03/09/2026
■ အာရှဖလား ယူ-၂၀ ခြေစစ်ပွဲ Development phase မှာ မြန်မာအသင်း နောက်တစ်ဆင့်တက်
ရန်ကုန်မြို့ သုဝဏ္ဏကွင်းမှာ ဒီနေ့ကျင်းပတဲ့ ၂၀၂၇ အာရှဖလား ယူ-၂၀ ခြေစစ်ပွဲ Development phase အုပ်စု (K) မှာ မြန်မာအသင်းနဲ့ မော်လ်ဒိုက်အသင်းတို့ နောက်ဆုံးပွဲမတိုင်ခင် နောက်တစ်ဆင့်တက်ရောက်ခွင့်ရခဲ့ပါတယ်။
Development phase မှာ အုပ်စုတစ်ခုစီက ထိပ်ဆုံးနှစ်သင်းစီ နောက်တစ်ဆင့်တက်ရောက်ခွင့်ရမှာဖြစ်ပြီး အုပ်စု (K) မှာ မြန်မာနဲ့ မော်လ်ဒိုက်အသင်းက နှစ်ပွဲစီ အနိုင်ရပြီး ဘရူနိုင်းနဲ့ သီရိလင်္ကာအသင်းက နှစ်ပွဲစလုံး အရေးနိမ့်ထားလို့ နောက်ဆုံးပွဲမတိုင်ခင် အဖြေထွက်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် မြန်မာအသင်းဟာ မော်လ်ဒိုက်အသင်းနဲ့ တွေ့ဆုံမယ့် နောက်ဆုံးပွဲမှာ အုပ်စုပထမနေရာအတွက်ပဲ ကစားရမှာဖြစ်ပါတယ်။
ဒုတိယနေ့မှာ မြန်မာအသင်းက ဘရူနိုင်းအသင်းကို ၇-၀ ဂိုး၊ မော်လ်ဒိုက်အသင်းက သီရိလင်္ကာအသင်းကို ၄-၀ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ မြန်မာအသင်းဟာ နှစ်ပွဲဆက်အနိုင်ရခဲ့ပေမယ့် ခြေစွမ်းပိုင်းအရတော့ အကောင်းဆုံးပုံစံမရသေးပါဘူး။
မြန်မာအသင်းဟာ အုပ်စုနောက်ဆုံးပွဲအဖြစ် စက်တင်ဘာ ၆ ရက်မှာ မော်လ်ဒိုက်အသင်းနဲ့ ကစားရမှာဖြစ်ပါတယ်။
03/09/2026
■ အာရှအမျိုးသမီး ချန်ပီယံလိဂ်ပြိုင်ပွဲ နောက်ဆုံးအဆင့်မှာ ဧရာဝတီအသင်း အုပ်စု (A) ကျရောက်
၂၀၂၆-၂၀၂၇ ရာသီ အာရှအမျိုးသမီး ချန်ပီယံလိဂ်ပြိုင်ပွဲ နောက်ဆုံးအဆင့် အုပ်စုမဲခွဲပွဲကို စက်တင်ဘာ ၃ ရက်ကပြုလုပ်ရာ မြန်မာအမျိုးသမီးကလပ် ဧရာဝတီအသင်းဟာ အုပ်စု (A) မှာ ကျရောက်ခဲ့ပါတယ်။
အုပ်စုမဲခွဲမှုအရ အုပ်စု (A) မှာ နာဂိုရန် (မြောက်ကိုရီးယား)၊ INAc ကိုဘေး (ဂျပန်)၊ ဘန်ခါတွန် (အီရန်)၊ ဧရာဝတီ (မြန်မာ)၊ အုပ်စု (B) မှာ ဟွာချွန် (တောင်ကိုရီးယား)၊ ဟိုချီမင်းစီးတီး (ဗီယက်နမ်)၊ အရှေ့ဘင်ဂေါ (အိန္ဒိယ)၊ 4.25 (မြောက်ကိုရီးယား)၊ အုပ်စု (C) မှာ မဲလ်ဘုန်းစီးတီး (သြစတြေးလျ)၊ ဘေဂျင်းကျန်တန် (တရုတ်)၊ ကာယာ (ဖိလစ်ပိုင်)၊ နာဆာ့ဖ် (ဥဇဘက်ကစ္စတန်) တို့ ပါဝင်နေပါတယ်။
အုပ်စုပွဲစဉ်တွေကို နိုဝင်ဘာ ၁ ရက်ကနေ ၇ ရက်အထိ ကျင်းပမှာဖြစ်ပြီး အုပ်စုတစ်ခုစီက အမှတ်အများဆုံးနှစ်သင်းစီနဲ့ တတိယနေရာရတဲ့ သုံးသင်းထဲက အကောင်းဆုံးနှစ်သင်း စုစုပေါင်း ရှစ်သင်း ကွာတားဖိုင်နယ် တက်ရောက်ခွင့်ရမှာဖြစ်ပါတယ်။ အုပ်စု (A) ပွဲစဉ်တွေကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရခဲ့ပြီး ရန်ကုန်မြို့ သုဝဏ္ဏကွင်းမှာ ကျင်းပမှာဖြစ်ပါတယ်။
03/09/2026
■ လက်ရွေးစင်ကစားသမားဘဝကနေ အနားယူပြီလို့ နန္ဒကျော် ထုတ်ပြန်
မြန်မာ့လက်ရွေးစင်အသင်းနဲ့ ရှမ်းယူနိုက်တက်အသင်းခေါင်းဆောင် နန္ဒကျော်ဟာ လက်ရွေးစင်ကစားသမားဘဝကနေ အနားယူလိုက်ပြီလို့ စက်တင်ဘာ ၃ ရက် ညပိုင်းမှာ သူ့ရဲ့ လူမှုကွန်ရက်ကနေ ထုတ်ပြန်ခဲ့ပါတယ်။
နန္ဒကျော်ဟာ သူ့ရဲ့ ခါးဒဏ်ရာအခြေအနေ အပြည့်အ၀ မသက်သာခြင်း၊ မိသားစုအတွက် အချိန် ပိုပေးလိုခြင်းနဲ့ အနာဂတ်အသင်းမှာ လူငယ်ကစားသမားတွေကို ပိုမိုအခွင့်အရေးပေးလိုတာကြောင့် အနားယူဖို့ ဆုံးဖြတ်လိုက်တာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
နန္ဒကျော်ဟာ ၂၀၁၅ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် မြန်မာ ယူ-၂၀ အသင်းရဲ့ အသင်းခေါင်းဆောင်ဖြစ်ပြီး နောက်ပိုင်းမှာ မြန်မာ့လက်ရွေးစင်ကစားသမားအဖြစ် ရွေးချယ်ခံရသူပါ။ ပြီးခဲ့တဲ့ အရင်အသင်းခေါင်းဆောင် မောင်မောင်လွင် လက်ရွေးစင်ကစားသမားဘဝက အနားယူခဲ့လို့ မြန်မာ့လက်ရွေးစင်အသင်းခေါင်းဆောင်အဖြစ် ပြီးခဲ့တဲ့ ၂၀၂၆ အာဆီယံ ဟွန်ဒိုင်းဖလားပြိုင်ပွဲ အုပ်စုပထမပွဲအထိ တာဝန်ယူခဲ့သူဖြစ်ပါတယ်။
နန္ဒကျော်ဟာ ၂၀၂၆ အာဆီယံဟွန်ဒိုင်းဖလားပြိုင်ပွဲ အုပ်စုအဖွင့်ပွဲဖြစ်တဲ့ မလေးရှားအသင်းအား ၂-၁ ဂိုးနဲ့ အရေးနိမ့်တဲ့ အိမ်ကွင်းပွဲအပြီး နောက်ပိုင်းပွဲတွေမှာ မြန်မာ့လက်ရွေးစင်အသင်းမှာ မပါဝင်တော့ဘဲ ကလပ်အသင်းဖြစ်တဲ့ ရှမ်းယူနိုက်တက်အသင်းနဲ့ပဲ ပူးပေါင်းနေခဲ့တာဖြစ်ပါတယ်။ မလေးရှားနဲ့ပွဲမှာ ပေးလိုက်ရတဲ့ ဒုတိယဂိုးက သူ့ရဲ့ ဖျက်ထုတ်ပုံကနေ ပယ်နယ်တီပေးလိုက်ရတာဖြစ်ပါတယ်။
နန္ဒကျော်ဟာ ရန်ကုန်စီးတီးအသင်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ M-League ပွဲစဉ် ၁ အပြီးမှာ ဒိုင်လူကြီးရဲ့ ဆောင်ရွက်ပုံနဲ့ ပတ်သက်ပြီး ဝေဖန်ခဲ့လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေးနှင့် ကျင့်ဝတ်ကော်မတီက ဒဏ်ကြေး ခုနစ်သိန်း ချမှတ်ခဲ့ပါတယ်။ နန္ဒကျော်ဟာ ဒီလို အရေးယူခဲ့ရအပြီး တစ်ရက်အကြာမှာ လက်ရွေးစင်ကစားသမားဘ၀ အနားယူကြောင်း ထုတ်ပြန်ခဲ့တာလည်းဖြစ်ပါတယ်။
03/09/2026
■ ရွိုင်ယန်ဂစ် ဦးဆောင်တဲ့ မန်ချက်စတာယူနိုက်တက် ဂန္ထဝင်ကစားသမားတွေ မြန်မာနိုင်ငံလာမယ်
မြန်မာဘောလုံးပရိသတ်တွေ အားပေးမှုအများဆုံးဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဂန္ထဝင်ကစားသမားတွေဟာ အောက်တိုဘာလကုန်ပိုင်းမှာ မြန်မာနိုင်ငံကို လာရောက်မယ်လို့ Legendary Player Meet & Greet Facebook ကနေ ဖော်ပြထားပါတယ်။
ကမ္ဘာကျော်ဘောလုံးသမားတွေအနေနဲ့ အရင်တုန်းက မြန်မာနိုင်ငံကို လာရောက်ဖူးပြီး မန်ချက်စတာယူနိုက်တက် ကစားသမားဟောင်းတွေထဲက ဖာဒီနန်၊ အန်ဒီကိုးလ်၊ ဒွိုက်ယော့ခ်၊ အာဝင်စတဲ့ ကစားသမားတွေလည်း လာရောက်ဖူးပါတယ်။ ဒါပေမဲ့ ကိုဗစ်နောက်ပိုင်း ကာလတွေမှာ ကမ္ဘာကျော်ဘောလုံးသမားဟောင်းတွေ မြန်မာနိုင်ငံကို ရောက်မလာတော့ဘဲ အခုမှ ပြန်လာတာဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကစားသမားဟောင်းတွေထဲက ၁၉၉၉ ဖလားသုံးလုံး အောင်ပွဲရ တောင်ပံကစားသမား ရွိုင်ယန်ဂစ်အပါအဝင် အဲ့ဒီနောက်ပိုင်း ကစားခဲ့တဲ့ တိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်၊ အသင်းခေါင်းဆောင်ဟောင်း အီဗရာ၊ ကွင်းလယ်ကစားသမားဟောင်း အန်ဒါဆန်တို့ လိုက်ပါလာမှာဖြစ်ပါတယ်။ ဒီကစားသမားတွေဟာ အောက်တိုဘာ ၃၀ ရက်ကနေ နိုဝင်ဘာ ၁ ရက်အထိ သုံးရက်ကြာနေထိုင်မှာဖြစ်ပြီး အောက်တိုဘာ ၃၀၊ ၃၁ ရက် Melia ဟိုတယ်မှာ သတင်းစာရှင်းလင်းပွဲ၊ မြန်မာကစားသမားတွေအတွက် အတွေ့အကြုံ ဖလှယ်မယ့်အစီအစဉ် ပါဝင်ပြီး နိုဝင်ဘာ ၁ ရက် Yangon Convention Sentre မှာ ဂီတဖျော်ဖြေပွဲနဲ့အတူ ပရိသတ်တွေနဲ့ တွေ့ဆုံပွဲပါ ထည့်သွင်းပြုလုပ်မှာဖြစ်ပါတယ်။
01/09/2026
■ ရန်ကုန်စီးတီးနဲ့ ရှမ်းယူနိုက်တက်ပွဲဖြစ်ရပ်တွေအပေါ် MFF အရေးယူ
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေးနှင့် ကျင့်ဝတ်ကော်မတီဟာ သြဂုတ် ၃၀ ရက်က ယှဉ်ပြိုင်ကစားခဲ့တဲ့ ရန်ကုန်စီးတီးအသင်းနဲ့ ရှမ်းယူနိုက်တက်အသင်းပွဲက ဖြစ်ရပ်တွေအတွက် အရေးယူမှုတွေ ပြုလုပ်ခဲ့တယ်လို့ စက်တင်ဘာ ၁ ရက် ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
MFF စည်းကမ်းထိန်းသိမ်းရေး နှင့် ကျင့်ဝတ်ကော်မတီရဲ့ ထုတ်ပြန်ချက်အရ အရေးယူဆောင်ရွက်ရာမှာ ပြိုင်ပွဲကြီးကြပ် အစီရင်ခံစာ၊ ပြိုင်ပွဲတာဝန်ကျ မီဒီယာအရာရှိ၏ အစီရင်ခံစာ၊ တာဝန်ကျဒိုင်လူကြီးအဖွဲ့၏ အစီရင်ခံစာ၊ ရုပ်သံမှတ်တမ်းတွေနဲ့ ဓာတ်ပုံအထောက်အထားတွေကို အသေးစိတ်ကြည့်ရှုကာ အရေးယူခဲ့တာဖြစ်ပါတယ်။
မြန်မာလိဂ်ရဲ့ တရားဝင်ထုတ်ပြန်ချက်အရ
(က) - နှစ်ဖက်အသင်းကစားသမား (၂) ဦးအား အနီကတ်ပြ ထုတ်ပယ်ခြင်းသည် မှန်ကန်ပါသည်။
(ခ) - ရှမ်းယူနိုက်တက်အသင်း နည်းပြချုပ် ဦးအောင်ခိုင်နှင့် အသင်းခေါင်းဆောင် နန္ဒကျော်တို့သည် ပြိုင်ပွဲအပြီး မီဒီယာအင်တာဗျူး အစီအစဉ်တွင် ဖြေကြားပြောဆိုခဲ့ခြင်းသည် တာဝန်ကျဒိုင်လူကြီးများနှင့် ပတ်သက်၍ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်စည်းကမ်းထိန်းသိမ်းရေးမူ အပိုဒ်(၂)၊ အပိုဒ်ခွဲ (၁၇) အား ကျူးလွန်ခြင်းဖြစ်သည်ကို တွေ့ရှိရခြင်းကြောင့် ရှမ်းယူနိုက်တက်အသင်း နည်းပြချုပ် ဦးအောင်ခိုင်နှင့် အသင်းခေါင်းဆောင် နန္ဒကျော်တို့အား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်စည်းကမ်းထိန်းသိမ်းရေးမူ အပိုဒ်(၂)၊ အပိုဒ်ခွဲ (၁၇)နှင့် အပိုဒ်ခွဲ (၁၈) တို့အရ ဒဏ်ကြေးငွေကျပ် ခုနစ်သိန်း (၇၀၀,၀၀၀)တိတိစီ ပေးဆောင်ရန် ပြစ်ဒဏ်ချမှတ်ခဲ့သည်။
(ဂ) - ပွဲချိန် (၅၆) မိနစ်တွင် ရှမ်းယူနိုက်တက်အသင်းမှ ကျောနံပါတ် (၃၃) ကျော်မင်းဦးသည် ကွင်းလယ်ဒိုင်လူကြီးကို ညစ်ညမ်းစွာ ဆဲဆိုခဲ့ကြောင်း တွေ့ရှိခဲ့သည်။
ထို့အပြင် ပွဲချိန် (၆၆)မိနစ်တွင် ရန်ကုန်စီးတီးအသင်းမှ ကျောနံပါတ်(၇) အောင်ကောင်းမာန်ကလည်း ပြိုင်ဘက်အသင်းဂိုးသမားကို အလားတူ ဆဲရေးခဲ့သည်ကို တွေ့ရှိခဲ့ရသည်။
ထို့ကြောင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေးမူ အပိုဒ်(၂)၊ အပိုဒ်ခွဲ(၁၀)နှင့် (၁၈)အရ ကျော်မင်းဦးကို အနီးကပ်ဆုံး(၂)ပွဲပယ်နှင့် ဒဏ်ငွေကျပ်(၃)သိန်းပေးဆောင်ရန် ပြစ်ဒဏ်ချမှတ်ခဲ့သည်။
အောင်ကောင်းမာန်ကိုလည်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေးမူ အပိုဒ်(၂)၊ အပိုဒ်ခွဲ(၂)နှင့် (၁၈)အရ အနီးကပ်ဆုံး(၂)ပွဲပယ်နှင့် ဒဏ်ငွေကျပ်(၃)သိန်း ပေးဆောင်ရန် ပြစ်ဒဏ်ချမှတ်ခဲ့သည်။
31/08/2026
■ အာရှဖလား ယူ-၂၀ ခြေစစ်ပွဲ အုပ်စုပထမနေ့မှာ မြန်မာအသင်း ဂိုးပြတ်အနိုင်ရ
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပတဲ့ ၂၀၂၇ အာရှဖလား ယူ-၂၀ ခြေစစ်ပွဲ အုပ်စု (K) ပထမနေ့ကို သြဂုတ် ၃၁ ရက်က စတင်ပြုလုပ်ရာ မြန်မာအသင်းက သီရိလင်္ကာအသင်းကို ၄-၀ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။
မြန်မာအသင်းအတွက် ဂိုးပြတ်အနိုင်ရလဒ်က ကျေနပ်စရာကောင်းပေမယ့် ခြေစွမ်းနဲ့ ကစားပုံကတော့ လိုအပ်ချက်တွေအများကြီးရှိပါသေးတယ်။ ဂျပန်နည်းပြ ယူဂျီကိုင်တွယ်နေတာ နှစ်နှစ်ဝန်းကျင်လောက်ရှိပြီဖြစ်ပေမယ့် မြန်မာ ယူ-၂၀ အသင်းရဲ့ ခြေစွမ်းက အားရစရာမကောင်းသေးတာက စိုးရိမ်စရာ အချက်ဖြစ်နေပါတယ်။ မြန်မာအသင်းအတွက် အနိုင်ဂိုးတွေကို ကောင်းခန့်ကျော်က နှစ်ဂိုး၊ Sai Zom Shang က တစ်ဂိုးသွင်းယူပြီး ပထမဂိုးက သီရိလင်္ကာနောက်ခံလူ ကိုယ့်ဂိုးကိုယ် သွင်းမိခဲ့တာဖြစ်ပါတယ်။
မြန်မာအသင်းဟာ အုပ်စုလက်ကျန်ပွဲအဖြစ် စက်တင်ဘာ ၃ ရက်မှာ ဘရူနိုင်း၊ စက်တင်ဘာ ၆ ရက်မှာ မော်လ်ဒိုက်အသင်းတို့နဲ့ ကစားရမှာဖြစ်ပါတယ်။
အာရှဘောလုံးအဖွဲ့ချုပ်ဟာ ၂၀၂၇ ပြိုင်ပွဲကစပြီး ခြေစစ်ပွဲကျင်းပတဲ့ပုံစံပြောင်းလဲခဲ့ပြီး အဆင့်နှစ်ဆင့်ခွဲ ပြုလုပ်မှာဖြစ်ပါတယ်။ Qualification phase မှာ ကစားခွင့်ရတဲ့အသင်းတွေက ခြေစစ်ပွဲတိုက်ရိုက်အောင်မြင်မှာဖြစ်ပေမယ့် Development phase ကစားခွင့်ရတဲ့အသင်းတွေက ခြေစစ်ပွဲအောင်မြင်ခွင့်ရမှာမဟုတ်ဘဲ နောက်တစ်ကြိမ်ပြိုင်ပွဲဝင်ခွင့်ရဖို့ပဲ ကစားရမှာဖြစ်ပါတယ်။
မြန်မာအသင်းဟာ နောက်ပိုင်းကျင်းပတဲ့ပြိုင်ပွဲတွေမှာ ခြေစစ်ပွဲတောက်လျှောက်မအောင်လို့ ၂၀၂၇ ပြိုင်ပွဲမှာ Development phase မှာပဲ ကစားရမှာဖြစ်ပါတယ်။ ဒီနှစ် Development phase မှာ အုပ်စုသုံးခုပါဝင်ပြီး အုပ်စုတစ်ခုစီကနေ အမှတ်အများဆုံးရရှိတဲ့ ထိပ်ဆုံးနှစ်သင်းစီက ၂၀၂၉ ပြိုင်ပွဲ ခြေစစ်ပွဲတိုက်ရိုက်အောင်မြင်မယ့် Qualification phase မှာ ကစားခွင့်ရမှာဖြစ်ပါတယ်။
20/08/2026
■ အာရှ အမျိုးသမီးချန်ပီယံလိဂ် ခြေစစ်ပွဲ အုပ်စု (F) ဒုတိယနေ့ရလဒ်
16/08/2026
■ အာရှအားကစားပြိုင်ပွဲ ယှဉ်ပြိုင်မယ့် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း ပဏာမလူစာရင်း
15/08/2026
■ ကျော်မင်းဦး၊ လွင်မိုးအောင်အပါအဝင် ကစားသမားသစ်လေးဦး ရှမ်းယူနိုက်တက်အသင်း ထပ်မံခေါ်ယူ
မြန်မာနေရှင်နယ်လိဂ်ကလပ် ရှမ်းယူနိုက်တက်အသင်းဟာ မြန်မာ့လက်ရွေးစင် ကွင်းလယ်ကစားသမားတွေဖြစ်တဲ့ ကျော်မင်းဦး၊ လွင်မိုးအောင်အပါအဝင် ကစားသမားသစ်လေးဦး ထပ်မံခေါ်ယူခဲ့ပါတယ်။
ရှမ်းယူနိုက်တက်အသင်းဟာ ပြည်ပကလပ်တွေမှာ ကျင်လည်နေတဲ့ လွင်မိုးအောင်နဲ့ ကျော်မင်းဦးတို့ကို ခေါ်ယူနိုင်ခဲ့တာဖြစ်ပြီး ၂၀၂၆ အာဆီယံ ဟွန်ဒိုင်းဖလားပြိုင်ပွဲ ယှဉ်ပြိုင်ခဲ့တဲ့ မြန်မာ့လက်ရွေးစင်အသင်းမှာ ပါဝင်ခဲ့တဲ့ လူငယ်နောက်ခံလူ ဖြိုးပြည့်စုံနဲ့ ဘရာဇီးတိုက်စစ်မှူး ဒါမီယန်တို့ကိုလည်း ခေါ်ယူခဲ့ပါတယ်။
ကျော်မင်းဦးဟာ တတိယမြောက်ပြည်တွင်းကလပ်အဖြစ် ရှမ်းယူနိုက်တက်ကို ရောက်ရှိလာတာဖြစ်ပြီး ဧရာဝတီအသင်းနဲ့ ရန်ကုန်ယူနိုက်တက်အသင်း (၂ ကြိမ်) ကစားခဲ့သူပါ။ သူဟာ ၂၀၂၃ ခုနှစ်ကနေ ၂၀၂၆ နှစ်လယ်ပိုင်းအထိ မလေးရှားကလပ်တွေမှာ ကျင်လည်ခဲ့သူပါ။ လွင်မိုးအောင်ဟာ ထိုင်းကလပ်တွေမှာ ကာလရှည်ကျင်လည်ပြီးနောက် ပြည်တွင်းဘောလုံးလောကကို တစ်ကျော့ပြန်ရောက်ရှိလာသူပါ။ လွင်မိုးအောင်ဟာ အား/ကာသိပ္ပံ၊ ဧရာဝတီယူနိုက်တက်တို့မှာ ကစားခဲ့သူဖြစ်ပြီး ၂၀၂၁ ခုနှစ်မှာ ရန်ကုန်ယူနိုက်တက်အသင်းနဲ့ စာချုပ်ချုပ်ဆိုခဲ့ပေမယ့် ပြိုင်ပွဲမကျင်းပဖြစ်လို့ စာချုပ်ဖျက်သိမ်းခဲ့သူပါ။
ရှမ်းယူနိုက်တက်အသင်းဟာ ရာသီသစ်အတွက် ပြည်တွင်းကစားသမားသစ်တွေအဖြစ် ကျော်မင်းဦး၊ လွင်မိုးအောင်၊ ငြိမ်းချမ်းအောင်၊ ဇွဲမာန်သာ၊ နောင်နောင်စိုး၊ ဖြိုးပြည့်စုံ၊ စိုးမင်းဦးတို့ကို ခေါ်ယူထားပြီး နိုင်ငံခြားသားကစားသမားသစ် ခြောက်ဦးလည်း ခေါ်ယူအားဖြည့်ထားပါတယ်။