်ပြခဲ့ပါတယ်။
''လက်စတာပရိသတ်တွေခင်ဗျာ၊ ဒီလိုနေ့ရောက်လာတော့ ကျွန်တော် စိတ်လှုပ်ရှားမိပါတယ်။ ဒါပေမဲ့ နောက်ဆုံးတော့ ရောက်လာမယ်ဆိုတာ ကျွန်တော် သိပါတယ်။ ဒီကလပ်မှာ အောင်မြင်မှုများစွာနဲ့အတူ မယုံနိုင်စရာကောင်းတဲ့ ၁၃ နှစ်ကို ကျွန်တော် ဖြတ်သန်းခဲ့ရတယ်။ တချို့ ကျဆုံးခဲ့ပေမဲ့ အများစုကတော့ အမြင့်ဆုံးမှာ ရှိခဲ့ပါတယ်။ နောက်ဆုံးမှာတော့ နှုတ်ဆက်ရမယ့်နေ့ ရောက်လာခဲ့ပြီး ကျွန်တော် စိတ်မကောင်းဖြစ်ရပါတယ်။ ဒါပေမဲ့ သင့်တော်တဲ့အချိန်လို့ ကျွန်တော် ယူဆပါတယ်။ လက်စတာဟာ အမြဲတမ်းရှိနေမှာဖြစ်ပြီး ကျွန်တော့်နှလုံးသားမှာလည်း ကြီးမားတဲ့နေရာတစ်ခုမှာ ရှိနေပါလိမ့်မယ်''လို့ ဗာဒီက ပြောခဲ့ပါတယ်။
လက်စတာအသင်းနည်းပြ နစ္စတယ်ရွိုင်းကလည်း ဗာဒီကို သူတွေ့ဖူးတဲ့သူတွေထဲမှာ အပွင့်လင်းဆုံးနဲ့ ရိုးသားမှုအရှိဆုံးသူတွေထဲက တစ်ယောက်အဖြစ် ချီးကျူးခဲ့ပါတယ်။
ဗာဒီဟာ သူ့ရဲ့ကစားသမားဘဝကို ရှေ့ဆက်နိုင်ဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။
ဗာဒီ(၃၈ နှစ်)အနေနဲ့ ၂၀၁၂ ခုနှစ်မှာ non-league ကလပ် ဖလက်ဝုဒ်အသင်းကနေ လက်စတာ
အသင်းထံ ရောက်လာခဲ့တာပါ။
၎င်းဟာ ကလပ်အသင်းအတွက် ပြိုင်ပွဲစုံ ၄၉၈ ပွဲ ကစားခဲ့ပြီး အသင်းသမိုင်းမှာ ပရီးမီးယားလိဂ်ဂိုးအများဆုံး ၁၄၃ ဂိုး၊ ပြိုင်ပွဲစုံ ဂိုးအများဆုံး ၁၉၈ ဂိုးနဲ့ စံချိန်တင်ထားပါတယ်။
ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့တဲ့ ၂၀၁၅-၁၆ ရာသီမှာ အသင်းအတွက် လိဂ်ဂိုး ၂၄ ဂိုး သွင်းခဲ့ပြီး ၂၀၂၁ FA Cup ချန်ပီယံအသင်းသားတစ်ဦးလည်း
ဖြစ်ခဲ့ပါတယ်။