Myanmar Global News

Directions

Myanmar Global News Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Myanmar Global News, Yangon.

စည်းစိမ်များကို စွန့်လွှတ်ပြီး ပုပ္ပါးတောရကျောင်းတွင် တရားအားထုတ်နေသည့် Power Light ပိုင်ရှင်ဟောင်းဖူးမြော်ကြည်ညိုနိုင်ရ...
03/11/2026

စည်းစိမ်များကို စွန့်လွှတ်ပြီး ပုပ္ပါးတောရကျောင်းတွင် တရားအားထုတ်နေသည့် Power Light ပိုင်ရှင်ဟောင်း

ဖူးမြော်ကြည်ညိုနိုင်ရန် ပြန်လည်မျှဝေပေးလိုက်ပါတယ်ခင်ဗျာ

ပုံ /Facebook

ထားဝယ်ဒေသ ရေကြီးမြေပြိုမှု- ကဒက်ငယ်ထိန်ကျေးရွာတွင် နောက်ထပ် အမျိုးသားတစ်ဦး၏ ရုပ်အလောင်း ထပ်မံတွေ့ရှိတနင်္သာရီတိုင်း၊ လော...
03/11/2026

ထားဝယ်ဒေသ ရေကြီးမြေပြိုမှု- ကဒက်ငယ်ထိန်ကျေးရွာတွင် နောက်ထပ် အမျိုးသားတစ်ဦး၏ ရုပ်အလောင်း ထပ်မံတွေ့ရှိ

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ကဒက်ငယ်ထိန်ကျေးရွာတွင် ဖြစ်ပွားခဲ့သော ရေကြီးတောင်ပြိုမှုအတွင်း ပျောက်ဆုံးနေသူများထဲမှ အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို နိုဝင်ဘာလ ၁ ရက်နေ့တွင် ထပ်မံတွေ့ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ ရုပ်အလောင်းကို နိုဝင်ဘာလ ၁ ရက်နေ့ နံနက်ပိုင်းတွင် ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ပြီး၊ ယင်းမတိုင်မီ အောက်တိုဘာလ ၃၁ ရက်နေ့ကလည်း ကိုဖိုးသွယ် (ခေါ်) ကိုသွယ်တာစိုး၏ ရုပ်အလောင်းကို တောင်ကျောင်းဘုန်းကြီးကျောင်းဝင်းအတွင်း ရှာဖွေတွေ့ရှိခဲ့သည်။ ယခုအခါ ကဒက်ငယ်ထိန်ရွာတွင် သေဆုံးသူ စုစုပေါင်း ၁၄ ဦးအထိ ရှိလာပြီဖြစ်သည်။

ကဒက်ငယ်ထိန်ရွာတွင် ရေကြီးမြေပြိုမှုကြောင့် ကျေးရွာနေပြည်သူ ၁၅ ဦး ပျောက်ဆုံးခဲ့ရာ ယခုတွေ့ရှိထားသည့် ၁၄ ဦးအပြင် ကျန်ရှိနေသည့် တစ်ဦးကို ကယ်ဆယ်ရေးအဖွဲ့များက စက်ယန္တရားများအသုံးပြုကာ ဆက်လက်ရှာဖွေလျက်ရှိသည်။ စက်တင်ဘာလ ၂၆ ရက်နေ့မှစတင်၍ ထားဝယ်ဒေသတစ်ဝန်း မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုနှင့် တောင်ပြိုမှုများ ဖြစ်ပွားခဲ့ရာ ကဒက်ငယ်ထိန်ရွာသည် အဆိုးရွားဆုံး ထိခိုက်ခံစားခဲ့ရသည့် ကျေးရွာများအနက် တစ်ရွာဖြစ်သည်။

ထားဝယ်ဒေသအတွင်း တောင်ပြိုမှုနှင့် မြေပြိုမှုများကြောင့် လောင်းလုံးမြို့နယ်ရှိ ကရင်ကြီး၊ ကဒက်ငယ်ထိန်၊ တောကျဲ၊ ကျောက်နီမော်၊ ချောင်းဖျားကြီးနှင့် ကျောက်တွင်းကျေးရွာ အပါအဝင် ကျေးရွာပေါင်း ၁၀ ရွာခန့်မှာ ထိခိုက်ပျက်စီးမှု အများဆုံးဖြစ်ခဲ့သည်။

ထားဝယ်အမျိုးသားအဖွဲ့ချုပ်၏ ထုတ်ပြန်ချက်အရ အောက်တိုဘာလ ၂ ရက်နေ့အထိ စာရင်းများအရ ဒေသတစ်ခုလုံးတွင် သေဆုံးသူ ၄၀ ကျော်ရှိကာ၊ နေအိမ် ၄၀၀ ကျော်၊ ငါးဖမ်းစက်လှေ ၅၀ ခန့်နှင့် တံတား ၁၀ စင်းထက်မနည်း ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

မန္တလေး မဟာမုနိဘုရားကြီးတွင် လျှပ်စစ်မီးပူဇော်ရန် တစ်နာရီ ကျပ် ၅ သောင်း အလှူခံမှုအပေါ် ဝေဖန်မှုများ မြင့်တက်မန္တလေးမြို့...
03/11/2026

မန္တလေး မဟာမုနိဘုရားကြီးတွင် လျှပ်စစ်မီးပူဇော်ရန် တစ်နာရီ ကျပ် ၅ သောင်း အလှူခံမှုအပေါ် ဝေဖန်မှုများ မြင့်တက်

မန္တလေးမြို့ရှိ သမိုင်းဝင် မဟာမုနိရုပ်ပွားတော်မြတ်ကြီးအား လျှပ်စစ်မီးပူဇော်ရန်အတွက် တစ်နာရီလျှင် ငွေကျပ် ၅ သောင်းနှုန်းဖြင့် လှူဒါန်းနိုင်ကြောင်း ဂေါပကအဖွဲ့၏ အသိပေးချက်အပေါ် သံဃာတော်များနှင့် ဗုဒ္ဓဘာသာဝင်များအကြား ဝေဖန်မှုများ ပြင်းထန်စွာ ထွက်ပေါ်နေသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁ ရက်နေ့ ညပိုင်းတွင် မဟာမုနိဘုရားကြီး ဂေါပကအဖွဲ့၏ လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် ရှေ့တော်အလှူခံဌာနတွင် လျှပ်စစ်မီးပူဇော်ရန်အတွက် အဆိုပါနှုန်းထားဖြင့် လှူဒါန်းနိုင်ကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။

ယင်းကဲ့သို့ အလှူခံမှုအပေါ် သံဃာတော်တစ်ပါးက "ဘုရားကြီးမှာ ဆိုင်ခန်းခ၊ လေလံကြေးနဲ့ ရွှေဆိုင်းရောင်းရငွေတွေအပြင် အလှူခံပုံးတွေထဲက ရရှိတဲ့ ဝင်ငွေတွေဟာ သိန်းပေါင်းများစွာ ရှိနေတာပါ။ အခုလို မလိုအပ်တဲ့ ခေါင်းစဉ်တွေတပ်ပြီး အလှူခံနေတာဟာ ဘာသာဝင်တွေရဲ့ သဒ္ဓါတရားကို ဖျက်ဆီးရာရောက်သလို မန္တလေးမြို့ရဲ့ သိက္ခာကိုလည်း ထိခိုက်စေပါတယ်" ဟု မိန့်ကြားထားသည်။

ထို့ပြင် ပဲခူးမြို့နယ်မှ ဂါမဝါသီဆရာတော်တစ်ပါးကလည်း အလှူခံမှုနှုန်းထားမှာ လိုအပ်သည်ထက် ပိုမိုနေကြောင်းနှင့် ယခုကဲ့သို့ လုပ်ဆောင်မှုများကြောင့် ကြာလာပါက ဘုရားအပေါ် ကြည်ညိုမှု လျော့နည်းလာနိုင်ကြောင်း သတိပေးမိန့်ကြားခဲ့သည်။

မန္တလေးမြို့ခံတစ်ဦးကလည်း ဗုဒ္ဓ၏လမ်းစဉ်အရ လိုအပ်သူများကို ဝေငှရန်သာဖြစ်ပြီး ယခုလုပ်ရပ်မှာ ကိုယ်ကျိုးအတွက် အသုံးပြုရန် ကြိုးပမ်းမှုအဖြစ် ရှုမြင်ကြောင်း ပြောဆိုသည်။

လက်ရှိ မဟာမုနိဂေါပကအဖွဲ့တွင် စစ်တပ်နှင့် စစ်အစိုးရအရာရှိဟောင်းများ ပါဝင်နေပြီး အတွင်းရေးမှူးဖြစ်သူမှာ မန္တလေးတိုင်း ဥပဒေချုပ်ဟောင်း ဦးမြင့်အောင် ဖြစ်ကြောင်း သိရသည်။

ယခင် အရပ်သားအစိုးရလက်ထက်က ရွှေတိဂုံစေတီတော်၏ ၂၀၂၀ ပြည့်နှစ် တစ်နှစ်စာ အလှူငွေမှာ ကျပ်ဘီလီယံ ၁၀၀ နီးပါးရှိခဲ့ဖူးသဖြင့် မဟာမုနိကဲ့သို့ ဝင်ငွေကောင်းသော ဘုရားကြီးများအနေဖြင့်လည်း နှစ်အလိုက် အလှူငွေစာရင်းများကို ပြည်သူထံ ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ပေးသင့်ကြောင်း လေလံလုပ်ငန်း လုပ်ကိုင်ဖူးသူတစ်ဦးက အကြံပြုထားသည်။

လက်ရှိတွင် အဆိုပါ လျှပ်စစ်မီးပူဇော်ခ အလှူခံမှုသည် လူမှုကွန်ယက်ပေါ်တွင် ပျံ့နှံ့လျက်ရှိပြီး ဂေါပကအဖွဲ့၏ စီမံခန့်ခွဲမှုအပေါ် မေးခွန်းထုတ်မှုများ ဆက်တိုက်ဖြစ်ပေါ်နေသည်။

#မဟာမုနိ #မန္တလေး #သတင်း #ဘာသာရေး

ဘန်ကောက်တွင် ထိုင်းအမျိုးသမီးတစ်ဦးကို သတ်ဖြတ်ခဲ့ကြောင်း မြန်မာလူငယ်တစ်ဦး ဝန်ခံ၊ မူးယစ်ဆေးကြောင့် စိတ်ချောက်ချားခဲ့ဟုဆိုဘ...
02/11/2026

ဘန်ကောက်တွင် ထိုင်းအမျိုးသမီးတစ်ဦးကို သတ်ဖြတ်ခဲ့ကြောင်း မြန်မာလူငယ်တစ်ဦး ဝန်ခံ၊ မူးယစ်ဆေးကြောင့် စိတ်ချောက်ချားခဲ့ဟုဆို

ဘန်ကောက်မြို့ရှိ တိုက်ခန်းတစ်ခုအတွင်း အသက် (၂၀) အရွယ် ထိုင်းအမျိုးသမီးတစ်ဦးကို လည်ပင်းညှစ်သတ်ဖြတ်ခဲ့ကြောင်း အသက် (၂၃) အရွယ် မြန်မာနိုင်ငံသားတစ်ဦးက ဝန်ခံထွက်ဆိုလိုက်သည်။ ၎င်းသည် မူးယစ်ဆေးဝါးသုံးစွဲထားခြင်းကြောင့် စိတ်အာရုံချောက်ချားကာ ယခုကဲ့သို့ ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံ ပြောကြားခဲ့သည်။

ရုံးထုတ်စဉ် လူအုပ်စုက ဝိုင်းဝန်းတိုက်ခိုက်ရန် ကြိုးပမ်း
တနင်္လာနေ့တွင် ရဲတပ်ဖွဲ့က သံသယရှိသူအား တရားရုံးသို့ ပို့ဆောင်စဉ် သေဆုံးသူ၏ ဆွေမျိုးများနှင့် သိကျွမ်းသူများက ဒေါသတကြီးဖြင့် ဝိုင်းဝန်းတိုက်ခိုက်ရန် ကြိုးပမ်းခဲ့ကြသည်။ အဆိုပါအခြေအနေကို ထိန်းသိမ်းရန်အတွက် တာဝန်ရှိရဲဝန်ထမ်းများက ကြားဖြတ်တားဆီးခဲ့ရကြောင်း သိရသည်။

လက်ရှိတွင် သံသယရှိသူကို ဥပဒေကြောင်းအရ အရေးယူနိုင်ရန် ရဲတပ်ဖွဲ့က ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ဖြစ်စဉ်အသေးစိတ်ကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေသည်။

ထိုင်းသတင်း =Khaosod English

#ဘန်ကောက် #မြန်မာသတင်း

ဥရောပ ၆ နိုင်ငံရှိ စူပါမားကတ်များ ဆိုက်ဘာတိုက်ခိုက်ခံရ၊ အအေးခန်းစနစ်များ ဖောက်ထွင်းခံရမှုကြောင့် အစားအသောက်များ ပျက်စီးဥ...
02/11/2026

ဥရောပ ၆ နိုင်ငံရှိ စူပါမားကတ်များ ဆိုက်ဘာတိုက်ခိုက်ခံရ၊ အအေးခန်းစနစ်များ ဖောက်ထွင်းခံရမှုကြောင့် အစားအသောက်များ ပျက်စီး

ဥရောပနိုင်ငံပေါင်း ၆ နိုင်ငံရှိ စူပါမားကတ်များတွင် အအေးခန်းစနစ်များကို ပစ်မှတ်ထားသည့် ဆိုက်ဘာတိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပွားလျက်ရှိရာ အစားအသောက် အမြောက်အမြား ပျက်စီးဆုံးရှုံးမှုများ ကြုံတွေ့နေရကြောင်း နိုဝင်ဘာလ ၂ ရက်နေ့ သတင်းများအရ သိရသည်။ အောက်တိုဘာလအတွင်း ပြင်သစ်နိုင်ငံ၌ စတင်ခဲ့သော အဆိုပါ တိုက်ခိုက်မှုများသည် ယခုအခါ ဘယ်လ်ဂျီယံ၊ လူဇင်ဘတ်၊ ဆွီဒင်၊ အိုင်ယာလန်နှင့် အက်စတိုးနီးယားနိုင်ငံများသို့ ကူးစက်ပျံ့နှံ့လာခြင်းဖြစ်သည်။

နိုဝင်ဘာလ ၁ ရက်နှင့် ၂ ရက်နေ့များအတွင်း ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုများတွင် ဘယ်လ်ဂျီယံနိုင်ငံရှိ Delhaize ဆိုင်ခွဲ ၄၀ ခန့်၊ Carrefour ၁၅ ဆိုင်နှင့် Spar ၅ ဆိုင်တို့ ထိခိုက်ခဲ့သည်။ တိုက်ခိုက်သူများသည် အအေးခန်းစနစ်များကို အလိုအလျောက် ရေခဲဖျော်သည့်စနစ် (Defrost mode) သို့ ပြောင်းလဲခဲ့သဖြင့် အသား၊ နို့ထွက်ပစ္စည်းနှင့် အေးခဲအစားအသောက်များ ပျက်စီးခဲ့ရသည်။ အချို့ဆိုင်ခွဲများတွင် ဆုံးရှုံးမှုတန်ဖိုး ယူရိုသောင်းနှင့်ချီ ရှိခဲ့ကြောင်း သိရသည်။

ဆွီဒင်နိုင်ငံတွင် နာမည်ကြီး ICA နှင့် Coop စူပါမားကတ်များ ပစ်မှတ်ထားခံခဲ့ရပြီး ICA ဆိုင်ခွဲတစ်ခုတွင် အအေးခန်းအပူချိန်ကို ၅၀ ဒီဂရီစင်တီဂရိတ်အထိ တမင်မြှင့်တင်ခြင်း ခံခဲ့ရသည်။ အလားတူ အက်စတိုးနီးယားနိုင်ငံတွင်လည်း အအေးခန်းထိန်းချုပ်ရေး ကွန်ပျူတာစနစ်ကို ဖောက်ထွင်းကာ အပူချိန်မြှင့်တင်ခဲ့သော်လည်း နည်းပညာကုမ္ပဏီ Kitman Coldtech က ၁၀ မိနစ်အတွင်း ပြန်လည်ထိန်းချုပ်နိုင်ခဲ့သဖြင့် ကြီးမားသော ဆုံးရှုံးမှုကို ရှောင်လွှဲနိုင်ခဲ့သည်။

အိုင်ယာလန်နိုင်ငံရှိ SuperValu စူပါမားကတ် ၁၃ ဆိုင်တွင်လည်း ဆိုက်ဘာလုံခြုံရေး ကျိုးပေါက်မှုကြောင့် အေးခဲအစားအစာ ရောင်းချမှုများကို ယာယီရပ်ဆိုင်းခဲ့ရသည်။

ယခုဖြစ်စဉ်များသည် အောက်တိုဘာလ ၁၁ ရက်က ပြင်သစ်နိုင်ငံရှိ စူပါမားကတ် ရာနှင့်ချီကို တိုက်ခိုက်ခဲ့သည့် ပုံစံနှင့် ထပ်တူညီနေသည်။ ပြင်သစ်တွင် ဖြစ်ပွားခဲ့စဉ်က အအေးခန်းများ အပူချိန်တက်ရုံသာမက မီးလောင်မှုအချို့ပင် ဖြစ်ပွားခဲ့သည်။

ဆိုက်ဘာလုံခြုံရေး ပညာရှင်များ၏ သုံးသပ်ချက်အရ အင်တာနက်နှင့် ချိတ်ဆက်ထားသော်လည်း လုံခြုံရေးဆော့ဖ်ဝဲ အဆင့်မြှင့်တင်မှု (Security Update) မရှိတော့သည့် အအေးခန်းထိန်းချုပ်ရေး စက်ပစ္စည်းအဟောင်း (Legacy IoT Devices) များသည် အဓိက အားနည်းချက်ဖြစ်နေကြောင်း သိရသည်။ လက်ရှိအချိန်အထိ မည်သည့်အဖွဲ့အစည်းက တိုက်ခိုက်သည်ကို ဖော်ထုတ်နိုင်ခြင်း မရှိသေးဘဲ မည်သည့်အဖွဲ့ကမျှ တာဝန်ခံကြေညာခြင်း မရှိသေးပေ။

ထိုင်းနိုင်ငံတွင် လမ်းဘေးဈေးသည်တစ်ဦး မီးဖိုချောင်သုံးဓားဖြင့် ခြေသည်းသန့်ရှင်းရေးလုပ်သည့် ဗီဒီယို လူမှုကွန်ရက်တွင် ဝေဖန်...
02/11/2026

ထိုင်းနိုင်ငံတွင် လမ်းဘေးဈေးသည်တစ်ဦး မီးဖိုချောင်သုံးဓားဖြင့် ခြေသည်းသန့်ရှင်းရေးလုပ်သည့် ဗီဒီယို လူမှုကွန်ရက်တွင် ဝေဖန်မှုမြင့်တက်

ထိုင်းနိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသည့် နိုင်ငံခြားခရီးသွားတစ်ဦးသည် လမ်းဘေးဈေးတစ်ခု၌ ဈေးရောင်းချနေသော အမျိုးသမီးတစ်ဦး၏ တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် ပတ်သက်သည့် မလျော်ကန်သော အပြုအမူကို မြင်တွေ့ခဲ့ရပြီးနောက် အဆိုပါဖြစ်ရပ်မှာ လူမှုကွန်ရက်ပေါ်တွင် ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ခံနေရကြောင်း သိရသည်။

အဆိုပါ ဈေးသည်အမျိုးသမီးသည် အစားအသောက်ပြင်ဆင်ရာတွင် အသုံးပြုလေ့ရှိသည့် မီးဖိုချောင်သုံးဓားတစ်ချောင်းကို အသုံးပြု၍ ၎င်း၏ခြေထောက်ကို ခုံပေါ်တင်ကာ ခြေချောင်းကြားရှိ အညစ်အကြေးများကို ကော်ထုတ်သန့်ရှင်းရေး လုပ်နေခဲ့ခြင်းဖြစ်သည်။ ယင်းမြင်ကွင်းကို အနီးအနားရှိ နိုင်ငံခြားသားခရီးသွားတစ်ဦးက မှတ်တမ်းတင်နိုင်ခဲ့ပြီး အွန်လိုင်းပေါ်သို့ မျှဝေခဲ့ခြင်းဖြစ်သည်။

အဆိုပါရုပ်သံဖိုင် ပျံ့နှံ့လာပြီးနောက် အွန်လိုင်းအသုံးပြုသူများအကြား အစားအသောက်ဘေးကင်းရေးနှင့် ပတ်သက်၍ စိုးရိမ်မှုများ မြင့်တက်လာခဲ့သည်။ ဝေဖန်သူများက အစားအသောက်ရောင်းချသူများအနေဖြင့် တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် အစားအသောက်ပြင်ဆင်သည့် ပစ္စည်းများကို သီးခြားစီထားရှိရန် အရေးကြီးကြောင်း ထောက်ပြကြသည်။

အထူးသဖြင့် အစားအသောက်အတွက် အသုံးပြုသည့် ဓားကဲ့သို့သော ကိရိယာများကို တစ်ကိုယ်ရေသန့်ရှင်းရေးအတွက် ပြန်လည်အသုံးပြုခြင်းသည် စားသုံးသူများအတွက် ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုးများ ရှိလာနိုင်ကြောင်းနှင့် ရောင်းချသူများအနေဖြင့် စည်းကမ်းတကျ လိုက်နာရန် လိုအပ်ကြောင်း လူမှုကွန်ရက်အသုံးပြုသူများက အကြံပြုထားကြသည်။

ထိုင်းနယ်စပ်အတွင်း ထိခိုက်မှုများရှိလာ၍ မြန်မာဘက်ကို ထိုင်းအစိုးရ သတိပေး၊ စစ်ရေးကင်းလှည့်မှုများ တိုးမြှင့် ၂-၁၁-၂၀၂၆မြန...
02/11/2026

ထိုင်းနယ်စပ်အတွင်း ထိခိုက်မှုများရှိလာ၍ မြန်မာဘက်ကို ထိုင်းအစိုးရ သတိပေး၊ စစ်ရေးကင်းလှည့်မှုများ တိုးမြှင့်

၂-၁၁-၂၀၂၆
မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသည့် နယ်စပ်တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံပိုင်နက်အတွင်း ထိခိုက်ပျက်စီးမှုများ ရှိလာသည့်အတွက် မြန်မာအာဏာပိုင်များကို သတိပေးထားကြောင်း ဝန်ကြီးချုပ် အနုတင် ချာန်ဗီရာကူးလ် (Anutin Charnvirakul) က ပြောကြားလိုက်သည်။

ဝန်ကြီးချုပ် အနုတင်၏ ပြောကြားချက်အရ လက်ရှိတွင် နယ်စပ်တိုက်ပွဲများကြောင့် ထိုင်းဘက်ခြမ်းတွင် ထိခိုက်မှုများ ရှိနေသည့်အတွက် နယ်စပ်တစ်လျှောက် စစ်ရေးကင်းလှည့်မှုများကို ယခင်ကထက် တိုးမြှင့်လုပ်ဆောင်ရန် ညွှန်ကြားထားကြောင်း သိရသည်။ ယခုကဲ့သို့ လုံခြုံရေး အင်အားတိုးမြှင့်ခြင်းမှာ နယ်စပ်နေ ပြည်သူများ၏ ဘေးကင်းလုံခြုံရေးကို ကာကွယ်ရန်အတွက် ဖြစ်သည်။

မြန်မာနိုင်ငံဘက်ခြမ်းတွင် ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခများ၏ အကျိုးဆက်အဖြစ် ထိုင်းနိုင်ငံပိုင်နက်အတွင်းသို့ ကျည်ဆန်များ ကျရောက်ခြင်းနှင့် အခြားသော ထိခိုက်မှုများ ဖြစ်ပေါ်ခဲ့သည်။ ယင်းကဲ့သို့ နယ်စပ်ဖြတ်ကျော် သက်ရောက်မှုများအပေါ် ထိုင်းအစိုးရအနေဖြင့် စိုးရိမ်ကြောင်းနှင့် နောက်နောင်တွင် ထပ်မံမဖြစ်ပွားစေရန် မြန်မာဘက်သို့ တရားဝင် အကြောင်းကြား သတိပေးထားခြင်းဖြစ်သည်။

ထိုင်းတပ်မတော်အနေဖြင့်လည်း နယ်စပ်တစ်လျှောက် အခြေအနေများကို အနီးကပ် စောင့်ကြည့်လျက်ရှိပြီး ပိုင်နက်ကျူးကျော်မှု သို့မဟုတ် ထိခိုက်မှုများ ထပ်မံမရှိစေရန် အလေးထား ဆောင်ရွက်နေကြောင်း သတင်းရရှိသည်။

အောင်ဇမ္ဗူ နှင့် မန္တလာမင်းမိသားစုတို့ ပူးပေါင်း၍ ပုဂံတွင် ကြီးကျယ်သော စတုဒိသာ အလှူ၂-၁၁-၂၀၂၆ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မ...
02/11/2026

အောင်ဇမ္ဗူ နှင့် မန္တလာမင်းမိသားစုတို့ ပူးပေါင်း၍ ပုဂံတွင် ကြီးကျယ်သော စတုဒိသာ အလှူ

၂-၁၁-၂၀၂၆
ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ အောင်မင်္ဂလာအဝေးပြေးကွင်းရှိ မန္တလာမင်း Express ၏ VIP Lounge ၌ နာမည်ကျော်အနုပညာရှင် အောင်ဇမ္ဗူက တက်ရောက်ဖျော်ဖြေခဲ့ရာ ခရီးသွားပြည်သူများနှင့် ပရိသတ်များဖြင့် စည်ကားသိုက်မြိုက်ခဲ့ကြောင်း သိရသည်။ အဆိုပါဖျော်ဖြေပွဲတွင် အောင်ဇမ္ဗူက ၎င်း၏ အနုပညာလုပ်ငန်းများအပြင် ရှေ့ဆက်ပြုလုပ်မည့် ကုသိုလ်ရေးလုပ်ငန်းများကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။

အောင်ဇမ္ဗူသည် ပုဂံမြို့တွင် လူဦးရေ ၂၀,၀၀၀ ခန့်အတွက် စတုဒိသာ ကျွေးမွေးလှူဒါန်းရန် စီစဉ်နေခြင်းဖြစ်သည်။ မန္တလာမင်းမိသားစုမှ ဦးဆောင်ကျင်းပမည့် ၉ ရက်တိုင်တိုင် ပုဂံစတုဒိသာအလှူတွင် အောင်ဇမ္ဗူက ၁ ရက်စာ ပါဝင်လှူဒါန်းသွားမည် ဖြစ်သည်။

၎င်းအနေဖြင့် တောင်ငူမြို့တွင် အနုပညာလုပ်ငန်းများ ဆောင်ရွက်နေရသည့်ကြားမှ ပုဂံသို့ နေ့ချင်းပြန် လာရောက်ကာ ပရိသတ်များကိုယ်တိုင် ထမင်းဟင်းများ ခပ်ကျွေးလှူဒါန်းသွားမည်ဟု ကတိပြုပြောကြားခဲ့သည်။

အောင်ဇမ္ဗူက ၎င်းအနေဖြင့် ပရိသတ်များထံမှ ရရှိသော အနုပညာကြေးများကို အခြေခံ၍ ပရိသတ်များကို ထမင်းဟင်းများ ပြန်လည်ကျွေးမွေးလိုသည့် ဆန္ဒရှိကြောင်း ဖွင့်ဟခဲ့သည်။ ၎င်းသည် အနုပညာအလုပ်များကို နေ့စဉ်ရက်ဆက် ကြိုးစားအားထုတ်နေရသည့်ကြားမှ ပွဲတက်ရောက်ခြင်းနှင့် ကြော်ငြာရိုက်ကူးခြင်းများကို မနားမနေ ဆောင်ရွက်နေသူလည်း ဖြစ်သည်။

လုပ်ငန်းရှင်များနှင့် ပရိသတ်များအပေါ် ရိုကျိုးနှိမ့်ချစွာ ဆက်ဆံတတ်ခြင်း၊ မှတ်ဉာဏ်ကောင်းမွန်စွာဖြင့် လူမှုဆက်ဆံရေး ပြေပြစ်ခြင်းတို့ကြောင့် အောင်ဇမ္ဗူသည် အသက်အရွယ်မရွေး ပရိသတ်များ၏ ချစ်ခင်မှုကို ရရှိထားသူဖြစ်သည်။ မန္တလာမင်းမိသားစု၏ ရာသက်ပန် စတုဒိသာအလှူတော်များတွင်လည်း အောင်ဇမ္ဗူက အချိုးကျ ပါဝင်လှူဒါန်းလျက်ရှိကြောင်း သိရှိရသည်။
#အောင်ဇမ္ဗူ #မန္တလာမင်း #စတုဒိသာအလှူ #ပုဂံ

ကမ္ဘောဒီးယားနိုင်ငံ ကမ်ပေါ့မြို့ရှိ နောက်ဆုံး 7-Eleven ဆိုင်ပိတ်သိမ်း၊ ထိုင်းကုန်ပစ္စည်းသပိတ်ကြောင့် စီးပွားရေးလုပ်ငန်းမ...
02/11/2026

ကမ္ဘောဒီးယားနိုင်ငံ ကမ်ပေါ့မြို့ရှိ နောက်ဆုံး 7-Eleven ဆိုင်ပိတ်သိမ်း၊ ထိုင်းကုန်ပစ္စည်းသပိတ်ကြောင့် စီးပွားရေးလုပ်ငန်းများ ထိခိုက်မှုရှိနေ

၂-၁၁-၂၀၂၆
ကမ္ဘောဒီးယားနိုင်ငံ၊ ကမ်ပေါ့ (Kampot) မြစ်ကမ်းဘေးမြို့ရှိ နောက်ဆုံးကျန်ရှိနေသော 7-Eleven ဆိုင်ခွဲသည် ထိုင်းကုန်ပစ္စည်းများကို သပိတ်မှောက်သည့် လှုပ်ရှားမှုများကြောင့် ပိတ်သိမ်းသွားခဲ့ပြီဖြစ်ကြောင်း သိရသည်။ အဆိုပါသတင်းသည် လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ပျံ့နှံ့လျက်ရှိပြီး ကမ္ဘောဒီးယား စားသုံးသူများ၏ အပြုအမူပြောင်းလဲလာမှုကြောင့် ထိုင်းအမှတ်တံဆိပ်များ စျေးကွက်အတွင်း သိသိသာသာ ထိခိုက်နေကြောင်း ဖော်ပြနေသည်။

၂၀၂၅ ခုနှစ် ဇူလိုင်လနှောင်းပိုင်းတွင် ဖြစ်ပွားခဲ့သော ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခနောက်ပိုင်း ကမ္ဘောဒီးယားပြည်သူအများအပြားသည် ထိုင်းကုန်ပစ္စည်းများကို စတင်သပိတ်မှောက်ခဲ့ကြသည်။ ယင်းလှုပ်ရှားမှုကြောင့် ထိုင်းနိုင်ငံ Charoen Pokphand Group ၏ လက်အောက်ခံ CP All (Cambodia) မှ လုပ်ကိုင်နေသော 7-Eleven ဆိုင်များတွင် ကုန်ပစ္စည်းများ ပြတ်လပ်လာခဲ့ပြီး ရောင်းအားကျဆင်းခဲ့သည်။

အလားတူ ထိုင်းစွမ်းအင်ကုမ္ပဏီ PTT ၏ လောင်စာဆီရောင်းအားသည်လည်း ကမ္ဘောဒီးယားတွင် ၅၀ ရာခိုင်နှုန်းမှ ၆၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ကြောင်း The Cambodia Daily သတင်းတွင် ဖော်ပြထားသည်။ ယခင်က ဆိုင်ခွဲပေါင်း ၂၀၀ နီးပါးရှိခဲ့သော PTT ဆီဆိုင်များသည် ယခုအခါ ၁၅၀ ခန့်သာ ကျန်ရှိတော့ကြောင်း သိရသည်။

အဆိုပါ သပိတ်မှောက်မှုအပေါ် ကမ္ဘောဒီးယားပြည်သူများအကြား သဘောထားကွဲလွဲမှုများ ရှိနေသည်။ အချို့သော စားသုံးသူများက ထိုင်းနိုင်ငံဘက်မှ နယ်စပ်ဂိတ်များ ပိတ်ထားခြင်းကြောင့် တုံ့ပြန်သည့်အနေဖြင့် သပိတ်မှောက်ခြင်းဖြစ်ကြောင်း ပြောကြားသော်လည်း၊ ပြည်တွင်းရှိ 7-Eleven ဆိုင်ခွဲပိုင်ရှင်အချို့ကမူ ယင်းလှုပ်ရှားမှုသည် ကမ္ဘောဒီးယားနိုင်ငံသား အလုပ်သမားများနှင့် စီးပွားရေးလုပ်ငန်းရှင်များ၏ အလုပ်အကိုင်နှင့် ဝင်ငွေကို ထိခိုက်စေနိုင်ကြောင်း သတိပေးထားကြသည်။

နိုင်ငံရေးလေ့လာသူတစ်ဦးကလည်း ယခုကဲ့သို့ သပိတ်မှောက်ခြင်းသည် ကမ္ဘောဒီးယားအတွက် သိသာထင်ရှားသော စီးပွားရေးအကျိုးအမြတ်မရှိဘဲ ပြည်တွင်းပဋိပက္ခများကိုသာ ဖြစ်ပေါ်စေနိုင်ကြောင်း မှတ်ချက်ပြုထားသည်။ လက်ရှိတွင် CP All ကုမ္ပဏီဘက်မှ တစ်စုံတစ်ရာ တရားဝင်ထုတ်ပြန်ခြင်း မရှိသေးဘဲ ကမ္ဘောဒီးယားတစ်ဝန်းတွင် 7-Eleven ဆိုင်ခွဲ မည်မျှဆက်လက်ဖွင့်လှစ်ထားသည်ကို အတိအကျ မသိရသေးပေ။

သန်းခေါင်ယံမီးဘေးကြောင့် ဘွန်းကိုင်ရပ်ကွက်ရှိ နေအိမ် ၁၀ လုံးကျော် ပြာကျ၊ ထိခိုက်မိသားစုများအတွက် အရေးပေါ်ကူညီမှုများ ဆော...
02/11/2026

သန်းခေါင်ယံမီးဘေးကြောင့် ဘွန်းကိုင်ရပ်ကွက်ရှိ နေအိမ် ၁၀ လုံးကျော် ပြာကျ၊ ထိခိုက်မိသားစုများအတွက် အရေးပေါ်ကူညီမှုများ ဆောင်ရွက်

၂-၁၁-၂၀၂၆
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့လယ်ရှိ လူနေထူထပ်ရာ ဘွန်းကိုင် (Bon Kai) ရပ်ကွက်တွင် ၂၀၂၆ ခုနှစ် နိုဝင်ဘာလ ၂ ရက်နေ့ သန်းခေါင်ယံအချိန်၌ အကြီးအကျယ် မီးလောင်မှုဖြစ်ပွားခဲ့ရာ နေအိမ် ၁၀ လုံးကျော် မီးလောင်ပျက်စီးခဲ့ပြီး မိသားစု ၇၀ ကျော် ဘေးဒုက္ခကြုံတွေ့နေရကြောင်း သိရသည်။

မီးလောင်မှုသည် ပထုမ်ဝမ်ခရိုင်၊ လုမ္ပီနီမြို့နယ်၊ ပလုခ်ကျစ် ၁ လမ်းကြားရှိ ဘွန်းကိုင်ရပ်ကွက်တွင် နိုဝင်ဘာလ ၂ ရက်နေ့ နံနက် ၀၀:၄၇ နာရီခန့်က စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ သတင်းရရှိပြီး ၄ မိနစ်အကြာ ၀၀:၅၁ နာရီတွင် မီးသတ်တပ်ဖွဲ့ဝင်များ အခင်းဖြစ်နေရာသို့ ရောက်ရှိလာခဲ့သော်လည်း ရပ်ကွက်အတွင်းရှိ လမ်းများကျဉ်းမြောင်းခြင်းနှင့် နေအိမ်များမှာ သစ်သားနှစ်ထပ်အိမ်များ ဖြစ်နေခြင်းကြောင့် မီးကူးစက်မှု အရှိန်မြန်ဆန်ခဲ့သဖြင့် ငြှိမ်းသတ်ရာတွင် အခက်အခဲများ ကြုံတွေ့ခဲ့ရသည်။

မီးသတ်တပ်ဖွဲ့၏ ကြိုးပမ်းမှုကြောင့် ၀၁:၅၃ နာရီတွင် မီးကို ထိန်းချုပ်နိုင်ခဲ့ပြီး ၀၂:၃၇ နာရီတွင် လုံးဝငြိမ်းသတ်နိုင်ခဲ့ကြောင်း Thai PBS သတင်းတွင် ဖော်ပြထားသည်။

ကနဦးစစ်ဆေးချက်များအရ နေအိမ် ၁၀ လုံးထက်မနည်း မီးလောင်ပျက်စီးခဲ့သော်လည်း ကံကောင်းထောက်မစွာဖြင့် လူသေဆုံးမှုနှင့် ဒဏ်ရာရရှိမှု မရှိခဲ့ပေ။ သို့သော်လည်း နေအိမ်နှင့် ပိုင်ဆိုင်မှုများ ဆုံးရှုံးခဲ့ရသည့် မိသားစု ၇၀ ကျော်အတွက် ကြီးမားသော ထိခိုက်မှု ဖြစ်စေခဲ့သည်။

ဘန်ကောက်မြို့တော်ဝန် ချတ်ချတ် စစ်ထိပန် (Chadchart Sittipunt) သည် မီးလောင်ရာနေရာသို့ ကိုယ်တိုင်လာရောက် စစ်ဆေးခဲ့ပြီး ဘေးသင့်ပြည်သူများအတွက် ယာယီခိုလှုံရေးစခန်းများ ဖွင့်လှစ်ပေးရန်နှင့် အဝတ်အစား၊ အိပ်ရာ၊ စားနပ်ရိက္ခာ စသည့် အခြေခံလိုအပ်ချက်များကို အမြန်ဆုံး ထောက်ပံ့ပေးရန် ညွှန်ကြားခဲ့သည်။

ဘွန်းကိုင်ရပ်ကွက်သည် ၂၀၂၂ ခုနှစ် ဇွန်လ ၂၁ ရက်နေ့ကလည်း အလားတူ မီးလောင်မှုကြီး ဖြစ်ပွားခဲ့ဖူးပြီး ထိုစဉ်က နေအိမ် ၃၀ ခန့် ပျက်စီးခဲ့ဖူးသည်။ ယခုဖြစ်စဉ်နှင့် ပတ်သက်၍ မီးလောင်ရသည့် အကြောင်းရင်းကို သက်ဆိုင်ရာ တာဝန်ရှိသူများက စုံစမ်းစစ်ဆေးလျက်ရှိသည်။

လူနေထူထပ်သော ရပ်ကွက်များတွင် မီးဘေးအန္တရာယ် ကာကွယ်နိုင်ရန်အတွက် လျှပ်စစ်ဝါယာကြိုးများနှင့် ဂက်စ်မီးဖိုများကို ပုံမှန်စစ်ဆေးကြရန်နှင့် အရေးပေါ်အခြေအနေတွင် အသက်ဘေးလွတ်ရာသို့ ဦးစားပေးရွှေ့ပြောင်းကြရန် တာဝန်ရှိသူများက သတိပေးနှိုးဆော်ထားပါသည်။

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Myanmar Global News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share