03/09/2026
အဆင့်အတန်းမြင့်တဲ့ ကစားဟန်နဲ့ ဘရူနိုင်းအသင်းကို (၇)ဂိုးပြတ် အနိုင်ယူခဲ့တဲ့ မြန်မာ ယူ-၂၀ အသင်း
AFC U20 ASIAN CUP QUALIFICATION - Development Phaseရဲ့ Group K ပွဲစဉ်အဖြစ် ဘရူနိုင်း ယူ-၂၀ အသင်းနဲ့ မြန်မာ ယူ-၂၀အသင်းတို့ ကစားခဲ့ကြပါတယ်။ ပွဲပြီးဆုံးချိန်မှာတော့ မြန်မာအသင်းက ဘရူနိုင်းအသင်းကို (၇)ဂိုး ဂိုးမရှိနဲ့ အနိုင်ယူသွားခဲ့ပါတယ်။
မြန်မာအသင်းက အတော်လေး team workမိနေသလို ကစားဟန်ကလဲ အဆင့်တစ်ခုမှာ ရှိနေပါတယ်။ မြန်မာအသင်းက ပထမပွဲမှာ သီရိလင်္ကာအသင်းကို (၄)ဂိုးပြတ် အနိုင်ယူထားသလို ဒုတိယပွဲမှာလဲ ဘရူနိုင်းအသင်းကို (၇)ဂိုးပြတ် အနိုင်ယူပြခဲ့တာပါ။ တတိယပွဲစဉ်အဖြစ် မြန်မာ ယူ-၂၀ အသင်းဟာ မော်ဒိုက်လ် ယူ-၂၀အသင်းနဲ့ ယှဉ်ပြိုင်ကစားသွားရမှာပါ။
03/09/2026
မြောက်ကိုရီးယား ၊ ဂျပန်နဲ့ အီရန်ကလပ်တွေနဲ့ ထိပ်တိုက်တွေ့နေတဲ့ ဧရာဝတီ
အာရှ အမျိုးသမီး ချန်ပီယံလိဂ် အုပ်စုအဆင့် မဲခွဲပွဲ အခမ်းအနားကို မလေးရှားနိုင်ငံရှိ အာရှဘောလုံးအဖွဲ့ချုပ် ဌာနချုပ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
ပြိုင်ပွဲရဲ့ အုပ်စုအဆင့် ပွဲစဉ်များကို မြန်မာနိုင်ငံ ကိုယ်စားပြု ဧရာဝတီအက်ဖ်စီ အမျိုးသမီးအသင်း၊ ဥဇဘက်ကစ္စတန် ကလပ် PFC Nasaf နဲ့ အိန္ဒိယ ကလပ် East Bengal FC တို့က အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမှာ ဖြစ်ပါတယ်။
အုပ်စု (က)မှာ မြန်မာကိုယ်စားပြု ဧရာဝတီအက်ဖ်စီ ၊ မြောက်ကိုရီးယား ကိုယ်စားပြု Nagoyang FC Women ၊ ဂျပန်ကိုယ်စားပြု INAC Kobe Leonessaနဲ့ အီရန်ကိုယ်စားပြု Bam Khatoon FCတို့ ပါဝင်နေပါတယ်။
03/09/2026
မန်ချက်စတာယူနိုက်တက် ဂန္ဓဝင်ကစားသမား ၄ ဦး ရန်ကုန်မြို့ကို လာမယ်
မန်ချက်စတာယူနိုက်တက် အသင်းရဲ့ ဂန္ဓဝင် ကစားသမားများဖြစ်ကြတဲ့ ပက်ထရစ် အီဗရာ၊ ဒီမီတာ ဘာဘာတော့ဗ် ၊ အန်ဒါဆန်နဲ့ ရိုင်းယန် ဂစ်တို့ဟာ လာမယ့် အောက်တိုဘာလအကုန်တွင် ရန်ကုန်မြို့ကို လာရောက်မည်ဖြစ်ကြောင်း သိရပါတယ်။
သရဲနီ ဂန္ဓဝင် ကစားသမား ၄ ဦး ပါဝင်မယ့် အစီအစဉ်ကို ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်နေ့ကနေ နိုဝင်ဘာလ ၁ ရက်နေ့အထိ ရန်ကုန်မြို့မှာ ကျင်းပသွားမှာဖြစ်ပါတယ်။
မန်ယူနိုက်တက်ဖန်တွေအတွက်တော့ ဒီအခွင့်အရေးက တစ်သက်မှာ တစ်ခါဘဲ ရရှိမယ့် အခွင့်အရေးတစ်ခုအဖြစ် ရှိနေပါတယ်။
03/09/2026
မြန်မာနိုင်ငံ့လက်ရွေးစင် ကစားသမားဘဝကနေ အနားယူသွားတဲ့ နန္ဒကျော်
မြန်မာနိုင်ငံ့လက်ရွေးစင် ကစားသမား နန္ဒကျော်ဟာ လူငယ်လက်ရွေးစင် အသင်းကနေစပြီး စီနီယာ အသင်းအထိ ဆယ်စုနှစ်တစ်ခုကျော်ကြာ နိုင်ငံ့လက်ရွေးစင် ကစားသမားဘဝနဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီးနောက် လက်ရွေးစင် ကစားသမားဘဝမှ အနားယူလိုက်ပြီဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ကြေညာလိုက်ပါတယ်။
နန္ဒကျော်အနေနဲ့ ခါးဒဏ်ရာ အခြေအနေ အပြည့်အဝ မသက်သာသေးခြင်း၊ မိသားစုကို အချိန်ပိုမို ပေးလိုခြင်းနှင့် အနာဂတ်အတွက် လူငယ်ကစားသမားများကို နေရာပေးလိုခြင်းတို့ကြောင့် အခုလို ဆုံးဖြတ်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။
ဆယ်စုနှစ်တစ်ခုကျော် ကြာမြင့်ခဲ့တဲ့ ခရီးစဉ်အတွင်း ကူညီပေးခဲ့ကြသော နည်းပြများ၊ အသင်းဖော်တွေနဲ့ အစဉ်အမြဲ အားပေးခဲ့တဲ့ ပရိသ-တ်တွေကို အထူးကျေးဇူးတင်ရှိကြောင်းနဲ့ လက်ရွေးစင် ကစားသမားဘဝမှ အနားယူလိုက်ပေမယ့် မြန်မာ့ဘောလုံးအပေါ် ထားရှိသည့် ချစ်ခြင်းမေတ္တာမှာ အမြဲရှိနေမည်ဖြစ်ကြောင်းလည်း နန္ဒကျော်က ဖွင့်ဟလိုက်ပါတယ်။
02/09/2026
အာရှအားကစားပြိုင်ပွဲအတွက် လေ့ကျင့်မှုတွေ စတင်နေပြီဖြစ်တဲ့ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း
ဂျပန်နိုင်ငံမှာ ကျင်းပမယ့် အာရှအားကစားပြိုင်ပွဲအတွက် မြန်မာ့လက်ရွေးစင် အမျိုးသမီး ဘောလုံးအသင်း ပဏာမ လးစာရင်းဟာ လေ့ကျင့်ပြင်ဆင်မှုတွေ စတင်ပြုလုပ်နေပြီ ဖြစ်ပါတယ်။
ဒီပြိုင်ပွဲမှာ မြန်မာအသင်းဟာ အာရှထိပ်သီး အသင်းတွေဖြစ်တဲ့ တောင်ကိုရီးယား၊ မြောက်ကိုရီးယားတို့အပြင် ဘင်္ဂလားဒေ့ရှ်တို့နဲ့အတူ ခက်ခဲတဲ့ အုပ်စုအတွင်း ကျရောက်နေပါတယ်။ နည်းပြချုပ် ကောလင်းဘဲလ် ဦးဆောင်တဲ့ မြန်မာအမျိုးသမီး အသင်းအနေနဲ့ ဒီအုပ်စုကြပ်ထဲကနေ နောက်တစ်ဆင့်ကို တက်ရောက်နိုင်မလားဆိုတာကတော့ ရင်ခုန်စရာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
ကစားသမားအင်အားကို အတောင့်တင်းဆုံး စုဖွဲ့ထားသလို အင်္ဂလန် နာမည်ကြီးနည်းပြ ကောလင်းဘဲလ်ရဲ့ ဦးဆောင်မှုအောက်မှာ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းအနေနဲ့ ဘယ်လောက်ထိ တိုးတက်လာမလဲ စောင့်ကြည့်သွားရမှာပါ။
02/09/2026
ဗန်ရဲ့ ဝိတ်တန်းမှာ နာမည်ကြီးနေတဲ့ ရှူံးပွဲမရှိ အင်ဒိုဖိုက်တာ ဟာဆန်
UFCရဲ့ ဖလိုင်းဝိတ်တန်းမှာ ထိုးသ-တ်နေပြီး ရှုံးပွဲမရှိသေးတဲ့ အသက် ၂၅ နှစ်အရွယ် ဟာဆန်ကတော့ အခုတစ်လော အတော်လေး နာမည်ကြီးနေပါတယ်။ ဟာဆန်က အမေရိကန်နိုင်ငံမှာ မွေးဖွားခဲ့ပေမယ့် အန်ဒိုနွယ်ဖွားဖိုက်တာဖြစ်တာကြောင့် အင်ဒိုနီးရှားနိုင်ငံကို ကိုယ်စားပြုကစားနေတာပါ။ ဗန်တစ်ယောက် မြန်မာနိုင်ငံမှာ နာမည်ကြီးသလို အင်ဒိုမှာလည်း ဟာဆန်က စူပါစတားပါဘဲ။
ဟာဆန်က ပရိုဖိုက်တာဘဝ (၁၀)ပွဲ ကစားထားပြီး (၁၀)ပွဲလုံးကို အနိုင်ယူထားပါတယ်။ ရှူံးပွဲမရှိ ဖိုက်တာလဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ ၂၉ ရက်နေ့မှာ ကျင်းပခဲ့တဲ့ UFC Shanghai ပြိုင်ပွဲမှာ အစားထိုးဖိုက်တာအဖြစ် ပွဲထွက်ကစားခဲ့ပါတယ်။ ဒုတိယအချီမှာပဲ ရှုံးပွဲမရှိသေးတဲ့ နေးလ်ဆန် ရော့ဟက်စ်ကို အလဲထိုး အနိုင်ယူပြီး ဘောနပ်စ်ဆုပါ ဆွတ်ခူးထားခဲ့သူပါ။
ဗန်ရဲ့ ချန်ပီယံခါးပတ်ကို စိန်ခေါ်တဲ့ အဆင့်ထိ တိုးတက်လာမလားဆိုတာကတော့ စောင့်ကြည့်သွားရမှာပါ။
02/09/2026
ကွင်းလယ်လူ (၃)ဦးအတွက် ပေါင် (၃၂၆)သန်း သုံးစွဲခဲ့တဲ့ မန်စီးတီး
ဒီရာသီ မန်ချက်စတာစီးတီးအသင်းရဲ့ ကွင်းလယ်ပိုင်း အားဖြည့်မှုက ကြောက်စရာ လန့်စရာကြီးပါ။ နွေဈေးကွက်တစ်ခုတည်းမှာ ကွင်းလယ်လူ (၃)ဦးအတွက် ပေါင် (၃၂၆)သန်းထိ သုံးစွဲခဲ့တာပါ။
ခေါ်ယူလိုက်တဲ့ ကစားသမားတွေကလဲ အန်ဇို ဖာနန်ဒက်စ်နဲ့ အန်ဒါဆန်တို့လို ပရီးမီးယားလိဂ် ထိပ်တန်းကွင်းလယ်လူတွေအပြင် မော်ရိုကိုစူပါစတား ဘိုရာဒီတို့လို ကစားသမားတွေပါ။ ပြိုင်ဘက်အသင်းတွေ မနာလိုဖြစ်စေမယ့် အပြောင်းအရွှေ့မျိူးကို စီးတီးတို့ လုပ်ပြသွားခဲ့တာပါ။
02/09/2026
အသင်းရဲ့ ကစားသမားဖြစ်သူ အောင်ကောင်းမာန်ကို ရန်ကုန်စီးတီးအသင်း ပြင်းထန်စွာ သတိပေးပြစ်ဒဏ် ချမှတ်
မြန်မာလိဂ် ပွဲစဉ် (၁) အဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ ရန်ကုန်စီးတီးအသင်းနဲ့ ရှမ်းယူနိုက်တက်အသင်းတို့ ပွဲစဉ်အတွင်း ဖြစ်ပွါးခဲ့တဲ့ ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) စည်းကမ်းထိန်းသိမ်းရေးနဲ့ ကျင့်ဝတ်ကော်မတီက စက်တင်ဘာလ ၁ ရက်နေ့တွင် အရေးယူမှုများ ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ထားခဲ့ပါတယ်။
ရန်ကုန်စီးတီး ဘောလုံးအသင်းဟာ ဒီနှစ် မြန်မာလိဂ်ပြိုင်ပွဲကို တန်းတက် ရောက်ရှိလာတဲ့ အသင်းဖြစ်ပြီး ပရော်ဖက်ရှင်နယ် ကလပ်အသင်းတစ်သင်းရဲ့ စံနှုန်းများနှင့်အညီ ဖွဲ့စည်း ဆောင်ရွက်လျက်ရှိပါတယ်။
အဲဒီပွဲစဉ်အတွင်း ကစားသမား အောင်ကောင်းမာန်ရဲ့ ဆဲရေးခဲ့တဲ့ အပြုအမူနဲ့ ပတ်သက်ပြှး ရန်ကုန်စီးတီးအသင်း စည်းကမ်းထိန်းသိမ်းရေး ကော်မတီက စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ခဲ့ပါတယ်။
အလားတူ ဖြစ်စဉ်များ နောက်ထပ် ထပ်မံ မဖြစ်ပွါးစေရန်နဲ့ စည်းကမ်းနှင့်အညီ ပါဝင်ယှဉ်ပြိုင်သွားနိုင်ရေးအတွက် ရန်ကုန်စီးတီးအသင်း စည်းကမ်းထိန်းသိမ်းရေး ကော်မတီအနေနဲ့ အောင်ကောင်းမာန်ကို MFF မှ ချမှတ်တဲ့ ပြစ်ဒဏ်အပြင် အသင်းက ပြင်းထန်စွာ သတိပေးခြင်းနဲ့အတူ ဒဏ်ကြေးငွေ ကျပ်သိန်း (၃၀) ပေးဆောင်ရန် ထပ်မံ ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း ထုတ်ပြန်လိုက်ပါတယ်။
ရန်ကုန်စီးတီးအသင်းရဲ့ အခုလုပ်ရပ်ကတော့ မြန်မာ့ဘောလုံးလောကအတွက် အပြုသဘောဆောင်တဲ့ အရွေ့တစ်ခုကို ပြသလို့နေပါတယ်။
02/09/2026
လိုင်ဘေးရီးယား လက်ရွေးစင်ဟောင်း အယ်လ်ဘတ် ကိုဗာကို ရန်ကုန်ယူနိုက်တက်အသင်း ခေါ်ယူ
ရန်ကုန်ယူနိုက်တက်အသင်းဟာ အသင်းရဲ့ တိုက်စစ်ပိုင်း အင်အားဖြည့်တင်းဖို့အတွက် လိုင်ဘေးရီးယား လက်ရွေးစင်ဟောင်းနဲ့ နိုင်ဂျီးရီးယား ပရီးမီးယားလိဂ်ကလပ် Remo Stars အသင်းရဲ့ ဘယ်တောင်ပံကစားသမား အယ်လ်ဘတ် ရောဘတ် ကိုဗာကို ၁ ရာသီ စာချုပ်ဖြင့် တရားဝင် ခေါ်ယူလိုက်ပါတယ်။
အသက်အရွယ်အရ အတွေ့အကြုံရင့် အယ်လ်ဘတ်ဟာ ဘယ်တောင်ပံ နေရာအပြင် ကွင်းလယ်တိုက်စစ် အဖြစ်ပါ ကစားနိုင်တဲ့ စွယ်စုံရ ကစားသမားတစ်ဦး ဖြစ်ပါတယ်။ အယ်လ်ဘတ်ဟာ လိုင်ဘေးရီးယား၊ နိုင်ဂျီးရီးယားနဲ့ လစ်ဗျားနိုင်ငံက ကလပ်အသင်းတွေမှာ ကျင်လည်ခဲ့ဖူးသလို လိုင်ဘေးရီးယား လက်ရွေးစင်အသင်းအတွက်လည်း နိုင်ငံတကာ ပွဲစဉ်များ ပါဝင်ကစားထားသူ ဖြစ်ပါတယ်။