01/10/2026
၂၀၂၆ ခုနှစ်ရဲ့ နောက်ဆုံးလတွေကို ရောက်ရှိလာတာနဲ့အမျှ အပန်းရဲ့ ချစ်ရတဲ့ Clients တွေနဲ့ Lifestyle through Fitness ပေ့ချ်ကို အမြဲအားပေးတဲ့ သူလေးတွေအတွက် နှစ်ကုန်ပိုင်းမှာ ကိုယ်သွားချင်တဲ့ ပန်းတိုင်ကို စိတ်လက်ပေါ့ပါးစွာနဲ့အကောင်အထည်ဖော်နိုင်ဖို့ အရေးကြီးတဲ့
အကြံပြုချက် ၄ ချက်ကို မျှဝေပေးချင်ပါတယ်။
နှစ်ကုန်ခါနီးပြီဆိုရင် လူအများစုက "ဒီနှစ်တော့ ထားလိုက်တော့၊ နောက်နှစ်ကျမှပဲ Gym သေချာ ပြန်ဆော့တော့မယ်၊ Diet သေချာ ပြန်လုပ်တော့မယ်" ဆိုပြီး လက်လွှတ်လိုက်ကြတာ များပါတယ်။ ဒါပေမဲ့ Fitness ဆိုတာ ပန်းတိုင်တစ်ခုရောက်ရင် ရပ်ပစ်ရတဲ့ ပြိုင်ပွဲမဟုတ်ဘဲ နေ့စဉ် နေထိုင်မှုပုံစံ Lifestyle တစ်ခုပါ။ ဒါကြောင့် နှစ်ကုန်ခါနီးမှာ စိတ်လျှော့လိုက်မယ့်အစား ပန်းဝင်ခါနီးမှာ ပေါ့ပေါ့ပါးပါးလေးနဲ့ အရှိန်မပျက် ဆက်သွားနိုင်ဖို့ အမှတ်တရစကားလေးတွေ မျှဝေပေးလိုက်ပါတယ် ။
၁။ Finish Strong, Not Perfect ပါ
( ပြီးပြည့်စုံဖို့ထက် အဆုံးထိ ဆက်သွားနိုင်ဖို့ပဲ ကြိုးစားပါ )
နှစ်ကုန်ပိုင်းမှာ ပွဲလမ်းသဘင်တွေ ခပ်စိပ်စိပ်ရှိတာကြောင့် နေ့တိုင်း Gym သွားဖို့၊ Diet ၁၀၀%
လုပ်နိုင်ဖို့ ဆိုတာ မလွယ်ပါဘူး။
နေ့စဉ် ၁ နာရီ Workout မလုပ်နိုင်ရင်တောင်
မိနစ် ၂၀ လောက် လမ်းလျှောက်တာ၊ ခန္ဓာကိုယ် အကြောလျှော့တာမျိုးနဲ့တင် Workout Habit လေး ပျောက်မသွားအောင် ထိန်းထားလို့ရပါတယ်။
၁၀၀% မလုပ်နိုင်လို့ လုံးဝ မလုပ်တော့တာထက်စာရင် ၁၀%၊ ၂၀% လောက် လုပ်ဖြစ်နေတာကပဲ နောက်နှစ်သစ်မှာ ပြန်စရတာ အများကြီး သက်သာစေပါတယ်။
၂။ Party-Season Nutrition Hack (ပွဲလမ်းသဘင်များချိန်မှာ အာဟာရကို မျှတအောင် ထိန်းပါ)
နှစ်ကုန်ပိုင်း ပွဲလမ်းသဘင်တွေနဲ့ အစားအသောက် အဆင်မပြေတာတွေကိုလည်း အရမ်းကြီး စိတ်ဖိအားမယူပါနဲ့။
၈၀/၂၀ Rule လေး သုံးကြည့်ပါ။
မိမိရဲ့ နေ့စဉ် အစားအသောက် ၈၀% ကို အာဟာရပြည့်ဝတဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေ ရွေးချယ်ပြီး ကျန်တဲ့ ၂၀% ကိုတော့ အပြင်/ ပါတီပွဲတွေမှာ စိတ်လွတ်လက်လွတ် ပျော်ပျော်ရွှင်ရွှင် စားသောက်ပါ။
အပြင် / ပါတီမသွားခင်နဲ့ အပြန်မှာ ရေများများသောက်ပေးဖို့နဲ့ အိပ်ရေးဝဝအိပ်ဖို့ကိုပဲ အဓိက ဂရုစိုက်ပေးပါ။ ခန္ဓာကိုယ်အတွက် Rest နဲ့ Recovery ကလည်း Fitness ရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုပါပဲ။
၃။ Mental Reset & Year-End Reflection လုပ်ခြင်း
Fitness ဆိုတာ ခန္ဓာကိုယ်တစ်ခုတည်း တည်ဆောက်တာမဟုတ်ဘဲ စိတ်ကျန်းမာရေးလည်း ပါဝင်ပါတယ်။
ပြန့်ကျဲနေတာတွေကို ရှင်းထုတ်ပါ: ၂၀၂၆ အတွင်း ခန္ဓာကိုယ်နဲ့ ကျန်းမာရေးအတွက် ဘာတွေ
အဆင်ပြေခဲ့လဲ၊ ဘာတွေ တိုးတက်ဖို့ လိုသေးလဲဆိုတာ ကိုယ့်ကိုကိုယ် အပြစ်မတင်ဘဲ သုံးသပ်ပါ။
အိပ်စက်ခြင်းကို ဦးစားပေးပါ:
နှစ်ကုန်ပိုင်း အလုပ်တွေ ရှုပ်ကြမှာဆိုပေမယ့် အိပ်ရေးဝအောင် အိပ်ဖို့လဲကြိုးစားပါ ။
အိပ်ရေး ဝဝအိပ်တာက ဦးနှောက်နဲ့ ခန္ဓာကိုယ်အတွက် အကောင်းဆုံး Reset Button ပဲဖြစ်ပါတယ်။
၄။ Set "Micro-Goals" for 2027 နောက်နှစ်အတွက် ပန်းတိုင်ငယ်လေးများ စတင်ချမှတ်ပါ
ဇန်နဝါရီ ၁ ရက်မှ စမယ်ဆိုတာထက် ဒီ October လ ထဲက အလေ့အကျင့်သေးသေးလေးတွေကို စတင်
ပျိုးထောင်ပါ။
ဥပမာ:
"တစ်နေ့ကို ရေ ၂ လီတာ သောက်မယ်"
"ည ၁၁ နာရီမှာ ဖုန်းပိတ်ပြီး အိပ်ရာဝင်မယ်"
"တစ်ပတ်ကို ၃ ရက် လေ့ကျင့်ခန်းလုပ်မယ်" စသဖြင့် ဒီမခက်ခဲတဲ့ အရာသေးသေးလေးတွေ ၊ ပန်းတိုင်လေးတွေကို အခုကတည်းက စတင်ကျင့်ယူထားရင် ၂၀၂၇ ကို ရောက်တဲ့အခါ တခြားသူတွေထက် ခြေတစ်လှမ်း သာလွန်နေမှာပါ ။
ခန္ဓာကိုယ်ကို ဖိအားတွေ အများကြီးမပေးဘဲ ကျန်းမာရေးနဲ့ ပျော်ရွှင်မှုကို မျှတအောင် ယူဆောင်ရင်း နှစ်ဟောင်းကို လှလှပပ အဆုံးသတ်လို့ရပါတယ်ဆိုတဲ့အကြောင်း ပြောပြပေးလိုက်ပါတယ်ရှင် ။