23/03/2026
"မြေနိမ့်ရာ လှံစိုက်ခံနေရလို့ ဒေါသထွက်နေလား... လက်စားချေဖို့ အကောင်းဆုံးနည်းလမ်းက ဒါပါပဲ။"
"မြေနိမ့်ရာ လှံစိုက်ခံရတာ" ဟာ လောကကြီးရဲ့ ခါးသီးတဲ့ သဘာဝတရားတစ်ခုပါ။ ကိုယ့်ဘဝမှာ အောက်ခြေကျနေတဲ့အချိန်၊ အဆင်မပြေဖြစ်နေတဲ့အချိန်မှာ ကိုယ့်ကို တမင်ဒုက္ခပေးတဲ့သူ၊ အထင်သေး နှိမ်ချဆက်ဆံတဲ့သူတွေနဲ့ ဘဝမှာ ကြုံကိုကြုံရမှာပါ။
ကျွန်တော်ကိုယ်တိုင်လည်း ဒီလိုမျိုး ကြုံခဲ့ဖူးပါတယ်။
• ပိုက်ဆံမရှိလို့ အနိုင်ကျင့်ခံရတယ်။
• နောက်ခံ Background မရှိလို့ နှိမ်ခံရတယ်။
• အကူအညီမဲ့နေမှန်း သိလို့ တမင်သက်သက် ဒုက္ခပေးသွားကြတယ်။
ဒီလိုလူတွေ၊ ဒီလိုအဖြစ်အပျက်တွေဟာ တကယ့်လက်တွေ့ဘဝမှာ ရှိကိုရှိပါတယ်။ အဲ့ဒီလို နှိမ်ချဆက်ဆံခံရတဲ့အခါ ဒေါသထွက်၊ ကြိတ်မနိုင်ခဲမရဖြစ်ပြီး ဥပဒေဘောင်ပြင်ပကနေ မိုက်မဲစွာ လက်စားချေဖို့ မစဉ်းစားလိုက်ပါနဲ့။
"ငါ့ကို ပိုက်ဆံမရှိလို့ နှိမ်တယ်" ဆိုပြီး ထိုင်ငိုနေလို့လည်း ဘာမှထူးခြားလာမှာ မဟုတ်ပါဘူး။ တသက်လုံး အနှိမ်ခံဘဝနဲ့ပဲ ပြီးသွားပါလိမ့်မယ်။
ဒါကြောင့် ထိုင်ငိုမနေပါနဲ့။ အလုပ်ကို နှစ်ဆပိုလုပ်ပါ။
ငွေပိုရှာပါ။ ဘဝတိုးတက်ရာ တိုးတက်ကြောင်းကိုပဲ အမြဲတွေးပါ။
ကမ္ဘာကြီးက တကယ်ကို ကျဉ်းပါတယ်။ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ အဲ့ဒီလူတွေနဲ့ ပြန်ဆုံကို ဆုံကြဦးမှာပါ။ အဲ့ဒီလို ပြန်ဆုံတဲ့အခါ ကိုယ့်လက်ထဲမှာ "ငွေ" ဆိုတဲ့ လက်နက်ရှိနေဖို့တော့ လိုပါတယ်။
ဘယ်လိုရန်သူမျိုးနဲ့ပဲ ရင်ဆိုင်ရပါစေ... ငွေဆိုတာ လိုကိုလိုပါတယ်။ ငွေရှိနေရင် တိုက်ပွဲရဲ့ တစ်ဝက်ကို နိုင်နေပြီဆိုတာ ငြင်းမရတဲ့ အမှန်တရားပါပဲ။
ဒါပေမယ့် အဲ့ဒီငွေဟာ ရိုးရိုးသားသား ကြိုးစားရှာဖွေထားတဲ့ ငွေဖြစ်ဖို့တော့ အရေးကြီးပါတယ်။ ကလိမ်ကကျစ်လုပ်ပြီး ရှာထားတဲ့ငွေနဲ့ သွားပြီး စစ်မကြေညာမိပါစေနဲ့၊ ပိုပြီးတော့တောင် အနှိမ်ခံရပါလိမ့်မယ်။
👉 အနှိမ်ခံနေရလား? — ငွေပိုရှာပါ။
👉 အခိုင်းခံနေရလား? — ငွေပိုရှာပါ။
👉 Background မရှိဘူးလား? — ငွေပဲရှာပါ။ အားလုံးကို ဖြေရှင်းလို့ရပါတယ်။
တကွေ့ကွေ့မှာ ပြန်ကြုံတဲ့အခါ "မင်းက ဘာကောင်မို့လို့လဲ" လို့ ရဲရဲဝင့်ဝင့် ပြန်မေးနိုင်တဲ့အထိ၊ စိန်ခေါ်ရဲတဲ့အထိ ကိုယ့်ကိုယ်ကို အစွမ်းကုန် ကြိုးစားတည်ဆောက်လိုက်ပါ။ ခွန်အားမွေးပါ။