02/05/2026
လက်ရှိမှာ ဘရူနိုဟာ ပရီးမီးယားလိဂ် တစ်ရာသီအတွင်း ဂိုးဖန်တီးမှု ၁၉ ကြိမ်အထိ ပြုလုပ်ထားနိုင်ပြီ ဖြစ်တာကြောင့် သီအာရီအွန်နရီနဲ့ ကီဗင်ဒီဘရိုင်းတို့ ပူးတွဲတင်ရှိထားတဲ့ ၂၀ ကြိမ်ဆိုတဲ့ စံချိန်ကြီးကို လိုက်မီဖို့ တစ်ကြိမ်တည်းပဲ လိုတော့တာပါ ။ အကယ်လို့ သူက နောက်ထပ် ၂ ကြိမ် ဖန်တီးပေးနိုင်ခဲ့ရင်တော့ ပရီးမီးယားလိဂ် သမိုင်းမှာ ဂိုးဖန်တီးမှု အများဆုံး ကစားသမားအဖြစ် တစ်ဦးတည်း စံချိန်တင်နိုင်တော့မှာ ဖြစ်ပါတယ် ။
အံ့ဩဖို့ကောင်းတာက ဘရူနိုဟာ ဒီရာသီ အစောပိုင်း ပွဲစဉ် ၇ ပွဲမှာ ဂိုးဖန်တီးမှု တစ်ကြိမ်မှ မလုပ်နိုင်ခဲ့ဘဲ အောက်တိုဘာ ၁၉ ရက်နေ့ လီဗာပူးလ်နဲ့ အဝေးကွင်းပွဲစဉ်မှာမှ သူ့ရဲ့ ပထမဆုံး ဂိုးဖန်တီးပေးမှု ကို စတင်ခဲ့တာပါ ။ ဒါပေမယ့် အဲ့ဒီနောက်ပိုင်း ကစားခဲ့တဲ့ ၂၄ ပွဲအတွင်းမှာတင် ၁၉ ကြိမ်အထိ ဖန်တီးပေးနိုင်ခဲ့တာဖြစ်ပြီး ဒါဟာ ပျမ်းမျှတစ်ပွဲကို ၀.၇၉ ကြိမ်အထိ ရှိနေတဲ့ မယုံနိုင်စရာ ခြေစွမ်းမျိုးပါပဲ ။
ဒါတင်မကသေးပါဘူး ဘရူနိုဟာ စတီဗင်ဂျရတ် တင်ထားတဲ့ တစ်ရာသီအတွင်း ပြစ်ဒဏ်ဘောတွေကနေ ဂိုးဖန်တီးမှု ၁၁ ကြိမ်ဆိုတဲ့ စံချိန်ကိုလည်း ချိုးဖျက်ဖို့ နီးစပ်နေပါတယ် ။ လက်ရှိမှာ သူက ၁၀ ကြိမ်အထိ လုပ်ထားနိုင်ပြီ ဖြစ်ပြီး နောက်ထပ် တစ်ကြိမ်ဆိုရင် ဂျရတ်ရဲ့ စံချိန်ကို လိုက်မီမှာပါ ။
ဘရူနိုရဲ့ ယူနိုက်တက် ကစားသမားဘဝ စွမ်းဆောင်ရည်ကို ကြည့်မယ်ဆိုရင်လည်း သူဟာ အသင်းအတွက် ၃၃၃ ပွဲ ကစားပေးထားပြီး ဂိုး ၁၀၆ ဂိုးအထိ သွင်းထားသလို ဂိုးဖန်တီးမှုမှာလည်း ၁၀၀ ကျော် လုပ်ထားနိုင်တဲ့ ရှားရှားပါးပါး သွင်းဂိုးလည်း တစ်ရာကျော် ၊ ဂိုးဖန်တီးပေးမှုလည်း တစ်ရာကျော်တဲ့ ကစားသမားတစ်ဦး ဖြစ်နေပါပြီ ။ သူဟာ အရင်က ဖရန့်လမ်းပတ် တင်ထားတဲ့ ကွင်းလယ်လူတစ်ဦး တစ်ရာသီအတွင်း အများဆုံး သွင်းဂိုး (၂၇ ဂိုး) စံချိန်ကိုလည်း ၂၈ ဂိုးနဲ့ ချိုးဖျက်ခဲ့ဖူးသူပါ ။
ဒီရာသီမှာဆိုရင်လည်း အခွင့်အရေး ဖန်တီးပေးနိုင်မှုမှာ ၁၁၄ ကြိမ်အထိ ရှိနေပြီး ဒုတိယနေရာက ကစားသမားတွေထက် အပြတ်အသတ် သာလွန်နေတာကို တွေ့ရမှာပါ ။ ဒီလို တောက်လျှောက် ခြေစွမ်းပြနေတာကြောင့်လည်း ဒီနှစ်အတွက် PFA တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု ရရှိဖို့ အလားအလာ အကောင်းဆုံးသူအဖြစ် ထိပ်ဆုံးက ပြေးနေတာ ဖြစ်ပါတယ် ။
Robin Moe
22/04/2026
ဘရိုက်တန်နဲ့ ချဲလ်ဆီးတို့ရဲ့ ပွဲစဉ်မှာ ဝါရင့်တိုက်စစ်မှူး ဒန်နီ ဝဲလ်ဘတ်က ချဲလ်ဆီးအသင်းဘက်ကို ဂိုးသွင်းယူပြီးတဲ့နောက် ခရစ်စတီယာနို ရော်နယ်ဒိုရဲ့ နာမည်ကျော် SIUUU အောင်ပွဲခံဟန်နဲ့ အောင်ပွဲခံသွားခဲ့ပါတယ်။ ဒါဟာ ရော်နယ်ဒိုရဲ့ ဘောလုံးလောကအပေါ် လွှမ်းမိုးမှုကို ပြသနေတာလည်း ဖြစ်ပါတယ်။
ဝဲလ်ဘတ်ဟာ ဂိုးသွင်းယူအပြီးမှာ ကွင်းဘေးကို ပြေးသွားပြီး လေထဲကို ခုန်တက်၊ ကိုယ်ကို လှည့်ပြီး လက်နှစ်ဖက်ကို ဘေးကို ဆန့်တန်းလိုက်တဲ့ SIUUU အောင်ပွဲခံမှုကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒီဂိုးဟာ ဝဲလ်ဘတ်အတွက် စံချိန်တင်သွင်းဂိုးဖြစ်တာကြောင့် အခုလိုရော်နယ်ဒိုရဲ့ အောင်ပွဲခံဟန်နဲ့ အားရပါးရ အောင်ပွဲခံခဲ့တာမျိုးလည်းဖြစ်ပါတယ်။
ဝဲလ်ဘတ်က ဘာလို့ ရော်နယ်ဒိုရဲ့ အောင်ပွဲခံဟန်ကို သုံးခဲ့တာလဲဆိုတာကို နားလည်ဖို့ဆိုရင် သူတို့နှစ်ယောက်ရဲ့ ယူနိုက်တက်က အတိတ်ကို ပြန်ကြည့်ဖို့ လိုပါတယ် ။ ဝဲလ်ဘတ်ဟာ ယူနိုက်တက် လူငယ်အကယ်ဒမီကနေ တက်လာတဲ့ ကစားသမားတစ်ယောက်ဖြစ်ပြီး သူ ပထမအသင်းကြီးကို စရောက်တဲ့ ၂၀၀၈ ခုနှစ်ဝန်းကျင်မှာ ရော်နယ်ဒိုဟာ အထွတ်အထိပ် ရောက်နေတဲ့ အချိန်ပါ ။ ဝဲလ်ဘတ်ကိုယ်တိုင် ပြောပြချက်အရ သူ အသင်းကြီးရဲ့ ဝတ်လဲခန်းထဲကို ပထမဆုံး စဝင်ချိန်မှာ သူ့ရဲ့ နေရာဟာ ရိုင်ယန်ဂစ်နဲ့ ရော်နယ်ဒိုတို့ ကြားမှာ ဖြစ်နေခဲ့တာပါ ။ အသက် ၁၇ နှစ်အရွယ် လူငယ်လေးတစ်ယောက်အတွက်တော့ ဒါဟာ တကယ့်ကို အိပ်မက်ဆန်တဲ့ အခိုက်အတန့်ဖြစ်သလို၊ ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေကို အနီးကပ် လေ့လာခွင့်ရခဲ့တာလည်း ဖြစ်ပါတယ် ။
ဝဲလ်ဘတ်ဟာ ရော်နယ်ဒိုရဲ့ လေ့ကျင့်ရေးကွင်းက ကြိုးစားအားထုတ်မှုတွေ၊ ပွဲအတွက် ပြင်ဆင်မှုတွေကို အနီးကပ် မြင်တွေ့ခဲ့ရသူပါ ။ ဒီလို လွှမ်းမိုးမှုတွေကြောင့်ပဲ ဝဲလ်ဘတ်ဟာ ရော်နယ်ဒိုကို သူတွဲကစားခဲ့ဖူးသမျှ ကစားသမားတွေထဲမှာ အကောင်းဆုံး ကစားသမားတစ်ယောက်အဖြစ် သတ်မှတ်ထားတာ ဖြစ်ပါတယ် ။ ဒါကြောင့် ချဲလ်ဆီးကို ဂိုးသွင်းပြီးနောက် ရော်နယ်ဒိုဟန်နဲ့ အောင်ပွဲခံလိုက်တာဟာ အမှတ်တရတစ်ခုထက် ပိုတဲ့၊ သူ့ရဲ့ စံပြပုဂ္ဂိုလ်ကို ဂုဏ်ပြုလိုက်တာမျိုးလို့ မြင်နိုင်ပါတယ် ။ ရော်နယ်ဒိုဟာ ဒီအောင်ပွဲခံဟန်ကို ၂၀၁၃ ခုနှစ်က ချဲလ်ဆီးနဲ့ပွဲမှာ စတင်ပြုလုပ်ခဲ့တာပါ။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ဝဲလ်ဘတ်ကလည်း ချဲလ်ဆိးကို ဂိုးသွင်းပြီး ဒီလိုအောင်ပွဲခံခဲ့တာလည်း ဖြစ်ပါတယ်။
Robin Moe
22/04/2026
ချဲလ်ဆီးအသင်းရဲ့ ပရိသတ်တွေအတွက်တော့ အခုအချိန်ဟာ တကယ့်ကို အိပ်မက်ဆိုးတစ်ခုလို ဖြစ်နေမှာပါ။ နောက်ဆုံးကစားခဲ့တဲ့ ၉ ပွဲမှာ ၁ ပွဲတည်းသာ နိုင်ပြီး ပရီးမီးယားလိဂ်ပွဲစဉ် ၅ ပွဲဆက်တိုက် ဂိုးတစ်ဂိုးမှ မသွင်းနိုင်ဘဲ အခြေအနေဆိုးနေတာဖြစ်ပါတယ်။ ချဲလ်ဆီးရဲ့ အဓိကပြဿနာက ဂိုးမသွင်းနိုင်တာပါ။ ဒါပေမယ့် အခွင့်အရေး မရတာတော့ မဟုတ်ပါဘူး။ နောက်ဆုံး ၄ ပွဲမှာတင် ဂိုးပေါက်ကန်သွင်းခွင့် ၆၇ ကြိမ်အထိ ရခဲ့ပေမယ့် တစ်ဂိုးမှ မရခဲ့တာပါ ။ ဒီလို ပရီးမီးယားလိဂ်မှာ ဂိုးမရတာ မိနစ် ၃၀၀ ကျော်သွားပြီဖြစ်ပြီး ဒါဟာ တိုက်စစ်ပိုင်းမှာ ယုံကြည်မှု လုံးဝပျောက်ဆုံးနေတာကို ပြနေတာပါ ။
နည်းပြ လီယမ်ရိုဆေးညာဟာ ၂၀၂၆ ဇန်နဝါရီမှာမှ ရောက်လာတာဖြစ်ပြီး ၂၀၃၂ အထိ ၈ နှစ်စာချုပ် ချုပ်ထားတာပါ ။ ဒါပေမယ့် သူ့ရဲ့ နည်းစနစ်တွေက အသင်းနဲ့ အံမဝင်သေးတာကို တွေ့ရပါတယ်။ အထူးသဖြင့် နောက်ဆုံးကစားခဲ့တဲ့ ဘရိုက်တန်နဲ့ပွဲမှာ သူဟာ ၃-၅-၂ ကစားကွက်ကို မထင်မှတ်ဘဲ ပြောင်းသုံးခဲ့ပေမယ့် ၃ ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့ရပါတယ် ။ ပွဲအပြီးမှာ ရိုဆေးညာက သူကိုယ်တိုင်လည်း တော်တော်လေး စိတ်ပျက်ပြီး ထုံကျင်နေပြီ လို့ ပြောခဲ့သလို၊ ဒါဟာ သူ့ဘဝမှာ အခက်ခဲဆုံး ညပါပဲလို့ ဝန်ခံခဲ့ရပါတယ် ။ အသင်းရဲ့ အားအကိုးရဆုံးဖြစ်တဲ့ ကိုးလ်ပါးလ်မား ၊ ဂျာအိုပက်ဒရို နဲ့ အက်စတီဗာအို တို့ဟာ ဒဏ်ရာတွေကြောင့် ပွဲမကစားနိုင်တာဟာ အသင်းအတွက် အကြီးမားဆုံး ထိုးနှက်ချက်ပါပဲ ။ ထူးထူးခြားခြား ဖြစ်ရပ်တစ်ခုကတော့ ဘရိုက်တန်နဲ့ပွဲမတိုင်ခင်မှာ မာ့ခ်ကူကူရဲလားရဲ့ ဆံပင်ညှပ်ဆရာက အဆိုပါ အဓိကကစားသမားတွေ ဒဏ်ရာရနေတဲ့အကြောင်း ဆိုရှယ်မီဒီယာမှာ တင်ပစ်ခဲ့တာပါ။ ဒါဟာ အသင်းရဲ့ စည်းကမ်းပိုင်းနဲ့ လုံခြုံရေး ဘယ်လောက်အထိ အားနည်းနေသလဲဆိုတာကို ပြနေတာပါ ။
ကစားသမားတွေကြားမှာလည်း စိတ်ဓာတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ရှိနေပါတယ်။ မန်ယူနဲ့ပွဲမှာ ဝက်စလေဖိုဖာနာဟာ လူစားလဲခံရချိန်မှာ နည်းပြကို လျစ်လျူရှုပြီး ဒေါသတကြီး ထွက်သွားခဲ့တဲ့ အဖြစ်အပျက်မျိုး ရှိခဲ့ပါတယ် ။ နည်းပြကိုယ်တိုင်ကလည်း ဘရိုက်တန်နဲ့ပွဲအပြီးမှာ "ကစားသမားတွေမှာ စိတ်ဓာတ်ပိုင်းနဲ့ ကြိုးစားလိုစိတ် လုံးဝ မရှိတော့ဘူး" လို့ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ် ။ ရလဒ်တွေ ဆိုးရွားလွန်းလို့ ပရိသတ်တွေဟာ နည်းပြ ရိုဆေးညာကို ကွင်းထဲမှာ အော်ဟစ် ဆဲဆိုခဲ့ကြပါတယ် ။ ဒါ့အပြင် အသင်းပိုင်ရှင် BlueCo တို့ရဲ့ စီမံခန့်ခွဲမှုအပေါ်မှာလည်း အကြီးအကျယ် ဆန္ဒပြနေကြပြီး၊ ဒီဆန္ဒပြမှုကို အသင်းရဲ့ ဂန္ထဝင် ဒရော့ဂ်ဘာကတောင် ဆိုရှယ်မီဒီယာမှာ သွယ်ဝိုက်ပြီး ထောက်ခံပေးထားတာ တွေ့ရပါတယ် ။
လက်ရှိမှာ ချဲလ်ဆီးဟာ အဆင့် ၆ နေရာကို ဆင်းပေးလိုက်ရပြီဖြစ်ပြီး လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် ရဖို့ဆိုတာ တော်တော်လေး ခက်ခဲသွားပါပြီ ။ အခုအချိန်မှာ အသင်းအတွက် နောက်ဆုံးမျှော်လင့်ချက်ကတော့ လာမယ့် တနင်္ဂနွေနေ့မှာ လိဒ်စ်ယူနိုက်တက်နဲ့ ကစားရမယ့် အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပါပဲ ။ အဲ့ဒီပွဲမှာပါ ထပ်ပြီး ရှုံးဦးမယ်ဆိုရင်တော့ နည်းပြ ရိုဆေးညာရဲ့ အနာဂတ်ဟာ စိုးရိမ်စရာ အကောင်းဆုံး အခြေအနေကို ရောက်သွားနိုင်ပါတယ် ။
ရော်ဘင်မိုး
13/04/2026
မန်စီးတီးက ချဲလ်ဆီးက ၃ ဂိုးပြတ်နဲ့ အနိုင်ရနေချိန်မှာ မန်စီးတီးပရိသတ်တစ်ဦးဟာ အာဆင်နယ် တံဆိပ်ပါတဲ့ ရေဗူးကို ထုတ်ပြီး သောက်ပြခဲ့ပါတယ် ။ ဒီအမူအရာဟာ အာဆင်နယ်အသင်းရဲ့ Bottling လို့ ခေါ်တဲ့ ဖလားရခါနီးမှ လက်လွတ်သွားတတ်တဲ့ အစဉ်အလာကို လှောင်ပြောင်တာ ဖြစ်သလို အာဆင်နယ်ပရိသတ်တွေရဲ့ စိတ်ဓာတ်ကို ထိုးနှက်လိုက်တာလည်း ဖြစ်ပါတယ်။
မန်စီးတီး ပရိသတ်တွေက "Are you watching, Arsenal?" အာဆင်နယ် မင်းတို့ကြည့်နေတယ်မဟုတ်လား ဆိုပြီးတော့လည်း တစ်ကွင်းလုံး ဟိန်းနေအောင် အော်ဟစ်ခဲ့ကြပါတယ်။
မန်စီးတီးဘက်မှာတော့ အသင်းက ကစားသမားတွေကလည်း ယုံကြည်မှုအပြည့်၊ ပရိသတ်တွေကလည်း စိတ်ဓာတ်ခွန်အားအပြည့်နဲ့ဖြစ်နေတာပါ။ အာဆင်နယ်တို့ ဒီလှောင်ပြောင်ခံရမှုတွေကို ခွန်အားအဖြည့်ပြောင်းလဲနိုင်မလား ?
11/04/2026
အောင်မြင်ရင် လေးစားစရာ၊ မအောင်မြင်ရင် လူဟားစရာ
လူတွေရဲ့ အမြင်နဲ့ ကိုယ့်အပေါ် ဆုံးဖြတ်ချက်က ရလဒ်အပေါ် အများကြီးမူတည်နေပါတယ်။ ရှင်းရှင်းပြောရရင် လူတစ်ယောက်က စွန့်စားမှုတစ်ခု လုပ်နေတဲ့အချိန် သူများနဲ့မတူတဲ့ လမ်းကြောင်းအသစ်ကို သွားနေတယ်ဆိုပါစို့။ အဲ့မှာ နှစ်မျိုးပဲ ရှိနိုင်ပါတယ် ။ မအောင်မြင်ရင် ဟားမယ်၊ အောင်မြင်ရင် လေးစားအားကျ အတုယူမယ်ဆိုတာပါပဲ။
အကယ်၍ အဲ့ဒီအလုပ်က မအောင်မြင်ဘဲ ရှုံးနိမ့်သွားခဲ့ရင် ပတ်ဝန်းကျင်က မဖြစ်နိုင်တာတွေ လျှောက်လုပ်တာကိုး ၊ ဦးနှောက်မှမရှိတာ ဆိုပြီး လှောင်ပြောင်တာ၊ ရယ်စရာလုပ်တာမျိုး ခံရတတ်ပါတယ်။ ကိုယ့်ရဲ့ ကြိုးစားမှုတွေက အဓိပ္ပာယ်မရှိတဲ့ လုပ်ရပ်တွေအဖြစ် အဖတ်တင်သွားတာကို ဆိုလိုတာပါ။
ဒါပေမဲ့ အဲ့ဒီနည်းလမ်းအတိုင်းပဲ လုပ်လို့ အောင်မြင်သွားတဲ့အခါကျတော့ အရင်က လှောင်ခဲ့တဲ့သူတွေကပဲ ဘလူးပရင့်အဖြစ် အားကျအတုယူစရာ၊ သင်ခန်းစာယူစရာအဖြစ် သတ်မှတ်လိုက်ကြပြန်ရော။
အာတီတာကိုကြည့်ရင် အတုယူစရာတွေ အများကြီးရှိပါတယ်။ သူဟာ စလုံးကနေ စနိုင်သူ၊ အစိတ်စိတ်ပြိုကွဲနေရာကနေ တစုတစည်းထဲ ဖြစ်လာအောင် ပြုလုပ်နိုင်သူ၊ အဖန်တလဲလဲအရှုံးကနေ ထပ်ခါတလဲလဲ အောင်မြင်အောင် ကြိုးစားနေသူဖြစ်ပါတယ်။ အောင်မြင်ဖို့ဆိုတာ ခက်သလို၊ အကြိမ်ကြိမ် မအောင်မြင်တာကို စိတ်မပျက်ပဲနေဖို့ကလည်း အင်မတန်ခက်ပါတယ်။
သူက အမြဲတမ်း တီထွင်ကြံဆ နည်းလမ်းရဆိုသလို အကွက်ဆန်းဆန်းလေးတွေ အောင်မြင်မှုအတွက် အကူအညီဖြစ်မယ့်အရာတွေ တစ်ခုပြီး တစ်ခုလုပ်နေတာပါ။ အခုလည်း ပရီးမီးယားလိဂ်ချန်ပီယံကြီးဖြစ်ဖို့အတွက် အကွက်သစ်တွေ ထုတ်သုံးလာခဲ့ပြန်ပြီ ဖြစ်ပါတယ်။
အာတီတာဟာ လေ့ကျင့်ရေးကွင်းရဲ့ အပြင်ဘက်မှာ Screen အကြီးကြီးတစ်ခုကို တပ်ဆင်ခဲ့ပါတယ် ။ ဒီ Screen ပေါ်မှာ ဒီရာသီအတွင်း အာဆင်နယ် ကစားသမားတွေ ကျူးလွန်ခဲ့တဲ့ အမှားပေါင်း ၁၀၀ ကျော်ပါဝင်တဲ့ ဗီဒီယိုကလစ်တွေကို ပြသခဲ့ပါတယ် ။ အဲ့ထဲ ဂိုးပေးလိုက်ရတဲ့ အခိုက်အတန့်တွေ၊ ဘောလုံးအဆုံးရှုံးခံရတာတွေနဲ့ ပြိုင်ဘက်ကို ဂိုးပေးခါရနီးအထိ အခွင့်အရေးပေးလိုက်ရတဲ့ အခြေအနေတွေ အကုန်ပါဝင်ပါတယ် ။ ကစားသမားတွေနဲ့ ဘာလို့မှားတာလဲ ဘာကြောင့်မှားတာလဲ မမှားအောင် ဘာလုပ်ရမလဲဆိုတာတွေကို ဆွေးနွေးခဲ့ကြပါတယ်။
ရည်ရွယ်ချက်က ကစားသမားတွေကို အမှား သတိပြုစေဖို့နဲ့ ထပ်မမှားစေဖို့ပါ ။ ဒါက အပြစ်တင်တာမဟုတ်ပဲ တစ်ဦးရဲ့အမှားကို တစ်ဦး ဖာထေးပေးနိုင်ဖို့ အသင်းလိုက်လုပ်ဆောင်မှုတိုးတက်ဖို့လည်း ပါပါတယ်။ ပရီးမီးယားလိဂ် ၇ ပွဲပဲကျန်တော့တယ်။ မန်စီးတီးက နောက်ကလိုက်နေတယ် အာဆင်နယ်အတွက် အမှားခံလို့မရတော့ပါဘူး။ ဒါကြောင့်လည်း အာတီတာက တော်တော်လေးကို ကြံကြံဖန်ဖန် စိတ်ပူပြီး ထပ်ခါတလဲလဲ ကြိုတင်ပြင်ဆင်မှုတွေ လုပ်နေတာဖြစ်ပါတယ်။
စပို့တင်းနဲ့ပွဲမတိုင်ခင်တုန်းကလည်း ဗီဒီယိုတစ်ခု viral ဖြစ်သွားပါသေးတယ်။ အာဆင်နယ် ကစားသမားတွေ လက်ချောင်းတွေကြား ဘောပင်ကို ထိန်းရင်း ဘောလုံးကစားကြတာပါ။ ကစားသမား လေးဦး တစ်ဖွဲ့စီ ခွဲထားပြီး တစ်ဦးနဲ့တစ်ဦး ဖက်ထားကာ ခေါင်းတွေကြားမှာ ဘောလုံးတစ်လုံးကို ထိန်းထားရပါတယ် ။ တစ်ချိန်တည်းမှာပဲ လက်ချောင်းထိပ်တွေကြားမှာ ဘောပင်တွေကို မပြုတ်ကျအောင် ထိန်းထားရင်း ကွင်းတစ်ဝက်အထိ ပြေးရတာဖြစ်ပါတယ် ။
အာတီတာ ဒီလိုလုပ်တာတွေက အထူးအဆန်းတော့လည်းမဟုတ်ပါဘူး။ မနှစ်ကလည်း အသင်းသားတွေကို ဒင်နာဖိတ်ကျွေးပြီး စားပွဲထိုးအဖြစ် ဟန်ဆောင်ထားတဲ့ ပရော်ဖက်ရှင်နယ် ခါးပိုက်နှိုက်တွေနဲ့ ကစားသမားတွေရဲ့ ပိုက်ဆံအိတ်၊ ဖုန်းနဲ့ သော့တွေကို ခိုးယူခိုင်းခဲ့ပါတယ် ။ ဒါဟာ ကစားသမားတွေအနေနဲ့ ဘယ်အချိန်မှာမဆို ပတ်ဝန်းကျင်ကို သတိရှိရှိ စောင့်ကြည့်နေဖို့ သင်ခန်းစာပေးခဲ့တာ ဖြစ်ပါတယ် ။
လီဗာပူးလ်နဲ့ မကန်ခင် အန်ဖီးလ်ဖိအားကို ခံနိုင်အောင် လေ့ကျင့်ရေးကွင်းမှာ "You'll Never Walk Alone" သီချင်းကို ဖွင့်ကစားတာ၊ ကစားသမားတွေကြား stress ကိုလျော့နိုင်ဖို့နဲ့ အသင်းပတ်ဝန်းကျင်အနေအထားကောင်းဖို့ Win လို့ခေါ်တဲ့ Labrador ခွေးလေး မွေးထားတာ၊ မီးသီးမီးလင်းခြင်းနဲ့ လျှပ်စစ်စွမ်းအင်အကြောင်းရှင်းပြတာ၊ အိုအစုံပါပဲ။ အာတီတာ အများကြီး အများကြီး လုပ်ဖူးပါတယ်။
အာတီတာက လက်ရှိမှာတော့ ဖလားအောင်မြင်မှု ရေရေရာရာမရသေးပါဘူး။ ဒီတော့ သူ့လုပ်ရပ်တွေက လူဟားစရာတွေဖြစ်နေနိုင်ပါတယ်။ ဒါပေမယ့် သူ ချန်ပီယံတစ်ယောက်ဖြစ်လာချိန်မှာ သူ့ရဲ့ ထပ်ခါတလဲလဲကြိုးစားခဲ့ရမှုတွေ ၊ အောင်မြင်ဖို့အတွက် အသေးအဖွဲလေးတွေက အစ အနုစိတ်ပြင်ဆင်ခဲ့မှုတွေက လေးစားအားကျစရာတွေ ဖြစ်လာမှာပါ။ မအောင်မြင်ခဲ့ရင်တော့လည်း ဆိုရှယ်ပေါ်မှာ သူကျရှုံးတိုင်း လှောင်စရာတစ်ခုပိုပိုတိုးလာတာမျိုးဖြစ်နေဦးမှာပါပဲ။
ရော်ဘင်မိုး
02/04/2026
“ မက်ဆီက ဂိုးတစ်ထောင်ပြည်သွားနိုင်တယ် သူ ဘယ်လောက်ကြာကြာ ဆက်ကစားမလဲဆိုတဲ့အပေါ်မှာပဲ မူတည်တာပါ အဓိကကတော့ သူ ဆက်ကစားဖို့ပဲ လိုပါတယ် ကျနော်ကတော့ သူ ဆက်ကစားမယ်လို့ မျော်လင့်ပါတယ် သူကိုယ်တိုင်လည်း ဘောလုံးကစားရတာပျော်ရွှင်နေသလို ကျနော်တို့လည်း သူ့ကို ဆက်မြင်ချင်ပါတယ် သူက တစ်နှစ်ထဲမှာ ဂိုး ၉၀ တောင်သွင်းခဲ့ဖူးတဲ့သူဆိုတော့ ဒီစံချိန်ကို ရအောင် ယူနိုင်မှာပါ
မက်ဆီသာ ကမ္ဘာ့ဖလားမှာ ကစားမယ်လို့ ဆုံးဖြတ်လိုက်မယ်ဆိုရင် ကျနော် အရမ်းကို ပျော်ရွှင်ဝမ်းသာမိမှာပါ ကျနော်တို့ အားလုံး သူ့ကို ပျော်ပျော်ရွှင်ရွှင်ကစားစေချင်သလို ပျော်အောင်လည်း ဝိုင်းကူညီပေးနေကြပါတယ် သူလည်း ကျနော်တို့ကို ပျော်ရွှင်စေချင်တာပါ အခု သူ ကမ္ဘာ့ဖလားလည်းရထားပြီးပြီဆိုတော့ ပိုပြီး စိတ်အေးလက်အေးရှိနေပါတယ် သူ့ဆန္ဒကတော့ အသင်းမှာ ဆက်ကစားချင်တာပါ သူ ဘယ်လို ဆုံးဖြတ်မလဲဆိုတာ ကျနော်တို့ စောင့်ကြည့်သွားမှာဖြစ်ပြီး သူ့ဆုံးဖြတ်ချက်ကို ထောက်ခံသွားမှာပါ”
- လီယွန်နယ် စကာလိုနီ
01/04/2026
"လီယိုက ကျွန်တော့်ကို ကန်ခိုင်းတဲ့အချိန်မှာ ကျွန်တော် တော်တော်လေး အံ့သြသွားတယ်။ သူ အဲ့ဒီလို လုပ်ပေးစရာ မလိုဘူးလေ။ ဒါပေမဲ့ ကျွန်တော် အိမ်ကွင်းမှာ ကစားရတဲ့ နောက်ဆုံးပွဲဖြစ်နေလို့ သူက အမှတ်တရဂိုး ရစေချင်ခဲ့တာပါ။ ဒါဟာ သူ ဘာလို့ ကျွန်တော်တို့ရဲ့ ခေါင်းဆောင် ဖြစ်နေလဲဆိုတာ ပြသလိုက်တာပါပဲ။"
— နီကိုလပ်စ် အိုတာမန်ဒီ
01/04/2026
ပင်နယ်တီကို မက်ဆီဟာ ကိုယ်တိုင်မကန်ဘဲ ဝါရင့်နောက်ခံလူ အိုတာမန်ဒီကို ပေးကန်ခဲ့ပါတယ်။ ၂၀၂၆ ကမ္ဘာ့ဖလားအပြီးမှာ အနားယူတော့မယ့် အိုတာမန်ဒီအတွက် ဒါဟာ အာဂျင်တီးနားမြေ အိမ်ကွင်းပရိသတ်တွေရှေ့မှာ ကစားရတဲ့ နောက်ဆုံးပွဲဖြစ်လို့ မက်ဆီက အမှတ်တရဂိုး ရစေချင်ခဲ့တာပါ။
မက်ဆီဟာ သူ့ရဲ့ ကစားသမားဘဝတစ်လျှောက်မှာ အသင်းဖော်တွေကို ပင်နယ်တီ အလုံး ၃၀ ထက်မနည်း ပေးကန်ခဲ့ဖူးပါတယ်။ နေမာကို ၁၂ ကြိမ်၊ ဆွာရက်ဇ်ကို ၈ ကြိမ် စသဖြင့် ဟက်ထရစ်ရမယ့် အခွင့်အရေးတွေကိုတောင် စွန့်လွှတ်ပြီး အသင်းသားတွေရဲ့ ပျော်ရွှင်မှုကိုပဲ ဦးစားပေးခဲ့တာပါ။
ကိုယ်,ကိုယ်တိုင်ရဲ့ သွင်းဂိုးစံချိန်မှတ်တမ်းထက် အသင်းဖော်တွေကို ပိုဦးစားပေးတဲ့ မက်ဆီပါပဲ။ ဒီပွဲမှာ ဂိုးသွင်းနိုင်ခဲ့တဲ့ မက်ဆီဟာ ကစားသမားဘဝ သွင်းဂိုးပေါင်း ၉၀၂ ဂိုးရှိလာပြီဖြစ်ပါတယ်။
မက်ဆီ ဂိုးတစ်ထောင်ပြည့်မလား …
Robin
12/03/2026
မြန်မာပြည်ဖွား ချင်းတိုင်းရင်းသားလေး ဂျိုရှုဝါဗန်ကတော့ UFC ရဲ့ Pound for Pound အကောင်းဆုံးစာရင်းမှာ ထိပ်ဆုံး ၁၀ ယောက်စာရင်းဝင်ဖြစ်လာခဲ့ပါပြီ။ ဒါဟာ မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ ကမ္ဘာ့အဆင့် အကောင်းဆုံး ၁၀ ယောက်စာရင်းထဲကို ပထမဆုံးအကြိမ် ဝင်ရောက်နိုင်ခဲ့တဲ့ သမိုင်းဝင် အောင်မြင်မှုလည်း ဖြစ်ပါတယ်။
အခုဆိုရင် ဗန်ဟာ အစ္စလာမ် မာခါချက်ဗ်တို့၊ အီလီယာ တိုပူရီယာတို့လို ထိပ်တန်းဖိုက်တာကြီးတွေနဲ့ တစ်တန်းတည်း ရပ်တည်နေနိုင်ပြီပဲ ဖြစ်ပါတယ်။ ဗန်ဟာ UFC မှာ အံ့မခန်းစံချိန်တွေ အများကြီး တင်ထားနိုင်သူပါ။ သူဟာ UFC သမိုင်းမှာ အာရှတိုက်ဖွား အမျိုးသားတစ်ယောက်အနေနဲ့ ပထမဆုံး ချန်ပီယံဖြစ်လာသလို၊ ဂျွန်ဂျုံးစ် ပြီးရင် အသက် ၂၄ နှစ်နဲ့ ဒုတိယမြောက် အသက်အငယ်ဆုံး ချန်ပီယံအဖြစ် မှတ်တမ်းဝင်ထားတာဖြစ်ပါတယ်။ ၂၀၀၀ ခုနှစ်နောက်ပိုင်း မွေးဖွားတဲ့ ဖိုက်တာတွေထဲ ပထမဆုံးသော UFC ချန်ပီယံလည်းဖြစ်ပါတယ်။
လာမယ့် UFC 327 မှာ ဗန်ဟာ ဂျပန်ဖိုက်တာ တတ်ဆူရို တိုင်ရာနဲ့ ရင်ဆိုင်ရမှာပါ။ ဒီပွဲကိုသာ ထပ်နိုင်ရင်တော့ သူ့ရဲ့ P4P Ranking က ဒီထက်ပိုပြီး တက်လာဖို့ ရှိနေပါတယ်။
10/03/2026
၂၀၀၉ နွေရာသီမှာ ဘာစီလိုနာဟာ အီတူးရယ်၊ ယူရို ၄၆ သန်းရယ်ကို အင်တာမီလန်ဆီ ပေးပြီး အီဘရာဟီမိုဗစ်ကို ခေါ်ယူခဲ့ပါတယ်။ အဲ့ဒီအချိန်တုန်းက အီဘရာဟီမိုဗစ်ဟာ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တစ်ဦးဖြစ်သလို ဘာစီလိုနာကလည်း အီတူးကို ခြေကျနေပြီလို့ ယူဆခဲ့တာကြောင့် ဒီအပြောင်းအရွှေ့ ဖြစ်လာခဲ့တာပါ။
အီတူးအနေနဲ့ ဘာစီလိုနာနဲ့အတူ ဖလားသုံးလုံးချန်ပီယံဖြစ်ပြီးမှ အသင်းပြောင်းခဲ့ရတာပါ။ တစ်ဘက်မှာ အီဗရာဟီမိုဗစ်ကတော့ အဲ့အချိန်က အောင်မြင်နေတဲ့ ဘာစီလိုနာဆီပြောင်းခွင့်ရတာဆိုတော့ ချန်ပီယံလိဂ်ဖလားဆွတ်ခူးနိုင်မယ်ဆိုတဲ့ မျော်လင့်ချက်ရှိနေခဲ့ပါတယ်။
ဒါပေမယ့်ကံကြမ္မာက သူတို့နှစ်ဦးကို မတူညီတဲ့ ဇာတ်လမ်းတစ်ပုဒ်စီ ပေးခဲ့ပါတယ်။ အီတူးအတွက်တော့ ဒီအပြောင်းအရွှေ့ဟာ သူ့ဘဝရဲ့ အမြင့်ဆုံး အောင်မြင်မှုတွေကို ယူဆောင်လာပေးခဲ့ပါတယ်။ အင်တာကို ရောက်ရောက်ချင်း ပထမဆုံးရာသီမှာတင် နည်းပြ မော်ရင်ဟိုနဲ့အတူ ဖလားသုံးလုံးချန်ပီယံဖြစ်ခဲ့တာပါ။
ဒါဟာ အီတူးအတွက် မတူညီတဲ့ အသင်း ၂ သင်းနဲ့ ၂ နှစ်ဆက်တိုက် ဖလားသုံးလုံးရတဲ့ ပထမဆုံးနဲ့ တစ်ဦးတည်းသော ကစားသမား ဖြစ်လာခဲ့ပါတယ်။ အင်တာမှာ သူဟာ ဂိုးသွင်းဖို့ထက် အသင်းနိုင်ဖို့အတွက် တောင်ပံအထိပါ ဆင်းကစားပေးပြီး ခံစစ်ကို ကူညီခဲ့တာကြောင့် အင်တာပရိသတ်တွေရဲ့ အချစ်တော် ဖြစ်သွားခဲ့ပါတယ်။
တစ်ဘက်မှာ အီဗရာဟီမိုဗစ်ကတော့ မှန်းချက်နဲ့ နှမ်းထွက်မကိုက်ခဲ့ပါဘူး။ ဂွါဒီယိုလာရဲ့ ကစားကွက်ထဲမှာ အံမဝင်ခဲ့သလို ဂွါဒီယိုလာနဲ့လည်း စကားများခဲ့တဲ့အထိ အဆင်မပြေဖြစ်ခဲ့ပါတယ်။
ဘာစီလိုနာကို ချန်ပီယံလိဂ်ရချင်လို့ ပြောင်းခဲ့ပေမယ့် ၂၀၁၀ ဆီမီးဖိုင်နယ်မှာ အီတူးရှိနေတဲ့ အင်တာမီလန်ကို ရှုံးပြီး ပြိုင်ပွဲက ထွက်ခဲ့ရပါတယ်။ နောက်တစ်ရာသီမှာပဲ အေစီမီလန်ကို အငှားနဲ့ ထွက်သွားခဲ့ရပါတယ်။
အီဗရာဟီမိုဗစ်နဲ့ အီတူး ၊ ဘာစီလိုနာနဲ့ အင်တာမီလန်ကြား ဒီအပြောင်းရွှေ့က ပြောစမှတ်တွင်စရာ ဖြစ်ခဲ့ပါတယ်။ အီတူးက ဘာစီလိုနာနဲ့ရော အင်တာနဲ့ပါ ဖလားသုံးလုံးရခဲ့ပြီး မိုဗစ်ကတော့ သူမရောက်ခင်မှာ ဘာစီလိုနာက ဖလားသုံးလုံးရ သူထွက်သွားမှ အင်တာမီလန် ဖလားသုံးလုံးရဆိုတာမျိုး ဖြစ်သွားတာဖြစ်ပါတယ်။