02/11/2026
မုန်တိုင်းတစ်ခုပြီးရင် နောက်ထပ် လေပြင်းမုန်တိုင်းကြီးတစ်ခု ထပ်လာတတ်တာ ဘောလုံးလောကရဲ့ သဘာဝပါပဲ။ ဒါပေမဲ့ မန်ချက်စတာယူနိုက်တက်အတွက်တော့ ဒီတစ်ခါ ရင်ဆိုင်ရမယ့် မုန်တိုင်းက သာမန်ထက် ပိုကြမ်းတမ်းနေနိုင်ပါတယ်။
ဘာကြောင့်လဲဆိုတော့ လာမယ့် ၃ ရက်အတွင်းမှာပဲ ယူနိုက်တက်ဟာ ဥရောပရဲ့ အပူဆုံး တိုက်စစ်အင်ဂျင်တပ်ထားတဲ့ အေအက်စ်ရိုးမားကို အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ဧည့်ခံကစားရတော့မှာမို့လို့ပါပဲ။
လက်ရှိ စီးရီးအေမှာ ရိုးမားပြသနေတဲ့ စွမ်းဆောင်ရည်က ပြိုင်ဘက်တိုင်းကို ကြောက်ရွံ့တုန်လှုပ်စေပါတယ်။ သူတို့ဟာ စီးရီးအေမှာ ရှုံးပွဲမရှိ စံချိန်ကို ထိန်းထားနိုင်ရုံတင်မကဘဲ ဥရောပ ထိပ်သီးလိဂ် ၅ ခုစလုံးမှာ ဒုတိယမြောက် ဂိုးအများဆုံး သွင်းယူထားတဲ့ အသင်းအဖြစ်ပါ ရပ်တည်နေတယ်။
ကိန်းဂဏန်းတွေက သက်သေပြနေပါတယ်။ ၁၀ ပွဲ ကစားပြီးချိန်မှာ ၂၈ ဂိုးအထိ သွင်းယူထားတာကြောင့် တစ်ပွဲကို ပျမ်းမျှ ၂.၈ ဂိုးနှုန်းလောက် ရိုးမားတိုက်စစ်က သွင်းယူနေတာပါ။ ဒါဟာ ပြိုင်ဘက်ခံစစ်စည်းတွေကို စက္ကူအပိုင်းအစတစ်ခုလို လွယ်လွယ်ကူကူ ဆုတ်ဖြဲပစ်နေတယ်ဆိုတဲ့ သဘောပါပဲ။
တစ်ဖက်မှာတော့ ယူနိုက်တက်ရဲ့ အခြေအနေက အားလုံးသိကြတဲ့အတိုင်း ခံစစ်ပိုင်းမှာ မာတီနက်ဇ် ထုတ်ပယ်ခံရမှုနဲ့အတူ ဖရိုဖရဲ ဖြစ်နေသလို၊ အသင်းတွင်း ယုံကြည်မှုနဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာပါ ထိုးကျနေတဲ့ အချိန်ဖြစ်ပါတယ်။ အသင်းက ရလဒ်ဆိုးတွေကြားထဲကနေ ရုန်းမထွက်နိုင်သေးခင်မှာပဲ သွင်းဂိုးမိုးရွာနေတဲ့ ပြိုင်ဘက်က အိမ်ရှေ့တံခါးဝကို ရောက်လာတော့မှာပါ။
ဆိုတော့ ကွင်းလယ်နဲ့ ခံစစ်အကြား ဟာကွက်တွေ ပေါ်နေတဲ့ ယူနိုက်တက်ဟာ လာမယ့် ၃ ရက်အကြာမှာ ရိုးမားရဲ့ မရပ်မနား ပစ်ခတ်မယ့် ကျည်ဆန်တွေကို ဘယ်လိုအကာအကွယ်မျိုးနဲ့ ကြံ့ကြံ့ခံပြမလဲဆိုတာကတော့ ရင်တမမနဲ့ စောင့်ကြည့်ရမယ့် စာမေးပွဲကြီးတစ်ခု ဖြစ်နေပါပြီ။
Photo Credit
Goal Zone