18/06/2024
၂၀၂၄-၂၅ ရာသီအတွက် ပရီးမီးယားလိဂ်ပွဲစဉ်တွေကိုထုတ်ပြန်ခဲ့ရာမှာ မန်ယူနိုက်တက်အသင်းဟာ စံချိန်သစ်တင်နိုင်ခဲ့တယ်လို့ OptaJoe က ဖော်ပြထားပါတယ်။
မန်ယူနိုက်တက်အသင်းဟာ ရာသီသစ်ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်အဖြစ် အိမ်ကွင်း အိုးထရက်ဖိုဒ့်မှာ ဖူလ်ဟမ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။
>>>>>>
မန်ယူနိုက်တက်အသင်းဟာ အိမ်ကွင်းမှာ ဖူလ်ဟမ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်တာကြောင့် ပရီးမီးယားလိဂ်သမိုင်းမှာ (၈)ရာသီဆက်တိုက် အဖွင့်ပွဲစဉ်ကို အိမ်ကွင်းမှာကစားရတဲ့ ပထမဆုံးအသင်းအဖြစ် စံချိန်သစ်တင်နိုင်ခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အမှတ်ပေးဇယားအဆင့်(၈)နေရာရပ်တည်ပြီး ရာသီအဆုံးသတ်ခဲ့တဲ့ မန်ယူနိုက်တက်အသင်းဟာ ရာသီသစ်ကို ကောင်းမွန်စွာစတင်နိုင်ဖို့ မျှော်လင့်နေပါတယ်။ မန်ယူနိုက်တက်အသင်းနဲ့ ဖူလ်ဟမ်အသင်းရဲ့ပွဲစဉ်ဟာ ၂၀၂၄-၂၅ ရာသီပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့အဖွင့်ပွဲစဉ်ဖြစ်ပြီး သြဂုတ်(၁၆)ရက်မှာ ကျင်းပသွားမှာပါ။ မန်ယူနိုက်တက်အသင်းဟာ သြဂုတ်(၃၁)ရက်မှာတော့ လီဗာပူးလ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
ခရစ္စမတ်ကာလအတွင်းမှာ မန်ယူနိုက်တက်အသင်းဟာ ပွဲကြပ်တွေဆက်တိုက်ယှဉ်ပြိုင်ရမှာဖြစ်ပြီး အာဆင်နယ်၊ မန်စီးတီးနဲ့ လီဗာပူးလ်အသင်းတို့ကို အဝေးကွင်းမှာ သွားရောက်ကစားရမှာပါ။ မန်ယူနိုက်တက်အသင်းဟာ ရာသီနောက်ဆုံးပွဲစဉ်အဖြစ် အက်စတွန်ဗီလာအသင်းနဲ့ မေ(၂၅)ရက်မှာ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
18/06/2024
စပိန်ဝါရင့်နောက်ခံလူ ဆာဂျီယိုရာမို့စ်ဟာ တစ်ရာသီကြာကစားအပြီးမှာ ကလပ်အသင်းကနေ ထွက်ခွာမယ်လို့ ဆီဗီလာအသင်းက ကြေညာခဲ့ပါတယ်။
ဆာဂျီယိုရာမို့စ်ဟာ ဆီဗီလာအသင်းမှာ ကစားချင်တဲ့ သူ့ရဲ့အိပ်မက်ကိုဖြည့်ဆည်းပြီးနောက် လာမယ့်ရာသီဆက်ရှိမှာမဟုတ်တော့ဘူးလို့ ဆီဗီလာအသင်းထံ အကြောင်းကြားခဲ့တာကို ကလပ်အသင်းက ထုတ်ပြန်ထားတဲ့ ကြေညာချက်မှာဖော်ပြထားတာပါ။
>>>>>>>
ဆီဗီလာအကယ်ဒမီကနေ ထွက်ပေါ်လာခဲ့တဲ့ ဆာဂျီယိုရာမို့စ်ဟာ ကလပ်အသင်းကြီးမှာ ၂၀၀၄-၀၅ တစ်ရာသီသာကစားပြီးနောက် ရီးရဲလ်မက်ဒရစ်အသင်းထံ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ ဆာဂျီယိုရာမို့စ်ဟာ PSG အသင်းနဲ့ စာချုပ်ကုန်ဆုံးပြီးနောက် (၁၈)နှစ်အကြာ ပြီးခဲ့တဲ့နွေရာသီမှာ ငယ်ဘဝကလပ် ဆီဗီလာအသင်းထံ ပြန်လည်ပြောင်းရွှေ့လာခဲ့တာပါ။ ဆာဂျီယိုရာမို့စ်ဟာ ပြီးခဲ့တဲ့ရာသီမှာ ဆီဗီလာအသင်းအတွက် (၃၇)ပွဲကစားခဲ့ပြီး (၇)ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် ဆာဂျီယိုရာမို့စ်နဲ့ ဆီဗီလာအသင်းတို့ရဲ့စာချုပ်ဟာ ဇွန်(၃၀)ရက်မှာ ကုန်ဆုံးတော့မှာဖြစ်ပြီး သူက ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တာပါ။ ဆီဗီလာအသင်းက ပြီးခဲ့တဲ့ရာသီမှာ ဆာဂျီယိုရာမို့စ်ပြသခဲ့တဲ့ ကတိကဝတ်တွေ၊ဦးဆောင်မှုတွေအတွက် ကျေးဇူးတင်ပြီး အနာဂတ်မှာ အကောင်းဆုံးဖြစ်ဖို့ ဆုတောင်းပေးတယ်လို့ ပြောခဲ့ပါတယ်။ ဆီဗီလာအသင်းဟာ ဆာဂျီယိုရာမို့စ်အတွက် နှုတ်ဆက်မှုကို ဇွန်(၁၈)ရက် အိမ်ကွင်းမှာ ပြုလုပ်ဖို့ စီစဉ်ထားတာပါ။
အသက်(၃၈)နှစ်အရွယ်ရှိ ဆာဂျီယိုရာမို့စ်ဟာ မေဂျာလိဂ်၊ဆော်ဒီကလပ်အသင်းတွေအပြင် အသင်းအချို့ရဲ့ချိတ်ဆက်မှုတွေကို ခံထားရတာကြောင့် အနာဂတ်နဲ့ ပတ်သက်ပြီး ဘယ်လိုဆုံးဖြတ်မလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။
18/06/2024
ယူရို-၂၀၂၄ အုပ်စုအဖွင့်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ သြစတြီးယား (ဝ-၁)ပြင်သစ်ပွဲမှာ ပြင်သစ်အသင်းအနိုင်ရပေမယ့် ပြင်သစ်ကစားသမားတွေက ဂိုးမသွင်းခဲ့ရဘဲ သြစတြီးယားနောက်ခံလူဝိုဘာ ကိုယ့်ဂိုးကိုယ်သွင်းမိတဲ့ ခေါင်းတိုက်ချက်နဲ့ ဂိုးရခဲ့တာပါ။
ဒီပွဲမှာ ပြင်သစ်အသင်းရဲ့အဓိကတိုက်စစ်မှူးဖြစ်တဲ့ အသင်းခေါင်းဆောင် ဘာပေက ဂိုးအခွင့်အရေးတွေကို ဂိုးအဖြစ် မပြောင်းလဲနိုင်ဘဲ လွဲချော်ခဲ့ပါတယ်။
>>>>>
ဘာပေအနေနဲ့ ပွဲချိန်(၅၄)မိနစ်မှာ သြစတြီးယားဂိုးသမားနဲ့ တစ်ဦးချင်းတွေ့တာတောင် ဂိုးပေါက်တည့်အောင် မကန်နိုင်ဘဲ ဂိုးဘေးကို တလွဲကန်မိခဲ့ပါတယ်။
ဘာပေအနေနဲ့ ယူရိုပြိုင်ပွဲမှာ ကစားတာ(၅)ပွဲရှိပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ယူရို-၂၀၂၀ ပြိုင်ပွဲမှာ (၄)ပွဲ၊ အခု ယူရို-၂၀၂၄ ပြိုင်ပွဲမှာ (၁)ပွဲ စုစုပေါင်း(၅)ပွဲကစားထားပြီး ဒီ(၅)ပွဲမှာ ဂိုးပေါက်ကန်သွင်းမှု စုစုပေါင်း(၁၈)ကြိမ်အထိ ရှိခဲ့ပါတယ်။ ဒါပေမယ့် အခုအချိန်အထိ ယူရိုပြိုင်ပွဲမှာ တစ်ဂိုးမှ မရသေးတာပါ။
ယူရိုခြေစစ်ပွဲတွေမှာတော့ ဘာပေက (၁၃)ပွဲကစားထားရာမှာ (၁၂)ဂိုးအထိ သွင်းထားနိုင်ပြီး ပြင်သစ်အသင်းခြေစစ်ပွဲ လွယ်လွယ်ကူကူအောင်မြင်စေဖို့ စွမ်းဆောင်ပေးထားနိုင်ပေမယ့် ယူရိုပြိုင်ပွဲကြီးတွေမှာတော့ ရုန်းကန်နေရတာဖြစ်ပါတယ်။
ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ဘာပေက (၁၄)ပွဲကစားထားရာမှာ (၁၂)ဂိုးအထိသွင်းယူနိုင်ခဲ့ပြီး ဂိုးသွင်းနှုန်းက တစ်ပွဲကို တစ်ဂိုးနှုန်းနီးပါးရှိနေတာပါ။ သူ့ရဲ့သွင်းဂိုးတွေနဲ့အတူ ၂၀၁၈ ကမ္ဘာ့ဖလားမှာ ချန်ပီယံဆု၊ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဒုတိယဆုတွေရယူနိုင်ခဲ့ပြီး ကမ္ဘာ့ဖလားအောင်မြင်မှုတွေရခဲ့ပေမယ့် ယူရိုပြိုင်ပွဲမှာတော့ သွင်းဂိုးတစ်ဂိုးရဖို့တောင် ရုန်းကန်နေရပြီး ဂိုးကံခေနေဆဲလို့ ဆိုရမှာဖြစ်ပါတယ်။
18/06/2024
မနေ့က ဩစတြီးယား(၀-၁)ပြင်သစ် ယူရို-၂၀၂၄ ပြိုင်ပွဲအုပ်စုအဖွင့်ပွဲစဉ်မှာ နှာခေါင်းရိုးကျိုးဒဏ်ရာရရှိသွားခဲ့တဲ့ ပြင်သစ်အသင်းခေါင်းဆောင် ဘာပေရဲ့နှာခေါင်းကို ခွဲစိတ်မှုခံယူဖို့မလိုအပ်ဘူးလို့ ပြင်သစ်ဘောလုံးအဖွဲ့ချုပ်(FFF)က အတည်ပြုခဲ့ပါတယ်။ ဘာပေဟာ နှာခေါင်းရိုးကျိုးဒဏ်ရာကြောင့် ခွဲစိတ်မှုခံယူခဲ့ရရင် ယူရို-၂၀၂၄ ပြိုင်ပွဲမှာ ပြင်သစ်အသင်းအတွက် မပါဝင်နိုင်တော့မှာကို စိုးရိမ်မှုတွေရှိနေကြတာပါ။
18/06/2024
ယူရို ၂၀၂၄ အုပ်စုပွဲ ဘယ်လ်ဂျီယံ(ဝ-၁)ဆလိုဗက်ကီးယားပွဲမှာ ဘယ်လ်ဂျီယံတိုက်စစ်မှူးလူကာကူဟာ အသင်းအတွက် ဂိုး(၂)ဂိုးသွင်းခဲ့ပေမယ့် ဒီ(၂)ဂိုးစလုံးကို VAR က ပြန်လည် သုံးသပ်ကြည့်ရှုပြီးနောက် ပယ်ချခဲ့ပါတယ်။
ဒါကြောင့် လူကာကူဟာ ယူရိုပြိုင်ပွဲသမိုင်းမှာ ပွဲတစ်ပွဲအတွင်း ဂိုး(၂)ဂိုးသွင်းနိုင်ပေမယ့် (၂)ဂိုးစလုံးကို VAR က ပယ်ချခြင်းခံရတဲ့ ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
>>>>>>>>>
ပွဲချိန်(၇)မိနစ်မှာကတည်းက ဆလိုဗက်ကီးယားအသင်းက ဦးဆောင်ဂိုးသွင်းခဲ့ပြီး ဒီဂိုးကို ချေပဖို့ ဘယ်လ်ဂျီယံကစားသမားတွေက အကြိမ်ကြိမ်ကြိုးပမ်းခဲ့ကြတာပါ။
ဒုတိယပိုင်းပွဲချိန် (၅၆)မိနစ်မှာ လူကာကူက ဘယ်လ်ဂျီယံအသင်းအတွက် ချေပဂိုးကို အနီးကပ်ကန်သွင်းခဲ့ပေမယ့် လူကျွံနေတယ်လို့ VAR က အကြံပြုပြီးနောက် ဒိုင်လူကြီးက ဒီဂိုးကို ပယ်ချခဲ့ပါတယ်။
ပွဲချိန်(၈၆)မိနစ်မှာ လူကာကူက နောက်တစ်ကြိမ်ထပ်သွင်းတော့လည်း ဒီဂိုးကို မသွင်းခင် ဘယ်လ်ဂျီယံတိုက်စစ်မှူးအိုပန်ဒါ ဘောလုံးကို လက်နဲ့ထိတယ်ဆိုပြီး VAR က အကြံပြုကာ ဒီသွင်းဂိုးကို ထပ်မံပယ်ချခဲ့တာပါ။
ဒါကြောင့် လူကာကူရဲ့ဂိုးကံဆိုးခြင်းနဲ့အတူ ဘယ်လ်ဂျီယံအသင်းလည်း ဒီပွဲမှာ ဂိုးမရခဲ့ဘဲ ယူရို ၂၀၂၄ ပွဲဦးထွက်ကို အရှုံးနဲ့တာထွက်ခဲ့ရပါတယ်။
18/06/2024
ဒတ်ချ်လူမျိုးနည်းပြ အဲရစ်တန်ဟတ်က သူနဲ့ မန်ယူနိုက်တက်အသင်းတို့ဟာ စာချုပ်သစ်ချုပ်ဆိုဖို့ သဘောတူညီမှုမရရှိသေးဘူးလို့ ဆိုခဲ့ပါတယ်။
အဲရစ်တန်ဟတ်နဲ့ မန်ယူနိုက်တက်အသင်း ချုပ်ဆိုထားတဲ့ စာချုပ်ဟာ (၁၂)လသာကျန်ရှိတော့တာဖြစ်ပေမယ့် (၂)နှစ်သက်တမ်းတိုးစာချုပ်ချုပ်ဆိုဖို့ ဆွေးနွေးမှုတွေပြုလုပ်နေတာပါ။
>>>>>
အဲရစ်တန်ဟတ်ဟာ အစောပိုင်းက မန်ယူနိုက်တက်အသင်းနည်းပြရာထူးက ထုတ်ပယ်ခံရမယ်လို့ သတင်းတွေထွက်ခဲ့ပေမယ့် ပူးတွဲပိုင်ရှင် ဆာဂျင်ရက်ကလစ်ဖ်ဦးဆောင်တဲ့ INEOS က ပြီးခဲ့တဲ့ရာသီကို ပြန်လည်သုံးသပ်မှုတွေပြုလုပ်အပြီးမှာ သူ့ကို လာမယ့်ရာသီဆက်ပြီး ကိုင်တွယ်စေဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ မန်ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့်(၈)နဲ့ ရာသီအဆုံးသတ်ခဲ့ပေမယ့် FA ဖလားပြိုင်ပွဲမှာ မန်စီးတီးအသင်းကို (၂-၁)ဂိုးနဲ့ အနိုင်ရပြီး ချန်ပီယံဆုကို ရယူနိုင်ခဲ့တာပါ။
အဲရစ်တန်ဟတ်က "မန်ယူနိုက်တက်နဲ့ ကျွန်တော်ဟာ စာချုပ်သစ်အတွက် သဘောတူညီမှုတစ်ခုကို ရှာဖွေရမှာပါ။ ဒါက လွယ်လွယ်နဲ့ ပြီးဆုံးမှာမဟုတ်ဘဲ ကျွန်တော်တို့ ဒီအကြောင်းကို ဆွေးနွေးမှုတွေပြုလုပ်ဖို့ ကျန်ရှိနေပါသေးတယ်"လို့ ဒတ်ချ်ရုပ်သံ NOS ကို ပြောခဲ့ပါတယ်။
ဒါ့အပြင် အဲရစ်တန်ဟတ်က မန်ယူနိုက်တက်အသင်းဟာ သူတို့ ဘိုင်ယန်မြူးနစ်အသင်းနည်းပြဟောင်း တူချယ်လ်နဲ့ ဆွေးနွေးမှုတွေပြုလုပ်ခဲ့တယ်ဆိုတာ သူ့ကို ပြောခဲ့ပေမယ့် ကလပ်မှာ အကောင်းဆုံးနည်းပြရှိပြီးသားဖြစ်လို့ ဒါက အဆုံးသတ်သွားခဲ့တယ်လို့လည်း NOS ကို ပြောခဲ့တာဖြစ်ပါတယ်။
၂၀၂၂ မေက အိုင်းယက်စ်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ အဲရစ်တန်ဟတ်ဟာ မန်ယူနိုက်တက်အသင်းနဲ့အတူ ကာရာဘောင်းလိဂ်ဖလား၊FA ဖလားတို့ကို ရယူနိုင်ခဲ့တာပါ။ မန်ယူနိုက်တက်အသင်းဟာ ရာသီသစ်အတွက် ရာသီကြိုလေ့ကျင့်မှုတွေကို ဇူလိုင် ဒုတိယအပတ်မှာ စတင်ပြုလုပ်သွားဖို့ရှိနေတာဖြစ်ပါတယ်။
18/06/2024
အင်္ဂလန်လက်ရွေးစင်ကွင်းလယ်လူ ဘယ်လင်ဂမ်ဟာ အသက် (၂၀)နှစ်(၁၁)လအရွယ်မှာပဲ အဓိကနိုင်ငံတကာပြိုင်ပွဲကြီး(၃)ခုကို ယှဉ်ပြိုင်ဖူးသူဖြစ်လာပါတယ်။
ဘယ်လင်ဂမ်ဟာ လာမယ့် ဇွန်(၂၉)ရက်နေ့မှ အသက်(၂၁)နှစ်ပြည့်မှာ ဖြစ်ပါတယ်။
>>>>>
ယူရို-၂၀၂၀၊ ၂၀၂၂ ကမ္ဘာ့ဖလား၊ ယူရို-၂၀၂၄ ပြိုင်ပွဲ (၃)ရပ်ကို ငယ်ငယ်ရွယ်ရွယ်နဲ့ ယှဉ်ပြိုင်ဖူးတဲ့ ဘယ်လင်ဂမ်ဟာ ပေါ်တူဂီကစားသမား စီရော်နယ်ဒိုရဲ့စံချိန်ကို ကျော်ဖြတ်ပြီး အဓိကနိုင်ငံတကာပြိုင်ပွဲကြီး(၃)ခုကို ယှဉ်ပြိုင်ဖူးတဲ့ အသက်အငယ်ဆုံးကစားသမားဖြစ်လာပါတယ်။
၁၉၈၅ ဖေဖော်ဝါရီလမှာမွေးဖွားခဲ့တဲ့ စီရော်နယ်ဒိုက ယူရို-၂၀၀၄ ၊ ၂၀၀၆ ကမ္ဘာ့ဖလား၊ ယူရို-၂၀၀၈ ပြိုင်ပွဲတွေကို ယှဉ်ပြိုင်ခဲ့ပြီးချိန်မှာ အသက်(၂၃)နှစ်(၄)လရှိပြီး အခုအချိန်အထိ (အဓိကနိုင်ငံတကာပြိုင်ပွဲကြီး ၃ ခုကစားချိန်မှာ) အသက်အငယ်ဆုံးစံချိန်တင်ထားတာကို ဘယ်လင်ဂမ်က ကျော်ဖြတ်ခဲ့တာပါ။
ဘယ်လင်ဂမ်အနေနဲ့ ယူရို-၂၀၂၀ ပြိုင်ပွဲကို စတင်ကစားခဲ့ချိန်က အသက်(၁၇)နှစ်(၃၄၉)ရက်သာ ရှိသေးပြီး အဲဒီတုန်းကလည်း ယူရိုပြိုင်ပွဲသမိုင်းတစ်လျှောက်အသက်အငယ်ဆုံးကစားသမားအဖြစ် စံချိန်တင်ခဲ့ပါသေးတယ်။
အသက်(၂၀)ကျော်အရွယ်မှာပဲ ချန်ပီယံလိဂ်၊ လာလီဂါအစရှိတဲ့ ဆုဖလားတွေကိုင်မြှောက်နိုင်ခဲ့ပြီး စံချိန်မှတ်တမ်းကောင်းတွေများစွာရေးထိုးနိုင်ခဲ့တဲ့ ဘယ်လင်ဂမ်အနေနဲ့ အင်္ဂလန်အသင်းနဲ့ အတူ ယူရိုချန်ပီယံဆုကို ငယ်ငယ်ရွယ်ရွယ်နဲ့ ရယူအောင်ပွဲခံနိုင်မလားဆိုတာ စိတ်ဝင်စားစရာကောင်းနေပါတယ်။
18/06/2024
မနေ့က အင်္ဂလန်(၁-ဝ)ဆားဘီးယား ယူရို-၂၀၂၄ ပြိုင်ပွဲအုပ်စုအဖွင့်ပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်အသင်းကွင်းလယ်လူ ဘယ်လင်ဂမ်ဟာ အင်္ဂလန်အသင်းအတွက် အဖိုးတန်အနိုင်ဂိုးသွင်းယူပေးခဲ့ပြီးနောက် အသင်းဖော် အာနိုးလ်နဲ့အတူ အောင်ပွဲခံမှုပုံစံအသစ်ပြုလုပ်ခဲ့ပါတယ်။
ဘယ်လင်ဂမ်က ဒါဟာ အင်္ဂလန်အသင်းက ဝံပုလွေအဖွဲ့သားတွေအတွက် အောင်ပွဲခံမှုတစ်ခုလို့ ပွဲအပြီး BBC Sport နဲ့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။
>>>>>>>>>>>
ပြီးခဲ့တဲ့ရာသီက ရီးရဲလ်မက်ဒရစ်အသင်းမှာ ခြေစွမ်းပြသနိုင်ခဲ့ပြီး ချန်ပီယံလိဂ်၊ လာလီဂါဖလားတို့ကို ရယူနိုင်ခဲ့တဲ့ ဘယ်လင်ဂမ်ဟာ အင်္ဂလန်အသင်းမှာလည်း သူ့ရဲ့အကောင်းဆုံးပုံစံကို ဆက်ထိန်းသိမ်းနိုင်ခဲ့တာဖြစ်ပါတယ်။ ဘယ်လင်ဂမ်ဟာ ဒီပွဲရဲ့ပွဲချိန်(၁၃)မိနစ်မှာ တောင်ပံကစားသမား ဆာကာရဲ့ဖြတ်တင်ပေးပို့မှုကို ခေါင်းတိုက်ပြီး အင်္ဂလန်အသင်းကို နိုင်ပွဲရရှိစေခဲ့တာပါ။
ဘယ်လင်ဂမ်ဟာ ဂိုးသွင်းအပြီးမှာ သူ့ရဲ့အထင်ကရ အောင်ပွဲခံဟန်ဖြစ်တဲ့ မတ်တပ်ရပ်ပြီး လက်နှစ်ဖက်ကို ဆန့်တန်းတဲ့ ပုံစံကို ပြုလုပ်ခဲ့သလို အရင်က ပရိသတ်တွေမမြင်တွေ့ခဲ့ဖူးတဲ့ အောင်ပွဲခံမှုတစ်ခုကိုလည်း ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဘယ်လင်ဂမ်ဟာ အာနိုးလ်နဲ့အတူ ဒူးတစ်ဖက်စီထောက်ပြီး လက်ကို မျက်နှာပေါ်တင်ကာ အောင်ပွဲခံခဲ့တာပါ။
ဒီအောင်ပွဲခံမှုနဲ့ ပတ်သက်ပြီး ဘယ်လင်ဂမ်က "ကျွန်တော်တို့တွေ အသင်းမှာ ဝံပုလွေဂိမ်းစ် (ဖဲချပ်ကဲ့သို့ ကစားရသော wolf card game) ကစားလေ့ရှိပါတယ်။ အဲဒီလို ကစားတဲ့အချိန်မှာ အသင်းဝန်ထမ်းတစ်ဦးက သူဘာဆက်လုပ်ရမှန်းမသိတဲ့အချိန်ဆိုရင် ဒီလို မျက်နှာကို လုပ်လေ့ရှိပါတယ်။ ဒီအောင်ပွဲခံပုံက အင်္ဂလန်အသင်းက ဝံပုလွေဂိမ်းစ်ကစားတဲ့အဖွဲ့အတွက်ပါ"လို့ ဆိုခဲ့ပါတယ်။
အင်္ဂလန်အသင်းအတွက် နောက်ကွယ်ကနေ နေ့တိုင်းအလုပ်လုပ်ပေးနေတဲ့ ဝန်ထမ်းတွေအတွက် အသိအမှတ်ပြုတဲ့အနေနဲ့ ဘယ်လင်ဂမ်က ဒီလိုအောင်ပွဲခံခဲ့တာပါ။ ဘယ်လင်ဂမ်ဟာ ဆားဘီးယားအသင်းနဲ့ ပွဲမှာ ပြသခဲ့တဲ့ ခြေစွမ်းကြောင့် ဒီပွဲရဲ့အကောင်းဆုံးကစားသမားဆု(MOTM)ကို ရရှိခဲ့ပါတယ်။
17/06/2024
အင်္ဂလန်(၁-ဝ) ဆားဘီးယား
ပိုလန် (၁-၂) နယ်သာလန်
ဆလိုဗေးနီးယား(၁-၁)ဒိန်းမတ်
(ယူရို-၂၀၂၄ ပြိုင်ပွဲ အုပ်စုပွဲစဉ်များ)
------------------------------------
ဒီယူရိုပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးအင်္ဂလန်အသင်းက အဖွင့်ပွဲမှာ ဆားဘီးယားအသင်းကို (၁-ဝ)ဂိုးနဲ့ အနိုင်ရပြီး ရမှတ်ပြည့်ရယူနိုင်ခဲ့ပါတယ်။
ဒါပေမယ့် အင်္ဂလန်အသင်းရဲ့ရလဒ်နဲ့ ခြေစွမ်းက မျှော်လင့်ချက်ကြီးနေတဲ့ပရိသတ်တွေအတွက် အားရကျေနပ်စရာမဖြစ်ခဲ့တာတော့ အမှန်ပါပဲ။
>>>>>>>>>
အင်္ဂလန်အသင်းနည်းပြဆောက်ဂိတ်က ဘောလုံးဝေဖန်သူတွေ၊ မီဒီယာတွေနဲ့ ပရိသတ်တွေ ကြိုတင်ခန့်မှန်းထားတဲ့ လူစာရင်းအတိုင်း 4-2-3-1 ကစားကွက်နဲ့ ပွဲထွက်ခဲ့ပါတယ်။ ဆားဘီးယားအသင်းက ဒီကစားကွက်ကို ဘယ်လိုတုံ့ပြန်ကစားရမယ်ဆိုတာ ကြိုတင်ပြင်ဆင်ထားခဲ့လို့ အင်္ဂလန်အတွက် လွယ်ကူတဲ့ပွဲတစ်ပွဲမဖြစ်ခဲ့ဘဲ ရုန်းကန်ခဲ့ရပါတယ်။
ပွဲချိန်(၁၃)မိနစ်မှာ ဘယ်လင်ဂမ်က အကွက်မြင်စွာနဲ့ အလယ်ကြောကနေ ပြေးပြီး ခေါင်းခုန်တိုက်ခဲ့လို့ အင်္ဂလန်အသင်းဂိုးစရခဲ့ပြီး ဒီဂိုးက ဒီတစ်ပွဲလုံးအတွက် တစ်လုံးတည်းသောဂိုးဖြစ်ခဲ့ပါတယ်။
ဒီပွဲမှာ ဆားဘီးယားခံစစ်က အင်္ဂလန်တိုက်စစ်ကစားသမားတွေဖြစ်တဲ့ ဟာရီကိန်း၊ ဖိုဒန်၊ ဆာကာတို့ကို ကောင်းကောင်းထိန်းချုပ်ကစားခဲ့ပြီး ဟာရီကိန်းအပိုင်ခေါင်းတိုက်တဲ့တစ်လုံးကလည်း ဆားဘီးယား ဂိုးသမား ပုတ်ထုတ်ခဲ့ပါတယ်။
ဒီပွဲမတိုင်ခင် အစောပိုင်းက ကစားခဲ့တဲ့ ပိုလန်-နယ်သာလန်ပွဲမှာလည်း နယ်သာလန်အသင်းက ပိုလန်ကို ခက်ခက်ခဲခဲကစားခဲ့ရပြီး ပွဲအပြီးမှာ (၂-၁)နဲ့ အနိုင်ရခဲ့ပါတယ်။ ပွဲချိန်(၁၆)မိနစ်မှာကတည်းက ပိုလန်က ဂိုးစသွင်းခဲ့ပြီး (၂၉)မိနစ်မှာ ဂတ်ပိုက နယ်သာလန်အတွက် ချေပဂိုးသွင်းခဲ့ပါတယ်။ (၁-၁)နဲ့ ပြီးတော့မလားလို့ ထင်မှတ်ရချိန် ပွဲချိန်(၈၃)မိနစ်ရောက်မှာ လူစားဝင်တိုက်စစ်မှုူး ဝက်ဂ်ဟောက်စ်က နယ်သာလန်အတွက် အဖိုးတန်အနိုင်ဂိုးကို သွင်းပေးခဲ့တာပါ။
အင်္ဂလန်ပါတဲ့ အုပ်စု B က ကျန်ပွဲတစ်ပွဲဖြစ်တဲ့ ဆလိုဗေးနီးယား-ဒိန်းမတ်ပွဲမှာတော့ (၁-၁)ဂိုးနဲ့ သရေကျခဲ့ပါတယ်။
17/06/2024
■ မန်ယူနိုက်တက်အသင်းဟာ နယ်သာလန်လက်ရွေးစင်နောက်ခံလူ ဒီလစ်ကိုခေါ်ယူဖို့ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ဆွေးနွေးမှုတွေစတင်ပြုလုပ်နေတယ်လို့ ဂျာမန်သတင်းတွေမှာ ဖော်ပြထားပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းဟာ ဒီလစ်အတွက် ပြောင်းရွှေ့ကြေးပေါင်သန်း(၅၀)သတ်မှတ်ထားတယ်လို့ သိရပါတယ်။
■ ဘရိုက်တန်အသင်းဟာ စိန့်ပေါ်လီအသင်းနည်းပြ ဖာဘီယန်ဟာဇီလာကို နည်းပြသစ်အဖြစ် ၂၀၂၇ အထိစာချုပ်ချုပ်ဆိုကာ ခန့်အပ်လိုက်ပါတယ်။ အသက်(၃၁)နှစ်အရွယ်သာရှိသေးတဲ့ ဖာဘီယန်ဟာဇီလာဟာ ပရီးမီးယားလိဂ်သမိုင်းမှာ အသက်အငယ်ဆုံးနည်းပြအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။
>>>>>>