03/09/2026
မာရက်စကာလိုတဲ့ ဂျစ်ဆော...
ပက် ဂွါဒီယိုလာ ထွက်ခွာသွားပြီးနောက် မန်ချက်စတာစီးတီး၏ နည်းပြသစ် ဖြစ်လာခဲ့သူ အန်ဇို မာရက်စကာဟာ အသင်းကို ချန်ပီယံဆုထံ ပြန်လည်ပို့ဆောင်ရန်အတွက် သမိုင်းတွင် အကုန်ကျစရိတ် အများဆုံးအဖြစ် မှတ်တမ်းဝင်မည့် နွေရာသီ အပြောင်းအရွှေ့တစ်ခုကို မန်စီးတီးက ဖန်တီးခဲ့ပြီဖြစ်ပါတယ်။ မာရက်စကာ အက်တီဟတ်သို့ ရောက်ရှိလာချိန်မှစ၍ သုံးစွဲခဲ့သည့် ဘတ်ဂျက်၏ နောက်ဆုံးနှင့် အရေးအကြီးဆုံး အစိတ်အပိုင်းမှာ အာဂျင်တီးနား ကွင်းလယ်လူ အန်ဇို ဖာနန်ဒက်စ်ပဲ ဖြစ်ပါတယ်။
ချယ်လ်ဆီးထံမှ ပေါင် ၁၂၅ သန်းဖြင့် ခေါ်ယူခဲ့သည့် ပြောင်းရွှေ့ကြေးကြောင့် လွန်ခဲ့သည့် ရက်သတ္တပတ်အနည်းငယ်ကမှ နော့တင့်ဟမ်ဖောရက်စ်မှ အယ်လီယော့ အန်ဒါဆန်ကို ပေါင် ၁၁၆ သန်းဖြင့် ခေါ်ယူခဲ့သည့် စံချိန်မှာပင် ခဏအတွင်း ပျက်စီးသွားခဲ့ရပါတယ်။
စီးတီး၏ ကလပ်ပိုင်ရှင်များသည် နည်းပြသစ်၏ လိုအင်ဆန္ဒများကို အပြည့်အဝ ဖြည့်ဆည်းပေးခဲ့ကြရာ ကွင်းလယ်ပိုင်းအတွက်တင် အန်ဒါဆန်၊ ဘူအာဒီနှင့် ဖာနန်ဒက်စ်တို့ သုံးဦးအတွက် ပေါင် သန်း ၃၀၀ ကျော် သုံးစွဲခဲ့ပြီးပါပြီ။ ဘာစီလိုနာသို့ ထွက်ခွာသွားခဲ့သူ ရိုဒရီ၏ နေရာတွင် အန်ဒါဆန်ကို အစားထိုးခဲ့သော်လည်း ဖာနန်ဒက်စ်ကိုပါ ထပ်မံခေါ်ယူခဲ့သည့် မာရက်စကာ၏ အဓိက ရည်ရွယ်ချက်မှာ ကစားသမား၏ တိုက်စစ်စွမ်းရည်ကို အသုံးချလိုခြင်းကြောင့်ဖြစ်သည်။ ချယ်လ်ဆီးတွင် ဖာနန်ဒက်စ်နှင့် နီးကပ်သည့် ဆက်ဆံရေး ရှိခဲ့ဖူးသူ မာရက်စကာဟာ ကွင်းလယ်ခံစစ်ထက် ပိုမိုမြင့်မားသည့် တိုက်စစ်နေရာတွင် ထားရှိပြီး ဂိုးများ ဖန်တီးရန်နှင့် သွင်းယူရန် မျှော်လင့်ထားပါတယ်။
လက်ရှိ မန်စီးတီးတွင် ဖိုဒန်၊ ဒိုကူး၊ ဆီမန်ညို၊ ချာကီတို့အပြင် ဂိုးသွင်းစက်ကြီး ဟာလန်းတို့အထိ ပိုင်ဆိုင်ထားသဖြင့် ပြိုင်ဘက်ကင်း လောက်သည့် တိုက်စစ်အင်အားကို ရရှိနေပြီဖြစ်ပါတယ်။ သို့သော်လည်း စီးတီး၏ တိုက်စစ်ပိုင်း ကစားပုံသည် မည်မျှပင် ရင်ခုန်စရာကောင်းစေကာမူ ခံစစ်ပိုင်းကမူ စိုးရိမ်စရာ အခြေအနေတွင် ရှိနေဆဲဖြစ်ပါတယ်။ ဂျွန် စတုန်းနှင့် နသန် အကီတို့ ထွက်ခွာသွားခဲ့ပြီးနောက် စီးတီးခံစစ်မှာ ပြိုင်ဘက်များ၏ တန်ပြန်တိုက်စစ်ဆင်မှုကို မကြာခဏ ပေးဆပ်နေရပြီး၊ ရာသီစတင်သည့် ပွဲစဉ်အချို့တွင် Clean Sheet တစ်ပွဲမှ မရရှိသေးပါဘူး။
မာရက်စကာသည် ခံစစ်လိုင်း ငြိမ်စေရန် မာခ် ဂေဟီကို အန်ဒါဆန်နှင့်အတူ ဒုတိယ ကွင်းလယ်ခံစစ်လူအဖြစ် တွဲဖက်ရန် စဉ်းစားနေသော်လည်း ဗဟိုခံစစ်မှ နှုတ်ယူရမည့် ထိုနည်းဗျူဟာက အန္တရာယ်ကြီးမားနိုင်ပါတယ်။ ဘောလုံးလောကတွင် "တိုက်စစ်သည် ပွဲစဉ်များကို အနိုင်ရစေသော်လည်း ခံစစ်သည် ချန်ပီယံဆုများကို ဆွတ်ခူးပေးသည်" ဆိုသည့် ရှေးဟောင်းဆိုရိုးစကားရှိရာ မာရက်စကာအနေဖြင့် တိုက်စစ်အလှအပထက် ခံစစ်၏ ညီမျှမှုကို မဖြစ်မနေ ထည့်သွင်းစဉ်းစားရန် လိုအပ်နေပါတယ်။ သို့သော်လည်း သူ အလွန်လိုချင်ခဲ့သည့် "နောက်ဆုံးဂျစ်ဆော" အန်ဇို ဖာနန်ဒက်စ်ကို ရရှိလိုက်ပြီဖြစ်ရာ လာမည့်ပွဲစဉ်များတွင် မန်စီးတီး၏ အခင်းအကျင်းသစ် မည်မျှအထိ အလုပ်ဖြစ်မည်ဆိုသည်မှာ စိတ်ဝင်စားစရာပင် ဖြစ်ပါတော့တယ်။
30/08/2026
အလွန်ဆိုအတွက် ဘရိုက်တန်၏ စိန်ခေါ်မှု
7:30 PM
ဒီနေ့ည ပရီးမီးယားလိဂ် ပွဲစဉ် (၂) မှာတော့ ချဲလ်ဆီးအသင်းဟာ ဘရိုက်တန်ကို Stamford Bridge ကွင်း၌ လက်ခံကစားသွားမှာ ဖြစ်ပါတယ်။ ဇာဗီ အလွန်ဆို ရဲ့ ချဲလ်ဆီးဟာ အဖွင့်ပွဲစဉ်မှာ ဖူလဟမ်ကို ၃-၂ ဂိုးနဲ့ အနိုင်ရခဲ့ပြီး Carabao Cup မှာလည်း လူတန်ကို ၂-၀ ဂိုးနဲ့ ထိန်းချုပ်ကစားနိုင်ခဲ့လို့ ခြေစွမ်းပိုင်း တည်ငြိမ်မှု ရရှိနေပါတယ်။ တစ်ဖက်မှာလည်း နည်းပြ ဟာဇန်ဟူတယ်ရဲ့ ဘရိုက်တန်ဟာ နောက်ဆုံး ၅ ပွဲမှာ ၄ ပွဲအထိ အနိုင်ရထားပြီး အက်စတန်ဗီလာကို ၄-၀ ဂိုးနဲ့ အပြတ်အသတ် ခြေမှုန်းခဲ့တဲ့ တိုက်စစ်စွမ်းရည် ကြောင့် လျှော့တွက်လို့ မရနိုင်တဲ့ အသင်းဖြစ်ပါတယ်။
ချဲလ်ဆီးတိုက်စစ်မှာ ခြေစွမ်းပြနေသည့် ကိုးလ် ပါလ်မာ က အဓိက ဦးဆောင်ပြီး ဂျာအို ပက်ဒရို၊ မော်ဂန် ရော်ဂျာစ် တို့က ဝန်းရံပေးမည်ဖြစ်ကာ ဒဏ်ရာရထားသည့် ကိုင်စီဒို ပြန်လည် ပါဝင်လာနိုင်ဖွယ် ရှိပါတယ်။
ဘရိုက်တန်မှာတော့ ကွင်းလယ်ဖန်တီးရှင် ပါစကယ် ဂရော့စ် က အဓိက တာဝန်ယူမည်ဖြစ်ပြီး အဓိက တောင်ပံကစားသမား မီတိုမာ ကမူ ပါဝင်နိုင်ရန် မသေချာသေးပါဘူး။
သမိုင်းကြောင်းအရ တွေ့ဆုံမှု ၂၇ ကြိမ်မှာ ၁၆ ကြိမ်အထိ ချဲလ်ဆီးက အသာရထားသော်လည်း နောက်ပိုင်း ၃ ပွဲစလုံးတွင် ဘရိုက်တန်က ရလဒ်ကောင်းများ ရယူနိုင်ခဲ့သည့် မှတ်တမ်းရှိပါတယ်။ အိမ်ရှင် ချဲလ်ဆီးဘက်က အနိုင်ရရှိရန် ၅၃% အထိ ရေပန်းစားနေသော်လည်း ခံစစ်အမှားများကို ဘရိုက်တန်၏ ထက်မြက်သည့် တိုက်စစ်က အသုံးချသွားနိုင်သဖြင့် အကြိတ်အနယ် ရှိမည့် ဂိုးများသည့် ပွဲတစ်ပွဲ ဖြစ်လာနိုင်ပါတယ်။
#ချဲလ်ဆီးဘရိုက်တန်
29/08/2026
အီရာအိုလာရဲ့ အိမ်ကွင်းစိန်ခေါ်မှု
6:00 PM
ဒီနေ့ညနေ ၆ နာရီမှာတော့ လီဗာပူးလ်အသင်းဟာ နော်တင်ဟမ်ဖောရက်စ်ကို အန်ဖီးလ်မှာ လက်ခံကစားသွားမှာဖြစ်ပြီး၊ ဒါဟာ နည်းပြ အန်ဒိုနီ အီရာအိုလာအတွက် ပထမဆုံး အိမ်ကွင်း ပရီးမီးယားလိဂ် ပွဲစဉ်လည်း ဖြစ်ပါတယ်။ နယူးကာဆယ်နဲ့ ၂ ဂိုးစီ သရေကျခဲ့တဲ့ ပွဲစဉ်မှာ ခံစစ်ပိုင်း လစ်ဟာချက်တွေ ပေါ်ထွက်ခဲ့တာကြောင့် နည်းပြ အီရာအိုလာက ဒီပွဲမှာ ပိုမိုခိုင်မာတဲ့ တုံ့ပြန်မှုနဲ့ ခံစစ်ကစားဟန်ကို ပြသဖို့ ကစားသမားတွေကို တောင်းဆိုထားပါတယ်။
ခီယေဆာ၊ ဂျိုးဂိုးမက်ဇ်၊ အကီတီကေး၊ ဘရက်ဒ်လေနဲ့ လီယိုနီတို့ ဒဏ်ရာအသီးသီးကြောင့် လွဲချော်မှာဖြစ်ပြီး မက်အဲလစ်စတာ ပြန်လည် ပွဲထွက်လာနိုင်ခြေ ရှိပါတယ်။
ဖောရက်စ်မှာဆာဗိုနာနဲ့ ရိုင်ယန် ယေးဘ်စ်တို့ ပျက်ကွက်မည်ဖြစ်ပြီး လီယမ် ဒီလပ် ပွဲထွက်လာဖို့ အခွင့်အလမ်း နည်းပါးနေသေးပါတယ်။ နည်းပြ ဂလတ်စနာ အနေဖြင့် မူရီလို၊ မော်ဂန် ဂစ်ဘ်စ်ဝှိုက်နဲ့ ဒန် အင်ဒိုယီတို့ကို လူစာရင်းထံ ပြန်လည်ထည့်သွင်းလာဖွယ် ရှိပါတယ်။
ဖောရက်စ်ဟာ လီဗာပူးလ်နည်းပြ စလော့ လက်ထက်က အန်ဖီးလ်မှာ ၂ ကြိမ်ဆက်တိုက် အနိုင်ရရှိခဲ့တဲ့ မှတ်တမ်းကောင်း ရှိခဲ့ဖူးပါတယ်။ လီဗာပူးလ်ရဲ့ ခံစစ်ပိုင်း လိုအပ်ချက်တွေကြောင့် ဖောရက်စ်ဘက်က ဒုက္ခပေးနိုင်သော်လည်း၊ အိမ်ကွင်း အားသာချက်နဲ့အတူ နည်းပြသစ်၏ တုံ့ပြန်မှုကြောင့် လီဗာပူးလ်က ဂိုးမပြတ်ရင်တောင် အနိုင်ရရှိသွားဖို့ ပိုမို ရေပန်းစားနေပါတယ်။
#လီဗာပူးလ်ဖောရက်စ်
28/08/2026
အထိုင်မကျသေးမယ့်ပွဲ
1:30 AM
ပရီးမီးယားလိဂ် ပွဲစဉ် (၂) ရဲ့ သောကြာနေ့ည Selhurst Park ကွင်းမှာ ပဲလေ့စ်နဲ့ မန်စီးတီးတို့ တွေ့ဆုံကြမှာ ဖြစ်ပါတယ်။ ဒီပွဲဟာ Vertical Football ကို စွဲကိုင်ထားကြတဲ့ နည်းပြသစ်နှစ်ဦးရဲ့ အသင်းသစ်ပုံစံကို နှိုင်းယှဥ်စောင့်ကြည့်ရမယ့် ပွဲစဉ်တစ်ခုပါ။
ပဲလေ့စ်နည်းပြသစ် ပီအဲရ်ဆေ့ချ် အနေနဲ့ အဖွင့်ပွဲစဉ်မှာ အဲဗာတန်ကို ၀-၂ နဲ့ ရှုံးနိမ့်ခဲ့လို့ ရမှတ်ရှာဖွေဖို့ ရည်ရွယ်ထားသလို၊ ပပ်ဂွာဒီယိုလာ ခေတ်လွန် မန်စီးတီးကို ဦးဆောင်နေတဲ့ နည်းပြသစ် အန်ဇို မာရက်စကာ ကတော့ ဘုန်းမောက်ကို ၂-၁ နဲ့ ခက်ခက်ခဲခဲ အနိုင်ရရှိခဲ့တဲ့ ရလဒ်ကောင်းကို ဆက်လက်ထိန်းသိမ်းသွားဖို့ ပြင်ဆင်လာမှာပါ။ နှစ်သင်းစလုံးဟာ အကူးအပြောင်းကာလ အပြောင်းအလဲများစွာနဲ့ ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။
မန်စီးတီးဘက်မှာ အဓိကဒေါက်တိုင်များ ထွက်ခွာသွားခဲ့ပြီးနောက် ကစားသမားသစ်များနှင့် အသင်းဟန်ချက်ညီအောင် တည်ဆောက်နေဆဲ ဖြစ်ပါတယ်။ ဒိုကူ ဒဏ်ရာကြောင့် ပျက်ကွက်နေပေမဲ့ ဘုန်းမောက်ပွဲမှာ ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ်ခဲ့တဲ့ ချာကီ နဲ့ တိုက်စစ်မှူး ဟာလန်း တို့ရဲ့ တွဲဖက်မှုက အဓိက စောင့်ကြည့်ရမှာပါ။
တစ်ဖက်မှာလည်း ပဲလေ့စ်အသင်းဟာ လာခရော့စ် တို့ ထွက်ခွာသွားမှုကြား အသင်းကို ပြန်လည်စုစည်းနေရပြီး၊ ဆားစ် ဒဏ်ရာရရှိနေတာကြောင့် ကာမာဒါ ရဲ့ ကစားကွက်ဖန်တီးမှု၊ မာတေးတား တို့ရဲ့ တိုက်စစ်တုံ့ပြန်မှုတွေကို အဓိက အားကိုးသွားရမှာ ဖြစ်ပါတယ်။
သမိုင်းကြောင်းအရ ပဲလေ့စ်နှင့် ရင်ဆိုင်ခဲ့သည့် ပရီးမီးယားလိဂ် ၅ ပွဲစလုံးတွင် ဂိုးသွင်းယူထားတဲ့ ဟာလန်း ရဲ့ မှတ်တမ်းအပြင်၊ နောက်ဆုံးတွေ့ဆုံမှု ၂၂ ပွဲမှာ ၂ ပွဲသာ နိုင်ခဲ့တဲ့ ပဲလေ့စ်ရဲ့ အနေအထားကြောင့် မန်စီးတီးက အပြတ်အသတ် အသာရထားပါတယ်။ အိမ်ကွင်း အားသာချက်နှင့် မန်စီးတီး၏ ကစားကွက် အထိုင်မကျသေးသည့် အနေအထားတို့ကြောင့် ပဲလေ့စ်ဘက်မှ အခွင့်အရေး ရရှိနိုင်သော်လည်း၊ အခြေအနေအရ သာလွန်တဲ့ မန်စီးတီးကပဲ အနိုင်ရရှိသွားရန် ပိုမို ရေပန်းစားနေပါတယ်။
#ပဲလေ့စ်မန်စီးတီး
24/08/2026
မိတ်ဆွေဟောင်းများ၏ ဒါဘီည...
1:30 AM
Craven Cottage မှာ ကျင်းပမယ့် ဖူဟမ်နဲ့ ချဲလ်ဆီးတို့ရဲ့ ပရီးမီးယားလိဂ် ရာသီသစ် ပွဲစဉ်ဟာ အဖွင့်ပွဲ ပရိသတ်အရှိန်အပြင် အနောက်လန်ဒန် ဒါဘီအဖြစ်ပါ ပိုမို ပြင်းထန်လှပလာတော့မှာ ဖြစ်ပါတယ်။ အထူးသဖြင့် လီဗာပူးလ် ကစားသမားဘဝတည်းက နီးကပ်တဲ့ ဆက်ဆံရေးရှိခဲ့ပြီး ရီးရဲလ်မက်ဒရစ် မန်နေဂျာ နေရာကိုလည်း အသီးသီး ဆက်ခံခဲ့ဖူးကြသူတွေဖြစ်တဲ့ နည်းပြသစ်နှစ်ဦး အာလ်ဗာရို အာဘီလိုအာနဲ့ ဇာဗီ အလွန်ဆိုတို့ရဲ့ နည်းပြဘဝ ပထမဆုံး ပရီးမီးယားလိဂ် ထိတွေ့မှု ဖြစ်တာကြောင့်လည်း စိတ်ဝင်စားစရာ ဇာတ်ညွှန်းတစ်ခု ဖြစ်နေပါတယ်။ စီနီယာ နည်းပြသက်တမ်း ၂၈ ပွဲသာ ရှိသေးတဲ့ အာဘီလိုအာအတွက် ဒါဟာ ကြီးမားတဲ့ စမ်းသပ်ချက်ဖြစ်ပြီး လီဗာကူဆငါမှာ အောင်မြင်မှု သက်သေပြခဲ့ပြီးသား အလွန်ဆိုအတွက်တော့ သူ၏ နည်းဗျူဟာသစ်ကို စတင်ရမယ့် ပွဲစဉ်ပါ။
ဖူဟမ်ဟာ နည်းပြ မာကို ဆေးလ်ဗား ထွက်ခွာသွားပြီးနောက် အာဘီလိုအာ လက်အောက်မှာ ပြန်လည် စုစည်းနေရသလို၊ အဓိက ကွင်းလယ်လူ ဟယ်ရီဝီလ်ဆင် ထွက်ခွာသွားမှု၊ တွမ်ကိုင်နီ နဲ့ ဂျိုအာချင်အန်ဒါဆန်တို့ မပါဝင်နိုင်မှုတွေ ရင်ဆိုင်နေရပါတယ်။ တိုက်စစ်မှာ ရီးရဲလ်မက်ဒရစ်မှ ရောက်ရှိလာသူ ဂွန်ဇာလိုဂါဆီယာ က အဓိက ဦးဆောင်လာမှာ ဖြစ်ပါတယ်။
ချဲလ်ဆီး ဘက်ကတော့ အလွန်ဆိုရဲ့ ၃-၄-၃ သို့မဟုတ် ၃-၄-၂-၁ စနစ်သစ်အောက်မှာ ၃၃၃ သန်းအထိ အသုံးပြုကာ အင်အားဖြည့်တင်းထားပြီး၊ ရာသီကြို ၅ ပွဲမှာ ၇ ဂိုးအထိ သွင်းယူကာ ခြေစွမ်းပြနေတဲ့ ဂျာအိုပက်ဒရို က တိုက်စစ်ကို ဦးဆောင်လာပါလိမ့်မယ်။ ဗက်စလီဖိုဖါနာ ပွဲပယ်ခံထားရသော်လည်း အပြည့်အဝ ပြင်ဆင်ထားတဲ့ ကစားသမားအင်အားက ချဲလ်ဆီးဘက်မှာ ပိုမို ကျစ်လစ်နေပါတယ်။
ဒါဘီပွဲစဉ် ရာဇဝင်အရ တွေ့ဆုံမှု ၉၂ ပွဲမှာ ၅၄ ပွဲအထိ အနိုင်ရထားတဲ့ ချဲလ်ဆီးက အပြတ်အသတ် အသာစီးရထားပြီး Craven Cottage ကွင်းမှာလည်း နောက်ဆုံး ၈ ပွဲမှာ ၆ ပွဲအထိ အနိုင်ရရှိခဲ့ပါတယ်။ သို့သော်လည်း ပြီးခဲ့သည့်ရာသီက ယခုကွင်း၌ ဖူဟမ်က ၂-၁ ဂိုးဖြင့် အနိုင်ရခဲ့ဖူးသည့် မှတ်တမ်းလည်း ရှိနေပါသည်။ လူအင်အားနဲ့ နည်းပြအတွေ့အကြုံပိုင်း သာလွန်မှုတို့ကြောင့် ပွဲကို ချဲလ်ဆီးက အများအားဖြင့် ထိန်းချုပ်သွားနိုင်ခြေ ရှိသော်လည်း၊ ဖူဟမ်အတွက် နည်းပြသစ်၏ ပထမဆုံး အိမ်ကွင်းပွဲဖြစ်မှုနှင့် ဒါဘီပရိသတ်၏ အားပေးမှုတို့ကြောင့် ပြိုင်ဆိုင်မှုပြင်းထန်မည့် ပွဲတစ်ပွဲ ဖြစ်လာနိုင်ကာ ချဲလ်ဆီးက ကနဦး ၃ မှတ်ကို ရယူသွားဖွယ် ရှိနေပါတယ်။
#ဖူဟမ်ချဲလ်ဆီး
22/08/2026
နိုင်ပွဲနဲ့စတင်ဦးမယ့် ယူနိုက်တက်
6:00 PM (MM time zone)
၉ နှစ်ကြာ ပျောက်ကွယ်နေခဲ့ပြီး ပရီးမီးယားလိဂ်ဆီ ဟားလ်စီးတီးတို့ ပြန်လည်ခြေချလာပြီ ဖြစ်ပါတယ်။ ပလေးအော့ဖ် ချန်ပီယံအဖြစ်နဲ့ ပြန်လည်ရောက်ရှိလာတာ ဖြစ်ပေမဲ့ ရာသီအဖွင့်ပွဲစဉ်မှာပဲ မိုက်ကယ်ကာရစ် ခေါင်းဆောင်နေတဲ့ မန်ချက်စတာယူနိုက်တက်နဲ့ စိန်ခေါ်မှုကြီးမားစွာ ရင်ဆိုင်ရတော့မှာပါ။
ပြီးခဲ့တဲ့ရာသီက တတိယနေရာနဲ့ ချန်ပီယံလိဂ်ဝင်ခွင့် ပြန်လည်ရယူပေးခဲ့တဲ့ ကာရစ်ရဲ့ ယူနိုက်တက်ဟာ ယခုရာသီအဖွင့်မှာလည်း Momentum ကို ဆက်လက်ထိန်းသိမ်းဖို့ အပြည့်အဝ ပြင်ဆင်လာမှာ ဖြစ်ပါတယ်။
ဟားလ်စီးတီးဟာ ၄-၂-၃-၁ စနစ်နဲ့ တိုက်ရိုက်တိုက်စစ်ပုံစံကို အသုံးပြုလေ့ရှိပြီး ကစားသမားတွေရဲ့ လျှင်မြန်မှုကို အသုံးချဖို့ ကြိုးစားပါလိမ့်မယ်။ ဒါပေမဲ့ ကစားသမား ၁၀ ဦးအထိ ဒဏ်ရာရရှိနေတာနဲ့ အသစ်ဝင်ရောက်လာသူ ၁၄ ဦးအထိ ရှိနေတာကြောင့် ခံစစ်ကျစ်လစ်မှုနဲ့ အတွဲအစပ်ပိုင်းမှာ အားနည်းချက်တွေ ရှိနေနိုင်ပါတယ်။
မန်ယူနိုက်တက် ဘက်ကတော့ တိုင်လီမန်းစ် နဲ့ ဆန်းတို့စ် တို့လို ကစားသမားတွေကို စမ်းသပ်ထားပြီး အမ်ဘူမို၊ အာမက် နဲ့ ဘရူနို ဖာနန်ဒက်စ် တို့ရဲ့ ထိုးနှက်ချက်တွေနဲ့ ဟားလ်စီးတီးခံစစ်ကို ဖိအားပေးသွားမှာ ဖြစ်ပါတယ်။
ဟားလ်စီးတီးအတွက် အိမ်ကွင်းပရိသတ်ရဲ့ အားပေးမှုက ခွန်အားဖြစ်စေနိုင်ပေမဲ့ ဒဏ်ရာပြဿနာနဲ့ ကစားသမားသစ်ဖွဲ့စည်းမှု အားနည်းချက်တွေကြောင့် တည်ငြိမ်မှု ပိုရှိတဲ့ မန်ယူနိုက်တက်ကို ယှဉ်ပြိုင်ဖို့ ခက်ခဲပါလိမ့်မယ်။ ရာသီကြိုပွဲတွေမှာ နှစ်သင်းလုံး ဂိုးရလဒ်များပြားခဲ့တာမို့ ဂိုးများတဲ့ ပွဲစဉ်တစ်ပွဲ ဖြစ်လာနိုင်ပြီး ယူနိုက်တက်က အနိုင်ရရှိကာ ရာသီအသစ်ကို ၃ မှတ်နဲ့ လှပစွာ စတင်သွားဖွယ် ရှိနေပါတယ်။
#ဟားလ်စီးတီးမန်ယူ
21/08/2026
အမ်းမရိတ်စ်က အဖွင့်ည...
1:30 AM
ပရီးမီးယားလိဂ် ရာသီသစ် (၂၀၂၆-၂၇) ရဲ့ ပထမဆုံးပွဲ စတင်တော့မှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီက နှစ်ပေါင်း ၂၂ နှစ်ကြာ စောင့်ဆိုင်းခဲ့ရတဲ့ လိဂ်ဖလားကို ဆွတ်ခူးခဲ့သလို၊ လွန်ခဲ့တဲ့ စနေနေ့ကလည်း မန်စီးတီးကို ၃-၀ နဲ့ အပြတ်အသတ်နိုင်ပြီး Community Shield ကို ကိုင်မြှောက်ထားတဲ့ အာဆင်နယ်အတွက်တော့ ဒီပွဲဟာ ချန်ပီယံဆုကို ကာကွယ်ဖို့ ပထမဆုံး ခြေလှမ်းပါပဲ။
တစ်ဖက်မှာတော့ ကွာတားရာစု ၂၅ နှစ်ကြာမှ ထိပ်တန်းလိဂ်ဆီ ပြန်လည် တက်လှမ်းခွင့်ရခဲ့တဲ့ ဖရန့်ခ်လမ်းပတ်ရဲ့ ကိုဗင်ထရီစီးတီး တည်ရှိနေတာကြောင့် မတူညီတဲ့ မျှော်လင့်ချက်နှစ်ခု တိုက်ဆိုင်နေတဲ့ အဖွင့်ညလည်း ဖြစ်ပါတယ်။
ဆလီဘာနဲ့ တင်ဘာတို့ ဒဏ်ရာကြောင့် ပျက်ကွက်နေပေမယ့် ခံစစ်က တည်ငြိမ်မှု ရှိနေဆဲပါ။ ဘရူနို ဂွီမာရက်စ်အတွက် ပထမဆုံး အစမ်းသပ်ခံပွဲဖြစ်လာနိုင်ပြီး၊ အိုဒီဂေါ့ဒ်နဲ့အတူ ကွင်းလယ်ကို စိုးမိုးပါလိမ့်မယ်။ တိုက်စစ်အတွက် Community Shield မှာ ဂိုးသွင်းယူခဲ့တဲ့ ဟာဗတ်ဇ်က ပထမပွဲစဉ်မှာ ပွဲထွက်ခွင့်ရဖို့ ပိုမို အခွင့်အရေး သာနေပါတယ်။
နည်းပြ ဖရန့်ခ်လမ်းပတ်က ကစားသမား ၈ ဦးအထိ ခေါ်ယူကာ အင်အားဖြည့်ထားသော်လည်း အဓိကတိုက်စစ်မှူး ဟာဂျီရိုက် ဒဏ်ရာကြောင့် လွဲချော်ရတာက အသင်းအတွက် ရိုက်ခတ်မှု ကြီးမားပါတယ်။ ချန်ပီယံရှစ်ပ်မှာ ပေးဂိုး အနည်းဆုံး ခံစစ်ကျစ်လစ်မှုကို အခြေခံပြီး တိုက်စစ်ရဲ့ ကောင်တာတုံ့ပြန်မှုနဲ့ အခွင့်အရေး ရှာဖွေရမှာ ဖြစ်ပါတယ်။
သမိုင်းကြောင်းအရ ၇၆ ကြိမ် တွေ့ဆုံမှုမှာ ၄၃ ကြိမ်အထိ အနိုင်ရထားတဲ့အပြင်၊ အိမ်ကွင်း အားသာချက်နဲ့ လူအင်အား သာလွန်မှုတွေကြောင့် အာဆင်နယ်က ပွဲကို အပြည့်အဝ ထိန်းချုပ်ထားမှာ သေချာသလောက်ရှိပါတယ်။ ထိပ်တန်းလိဂ်ရဲ့ အရှိန်အဟုန်ကို စတင်ရင်ဆိုင်ရမယ့် ကိုဗင်ထရီအတွက် ပွဲချိန်အပြည့် တောင့်ခံဖို့ ခက်ခဲမည်ဖြစ်ရာ အာဆင်နယ်က ရာသီအသစ်၏ ပထမဆုံး ၃ မှတ်ကို လှပစွာ သိမ်းပိုက်သွားဖွယ် ရှိနေပါတယ်။
#အာဆင်နယ်ကိုဗင်ထရီ
16/08/2026
Arsenal vs Man City
8:30 PM
ဒီညနေ ကာဒစ်ဖ် မြို့ရဲ့ Principality Stadium ထဲမှာ ပဲ့တင်ထပ်လာမယ့် ပွဲစဉ်ဟာ ရာသီသစ်ရဲ့ အစပြုခြင်းတစ်ခုတင် မကပါဘူး။ ဒါဟာ နှစ်ပေါင်း ၂၂ နှစ်ကြာ စောင့်ဆိုင်းခဲ့ရတဲ့ ပရီးမီးယားလိဂ်ကို မြှောက်ကိုင်အပြီး အာဆင်နယ် အတွက် ရာသီသစ်မှာ ရယူချင်တဲ့ ပထမဆုံး Trophy ခြေလှမ်းဖြစ်သလို၊ မန်စီးတီး ဘက်ကလည်း ပပ်ဂွာဒီယိုလာ မရှိတော့တဲ့နောက် အန်ဇိုမာရက်စကာရဲ့ နည်းဗျူဟာအောက်မှာ ခေတ်သစ်တစ်ခုကို စတင်တည်ဆောက်ပြရမယ့် စမ်းသပ်မှု ပွဲစဉ်တစ်ခုလည်း ဖြစ်ပါတယ်။
လတ်တလော Head-to-Head ရလဒ်တွေအရ ကြည့်ရင် မန်စီးတီးက နောက်ဆုံး ၅ ကြိမ်မှာ ၃ ကြိမ်အနိုင်ရထားပြီး စိတ်ပိုင်းအားသာချက်ရှိနေပါတယ်။ EFL Cup ဗိုလ်လုပွဲရော၊ လိဂ်ပွဲစဉ်တွေမှာပါ စီးတီးက အသာစီးယူခဲ့တာပါ။ ဒါပေမဲ့ တစ်ပွဲတည်းနဲ့ အဆုံးအဖြတ်ပေးရတဲ့ ပြိုင်ပွဲစင်မြင့်မှာတော့ ၂၀၂၃ က ပင်နယ်တီနဲ့ အနိုင်ရခဲ့ဖူးတဲ့ အာဆင်နယ်ရဲ့ အငွေ့အသက်က တည်ရှိနေဆဲ ဖြစ်ပါတယ်။
နှစ်သင်းစလုံးဟာ Preseason ကာလမို့ ပုံစံပြည့် မရသေးပါဘူး။ အာဆင်နယ်က Defensive Reinforcement အသစ်တွေကို ဆက်လက် ရှာဖွေနေဆဲဖြစ်သလို၊ စီးတီးကလည်း ရိုဒရီရဲ့ အနာဂတ်နဲ့ ရိုင်းဒါး ထွက်ခွာမယ့် အရေးကိစ္စတွေကြားမှာ စနစ်တစ်ခုကို ပြန်လည် တည်ဆောက်နေရတဲ့ အကူးအပြောင်း ကာလ ဖြစ်ပါတယ်။
အာတေတာရဲ့ အာဆင်နယ်ဟာ စနစ်ကျပြီးသား Core Squad ကို အခြေခံပြီး ဘရူနို ဂီမာရိုက်စ်၊ ခရစ္စတို ဇိုးလစ် နဲ့ ဗစ်တာ ယောကရက်စ် တို့လို စွမ်းအားမြင့်နဲ့ သွေးသစ်တွေကို ပေါင်းစပ်ဖို့ ပြင်ဆင်နေပါတယ်။
ရိုက်စ် ပါဖို့ မဖြစ်နျြင်သေးရင်တောင် အိုဒီဂတ်၊ ဂွီမာရက်ဇ် တို့ရဲ့ Midfield Axis ဟာ စီးတီးရဲ့ လစ်ဟာနေနိုင်တဲ့ ကွင်းလယ်ပြင်ကို စိစစ်စိုးမိုးဖို့ ကြိုးစားပါလိမ့်မယ်။ ရှေ့တန်းက High-Press စနစ်က စီးတီးရဲ့ Defense Line ကို ဖိအားပေးထားမှာဖြစ်ပြီး မော့စ်ကွဲယားရဲ့ ပါဝင်လာနိုင်ခြေကလည်း ခံစစ်အတွက် စိတ်ဝင်စားစရာ ဖြစ်လာပါလိမ့်မယ်။
မာရက်စ်ကာရဲ့ ခေတ်သစ်မန်စီးတီး တိုက်စစ်ဟာ ဂွာဒီယိုလာခေတ်ထက် ပိုမို Direct ဖြစ်တဲ့ counter-attack စနစ်ကို မြင်တွေ့ရနိုင်ပါတယ်။ ဒိုကူတို့ရဲ့ လျှင်မြန်မှုဟာ အာဆင်နယ် ခံစစ်လိုင်းကို ချက်ချင်း တုံ့ပြန်ထိုးနှက်နိုင်တဲ့ လက်နက်ဆန်းတွေ ဖြစ်ပါတယ်။ ရိုဒရီတို့ မသေချာသေးတာကြောင့် စီးတီး ကွင်းလယ်ရဲ့ Rhythm ဟာ မတည်ငြိမ်မှု အနည်းငယ် ရှိနေနိုင်ပါတယ်။
ဒီပွဲရဲ့ ရလဒ်ကို မိနစ် ၉၀ အတွင်း တိတိကျကျ ပိုင်းဖြတ်ဖို့ ခက်ခဲပါတယ်။ Preseason အမှားအယွင်းအချို့ကနေ ဂိုးတွေ ပေါ်ထွက်လာနိုင်ပြီး၊ မိနစ် ၉၀ အတွင်း 1-1 သို့မဟုတ် 2-2 ရလဒ်ဖြင့် ပြီးဆုံးကာ ပင်နယ်တီ အဆုံးအဖြတ်ထိ ရောက်ရှိသွားဖို့ ရာခိုင်နှုန်း အမြင့်မားဆုံး ဖြစ်ပါတယ်။
ပရိသတ်အရှိန်နဲ့ ရာသီသစ် Trophy ရယူချင်တယ့် Confidence ကို ထည့်တွက်ရင် အာဆင်နယ် ဘက်က အနည်းငယ် ပိုမို မျှော်လင့်ချက် ရှိနေပေမယ့် မန်စီးတီးရဲ့ တိုက်စစ်အဟုန်ကိုလည်း လျှော့တွက်လို့ ရမည်မဟုတ်ပါဘူး။ ဂိုးများဖို့ မျှော်လင့်လို့ရပါတယ်။
#အာဆင်နယ်မန်စီးတီး
#ကွန်မြူနတီဒိုင်း
08/08/2026
ကာရစ်၊ INEOS နဲ့ ယူနိုက်တက် ရှေ့ဆက်မယ့်လမ်း ...
အိုးထရက်ဖို့ဒ်ရဲ့ စင်္ကြံထက်မှာ မျှော်လင့်ချက်ဟောင်းတွေ ပြန်လည် အသက်ဝင်လာတာလား၊ ဒါမှမဟုတ် ပုံရိပ်ယောင် အိပ်မက်တစ်ခုကိုပဲ အရောင်တင်နေကြတာလားဆိုတာ မန်ချက်စတာယူနိုက်တက်ရဲ့ လက်ရှိ ခြေလှမ်းတွေကို ကြည့်ရင် အဖြေထုတ်ရ ခက်ခဲနေဆဲပါ။ ကလပ်ရဲ့ ကံကြမ္မာကို ပြန်လည်တည့်မတ်ဖို့ ကြိုးပမ်းနေတဲ့ INEOS အုပ်ချုပ်ရေးအဖွဲ့နဲ့ နည်းပြသစ် မိုက်ကယ်ကာရစ်တို့ရဲ့ ရာသီသစ် ပြင်ဆင်မှုတွေဟာ ပရိသတ်တွေကြားထဲမှာ ရင်ခုန်သံနဲ့အတူ သံသယတွေကိုပါ ပူးတွဲမွေးဖွားပေးနေပါတယ်။
စန်းပွင့်ခဲ့တဲ့ ကြားဖြတ်နည်းပြဘဝကနေ ၂၀၂၈ ( extension ပါရင် ၂၀၂၉) အထိ ရေရှည်စာချုပ် ချုပ်ဆိုနိုင်ခဲ့တဲ့ ကာရစ်ရဲ့ ဖြစ်တည်မှုဟာ သာမန် ပေါင်းကူးတံတား တစ်ခု မဟုတ်တော့တာတော့ သေချာပါတယ်။ INEOS ရဲ့ လာမယ့် ၂၀၂၈ ခုနှစ်၊ ကလပ် သက်တမ်း ၁၅၀ ပြည့် အထိမ်းအမှတ်မှာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို အရယူမယ်ဆိုတဲ့ မဟာဗျူဟာမြောက် ရည်မှန်းချက်နဲ့ ကာရစ်ရဲ့ စာချုပ်သက်တမ်း ကွက်တိကျနေတာက မန်ယူနိုက်တက် အနာဂတ်ရဲ့ ဗဟိုပြုရာဟာ ကာရစ်ပဲဖြစ်တယ်လို့ အခိုင်အမာ ညွှန်ပြနေတာပါ။ ဒါပေမဲ့ ဘောလုံးကမ္ဘာရဲ့ အမှန်တရားအရ ၂ နှစ်ဆိုတဲ့ အချိန်ကာလဟာ ရလဒ်မကောင်းရင် မျက်စိတစ်မှိတ်အတွင်း ပြောင်းလဲသွားနိုင်သလို၊ ဘိုရိုမှာ အတက်အကျများခဲ့တဲ့ ကာရစ်အတွက် ယူနိုက်တက်လို ဖိအားစက်ဝန်းထဲမှာ တောက်လျှောက် အောင်မြင်နေဖို့ဆိုတာ သက်သေပြစရာတွေ အများကြီး ကျန်နေပါသေးတယ်။
ရာသီသစ်အတွက် ခန်းမှန်းခြေ ပေါင် ၂၅၀ သန်းဝန်းကျင်အထိ သုံးစွဲဖို့ ပြင်ဆင်ခဲ့တဲ့ ဈေးကွက်လှုပ်ရှားမှုမှာတော့ INEOS တို့ တကယ်တမ်း အင်ဂျင်ကြီးမနှိုးနိုင်သေးတာကို တွေ့ရပါတယ်။ ကွင်းလယ်နဲ့ ဘယ်တောင်ပံကို အဓိက အားဖြည့်ဖို့ ကြိုးစားရာမှာ မာသီးယပ်စ် ဖာနန်ဒက်စ်ကို တော်တင်ဟမ်ဆီ လုယူခံလိုက်ရတာ၊ အတ္တလန်တာ က အီဒါဆင်ရဲ့ ဆေးစစ်ဆေးမှု ပျက်ပြယ်သွားတာတွေကြောင့် Plan A တွေ ပျက်စီးခဲ့ရတာပါ။ ဒါကြောင့်လည်း ချဲလ်ဆီးက အန်ဒရေ ဆန်းတို့စ် နဲ့ အက်စတွန်ဗီလာက ယူရီတိုင်လီမန်းစ် ကို အရခေါ်ယူကာ Plan B ဘက်ကို အရေးပေါ် ဦးလှည့်ခဲ့ရပါတယ်။
ဒီခေါ်ယူမှုနှစ်ခုဟာ မန်ယူနိုက်တက်ကွင်းလယ်ရဲ့ အဓိကလူဖြစ်ခဲ့တဲ့ ကက်စီမီရို ထွက်ခွာသွားမှုကို အပြည့်အဝ အစားထိုးနိုင်မလားဆိုတာ မေးခွန်းထုတ်စရာပါ။ ဆန်းတို့စ်ရဲ့ ခိုအောင်းနေတဲ့ စွမ်းရည်နဲ့ တိုင်လီမန်းစ်ရဲ့ line break ဖြတ်ကျော် ပေးပို့နိုင်မှုတွေက ကောင်းမွန်ပေမဲ့ ကက်စီမီရို ပေးစွမ်းခဲ့တဲ့ physical အသာစီးရယူနိုင်မှု နဲ့ ပွဲကို ထိန်းချုပ်နိုင်တဲ့ အတွေ့အကြုံမျိုးကို ၂၂ နှစ်အရွယ် ဆန်းတို့စ်ဆီကနေ ချက်ချင်းရဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ အထူးသဖြင့် အူဂါတေး ရဲ့ ဒဏ်ရာပြဿနာ၊ ခြေမမှန်မှုနဲ့အတူ ကွင်းလယ် လိုအပ်ချက်ကြောင့် ပရီးမီးယားလိဂ် မစတင်မီ ပိုမို ကြံ့ခိုင်တောင့်တင်းတဲ့ တတိယ ကွင်းလယ်လူတစ်ယောက်ကို ထပ်မံခေါ်ယူဖို့ ဖိအားတွေ ရှိနေဆဲ ဖြစ်ပါတယ်။
ဒီကြားထဲမှာ တောင်ပံ/နောက်ခံလူနေရာအတွက် နော်တင်ဟမ်ဖောရက်စ်ရဲ့ နီကို ဝီလီယံနဲ့ နယူးကာဆဲလ်ရဲ့ ဟောလ်ကို မျက်စိကျနေတာဟာ ဒါလော့ရဲ့ နေရာကို ခြိမ်းခြောက်လာနိုင်သလို၊ ဘာစီလိုနာက ဝယ်ယူခွင့်အသုံးမပြုခဲ့တဲ့ ရက်ရှ်ဖို့ဒ်ရဲ့ အနာဂတ်ကလည်း အသင်းရဲ့ လူအင်အားဖွဲ့စည်းပုံမှာ အရေးပါတဲ့ အပြောင်းအလဲတစ်ခု ဖြစ်လာနိုင်ပါတယ်။
အသင်းပိုင်ရှင်တွေရဲ့ ဆုဖလားတိုင်းအတွက် တိုက်ပွဲဝင်မယ်ဆိုတဲ့ ရဲဝံ့တဲ့ စကားလုံးတွေနဲ့ ဝိန်းရွန်နီ၊ ဆီလ်ဗက်စတာတို့လို ကစားသမားဟောင်းတွေနဲ့ ဝေဖန်သူတွေရဲ့ သုံးသပ်ချက်ကြားမှာ ကြီးမားတဲ့ ကွာဟချက်တစ်ခု ရှိနေပါတယ်။ အမှန်တကယ် လက်တွေ့ကျတဲ့ မျှော်လင့်ချက်က ပရီးမီးယားလိဂ် ချန်ပီယံစိန်ခေါ်မှုထက် Top 4 ပြန်ဝင်ဖို့နဲ့ ပြည်တွင်းဖလားတစ်လုံးရရှိရေးသာ ဖြစ်သင့်တယ်လို့ သုံးသပ်နေကြတာပါ။
ကွင်းပြင်ပမှာတော့ INEOS ရဲ့ ပုံရိပ်က ပိုမိုကြီးမားပါတယ်။ ပေါင် ၂ ဘီလီယံခန့် ကုန်ကျမယ့် ပရိသတ် ၁၀၀,၀၀၀ ဆံ့ Wembley of the North ကွင်းသစ်ကြီး တည်ဆောက်ဖို့ မြေ ဧက ၂၅ ဧကကို ဝယ်ယူပြီးဖြစ်သလို၊ ဘဏ္ဍာရေးအရလည်း ချန်ပီယံလိဂ်ဝင်ခွင့်နဲ့အတူ ဝင်ငွေ ပေါင်သန်း ၈၀၀ ကျော်ဖို့ မျှော်လင့်နေပါတယ်။ ဒါပေမဲ့ ပေါင် ၄၀၅.၇၅ သန်းခန့် ရှိနေသေးတဲ့ အပြောင်းအရွှေ့ကြွေးမြီတွေနဲ့ ဂလazer ခေတ်က အမွေဆိုးတွေက ဖိစီးနေဆဲပါ။
မန်ချက်စတာယူနိုက်တက်ဟာ ကွင်းတွင်းမှာ ကာရစ်ကို ဗဟိုပြုလို့ ၂၀၂၈ အရောက် ပြန်လည်ရုန်းထကြွဖို့ ကြိုးစားနေသလို၊ ကွင်းပြင်ပမှာလည်း ရေရှည်ဝင်ငွေရရှိမယ့် အခြေခံအဆောက်အအုံတွေကို ပြိုင်တူတည်ဆောက်နေတဲ့ Dual-track Approach လမ်းကြောင်းပေါ် လျှောက်လှမ်းနေတာ ဖြစ်ပါတယ်။ ဒါပေမဲ့ Plan B ကစားသမားတွေနဲ့ စတင်ရမယ့် ရာသီသစ်မှာ လက်တွေ့ကွင်းတွင်း ရလဒ်တွေကသာ ဒီ ရေရှည်စီမံကိန်းကြီး အမှန်တကယ် အသက်ဝင်မဝင်ဆိုတာကို ဆုံးဖြတ်ပေးသွားမှာ ဖြစ်ပါတယ်။
20/03/2026
ငွေပုံပေါ်မှာ အိပ်ပျော်နေတဲ့ ပရီးမီးယားလိဂ်.....
အီတီဟတ်ကွင်းမှာ မီးရှူးမီးပန်းတွေ၊ အလင်းရောင်တွေနဲ့ ခမ်းခမ်းနားနား စတင်ခဲ့တဲ့ ညချမ်းဟာ မန်ချက်စတာစီးတီးအသင်း ချန်ပီယံလိဂ်ကနေ ရီးရဲလ်မက်ဒရစ်ကို ရှုံးနိမ့်ပြီး ထွက်ခွာခဲ့ရတာနဲ့ အဆုံးသတ်သွားခဲ့ပါတယ်။ ဒါဟာ ၃ ရာသီဆက်တိုက် မက်ဒရစ်ကို ရှုံးနိမ့်ခဲ့တာဖြစ်ပြီး ဒီတစ်ကြိမ်မှာတော့ နှစ်ကျော့ပေါင်း ၅-၁ ဆိုတဲ့ ရလဒ်နဲ့ ဂုဏ်သိက္ခာကျဆင်းစွာ ရှုံးနိမ့်ခဲ့တာပါ။
တစ်ချိန်တည်းမှာပဲ လွန်ခဲ့တဲ့ ၄ နှစ်အတွင်း ကမ္ဘာ့ဘောလုံးလောကမှာ အသုံးစရိတ်အများဆုံးဖြစ်တဲ့ ချဲလ်ဆီးအသင်းဟာလည်း စတန်းဖို့ဒ်ဘရစ်ချ်ကွင်းမှာ ပီအက်စ်ဂျီ ကို နှစ်ကျော့ပေါင်း ၈-၂ နဲ့ အပြတ်အသတ်ရှုံးနိမ့်ခဲ့လို့ ပရိသတ်တွေရဲ့ လှောင်ပြောင်ခြင်းကို ခံခဲ့ရပါတယ်။
နောက်ထပ် နယူးကာဆဲလ် နဲ့ စပါးစ် တို့ဟာလဲ ဂိုးပြတ်တွေရှုံးနိမ့်ရပြန်ပါတယ်။ ဒီထဲမှာ ချဲလ်ဆီးကလွဲလို့ ကျန် ၃ သင်းလုံးဟာ စပိန်ထိပ်သီးကလပ်တွေကို အပြတ်အသတ် လက်မြှောက်ခဲ့ရတာပါ။ ဒါဟာ ဒီ ၄ သင်းအတွက်တင်မကပဲ တစ်ခုလုံးသော အင်္ဂလန်ပရီးမီးယားလိဂ်အတွက်ပါ ကြီးမားတဲ့ ရိုက်ခတ်မှုတစ်ခု ဖြစ်လာခဲ့ပါတယ်။ လက်ရှိမှာ အင်္ဂလန်ကလပ်တွေထဲက အာဆင်နယ် နဲ့ လီဗာပူးလ် ၂ သင်းသာ ကွာတားဖိုင်နယ်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။ ဒါတောင် အဝေးကွင်းပွဲစဉ်တွေမှာ အခက်အခဲ ကိုယ်စီတွေ့ခဲ့ကြပါသေးတယ်။
ပရီးမီးယားလိဂ်ဟာ ကမ္ဘာ့အချမ်းသာဆုံး ကလပ် ၁၀ သင်းထဲမှာ ၆ သင်းအထိ ပါဝင်နေပေမဲ့ ဥရောပစင်မြင့်မှာ ဘာကြောင့် ဒီလောက်အထိ ရုန်းကန်နေရတာလဲဆိုတာ မေးခွန်းထုတ်စရာပါ။
ပထမအချက်က ကစားဟန် ပြောင်းလဲမှုလို့ ဆိုရပါမယ်။ အရင်က ပရီးမီးယားလိဂ်ဟာ မြန်ဆန်ပြီး လွတ်လပ်တဲ့ ကစားကွက်ကို အားပြုခဲ့ပေမဲ့ လက်ရှိမှာတော့ ရုပ်ပိုင်းဆိုင်ရာ အသားပေးပြီး ကစားတဲ့ (Abrasive Style) ဘက်ကို ပိုရောက်သွားပါတယ်။ ဒါဟာ ပြည်တွင်းမှာ အလုပ်ဖြစ်ပေမဲ့ ဥရောပရဲ့ နည်းစနစ်ကြွယ်ဝတဲ့ အသင်းတွေရှေ့မှာတော့ အားနည်းချက် ဖြစ်သွားပါတယ်။
နောက်ထပ် အဓိကအချက်က ပွဲပန်းမှုဒဏ်ပါ။ လီဗာပူးလ်နည်းပြ အာနေး စလော့ ထောက်ပြသလိုပဲ၊ အင်္ဂလန်မှာ ဆောင်းရာသီနားရက် မရှိတာက ကစားသမားတွေကို နွေဦးကာလမှာ အားကုန်သွားစေပါတယ်။ ကျန်တဲ့ အသေးစိတ်အချက်လေးတွေလဲ ရှိနေပါသေးတယ်။ ဥပမာ ထိပ်သီးအသင်းတွေရဲ့ အပြောင်းအလဲကာလ ဖြစ်နေခြင်းပါ။ မန်စီးတီးနဲ့ လီဗာပူးလ်တို့ဟာ အသင်းကို အကြီးစား ပြန်လည်တည်ဆောက်နေရတဲ့ ကာလ (Rebuild) ဖြစ်နေသလို၊ ချဲလ်ဆီးကတော့ ငွေတွေဘယ်လောက်သုံးသုံး လူစုံမရသေးတဲ့ အခြေအနေမှာ ရှိနေပါတယ်။ ဒါကိုလဲ ထည့်စဉ်းစားရပါမယ်။
အင်္ဂလန်ရဲ့ ခံစစ်အကောင်းဆုံးတွေထဲကလို့ ဆိုရမယ့် စီးတီးနဲ့ ချဲလ်ဆီးတို့ဟာ နှစ်ကျော့ပေါင်းမှာ ၁၃ ဂိုးအထိ ခွင့်ပြုခဲ့ရတာဟာ ထိတ်လန့်စရာပါ။ ဗီနီစီးယပ်စ်၊ ယာမဲလ် နဲ့ ကွာဗရာစခီလီယာ အစရှိသဖြင့် သူတို့လို တီထွင်ဖန်တီးမှု ကောင်းတဲ့ ကစားသမားတွေကို အင်္ဂလန်ကလပ်နောက်တန်းတွေ မထိန်းချုပ်နိုင်ခဲ့ပါဘူး။
ပရီးမီးယားလိဂ်ဟာ ဒီရာသီမှာ Set-piece တွေကနေ ဂိုးရဖို့ကိုပဲ အဓိကထားလာပြီး၊ ပါရမီရှင် ကစားသမားတွေရဲ့ တစ်ဦးချင်းစွမ်းဆောင်ရည်နဲ့ ဖန်တီးမှုတွေ ပျောက်ဆုံးနေတာကလည်း ဥရောပထိပ်သီးတွေနဲ့ ကွာဟသွားစေတဲ့ အချက်တစ်ချက် ဖြစ်ပါတယ်။
ကမ္ဘာ့အသုံးစရိတ်အများဆုံး ၁၃ သင်းထဲမှာ ၁၁ သင်းက အင်္ဂလန်ကလပ်တွေ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီထဲက စပါးစ်၊ နော့တင်ဟမ်ဖောရက်စ်နဲ့ ဝက်စ်ဟမ်းတို့ဟာ ပြည်တွင်းလိဂ်မှာ တန်းဆင်းဇုန်ထဲ ရောက်နေပါတယ်။ ဒါဟာ ပိုက်ဆံရှိတိုင်း အောင်မြင်တာမဟုတ်ဘူး ဆိုတာကို ပြသနေတဲ့ သာဓကပါပဲ။
လက်ရှိမှာ အာဆင်နယ်တစ်သင်းတည်းသာ ဥရောပမှာ အကောင်းဆုံးတွေထဲက တစ်သင်းလို့ ခေါ်ဝေါ်ခံရဖို့ နီးစပ်နေပြီး ကျန်တဲ့အသင်းတွေကတော့ ဥရောပရဲ့ ထိပ်တန်းအဆင့် (Elite Level) ကနေ ကွာဟနေဆဲ ဖြစ်ပါတယ်။ ဂွာဒီယိုလာက သူ့အသင်းကို ချီးကျူးခဲ့ပေမဲ့ မန်စီးတီးဟာ အရင်ကလို ဥရောပမှာ အကောင်းဆုံးအသင်းလို့ ပြောနိုင်တဲ့အခြေအနေကနေ အလှမ်းဝေးသွားပါပြီ။ ချဲလ်ဆီးဆိုရင် ပိုဆိုးပါတယ်။ ဂျိုးကိုးလ် ပြောသလိုပဲ "ချဲလ်ဆီးဟာ ဥရောပအဆင့်နဲ့ ယှဉ်ရင် မိုင်ပေါင်းများစွာ ဝေးကွာနေဆဲ" ပါပဲ။
အင်္ဂလန်ကလပ်တွေဟာ ငွေကြေးအင်အား၊ မီဒီယာ၊ ရုပ်သံပြကွက်တွေနဲ့ ပြည်တွင်းပြိုင်ဆိုင်မှု ပြင်းထန်စွာ ကမ္ဘာ့ဘောလုံးလောကကို လွှမ်းမိုးထားနိုင်ပေမဲ့၊ ဥရောပ ချန်ပီယံလိဂ်အဆင့်ရဲ့ လက်တွေ့ရလဒ်တွေမှာတော့ ထိပ်သီးတွေဖြစ်တဲ့ ဘာစီလိုနာ၊ ရီးရဲလ်မက်ဒရစ်၊ ပီအက်စ်ဂျီ နဲ့ ဘိုင်ယန်မြူးနစ်တို့ရဲ့ နောက်မှာ ကျန်ရစ်ခဲ့ပါပြီ။ အခုအချိန်ဟာ အင်္ဂလန်ကလပ်တွေအနေနဲ့ သူတို့ရဲ့ ကစားဟန်နဲ့ စီမံခန့်ခွဲမှုပုံစံတွေကို ပြန်လည်သုံးသပ်ရမယ့် အချိန်ပဲ ဖြစ်ပါတယ်။
အချုပ်အားဖြင့်ဆိုရရင် ပရီးမီးယားလိဂ်ဟာ ငွေကြေးအင်အား အတောင့်တင်းဆုံး ဖြစ်နေပေမဲ့၊ ငွေကြေးတစ်ခုတည်းကို ဦးတည်ပြီး ပြုပြင်ပြောင်းလဲမှုမရှိပဲ ယခုလိုနည်းဥပဒေသတွေနဲ့သာ ဆက်သွားနေရင် ချန်ပီယံလိဂ်မှာ ရေရှည်ပြန်ပြီးလွှမ်းမိုးနိုင်ဖို့ကတော့ ရွှေပြည်တော် မျှော်တိုင်းဝေးကာ ဥရောပညချမ်းတွေဟာ နောက်ရာသီတွေမှာလဲ ခါးသီးလွန်းနေဦးမှာပဲ ဖြစ်ပါတော့တယ်။
(Aကေဇင်)