21/05/2026
မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်မှ အသိပေးမေတ္တာရပ်ခံခြင်း
-----------------------------------------------------------
မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်၏ အဓိကရည်ရွယ်ချက်မှာ မြန်မာ့ပိုက်ကျော်ခြင်းအားကစား အဆင့်မြင့်တက်လာစေရန်၊ နိုင်ငံတကာပြိုင်ပွဲများတွင် အောင်မြင်စွာ ယှဉ်ပြိုင်နိုင်စေရန်နှင့် ပြိုင်ပွဲများကို စနစ်တကျ အောင်မြင်စွာ ဆောင်ရွက်နိုင်စေရန် ဖြစ်ပါသည်။
ယခုအခါ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် ကျင်းပလျက်ရှိသော Sepaktakraw World Cup 2026 ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင်ပိုက်ကျော်ခြင်းအသင်းသည် နိုင်ငံကိုယ်စားပြုအဖြစ် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိပါသည်။
ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် လိုအပ်သော ကုန်ကျစရိတ်များကို အဖွဲ့ချုပ်မှ တာဝန်ယူစီစဉ်ပေးထားပြီး၊ ကစားသမားများ ပိုမိုအဆင်ပြေစွာ ယှဉ်ပြိုင်နိုင်ရန် ပံ့ပိုးကူညီပေးကြသော အားပေးထောက်ပံ့သူများနှင့် Sponsor များ၏ ကူညီပံ့ပိုးမှုများလည်း ရရှိထားပါသည်။
ပြိုင်ပွဲခရီးစဉ်အတွင်း အသင်းအတွက် စားသောက်ရေးစရိတ်များကို စီစဉ်ပေးခဲ့သည့်အပြင် ကစားသမားတစ်ဦးလျှင် အသေးသုံးစရိတ် အမေရိကန်ဒေါ်လာ ၁၀၀ စီကိုလည်း ချီးမြှင့်ပေးခဲ့ပါသည်။
ထို့အပြင် မြန်မာ့လက်ရွေးစင်အသင်းသည် Regu Team ပြိုင်ပွဲတွင် Final အဆင့်သို့ တက်ရောက်နိုင်ခဲ့သည့်အတွက် ကစားသမားများ၏ ကြိုးစားအားထုတ်မှုကို ဂုဏ်ပြုသောအားဖြင့် အဖွဲ့ချုပ်မှ ငွေကျပ် သိန်း ၅၀ ကို အချိန်နှင့်တပြေးညီ ဂုဏ်ပြုချီးမြှင့်ပေးခဲ့ပြီး ဖြစ်ပါသည်။
မြန်မာ့လက်ရွေးစင်အသင်း ပြိုင်ပွဲပြီးဆုံး၍ ပြန်လည်ရောက်ရှိလာချိန်တွင်လည်း အားပေးထောက်ပံ့ကြသော အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ထပ်မံဂုဏ်ပြုချီးမြှင့်နိုင်ရန် ပြိုင်ပွဲမသွားရောက်မီကတည်းက ကြိုတင်စီစဉ်ထားပြီး ဖြစ်ပါသည်။
လက်ရွေးစင်အားကစားသမားများသည် လေ့ကျင့်ရေးစခန်းဝင်ချိန်မှစ၍ မိသားစုများနှင့် ခွဲခွာနေထိုင်ကာ နိုင်ငံ့ဂုဏ်ဆောင်နိုင်ရေးအတွက် ပြင်းပြင်းထန်ထန် လေ့ကျင့်ကြိုးစားခဲ့ကြသူများ ဖြစ်ပါသည်။ ပြိုင်ပွဲတိုင်းတွင် အနိုင်နှင့်အရှုံးသည် အားကစား၏ သဘာဝဖြစ်သော်လည်း ကစားသမားများ၏ ကြိုးစားအားထုတ်မှု၊ စိတ်ဓာတ်နှင့် နိုင်ငံကိုယ်စားပြု ယှဉ်ပြိုင်နေမှုတို့သည် ကျွန်ုပ်တို့အားလုံးအတွက် ဂုဏ်ယူစရာပင် ဖြစ်ပါသည်။
အောင်မြင်ချိန်တွင် တစ်ခဲနက် ဝန်းရံအားပေးကြသကဲ့သို့၊ အခက်အခဲကြုံတွေ့ရချိန်တွင်လည်း ကစားသမားများအတွက် ခွန်အားဖြစ်စေမည့် အားပေးစကားများ၊ အပြုသဘောဆောင်သော အကြံပြုချက်များနှင့် မေတ္တာပို့သမှုများသည် အလွန်တန်ဖိုးရှိပါသည်။
ပိုက်ကျော်ခြင်းအားကစားကို ချစ်မြတ်နိုးကြသော မိဘပြည်သူများအနေဖြင့် ကစားသမားများနှင့် အဖွဲ့ချုပ်အပေါ် စေတနာအရင်းခံ၍ အပြုသဘောဆောင်သော ဝေဖန်အကြံပြုမှုများ ပြုလုပ်ပေးခြင်းကို အဖွဲ့ချုပ်အနေဖြင့် လေးစားစွာ ကြိုဆိုပါသည်။
ထို့အပြင် ပြိုင်ပွဲပြီးဆုံး၍ အသင်း ပြန်လည်ရောက်ရှိလာပြီးနောက် ပြိုင်ပွဲကာလအတွင်း ဖြစ်ပေါ်ခဲ့သည့် အခြေအနေများကို သက်ဆိုင်ရာ တာဝန်ရှိသူများ၊ နည်းပြအဖွဲ့နှင့် ကစားသမားများနှင့်အတူ ပြန်လည်သုံးသပ်ဆွေးနွေးသွားမည် ဖြစ်ပါသည်။ လိုအပ်သည့် ကိစ္စရပ်များအပေါ်တွင်လည်း သက်ဆိုင်ရာ ကစားသမားများအား ခေါ်ယူတွေ့ဆုံကာ ပိုမိုကောင်းမွန်သော အသင်းစည်းကမ်း၊ စိတ်ဓာတ်နှင့် ပြိုင်ပွဲအတွေ့အကြုံများ တည်ဆောက်နိုင်ရေးအတွက် လမ်းညွှန်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
ပိုက်ကျော်ခြင်းအားကစားကို ချစ်မြတ်နိုးကြသူ လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းအသီးသီး၏ ကောင်းမွန်သော အားပေးထောက်ပံ့မှုများသည် မြန်မာ့လက်ရွေးစင်အသင်း ပိုမိုအောင်မြင်မှုများ ရရှိနိုင်ရေးအတွက် အဓိကတွန်းအားနှင့် အကောင်းဆုံးသော အထောက်အပံ့များ ဖြစ်ပါသည်။
ယခုအချိန်သည် မြန်မာ့လက်ရွေးစင်အသင်းအနေဖြင့် ပြိုင်ပွဲများကို အာရုံစိုက်၍ ဆက်လက်ယှဉ်ပြိုင်နေရသော အရေးကြီးသည့်အချိန် ဖြစ်ပါသဖြင့် ကစားသမားများ ခွန်အားရရှိစေမည့် အပြုသဘောဆောင်သော ဆုတောင်းမေတ္တာပို့သမှုများနှင့်အတူ တစ်ခဲနက် ဝန်းရံအားပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်
26/04/2026
26/04/2026
26/04/2026
25/04/2026