We Love Arsenal 2024 Myanmar

We Love Arsenal 2024 Myanmar

Share

Myanmar Arsenal Fanclub & Sports News

31/07/2026

***ဘဘောတူညီမှုရပြီး မကြာခင်မှာ HERE WE GO ပါမယ်***
အာဆင်နယ်အသင်းဟာ နယူးကာဆယ် ယူနိုက်တက် ကွင်းလယ်လူ ဘရူနို ဂီမာရက်ရ်ှကို ခေါ်ယူဖို့အတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း ၉၀ ပေါင် ၇၇ သန်းနဲ့ ကလပ်နှစ်ခုကြား သဘောတူညီမှု ရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။

အပိုဆုကြေး ဆိုင်ရာ အသေးစိတ် အချက်အလက် အချို့ကို ဆက်လက် ညှိနှိုင်းရန် ကျန်ရှိနေသေးပေမယ့်လည်း သတင်းထောက် ဟူဂို ဂီမတ် ရဲ့ ဖော်ပြချက်အရ ဘရာဇီးသား ကိုယ်တိုင်လည်း အာဆင်နယ်အသင်းနဲ့ ၅ နှစ်သက်တမ်းရှိ စာချုပ်ချုပ်ဆိုဖို့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီခဲ့ပြီး ဖြစ်ပါတယ်။

မိမိတို့ရဲ့ အသင်းခေါင်းဆောင်ကို ရောင်းထုတ်ဖို့ နယူးကာဆယ်ဘက်က တင်းခံနေခဲ့‌ပေမယ့်လည်း ပေါင် ၇၇ သန်းဝန်းကျင် ရှိမယ့် အာဆင်နယ်ရဲ့ ကမ်းလှမ်းမှုနဲ့ ငွေပေးချေမှု ပုံစံတွေကို နယူးကာဆယ်ဘက်က လက်ခံခဲ့တာကြောင့်သဘောတူညီမှု ရရှိခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာ ဆေးစစ်ဆေးမှု ပြုလုပ်ဖို့နဲ့ စာချုပ်စာတမ်း အပြီးသတ်ဖို့ အဆင့်များသာ ကျန်ရှိတော့ပြီး လာမယ့် ရက်ပိုင်းအတွင်းမှာ အပြောင်းအရွှေ့ကို တရားဝင် အတည်ပြု ထုတ်ပြန်သွားဖွယ် ရှိနေပါတယ်။

30/07/2026

***အာဆင်နယ်-ဗီနီ-ရီးရဲလ် သုံးပွင့်ဆိုင်ဇာတ်လမ်းအခြေအနေ***
အာဆင်နယ်နဲ့ ဗီနီစီးယက်စ် အပြောင်းအရွှေ့အခြေအနေ_
အာဆင်နယ်အသင်းဟာ ဗီနီစီးယက်စ် ဂျူနီယာရဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ တိုက်ရိုက် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီး လိုအပ်တဲ့ ဘဏ္ဍာရေးဆိုင်ရာ တောင်းဆိုချက် အားလုံးကို အသင်းတွင်း ဘုတ်အဖွဲ့ အဆင့်ဆင့်ကပါ အတည်ပြုပေးထားပြီးဖြစ်ပါတယ်။ မက်ဒရစ်နဲ့ စာချုပ်သစ် ဆွေးနွေးမှုသာ ပျက်ပြယ်သွားခဲ့ရင် အာဆင်နယ်ဘက်က တရားဝင် ကမ်းလှမ်းမှု ပြုလုပ်ဖို့ အဆင်သင့် ပြင်ဆင်ထားသလို ဗီနီစီးယက်စ်ရဲ့ အကြံပေးအဖွဲ့က ပြုလုပ်ထားတဲ့ နည်းစနစ်ပိုင်းဆိုင်ရာ အချက်အလက် စိစစ်ဆန်းစစ်မှုတွေအရလည်း အာဆင်နယ်ဟာ သူ့ရဲ့ ကစားဟန်နဲ့ အလွန်အံဝင်ခွင်ကျဖြစ်မယ့် ထိပ်တန်း ကလပ်အဖြစ် သတ်မှတ်ထားတာပါ။

ရီးရဲလ်မက်ဒရစ်နဲ့ ဗီနီစီးယက်စ် စာချုပ်သစ် အခက်အခဲ_
တစ်ဖက်မှာလည်း ရီးရဲလ်မက်ဒရစ်နဲ့ ဗီနီစီးယက်စ်တို့ကြား စာချုပ်သစ် ဆွေးနွေးမှုဟာ တစ်နှစ်နီးပါး ကြာမြင့်နေပြီဖြစ်ပြီး နှစ်ဦးနှစ်ဖက် တောင်းဆိုထားတဲ့ လစာ ပမာဏ ကွာခြားချက်ဟာလည်း အလွန် ကြီးမားနေဆဲ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်ဘက်က ကစားသမားတစ်ဦးတည်းအတွက် ဘဏ္ဍာရေး စည်းမျဉ်းကို ကျော်လွန်ပြီး ပေးချေဖို့ ဆန္ဒမရှိပါဘူး။ အသင်းဘက်ကတော့ လာမယ့် နွေရာသီမှာ ကစားသမားကို အလကား လက်လွှတ်ရမှာ စိုးရိမ်နေပါတယ်။ ညှိလို့မရရင် ထုတ်ရောင်းမယ့်အခြေအနေပါ။
လာမယ့်ရက်ပိုင်းအတွင်း ပြုလုပ်မယ့် ဆွေးနွေးပွဲတွေဟာ ဒီအပြောင်းအရွှေ့ရဲ့ အနာဂတ်ကို အဓိက အဆုံးအဖြတ် ပေးသွားတော့မှာ ဖြစ်ပါတယ်။

30/07/2026

***အက်ဒီဟောင်းထွက်ခွာခြင်းနှင့်အတူပိုမိုနီးစပ်လာတဲ့ ဂီမာရက်ရှ် အပြောင်းအရွှေ့***

နယူးကာဆယ် အသင်းရဲ့ အယုံကြည်ရဆုံး သတင်းထောက်ဖြစ်သူ လုခ် အက်ဒဝပ်စ် (Luke Edwards) ရဲ့ ဖော်ပြချက်အရ နည်းပြ အက်ဒီဟောင်း (Eddie Howe) အသင်းကနေ ထွက်ခွာသွားရခြင်းရဲ့ အဓိက အကြောင်းအရင်းဟာ အသင်းခေါင်းဆောင် ဘရူနို ဂီမာရက်ရ်ှကို အာဆင်နယ်ထံ မဖြစ်မနေ ရောင်းထုတ်ရတော့မယ့် အခြေအနေကြောင့် ဖြစ်ပါတယ်။ ဒါဟာ သူ့အတွက် သည်းခံနိုင်စွမ်း ကုန်ဆုံးစေခဲ့တဲ့ အဓိကအ‌ကြောင်းအရင်း ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ အက်ဒီဟောင်းဟာ ဘရူနိုကို အသင်းရဲ့ အဓိက ဒေါက်တိုင်ကစားသမားအဖြစ် မရှိမဖြစ် သတ်မှတ်ထားပေမဲ့ အပြောင်းအရွှေ့ ကိစ္စတွေကို သူကိုယ်တိုင် ထိန်းချုပ်လို့ မရတော့ကြောင်း ဝန်ခံခဲ့ပြီးနောက် မကြာမီမှာပဲ ရာထူးကနေ ထွက်ခွာသွားခဲ့တာပါ။ လက်ရှိမှာ အာဆင်နယ်အသင်းဟာ ပေါင် သန်း ၇၀ + အပိုဆုကြေး ပေါင် ၅ သန်းနဲ့ ကမ်းလှမ်းထားပြီး ကလပ်နှစ်ခုကြား ဆွေးနွေးမှုတွေ ဆက်လက် ပြုလုပ်နေဆဲဖြစ်ပါတယ်။ နယူးကာဆယ်ဘက်က ဘရူနို မပါဘဲ ရှေ့ဆက်ဖို့ ပြင်ဆင်နေပြီဖြစ်တာကြောင့် အာဆင်နယ်အတွက်တော့ ဒီနွေရာသီရဲ့ ကြီးမားတဲ့ အပြောင်းအရွှေ့တစ်ခုကို အပြီးသတ်နိုင်ဖို့ အတွက် နီးစပ်လာခဲ့ပြီဖြစ်ပါတယ်။

29/07/2026

အာဆင်နယ်အသင်းဟာ လာမယ့် တနင်္ဂနွေနေ့ မတိုင်မီမှာ Bruno Guimarães ရဲ့ အပြောင်းအရွှေ့ကို အပြီးသတ်နိုင်ဖို့ မျှော်လင့်နေပါတယ်။ ဘရာဇီးသားဟာ တနင်္လာနေ့မှာ နယူးကာဆယ်နဲ့ လေ့ကျင့်ခန်း ပြန်ဆင်းဖို့ အစီအစဉ်ရှိနေတာကြောင့် အဲဒီနေ့ မတိုင်ခင်မှာတင် အပြောင်းအရွှေ့ ကိစ္စအဝဝကို အပြီးသတ်ချင်နေကြတာဖြစ်ပါတယ်။ အာဆင်နယ်ဟာ Bruno Guimarães အနေနဲ့ နယူးကာဆယ်ဆီ ပြန်စရာတောင် မလိုတော့ဘဲ အာဆင်နယ်ဆီ တိုက်ရိုက် ပူးပေါင်းလာနိုင်ရေးအတွက် အစွမ်းကုန် ကြိုးပမ်းပါတယ်။

29/07/2026

အာဆင်နယ်အသင်းဟာ နောက်ခံလူ ဝီလီယံ ဆာလီဘားရဲ့ ကျောဒဏ်ရာကြောင့် ကာလရှည် အနားယူရမယ့် အခြေအနေကို ဖြေရှင်းဖို့အတွက် ဗဟိုနောက်ခံလူသစ်တစ်ဦးကို အမြန်ဆုံး ခေါ်ယူကြေညာတော့မှာဖြစ်ပြီး
ဘရာဇီး သတင်းထောက် ဘရူနို အန်ဒရာဒေ (Bruno Andrade) ရဲ့ ဖော်ပြချက်အရ ဒီအပြောင်းအရွှေ့ဟာ Bruno Guimarães ကို ကြိုးပမ်းနေတာထက်တောင် ပိုမိုမြန်ဆန်စွာ အကောင်အထည်ပေါ်လာတော့မယ်လို့ သိရပါတယ်။ ဂန်းနားတို့ဟာ ကွင်းလယ်ပိုင်းအတွက် ဆွေးနွေးမှုတွေ ရှုပ်ထွေးနေချိန်မှာ အသင်းရဲ့ဟန်ချက်ကို မပျက်စေဘဲ ချက်ချင်း အံဝင်ခွင်ကျ ကစားနိုင်မယ့် ဗဟိုနောက်ခံလူသစ် ခေါ်ယူရေးကို ထိပ်တန်းဦးစားပေးအဖြစ် အရှိန်မြှင့် ဆောင်ရွက်နေတာဖြစ်ပါတယ်။ ကစားသမားရဲ့ အမည်ကို လောလောဆယ် ထုတ်ဖော်မပြောသေးပေမဲ့ ရာသီသစ် မစတင်မီ အသင်းနဲ့ အမြန်ဆုံး ပူးပေါင်းနိုင်ဖို့အတွက် လာမယ့်ရက်ပိုင်းအတွင်း တရားဝင် အတည်ပြုသွားဖို့ မျှော်လင့်ရပါတယ်။ နောက်ခံလူသစ်က ဘယ်သူများ ဖြစ်လာမလဲ?

28/07/2026

အာဆင်နယ်အသင်းဟာ ဒီလမကုန်မီမှာတင် ဘရူနိုဂီမာရေး အပြောင်းအရွှေ့အတွက် နယူးကာဆယ်နဲ့ သဘောတူညီမှုရရှိဖို့ မျှော်လင့်နေပြီး လက်ရှိအချိန်ထိ နှုတ်အားဖြင့် ကမ်းလှမ်းမှု (၃) ကြိမ်ပြုလုပ်ခဲ့ပြီးပြီလို့ သိရပါတယ်။နယူးကာဆယ်ဘက်က တရားဝင် ဆွေးနွေးမှုတွေ မစတင်ရသေးဘူးလို့ ငြင်းဆန်ထားပေမဲ့ နှုတ်အားဖြင့် ဆွေးနွေးမှုတွေ ဆက်လက်ရှိနေဆဲဖြစ်ပြီး နယူးကာဆယ်ရဲ့ ထိပ်ပိုင်းအရာရှိတွေကိုယ်တိုင် ဒီဆွေးနွေးပွဲမှာ တိုက်ရိုက် ပါဝင်ပတ်သက်နေပြီဖြစ်ပါတယ်။ နောက်ဆုံးမှာ ပေါင်သန်း ၈၀ ဝန်းကျင်နဲ့သဘောတူညီမှုရနိုင်ဖွယ်ရှိနေပါတယ်။

27/07/2026

***ဘရူနိုဂီမာရေး အပြောင်းအရွှေ့အနှစ်ချုပ်***
ပြီးခဲ့တဲ့ ဇွန်လ ၂၆ ရက်နေ့တုန်းက ဒေးဗစ် အွန်စတိန်းရဲ့ဖော်ပြချက်အရ အာဆင်နယ်ဟာ ဘရူနို ဂီမာ‌ရေး
အတွက် ပေါင် သန်း ၆၀ အောက်နဲ့ ပထမအကြိမ် စတင်ကမ်းလှမ်းခဲ့ပေမဲ့ နယူးကာဆယ်ဘက်က ငြင်းပယ်ခဲ့တယ်လို့ သိရပါတယ်။ ဒါပေမဲ့ အဲ့ဒီနောက်ပိုင်းမှာ "အာဆင်နယ်ဘက်က ဘာကမ်းလှမ်းမှုမှ မလုပ်ရသေးပါဘူး" ဆိုတဲ့ သတင်းတွေနဲ့ "တရားဝင် ဆက်သွယ်မှုရော၊ တရားဝင် ကမ်းလှမ်းချက်ပါ မရှိသေးဘူး" ဆိုတဲ့ အဆိုတွေ ခဏခဏ ထွက်ပေါ်လာခဲ့တာကြောင့် ပရိသတ်တွေအနေနဲ့ ဒီအပြောင်းအရွှေ့အပေါ် ဇဝေဇဝါ ဖြစ်လာခဲ့ပါတယ်။

တကယ်တော့ ဇူလိုင်လအစောပိုင်းမှာတင် ဘရူနိုကိုယ်တိုင် နယူးကာဆယ်နည်းပြ အက်ဒီဟိုးဆီ သွားရောက်ပြီး
“ကစားသမားဘဝ အနာဂတ်နဲ့ အခွင့်အရေးတွေအတွက် ထွက်ခွာခွင့်ပေးပါ" ဆိုပြီး လေးလေးစားစား ပွင့်ပွင့်လင်းလင်း တောင်းဆိုခဲ့ပြီးသားပါ။အဲ့ဒီနောက် ကြာသပတေးနေ့မှာ ပေါင် သန်း ၇၀ နဲ့ ဒုတိယအကြိမ် ကမ်းလှမ်းလိုက်ပြီဆိုတဲ့ သတင်းတွေ အကျယ်အပြန့် ထွက်ပေါ်လာခဲ့ပေမဲ့ ဒီကမ်းလှမ်းမှုကိုပါ နယူးကာဆယ်ဘက်က ထပ်မံငြင်းပယ်ခဲ့ပါတယ်။

တကယ်တော့ အာဆင်နယ်ဟာ ထိပ်တန်းပစ်မှတ်ဖြစ်ခဲ့တဲ့ တိုနာလီကို ခေါ်ယူဖို့ ကြိုးစားခဲ့စဉ်က အေးဂျင့်ကြေး လုပ်ခလစာနဲ့ ပြောင်းရွှေ့ကြေးတွေဟာ ကစားသမားရဲ့ အရည်အသွေးနဲ့ မထိုက်တန်ဘူးလို့ သုံးသပ်ခဲ့ကြတာပါ။ တိုနာလီကို ခေါ်ယူဖို့ စကားပြောတဲ့ အချိန်မှာပဲ ဘရူနိုရဲ့ အသင်းပြောင်းချင်တဲ့ ဆန္ဒနဲ့ ရရှိနိုင်ခြေအခြေအနေကို သိရှိခဲ့ရပြီး အေးဂျင့် ကီယာ ဂျူရက်ချီယန် ကနေတစ်ဆင့်
အပြောင်းအရွှေ့ကိုစတင်ခဲ့ပါတယ်။

ကီယာဟာ ရိုးရိုးအေးဂျင့် မဟုတ်ဘဲ ပရီးမီးယားလိဂ် အသင်းပိုင်ရှင်တွေနဲ့ပါ အလွန်ရင်းနှီးပြီး မီလျံနာအသိုင်းအဝိုင်းထဲ လှုပ်ရှားနေသူ ဖြစ်ပါတယ်။ ကီယာဟာ နယူးကာဆယ်ရဲ့ အထက်တန်းအရာရှိတွေ၊ ပိုင်ရှင်အဆင့် ပုဂ္ဂိုလ်တွေနဲ့ တိုက်ရိုက် ဆွေးနွေးမှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။

နယူးကာဆယ်ဘက်က မီဒီယာတွေကို "တရားဝင် ကမ်းလှမ်းမှု မရှိသေးဘူး" လို့ ဖြေကြားနေတာဟာ မှန်ပါတယ်။ အာဆင်နယ်ဘက်က နယူးကာဆယ်ဆီ တိုက်ရိုက် မဆက်သွယ်ရသေးဘဲ စကားပြောဆိုမှုနဲ့ နှုတ်အားဖြင့် ကမ်းလှမ်းမှု အားလုံးကို အေးဂျင့် ကီယာ ကတစ်ဆင့်သာ ပြုလုပ်နေလို့ ဖြစ်ပါတယ်။

ဇူလိုင် ၁၄ ရက်နေ့တုန်းကတည်းက စာချုပ်တန်ဖိုး ပေါင်သန်း ၈၀ ကနေ ၈၅ သန်းကြား ရောက်မှသာ အလေးအနက်ထား ဆွေးနွေးပွဲတွေ စတင်နိုင်မယ်လို့ သတင်းထွက်ခဲ့ပြီး ယခုအခါမှာလည်း နယူးကာဆယ်ဘက်က "၈ နဲ့စတဲ့ ပမာဏ" ဖြစ်ရမယ်လို့ သတ်မှတ်ထားပါတယ်။

အေးဂျင့် ကီယာ အနေနဲ့ ပြောင်းရွှေ့ကြေးအပေါ် နယူးကာဆယ် တာဝန်ရှိသူတွေနဲ့ သဘောတူညီမှု ရရှိသွားပြီဆိုတာနဲ့ အာဆင်နယ်ဘက်က တရားဝင် ကမ်းလှမ်းမှုကို ချက်ချင်း ပြုလုပ်သွားမှာဖြစ်ပြီး အပြောင်းအရွှေ့က အရမ်းမြန်ဆန်သွားပါလိမ့်မယ်။

လက်ရှိမှာ ဘရူနိုဟာ လာမယ့် သောကြာနေ့မှာ နယူးကာဆယ်အသင်းနဲ့ ပြန်လည်ပူးပေါင်းဖို့ တာဝန်ရှိနေပြီး ကီယာကတော့ စာချုပ်ပြေလည်ရေးအတွက် ဆက်လက် ကြိုးပမ်းနေဆဲပါ။ အာဆင်နယ်ကတော့ သူတို့ သတ်မှတ်ထားတဲ့ တန်ဖိုးအတိုင်းကမ်းလှမ်းနိုင်ဖွယ်ရှိပြီး အေးဂျင့်ဖြစ်သူ ကီယာက အပြောင်းအရွှေ့ အမြန်ဆုံးဖြစ်‌မြောက်အောင်တွန်းအားပေးနေတာကြောင့် ဒီရက်ပိုင်းဟာ အရမ်းကို အရေးပါတဲ့ ရက်ပိုင်းတွေ ဖြစ်လာတော့မှာ ဖြစ်ပါတယ်။

25/07/2026

အာဆင်နယ်အသင်းဟာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ စာချုပ်သစ် ကိစ္စ အဆင်မပြေဖြစ်နေတဲ့ ဘရာဇီးလ် စူပါစတား ဗီနီစီးယက်စ် ဂျူနီယာကို ခေါ်ယူနိုင်ချေရှိမရှိ တီးခေါက်ကြည့်တော့မှာဖြစ်မှာဖြစ်ပါတယ်။

လက်ရှိအချိန်မှာ အာဆင်နယ်နဲ့ ရီးရဲလ်မက်ဒရစ်တို့ကြား တရားဝင် ဆွေးနွေးမှုတွေ မစတင်ရသေးပေမယ့်
ဗီနီစီးယက်စ်ကို ခေါ်ယူရေး စီမံကိန်းကိုတော့ အာဆင်နယ်အသင်းတာဝန်ရှိသူတွေအားလုံး သဘောတူခွင့်ပြုထားပြီးဖြစ်ပါတယ်။

ဗီနီစီးယက်စ်အနေနဲ့ ရီးရဲလ်မက်ဒရစ်မှာ စာချုပ်သက်တမ်းမတိုးဖြစ်ဘူးဆိုရင် အာဆင်နယ်ဘက်က လက်တွေ့ကျကျ ဝင်ရောက် ကမ်းလှမ်းသွားဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။
ရီးရဲလ်ဘက်ကတော့ စာချုပ်တစ်နှစ်ပဲကျန်တော့တဲ့ သူတို့ရဲ့ကစားသမားကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်မှာမဟုတ်ပါဘူး။ စာချုပ်သစ်ကိစ္စအဆင်မပြေခဲ့ဘူးဆိုရင် ထုတ်ရောင်းနိုင်ဖွယ်ရှိပြီး အာဆင်နယ်အသင်းက ရေပန်းအစားဆုံးဖြစ်နေပါတယ်။ အပြောင်းအရွှေ့ အမှန်တကယ် ဖြစ်မြောက်လာမလား ဆိုတာကတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

25/07/2026

***အယ်လ်ဗာရက်စ်ကိုခေါ်ယူဖို့ ဗြိတိန်စံချိန်တင်ကြေးပေးဖို့အထိ ပြင်ဆင်ထားတဲ့ အာဆင်နယ်***
အာဆင်နယ်အသင်းဟာ အက်သလက်တီကို မက်ဒရစ် တိုက်စစ်မှူး ဂျူလီယန် အယ်လ်ဗာရက်စ် ဘက်က အာဆင်နယ်ဆီ ပြောင်းရွှေ့ဖို့ မီးစိမ်းပြလိုက်တာနဲ့ ချက်ချင်း ကမ်းလှမ်းနိုင်ဖို့ ပြင်ဆင်ထားပါတယ်။ အာဆင်နယ်ရဲ့ အားကစားဒါရိုက်တာဖြစ်သူ အန်ဒရီယာ ဘာတာဟာ ကစားသမားရဲ့ ကိုယ်စားလှယ်တွေနဲ့ ပုံမှန် အဆက်အသွယ် ပြုလုပ်လျက် ရှိပါတယ်။

အာဆင်နယ်ဟာ အယ်လ်ဗာရက်စ်ကို ခေါ်ယူနိုင်ဖို့အတွက် လိုအပ်လာရင် ဗြိတိန် အပြောင်းအရွှေ့ စံချိန်ကိုပင် မဆိုင်းမတွ ချိုးဖျက်သွားဖို့ အသင့်ရှိနေပါတယ်။ ဒါပေမဲ့ အသင်းဘက်က ယုံကြည်ထားတာကတော့ အက်သလက်တီကိုနဲ့ သဘောတူညီမှုဟာ အဲဒီ စံချိန်တင် ကြေးထက် အများကြီး
လျော့နည်းတဲ့ ပမာဏနဲ့တင် အဆင်ပြေသွားနိုင်တယ်လို့ ထင်မြင်နေကြပါတယ်။

အာဆင်နယ်ရဲ့ အယ်လ်ဗာရက်စ်အတွက် ပြင်ဆင်ထားတဲ့ ဘတ်ဂျက်ဟာ နွေရာသီ အပြောင်းအရွှေ့ ဘတ်ဂျက်အပေါ်မှာ သက်ရောက်မှာမဟုတ်ဘဲ အယ်လ်ဗာရက်စ်ကို ခေါ်ယူခြင်းဟာ အခြား ကစားသမားသမားတွေကို ခေါ်ယူခြင်း အစီအစဉ်တွေမှာ လုံးဝ ထိခိုက်မှု ရှိလာမှာမဟုတ်ပါဘူး။

အာဆင်နယ်ဟာ အယ်လ်ဗာရင်အပြင် တောင်ပံကစားတစ်ဦး ထပ်မံခေါ်ယူဖွယ်ရှိနေပါတယ်။ လက်ရှိမှာတော့ တောင်ပံတိုက်စ်ပိုင်းအတွက် RB Leipzig ရဲ့ နော်ဝေး တောင်ပံကစားသမား အန်တိုနီယို နူဆာ ကိုပါ ပစ်မှတ်ထားစာရင်းထဲ ထည့်သွင်းလိုက်ပြီ ဖြစ်ပါတယ်။Leipzig ဘက်ကတော့ အသက် ၂၁ နှစ်အရွယ် နော်ဝေး တောင်ပံလူ နူဆာအတွက် ပြောင်းရွှေ့ကြေးပေါင် ၅၁ သန်းသတ်မှတ်ထားပါတယ်။အသက်အရွယ်နဲ့ ဈေးနှုန်းအရ နူဆာအပြောင်းအရွှေ့ဟာလည်း အကောင်အထည်ပေါ်လာနိုင်ချေရှိပါတယ်။

24/07/2026

***Total Football ဒဿနနှင့် ယောကရက်စ်-အယ်ဗာရက်စ်လဲလှယ်ချင်နေခြင်းအကြောင်းအရာ***
အာဆင်နယ်အသင်းရဲ့နည်းပြ မီကယ် အာတေတာဟာ ခေတ်သစ် Total Football ကစားဟန်ကို ပုံဖော်နိုင်ဖို့အတွက် အက်သလက်တီကို မက်ဒရစ်ရဲ့ အာဂျင်တီးနား တိုက်စစ်မှူး ဂျူလီယန် အယ်လ်ဗာရက်စ် ကို ခေါ်ယူချင်နေပြီး လက်ရှိ တိုက်စစ်မှူး ဗစ်တာ ယောကရက်စ်နဲ့ လဲလှယ်ဖို့အထိ စဉ်းစားလာခဲ့ပါတယ်။ဒီအပြောင်းအရွှေ့ကို စဉ်းစားကြည့်ရင် အာတေတာ ပုံဖော်ချင်နေတဲ့ Total Football နဲ့စပ်လျဉ်းပြီး တွေးခေါ်ကြံဆကြည့်ပါမယ်။

Total Football ဆိုတာ ဘာလဲ? နားလည်လွယ်အောင်ပြောရရင်တော့ စုပေါင်းကစားခြင်းဖြစ်ပြီး "တစ်သင်းလုံးတတ် တစ်သင်းလုံးဆင်း" ဆိုတာမျိုးပါ။ဂိုးသမားကစလို့ ကျန်တဲ့ ကစားသမား ၁၀ ယောက်စလုံးဟာ အသင်းရဲ့ ဘယ်နေရာမှာမဆို ဝင်ရောက် ကစားနိုင်ရပါမယ်။ ကစားသမားတစ်ယောက်ဟာ နေရာတစ်နေရာထက်ပိုကစားနိုင်တာမျိုးဖြစ်ပြီး အာ‌တေတာခေါ်ယူခဲ့တဲ့ ဇင်ချန်ကို၊ ဂျေဆူးတို့ကို လက်ညိုးထိုးပြရမှာပါ။အသင်းဖော်တွေအတွက် နေရာလွတ် (Space) တွေကို လိုသလို ဖန်တီးပေးရတာဖြစ်ပြီး 2022/23 ရာသီ အစောပိုင်းကာလအာတေတာရဲ့ အာဆင်နယ်အသင်းဟာ Total Football ကို ကောင်းကောင်းကြီးကစားပြနိုင်ခဲ့ပါတယ်။‌ ဂျေဆူး(ဒဏ်ရာမရခင်)နဲ့ ကိုင်ဟာဗက်တို့ဟာလည်း အာတေတာရဲ့ Total Football မှာ ထူးထူးချွန်ချွန်ကစားနိုင်ခဲ့ပါတယ်။ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ဟာဗက်ကိုသုံးခဲ့တာလည်း ဒါ့ကြောင့်ပဲဖြစ်ပါလိမ့်မယ်။

ဒီ Total Football ဒဿနကို ခေတ်သစ် ဘောလုံးလောကမှာ ပက် ဂွါဒီယိုလာ နဲ့ ဂျာဂန် ကလော့ပ် တို့က မတူညီတဲ့ နည်းလမ်းတွေနဲ့ အကောင်းဆုံး ပုံဖော် အောင်မြင်ပြခဲ့ကြပါတယ်။

ဂွါဒီယိုလာဟာ ဘာစီလိုနာမှာ လီယိုနယ် မက်ဆီ ကို "False 9" အဖြစ် သုံးပြီး Total Football ရဲ့ ပြီးပြည့်စုံဆုံး ကစားဟန်ကို ပြသခဲ့သလို မန်စီးတီးမှာလည်း ဆာဂျီယို အဂူရို ရဲ့ ကစားဟန်ကို ပြောင်းလဲစေခဲ့ပြီး နောက်ပိုင်းမှာ ဖိလ် ဖိုဒန် တို့လို စွယ်စုံရ ကစားသမားတွေကို နေရာစုံမှာ အသုံးချကာ ဆုဖလားတွေ သိမ်းပိုက်ခဲ့ပါတယ်။

အလားတူ ကလော့ပ်ဟာလည်း လီဗာပူးမှာ ရော်ဘတ်တို ဖာမီနို လို အသင်းလိုက် ချိတ်ဆက်မှု အားကောင်းတဲ့ ကစားသမားမျိုးနဲ့ Total Football ကိုအခြေခံကာ ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ် ဖလားတွေ ဆွတ်ခူးခဲ့ပါတယ်။

ရီးရဲလ် မက်ဒရစ် တိုက်စစ်မှုး ကာရင် ဘန်ဇီးမားနဲ့ စပါးမှာ တိုက်စစ်မှုးဟောင်း ဟယ်ရီ ကိန်းတို့လို တိုက်စစ်မှူးတွေဟာလည်း ချိတ်ဆက်မှုအားကောင်းပြီး Total Football တိုက်စစ်မှူး စတိုင်နဲ့ အောင်မြင်ခဲ့သူတွေ ဖြစ်ပါတယ်။

အာတေတာဟာ ၂၀၂၂-၂၃ ရာသီတုန်းက ဂါဘရီယယ် ဂျေးဆူးနဲ့အတူ အလွန်လှပပြီး အချိတ်အဆက်မိတဲ့ Total Football ကစားဟန်ကို ပြသနိုင်ခဲ့ဖူးပါတယ်။ အဲဒီတုန်းက ဂျေးဆူးဟာ ကွင်းလယ်ဆင်းကစားပေးတာ၊ တောင်ပံထွက်ကစားပြီး ဆာကာ၊ မာတီနယ်လီကို ကစားပေါက်ချောင်စေတာ၊ အသင်းနဲ့ ချိတ်ဆက်ကစားမှုအား‌ကောင်းတာတွေကြောင့် အာဆင်နယ်ရဲ့ တိုက်စစ်ဟာ ပြိုင်ဘက်တွေအတွက် တားဆီးရ အခက်ခဲဆုံး ဖြစ်ခဲ့တာပါ။

ဒါပေမဲ့ အဲဒီအချိန်တုန်းက ကစားသမား Quality နဲ့ အရံအင်အား နည်းပါးခဲ့တာ၊ အဓိက ပွဲထွက် ၁၁ ယောက် ကောင်းမွန်ခဲ့ပေမဲ့ ဒဏ်ရာပြဿနာတွေ ကြုံခဲ့ရတာတွေအပြင် အာတေတာကိုယ်တိုင်ဟာလည်း ဖိအားများတဲ့ ရာသီအကုန် ပွဲစဉ်တွေကို ထိန်းကျောင်းဖို့ အတွေ့အကြုံ နည်းပါးနေသေးတာကြောင့် ချန်ပီယံဆုနဲ့ လွဲချော်ခဲ့ရပါတယ်။

လက်ရှိအချိန်မှာတော့ အာဆင်နယ်ဟာ နေရာစုံမှာ ထိပ်တန်း ကစားသမားတွေကို အားဖြည့်ထားပြီးဖြစ်သလို အရံအင်အားလည်း တောင့်တင်းနေပြီဖြစ်တာကြောင့် အာတေတာဟာ သူ မပြီးပြတ်ခဲ့တဲ့ Total Football project ကို ပြန်လည် ပုံဖော်ချင်နေဟန်ရှိပါတယ်။

လက်ရှိ တိုက်စစ်မှူး‌ ယောကရက်စ်ဟာ ဂိုးသွင်းစွမ်းရည် ထက်မြက်ပြီး အသင်းအတွက် မနားတမ်း ကြိုးစားပေးတာ မှန်ပေမဲ့ တိုက်စစ်မှူးစစ်စစ် (Pure Number 9) အမျိုးအစား ဖြစ်တာကြောင့် အသင်းနဲ့ ချိတ်ဆက်ကစားပုံနဲ့ Mobility ပိုင်းမှာတော့ အနည်းငယ် လိုအပ်ချက် ရှိနေပါသေးတယ်။Total Football ရဲ့ သဘောတရားအရ တိုက်စစ်မှူးဟာ ဂိုးသွင်းရုံတင် မကဘဲ ကစားကွက် ဖန်တီးသူအဖြစ်ပါ ပါဝင်နိုင်ရမှာ ဖြစ်ပါတယ်။

အာတေတာတစ်‌ယောက် ယောကရက်စ်ထက် အယ်လ်ဗာရက်စ်ကို ပိုမို သဘောကျနေခြင်းရဲ့ ဖြစ်နိုင်ချေ အကြောင်းအရင်းတစ်ချို့ကတော့

-လုပ်အားနှုန်း (Work Rate)
အယ်လ်ဗာရက်စ်ဟာ ပြိုင်ဘက် ခံစစ်ကြောင်းကို မနားတမ်း ဖိအားပေးတဲ့ (High Pressing)နေရာမှာ ထူးချွန်တဲ့ တိုက်စစ်မှူးဖြစ်ပြီး ဒီအချက်ကပဲ ယောကရက်စ်ကို အသာရစေတာပါ။

-Total Football နဲ့ ကိုက်ညီတဲ့ ကစားဟန်
တိုက်စစ်နေရာတင်မကဘဲ ကွင်းလယ်အထိ ဆင်းပြီး ဘောလုံးတောင်းတာ၊ တောင်ပံတွေနဲ့ နေရာချင်း လဲလှယ်ကစားနိုင်တာ စတဲ့ စွယ်စုံရမှု (Versatility) အရမ်းကောင်းတာကြောင့် အာတေတာရဲ့ နည်းဗျူဟာနဲ့ အပြည့်အဝ ကိုက်ညီနေပါတယ်။

-အသက်အရွယ်နဲ့ အတွေ့အကြုံ
အသက်ငယ်ရွယ်အားဖြင့် ၂၆ နှစ်သာရှိသေးပြီး
နောက်ထပ် ၄/၅ နှစ်လောက် အသုံးတော်ခံနိုင်မယ့် ကစားသမားမျိုးပါ။မန်စီးတီးနဲ့ အာဂျင်တီးနားတို့မှာ ကမ္ဘာ့ဖလားနဲ့ ချန်ပီယံလိဂ်လို ဆုဖလားကြီးတွေကို ဆွတ်ခူးထားဖူးတဲ့ "Winning Mentality" ကို ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။

ယောကရက်စ်ဟာ ဂိုးသွင်းကောင်းတဲ့ တိုက်စစ်မှုး‌ကောင်း
တစ်ယောက်ဆိုတာ ငြင်းမရပေမဲ့ အာတေတာ အမှန်တကယ် လိုချင်နေတဲ့ Total Football စတိုင်၊ မနားတမ်း လှုပ်ရှားပြီး အသင်းလိုက် ချိတ်ဆက်ကစားနိုင်မယ့် တိုက်စစ်ပုံစံအတွက်ကတော့ ဂျူလီယန် အယ်လ်ဗာရက်စ် ဟာ အဆိပ်ထဲက အဆိပ်၊ ကတ္တီပါထဲက စိမ်းပြာဆိုသလို ကွက်တိ ဖြစ်နေတာကြောင့် ဒီ အပြောင်းအရွှေ့ စီမံကိန်းကို ပုံဖော်ချင်နေတာ ဖြစ်ပါတယ်။အာဆင်နယ် ပရိသတ်တွေရော ဒီ တိုက်စစ်မှူးနှစ်ဦးရဲ့ ကစားဟန် ကွဲပြားမှုနဲ့ အာတေတာရဲ့ စီမံကိန်းအပေါ် ဘယ်လိုမြင်ကြလဲ? ကွန်မန့်မှာ ဆွေးနွေးခဲ့ကြပါဦး!

Want your business to be the top-listed Gym/sports Facility in Yangon?

Click here to claim your Sponsored Listing.

Location

Category

Website

Address

Yangon