04/10/2026
AFC U-17 အမျိုးသမီး အာရှဖလား ခြေစစ်ပွဲမတိုင်မီ မြန်မာ U-17 အမျိုးသမီးအသင်း နည်းပြချုပ် Tetsuro Uki နှင့် အသင်းခေါင်းဆောင် ရှင်းသန့်ဖြူစင်ပြုံးတို့၏ ပွဲကြိုသတင်းစာရှင်းလင်းပွဲ ပြောကြားချက်များ
----
AFC U17 Women's Asian Cup Qualifier ပြိုင်ပွဲ၏ ပွဲကြိုသတင်းစာရှင်းလင်းပွဲကို အောက်တိုဘာလ ၄ ရက်တွင် သုဝဏ္ဏကွင်းရှိ သတင်းစာရှင်းလင်းပွဲခန်းမ၌ ကျင်းပခဲ့ရာ မြန်မာ U-17 အမျိုးသမီးအသင်း နည်းပြချုပ် Tetsuro Uki နှင့် အသင်းခေါင်းဆောင် ရှင်းသန့်ဖြူစင်ပြုံးတို့ တက်ရောက်ခဲ့ပြီး အိမ်ကွင်း၌ ယှဉ်ပြိုင်ခွင့်ရရှိမှု၊ အသင်း၏ ပြင်ဆင်ထားရှိမှုနှင့် ပြိုင်ပွဲအတွက် မျှော်လင့်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
နည်းပြချုပ် Tetsuro Uki က ပွဲစဉ်များ အဆင်ပြေချောမွေ့စွာ ယှဉ်ပြိုင်နိုင်ရေးအတွက် ကူညီပေးခဲ့ကြသူများနှင့် ကွင်းအတွင်း လာရောက်အားပေးကြမည့် ပရိသတ်များအား ကျေးဇူးတင်စကား ပထမဦးစွာ ပြောကြားခဲ့သည်။ ထို့ပြင် အုပ်စုတွင်း ယှဉ်ပြိုင်ရမည့် ပြိုင်ဘက်အသင်းများတွင် သီးခြားအားသာချက်များရှိသဖြင့် စနစ်တကျ ပြင်ဆင်ကာ အကောင်းဆုံး ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အသင်းခေါင်းဆောင် ရှင်းသန့်ဖြူစင်ပြုံးကလည်း အသင်းအနေဖြင့် ပြင်ဆင်ချိန် လုံလောက်စွာ ရရှိခဲ့သည့်အတွက် ပွဲတိုင်းတွင် အကောင်းဆုံး ယှဉ်ပြိုင်ကာ ရလဒ်ကောင်း ရရှိရန် ကြိုးစားသွားမည်ဖြစ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။
နည်းပြချုပ် Tetsuro Uki ၏ ပြောကြားချက်များ
အိမ်ကွင်း ပွဲစဉ်များနှင့် ပတ်သက်၍ -
"ပထမဦးစွာ ကျွန်တော်တို့ အိမ်ကွင်းမှာ ယှဉ်ပြိုင်ခွင့်ရရှိအောင် ကူညီပေးခဲ့ကြသူများအားလုံးနဲ့ လာရောက်ကြည့်ရှု အားပေးကြမယ့် ပရိသတ်တွေကိုလည်း ကျေးဇူးအထူးတင်ပါတယ်။"
ပြိုင်ဘက်အသင်းများနှင့် ပွဲစဉ် ပြင်ဆင်ထားရှိမှုနှင့် ပတ်သက်၍ -
"အခုဆိုရင် ကျွန်တော်တို့အသင်းဟာ အုပ်စုတွင်း ပြိုင်ဘက်နှစ်သင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ အဲဒီအသင်းတွေမှာလည်း မိမိတို့နဲ့မတူတဲ့ သီးခြားအားသာချက်တွေ အသီးသီး ရှိကြပါတယ်။ ကျွန်တော်တို့အနေနဲ့ ပြိုင်ဘက်ရဲ့ အားသာချက်၊ အားနည်းချက်တွေကို သုံးသပ်ပြီး သေချာပြင်ဆင်ပြီးတော့ အကောင်းဆုံး ယှဉ်ပြိုင်သွားမှာပါ။"
ကစားသမား အင်အားနှင့် စုဖွဲ့မှု အခြေအနေနှင့် ပတ်သက်၍ -
"အသင်းရဲ့ ကစားသမားစုဖွဲ့မှုနဲ့ ပတ်သက်လို့တော့ ဒီပြိုင်ပွဲမစတင်မီကတည်းက စနစ်တကျ ပြင်ဆင်လာခဲ့တဲ့ အသင်းနဲ့ပဲ ကစားသွားမှာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း အဲဒီအထဲက ကစားသမားအချို့ ဒဏ်ရာရရှိသွားတာကြောင့် ဒီပွဲမှာ မပါနိုင်ပါဘူး။ သို့သော်လည်း ဒဏ်ရာရသူတွေရဲ့နေရာမှာ အစားထိုးဝင်ရောက်လာတဲ့ ကစားသမားအသစ်တွေဟာ ရရှိလာတဲ့ အခွင့်အရေးကို အကောင်းဆုံးအသုံးချပြီး ကြိုးစားနေကြတာမို့ ယုံကြည်မှုရှိရှိနဲ့ အကောင်းဆုံး ယှဉ်ပြိုင်သွားမှာပါ။"
အသင်းအတွင်း စိတ်ဓာတ်နှင့် ပတ်သက်၍ -
"ကျွန်တော့်အနေနဲ့ ကစားသမားတွေအကြား အချင်းချင်း ဆက်သွယ်ပြောဆိုမှု (Communication) ကောင်းမွန်ဖို့နဲ့ တက်ညီလက်ညီ ရှိရေးကို အမြဲတမ်း ဦးစားပေး မှာကြားခဲ့ပါတယ်။ အဲဒီလို ကောင်းမွန်လာတာနဲ့အမျှ တိုးတက်လာတဲ့ အပိုင်းတွေရှိသလို လိုအပ်နေသေးတဲ့ အပိုင်းတွေလည်း ရှိပါသေးတယ်။ ဒါပေမဲ့လည်း ကစားသမားတွေ အားလုံးရဲ့ အကောင်းဆုံး ကြိုးစားအားထုတ်မှုကို မြင်တွေ့ရတဲ့အတွက် အသင်းအပေါ် အပြည့်အဝ ယုံကြည်မှုရှိပါတယ်။"
အသင်းခေါင်းဆောင် ရှင်းသန့်ဖြူစင်ပြုံး၏ ပြောကြားချက်များ
ပွဲစဉ်တိုင်းအတွက် မျှော်မှန်းချက်နှင့် ပတ်သက်၍ -
"ကျွန်မတို့အနေနဲ့ကတော့ ပွဲတိုင်းကို အကောင်းဆုံး ယှဉ်ပြိုင်သွားမှာပါ။ ပွဲစဉ်တိုင်းမှာ သုံးမှတ် ရရှိအောင်လည်း အကောင်းဆုံး ကြိုးစားသွားမှာပါ။"
နည်းပြ၏ နည်းဗျူဟာများ လိုက်နာမှုနှင့် ပတ်သက်၍ -
"အဓိကကတော့ ကျွန်မတို့ နည်းပြပြသတဲ့ နည်းဗျူဟာတွေကို သေချာ လိုက်နာပြီးတော့ ယှဉ်ပြိုင်သွားမှာပါ။"
အသင်း၏ ပြင်ဆင်မှုနှင့် မျှော်လင့်ချက်များနှင့် ပတ်သက်၍ -
"ပြင်ဆင်ချိန် အများကြီး ရခဲ့တဲ့အတွက်လည်း စိတ်ဓာတ်ပိုင်းရော၊ ကစားတာရော ပိုမိုကောင်းမွန်လာမယ်လို့ မျှော်လင့်ပါတယ်။"