Followin

Followin

Share

09/08/2026

ဘဝတစ်ခု ဖြစ်တည်ဖို့အတွက် ကျေးဇူးရှိခဲ့တဲ့ နံပါတ်ကို ဘရူနိုဂွီမာရေးစ်က သူ့ရဲ့ကျောနံပါတ်အဖြစ် စွဲမြဲစွာ ဝတ်ဆင်ခဲ့ပါတယ်။ ကျနော်တို့ ငယ်ငယ်က ဘောလုံးကန်တဲ့အခါ ရှေ့မှာ ကစားရင် ကျောနံပါတ် (၇) (၉) (၁၀) တို့လို နံပါတ်တွေ၊ ကွင်းလယ်ဆိုရင် (၆) တို့ (၈) တို့၊ နောက်တန်းဆိုရင် (၃) (၄) (၅) နဲ့ ဂိုးသမားဆိုရင် ကျောနံပါတ် (၁) ဒါတွေပဲ လိုချင်ကြတာပါ။

အခု ဂွီမာရေးစ်ရဲ့ အနေအထားကလည်း ကွင်းလယ်မှာ ဒီထက်လှပတဲ့ နံပါတ်တွေကို ရွေးချယ်ခွင့်ရှိနေပါတယ်။ ဒါပေမယ့် နံပါတ်တစ်ခု လှပခြင်း၊ မလှပခြင်းက ရွေးချယ်သူနဲ့ပဲ သက်ဆိုင်ပါတယ်။

ဂွီမာရေးစ်အတွက်တော့ ကျောနံပါတ် (၃၉) က တကယ်ကိုလှပတဲ့ပုံပြင်တစ်ပုဒ်ဖြစ်ခဲ့ပါတယ်။ ဂွီမာရေးစ်ရဲ့ အဖေဖြစ်သူက ရီယိုမြို့မှာ တက္ကစီဆရာတစ်ယောက်အဖြစ် အသက်မွေးခဲ့ပါတယ်။ သူ့အဖေမောင်းတဲ့ တက္ကစီကားရဲ့နံပါတ်က (၀၃၉) ပါ။

ဒီကားလေးကပဲ ဂွီမာရေးစ်တို့ မိသားစုရဲ့ စားဝတ်နေရေးအတွက်၊ အဝတ်အစားတွေအတွက် အဓိကဒေါက်တိုင်ဖြစ်ပေးခဲ့ပါတယ်။ နောက်ပြီး အရေးအကြီးဆုံးအချက်အနေနဲ့ ဂွီမာရေးစ်ရဲ့ ပရော်ဖက်ရှင်နယ်ကစားသမားဘဝအတွက် လိုအပ်တဲ့ ငွေကြေးကိုပါ ထောက်ပံ့ပေးနိုင်ခဲ့ပါတယ်။

နောက်ပြီး တိုက်ဆိုင်မှုတစ်ခုရှိပါသေးတယ်။ ဂွီမာရေးစ် အက်သလက်တီကိုပါရာအန်စီမှာ အငှားနဲ့ သွားကစားတုန်းက ဖြစ်ပွားခဲ့တာပါ။

အဲ့ဒီတုန်းက သူက ကျောနံပါတ် (၃၉) ကိုတောင် မတောင်းဆိုရသေးချိန်မှာ အသင်းရဲ့ အဝတ်အစားတာဝန်ခံက ဂွီမာရေးစ်အတွက် ကျောနံပါတ် (၃၉) ဂျာစီကို ထုတ်ပေးခဲ့တာပါ။ အဲ့ဒီအချိန်ကတည်းကနေ အခုထိ ဒီနံပါတ်ကိုပဲ ဂွီမာရေးစ်က ဝတ်ဆင်ခဲ့ပါတယ်။

“(၃၉) ဆိုတဲ့နံပါတ်က ကျနော့်ဘဝမှာ အရာအားလုံးကို ပေးစွမ်းခဲ့ပါတယ်” လို့လည်း ဂွီမာရေးစ်က ပြောကြားခဲ့ဖူးပါတယ်။

#39

09/08/2026

အဖေတစ်ယောက်လုံးကို ဆုံးရှုံးလိုက်ရခြင်းက မက်ဆီအတွက်တော့ တကယ်ကို ကြီးမားတဲ့ ပူပင်သောကပါပဲ။ ဂျော့ချ်မက်ဆီက ကျန်းမာရေးမကောင်းတာ ကာလတစ်ခုကြာနေပြီဖြစ်ပြီး မက်ဆီကလည်း သူ့အဖေရဲ့ အခြေအနေကို သူကိုယ်တိုင် သိပြီးသားလို့ သတင်းတွေမှာ တွေ့ရပါတယ်။

အဖေရဲ့သတင်းကို ကြားတာနဲ့ မက်ဆီလည်း ချက်ချင်း ရိုဆာရီယိုကို ပြန်သွားခဲ့ပါတယ်။ ဒီနေ့ မနက် ကစားခဲ့တဲ့ အင်တာမိုင်ယာမီနဲ့ မွန်တာရေးပွဲကိုတောင် ပါဝင်ကစားနိုင်ခဲ့ခြင်းမရှိပါဘူး။

ဒါပေမယ့် မက်ဆီအတွက် အသင်းဖော်တွေနဲ့ အင်တာမိုင်ယာမီအသင်းက အပြည့်အဝ ရပ်တည်ပေးခဲ့ပါတယ်။ ဒီမနက်ပွဲမကန်ခင် မက်ဆီရဲ့အဖေ ဂျော့ချ်မက်ဆီအတွက် ရည်စူးပြီး တစ်မိနစ် ငြိမ်သက်ပေးခဲ့ပါတယ်။

ဒီပေါလ်ကလည်း သူ့ရဲ့ဂျာစီအောက်မှာ မက်ဆီရဲ့နံပါတ်နဲ့ နာမည်ပါဝင်တဲ့ ဂျာစီကို ခံဝတ်လာခဲ့ပါတယ်။ ဂိုးလည်း သွင်းနိုင်ခဲ့ပြီး ဂိုးသွင်းပြီးတဲ့နောက်မှာ ဒီပေါလ်က သူ့ရဲ့အပေါ်ဂျာစီကို ချွတ်ပြီး မက်ဆီနဲ့အတူ ရှိနေကြောင်း ပြသခဲ့ပါတယ်။

မက်ဆီလည်း ဒါကို ပြန်မြင်မှာပါ။ ပြန်မြင်တဲ့အချိန်ကျရင် သူ့အတွက် ဒီလိုမျိုး ရပ်တည်ပေးတဲ့ ဘော်ဒါကောင်း၊ အသင်းဖော်ကောင်းရှိနေပါလားဆိုပြီး ပီတိဖြစ်မိမှာ သေချာပါတယ်။ ဒီပေါလ်က အရင်ကတည်းက အာဂျင်တီးနားမှာ မက်ဆီရဲ့ဘော်ဒီဂတ်ဆိုပြီး နာမည်ပေးခံထားရတာပါ။

အဲ့ဒါကြောင့် ဒီမနက်မှာ မက်ဆီနဲ့အတူရှိနေကြောင်း သူပြသခဲ့တာက အံ့အားသင့်စရာတော့ မဟုတ်ပါဘူး။ မက်ဆီရဲ့ ဆုံးရှုံးမှုအတွက်လည်း ဘောလုံးပရိသတ်တွေက ထပ်တူထပ်မျှ ပူဆွေးဝမ်းနည်းနေပါတယ်။

“အဖေက နေ့စဉ်နေ့တိုင်း မနက်ဆိုရင် (၄) နာရီထပြီး အလုပ်သွားလေ့ရှိပါတယ်။ ည (၉) နာရီကျမှ အိမ်ပြန်လာပြီး ကျနော်တို့နဲ့အတူ ညစာစားရတာပါ။ တစ်ရက်တစ်ရက် ကျနော်တို့ တွေ့ရတဲ့အချိန် သိပ်မရှိပါဘူး”

“ဒါပေမယ့် အဖေနဲ့ အတူရှိနေချိန်တွေဆိုရင် ကျနော် အရမ်းကို ပျော်ပါတယ်။ အဲ့ဒါကြောင့် တစ်နေ့လုံး အဖေ့ကို သတိရပြီး မျှော်နေတယ်၊ အဖေ အိမ်ပြန်လာရင် ပြေးဖက်ပြီး သူနဲ့အတူတူ အချိန်ကုန်ဆုံးပါတယ်” လို့ မက်ဆီက ပြောခဲ့ဖူးပါတယ်။

မက်ဆီအတွက် အဲ့ဒီလောက်တောင် ချစ်ရတဲ့အဖေပါ။ သူလည်း တော်တော်လေးကို ဝမ်းနည်းကြေကွဲနေမှာဖြစ်ပြီး အစားထိုးမရတဲ့ ဆုံးရှုံးမှုတစ်ခုလည်း ဖြစ်ခဲ့ရပါတယ်။

09/08/2026

ဂျပန်ဒိုင်လူကြီးက မြန်မာဘက်ကို ပင်နယ်တီ သုံးလုံးပေးလိုက်တာ မှန်ပါတယ်။ ဒီအကြောင်းအရာကို ပြောရတာ နည်းနည်းတော့ခါးမယ်ဆိုပေမယ့် သူလုပ်သွားတာတွေက အမှန်တွေချည်းပါပဲ။

မလေးရှားနဲ့ပွဲက နန္ဒကျော်ကြောင့် ပေးလိုက်ရတဲ့ ပင်နယ်တီ၊ ထိုင်းနဲ့ပွဲက ဝင်းနိုင်ထွန်းရဲ့ လက်ထိဘောကြောင့် ပေးလိုက်ရတဲ့ ပင်နယ်တီ ဒါတွေက ငြင်းစရာမရှိပါဘူး။ အငြင်းပွားစရာဖြစ်သွားတာက ထိုင်းနဲ့ပွဲက စိုးမိုးကျော်ရဲ့ လက်ထိဘောနဲ့ ပေးလိုက်ရတဲ့ ပင်နယ်တီပါ။

ဘောလုံးက လက်ကိုသွားမှန်တယ်ဆိုတာလည်း မှန်ပါတယ်။ ဒါပေမယ့် တစ်ဖက်မှာ ပြန်တွေးရမှာက ရုပ်သံမြင်ကွင်းတွေအရဆိုရင် လက်က အပြင်ကိုထွက်နေတာမျိုးပါ။ ဘောလုံးကို ကာဖို့ ရည်ရွယ်ချက်မရှိသည့်တိုင် လက်က ခန္ဓာကိုယ်နဲ့ ကွာနေပြီး ဒီအနေအထားမျိုးမှာ ပင်နယ်တီပေးခြင်း၊ မပေးခြင်းက Video Support ဘက်က ပြောပြီဆိုတာနဲ့ ဒိုင်လူကြီးအပေါ် လုံးလုံးလျားလျား မူတည်သွားပါတယ်။ ပေးလို့ရခြင်း အကြောင်းပြချက်တွေကလည်း စည်းမျဉ်းစည်းကမ်းအလိုက်ကို ရှိပြီးသားပါ။

ဒီတော့ ဒိုင်လူကြီးက ဒါကို ပင်နယ်တီပေးပါတယ်။ မှားတယ်လို့ ပြောလို့ရတဲ့ ပင်နယ်တီမဟုတ်ပါဘူး။ ပုံမှန်အားဖြင့် မြန်မာကစားသမားတွေက ဒီလိုမျိုး video support စနစ်တွေ၊ VAR တွေ အသားမကျသေးပါဘူး။

မြန်မာနေရှင်နယ်လိဂ်မှာလည်း ဒီစနစ်တွေ မရှိသေးပါဘူး။ ဒီတော့ မြန်မာတွေအတွက် တော်တော်လေးကို ခါးသီးနေပါလိမ့်မယ်။ ထိုင်းနဲ့ပွဲမှာ မြန်မာအသင်း ကစားပုံကောင်းလာတယ်၊ တိုးတက်လာတယ်ဆိုပြီး ပရိသတ်တွေက ချီးကျူးကြပါတယ်။

တစ်ဖက်မှာလည်း ဝင်းနိုင်ထွန်းရဲ့ လက်ထိဘောလိုမျိုး Discipline ပိုင်းအရ မဖြစ်သင့်တာတွေကို မြင်တွေ့ခဲ့ရပါသေးတယ်။ လွင်မိုးအောင်၊ ဝင်းနိုင်ထွန်းတို့ရဲ့ ကန်ချက်တွေ ဘားတန်းထိခဲ့တာတော့ တော်တော်လေး နစ်နာပါတယ်။

ဒါပေမယ့် ထိုင်းကို တုံ့ပြန်ရင်ဆိုင်သွားပုံက အရင်ကထက်စာရင် နည်းနည်လေး ပိုသင့်တော်လာတယ် ပြောရပါမယ်။ တစ်ဖက်မှာလည်း ထိုင်းက အာဆီယံကို အဲ့ဒီလောက် အာရုံမရှိတော့ပါဘူး။ အာရှမှာ တိုးပေါက်ဖို့ပဲ လုပ်နေတာပါ။

မြန်မာတို့ လာမယ့် အာဆီယံဖလားပွဲအတွက် အာရုံစိုက်ရမယ့်အချိန်ဖြစ်ပြီး တကယ် တိုးတက်ကောင်းမွန်မှုရှိ၊ မရှိဆိုတာကို အဲ့ဒီပွဲတွေမှာ ဆက်လက်စောင့်ကြည့်ရပါလိမ့်မယ်။

09/08/2026

ဂုဏ်သိက္ခာတက်တူးကို အရောင်ပြန်တင်မယ့်
မော်ရင်ဟို

တစ်ချိန်တုန်းကလို မက်ဒရစ်မြို့မှာ လူပင်လယ်ကြီး
မရှိခဲ့ပါဘူး။ တစ်ချိန်တုန်းကမက်ဒရစ်မြို့သူမြို့သားတွေဟာ သူတို့ဆီ နတ်ဘုရားတစ်ပါးကြွလာသလိုမျိုး
မော်ရင်ဟိုကို ကြိုဆိုခဲ့ဖူးတယ်။

မော်ရင်ဟိုဆိုတဲ့ ဘောလုံးနတ်ဘုရားက
မိုး ပေါ် မပျံနိုင်ပါဘူး။ မက်ဒရစ်ကိုပထမတစ်ကြိမ်
ရောက်လာတုန်းက ချယ်လ်ဆီးတစ်ခေတ်
တည်ထောင်ပြထားလို့ ဂုဏ်ယူဝင့်ကြွားနေတဲ့ဟန်ပန်နဲ့
နတ်ဘုရားကို မြင်ခဲ့ရဖူးတယ်။

မက်ဒရစ်မြို့မြင်ကွင်းဟာ နတ်ဘုရားရဲ့နှလုံးသားကို
သစ်လွင်စေခဲ့ဖူးတယ်။ မျှော်လင့်အိပ်မက်အသစ်တွေ
အကြောင်းတွေးပြီး နတ်ဘုရားရဲ့မျက်နှာဟာ
ပြုံးယောင်သမ်းခဲ့ဖူးပါတယ်။

အခုဒုတိယအကြိမ်ရောက်လာချိန်မှာလည်း
မက်ဒရစ်မြို့က မော်ရင်ဟိုက
ခံစားချက်အသစ်၊ မျှော်လင့်အိပ်မက်အသစ်တွေ
ဖြစ်စေပါတယ်။ အရင်လိုနုပျိုမှုတွေမရှိတော့ပေမယ့်
မော်ရင်ဟိုရဲ့နှလုံးသားအတွင်းနံရံက
အောင်ပွဲဆာလောင်စိတ်
၊ သူမအိုသေးဘူးဆိုတာ
သက်သေပြလိုစိတ်က တောက်လောင်နေတယ်။

မော်ရင်ဟိုရဲ့မျက်ဝန်းတွေက
အရင်လိုသိပ်ပြီးအားကောင်းတဲ့မျက်ဝန်းတွေ
မဟုတ်တော့ပါဘူး။ အဆွေးဓာတ်လေး ရှိနေတယ်။
သူ့အပြုံးတွေက အရင်လိုမလတ်ဆတ်တော့ဘူး။
သူ့နားထင်မှာဆံပင်ဖြူတချို့ရှိနေပြီ။

မော်ရင်ဟို၊ မော်ရင်ဟို၊မော်ရင်ဟိုဆိုပြီး
အော်ဟစ်နေကြတဲ့အသံတွေဟာ
တစ်နှစ်ပြီးတစ်နှစ်၊ တစ်ရာသီပြီးတစ်ရာသီ
မှေးမှိန်တိုးဖျလာတယ်။

ခေတ်ပေါ် ကမ္ဘာက အတိတ်မှာခင်ဗျားဘယ်လောက်
အောင်မြင်ခဲ့လဲဆိုတာ မေ့ထားပြီး
လတ်တလောအောင်မြင်မှုတွေကိုပဲ ယစ်မူးလေးစားကြတယ်။ မော်ရင်ဟိုရဲ့အတိတ်ကလည်း
လူလေးစားမခံရပါဘူး။

ဉရောပထိပ်တန်းလိဂ်တွေရဲ့အဝေး လွင့်စင်သွားတဲ့အထိ
Special One ဇာတာကျခဲ့တယ်။

မက်ဒရစ်မြို့ဟာ မော်ရင်ဟိုအတွက်အသစ်တဖန်
နုပျိုစေမယ့် နတ်ရေကန်မဟုတ်ပါဘူး။
ရီးယဲလ်အသင်းက တော်လှန်ရေးကာလအတွင်း
ရောက်နေတယ်။ ဘာစီလိုနာလွှမ်းမိုးထားတဲ့
လာလီဂါမှာ တော်လှန်ရေး ဆင်နွှဲရမှာဖြစ်ပါတယ်။
ရီးယဲလ်အဝတ်လဲခန်းပြိုလဲမှုတွေကို
မော်ရင်ဟို ပြန်လည်စုစည်းနေရတယ်။

တူရကီကလပ်ဖီနာဘာချီအသင်းဆီ
မော်ရင်ဟိုရောက်ခဲ့ချိန်ဟာ အမှောင်ကာလ
ဖြစ်နေမလားပဲ။
ခေတ်ဟောင်းမင်းသားကြီးတစ်ယောက်လို
နယ်ဘက်ကျေးဘက်သွားပြီး သူ့ကိုယ်သူပရိုမိုးရှင်း
ပြန်ဆင်းနေရတာမျိုးနဲ့တူတယ်။
ဉရောပထိပ်တန်းလိဂ်ငါးခုရဲ့ပြင်ပရပ်ဝန်းမှာ
သူ့ကိုမြင်ရတာ သံဝေဂရချင်စရာပဲ။
နတ်ဘုရားကတော့ အတိတ်ကိုပြန်မတွေး၊
အနာဂတ်ကိုမျှော်မငေးဘဲ၊ ပစ္စုပ္ပုန်တည့်တည့်နေထိုင်ပြီး
ရယ်သံတွေ စားသုံးခဲ့ပါတယ်။

မော်ရင်ဟိုက လန်ဒန်ကိုချစ်ခဲ့တယ်၊
မီလန်ကို ချစ်ခဲ့တယ်၊
မက်ဒရစ်ကို ချစ်ခဲ့တယ်၊ မန်ချက်စတာကို ချစ်ခဲ့တယ်၊
ရောမကို ချစ်ခဲ့တယ်၊ အစ္စတန်ဘူလ်ကို ချစ်ခဲ့တယ်။
အခုတစ်ခါ မက်ဒရစ်မြို့ကို ချစ်မြတ်နိုးရဉီးမယ်။

မော်ရင်ဟိုဆီမှာ အသည်းကွဲဒဏ်ရာတချို့ရှိနေတယ်။
အသက်အရွယ်ရလာတဲ့အခါ ကျနော်တို့ဟာ
မေတ္တာငတ်လာတတ်တယ်။ မော်ရင်ဟိုက
နည်းပြလောကရဲ့သက်ကြီးတန်းထဲတိုးဝင်ခါစပြုနေပါပြီ။
သူက ခပ်ချေချေစတိုင်ဖမ်းထားပေမယ့်
မသိစိတ်ထဲ မေတ္တာငတ်နေခဲ့တယ်။

မော်ရင်ဟိုက သိပ်အများကြီးတွေးမနေပါဘူး။
သူ့ကို တန်ဖိုးထားချစ်မြတ်နိုးတဲ့ရပ်ဝန်းမှာ
ပျော်ရွှင်နေတယ်။
မော်ရင်ဟိုရဲ့ ဂန္ထဝင်ဆန်မှုအတွက် ဆုဖလားအောင်ပွဲ
မလိုတော့ဘူးထင်တာပဲ။
ဒါပေမဲ့ ရီးယဲလ်နဲ့အတူ သူ့ရဲ့အသည်းကွဲဒဏ်ရာကို
မော်ရင်ဟိုဖြေသိမ့်မယ်ထင်တယ်။

သူ့ရဲ့ဂုဏ်သိက္ခာတက်တူးကို အရောင်ပြန်တင်ပါလိမ့်မယ်။

09/08/2026

Ballon d' Or လိုချင်တဲ့ကြယ်ပွင့်တွေ ပရီးမီးယားလိဂ်ကို
ဘာလို့မလာချင်တာလဲ

ပရီးမီးယားလိဂ်က Superstar ထုတ်စက်ရုံကြီးပါ။
ဒါပေမဲ့ ၁၉၉၂ ခုနှစ်မှာစတင်တဲ့ ပရီးမီးယားလိဂ်မှာ
ကစားပြီး Ballon d'Or ဆုရဖူးတာ ၃ ဉီးပဲရှိတယ်။

၂၀၀၁ ခုနှစ်မှာ မိုက်ကယ်အိုဝင်၊ ၂၀၀၈ ခုနှစ်မှာ
စီရော်နယ်လ်ဒို၊ ၂၀၂၄ ခုနှစ်မှာ ရိုဒရီတို့ပါ။

ပါရမီရှင်တွေကို Global star တွေအဖြစ်
ပရီးမီးယားလိဂ်ကဖန်ဆင်းပေးနိုင်ပေမယ့်
Ballon d'Or သမိုင်းမှာ
ခမ်းခမ်းနားနားမရှိပါဘူး။

ကန်တိုနာ၊ ဘားကမ့်၊ အွန်နရီတို့ဟာ ပရီးမီးယားလိဂ်
ခေတ်ဉီးရဲ့ သူရဲကောင်းတွေဖြစ်ခဲ့ပေမယ့်
Ballon d'or ဆုအနားမကပ်နိုင်ခဲ့ဘူး။
သူတို့ဟာ ပရီးမီးယားလိဂ်ကိုပါရမီအကြမ်းထည်အဖြစ်
ရောက်လာကြပြီး ပရီးမီးယားလိဂ်က အရောင်တင်ပေးလိုက်တဲ့စိန်ပွင့်တွေ ဖြစ်ခဲ့ပါတယ်။
ဲ့
ပရီးမီးယားလိဂ်ကို ပါရမီအကြမ်းထည်အဖြစ်
ရောက်လာပြီး Ballon d' Or ပိုင်ဆိုင်ဖူးသူက
သမိုင်းတစ်လျှောက်
မှာ စီရော်နယ်လ်ဒိုတစ်ဉီးပဲရှိခဲ့တယ်။ပရီးမီးယာလိဂ်ကို ရောက်လာပြီး ၅ နှစ်အကြာမှာ
စီရော်နယ်လ်ဒိုက Ballon d'Or ပိုင်ဆိုင်ခဲ့တယ်။
ဒါပေမဲ့ နောက်ထပ် Ballon d' Or ဆု မျှော်လင့်ချက်အတွက် စီရော်နယ်လ်ဒိုက ပရီးမီးယားလိဂ်ကို
မဖက်တွယ်ခဲ့ပါဘူး။
မက်ဆီနဲ့ Ballon d' Or အပြိုင်လုရအောင်
လာလီဂါရပ်ဝန်းဆီ ရွှေ့ပြောင်းခဲ့ပါတယ်။

ပရီးမီးယားလိဂ်ကနေ Ballon d' Or ထပ်ပြီး
ရနိုငျသူအဖြစ် ဟာလန်းရှိနေပေမယ့်
တကယ်ဖြစ်လာဖို့နှစ်ကာလအနည်းငယ် လိုနေသေးတယ်။

အာဆင်နယ်ကို ဗင်နီစီယက်စ် မလာခဲ့တာ
Ballon d'Or မျှော်လင့်ချက်ကြောင့်ပါ။
Ballon d'Or ရဖူးတဲ့ကစားသမားတွေဟာ
ပရီးမီးယားလိဂ်ကို အရွယ်လွန်မှရောက်လာတာ
များပါတယ်။

၂၀၀၆ ခုနှစ်မှာ ချယ်လ်ဆီးကို ရှက်ဗ်ချင်ကို
ရောက်လာတော့ အသက်သုံးဆယ်နားကပ်နေပါပြီ။
ရှက်ဗ်ချင်ကိုက ၂၀၀၄ ခုနှစ်မှာ Ballon d'Or ရပြီး
၂ နှစ်အကြာ ချယ်လ်ဆီးကိုရောက်လာတာပါ။
ရုဒ်ဂူးလစ်၊ ဂျော့ချ်ဝီယာတို့လို Ballon d'or ပိုင်ရှင်ဟောင်းတွေ၊ အီဘရာဟီမိုဗစ်လို ကြယ်ပွင့်ဟောင်းတွေက
နေဝင်ချိန်ကျမှ ပရီးမီးယားလိဂ်ကို
ရောက်လာခဲ့ပါတယ်။

စီရော်နယ်လ်ဒိုဆိုရင်လည်း အသက် ၃၆ နှစ်ရောက်မှ
ပရီးမီးယားလိဂ်ပြန်လာခဲ့တာပါ။
ပရီးမီးယားလိဂ်က ငွေအသုံးနိုင်ဆုံးလိဂ်၊
အကျော်ကြားဆုံးလိဂ်ဖြစ်ပေမယ့်
Ballon d'or အိပ်မက်ပိုင်ရှင်တွေ၊
မက်ဆီတို့လိုပါရမီရှင်တွေ ကစားချင်ဆုံးလိဂ်
မဟုတ်ပါဘူး။

ဘယ်လင်ဂမ်လို ဘာမင်ဂမ်အသင်းထွက်
ကြယ်ပွင့်တောင်မှ သူ့ရဲ့အိပ်မက်အသစ်တွေအတွက်
ပရီးမီယားလိဂ်ကိုမရွေးချယ်ဘဲ လာလီဂါသွားခဲ့တယ်။

အာဂျင်တီးနား၊ ဘရာဇီးလ်၊ ပြင်သစ်က ကြယ်ပွင့်တွေက
Ballon d'Or လိုချင်ရင် ရီးယဲလ်နဲ့ ဘာစီလိုနာ
တစ်သင်းသင်းမှာ ကစားရမယ်ဆိုတဲ့အစွဲ
မကျွတ်နိုင်သေးပါဘူး။

ပရီးမီးယားလိဂ်ကြယ်ပွင့်တွေကလည်း
ရီးယဲလ်နဲ့ဘာစီလိုနာအသင်းတွေက လိုချင်ပြီဆိုတာနဲ့
မငြင်းနိုင်ကြဘူး။ ဒေးဗစ်ဘက်ခမ်၊ စီရော်နယ်လ်ဒို
ဂါရတ်ဘေးလ်၊ ဟာဇက်တို့လို ပရီးမီးယားလိဂ် Icon
တွေဟာ ရီးယဲလ်က ကမ်းလှမ်းလာတဲ့အခါ
မငြင်းနိုင်ဘဲပျော်ရွှင်ဂုဏ်ယူစွာ ပြောင်းခဲ့ကြတယ်။

နေမာ၊ ဗင်နီစီယက်စ်တို့လို ဘရာဇီးလ်ကြယ်ပွင့်တွေကတော့ ပရီးမီယားလိဂ်ကိုလုံးဝ စိတ်မဝင်စားပါဘူး။
အာဆင်နယ်ဖြစ်နေလို့၊ မန်ယူဖြစ်နေလို့ မဟုတ်ပါဘူး။

Ballon d' Or လိုချင်တဲ့ကြယ်ပွင့်တွေ ပရီးမီးယားလိဂ်ကို
မလာချင်တာအစဉ်အလာ ဖြစ်ပါတယ်။

08/08/2026

ဂါဘရီရယ်ကတော့ အာဆင်နယ်နဲ့အတူ ဆွတ်ခူးခဲ့တဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ဂုဏ်ပြုတဲ့အနေနဲ့ သူ့ရဲ့ ကိုယ်ပေါ်မှာ ပရီးမီးယားလိဂ်ဖလားပုံတက်တူးကို ရေးထိုးခဲ့ပါတယ်။ အာဆင်နယ်တို့ နှစ်ပေါင်း (၂၀) ကျော်ကြာအောင် ပရီးမီးယားလိဂ်ဖလားနဲ့ လွဲချော်ခဲ့တာပါ။

ဒါပေမယ့် ပြီးခဲ့တဲ့ရာသီမှာတော့ မန်စီးတီးကို ကျော်ဖြတ်ပြီး ပရီးမီးယားလိဂ်ချန်ပီယံဆုကို ကိုင်မြှောက်နိုင်ခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း အာဆင်နယ်ပရိသတ်တွေအတွက် ပျော်ရွှင်မှုက အတိုင်းအဆမဲ့ခဲ့ပြီး ဂါဘရီရယ်လ်ကလည်း ကမ္ဘာ့ဖလားပြီးနောက် အခုချိန်မှာ ပရီးမီးယားလိဂ်ဖလားပုံကို တက်တူးထိုးခဲ့တာပါ။

တကယ်ဆိုရင် အာဆင်နယ်တို့ ပြီးခဲ့တဲ့ရာသီမှာ ဖလား (၃) လုံး လမ်းကြောင်းပေါ်မှာ ရှိခဲ့ပါတယ်။ ဒါပေမယ့် ကာရာဘောင်ဖလားဖိုင်နယ်မှာ မန်စီးတီးကို ရှုံးနိမ့်ခဲ့သလို ချန်ပီယံလိဂ်ဖိုင်နယ်မှာလည်း ပီအက်စ်ဂျီကို ပင်နယ်တီအဆုံးအဖြတ်နဲ့ ရှုံးနိမ့်ခဲ့ရပါတယ်။

ပီအက်စ်ဂျီနဲ့ ပင်နယ်တီအဆုံးအဖြတ်မှာ နောက်ဆုံးပင်နယ်တီကို ဂါဘရီရယ်လ်က ကန်သွင်းခဲ့ပေမယ့် ဂိုးဘားပေါ် ကျော်သွားခဲ့တာကြောင့် အာဆင်နယ်တို့ အသည်းကွဲခဲ့ရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဂါဘရီရယ်လ်ကတော့ ဒီအရှုံးကို မေ့ဖျောက်ပြီး ရရှိခဲ့တဲ့ အောင်မြင်မှုဖြစ်တဲ့ ပရီးမီးယားလိဂ်ဖလားပုံကိုသာ တက်တူးထိုးခဲ့တာဖြစ်ပါတယ်။

08/08/2026

“ဆာလာ တူရကီကို ပြောင်းသွားတဲ့အပေါ် ကျနော့်ရဲ့အမြင်လား? ကျနော့်အတွက်တော့ တူရကီလိဂ်က အရမ်းကို နိမ့်လွန်းပါတယ်။ ဆာလာက အဲ့ဒီအဆင့်အတန်းထက် ပိုကောင်းတယ်လို့ ကျနော် တွေးမိရုံလေးပါပဲ” လို့ လီဗာပူးဂန္တဝင်ကစားသမားကြီး ကာရေဂါက ပြောကြားခဲ့ပါတယ်။

လီဗာပူးရဲ့ ဂန္တဝင်တစ်ယောက်လည်း ဖြစ်ခဲ့တဲ့ ဆာလာက ပြီးခဲ့တဲ့ ဘောလုံးရာသီအကုန်မှာ လီဗာပူးနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးခဲ့ပြီးနောက် တူရကီကလပ် ထရက်ဇွန်စပေါ်ကို ပြောင်းရွှေ့ခဲ့တာပါ။ ထရက်ဇွန်စပေါ်ကို ဆာလာ ရောက်ရှိလာချိန်မှာတော့ ပရိသတ်တွေက ခြိမ့်ခြိမ့်သဲ ကြိုဆိုခဲ့ပါတယ်။

ဒါပေမယ့် ဆာလာအတွက်တော့ ဒီလိဂ်က နိမ့်ပါးနေတယ်ဆိုတဲ့စကားကလည်း အမှန်ပါ။ တစ်ဖက်မှာ ဆာလာလို ကစားသမားမျိုးအတွက် ဒါတွေက အရေးမကြီးတော့ပါဘူး။

အသက်အရွယ် အရမ်းမကျသေးရင်တောင်မှ သူ့ကို ဒီလိုမျိုး ကြိုဆိုနေမယ့် သူ့အတွက် အဆင်ပြေမယ့် အသင်းတစ်သင်းမှာ ကစားခွင့်ရတာက အကျိုးအမြတ်တစ်ခုပါပဲ။ ထရက်ဇွန်စပေါ်ကလည်း ဆာလာရဲ့ မိသားစု၊ မိဘတွေအတွက်ပါ အပြည့်အဝ ဖြည့်ဆည်းပေးပြီးသားပါ။

အိမ်ဆိုအိမ်၊ ကားဆိုကား၊ စားဖိုမှူးကအစ၊ ကလေး ကျောင်းနေဖို့အဆုံး အရာအားလုံးကို ပြည့်စုံအောင် လုပ်ပေးထားတာကြောင့် ကွင်းတွင်းမှာသာ အဆင်ပြေခဲ့ရင် ဆာလာအတွက် ဘာမှပူပန်ကြောင့်ကြစရာမရှိတော့ပါဘူး။

08/08/2026

ထိုင်းနဲ့မြန်မာတို့ ဒီနေ့ည မြန်မာစံတော်ချိန် (၇) နာရီခွဲမှာ ကစားတော့မှာပါ။ မြန်မာအတွက်က နောက်တစ်ဆင့်တက်ဖို့ မျှော်လင့်ချက်ရှင်သန်နေဆဲဖြစ်ပြီး ထိုင်းကို သရေကစားနိုင်ရင် တစ်ဖက်ကိုကြည့်မယ်၊ နိုင်ခဲ့ရင် ဘယ်သူ့ကိုမှ ကြည့်စရာမလိုဘဲ နောက်တစ်ဆင့်ကို တက်မှာဖြစ်ပါတယ်။

ဒါပေမယ့် လက်ရွေးစင်အဆင့်မှာ ထိုင်းကို မနိုင်တာ မျိုးဆက်တစ်ခု၊ နှစ်ခု မကတော့ပါဘူး။ ထိုင်းကလည်း အိမ်ကွင်းကစားရမှာဖြစ်ပြီး မြန်မာကို သူတို့ရဲ့ ငယ်နိုင်လိုမျိုး ရင်ဆိုင်မှာ သေချာပါတယ်။

တစ်ဖက်မှာလည်း မြန်မာက မောင်မောင်လွင်လို အဓိက,ကစားသမားမျိုး အနီကတ်ကြောင့် ပွဲပယ်ခံရမှာက ကြီးမားတဲ့ နစ်နာမှုပါ။ ထိုင်းဘက်ကတော့ အသင်းလိုက်ညီညွှတ်မှု၊ စုစည်းမှုကိုပဲ အားပြုကစားမှာဖြစ်ပြီး သူတို့ရဲ့ ပုံစံအတိုင်း ပွဲကို လွှမ်းမိုးဖို့ ကြိုးစားပါလိမ့်မယ်။

ထိုင်းကို စောစောစီးစီး ဒုက္ခပေးနိုင်မှသာ မြန်မာအတွက် မျှော်လင့်ချက်ရှိနိုင်ပါတယ်။ ထိုင်းက ပွဲချိန်ကြာလာတာနဲ့အမျှ ကစားကွက်မိလာတယ်၊ ကစားပုံညပ်လာပြီး ပြိုင်ဘက်တွေကို သက်သောင့်သက်သာ ထိုးနှက်တတ်တာကြောင့် မြန်မာတို့ ထိုင်းရဲ့ လွှမ်းမိုးမှုအောက်ကို မရောက်သွားဖို့ အရေးကြီးပါတယ်။

မြန်မာအတွက် အခွင့်အရေးနည်းတာ အမှန်ဆိုပေမယ့် အရင်ထက်တော့ နည်းနည်းလေး ပိုမျှော်လင့်နိုင်စွမ်းရှိနေပြီး ထိုင်းနဲ့မြန်မာပွဲမှာ ဘယ်လိုရလဒ်ထွက်ပေါ်လာမလဲဆိုတာ စိတ်ဝင်တစား စောင့်ကြည့်ရဦးမှာပါ။

08/08/2026

ဗင်နီစီယက်စ်အတွက် မေခလာနတ်သမီး မရှိခဲ့ဘူး

ှှဗင်နီစီယက်စ်က လိုအပ်သလောက် အသိအမှတ်ပြု
မခံရဘူး။ လူမုန်းများတယ်၊ ပြိုင်ဘက်အသင်းပရိသတ်တွေက ခွဲခြားဆက်ဆံတယ်၊ ကြားနေပရိသတ်အတော်များများကလည်း ကြည့်မရကြဘူး။

ရီးယဲလ်ပရိသတ်တွေကရော ဗင်နီစီယက်စ်ကို
နှစ်နှစ်ကာကာချစ်မြတ်နိုးပါရဲ့လား။
အဲဒီမေးခွန်းအတွက် အဖြေက မရေမရာနိုင်လွန်းတယ်။
သေချာတာက ဗင်နီစီယက်စ်ဟာ ရီးယဲလ်ရဲ့အအောင်မြင်ဆုံးနှစ်ကာလတွေမှာ အရေးကြီးဆုံးကစားသမားတစ်ဉီး
ဖြစ်ပေမယ့် သိပ်ပြီးတန်ဖိုးထားမခံရတာပါ။

စီရော်နယ်လ်ဒိုခေတ်လွန် ရီးယဲလ်ရဲ့အထူးချွန်ဆုံးကစားသမားက ဗင်နီစီယက်စ်ကလွဲပြီး
တခြားတစ်ယောက် မရှိနိုင်ပါဘူး။
ရီးယဲလ်ကစားသမားဘဝ ၃၇၅ ပွဲမှာ ဗင်နီစီယက်စ်က
၁၂၈ ဂိုးသွင်းယူထားပါတယ်။
ရီးယဲလ်နဲ့အတူ ချန်ပီယံလိဂ် နှစ်ကြိမ်၊ လာလီဂါသုံးကြိမ်၊
စပိန်ဘုရင့်ဖလားတစ်ကြိမ်ဆွတ်ခူးထားပါတယ်။

အဲဒီကိန်းဂဏန်းမှတ်တမ်းတွေက လေးစားစရာပါ။
ဗင်နီစီယက်စ်က BBC တိုက်စစ်နောက်ပိုင်း ရီးယဲလ်ရဲ့
ဖျော်ဖြေမှုအပေးနိုင်ဆုံး တိုက်စစ်စွမ်းအင်အတွက်
အဓိကလောင်စာဖြစ်ပါတယ်။ ဒါပေမဲ့သူ့ရဲ့ထူးချွန်မှုတွေထက် သူ့ရဲ့အသားအရောင်၊ သူ့ရဲ့လူနေမှုပုံစံ၊ သူ့ရဲ့အောင်ပွဲခံဟန်တွေကြောင့် လူမုန်းများခံရပါတယ်။

စီရော်နယ်လ်ဒိုက လက်နှစ်ဘက်ကို ဆန့်တန်း
လေထဲခုန်ပြီး အောင်ပွဲခံတယ်၊
မက္ဆီက ဘုရားသခင်ဆီ ရည်စူး
လက်ညိုးနှစ်ချောင်း မိုးပေါ်ထောင်ပြီး
အောင်ပွဲခံတယ်။
ရွန်နီက Boxing ထိုးဟန်နဲ့ အောင်ပွဲခံတယ်။
နာနီက လေထဲ စိတ်လွတ်လက်လွတ် ကျွမ်းထိုးပြီး
အောင်ပွဲခံတယ်။
အူဘာမီယန်းက Super Hero မျက်နှာဖုံးတွေနဲ့
အောင်ပွဲခံတယ်။
ဗူစီနစ္က ဘောင်းဘီချွတ်ပြီး အောင်ပွဲခံတယ်။
ကိုယ်စိတ်ရဲ့ စေရာအတိုင်း အောင်ပွဲခံရတာ
ကြည်နူးစရာပါပဲ။ တစ်ဦးတစ်ယောက်ကို
အလွန်အကျူး စော်ကားပုတ်ခုတ်တာမျိုးမဟုတ်ရင်
အောင်ပွဲခံဟန်တွေဟာ ဘောလုံးလောကရဲ့
ဖယ်ရှားမရတဲ့ အလှတရားပါပဲ။

ဗင်နီစီယက်စ်က အောင်ပွဲခံဟန်ကြောင့်
ခွဲခြာဆက်ဆံခံရဖူးတယ်။
စော်ကားပြောဆိုခံရဖူးတယ်။ ဒါဟာ
တရားမျှတပါရဲ့လား။
စပိန်ဘောလုံးအေးဂျင့်အဖွဲအစည်း ဥက္ကဌ
ပတ်ဒရိုဘရာဗိုဟာ " ဗင်နီစီယက်စ်ရေ၊
ဂိုးသွင်းပြီးလို့ အောင်ပွဲခံတဲ့အခါ ဆမ္ဘာအက
ကချင်လည်းကပေါ့၊ ဒါပေမဲ့ ကိုယ့်ပြိုင်ဘက်ကို
လေးစားသမှုထားစမ်းပါ။
မျောက်လို ခုန်ပေါက်နေတာ ရပ်တော့" ဆိုပြီး
ခွဲခြားဆက်ဆံခဲ့ဖူးတယ်။

ခွဲခြားဆက်ဆံခံရလို့ ဘာလိုတယ္လီ
ပွဲဆက်မကစားဘဲ ကွင်းထဲက ထွက်ခဲ့တယ်။
သူ့ကို မျောက်လို့ လှောင်ပြောင်ပြီး
ပစ်ပေးတဲ့ ငှက်ပျောသီးကို ဒန်နီအဲလ်ဗတ်စ်
စားပြလိုက်တယ်။ အရိုင်းဆန်လိုသူတွေအတွက်
လှပတဲ့တုံ့ပြန်မှုတွေ၊ ဒန်နီအဲလ်ဗတ်စ်ရဲ့ တုံ့ပြန်မှု
ဖြစ်ပေါ်ပြီးနောက် "ငါတို့အားလုံးမျောက်ဖြစ်တယ်"
ဆိုတဲ့စာသားနဲ့အတူ ထောက်ခံသူတွေ၊
ခွဲခြားဆက်ဆံမှု ရွံမုန်းသူတွေ၊
တစ်သွေးတည်းတစ်သားတည်း ပူးကပ်ခဲ့တယ်။

အခုလည်း ဗင်နီစီယက်စ်က ဘာလို့များ
ကခုန်အောင်ပွဲခံတာ ရပ်တန့်ရမလဲ၊
မရပ်တန့်ဘူးလို့ ကြေညာခဲ့တယ်။
"မျက်၀န်းအရောင်လင်းပမှုထက်
အသားအရောင်ဟာ ပိုပြီးအရေးကြီးတယ်ဆိုရင်
စ-စ်ပွဲတွေပဲ ဖြစ်နေမှာပေါ့" လို့အဓိပ်ပါယျရတဲ့
အင်္ဂလိပ်စာသားတွေ ဗင်နီစီယက်စ်
တက်တူးထိုးထားတယ်။

ဗင်နီစီယက်စ်က ဘရာဇီးလ်လူငယ်တွေရဲ့
ပညာရေးအတွက်လည်း ဖောင်ဒေးရှင်တည်ထောင်ပေးထားသူပါ။ ဘရာဇီးလ်မှာ ပညာသင်ခွင့်ဟာ
တန်းတူညီမျှမရှိဘူး။
ချမ်းသာတဲ့ မိသားစုက ပေါက်ဖွားလာသူတွေသာ
အဆင့်မြင့်ပညာရေးကို သင်ကြားခွင့်ရှိတယ်။
Private School တွေမှာလူချမ်းသာသားသမီးတွေသာ လွှမ်းမိုးထားတယ်။အခြေခံလူတန်းစားတွေက
ဆင်းသက်လာတဲ့ကလေးတွေဟာ private school တွေ
မတက်ရောက်နိုင်ဘူး။ပညာရေးအခြေခံ မထက်မြက်ဘူး။
ဒီတော့ အစိုးရစရိတ်နဲ့ ဖွင့်လှစ်ထားတဲ့
တက္ကသိုလ်၀င်ခွင့်မရဘူး။

သီအိုရီအရ ပိုပြီးချမ်းသာလေလေအဆင့်မြင့်
Private school တွေ တက်နိုင်လေလေပဲ။
အဲဒီကနေ နိုင်ငံတကာအသိအမှတ်ပြု
တက္ကသိုလ်တွေဆီ သွားနိုင်မယ့် ပေါင်းကူးတံတားကို
ဘရာဇီးလ်အစိုးရစရိတ်နဲ့ ဖွင့်လှစ်ထားတဲ့
တက္ကသိုလ်တွေကတစ်ဆင့် ကူးဖြတ်သွားတာပါပဲ။
ဘရာဇီးလ်ပညာရေးစနစ်ရဲ့ မမျှတမှုရနံ့ကို
ဗင်နီစီးယက်စ်က တတ်စွမ်းသလောက်
တော်လှန်ရေးဆင်နွှဲနေတယ်။
သူက Instituto Vini.Jr ကိုတည်ထောင်ပြီး
အခြေခံလူတန်းစားကလေးငယ်တွေ
ပညာရေးနဲ့ မဝေးအောင် ကူညီပေးနေတာပါပဲ။

ကိုယ့်အတွင်းသားထဲက အိမ်မက်တွေရဲ့ ရနံ့ကို ဘယ်အချိန်လောက်မှာ ပြင်းပြင်းထန်ထန် ရရှိခဲ့တာလဲ။
ဗင်နီစီယက်စ်ကတော့ သူ့အိပ်မက်တွေရဲ့ ရနံ့ကို
ကလေးဘ၀ကတည်းက ပိုင်ဆိုင်ခဲ့ပုံပဲ။
ဆေးသမားတစ်ယောက် ယင်းထသလိုမျိုး ဆာလောင်နေခဲ့ဖူးတာ၊ ဘောလုံးအားကစားနည်းနဲ့အတူ ရီယိုဒီဂျနေးရိုးလမ်းမတွေကနေ ဘာနေဗျူးမြက်ခင်းစိမ်းတွေဆီ
ခပ်မြန်မြန်ဖြတ်သန်းလာခဲ့တာပဲ။
ရီယိုဒီဂျနေးရိုးမှာ ငယ်သူငယ်ချင်းတွေနဲ့ အမှတ်ရစရာအချိန်တွေ၊ ဘယ်အချိန်မှ ဆွဲနှုတ်လို့မရမယ့်
နှလုံးသားထဲက မမေ့နိုင်စရာအော်မြည်သံတွေ၊ ဘောလုံးကစားခဲ့ချိန်တွေ၊ စွန်လွှတ်ခဲ့ချိန်တွေ။
ငယ်ဘ၀ရဲ့ အပူအပင်ကင်းမဲ့ ဖြူစင်ကြည်နူးဖွယ်ရာ အခိုက်အတန့်တွေပါပဲ။

ဗင်နီစီယက်စ်ရဲ့ အဖေက လမ်းပေါ်မှာ အမြဲတမ်း အချိန်ကုန်နေတာမျိုး သိပ်သဘောမကျဘူး။
တခါတလေမှာ အိမ်အပြင်ပေးမထွက်တဲ့အခါ၊ တခါတလေမှာ မိုးတွေရွာနေတဲ့အခါ
ဗင်နီစီယက်စ်ရဲ့ ကစားကွင်းဟာ အိမ်ထဲမှာ ဆက်လက်တည်ရှိနေတာပဲ။မီးလုံးတွေ၊ ပရိဘောဂတွေဟာ
ဗင်နီစီယက်စ် ကန်ချက်နဲ့ လွတ်ကင်းတယ်မရှိဘူး။
ကျိုးကြေကွဲရှကုန်တာချည်းပဲ။
အသက် (၄)နှစ်အရွယ်မှာပဲ ဗင်နီစီယက်စ်ရဲ့
ဦးခေါင်းမှာ ချုပ်ရာ (၃)ခုရှိနေခဲ့ပြီ။
အိမ်မက်တွေရဲ့ ရနံ့ကို ဗင်နီစီယက်စ် ရရှိလိုက်ပုံဟာ
အဲဒီလို အားပါပြင်းထန်ခဲ့ပါတယ်။

ဗင်နီစီယက်စ်တို့ မိသားစုက ဆော်ပေါ်လိုနဲ့ ကီလိုမီတာ (၄၀၀)ကွာဝေးတဲ့ Paixao de Oliveira မှာ
အခြေကျတယ်။ ဒါပေမဲ့ ဗင်နီစီယက်စ်ရဲ့ အဖေဟာ မိသားစု၀မ်းရေးအတွက် ဆော်ပေါ်လိုကို
သွားရောက်ပြီး ရုန်းကန်လှုပ်ရှားရတာပဲ။
ဗင်နီစီယက်စ်က ဘောလုံးအားကစားနည်းနဲ့အတူ မိသားစုကို ကူညီနိုင်လိမ့်မယ်လို့ ခပ်ငယ်ငယ်အရွယ်မှာပဲ
ယုံကြည်ခဲ့ပါတယ်။ ဘောလုံးအားကစားနည်းဟာ သူ့အတွက် လွတ်မြောက်ရေးဖော်မြူလာပဲ။

ဘောလုံးအားကစားနည်းဟာ သူ့မိသားစုကို ကူညီပေးနိုင်မယ့် လမ်းပြမြေပုံပဲဆိုတာ
ဗင်နီစီယက်စ် သိနားလည်ခဲ့ပေါ့။ အဲဒီလိုသိနားလည်မှုနဲ့အတူ ဘဝပေးကံကြမ္မာလို
ဘောလုံးအားကစားနည်းအပေါ် ဗင်နီစီယက်စ် တွယ်တာခဲ့၊ မြတ်နိုးခဲ့တာပါပဲ။လမ်းမပေါ်က ကစားပွဲရဲ့
ဆုကြေးဟာ အအေးတစ်ပုလင်းဖြစ်နေပါစေ။
ဗင်နီစီယက်စ်ရဲ့ စိတ်နှစ်ထားမှုဟာ
အရောင်မပြောင်းလဲဘူး။

ရီးယဲလ်က စင်တော်ကောက်ချိန်မှာ ဗင်နီစီယက်စ်
အသက်ဟာ (၁၆)နှစ်ပဲရှိသေးတယ်။
စီနီယာကစားသမားအဖြစ် (၁၇)မိနစ်ပဲ
ကစားရသေးတယ်။
ဘယ်လို ယုံကြည်စိတ်မျိုးလဲ၊ ဘယ်လို နှစ်သက်မှုမျိုးလဲ။
ဗင်နီစီယက်စ်ရဲ့ ပါရမီဟာ အဲဒီလို
ခပ်မြန်မြန်အပိုင်စီးချင်လောက်အောင်
ထက်မြက်နေတာလား။
သံသယမေးခွန်းတွေဟာ ဗင်နီစီယက်စ်ရဲ့
တည်ရှိမှုဇုန်ထဲ တဖွဲဖွဲဆင်းသက်လာတယ်။
ရီးယဲလ်က ဖလာမင်ဂိုမှာ တစ်နှစ်ဆက်ကစားပြီး အတွေ့အကြုံယူစေခဲ့တယ်။

ကွင်းတွင်းတိုက်ပွဲတွေမှာ ပြိုင်ဘက်ကစားသမားတွေ၊ အထူးသဖြင့် ခံစစ်ကစားသမားတွေဟာ
ဗင်နီစီယက်စ်ကို အာရုံပိုစိုက်လာတယ်။
တချို့က ဗင်နီစီယက်စ်ကို နာကျင်စေချင်ကြတယ်။
ကွင်းတွင်းတိုက်ပွဲတွေဟာ ဗင်နီစီယက်စ် ကျော်ဖြတ်ရလွယ်ပေမဲ့ကွင်းပြင်ပ တိုက်ခိုက်မှုတွေဟာ ဗင်နီစီယက်စ်အတွက် မလွယ်ကူခဲ့ဘူး။

ဆင်းရဲသားရပ်ကွက်က လူမည်းချာတိတ်လေးတစ်ယောက် ရီးယဲလ်လိုအသင်းမျိုးရောက်သွားတဲ့အပေါ်
မကျေမချမ်းဖြစ်သူတွေ ရှိခဲ့တယ်။
ဒါက ဘရာဇီးလ် လူမှုပတ်၀န်းကျင်ရဲ့
အကျင့်ဆိုးတစ်ခုပါပဲ။
ချမ်းသာတဲ့အသိုင်းအဝိုင်းက လူတွေဟာ ဆင်းရဲသားရပ်ကွက်က ချာတိတ်လေးတစ်ယောက်
ထင်ပေါ်ကျော်ကြားသွားရင်
သိပ်ပြီးအမြင်မကြည်လင်ဘူး။

လူတစ်ယောက်ရဲ့ လက်ရှိဖြစ်တည်မှုကမ္ဘာကို မကြည့်ဘဲ လူတစ်ယောက်ရဲ့ အတိတ်ကမ္ဘာကို ပြန်ကြည့်ပြီး
လှောင်ပြောင်တတ်တာမျိုးပါပဲ။
အဲဒီလို လူမှုပတ်၀န်းကျင်ရဲ့ တံတွေးခွက်ထဲ
ဗင်နီစီယက်စ်လည်း ပက်လက်မျောခဲ့ဖူးတယ်။

မဟာဇနကမင်းသားက ပင်လယ်ပြင်
လက်ပစ်ကူးသလိုမျိုး ဗင်နီစီယက်စ်က ဝေဖန်သံတွေ၊
ခွဲခြားဆက်ဆံခံရမှုတွေကိုကျော်ဖြတ်ခဲ့ရတယ်။
ဗင်နီစီယက်စ်အတွက် မေခလာနတ်သမီး မရှိခဲ့ဘူး။

ကိုယ့်ဒူးကိုယ်ချွန်၊ ကိုယ့်ပါရမီကိုယ် ပွတ်သပ်ပြီး
အခုလိုအဆင့်အတန်းမျိုး ရောက်လာခဲ့တာပါ။
ရီးယဲလ်နဲ့ ၂၀၃၂ ခုနှစ်အထိစာချုပ်သက်တမ်း
တိုးပြီးနောက် ဗင်နီစီယက်စ်က
" ဘာနေဗျူးမှာ
၈ နှစ်ဆိုတဲ့အချိန်ဟာ တိုတောင်းလွန်းပါတယ်။
နောက်ထပ် ၆ နှစ်၊ပြီးရင်ထာဝရအဆုံးအထိပေါ့" လို့
Instagram မှာတင်ခဲ့တယ်။

ဗင်နီစီယက်စ်၊ ရီးယဲလ်နဲ့ ထာဝရအဆုံးအထိ၊
နောက်ထပ်အောင်ပွဲတွေ ဖြစ်လာပါဉီးမယ်။

07/08/2026

စပိန်မှာတော့ ကစားသမားတွေ တစ်ယောက်ပြီး တစ်ယောက် ကတိတည်ပြနေရပါတယ်။ ကူကူရယ်လာက ကမ္ဘာ့ဖလားမတိုင်ခင် စပိန်သာ ကမ္ဘာ့ဖလားချန်ပီယံဖြစ်ခဲ့ရင် နည်းပြ ဒယ်လာဖွန်တေရဲ့ ပုံကို တက်တူးထိုးမယ်လို့ ကတိပေးခဲ့ပြီး တကယ်လည်း တက်တူးထိုးခဲ့ပါတယ်။

ကူကူရယ်လာနဲ့အတူ စိန်ခေါ်ခဲ့တဲ့ ကစားသမားတွေထဲမှာ ဂါဗီလည်း တစ်ယောက်အပါအဝင်ပါ။ ဂါဗီကလည်း စပိန်သာ ကမ္ဘာ့ဖလားချန်ပီယံဖြစ်ခဲ့ရင် ဆံပင်ကို ပန်းရောင်ဆိုးမယ်လို့ ကတိပေးခဲ့ပါတယ်။

ဒါပေမယ့် ကမ္ဘာ့ဖလားဖိုင်နယ်ပြီးလို့ စပိန်ချန်ပီယံဖြစ်ပြီးလို့ တော်တော်ကြာတဲ့အထိ မဆိုးတာကြောင့် ဂါဗီတစ်ယောက် စကားမတည်တော့ဘူးလို့ ပရိသတ်တွေထင်ခဲ့ကြပါတယ်။ မေ့မေ့ပျောက်ပျောက်တောင် ဖြစ်သလောက်ပါပဲ။

တကယ်တော့ ဂါဗီလည်း သူ့စကားသူ တည်ခဲ့ပါတယ်။ ဆံပင်ကို ပန်းရောင်ဆိုးထားတာကို မြင်တွေ့ခဲ့ရပြီး ဒီပုံရိပ်တွေကို ပရိသတ်တွေဆီ မျှဝေခဲ့ပါတယ်။ အနိုင်ဂိုးရှင် ဖာရန်တောရက်စ်ကတော့ ကတုံးတုံးမယ် ပြောထားပေမယ့် မလုပ်ရသေးပါဘူး။

ဒါ့အပြင် ပီဒရီကလည်း သူ့ဆံပင်ကို အရောင်ချွတ်မယ် ဆိုထားသလို ယာမဲလ်ကလည်း ပါးသိုင်းမွှေးအပြည့်ထားမယ်လို့ ကတိပေးထားတာတွေကို ဆက်လက်စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

Want your business to be the top-listed Gym/sports Facility in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Address


Yangon
11401

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00