02/10/2026
တစ်ချို့ပုံရိပ်တွေကတော့ လူတစ်ယောက်ကို မမြင်ရတော့ပေမယ့် သူ့ကို မေ့လို့မရအောင် သတိရစေတတ်ပါတယ်။
ပြီးခဲ့တဲ့ညကလည်း အဲဒီလိုပါပဲ ပေါ်တူဂီအသင်းက နိုင်ငံတကာပွဲစဉ်ကို ကစားနေခဲ့ပေမယ့် ကွင်းထဲမှာတော့ ပရိသတ်တွေ ရင်းနှီးကျွမ်းဝင်နေတဲ့ နံပါတ် (၇) ကို မတွေ့ခဲ့ရပါဘူး။
ပွင့်ပွင့်လင်းလင်း ပြောရရင် ပြီးခဲ့တဲ့ညက ပွဲစဉ်မှာ ခရစ္စတီယာနို ရော်နယ်ဒို ကို မမြင်တွေ့ခဲ့ရပါဘူး။ ဒါပေမယ့် သူမရှိတဲ့ကွင်းထဲမှာ သူ့ရဲ့ အမှတ်တရတစ်ခုကတော့ ပြန်ပေါ်လာခဲ့ပါတယ်။
ဒိန်းမတ်နဲ့ ပေါ်တူဂီတို့ရဲ့ပွဲမှာ ဒိန်းမတ်အတွက် ဒုတိယချေပဂိုးကို သွင်းယူပြီးတဲ့နောက် ယူနိုက်တက်ကစားသမားဟောင်း ရာမက်စ် ဟွိုက်ဂျ်လန်းရဲ့ အောင်ပွဲခံလိုက်တဲ့ပုံရိပ်ကို မြင်တွေ့ခဲ့ရပါတယ် ။ အဲဒီပုံရိပ်ကတော့ ဘောလုံးပရိသတ်တွေအတွက် မရင်းနှီးတဲ့အရာ မဟုတ်ပါဘူး။
လက်နှစ်ဖက်ကို ဖြန့် ၊ ပရိသတ်တွေရဲ့ ရှေ့မှာ ရပ်ပြီး “Siuuuuu!” ဆိုတဲ့ အောင်ပွဲခံတဲ့ ပုံရိပ်ပါပဲ ။ အဲဒီပုံစံက ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ အောင်ပွဲခံပုံစံပါ။
ဟွိုက်ဂ်ျလန်း ကတော့ အဲဒီပုံစံနဲ့ အောင်ပွဲခံခဲ့ပေမယ့် ပရိသတ်တချို့အတွက်တော့ ဒိန်းမတ်ကစားသမားတစ်ယောက်ကို မြင်လိုက်ရတာထက် အရင်တုန်းက မြက်ခင်းစိမ်းပေါ်မှာ အဲဒီအောင်ပွဲခံပုံစံနဲ့ ကမ္ဘာတစ်ဝှမ်းက ပရိသတ်တွေကို ရူးသွပ်စေခဲ့တဲ့ လူတစ်ယောက်ကိုပဲ ပြန်မြင်လိုက်ရသလို ဖြစ်ခဲ့မှာပါ။
တစ်ချိန်ကတော့ ဂိုးသွင်းပြီးတိုင်း “သူဘာလုပ်မလဲ” ဆိုပြီး စောင့်ကြည့်ခဲ့ကြတယ်။ သူပြေးလာရင် ပရိသတ်တွေကလည်း ထိုင်ခုံကနေ ထလာကြတယ်။ သူခုန်ပြီး လှည့်လိုက်တာနဲ့ ကမ္ဘာတစ်ဝှမ်းမှာ “SIUUUU!” ဆိုတဲ့ အသံတွေ ပြည့်နှက်သွားခဲ့တယ်။
အခုတော့ အဲဒီလူက ကွင်းထဲမှာ မရှိတော့ပါဘူး။ ဒါပေမယ့် သူဖန်တီးခဲ့တဲ့ ပုံရိပ်တွေကတော့ သူ့နောက်ကို လိုက်ပြီး ကျန်နေခဲ့တုန်းပါပဲ။ အထူးသဖြင့် ပေါ်တူဂီလို နိုင်ငံအသင်းပွဲမှာ သူမပါဝင်တော့တဲ့အချိန်မျိုးမှာပေါ့ရော်နယ်ဒိုကို လွမ်းဖို့ ရော်နယ်ဒိုကိုယ်တိုင် ရှိနေဖို့ မလိုတော့ပါဘူး။
သူ့ရဲ့ အောင်ပွဲခံပုံတစ်ခု ၊ သူ့ရဲ့ နံပါတ် (၇) တစ်ခု ၊ သူ့ရဲ့ “Siuuu” ဆိုတဲ့ အသံတစ်ခု ၊ ဒါမှမဟုတ် သူနဲ့ပတ်သက်တဲ့ အမှတ်တရတစ်ခုလောက်နဲ့တင် တစ်ချိန်က သူ့ကို ဘယ်လောက်ထိ ချစ်ခဲ့ကြလဲဆိုတာ ပြန်သတိရသွားနိုင်ပါတယ်။
ဒါကြောင့် ဒီပုံရိပ်ကို မြင်လိုက်တဲ့အချိန်မှာ ခင်ဗျားတို့လည်း ရော်နယ်ဒိုကို သတိရမိခဲ့ကြလား…? ဒါမှမဟုတ် သူမရှိတော့တဲ့ ဘောလုံးကမ္ဘာနဲ့ အသားကျသွားကြပြီလား…? ဆိုတဲ့ အဖြေကတော့ ပရိတ်သတ်တွေရဲ့ ရင်ထဲမှာပဲ ရှိပါလိမ့်မယ်။
တစ်ချို့ Legend တွေကတော့ ကွင်းထဲကနေ ထွက်သွားလို့ရပေမယ့် ပရိသတ်တွေရဲ့ အမှတ်တရထဲကနေတော့ ဘယ်တော့မှ ထွက်သွားလို့ရမှာ မဟုတ်ပါဘူး။